သမိုင်းထဲက သင်ခန်းစာ (သို့မဟုတ်) အကြမ်းမဖက် ဘာလွဲခဲ့သလဲ – အပိုင်း (၁)

တော်လှန်ရေးကာလအစမှာ လူထုက အကြမ်းမဖက်တော်လှန်ရေးကို ယုံကြည်ခဲ့တယ်။ ပါဝင်မှုအားကောင်းခဲ့တယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာတော့ အကြမ်းမဖက်နည်းလမ်းကို ထောက်ခံသူနည်းလာတယ်။ အကြမ်းမဖက်တော်လှန်ရေး ဘာတွေလိုအပ်ချက်၊ အားနည်းချက်တွေရှိခဲ့သလဲ။
what went wrong nonviolent

သမိုင်းဆိုလို့ အဝေးကြီးမဟုတ်ပါဘူး။ အချိန် ငါးလ၊ ခြောက်လလောက် ပြန်ရစ်ကြည့်ရအောင်။ တော်လှန်ရေးကာလအစဖြစ်တဲ့ ဖေဖော်ဝါရီ နဲ့ မတ်လအစောပိုင်းတွေမှာ လူထုက အကြမ်းမဖက်တော်လှန်ရေးကို ယုံကြည်ခဲ့တယ်။ ပါဝင်မှုအားကောင်းခဲ့တယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာတော့ ရလဒ်မတွေ့တာ (အထူးသဖြင့် မျှော်လင့်ထားတဲ့ နိုင်ငံတကာ အကူအညီမရတာ) ကြောင့် အကြမ်းမဖက်နည်းလမ်းကို ထောက်ခံသူနည်းလာတယ်။ နောက်ဆုံးမှာ စစ်ကောင်စီလို ဖက်စစ် အစွန်းရောက်တပ်ကို အကြမ်းမဖက်နဲ့မရ၊ လက်နက်နဲ့ချမှရမယ် ဆိုတဲ့ အယူအဆ လွှမ်းမိုးသွားခဲ့ပြီးတော့ အကြမ်းမဖက် စကားလုံး မကြားချင်သည်အထိ လူထုကခါးခါးသီးသီး ဖြစ်သွားခဲ့တယ်။

ဒီနေရာမှာ အကြမ်းမဖက်တော်လှန်ရေး ဘာတွေလိုအပ်ချက်ရှိတယ်၊ အားနည်းချက်ရှိလဲ သုံးသပ်တာသိပ်မတွေ့ရဘဲ အကြမ်းမဖက် အလုပ်မဖြစ်ရင် လက်နက်ကိုင်နည်းလမ်းရွေးချယ်ရမယ်ဆိုပြီး ရွေးချယ်ခဲ့တယ်။ အဖြေကို ဦးတည်ပြီးစဉ်းစားတာမျိုး မဟုတ်ဘဲ ရွေးစရာမရှိတော့ တွန်းပို့ခံလိုက်ရတဲ့သဘောတွေ့ရတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာတော့ ကျွန်တော်တို့ ပြီးခဲ့တဲ့ အကြမ်းမဖက်တော်လှန်ရေးလှုပ်ရှားမှာ ဘာတွေအားနည်းချက်ရှိခဲ့လဲ။ ဘာတွေသင်ခန်းစာယူနိုင်မလဲဆိုတာကို တင်ပြဆွေးနွေးချင်ပါတယ်။ ဒီနေရာမှာ တခုကြိုပြောချင်တာက တော်လှန်ရေးတိုင်းက အကျပ်အတည်း၊ အခက်အခဲ၊ စွန့်စားမှုအမျိုးမျိုးကြားမှာ လုပ်ရတာဖြစ်တဲ့အတွက် မသေချာမှု၊ အလွဲအချော်ဆိုတာ ရှောင်လွဲလို့မရပါဘူး။ ပြီးပြည့်စုံတဲ့ တော်လှန်ရေးဆိုတာ မရှိနိုင်ပါဘူး။ ပြီးခဲ့တာကို အပြစ်တင်တာမဟုတ်ဘဲ သင်ခန်းစာယူနိုင်မှ တော်လှန်ရေးခရီးလမ်း‌ အောင်ပွဲခံဖို့ နီးမှာပါ။

၁။ လှုပ်ရှားမှု အားကောင်းသော်လည်း ရည်ရွယ်ချက်/ရလဒ် မသဲကွဲနွေဦးတော်လှန်ရေးအစမှာ ထောက်တိုင်သုံးခုအယူအဆ အားကောင်းခဲ့ပါတယ်။ လူထုလှုပ်ရှားမှု – အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) – စင်ပြိုင်အစိုးရဖွဲ့စည်းမှု (CRPH) ဒီသုံးခုနဲ့ အောင်ပွဲယူနိုင်မယ်လို့ ဦးဆောင်သူတွေကိုယ်တိုင် ယုံကြည်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီထောက်တိုင်သုံးခုကို ဆန်းစစ်ကြည့်ရင် နည်းလမ်း (Methods) သာဖြစ်ပါတယ်။ လမ်းစဉ် သို့မဟုတ် မဟာဗျူဟာ မဟုတ်ပါဘူး။ဒီထောက်တိုင်သုံးခုအယူအဆကို တွင်တွင်ကျယ်ကျယ်ပြောခဲ့တော့ လူတွေတော်တော်များများရဲ့ အကြမ်းမဖက်တော်လှန်ရေးကို မြင်ပုံက ဆန္ဒပြပွဲ၊ CDM စတဲ့လှုပ်ရှားမှုလောက်ထပ် မပိုဘူး။ တကယ့်နောက်ကွယ်က ရည်ရွယ်ချက်ဖြစ်တဲ့ အတိုက်အခံအင်အားစုတွေ၊ ဖိနှိပ်ခံတွေအားလုံးကို စုစည်းပြီး တော်လှန်ရေးလမ်းကြောင်းကို အတူလျှောက်လှမ်းစေတာကို မြင်တဲ့အင်အားစုမျိုး၊ ဒီလိုအယူအဆကို လူထုချပြတဲ့ခေါင်းဆောင်မှုမျိုး အင်မတန်နည်းလှပါတယ်။ ဒါကြောင့် နိုင်ငံရေးအင်အားကို တိုးပွားအောင်တည်ဆောက်တယ်၊ အတူပေါင်းစည်းစေတယ်ဆိုတဲ့ အကြမ်းမဖက်တော်လှန်ရေးရဲ့ အနှစ်သာရရောက်အောင် မသွားနိုင်ခဲ့ဘူး။ ရလဒ်အနေနဲ့ နောက်ပိုင်းမှာ အကြမ်းမဖက်တော်လှန်ရေး ဦးဆောင်သူတွေလို့ ပြောလို့ရတဲ့ သပိတ်စစ်ကြောင်းတွေ၊ လူထုလှုပ်ရှားမှုဦးဆောင်နေသူတွေ အများစုကိုယ်တိုင်က လူထုဆန္ဒပြပွဲတွေကို သွေးမအေးရုံအောင်၊ နိုင်ငံတကာအထောက်အပံ့ရအောင်လောက်ပဲ ဦးတည်ခဲ့တဲ့အထိ အကြမ်းမဖက်လမ်းစဉ်အပေါ်ကို ယုံကြည်ချက်ကျဆင်းခဲ့တယ်။

၂။ လမ်းတွေမှာ လူအုပ်ကြီး ပေါင်းစည်းကြတယ်။ သို့သော် နှလုံးသား ပေါင်းစည်းဖို့ အားနည်းခဲ့ လူထုလှုပ်ရှားမှုလုပ်တဲ့အခါ 3.5% rule ဆိုပြီး အဲအချိန်တုန်းက အပြောများခဲ့တယ်။ ဆိုလိုတာက လူဦးရေစုစုပေါင်းရဲ့ 3.5% က လူထုလှုပ်ရှားမှု/ဆန္ဒပြပွဲတွေမှာ ပါဝင်တဲ့အခါ အနိုင်ရဖို့ သေချာသလောက်ရှိတယ်ဆိုတဲ့ အယူအဆပါ။ ဒါကြောင့်လည်း နှစ်ငါးလုံးလို နေ့မျိုးမှာဆိုရင် ပြည်သူအားလုံးပါလာအောင် နှိုးဆော်ခဲ့တယ်။ တကယ်လည်း 3.5% ထက်သာလွန်တဲ့ သန်းနဲ့ချီတဲ့လူထုကြီးက ပါဝင်ခဲ့ကြတယ်။ ဒီမှာ လူများပြီး အကြမ်းမဖက်တော်လှန်ရေး ဘာကြောင့်မအောင်မြင်တာလဲလို့မေးရင် ကျွန်တော်ကတော့ နည်းပညာကြောင့်ပဲလို့ သုံးသပ်ပါတယ်။

3.5% လေ့လာချက်က ပြီးခဲ့တဲ့ 1900-2006 အထိ လူထုလှုပ်ရှားမှုတွေကို အခြေခံပြီးဖြစ်လာတာပါ။ အဲတုန်းက လှုပ်ရှားမှုတွေအနေနဲ့ လူထုကို စည်းရုံးဖို့ အချိန်အများကြီးယူပြီး ခက်ခက်ခဲခဲ ပြင်ဆင်ရပါတယ်။ လနဲ့ချီ တချို့ဆို နှစ်နဲ့ချီပေါ့။ အဲလိုမျိုး ပြင်ဆင်ရတဲ့အခါ လူတွေရဲ့ စည်းရုံးလုပ်ဆောင်နိုင်စွမ်း၊ နိုင်ငံရေးယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်နိုင်စွမ်း၊ အပြန်အလှန်နားထောင်နိုင်စွမ်းကို အခြေခံပြီးတည်ဆောက်ခဲ့တယ်။ ဒါကြောင့်လမ်းပေါ်မှာ အတူတူထွက်လာတဲ့အခါမှာ နှလုံးသားချင်းနီးကြတယ်။ ယုံကြည်ချက် ရပ်တည်ချက်ခိုင်မာကြတယ်။ တနည်းပြောရရင် လမ်းပေါ်ထွက်ဆန္ဒပြတယ်ဆိုတာ ရေခဲတုံးအပေါ်က မြင်ရတဲ့အပိုင်းဖြစ်ပြီးတော့ အောက်ကမမြင်ရတဲ့အပိုင်းမှာ‌တော့ အတိုက်အခံအင်အားစုတွေ ပြည်သူတွေရဲ့ နားလည်မှု၊ ယုံကြည်မှုက ထောက်ခံပေးထားတယ်။ကျွန်တော်တို့ခေတ်မှာ နည်းပညာရဲ့ အကူအညီနဲ့ လွယ်လွယ်ကူကူ လူတွေကိုစည်းရုံးနိုင်တယ်။ လမ်းပေါ်ထွက်လာအောင်လုပ်နိုင်တယ်။ ဒါပေမယ့် တယောက်နဲ့ တယောက် ရင်ထဲက အသံတွေနားထောင်နိုင်ဖို့ တော်တော်ကြီးကြိုးစားရဦးမယ်။ပြည်သူတွေ အပြန်အလှန်နားလည်မှုတည်ဆောက်ဖို့ ခဏထားပါ။ တော်လှန်ရေးအင်အားစုဦးဆောင်သူတွေတောင် တယောက်တယောက် စကားပြော၊ နားထောင် (Dialogue) ယဉ်ကျေးမှုအားကောင်းရဲ့လား ဆင်ခြင်စရာတွေအများကြီးရှိပါတယ်။ CRPH/NUG ကနေ ကတိပေးတဲ့အတိုင်း NUCC ကို ပြည်သူတွေဆီ မချပြနိုင်သေးဘူး။ ဒီနှစ်မကုန်ခင် တိုင်းရင်းသားအင်အားစုတွေရဲ့ သဘောထားပါဝင်တဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံအပြီးရေးမယ်ဆိုတဲ့ ကြွေးကြော်သံကလည်း ဆက်ပြီးအသံမကြားရတော့ဘူး။ ဒါတွေကိုကြည့်ရင် CRPH/NUG နဲ့ တိုင်းရင်းသားအင်အားစုတွေအကြား ဆွေးနွေးမှု၊ အပြန်အလှန်နားလည်မှု တည်ဆောက်ရေးက ဘယ်လောက်ခရီးရောက်နေပြီလဲ မေးခွန်းထုတ်စရာရှိတယ်။

လူကြီးတွေပဲ ဒီလိုဖြစ်တာလားဆိုတော့ မဟုတ်ပါဘူး။ လွတ်လပ်ပွင့်လင်းတယ် (Open-minded) လို့ ပြောကြတဲ့ လူငယ်ကျောင်းသားအင်အားစုတွေ၊ သပိတ်ကော်မတီတွေလည်း သူတို့ကြားထဲ ပူးပေါင်းလျှောက်လှမ်းဖို့ အဖြေမထုတ်နိုင်ဘူး။ အကြမ်းမဖက်ပဲဖြစ်ဖြစ် လက်နက်ကိုင်ပဲဖြစ်ဖြစ် တော်လှန်ရေးလမ်းစဉ်ကို ထင်ထင်ရှားရှားမချထားတော့ တယောက်နဲ့တယောက် NUG ကြိုက်တယ်/မကြိုက်ဘူး၊ ဒေါ်စုထောက်ခံတယ်/မထောက်ခံဘူး ဆိုတဲ့ အငြင်းအခုံမှာ ပိတ်မိပြီး ရှေ့ဆက်ဘာလုပ်မယ်ဆိုတာ ရေရှည်လမ်းစဉ်အားဖြင့် မထွက်လာဘူး။ မတူတာကို အသာထား၊ ပေါင်းလုပ်လို့ရတာ ဘာရှိမလဲဆိုပြီး စဉ်းစားဖို့ အားနည်းတယ်။ ရှိနေပြီးသား ကိုယ်အဝန်းအဖွဲ့ကနေ တာဝန်ကျေဖို့လုပ်နေတာထက်ပိုပြီး တော်လှန်ရေးတခုလုံးကို အောင်ပွဲခံနိုင်တဲ့အထိ ရည်မှန်းချက်ကြီးကြီး တာဝန်ယူစိတ်အပြည့်နဲ့ အားလုံးပါအောင် စည်းရုံးတွဲခေါ်နိုင်တဲ့ လူငယ်ခေါင်းဆောင်သစ်တွေ သိပ်မတွေ့ရဘူး။ဆိုတော့ ကျွန်တော်တို့ မြန်မာတွေ အလုပ်မလုပ်ဘူးလားမေးရင် လုပ်ကြပါတယ်။ စွန့်လွှတ်စွန့်စားပါတယ်။ မပေါင်းစည်းဘူးလားမေးရင်လည်း လမ်းပေါ်မှာ ပေါင်းစည်းလို့ရပါတယ်။ ဒါပေမယ့် တယောက်နဲ့တယောက် ကိုယ်အဖွဲ့တွင်းပဲဖြစ်ဖြစ်၊ တခြားအဖွဲ့နဲ့ဖြစ်ဖြစ် ကိုယ့်ရပ်တည်ချက်၊ ယုံကြည်ချက်တွေကို အပြန်အလှန်နားထောင်၊ တင်ပြတဲ့ ယဉ်ကျေးမှုမရှိဘဲ အခုဒီဆောင်းပါးလို အွန်လိုင်းပေါ်ကနေပဲ အပြစ်တင်စာ (စာအရှည်ကြီး)တွေ ရေးနေရသ၍ တော်လှန်ရေးအင်အားစုတွေ နှလုံးသားချင်း ဘယ်တော့နီးစပ်မလဲ စိုးရိမ်ရပါတယ်။

(ဒုတိယပိုင်းဆက်ရန်)

ရဲထက် (Freedom Fighter) သင်ကြားရေးတာဝန်ခံ

Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

One Response

  1. ဆရာရဲထက်ပြောသွားတာကိုလက်ခံပါတယ်။ နှလုံးသားချင်းမနီးတာ၊ ခိုင်မာတဲ့လမ်းကြောင်းမတွေ့ရတာ၊ NUCC ရဲ့အခန်းကဏ္ဍနဲ့ တိုင်းရင်သားတွေသဘောတူညီမှုဘယ်လောက်ရပြီလဲ၊ တော်လှန်ရေးအဖွဲ့အချင်းချင်းနားလည်မှုဘယ်လောက်ရှိသလဲ အဖြေထုတ်ဖို့လိုပါပြီ။ယုံကြည်မှု၊နားလည်မှုတည်ဆောက်နိုင်မှ ပြည်သူတစ်ရပ်လုံးစည်းလုံးပြီး ရှင်းလင်းပြတ်သားတဲ့အဖြေထုတ်နိုင်မှ အကျိုးထူးမည်ဟုယူဆပါသည်ခင်ဗျ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်