Non-CDM တွေ တော်လှန်ရေးမှာ ဘယ်လိုဆက်ပါနိုင်မလဲ

Non-CDM တွေမှာ မတူညီတဲ့အကြောင်းတရားတွေရှိတာကြောင့် သူတို့ကို အမျိုးအစားခွဲကြည့်ရပါမယ်။ အကြောင်းအမျိုးမျိုးကြောင့် CDM မလုပ်နိုင်သေးတဲ့ ဝန်ထမ်းတွေ တော်လှန်ရေးမှာ အတွင်းထဲကနေ ဘယ်လိုပါဝင်နိုင်မလဲဆိုတာ စဉ်းစားကြည့်ကြရအောင်။
non CDM in revolution

ဒီရက်ပိုင်း ကျွန်တော်တို့ကို ဆက်သွယ်လာတဲ့ထဲမှာ စစ်ကောင်စီ အာဏာစက်အောက်မှာ ဆက်လုပ်နေရတဲ့ အရပ်အခေါ် Non-CDM တွေ ပါပါတယ်။ ရဲတွေ၊ တခြားသော အစိုးရရုံးအမျိုးမျိုးက ဝန်ထမ်းတွေပေါ့။

သူတို့အနေနဲ့ မိသားစု၊ စားဝတ်နေရေး ၊ လုံခြုံရေးကြောင့်သာ အာဏာဖီဆန်ရေး – ရုံးမတက်လှုပ်ရှားမှုမှာ မပါဝင်နိုင်ခဲ့တာ သို့မဟုတ် ပြန်လည်အလုပ်လုပ်နေရပေမယ့် တကယ်လို့ လုံခြုံရေးနဲ့ စားဝတ်နေရေးကိုသာ အာမခံပေးနိုင်မယ်ဆိုရင် CDM လှုပ်ရှားမှုမှာ ပါဝင်ပူးပေါင်းချင်ပါတယ် ပြောကြပါတယ်။ ဒါကြောင့် အခုဆောင်းပါးမှာတော့ အကြောင်းအမျိုးမျိုးကြောင့် အထဲမှာ ကျန်နေခဲ့တဲ့ Non-CDM တွေကို တော်လှန်ရေးမှာ ဆက်လက်ပါဝင်နိုင်ရန် အကြံပြုချက်တချို့ တင်ပြုချင်ပါတယ်။

ပထမဆုံးစွာ လက်ရှိအပြင်မှာ အထောက်အပံ့ရဖို့ အင်မတန်ခက်ခဲပါတယ်။ NUG အနေနဲ့ CDM သမားတွေကို လစာပေးမယ်ဆိုပြီး ပြောသံတွေရှိပေမယ့် ဒါကို CDM သမားတိုင်းရရှိဖို့ အာမခံချက်မပေးနိုင်ပါဘူး။ CDM ကူညီပေးတဲ့ အဖွဲ့အစည်းတွေလည်း နဂိုကူညီပေးနေကြ CDM သမားတွေကို ကူညီဖို့တောင် အတော်ကို ရုန်းကန်နေရပါတယ်။ ဒါကြောင့် မိမိအနေနဲ့ ငဲ့ညှာရတဲ့ မိသားစုရှိတယ်ဆိုရင် ခိုင်မာတဲ့ အချိတ်အဆက်ရပြီး မိသားစုနဲ့ တိုင်ပင်ဆွေးနွေးပြီးမှပဲ အပြင်ကို ထွက်လာဖို့ အကြံပြုပါတယ်။

အပြင်ကိုမထွက်ခင်မှာ တခြားသော လုပ်နိုင်တာတွေရှိပါတယ်။ အဲဒါတွေကတော့ ထောက်ပံ့ရေး၊ စည်းရုံးရေး ၊ သတင်းမျှဝေရေး တွေဖြစ်ပါတယ်။

ပထမဦးဆုံး မိမိအနေနဲ့ မိမိရဲ့ မိတ်ဆွေလုပ်ဖော်ကိုင်ဖက်တွေ ခက်ခက်ခဲခဲ CDM လှုပ်ရှားမှု လုပ်နေရတာကို စိတ်ထဲမှာ မသက်မသာဖြစ်နေတယ်ဆိုရင် ဒီအချိန်မှာ လက်တွေ့ကျကျကူညီနိုင်တာကတော့ မိမိလစာရဲ့ အချိုးအစားတခုကို အပြင်ရောက် CDM သမားတွေနဲ့ ပြန်လည်မျှဝေခြင်း ပြုခြင်းပါပဲ။ အချိတ်အဆက်ရှိတယ်ဆိုရင် တိုက်ရိုက်ဖြစ်စေ၊ သို့မဟုတ် CDM ကူညီပေးနေတဲ့ အဖွဲ့တွေကို ချိတ်ဆက်ပြီး ထောက်ပံ့ငွေ ထည့်ဝင်နိုင်ပါတယ်။

နောက်တမျိုးလုပ်နိုင်တာကတော့ စည်းရုံးရေးဖြစ်ပါတယ်။ စည်းရုံးတဲ့အခါ အထဲမှာရှိတဲ့ အတွင်းမှာရှိနေတဲ့ လူသုံးမျိုးကို ခွဲခြားမြင်နိုင်ဖို့ လိုပါတယ်။ ပထမတစ်မျိုးကတော့ ကိုယ့်လိုမျိုး တော်လှန်ရေးစိတ်ဓာတ်ရှိပြီးတော့ အကျပ်အတည်းကြောင့် ဆက်လုပ်နေရတဲ့လူမျိုးဖြစ်ပါတယ်။ သူတို့တွေကို ကိုယ်ကိုယ်ကို အပြစ်တာတွေ၊ စိတ်ဓာတ်ကျတာတွေကို ကျော်လွန်ပြီး အခုဆောင်းပါးထဲက အကြံပြုချက်လိုမျိုး တော်လှန်ရေးမှာ တနည်းနည်းနဲ့ပါဝင်နိုင်တယ်ဆိုတာကို အားပေးဖို့လိုပါတယ်။ ယုံကြည်ရတဲ့လူတွေနဲ့လည်း အချိတ်အဆက်လုပ်ထားနိုင်ရင်လည်း ပိုပြီးထိရောက်တဲ့ လှုပ်ရှားမှုတွေကို ရေရှည်လုပ်ဆောင်နိုင်ပါလိ့မ်မယ်။

နောက်ထပ်လူတစ်မျိုးကတော့ တော်လှန်ရေးမှာလည်း ပါဝင်ချင်တယ်။ စိတ်ထဲမှာ အကြောက်တရားလွှမ်းမိုးမှုများတဲ့လူတွေဖြစ်မယ်။ သူတို့ကတော့ အရမ်းကြီး တိုက်ရိုက်စည်းရုံးလို့ရမှာ မဟုတ်ဘူး။ ဒါပေမယ့် အာဏာရှင်တွေရဲ့ အားနည်းချက်တွေ၊ ဖိနှိပ်မှုတွေကို နားလည်အောင် နည်းနည်းစီ ထည့်ထည့်ပြောသွားလို့ ရတယ်။ သူတို့ကိုလည်း လုပ်နိုင်တာ ၊ ပါဝင်နိုင်တာတွေကို တဆင့်ချင်းစီပါဝင်နိုင်တယ်ဆိုတာ စည်းရုံးသွားဖို့လိုတယ်။

နောက်ဆုံး တတိယအုပ်စု အာဏာရှင် လက်ပါးစေတွေဖြစ်တယ်။ အာဏာရှင်တွေကို လေးလေးနက်နက် ကိုးကွယ်အားကျပြီးတော့ ကိုယ်တိုင်လည်း အာဏာရှင်တပိုင်းဖြစ်ကြပြီးတော့ ဖိနှိပ်မှုတွေကို ပြင်းပြင်းထန်ထန်လုပ်လေ့ရှိတယ်။ ဒီလူတွေကိုလည်း စည်းရုံးဖို့ထက် သူတို့ရဲ့ ဖိနှိပ်မှုတွေ၊ မတရားသော အမှုတွေကို မှတ်တမ်းပြုစုပြီး လူထုကို ချပြဖို့လိုတယ်။ ဒါမှပဲ တော်လှန်ရေးကာလအတွင်းမှာကော နောက်ခေတ်သစ်ရောက်တဲ့အခါမှာလည်း အာဏာရှင်လက်ပါးစေ လူစုရဲ့ ဖောက်ပြန်မှု၊ အာဏာမက်မှုတွေကို လေ့လာပြီး ပြစ်တင်ရှုတ်ချနိုင်မယ်။ ဒါကသတင်းမျှဝေရေးပါပဲ။ ဒီနည်းကသတိကြီးစွာ ပြုလုပ်ဖို့လိုပြီး ပိပိရိရိလုပ်နိုင်တယ်ဆိုရင် အာဏာရှင်နဲ့ လက်ပါးစေတွေအတွက် ခြိမ်းခြောက်မှု ကြီးစွာဖြစ်နိုင်ပါတယ်။

ဒါကတော့ လတ်တလော လုပ်နိုင်တဲ့အရာတွေကို ချပြခြင်းဖြစ်ပါတယ်။ ရှေ့ဆက်ပြီး ထိထိရောက်ရောက် လုပ်နိုင်ဖို့ကတော့ အတွင်းနဲ့ အပြင် ပူးပေါင်းချိတ်ဆက်နိုင်တဲ့ ယုံကြည်ချက် တည်ဆောက်ဖို့လိုပါတယ်။ ကျွန်တော်တို့တွေတယောက်တယောက် ရန်သူမဟုတ်ဘဲ အာဏာရှင်စနစ်ကသာ ကျွန်တော်တို့ကို ရန်တိုက်ပေးပြီး ဖိနှိပ်ခေါင်းပုံဖြတ်နေကြတယ်ဆိုတာကို နားလည်ဖို့လိုပါတယ်။

အခုအချိန်မှာ ပြည်သူတွေမှာကိုယ်စီ နာကျည်းချက်၊ မယုံကြည်မှု၊ ခံပြင်းစိတ်တွေ ရှိကြပါတယ်။ ဒါတွေကို အနာဂတ်ကို တည်ဆောက်ချင်တဲ့ မျှော်လင့်ချက်၊ ဆင်ခြင်ဥာဏ်တွေနဲ့ ထိန်းသိမ်းဖို့ အချိန်ယူရပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဏာရှင်ယန္တရားအတွင်းက Non-CDM တွေအနေနဲ့ တော်လှန်ရေးမှာပါဝင်ချင်ကြတဲ့သူတွေအနေနဲ့ မည်သူက အသိအမှတ်ပြုသည်/မပြုသည်ဖြစ်စေ မိမိတတ်နိုင်သမျှ ဆက်လက်လုပ်ဆောင်သွားဖို့ လိုပါတယ်။

Freedom Fighter အနေနဲ့ကတော့ တော်လှန်ရေးက လူကိုတိုက်ခိုက်တာထက် စနစ်ကို တိုက်ခိုက်တာ ၊ အနာဂတ်သစ်ကို ဖန်တီးတာ ဖြစ်တဲ့အတွက် လူတိုင်းပါဝင်လာနိုင်ဖို့ လိုအပ်တယ်ဆိုတာကို လေးလေးနက်နက် ရပ်တည်ယုံကြည်ပါတယ်။ လိုအပ်တဲ့လှုပ်ရှားမှုတွေကို ချိတ်ဆက်လုပ်ကိုင်သွားဖို့လည်း အမြဲတံခါးဖွင့်ကြိုဆိုနေပါတယ်။

Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်