တရားမျှတမှု ကိုယ့်ဘက် သူ့ဘက်ရှိသလား

Justice, Peace

ဖြစ်စဉ်- ၁ ကုလသမဂ္ဂအထူးကိုယ်စားလှယ် နော်လင်းဟေဇာ

အာဏာသိမ်းမှုတစ်နှစ်ပြည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က Channel News Asia Interview တွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံအပေါ် အထူးကိုယ်စားလှယ် ဒေါက်တာနော်လင်းဟေဇာက စစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်မှုကို အချိန်ကာလတခုအထိ လက်ခံရန်၊ ပါဝင်ပက်သက်သူအားလုံး စကားခုံပေါ်တွင် တက်ရောက်ရန် စကားလမ်းကြောင်းစလာသည်။ ဤနေရာတွင် နိုင်ငံရေးပဋိပက္ခတို့မည်သည် စကားဝိုင်းတွင် ပြီးဆုံးရမည်မှာ မှန်ကန်သော်ငြားလည်း ဒေါက်တာနော်လင်းဟေဇာ တယောက် ထိန်ချန်ခဲ့သည့် အရာတခုရှိလေသည်။ဤသည်မှာ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု (Transitional Justice) ဖြစ်သည်။

စစ်တပ်သည် အာဏာသိမ်းချိန်မှစပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးအကျဉ်းချမှု၊ ပြည်သူအများကို ပစ်ခတ်လုပ်ကြံမှု၊ စစ်ကြောရေးတွင် ညှဉ်းဆဲသတ်ဖြတ်မှု၊ ရွာလုံးကျွတ် မီးရှို့သတ်ဖြတ်မှုများကို နေ့စဉ်ရက်ဆက် လုပ်ဆောင်နေဆဲဖြစ်သည်။ ဤကဲ့သို့ ဘီလူးတစ်ပိုင်းဖြစ်နေသည့် မြန်မာ့စစ်တပ်ကို စကားဝိုင်းခေါ်လာရန် ပထမဦးဆုံး လုပ်ဆောင်ရမည့်အဆင့်မှာ စစ်တပ်မှ ပြုကျင့်ခဲ့သည့် ရာဇဝတ်မှုများအတွက် တာဝန်ခံစေရမည်ဖြစ်သည်။ ဤအချက်ကို ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကော အာဆီယံကပါ မပြောဆိုဘဲ ရေငုံနှုတ်ပိတ်နေခြင်းသည် တရားမျှတမှုကို မျက်ကွယ်ပြုခြင်းဖြစ်သည်။ ထို့ကြောင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူလူထုတရပ်လုံးအနေနဲ့ ကုလသမဂ္ဂ နှင့် အာဆီယံဘက်က တော်လှန်ရေးအင်အားစုများကို စကားဝိုင်းပေါ်သို့တက်ရောက်ရန် တိုက်တွန်းတိုင်း ၄င်းတို့၏ တရားမျှတမှုအပေါ် ရပ်တည်ချက်အပေါ် ဆက်လက်ပြီး ပြင်းပြင်းထန်ထန်မေးခွန်းထုတ်ရန်လိုအပ်လှသည်။

ဖြစ်စဉ် – ၂ တာချီလိတ် တပ်ထောက်ခံပွဲ ဗုံးကွဲမှု

ဖေဖော်ဝါရီလ ၁ ရက်ကနေ့ကပင် တာချီလိတ်တပ်ထောက်ခံပွဲတွင် ဗုံးကွဲမှုတခုဖြစ်ခဲ့ပြီး လူ ၂ ဦး သေဆုံးကာ လူ ၅၀ နီးပါးဒါဏ်ရာရခဲ့သည်။ ဤဖြစ်စဉ်ကို အွန်လိုင်းဆယ်လီတွေဖြစ်တဲ့ ပန်ဆယ်လို၊ မအိုင်ရင်း၊ နွေဦးတော်လှန်ရေးဆရာတော် မှစပြီး ဝမ်းသာအားရထောက်ခံသူ အမြောက်အမြားကို အွန်လိုင်းပေါ်တွင် တွေ့ရှိနေရသည်။ ဤနေရာတွင် ပြည်သူအများ၏ မွန်းကြပ်နာကျင်ခံစားရမှုကို ဆိုရှယ်မီဒီယာတွင် ရင်ဖွင့်ထွက်ပေါ်လာခြင်းအဖြစ် နားလည်သော်လည်း တော်လှန်ရေးသည် အမုန်းတရား၊ ခံစားချက်သက်သက်ဖြင့် လုပ်ဆောင်မရသည့်အရာဖြစ်ကြောင်းကို သတိပြုမိကြရန် အရေးကြီးလှသည်။

တပ်ထောက်ခံပွဲပါဝင်သူအများစုသည် ဒေသခံများသာဖြစ်ပြီး စစ်တပ်နှင့် တိုက်ရိုက်ပါဝင်ပတ်သက်ခြင်းမရှိတဲ့ ပြည်သူများသာဖြစ်သည်။ ၄င်းကဲ့သို့ အရပ်ဘက် ပြည်သူများကို ဗုံးခွဲတိုက်ခိုက်ခြင်းသည် မည်သည့်အဖွဲ့ကလုပ်ဆောင်သည်ဖြစ်စေ စစ်ကောင်စီပြုမှုနေသကဲ့သို့ပင် လူ့အခွင့်အရေးချိုးဖောက်မှု တနည်းအားဖြင့် တရားမျှတမှုမျက်ကွယ်ပြုသည့် လုပ်ရပ်တခုဖြစ်သည်။

ဤနေရာတွင် ပြည်သူတချို့က လူ့အခွင့်အရေးဂရုပြုရန် တိုက်တွန်းချက်များသည် နိုင်ငံတကာသို့ အပြသဘောသာဖြစ်ပြီး စစ်အုပ်စုကို တန်ပြန်တိုက်ခိုက်ရန်ပြင်ဆင်နေသည့် တော်လှန်ရေးအင်အားစုများအတွက် အဟန့်အတားများလို့ မြင်ကြသည်။ အမှန်စစ်စစ် တရားမျှတမှုနှင့် လူ့အခွင့်အရေးများသည် လူ့ဘောင်အဖွဲ့အစည်းတခုလုံး၏ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးအတွက်ဖြစ်သည်။ ၄င်းတို့ကို ထည့်သွင်းစဉ်းစားခြင်းမရှိပါက လက်နက်ကိုင်တော်လှန်ရေးမှဦးတည်နေသည့် ပြည်တွင်းစစ်သည် လမ်းဆုံးမရှိဘဲ နောက်မျိုးဆက်များတိုင် သွေးပင်လယ်ဝေစေပြီး အင်အားကြီးသူ အနိုင်ရသည့် တောတွင်းဥပဒေသ (Jungle Law) ကိုသာ လက်ဆင့်ကမ်းစေလိမ့်မည်။

ဖြစ်စဉ် – ၃ ပရဟိတသမား ဦးမြင့်ဆန်း စွပ်စွဲသတ်ဖြတ်ခံရမှု

ဖေဖော်ဝါရီလ ၃ ရက်က စစ်တိုင်းတိုင်း အရာတော်မြို့နယ်မှ ပရဟိတသမား ဦးမြင့်ဆန်းကို ပျူစောထီးအဖွဲ့ဝင်ဟုဆိုကာ Zero ပျောက်ကြားတပ်ဖွဲ့က လုပ်ကြံခဲ့သည်။ ဤစွပ်စွဲသတ်ဖြတ်မှုကို စစ်ကိုင်းတိုင်း အရပ်ဘက်အဖွဲ့အစည်း ၁၆ ဖွဲ့မှ တရားမျှတရေးအတွက် တောင်းဆိုထားသည်။ ဆိုရှယ်မီဒီယာထက်တွင် ဤလုပ်ကြံမှုကို ထောက်ခံသူများ၊ PDF များကို မထောက်ပြသင့်ကြောင်း ပြောဆိုကာကွယ်သူများကို တွေ့ရှိနေရသည်။

ဤတွင် ဂရုပြုရမည်မှာ ယခုကဲ့သို့ သတ်ဖြတ်မှုများကို ပြည်သူတချို့က ခံစားချက်အရထောက်ခံကြသည်မှန်သော်လည်း တရားမျှတမှုရပ်တည်ချက်နှင့် တာဝန်ခံမှုအလေ့အထကို ထည့်သွင်းစဉ်းစားခြင်းမရှိပါက လက်နက်ကိုင်တော်လှန်ရေးသည် မည်ကဲ့သို့မျှ အောင်မြင်နိုင်မည်မဟုတ်ကြောင်း တပ်အပ်ပြောနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် တရားမျှတမှုကို ထည့်သွင်းမစဉ်းစားသည့် အယူအဆအားကောင်းသည်နှင့် အာဏာရှင်စနစ်ကို တိုက်ထုတ်ရင်း အာဏာရှင်စနစ်များကို ထပ်မံမွေးထုတ်ပေးမည်သာ ဖြစ်သောကြောင့်ဖြစ်သည်။

လက်နက်ကိုင်လမ်းစဉ်သည် ကြမ်းတမ်းခက်ထန်၍ ပေးဆပ်မှုများသည်။ အထဲတွင်လည်း လူအမျိုးမျိုး စိတ်အထွေထွေပါနိုင်သည်။ သို့ရာတွင် တစုံတဦး၏ လုပ်ရပ်သည် တဖွဲ့လုံးကို ကိုယ်စားမပြုသကဲ့သို့ တဖွဲ့ဖွဲ့၏ လုပ်ရပ်သည်လည်း PDF အဖွဲ့အားလုံးကို ကိုယ်စားမပြုချေ။ထို့ကြောင့် တရားမျှတမှု ဖောက်ဖျက်ကျူးလွန်သူများကို တာဝန်ခံစေခြင်း၊ ပြစ်တင်ရှုပ်ချခြင်းသည် ပြည်သူအများ ယုံကြည်ကိုးစားခြင်းခံရသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အစစ်အမှန်များကို အားပေးထောက်ခံခြင်းဖြစ်သည်။ ဤကဲ့သို့ တရားမျှတမှုနှင့် လူ့အခွင့်အရေးအပေါ် တန်ဖိုးထားမှုများကို ပြည်သူအားလုံးနှင့် လက်နက်ကိုင်အဖွဲ့များ အခြေတည်ကိုင်စွဲမှသာ အနာဂတ်မြန်မာနိုင်ငံသည် ပြည်သူ့ဆန္ဒ၊ ပြည်သူ့ထိန်းချုပ်မှုနှင့် အညီဖွဲ့စည်းလုပ်ကိုင်သည့် ဖက်ဒရယ်တပ်မတော်အသစ်တရပ် ပေါ်ထွက်လာမည်ဖြစ်ပြီး ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဖြစ်သည်။

Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်