ကိုအောင်အောင် သို့မဟုတ် မီးပွားတစ်စ

Ko Aung Aung: A Single Spark

ဒီကနေ့ အာဏာသိမ်းတစ်နှစ်ပြည့် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ ကျောက်ပန်းတောင်းမြို့မှ ကိုအောင်အောင်က မိမိကိုယ်ကို မီးရှို့ ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြရတဲ့ အကြောင်းရင်းကတော့ ၂၄ နာရီလုံး အများပြည်သူပြည်သားများ မီးအလင်းရရှိဖို့ နဲ့၂၀၀၁၊ ၂၀၀၂ ပြန်မသွားဖို့ ဆိုပြီး ပါပါတယ်။ ဒီနေရာမှာ ပြည်သူအများက ဒီအပြုအမူကို မလုပ်သင့်တဲ့အရာ၊ မထိုက်တန်တဲ့အရာအဖြစ် ထောက်ပြဝေဖန်နေတဲ့အပေါ် မှတ်ချက်တချို့ ပြုချင်ပါတယ်။

မိမိကိုယ်ကို မီးရှို့ဆန္ဒပြခြင်းနည်းလမ်းက တခြားသူများကို ထိခိုက်နာကျင်အောင် ပြုလုပ်စေခြင်းမရှိတဲ့ အကြမ်းမဖက်လှုပ်ရှားမှုတခုဖြစ်ပါတယ်။ ဒီနည်းလမ်းက အမေ့လျော့ခံ ဖိနှိပ်ခံအစုအဖွဲ့၏ အသံကို ကျယ်ကျယ်လောင်လောင် ကြားစေချင်တဲ့ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ခန္ဓာကို စွန့်လွှတ်ပေးဆပ်ပြီး ဆန္ဒထုတ်ဖော် သတင်းစကားပါးခြင်းဖြစ်ပါတယ်။ ဒီထဲက အထင်ရှားဆုံး ဥပမာတချို့ကို ဖော်ပြရရင်

၁။ ပြီးခဲ့တဲ့ အာရပ်နွေဦးတော်လှန်ရေးကို စတင်ခဲ့တဲ့ တူနီးရှားက မိုဟာမက် ဘိုအာဇီဇီရဲ့ မီးရှို့ဆန္ဒပြမှုဖြစ်ပါတယ်။ သာမာန်လမ်းဘေးပျံကျဈေးသည်တဦးဖြစ်တဲ့ မိုဟာမက် ဘိုအာဇီဇီကို အစိုးရစည်ပင်ဝန်ထမ်းများက လမ်းဘေးဈေးရောင်းရာမှာ လာဘ်ပေးဖို့ အတင်းအကျပ်ဖိအားပေးမှုကြောင့် ဘိုအာဇီဇီက မိမိကိုယ့်ကို မီးရှို့ဆန္ဒပြပြီး သူရဲ့ နာကျည်းမှုတွေ၊ ကျပ်တည်းမှုတွေကို ထုတ်ဖော်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုကနေ တူနီးရှားပြည်သူလူထုတရပ်လုံး မခံမရပ်နိုင်ဖြစ်ကာ လူထုအုံကြွမှုဖြစ်ပွားပြီး ၂၈ ရက်မြောက်နေ့ ၂၀၁၁ ဇန်နဝါရီ ၁၅ ရက်နေ့တွင် သမ္မတ ဘန်အာလီ (Zine El Abidine Ben Ali) ရဲ့ ၂၃ နှစ်ကြာ သက်တမ်း အဆုံးသတ်ကာ ရာထူးမှ ဆင်းပေးခဲ့ရတယ်။ ဒီလှုပ်ရှားမှုကနေ တခြားသော အာရပ်နိုင်ငံများကို ပျံနှံ့ခဲ့ပြီး အာရပ်နွေဦးတော်လှန်ရေးကို စတင်မွေးဖွားပေးခဲ့တာဖြစ်တယ်။

မိုဟာမက် ဘိုအာဇီဇီရဲ့ ဓာတ်ပုံကို ကိုင်တွယ်ပြီး ဆန္ဒပြနေကြပုံ

၂။ နောက်ဖြစ်ရပ်တခုကတော့ ၁၉၇၀ ကတောင်ကိုးရီးယားနိုင်ငံမှာ အသက် ၂၂ အရွယ် ဂျွန်တယ်အီးလ် (Jeon Tae-il) ရဲ့ မီးရှို့ဆန္ဒထုတ်ဖော်မှုဖြစ်ပါတယ်။ သာမာန်အပ်ချုပ်သမားဖြစ်တဲ့ ဂျွန်တယ်အီးလ်က ဆိုးလ်မြို့က အလုပ်သမားတွေရဲ့ စားဝတ်နေရေးမပြေလည်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု မရခြင်းနဲ့ လူစဉ်မမီအောင် နေထိုင်ရခြင်းတွေကို မြင်ရပြီးတော့ အလုပ်သမားအခွင့်အရေးတက်ကြွလှုပ်ရှားသူတယောက်ဖြစ်ခဲ့ပါတယ်။ သူတည်ထောင်ခဲ့တဲ့ အဖွဲ့အစည်းကတော့ အရူးများအစည်းအရုံး (Fools’ Association) ဖြစ်ပြီးတော့ အလုပ်သမားတွေက ကိုယ့်အခွင့်အရေးကို ကိုယ်မသိရလောက်အောင် တုံးအရူးနှမ်းနေတယ်လို့ ရည်ညွှန်းပါတယ်။

နိုဝင်ဘာ ၁၃ ၊ ၁၉၇၀ မှာတော့ ဂျွန်တယ်အီးလ်တယောက် ဆိုးလ်မြို့လယ်ခေါင်မှာ မိမိကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့ပြီး “အလုပ်သမားတွေကလည်း လူတွေပါပဲ” “အလုပ်သမားအခွင့်အရေးဖြည့်စည်းပေး” “မိမိရဲ့အသက်ကို အလဟသ မဖြစ်စေနဲ့” စသဖြင့် ကြွေးကြော်ပြီး ဆန္ဒထုတ်ဖော်ခဲ့တယ်။ ဒီလှုပ်ရှားမှုကနေ တောင်ကိုရီးယား အလုပ်သမားတွေကိုနိုးထစေခဲ့ပြီး အလုပ်သမားသမဂ္ဂတွေ ပေါ်ပေါက်ကာ အလုပ်သမားအခွင့်အရေးကို လူအများက နားလည်သဘောပေါက်စေခဲ့တယ်။ (ဂျွန်တယ်အီးလ်အကြောင်းကို ဇာတ်လမ်းပြန်ရိုက်ထားပြီး A Single Spark ဆိုတဲ့နာမည်နဲ့ Youtube မှာရှာကြည့်လို့ရပါတယ်။)

အသက် ၂၂ အရွယ် အလုပ်သမားအခွင့်အရေးလှုပ်ရှားမှုခေါင်းဆောင် ဂျွန်တယ်အီးလ်ရဲ့ အထိမ်းအမှတ်ကျောက်ရုပ်

၃။ မဟာယန ဗုဒ္ဓဘာသာဘုန်းကြီးတွေလည်း မိမိကိုယ်ကို စွန့်လွှတ်မီးရှို့ပြီး ဆန္ဒထုတ်ဖော်ခြင်းတွေရှိခဲ့ပါတယ်။ အထင်ရှားဆုံးကတော့ ၁၉၆၃ ခုနှစ်တွင် တောင်ဗီယက်နမ်၌ ဗုဒ္ဓဘာသာဝင် ရဟန်းခြောက်ပါးက ကက်သလစ်ဘာသာလိုလားသည့် တောင်ဗီယက်နမ်အစိုးရ၏ ဗုဒ္ဓဘာသာဆန့်ကျင်ရေး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ဆန့်ကျင်ဆန္ဒပြရန် မိမိကိုယ်ကို မီးရှို့ခဲ့ကြတယ်။ တောင်ဗီယက်နမ်ကို ကူညီထောက်ခံပေးနေတဲ့ အမေရိကန်သမ္မတ ကနေဒီကိုယ်တိုင်ပင်လျှင် ဘုန်းတော်ကြီး သစ်ကွမ်လု (Thích Quảng Đức) ၏ မိမိကိုယ့်ကို မီးရှို့သည့်ပုံသည် သမိုင်းတလျှောက် ကမ္ဘာတခုလုံးကို ခံစားသက်ဝင်စေတဲ့ ဓာတ်ပုံအဖြစ် ဝန်ခံပြောကြားခဲ့ရတယ်။ ထိုလုပ်ရပ်မှသည် တရားမျှတမှုအပေါ် နိုင်ငံတကာမှမေးခွန်းထုတ်ခဲ့ပြီး ဗီယက်နမ်သမ္မတ Ngo Dinh Diem နှင့် ဂျွန်အက်ဖ်ကနေဒီ၏ ဆက်ဆံရေးမှာ ခပ်တန်းတန်းဖြစ်သွားကာ ၁၉၆၃ ခုနှစ်တွင် Diem ဖြုတ်ချ လုပ်ကြံခြင်းခံခဲ့ရတယ်။

ဘုန်းတော်ကြီး သစ်ကွမ်လုရဲ့ မိမိကိုယ်ကို မီးရှို့မှု သမိုင်းဝင်ဓာတ်ပုံမှတ်တမ်း

၄။ တိဘတ်နယ်မြေအတွင်း တရုတ်တို့၏ သိမ်းပိုက်အုပ်ချုပ်မှု၊ ဗုဒ္ဓဘာသာ ဓလေ့ထုံးစံများကို ပိတ်ပင်မှုနှင့် ၎င်းတို့၏ စရိုက်လက္ခဏာများကို ရောနှောရန် ဟန်တရုတ်လူမျိုးများ အခြေချနေထိုင်ခိုင်းသည့် တရုတ်၏ မူဝါဒကို ဆန့်ကျင်ဆန္ဒပြသည့် တိဘတ်လူမျိုးတို့၏ လှုပ်ရှားမှုများကို တရုတ်အစိုးရက ၂၀၀၈ ခုနှစ်တွင် ဖြိုခွင်းခဲ့တယ်။ အဲအချိန်မှစပြီး ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၊ သီလရှင်များ နှင့် လူငယ်များ အများစုပါဝင်တဲ့ တိဘက်လူမျိုး ၁၅၀ ကျော်သည် ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် မိမိကိုယ်ကို မီးရှို့ဆန္ဒပြခဲ့ကြပါတယ်။ ဒလိုင်းလားမားက ဒီလိုမီးရှို့တာက မည်သူကိုမျှ အကြမ်းဖက်ခြင်းမရှိဘဲ မိမိအသက်ကို စွန့်လွှတ်ပြီး အပြောင်းအလဲတွေကိုဦးတည်စေတဲ့ စေတနာဖြင့် လုပ်ခဲ့ကြခြင်းဖြစ်သည်ဟု ထောက်ပြပြောဆိုခဲ့ပါတယ်။

တိဘတ်လူမျိုးတဦး မီးရှို့ဆန္ဒပြနေပုံ

ထေရဝါဒ ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာနိုင်ငံမှာတော့ မိမိကိုယ့်ကို သတ်သေတဲ့အခါ အဖန်ငါးရာ၊ ငါးကမ္ဘာ ထပ်ပြီး အသတ်ခံရတယ်ဆိုတဲ့ ယုံကြည်မှုမျိုး ရှိကြပါတယ်။ ဒါကြောင့် မြန်မာ့ယဉ်ကျေးမှုမှာ သတ်သေတဲ့လူကို နားလည်ပေးဖို့ ကြိုးစားထားတာထက် သတ်သေရကောင်းလားဆိုပြီး အပြစ်တင်ကြတာများပါတယ်။ အမှန်တကယ်မှာတော့ ဒီအဖန်ငါးရာ၊ ငါးကမ္ဘာဆိုတာ ဘုရားဟော ကျမ်းဂန်လာမဟုတ်ဘဲ မတကဘတ္တဇာတ်မှာပါတဲ့ ဒီသာပါမောက္ခကြီး ဆိတ်သတ်ဖို့လုပ်ရင်းနဲ့ သံဝေဂ ရတဲ့အကြောင်းကို အရပ်ဘက်စကားနဲ့ ချဲ့ကားပြောရင်းနဲ့ အဖန်ငါးရာ၊ ငါးကမ္ဘာ ဆိုတဲ့စကားက လူတွေက ယုံကြည်သက်ဝင်ကြတာပါ။ ဘုရားဟောခဲ့တာကတော့ ကိုယ်ကို သတ်သေခြင်းက ပါဏာတိပါတာကံမထိုက်ဆိုတာကို ရှင်းရှင်းလင်းလင်းလေ့လာနိုင်ပါတယ်။

ဒီနေရာမှာ ပါဏာတိပါတာကံမထိုက်ပေးမယ့် ဒေါသစိတ်နဲ့ သတ်သေခြင်းက အပြစ်ဖြစ်စေနိုင်တယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အခုကိုအောင်အောင်ရဲ့ နောက်ဆုံးအမှာစာကို ကြည့်မယ်ဆိုရင် လူအများ မီးလင်းပါစေဆိုတာ မွန်မြတ်တဲ့စေတနာနဲ့ မိမိကိုယ့်ကို ပေးဆပ်စွန့်စားပြီး လုပ်ဆောင်တာဖြစ်တဲ့အတွက် ဒေါသဦးဆောင်တဲ့လုပ်ရပ်မဟုတ်တာကို ထင်ထင်ရှားရှားမြင်နိုင်ပါတယ်။

နိဂုံးချုပ်ရရင်တော့ အခုချိန်မှာ အပြစ်တင်တာတွေ ၊ နှမြောစရာဆိုပြီး ဝေဖန်နေတာထက် စွန့်လွှတ်ပေးဆပ်ထားသူ ကိုအောင်အောင်ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးဖို့လုပ်ရမှာက ကျွန်တော်တို့ လူ့အဖွဲ့အစည်းတခုလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ “ကိုအောင်အောင်တယောက် ဘဝကို ဘယ်လိုဖြတ်သန်းခဲ့ရတယ်။ ဘယ်လိုမျိုး လူ့အဖွဲ့အစည်းရဲ့ဖိနှိပ်မှုတွေကို တွေ့ကြုံခဲ့ရတယ်။ ဘာကြောင့် ဒီတစ်နှစ်ပြည့်ကာလ အများပြည်သူ Silent Strike လုပ်နေချိန်မှာ မိမိကိုယ့်ကို မီးရှို့ပြီး အတောက်လောင်ဆုံး ဆန္ဒထုတ်ဖော်ခဲ့တာလဲ။” ဒါတွေကို နားလည်အသိအမှတ်ပြုပြီး မိမိတို့ကိုယ်စီပါဝင်နိုင်တဲ့ဘက်က တော်လှန်ရေးမှာ အရှိန်တိုးမြင့်ပါဝင်သွားခြင်းသာ ကိုအောင်အောင်ရည်မှန်းတဲ့ ပြောင်းလဲမှုတွေကို အကောင်အထည်ဖော်နိုင်စေပါလိမ့်မယ်။ ဒါကပဲ ကိုအောင်အောင်ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးနိုင်ပလ

Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

One Response

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်