(၇၅ နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်း အထိမ်းအမှတ် ဆောင်းပါး)
နွေဦးတော်လှန်ရေး၏ ထင်ရှားသော အရွေ့တခုမှာ ပြည်ထောင်စုသည် အတုအယောင်သာဖြစ်သည် ဆိုသောအချက်ကို တော်လှန်ရေးခေါင်းဆောင်လူငယ်ကျောင်းသားများမှ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးထောက်ပြလာကြခြင်းဖြစ်တယ်။ ပြည်သူအများထောက်ခံသည့် ပြည်သူ့အစိုးရ NUG ကိုယ်တိုင်က ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့ အဖြစ်သာ သတ်မှတ်ပြီး ပြည်ထောင်စုသည် တကယ်မရှိကြောင်း လက်ခံခြင်းက အပြုသဘောဆောင်တဲ့ လုပ်ရပ်အဖြစ် Freedom Fighter အဖွဲ့မှ ထောက်ခံကြိုဆိုပါတယ်။
ဒီလို ပြည်ထောင်စုတကယ်မရှိခဲ့ကြောင်း လက်ခံခြင်းက ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ဖို့ ပထမဆုံး အခြေခံကျတဲ့ခြေလှမ်းဖြစ်ပါတယ်။ ဒီခြေလှမ်းကနေ ရှေ့ဆက်ဘယ်လိုလုပ်ဆောင်နိုင်မလဲဆိုတဲ့ အဖြေကို တော်လှန်ရေးအင်အားစုတွေ၊ လူမျိုးစုအသီးသီးက ပါဝင်ပက်သက်သူတွေ ရှာဖွေဖော်ဆောင်နေကြတဲ့ အချိန်ဖြစ်တယ်လို့ ယုံကြည်ပါတယ်။Freedom Fighter အနေနဲ့ကတော့ လူထုတော်လှန်ရေးအယူအဆတွေကို လေ့လာဝေမျှတဲ့အဖွဲ့ ဖြစ်တာကြောင့် ဒီဆောင်းပါးမှာ ပြည်သူတယောက်ချင်းစီအနေနဲ့ စစ်မှန်တဲ့ ပြည်ထောင်စုတရပ် တည်ဆောက်ဖို့ ဘယ်လိုမျိုးပါဝင်လုပ်ဆောင်ရမလဲဆိုတဲ့ လုပ်ငန်းစဉ်သုံးခုကို အကြံပြုချင်ပါတယ်။
၁) မှတ်ဉာဏ်သစ် တည်ဆောက်ခြင်း
လူမျိုးတခု၊ ယဉ်ကျေးမှုတခုသာ သာလွန်တယ်ဆိုတဲ့ ဗမာလူမျိုးကြီးဝါဒနှင့် တကယ်မရှိခဲ့တဲ့ ပြည်ထောင်စုအတုကို ဂုဏ်ယူဖို့ သင်ကြားခဲ့ရတဲ့ သမိုင်းသင်ခန်းစာတွေ၊ ဓလေ့ထုံးစံတွေက ပြည်သူတွေအများအပြားရင်ထဲမှာ အာဏာသိမ်းမှုမဖြစ်ခင်အထိ ပြည့်နှက်အားကောင်းနေခဲ့တာက အရှိတရားဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေပေါ် “သောင်းကျန်းသူ သူပုန်” ဆိုပြီး မြင်တဲ့အမြင်တွေ ၊ ရိုဟင်ဂျာ ကလူမျိုးတုန်းသတ်ဖြတ်မှုအပေါ် စစ်တပ်နှင့် အတူတကွရပ်တည်ခဲ့ခြင်းတွေ၊ လူမျိုးစုအသီးသီးရဲ့ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ သမိုင်းတွေအပေါ် ပုံသွင်းဖိနှိပ်ခြင်းတွေကို ပုံမှန်ဖြစ်စဉ်တခုအဖြစ် မြင်ခဲ့တာက မကြာသေးခင် နှစ်ပိုင်းအထိမှာ ကျွန်ုပ်တို့ ပြည်သူအများ ရင်ထဲမှာ အမြစ်တွယ်ခဲ့တဲ့ အတွေးအမြင်တွေ၊ မှတ်ဉာဏ်တွေ ဖြစ်ခဲ့ပါတယ်။ ဒီမှတ်ဉာဏ်တွေကို ပြောင်းလဲပြုပြင်ချိန်တန်ပါပြီ။
သမိုင်းဖြစ်တည်မှုကို လေ့လာရာမှာ ဗမာလူမျိုးတခုတည်းကိုပဲ ဦးတည်တာမျိုးမဟုတ်ဘဲ လူမျိုးစုအသီးသီးရဲ့ ပါဝင်ပက်သက်မှုကို ဖြည့်စွက်ပြင်ဆင်ရမယ်ံ့အချိန်ဖြစ်ပါတယ်။ ဒါမှပဲ မြန်မာနိုင်ငံက ဗမာလူမျိုးတခုတည်းလွှမ်းမိုးကြီးစိုးတဲ့ တပြည်ထောင်မဟုတ်ဘဲ လူမျိုးစုအသီးသီးရဲ့ ယဉ်ကျေးမှုတွေ အတူလွှမ်းခြုံတဲ့ ပြည်ထောင်စုမှတ်ဉာဏ်အသစ်ကို ပြည်သူတွေရင်ထဲမှာ စတင်တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
ဒီလိုမှတ်ဉာဏ်သစ် တည်ဆောက်ဖို့အတွက် သမိုင်းပညာရှင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ စာရေးဆရာတွေနဲ့ ဆရာ/ဆရာမတွေက အဓိကကျတာမှန်ပေမယ့် လက်တွေ့မှာတော့ ပြည်သူတိုင်း ပါဝင်လုပ်ဆောင်ရမှာ ဖြစ်ပါသည်။ ပထမဆုံး မိမိတို့ရဲ့ သိမှုနယ်ကို ချဲ့ထွင်ရမယ်။ လူမျိုးရေး၊ ဘာသာရေးက အစပြုလို့ လူလူချင်း ခွဲခြားဆက်ဆံမှုမှန်သမျှကို တွန်းလှန်ဖို့ ၊ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေကို ဖော်ထုတ်ကြဖို့၊ လက်ခံကြဖို့ လိုပါတယ်။ ပြီးရင်တော့ မိမိတို့ရဲ့ အသိပညာကို တတ်စွမ်းသမျှ ပါတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးသွားရမယ်။ ဒါဆိုရင် လူထုတရပ်လုံးအနေနဲ့ ပြည်ထောင်စုတည်ထောင်နိုင်ဖို့ ဦးဆုံးအဆင့်ဖြစ်တဲ့ မှတ်ဉာဏ်သစ် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
၂။ နှလုံးသား ပေါင်းစည်းခြင်း
မှတ်ဥာဏ်သစ်တည်ဆောက်ခြင်းပြီးနောက်တစ်ဆင့်အနေနဲ့ကတော့ နှလုံးသားချင်း ပေါင်းစည်းဖို့ လုပ်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာတော့ အရေးကြီးဆုံးစတင်ရမှာကတော့ ဖိနှိပ်ခံရသူများ ခံစားရတဲ့ စိတ်ဒါဏ်ရာ ကုစားရေးလုပ်ဆောင်ချက်တွေဖြစ်ပါလိမ့်မယ်။ လက်ရှိမှာဖြစ်နေတဲ့ အမှတ်သရုပ်ဆိုင်ရာ ပွတ်တိုက်မှု ပဋိပက္ခတွေရဲ့ နောက်မှာ လူမျိုးစုတွေရဲ့ တန်ဖိုးထားမှုတွေကို နှစ်ပေါင်းများစွာ မေ့လျော့ခံရမှု၊ ခွဲခြားဆက်ဆံမှု၊ မတရားဖိနှိပ်မှုတွေကဖြစ်ပေါ်လာတဲ့ စိတ်ဒါဏ်ရာတွေက အရင်းခံတယ်ဆိုတာကို မြင်အောင်ကြည့်ဖို့၊ ခံစားတတ်ကြဖို့ လိုပါတယ်။ဒီစိတ်ဒါဏ်ရာတွေကို ကုစားဖို့ ဆေးမြီးတိုမရှိပါဘူး။ မတူညီတဲ့ အမှတ်သရုပ်ကိုင်စွဲကြတဲ့ ပြည်သူတွေကြားမှာ ကိုယ်ချင်းစာမှု ၊ နားလည်မှု၊ လေးစားမှု၊ တန်ဖိုးထားမှု တွေကို ပြည်သူတဦးချင်းစီ ရင်ထဲမှာတည်ဆောက်နိုင်မှပဲ ပြည်ထောင်စုတည်ဆောက်ရေးကို ရှေ့ဆက်သွားလို့ရမှာပါ။
အဆိုးထဲက အကောင်းကတော့ နွေဦးတော်လှန်ရေးကာလမှာ စစ်ကောင်စီရဲ့ ဖိနှိပ်မှုကို ပြည်သူအားလုံး ခံစားနေရတဲ့အပေါ် တဖက်နဲ့ တဖက်နားလည်မှုကို တည်ဆောက်ဖို့ အသင့်တော်ဆုံးအခွင့်အလမ်းဖြစ်နေပါတယ်။ဒါပေမယ့် ဒီအရာက ဘုံရန်သူလို့ ကြွေးကြော်ရုံသက်သက်တော့ တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ မတူညီတဲ့ အစုအဖွဲ့တွေကြား နာကျည်းမှုတွေ၊ ခံစားမှုတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုကြဖို့ ၊ နှလုံးသားအရင်းခံပြီး နားထောင်ကြဖို့ လိုပါတယ်။ ဒါမှပဲ အရင်တုန်းကာလတွေက အမှတ်သရုပ်အပေါ်ကိုင်စွဲပြီး ခွဲခြားဆက်ဆံမှု ၊ ဖိနှိပ်မှုတွေကိုတာဝန်ယူတဲ့ ၊ စာနာတဲ့ နှလုံးသားချင်းပေါင်းစည်းမှုကို ဖော်ဆောင်နိုင်ပါလိမ့်မယ်။
၃။ အိပ်မက်သစ်တည်ဆောက်ခြင်း
သမိုင်းဆရာတွေ အစဉ်အဆက်ပြောလေ့ရှိတာကတော့ မြန်မာနိုင်ငံအနေနဲ့ အကြီးမားဆုံးသော အားနည်းချက်ကတော့ ဒီနိုင်ငံကို ဘယ်လိုမျိုး အနာဂတ်သစ်၊ လူ့အဖွဲ့အစည်းသစ်အဖြစ် တည်ထောင်မယ်ဆိုပြီး မျှဝေထားတဲ့ စိတ်ကူးအိပ်မက်ပျောက်ဆုံးနေတာပါပဲ။အပေါ်ကပြောခဲ့တဲ့ မှတ်ဉာဏ်သစ်တည်ဆောက်ရေး နှင့် နှလုံးသားပေါင်းစည်းရေးကို အခြေခိုင်အောင် ဖော်ဆောင်နိုင်ပြီးဆိုရင် ကျွန်ုပ်တို့ပြည်သူလူထုအနေနဲ့ ရှေ့ဆက်သွားချင်တဲ့ အနာဂတ်အိပ်မက်သစ်ကို တည်ဆောက်နိုင်ပါပြီ။
ဒီနေရာမှာ မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထား၊ အခင်းအကျင်းကနေ နောက်ထပ် အနှစ်သုံးဆယ်၊ အနှစ်ငါးဆယ်မှာ ပုံဖော်ချင်တဲ့ လူအဖွဲ့အစည်းအသစ်ကို ကြိုတင်စဉ်းစားကြဖို့ လိုပါလိမ့်မယ်။အခုချိန်မှာဖြစ်နေတဲ့ ဖိနှိပ်မှု၊ နာကျင်မှု၊ မတရားမှုတွေရဲ့ အရင်းခံအမြစ်ကို အနုစိတ် ပိုက်စေ့တိုက် ရှာဖွေပြီး ဒီအဆိုးသံသရာတွေကို အခုတော်လှန်ရေးအတွင်းမှာ တခါတည်း ဖြတ်တောက်ပစ်နိုင်အောင် ကြိုးစားရပါမယ်။ ပြည်သူတယောက်ချင်းစီက နောက်မျိုးဆက်သစ်ကို ဘယ်လိုမျိုး အနာဂတ်မျိုး လက်ဆင့်ကမ်းခဲ့ကြမလဲဆိုတာကို တွေးတောပြင်ဆင်ဖို့လိုပါတယ်။ ဒီလိုမျိုး ပြည်သူတယောက်ချင်းစီရဲ့ ရင်ထဲမှာ မျှဝေထားတဲ့ အိပ်မက်သစ်ကို တည်ဆောက်နိုင်ပြီဆိုရင် ပြည်ထောင်စုတည်ဆောက်ရေးက ရုပ်လုံးပေါ်လာမှာဖြစ်တယ်။ ဒီလိုမျိုး ပြည်သူတွေအားလုံး ပေါင်းစည်းအခြေခံထားတဲ့ ပြည်ထောင်စု တည်ဆောက်ရေးကို မည်သည့် အာဏာရှင်၊ မည်သည့်အဖွဲ့အစည်းမှ ပိတ်ဆို့တားမြစ်နိုင်မှာမဟုတ်ပါဘူး။
ပြီးခဲ့တဲ့ ပင်လုံစာချုပ်မှာက ခေါင်းဆောင်တွေအကြားနားလည်မှု စာချုပ်ချုပ်ခဲ့ပါတယ်။ ဒါပေမယ့် ခေါင်းဆောင်အပြောင်းအလဲဖြစ်တဲ့အခါ ကတိစကားတွေကို ပေါ်ပေါ်ထင်ထင်ချိုးဖျက်ခဲ့တယ်။ ရှေ့လာမယ့် နိုင်ငံအိပ်မက်သစ်ကိုတော့ ပြည်သူတွေကြား စာချုပ်ထက်ပိုတဲ့ နားလည်မှုတွေ၊ ခံစားသိမြင်ခြင်းတွေကပဲ ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။
အဆုံးသတ်ပြောရရင်တော့ ပြည်သူလူထုအနေနဲ့ “မှတ်ဉာဏ်သစ်တည်ဆောက်ရေး”၊ “နှလုံးသားပေါင်းစည်းရေး”၊ “အိပ်မက်သစ်တည်ဆောက်ရေး” ဒီလုပ်ငန်းစဉ်သုံးရပ်မှာ ကိုယ်တိုင်ပါဝင်တည်ဆောက်ကြပြီဆိုရင် ပြည်ထောင်စုဆိုတာ နောက်နှစ်အနည်းငယ်အတွင်းမှာ ရောက်ရှိနိုင်လောက်အောင် နီးကပ်နေပြီဖြစ်ပါတယ်။ ဒီအခွင့်အရေးကို ကျွန်ုပ်တို့တတွေ အမိအရ ဖမ်းဆုပ်အသုံးပြုကြပါစို့လား။