“သံဃာတော်များ နိုင်ငံရေးတွင် ပါဝင်သင့်သလော”

ဤကိစ္စကိုဆွေးနွေးမည်ဆိုက လောကကြောင်း၊ ရာဇကြောင်း၊ ဓမ္မကြောင်း ဘက်သုံးဘက်က ရှုမြင်သုံးသပ်ရန် လိုပါမည်။ အကြောင်းသုံးမျိုးတွင် ဓမ္မကြောင်းသည် အားအကောင်းဆုံး၊ အခိုင်မာဆုံး ဖြစ်သည်ကိုလည်း သတိချပ်ထားရန် လိုပါသည်။ သမိုင်းကြောင်းသည် အဆိုပါအကြောင်းသုံးမျိုးတွင် အကျုံးဝင်ပြီး ဖြစ်သည်။

လောကကြောင်းအရ ရဟန်းတော်များ နိုင်ငံရေးတွင် ပါဝင်သင့်သည်ဆိုပါက သမိုင်းကို ကျေညက်ရန် ပြန်လည်သုံးသပ်ရန် လိုပါလိမ့်မည်။ မိမိအနေဖြင့် သမိုင်းကြောင်းကို ကောင်းစွာမကြေညက်ရကား စတိသဘောလောက်သာ ဆွေးနွေးပါမည်။ မဝေးသေးသော ဒေါ်စုအစိုးရမှ ဦးသိန်းစိန်အစိုးရ ၂၀၀၇နှင့် ၈၈တို့အပြင် သာသနာရေးဝန်ကြီးဌာနပေါ်ပေါက်လာပုံ၊ သာသနာဝင်ကဒ်ပြား၊ သာသနာသန့်ရှင်းရေးနှင့် ဂိုဏ်းပေါင်းစုံသံဃအစည်းအဝေးများ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဖွဲ့စည်းချိန်မူဝါဒ စသဖြင့် ချန်ထား၍မရသော သင်္ခန်းစာများ တပုံတပင် ရှိသည်။ ရဟန်းတော်များတွင် ထိုသမိုင်းကြောင်းများကို ကောင်းစွာလေ့လာသုံးသပ်ပြီးသူ ရှားလိမ့်မည်ထင်သည်။ အနော်ရထာနှင့် ရှင်အရဟံဇာတ်လမ်းကိုခင်းပြီး သမိုင်းကြောင်းအရ ပထမမြန်မာနိုင်ငံကို တည်ထောင်ကတည်းက နိုင်ငံရေးနှင့် သာသနာရေး တနည်းအားဖြင့် ရာဇာနှင့်သာသနာ တွဲဖက်တည်ထောင်ခဲ့သောကြောင့် နိုင်ငံရေးတွင် ပါဝင်သင့်သည်ဟု လွယ်လွယ်ပြောရန် သင့်မည်မထင်ပါ။

ရာဇကြောင်းအရ သာသနာတော်သန့်ရှင်းရေးကို အကြောင်းပြု၍ သူတော်ကောင်းဆရာတော်ကြီးများ ရာဇဒဏ်ထိပုံကိုလည်း မေ့ရန်မသင့်ပေ။ “သာသနာ ရာဇာ ပဓာနံ” ဟူသောစကားကို ယခုခေတ်တွင် တချို့သော အစုအဖွဲ့က တွင်တွင်သုံးနေကြသည်။ မြန်မာနိုင်ငံဗုဒ္ဓဘာသာ၏ ဒီဇိုင်းကာလာမှာ ထေရဝါဒကို ခိုင်ခိုင်မာမာ လက်ဆုပ်လက်ကိုင် ပြုထားသည်မှာ ထင်ရှားသည်။ ထေရဝါဒမဟုတ်သော မဟာယာန၊ ဝဇီရာယာနတို့ကို မြန်မာပြည်တွင် ဘယ်အတိုင်းအတာအထိ လွတ်လပ်ခွင့်ပြုထားသည်ကို မသိပါ။ လွတ်လပ်ခွင့်ဆိုသည်မှာ တရားတော်များနှင့်ပတ်သက်သည့် ယူဆပြောပြောချက်များကို ဆိုလိုပါသည်။ ထေရဝါဒမူအရမူ ထေရဝါဒအမည်ခံပြီး ထေရဝါဒပိဋကတ်နှင့် မလျော်ညီသောဟောပြောချက်များကိုမူ တစိုက်မတ်မတ် ထိန်းကွပ်ပေးနေသည်ဟု ယူဆရပါသည်။ လတ်တလောသာဓကမှာ အောင်လံဆရာတော်၏ ဝိနိစ္ဆယပြဿနာ ဖြစ်သည်။ ထိုသို့သော ဝိနိစ္ဆယများကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်ရေးအတွက် ရာဇာကို အဘယ်မျှလိုအပ်ပါသလဲ။ ထိုမှတပါး ပါဠိပထမပြန် ဓမ္မာစရိယ တိပိဋကစာမေးပွဲများအတွက် ရာဇ၏ ပံ့ပိုးမှု အဘယ်မျှလိုအပ်ပါသလဲ။ သာသနာသမိုင်းအရ ပထမသံဂါယနာမှစ၍ ယနေ့အချိန်အထိ သာသနာကို ထိန်းသိမ်းရန် ရာဇာ၏အခန်းကဏ္ဍ မဖြစ်မနေလိုအပ်သည်ဟု တထစ်ချ မှတ်ယူနိုင်ပါသည်။ အခြားသော ဘာသာ သာသနာများကိုကြည့်လျှင်လည်း ရာဇာ၏ပံ့ပိုးမှုလိုအပ်သည်ကို ရှင်းရှင်းလင်းလင်း မြင်ပါလိမ့်မည်။ ထိုသို့ဆိုလျှင် ရာဇာ၏ ပံ့ပိုးကူညီမှုကို ရရင်ပြီးရောဟု လက်လွတ်စပါယ် ဆောင်ရွက်နေမည်လား။ စည်းတစ်ခု တော့ လိုပါလိမ့်မည်။ ထိုစည်းသည် မျှခြေမှန်မှန်ကန်ကန် ဖြစ်ရန်လိုအပ်ပါသည်။ သာသနာကားအောက် ရာဇာကားအထက်၊ ရာဇာကားအောက် သာသနာကားအထက် ဖြစ်နေလျှင် တိုင်းနိုင်ငံ မငြိမ်သက်ဟု ယူဆနိုင်စရာ ရှိပါသည်။ ဘာသာတစ်ခုတည်းရှိလျှင်တော့ အဆင်ပြေကောင်း ပြေနိုင်ပါသည်။ ထိုစည်းကိုဥပဒေဟု ခေါ်ဆိုနိုင်ပါသည်။ ဥပဒေ၏သဘောမှာ ကျောသားရင်သား ခွဲခြားခြင်းမရှိပါ။ ဤသည်မှာ ရာဇဝတ်မှုများကို အထူး ရည်ရွယ်သည်ဟု မှတ်ယူရမည်ဖြစ်သည်။ သမိုင်းကြောင်းအရ ကျေးဇူးရှိခဲ့သူများကို ကျေးဇူးပြုခြင်းသည် မင်္ဂလာဖြစ်ပါသည်။ လူသား၏အရည်အချင်းတွင် ကျေးဇူးသိခြင်းကို ထိပ်ဆုံးက ထားရပါမည်။ နောက်တစ် ချက်မှာ လူများစုအခွင့်အရေးဖြစ်သည်။ လူများစုကို ဦးစားပေးခြင်းသည် လူနည်းစုကို နှိပ်ကွပ်ခြင်းဟု မဆိုလိုပါ။ တန်းတူညီမျှမှုဟု အသံကောင်းဟစ်ပြီး နွားထီးငါးကျပ် နွားမငါးကျပ်အချိုးချိုးလျှင် ထိုသို့ လုပ်နေသည်ဟု ယူဆခြင်းခံရလျှင် ယနေ့ကဲ့သို့သောအခြေအနေက လွတ်မြောက်နိုင်မည် မထင်ပါ။ မဟာပါသာဏလိုဏ်ဂူ အစည်းအဝေးတွင် သီတဂူဆရာတော်ကြီးက “သာသနာတော်ဟာ ပါဠိပထမပြန် အက်ဥပဒေမရှိပဲ နိုင်ငံတော်အစိုးရရဲ့ အလွန်ရက်ရောသောသဒ္ဓါတရားဖြင့် ထောက်ပံ့လှူဒါန်းမှုကြောင့် သာသနာယန္တယား လည်ပတ်နေရတယ်”ဆိုသည့်အဓိပ္ပါယ်ရသော မိန့်ခွန်းတရပ်ကို မိန့်ကြားခဲ့ပါသည်။ ဒါကိုကြည့်ခြင်းအားဖြင့် အစိုးရခါးပိုက်ထဲ သာသနာ ရောက်နေသလားဆိုသည့် သံသယမေးခွန်းကို ဖြစ်စေပါသည်။ သေသေချာချာပြောနိုင်တာတခုကတော့ ရှည်လျားသော သမိုင်းကြောင်းတလျောက် သာသနာက ရာဇာကိုခြယ်လှယ်လွှမ်းမိုးနိုင်ခြင်းလည်းမရှိ၊ လွှမ်းမိုးခြယ်လှယ်လိုခြင်းလည်း မရှိခဲ့။ စိုးရိမ်သောကသာ ရှိခဲ့သည်ဟု ဆိုနိုင်ပါသည်။ ရာဇာကတော့ အာဏာရှိသောကြောင့် ခြယ်လှယ်လိုသော အစိုးရများက ခြယ်လှယ်ခဲ့ပြီး၊ သာသနာကိုရိုးရိုးကြည်ညိုသော ရာဇာများကတော့ ခြယ်လှယ်ခဲ့ခြင်း မရှိဟု ယေဘုယျကောက်ချက်ချနိုင်ပါသည်။

ဓမ္မကြောင်းအရကတော့ ရှင်းသည်။ သာသနာတော်လမ်းစဉ်ဟာ လောကုတ္တရာလမ်းစဉ်ဖြစ်ပြီး တာဝန်မှာ ဂန္ထဓုရ(စာပေကျမ်းဂန်သင်ယူပို့ချခြင်း)၊ ဝိပဿနာဓုရ(ကမ္မဌာန်းတရားအားထုတ်ခြင်း) နှစ်မျိုးသာ ဖြစ်သည်။ တချို့က ဇာတကကျမ်းများနှင့် ရာဇောဝါဒသုတ်၊ မင်းကျင့်တရားစသည်ကို ကိုးကားပြီး ဗုဒ္ဓက နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခွင့်ပြုသယောင် ပြောဟောကြသည်။ တကယ်တမ်းမှာ ခရီးသွားဟန်လွှဲ သဘောမျိုး ဟောကြားခဲ့ခြင်းသာ ဖြစ်သည်။ ဓုရနှစ်ဖြာကသာ မေဂျာဖြစ်သည်။ နိုင်ငံရေးမှာ မိုင်နာအဆင့်မျှပင် မရှိဟု ပြောနိုင်သည်။ နိုင်ငံရေးတစိုက်မတ်မတ် လုပ်ကိုင်နေခြင်းကို ဂုဏ်ယူပြောဆိုနေခြင်းကို တချို့ရဟန်းတော်များ အနေဖြင့် ပြန်လည်သုံးသပ်သင့်သည်။ ဗုဒ္ဓ၏ဒကာရင်း ဗိမ္ဗိသာရကို သားတော်အဇာတသတ်က အာဏာသိမ်းမှု၊ သာသနာ့ဒါယကာ ကောသလမင်းကို သားတော်ဝိဋပက အာဏာသိမ်းမှု၊ ဗုဒ္ဓ၏ဆွေတော်မျိုးတော် သကျသာကီဝင်များ လူမျိုးတုံးသတ်ဖြတ်ခံရမှု စသဖြင့် နိုင်ငံရေးအရှုပ်အထွေးများ ဗုဒ္ဓသက်တော်ထင်ရှား ရှိစဉ်ကပင် များစွာဖြစ်ပျက်ခဲ့ပါသည်။ ဗုဒ္ဓ ဘာများမိန့်တော်မူခဲ့ပါသနည်း။ ရာဇောဝါဒသုတ္တန်ကို ဟောကြား ခြင်းသည် ပါမောက္ခက စာသင်ခန်းထဲ စာသင်ခြင်းမျိုးထက် မပိုပါ။ ထို့ကြောင့် ရဟန်းတော်များ၏ နိုင်ငံရေးပါဝင်ပတ်သက်မှုအတိုင်းအတာသည် ဗုဒ္ဓကဲ့သို့ ဓမ္မဓိဌာန်ကျကျ ရာဇကျင့်ဝတ်ကို ဟောကြားခြင်း၊ သကျများလူမျိုးတုံး သတ်ဖြတ်ခံရမှုတွင် “သစ်ပင်ရိပ်ထက် ဆွေမျိုးရိပ်က ပိုအေးမြတယ်” ဟု မိန့်ကြားခြင်းကဲ့သို့ အရိပ်အမြွက်မျှပြောကြားလျှင် လုံလောက်ပြီဟု ယူဆနိုင်သည်။ သဘောမကျသောရာဇာကို ထိပ်တိုက်ရင်ဆိုင်ဆန့်ကျင်ခြင်း၊ သဘောကျသောရာဇာကို အလွန်အကျူးမြောက်ပင့် ပြောဆိုခြင်းဟူသော အစွန်းနှစ်ပါးကို ရှောင်ရပါမည်။ သို့မဟုတ်ပါက နှစ်ပင်လိမ်ပါလိမ့်မည်။ နှစ်ပင်လိမ်ရုံမက သုံးပင်လိမ်ပြီဆိုပါက “သုံးလွန်းတင်တော့ ကြိုး”ဟူသော မြန်မာစကားပုံကို သတိချပ်ရန် လိုအပ်ပါလိမ့်မည်။

နိဂုံးချုပ်အားဖြင့် လတ်တလောအခြေအနေမှာ မြန်မာ့သမိုင်းတွင် မဖြစ်ဖူးသော နှစ်ပင်လိမ်မှုကြီး ထူးထူးကဲကဲ ဖြစ်နေသည်ဟု ယူဆရသည်။ ထို့ကြောင့် နိုင်ငံရေးမှာ ပါဝင်ပတ်သက်မည်ဆိုပါက “မစားရရင် အရှင်း၊ စားရမယ်ဆိုရင် ဆီထမင်း”ဆိုသကဲ့သို့ “မလုပ်ရင်လည်း မလုပ်ကြပါနဲ့ လုပ်မယ်ဆိုလည်း အမတ်ဖြစ်အောင် ဝန်ကြီးဖြစ်အောင် နောက်ဆုံး သမ္မတဖြစ်အောင်သာ လုပ်တော်မူကြပါ” ဟုသာလျှောက်ထားလိုပါတော့သည်။

အရှင်ဝိသုဒ္ဓဝံသ (ပန်ဝါ)

“ သံဃာများ နိုင်ငံရေးတွင် ပါဝင်သင့်သလော” လေးမျက်နှာစကားဝိုင်းသို့ ပေးပို့သည့် အရှင်ဝိသုဒ္ဓဝံသ (ပန်ဝါ)၏ ဆွေးနွေးမိန့်မူချက် ဖြစ်ပါသည်

Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

One Response

  1. နိုင်ငံ​ရေးသည် သာသနာ့​ဘောင်ဝင်သူ​တော်စင်များနှင့်မဆိုင်​ပေ။
    မျိုးဆက်သစ်သူ​တော်စင်အ​ပေါင်း၏အ​တွေးအာရုံ၌ ​စိတ်ကျေနပ်မှုရှိ၍ ထိ​ရောက်​သောတရာဘာဝနာအားထုတ်မှုများဖြစ်​ရန် ဘာသာတရားအား ရို​သေ, ကိုင်းရှိုင်းသည့်နိုင်ငံသမ္မတတစ်ဦးရှိရန်သာ လိုအပ်၏။
    သာသနာ့​ဘောင်အတွင်း၌ ပြုပြင်, ​ပြောင်းလဲ​ရန် လိုအပ်သည့်ကိစ္စရပ်များရှိ​နေ၏။
    ဘုရားရှင်ကိုယ်​တော်မြတ်အ​ပေါင်းနှင့် သာသနာ၏​နောက်ဆက်တွဲကိစ္စရပ်တို့အား တန်ဖိုးထား, ကြည်ညိုသူများသာ ပြုပြင်နိုင်၏။
    ☆ ဗုဒ္ဓသာသနံ စိရံ တိဌတု။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်