ဒီစာကတော့ ကိုမင်းသေ့ရဲ့ ဧပြီ ၁၅ ရက်နေ့ကတင်ထားတဲ့ “အမျိုးသားလွတ်မြောက်ရေး”ဆောင်းပါးကို ပြန်လည်တုံ့ပြန်ဆွေးနွေးချက်ဖြစ်ပါတယ်။
မူရင်းဆောင်းပါးကို အကျဉ်းချုပ်ရရင် “လက်ရုံးမရှိရင် ဘုန်းမရှိဘူး” လို့ယူဆကြတဲ့ မြန်မာ့လူမှုဓလေ့အရ လူမျိုးစုတွေအနေနဲ့ လက်နက်အင်အား၊ လူအင်အားတည်ဆောက်မှပဲ တန်းတူရေးရမယ်၊ အမျိုးသားလွတ်မြောက်မှုရမယ်ဆိုတဲ့ ဆိုလိုရင်းလို့ သုံးသပ်ရပါတယ်။
ဒီနေရာမှာ နှစ်ပိုင်းခွဲပြီးဆန်းစစ်ကြည့်ပါမယ်။ ပထမတခုကတော့ မြန်မာ့လူမှုဓလေ့စရိုက်နဲ့ နောက်တခုကတော့ ဒီရှိရင်းစွဲဓလေ့စရိုက်ကို ဆုပ်ကိုင်သင့်လားဆိုတဲ့အပိုင်းဖြစ်ပါတယ်။
ပထမအပိုင်းဖြစ်တဲ့ မြန်မာ့လူမှုဓလေ့စရိုက်ထဲမှာ လက်ရုံးရည် တနည်းအားဖြင့် လက်နက်အင်အားကို အထင်ကြီးလေးစားတဲ့ အယူအဆအားကောင်းတာကို သမိုင်းအဆက်ဆက်မှာ အထင်အရှားတွေ့နိုင်ပါတယ်။ အထူးသဖြင့် ဗမာ့လူမျိုးတွေအနေနဲ့က စစ်ကိုလိုလားတာ၊ အနိုင်အထက်အင်အားသုံးပြီး တိုင်းပြည်တည်ဆောက်ကြတာက သမိုင်းအစဉ်အလာဖြစ်သလို ဒီလိုတည်ဆောက်ခဲ့သူတွေကို သူရဲကောင်းအဖြစ် လေးစားဂုဏ်ယူကြပါတယ်။
ပုဂံခေတ် အနော်ရထာမင်းကို စလေ့လာကြည့်ပါစို့။ လက်နက်အင်အားကို အသုံးပြုပြီးတိုင်းပြည်ကို တည်ဆောက်ခဲ့တယ်။ လူသတ်တာကို အားမပေးတဲ့ ဗုဒ္ဓအဆုံးအမကို ဖီဆန်ကာ ပိဋကတ် (၃)ပုံထုတ်မပေးတာကြောင့်ရယ်လို့ အကြောင်းပြပြီး မွန်ပြည် (သထုံပြည်) ကို လက်နက်အင်အားနဲ့ ဖိနှိပ်အနိုင်ကျင့်သတ်ဖြတ်ဗိုလ်ကျခဲ့တယ်။ ဒါကိုလည်း လက်ရှိအချိန်ထိ ပထမမြန်မာနိုင်ငံကို တည်ထောင်သူ ၊ ထေရဝါဒဗုဒ္ဓဘာသာရဲ့ သာသနာပြုမင်းအဖြစ် သမိုင်းသင်ခန်းစာတွေက ဂုဏ်ပြုပုံဖော်ထားတာဖြစ်တယ်။
တခြားသော ဘုရင်တွေလည်း ထိုနည်းလည်းကောင်းပါပဲ။ လက်နက်အင်အားကို အခြေပြုပြီး တိုင်းပြည်ကို တည်ဆောက်ခဲ့တယ်။ အထူးသဖြင့် တခြားသော အင်အားနည်းတဲ့ လူမျိုးစုတွေကို စစ်ခင်းကျူးကျော်ပြီး နယ်မြေချဲ့ထွင်နိုင်တဲ့ ဘုရင်တွေကို ပြည်သူတွေက လေးစားဂုဏ်ယူကြတယ်။ ဗမာလူမျိုးတွေရဲ့ သမိုင်းသင်ခန်းစာတွေမှာ တိုင်းပြည်မြေပုံကြီးမှ အင်အားရှိပြီး ခန့်ညားတယ်ဆိုတဲ့ စစ်ဝါဒ၊ ဖက်စစ်ဝါဒကို နက်နက်ရှိုင်းရှိုင်းထည့်သွင်းထားတယ်။
ထိုင်းနိုင်ငံပြည်သူတွေကို လက်ရုံးရည်အားနည်းတဲ့လူမျိုးအဖြစ် ပျက်ရယ်ပြုပြီး အယုဒ္ဓယ (စစ်ခင်း၍မရသော)ကို နာမည်ဖျက်ပြီး ယိုးဒယားအဖြစ် နာမ်နှိမ်ခေါ်ယူခဲ့တယ်။ ဗမာမင်းတွေရဲ့ လက်အောက်ခံအဖြစ်ရှိခဲ့တာကို အတိတ်သမိုင်းအဖြစ်ပြန်ပြီး ဂုဏ်ယူလေ့ရှိကြတယ်။ လက်ရှိမျက်မှောက်ခေတ်မှာတော့ သန်းနဲ့ချီတဲ့ မြန်မာ့အလုပ်သမားတွေက ထိုင်းနိုင်ငံမှာ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်နေရတယ်။ အာဏာသိမ်းမှုနောက်ပိုင်းမှာ ဒီအရေအတွက်က ပိုပိုတိုးလာတာပဲဖြစ်တယ်။
လွတ်လပ်ရေးရပြီးနောက် ပင်လုံစာချုပ်ကတိကဝတ်တွေကို နိုင်ငံရေးသမားတွေနဲ့ စစ်တပ်ပေါင်းဖက်ပြီး တိုင်းရင်းသားတွေကို အတင်းအကြပ်ဖိနှိပ်ခဲ့ရာမှာလည်း ဗမာပြည်သူအများက ထောက်ခံမှု၊ သို့မဟုတ် နှုတ်ဆိတ်မှုနဲ့ ကြိုဆိုခဲ့ကြတယ်။ မကြာသေးခင်က ရခိုင်-ရိုဟင်ဂျာအရေးသည့်တိုင်အောင် လက်နက်အင်အားနဲ့ လူသတ်အနိုင်ကျင့်ပြီး အမျိုးဘာသာကို စောင့်ရှောက်ရမယ်ဆိုတဲ့ အစွန်းရောက်အမျိုးသားရေးဝါဒက မြန်မာ့လူမှုအဖွဲ့အစည်းထဲမှာ အားကောင်းခဲ့တာကို ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။
ဒီအထိကတော့ ကိုမင်းသေ့ဆောင်းပါးမှာပါတဲ့ သမိုင်းအဆက်ဆက်ကနေ မျက်မှောက်ခေတ်အထိ လက်ရုံးအင်အားနဲ့ အဖြေရှာကြတဲ့ ဗမာ့လူမျိုးတွေရဲ့ ဓလေ့စရိုက်ကို ထောက်ခံတင်ပြထားတာဖြစ်ပါတယ်။
ဒုတိယပိုင်းအနေနဲ့ကတော့ အဲဒီလိုမျိုး ဗမာ့လူမျိုးထဲမှာ အားကောင်းစွာအမြစ်တွယ်နေတဲ့ လက်ရုံးရည်ဗဟိုပြုဓလေ့ တနည်းအားဖြင့် စစ်စရိုက် ၊ စစ်ဝါဒကို ဒီအတိုင်းပဲ ဆက်ပြီးလက်ခံသင့်လားဆိုတဲ့အပိုင်းဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ လက်မခံသင့်ဘူးလို့ အောက်ပါအကြောင်းရင်းများနဲ့ တိုက်တွန်းချင်ပါတယ်။
၁။ စစ်ဝါဒမှသည် စစ်အာဏာရှင်စနစ်ဆီသို့
ရိုးရှင်းပါတယ်။ စစ်ဝါဒက စစ်အာဏာရှင်တွေကို မွေးထုတ်ပေးပါတယ်။ ကမ္ဘာအနှံ့မှာ ဒုတိယကမ္ဘာစစ်မတိုင်ခင်အထိ အင်အားရှိတဲ့တိုင်းပြည်တွေက တခြားတိုင်းပြည်တွေကို ကျွန်ပြုဗိုလ်ကျတဲ့ ပဒေသရာဇ်စနစ်၊ ကိုလိုနီစနစ် အားကောင်းခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဖက်စစ်နာဇီဝါဒ ကျဆုံးခဲ့ပြီးတော့ လွတ်လပ်ပွင့်လင်းတဲ့ ဒီမိုကရေစီ၊ လစ်ဘရယ်အယူအဆတွေ အားကောင်းလာတယ်။ လူသားတယောက်ချင်းစီရဲ့ ရပိုင်ခွင့်နဲ့ တရားမျှတမှုကို တန်ဖိုးထားရမယ်ဆိုတဲ့ စံတန်ဖိုးတွေက ကမ္ဘာအနှံ့ပြန့်နှံခဲ့ပါတယ်။
အထူးသဖြင့် နှစ်ဆယ့်တစ်ရာစုမှာ လူသားတွေအနေနဲ့ လူလူချင်းတန်ဖိုးထားတဲ့ခေတ်အချိန်မှာ စစ်အာဏာရှင်တွေကတော့ အလယ်ခေတ်၊ ပဒေသရာဇ်ခေတ်က စစ်ဝါဒကို ပြန်လည်တမ်းတနေကြတာဖြစ်ပါတယ်။ ဒါကြောင့် အခုနွေဦးတော်လှန်ရေးအနေမှာလည်း ပြည်သူတွေအနေနဲ့ လွတ်လပ်ပွင့်လင်းတဲ့အနာဂတ်သစ်သွားမလား။ လက်နက်အင်အားကို အားကိုးပြီး တယောက်ကိုတယောက် အနိုင်အထက်ပြုကျင့်တဲ့ ပုဂံခေတ်အတိုင်း ဆက်နေကြမလားဆိုတာက အသေအချာဆင်ခြင်ရမယ့်ကိစ္စဖြစ်ပါတယ်။
အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုတွေ လက်နက်ရှိမှ အသိအမှတ်ပြုမယ်၊ အခွင့်အရေးပေးမယ်ဆိုတာက ဗမာ့စစ်တပ်ရဲ့ စစ်ဝါဒ အခြေခံစဉ်းစားချက်ဖြစ်ပါတယ်။ ဒီဓလေ့ဆိုးကို ဆန့်ကျင်ရှုတ်ချမှုမပြုဘဲ “တန်းတူရေးလိုချင်ရင် လက်နက်ရှိအောင်လုပ်ပါလား” ဆိုတဲ့အယူအဆက စစ်ဝါဒကို ဆက်ပြီး အသိအမှတ်ပြု အသက်သွင်းပေးတာဖြစ်ပါတယ်။ ဒီကိစ္စက ဗမာ့စစ်တပ်တခုနဲ့တင်ဆိုင်တာ မဟုတ်ပါဘူး။ မတူညီတဲ့လူမျိုးစု အသီးသီးထဲမှာ လက်နက်အင်အားကောင်းတဲ့ လူမျိုးစုက လက်နက်အင်အားမကောင်းတဲ့ လူမျိုးစု(လူနည်းစု)ကို အနိုင်ကျင့်ဗိုလ်ကျခွင့်ရှိတယ်ဆိုတဲ့ အမြင်မျိုးကို ထောက်ခံပေးသလိုဖြစ်စေပါတယ်။ ဒီစစ်ဝါဒကနေ နောက်ဆုံး ဗမာ့စစ်တပ် ပြိုလဲသွားသည့်တိုင်အောင် အသစ်ပေါ်ထွက်လာမယ့် ဗမာ့တော်လှန်ရေးအင်အားစုတွေ၊ တခြားလူမျိုးစုတွေရဲ့ လက်နက်ကိုင်အင်အားစုတွေ အချင်းချင်းအားပြိုင်ကြမယ့် အဆုံးမရှိတဲ့ ပြည်တွင်းစစ်ကို ဉီးတည်သွားစေမှာ ဖြစ်ပါတယ်။
၂။ ၂၁ ရာစုသည် အသိပညာခေတ်
တော်လှန်ရေးလို့ပြောကြတဲ့အခါမှာ နောက်မျိုးဆက်သစ်အတွက် ခေတ်သစ်တခုကို မျှော်ကြည့်ပြီး ပုံဖော်တည်ဆောက်ကြရမှာဖြစ်ပါတယ်။ လက်ရှိ ၂၁ ရာစုကတော့ အသိပညာခေတ်၊ နည်းပညာခေတ် ဖြစ်သည့်အားလျော်စွာ နိုင်ငံတခုရဲ့အင်အားက လက်နက်အင်အား၊ မြေပြင်က နယ်နမိတ်တွေကို အတင်းအကြပ် လွှမ်းမိုးပိုင်ဆိုင်ခြင်းထက် အဲ့နိုင်ငံမှာရှိတဲ့ လူတွေရဲ့ အသိပညာ၊ လူသားဆန်မှု၊ ပူးပေါင်းလုပ်နိုင်စွမ်းဆိုတဲ့ နှလုံးရည်တွေပေါ်မှာ မူတည်နေတာဖြစ်ပါတယ်။ ဒါကြောင့် လက်နက်အင်အားကို ဇောင်းပေးတည်ဆောက်တဲ့ တိုင်းပြည်က အဲဒီလက်နက်အင်အားကို အသုံးချဖို့လုပ်ရင်းနဲ့ လက်နက်မှလွဲပြီး တခြားကဏ္ဍတွေမှာ ပျက်ကျန်ခဲ့တာ၊ ပြည်သူအများ မလုံခြုံမှု၊ ဆင်းရဲမှုတွေကို ခါးခါးသီးသီးခံစားရတာကို လက်ရှိမြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယားနိုင်ငံတွေမှာ အထင်အရှားတွေ့နိုင်ပါတယ်။
၃။ စစ်ဝါဒနှင့် လက်နက်ကိုင်တော်လှန်ရေး
ဒီနေရာမှာ စစ်ဝါဒဆန့်ကျင်ရေးပြောနေလို့ လက်နက်ကိုင်တော်လှန်ရေးကို ရှုတ်ချကန့်ကွက်ချင်တာမဟုတ်ပါဘူး။ လက်နက်ကိုင်တော်လှန်ရေးဆိုတာက “ပုံဖော်ဖန်တီးချင်တဲ့ အနာဂတ်သစ်ရောက်ဖို့အတွက် လက်နက်အင်အားကို နိုင်ငံရေးအာဏာထဲက အစိတ်အပိုင်းတခုအဖြစ် မလွဲရှောင်သာတဲ့နေရာမှာ အသုံးပြုရတယ်။ လက်နက်ကိုင်တော်လှန်ရေးက နိုင်ငံရေးရဲ့အဆက်သာဖြစ်တယ်။ ဒါကြောင့် လက်နက်ကိုင်တော်လှန်ရေးကို အနာဂတ်သစ်မှာ ဖန်တီးချင်တဲ့ လူ့ဘောင်အဖွဲ့အစည်းသစ်အတွက် အထောက်အပံ့သာဖြစ်ရမယ်ဆိုတဲ့” ရပ်တည်ချက်အပေါ်မှာ လျှောက်လှမ်းကြတာဖြစ်ပါတယ်။ စစ်ဝါဒမှာတော့ ဘာပဲဖြစ်ဖြစ် လက်နက်နဲ့ပဲအဖြေရှာရမယ်။ လက်နက်အင်အားကြီးသူသည်သာ အဆုံးအဖြတ်ဆိုတဲ့ လက်နက် (သို့မဟုတ်) လက်ရုံးရည်ဗဟိုပြု စဉ်းစားချက် ဖြစ်ပါတယ်။
စစ်ဝါဒက အတွင်းကျကျဆန်းစစ်ကြည့်ရင် လူမျိုးကြီးဝါဒနဲ့ ဖိုဝါဒတို့ ပေါင်းစပ်ယှက်နွယ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒါတွေကို မြန်မာ့နွေဦးတော်လှန်ရေးက အပြီးတိုင် ရှင်းထုတ်ကြရမှာဖြစ်ပါတယ်။ ဒါမှသာ ခေါင်းဆောင်တချို့ ပြောင်းလဲရုံမဟုတ်ဘဲ အမြစ်ဖြစ်တဲ့ စနစ်၊ အယူအဆ၊ ယဉ်ကျေးမှုတစုံလုံးကို ရှင်းထုတ်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ အသွင်သဏ္ဍာန်အမှတ်လက္ခဏာ ကွဲပြားခြားနားတဲ့ ပြည်သူတွေကြား ဘုံတန်ဖိုးထားမှု၊ ဘုံရည်မှန်းချက်တွေကို နှလုံးသားတွေထဲအထိ တည်ဆောက်နိုင်ပြီဆိုရင် ပြည်သူတွေလိုလားတဲ့ အနာဂတ်သစ်ကို မဝေးတဲ့ကာလမှာ ရောက်ကြပါလိမ့်မယ်။
ကျွန်တော်တို့ရဲ့ ရင်ထဲမှာ သိလျက်ဖြစ်စေ၊ မသိလျက်ဖြစ်စေ အမြစ်တွယ်နေတဲ့ စစ်ဝါဒကို နှစ်သစ်သင်္ကြန်နဲ့အတူ အပြီးတိုင်သန့်စင်စွန့်ပယ်နိုင်ကြဖို့ တိုက်တွန်းဆန္ဒပြုပါတယ်။