ဒီစာမှာ မကြာသေးခင်က လူမှုကွန်ရက်မှာတွေ့ရတဲ့ “ဒေါ်အောင်ဆန်းစုကြည်ကို ဘာလို့ဝေဖန်ရသလဲ” ဆိုတဲ့ဝေဖန်ချက်ကို သုံးသပ်ဝေဖန်သွားမှာ ဖြစ်ပါတယ်။ မူရင်းဝေဖန်ချက်ကို ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦးရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ကိုကျော်ကိုကိုက ဧပြီ ၂၈ မှာ ရေးသားတင်ပြခဲ့ပါတယ်။ မူရင်းစာမှာတော့ ဒေါ်စုကို ဘာလို့ဝေဖန်ရသလဲဆိုတာကို အချက်သုံးခုနဲ့ တင်ပြထားပါတယ်။ တစ်ချက်ချင်းစီကို ဆန်းစစ်ကြည့်ပါမယ်။
၁။ ဒေါ်စုနှင့် လက်ဝဲကြောက်ရောဂါ
ဝေဖန်ချက် ပထမပိုင်းမှာတွေ့ရမှာကတော့ ဒေါ်စုမှာ လက်ဝဲကြောက်ရောဂါရှိတယ်ဆိုတဲ့ စွဲချက်ဖြစ်ပါတယ်။ ဒါကို အကြောင်းရင်းခံအနေနဲ့
အနောက်နိုင်ငံ အရင်းရှင်ပညာရေးစနစ်ကပေးတဲ့ ပညာရေးကြောင့်
ဗိုလ်အောင်ကြီးရဲ့ ထည့်သွင်းပေးတဲ့ ကွန်မြူနစ်အကြောက်တရားကြောင့်လို့ဆိုပါတယ်။
ဒီနှစ်ချက်လုံးက ခိုင်မာမှုမရှိဘူးလို့ပဲ ထောက်ပြချင်ပါတယ်။ ပထမတချက်ဖြစ်တဲ့ အရင်းရှင်ပညာရေးစနစ်ကပေးတာနဲ့ပဲ လက်ဝဲကြောက်ရောဂါရှိမယ်လို့ ချိတ်ဆက်လို့မရပါဘူး။ စစ်အေးတိုက်ပွဲအလွန် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးထဲက အရင်းရှင်စနစ်က ကမ္ဘာအနှံမှာ တနည်းနည်းနဲ့ ပျံနှံ့လွမ်းမိုးပြီး ဖြစ်ပါတယ်။ ကွန်မြူနစ်ပါတီအုပ်စိုးတဲ့ တရုတ်နိုင်ငံပင်လျှင် အရင်းရှင်းစီးပွားရေးစနစ်နဲ့ အရင်းရှင်ပညာရေးကို လက်ခံပြီး တိုင်းပြည်ကို တည်ဆောက်ခဲ့ရတဲ့အခြေအနေဖြစ်ပါတယ်။ လက်ဝဲအာဏာရှင် မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းသည်ပင်လျှင် အနောက်ကမ္ဘာရဲ့ ဘဏ္ဍာတိုက်လို့တင်စားရတဲ့ ဆွစ်ဇာလန်နိုင်ငံမှာ ပညာသင်ကြားခဲ့တယ်လို့ ဆိုကြပါတယ်။ တဆက်တည်းမှာပဲ ဒေါ်စုအနေနဲ့ အနောက်ကမ္ဘာမှာပဲ နေထိုင်ခဲ့တာမဟုတ်ပါဘူး။ လက်ဝဲစံနှုန်းတွေကို လက်တွေ့ကမ္ဘာမှာ အဖော်ဆောင်နိုင်ဆုံးလို့ ဆိုနိုင်တဲ့ ဘူတန်နိုင်ငံနဲ့ ထူးခြားတဲ့နီးစပ်မှုရှိတာကိုလည်း သတိပြုရမှာပါ။
နောက်တချက်ကတော့ ဗိုလ်အောင်ကြီးပေးတဲ့ ကွန်မြူနစ်အကြောက်တရားကြောင့်လို့ဆိုပါတယ်။ ဗိုလ်အောင်ကြီးသွေးထိုးမှုကြောင့် ဒေါ်စုနဲ့ NLD ကလက်ဝဲအယူအဆရှိတဲ့ နိုင်ငံရေးသမားတွေကို နေရာမပေးတာ ၊ လက်ဝဲအသွေးအရောင်ရှိတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ မိတ်ဆွေမဖွဲ့တာကို တင်ပြထားပါတယ်။ ဒီအချက်ကလည်း ထင်မြင်ချက် အနေအထားသာရှိပြီးတော့ ခိုင်မာတဲ့ ချိတ်ဆက်မှုမျိုး မတွေ့ရပါဘူး။
ပြန်လည်သုံးသပ်ရလျှင် ဒေါ်စုဦးဆောင်တဲ့ NLD အနေနဲ့ ဟံသာဝတီဦးဝင်းတင်လိုမျိုး လက်ဝဲအယူအဆရှိသူတွေနဲ့ အကွဲအပြဲဖြစ်ခဲ့သလို စေ့စပ်ညှိနှိုင်းရေးလမ်းစဉ်ကိုင်စွဲတဲ့ ဦးကြည်မောင်လိုလူမျိုးနဲ့ ခွာပြဲခဲ့တာရှိပါတယ်။ ဒီနေရာကခွာပြဲရခြင်းက လက်ဝဲကြောက်ရောဂါထက် ဒေါ်စုဗဟိုပြုမှုကို ကျော်လွန်တဲ့ လွတ်လပ်သောအမြင်ရှိသူများက NLD နဲ့လက်တွဲလုပ်ဆောင်ဖို့ ခက်ခဲကြတယ်လို့သာ သုံးသပ်မိပါတယ်။
နိုင်ငံရေးအင်အားစုများနှင့် ဆက်ဆံရေးက ထိုနည်းလည်းကောင်းပါပဲ။ NLD အနေနဲ့က လက်ဝဲမှမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ NLD တစိတ်တပိုင်းအာဏာရစဉ်မှာ ပြည်မကဖြစ်စေ၊ တိုင်းရင်းသားလူမျိုးစုဖြစ်စေ လက်ယာယိမ်းတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့လည်း ရင်းနှီးတဲ့ ချိတ်ဆက်မှုမျိုး မတည်ဆောက်နိုင်ခဲ့ပါဘူး။ စစ်တပ်နဲ့ ရင်ကြားစေ့ရေးကလွဲရင် နိုင်ငံရေးမှာ စစ်မှန်ရင်းနှီးတဲ့ မဟာမိတ်ရှိသလားလို့ မေးခွန်းထုတ်ရတဲ့ အခြေအနေဖြစ်ပါတယ်။ တပါတီကပဲ အကုန်လွှမ်းမိုးချင်တဲ့ အာဏာရှင်စရိုက်ကြောင့် အခုလိုမျိုး ကျဉ်းထဲကြပ်ထဲအခြေအနေ ရောက်ရတယ်လို့ သုံးသပ်ချက်တွေလည်း ရှိပါတယ်။
ခြုံပြီးပြောရရင်တော့ ဒေါ်စုနဲ့ NLD မှာ လက်ယာအမျိုးသားရေးဝါဒအားကောင်းတယ်၊ ပေါ်ပြူလစ်ဆန်တယ်ဆိုတာကို လက်ခံနိုင်ပါတယ်။ ဒါကသမိုင်းတလျှောက် မြန်မာပြည်သူအများစုရဲ့ နိုင်ငံရေးအခြေခံက အမျိုးသားရေးစိတ်ဓာတ်နဲ့ ချိတ်ဆက်ထားတာ၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု အားကောင်းတာတွေနဲ့ ဆက်စပ်ပါလိမ့်မယ်။ ဒီလိုပြောလို့ ဒေါ်စုမှာ လက်ဝဲအယူအဆ လုံးဝမရှိတာတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ အရပ်သားအစိုးရခေတ် ပညာရေး၊ ကျန်းမာရေးနဲ့ ကိုဗစ်ကာလတွေမှာ မူဝါဒချမှတ်မှုက လက်ဝဲအယူအဆလွှမ်းမိုးမှုများစွာရှိတာကို မြင်နိုင်ပါတယ်။ ဒါကြောင့် ဒေါ်စုမှာ လက်ဝဲကြောက်ရောဂါရှိတယ်ဆိုတဲ့တင်ပြချက်တွေက မခိုင်မာဘူးလို့ သုံးသပ်ရပါတယ်။
၂။ ဒေါ်စုနှင့် အကြမ်းမဖက်လမ်းစဉ်
ဒုတိယပိုင်းမှာ ဒေါ်စုအနေနဲ့ လက်နက်ကိုင်တော်လှန်ရေးကို မထောက်ခံတာ၊ ရန်ငါစည်းမပြတ်တာ၊ ရင်ကြားစေ့ရေးအောက်ကနေ စစ်တပ်ရဲ့အကြမ်းဖက်လုပ်ရပ်တွေကို ချော့မြူရေးလုပ်တာတွေကို ဝေဖန်ထားပါတယ်။ တနည်းအားဖြင့် ဒါက ဒေါ်စုရဲ့ အကြမ်းမဖက်လမ်းစဉ်ကို ဝေဖန်ခြင်းလို့ နားလည်ရပါတယ်။ ဒီနေရာမှာ ဒေါ်စုရဲ့ ရင်ကြားစေ့ရေးလမ်းစဉ်မှာ မူဝါဒမရှင်းလင်းတာ၊ ရပ်တည်ချက်မခိုင်မာတာအပြင် တခြားသောလုပ်ဆောင်ချက်အမှားများ ရှိခဲ့တယ်ဆိုတာ အထူးသဖြင့် အာဏာရပြီးနောက်ပိုင်းမှာ တွေ့နိုင်ပါတယ်။ သို့သော်ငြားလည်း ဒေါ်စုအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို မရပ်တည်ဘဲ အကြမ်းမဖက်လမ်းစဉ် လျှောက်လှမ်းခြင်းကို ထောက်ပြတဲ့အခါမှာတော့ လမ်းစဉ်တခုလုံးကို သိမ်းကြုံးပြောခြင်းထက် အထဲမှာရှိတဲ့အကျိုးအပြစ်တွေကို ခွဲခြမ်းဆင်ခြင်သင့်ပါတယ်။ စဉ်းစားကြည့်မယ်ဆိုရင် ဒေါ်စုရဲ့ အကြမ်းမဖက်လမ်းစဉ်မှာ အားနည်းချက်ရှိတာမှန်သလို ပြီးခဲ့တဲ့သမိုင်းတလျှောက် လက်နက်ကိုင်လမ်းစဉ်ကို လျှောက်လှမ်းတဲ့အဖွဲ့တွေမှာလည်း အားနည်းချက်များစွာ၊ ဘေးထွက်ဆိုးကျိုးများစွာ ရှိကြတာဖြစ်ပါတယ်။ ဒါကိုလိုရာအချက်ဆွဲယူပြီး လမ်းစဉ်တခုလုံးကို တံဆိပ်ကပ်ဝေဖန်ခြင်းက မသင့်တော်ဘူးလို့ပဲ ထောက်ပြချင်ပါတယ်။
လက်ရှိနွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်လမ်းစဉ်ကို မလျှောက်လှမ်းဘဲ အကြမ်းမဖက်လမ်းစဉ်ကို ကိုင်စွဲတဲ့ တော်လှန်ရေးအင်အားစုအများအပြားလည်း ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။ အကယ်၍ ရက်ဒီကယ်တွေအနေနဲ့ စစ်တပ်ကို ရန်ငါစည်းပြတ်တိုက်ယူတဲ့လမ်းတခုတည်းကပဲ တော်လှန်ရေးလို့ မှတ်ယူတယ်၊ အကြမ်းမဖက်လမ်းစဉ်က လက်နက်ကိုင်တော်လှန်ရေးအတွက် အဟန့်အတားဖြစ်စေတယ်လို့ ယုံကြည်တယ်ဆိုရင် လက်ရှိ စစ်ကောင်စီရဲ့ လက်ထဲမှာ အကျယ်ချုပ်ကျနေတဲ့ ဒေါ်စုကို ဝေဖန်ခြင်းထက် လက်ရှိတော်လှန်ရေးမှာ အကြမ်းမဖက်လမ်းစဉ်အပေါ် ရပ်တည်တဲ့အဖွဲ့တွေကို ဝေဖန်ခြင်းက ပိုပြီးထိရောက်ပါလိမ့်မယ်။
ဒီထဲမှာ Freedom Fighter ကလည်း အကြမ်းမဖက်လမ်းစဉ်ကို ရပ်တည်နေတဲ့အဖွဲ့တခုဖြစ်ပါတယ်။ အကြမ်းမဖက်လမ်းစဉ်အနေနဲ့ အောင်မြင်နိုင်ခြေများခြင်း၊ အသေအပျောက်နည်းခြင်း၊ တော်လှန်ရေးကာလတိုတောင်းခြင်း၊ တော်လှန်ရေးကာလအလွန် တိုင်းပြည်တည်ဆောက်ရေးအတွက် အကျိုးရလဒ်ကောင်းရှိခြင်း စတဲ့အချက်တွေကြောင့် ရပ်တည်တာဖြစ်ပါတယ်။ တကယ်လို့ ဒီအပေါ်မှာ ထောက်ပြဝေဖန်ချင်တာရှိတယ်ဆိုရင် အပြန်အလှန်သင်ယူဖို့ အမြဲကြိုဆိုပါတယ်။
၃။ ဒေါ်စုနှင့် ရိုဟင်ဂျာဂျီနိုဆိုက်ရပ်တည်ချက်
ဝေဖန်ချက်သုံးချက်ထဲမှာ ဒီအချက်ကတော့ အခိုင်မာဆုံးလို့ ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရှေ့ကဝေဖန်ချက်နှစ်ခုက ယေဘုယျတံဆိပ်ကပ်တဲ့အသွင်ဆောင်ပြီး ရက်ဒီကယ်လက်ဝဲတွေ မှန်ကန်ကြောင်း စည်းရုံးရေးအသွင်သာ တွေ့ရလို့ဖြစ်ပါတယ်။ ဒေါ်စုနဲ့ NLD အပြင် လက်ရှိ NUG ခေါင်းဆောင်တွေအထိ ရိုဟင်ဂျာအရေးမှာ စစ်တပ်နဲ့ရပ်တည်ခဲ့ခြင်းကို ဝန်ချတောင်းပန်တာ၊ ပြတ်သားတဲ့မူဝါဒတခုချပြတာ မရှိသေးတာဖြစ်တဲ့အတွက် ဒီထောက်ပြချက်ကို ကြိုဆိုပါတယ်။
တစ်ဆက်တည်းမှာပဲ ဒီလိုမျိုး ရိုဟင်ဂျာကို ခွဲခြားဖိနှိပ်တဲ့အမြင်ရှိသူတွေထဲမှာ လက်ဝဲသမားတွေ လေးစားရတဲ့ ဟံသာဝတီဦးဝင်းတင်လည်း ပါဝင်တာကို တင်ပြချင်ပါတယ်။ ၂၀၁၂ စက်တင်ဘာလ ဘန်ကောက်ပို့စ်နဲ့ အင်တာဗျူးမှာ ဦးဝင်းတင်က ရခိုင်ပဋိပက္ခသည် တိုင်းတပါးဘင်္ဂါလီများကြောင့် ဖြစ်ကြောင်း၊ နိုင်ငံသားဥပဒေကို ပိုမိုတင်းကြပ်သင့်ကြောင်း၊ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်များ ဂျပန်လူမျိုးများကို ကမ့်များအတွင်းထည့်ခဲ့သလို လုပ်ဆောင်သင့်ကြောင်း ပြောကြားချက်တွေရှိပါတယ်။
ဒီနေရာမှာ ဒေါ်စုနဲ့ ဦးဝင်းတင်ကို ရပ်တည်ချက်အမှားချင်း တန်းညှိချင်တာမဟုတ်ပါဘူး။ သို့သော် ဒေါ်စုကို လုံးဝပြည့်စုံတဲ့ တန်ခိုးရှင်သဖွယ်ပုံအပ်ကိုးကွယ်ခြင်းက အစွန်းတစ်ဖက်ဖြစ်သလို တစ်ဖက်မှာလည်း ဒေါ်စုလုပ်သမျှ လမ်းစဉ်တွေအားလုံးက အမှားလို့ရှုမြင်ခြင်းကလည်း အစွန်းတစ်ဖက်ဖြစ်ပါတယ်။ ရက်ဒီကယ်လက်ဝဲ သို့မဟုတ် လက်ဝဲသမားတွေအနေနဲ့ “ဒေါ်စုကအမည်း၊ ဦးဝင်းတင်ကအဖြူ” ဆိုပြီး မြင်လာမယ်ဆိုရင် ဒါကလည်း ပုဂ္ဂိုလ်ရေးစွဲလမ်းမှုတခုအနေနဲ့ ဖြစ်ပေါ်လာနိုင်ကြောင်း ထောက်ပြလိုပါတယ်။
နိဂုံးချုပ်သုံးသပ်ချက်
မူရင်းဆောင်းပါးမှာ စာရေးသူအနေနဲ့ မိမိတို့အစုအဖွဲ့ကို ရက်ဒီကယ်လက်ဝဲလို့ သတ်မှတ်ရပ်တည်ကြောင်း ဖော်ပြထားတာက ထူးခြားချက်တခုဖြစ်ပါတယ်။ ရက်ဒီကယ်လက်ဝဲ အယူအဆနဲ့ လမ်းစဉ်အကြောင်းကို ဂဃနဏ မသိရသေးတာကြောင့် ဆက်ပြီးလေ့လာသွားဖို့ ကြိုးစားပါ့မယ်။ အခုချိန်အထိ လေ့လာရသမျှမှာ စိုးရိမ်တာတခုကတော့ ရက်ဒီကယ်လက်ဝဲတွေရဲ့ ရန်ငါစည်းပြတ်အယူအဆက အခုဆောင်းပါးမှာတွေ့လာရတဲ့ “အယူအဆ သို့မဟုတ် လမ်းစဉ်ပိုင်းမှာ မတူညီကွဲပြားမှု သို့မဟုတ် လိုအပ်ချက်ရှိခြင်းကိုအကြောင်းပြုပြီး လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနှင့် လမ်းစဉ်တခုလုံးကို ရန်သူအဖြစ် တံဆိပ်ကပ်ခြင်း အသွင်ဆောင်လာမယ်”ဆိုရင် ဒါက တော်လှန်ရေးအင်အားစုများအကြား အတူတကွလက်တွဲလျှောက်လှမ်းရေးအတွက် အတားအဆီးဖြစ်လာမှာဖြစ်ပါတယ်။ ဒါကိုလည်း အတွေ့အကြုံရင့်ကျက်ပြီး “ရပ်တည်ချက်အမြဲမှန်”တယ်လို့ ဆိုကြတဲ့ ရက်ဒီကယ်လက်ဝဲတွေအနေနဲ့ အမျှော်အမြင်ရှေ့ထားပြီး ထိန်းကျောင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။
ရဲထက် (Freedom Fighter)