ပြည်သူလူထုအပေါ် သဘောထား

ဒီစာကတော့ လက်ရှိ Freedom Fighter အဖွဲ့သားတွေနဲ့ ရှေ့ဆက်ပြီး Freedom Fighter နှင့်အတူပါဝင်လုပ်ဆောင်ကြမယ့် အဖွဲ့သားသစ်တွေအတွက် အဓိကထားရည်ရွယ်ပါတယ်။

Freedom Fighter အဖွဲ့အနေနဲ့ အကြမ်းမဖက်လူထုတော်လှန်ရေးလမ်းစဉ်ကို ရပ်တည်ဖော်ဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ တနည်းအားဖြင့် အီလစ်တစု (သို့မဟုတ်) လက်နက်ကိုင်သူတချို့ကသာ တိုင်းပြည်အပြောင်းအလဲကို ဖော်ဆောင်နိုင်တာမဟုတ်ဘဲ ပြည်သူလူထုအားလုံး ပါဝင်ဖော်ဆောင်တဲ့ အနာဂတ်လူ့ဘောင်အဖွဲ့အစည်းသစ်ကို ရည်မှန်းတာဖြစ်ပါတယ်။

လူထုအင်အား( People Power) ကိုအခြေခံတဲ့ လမ်းစဉ်ဖြစ်တာကြောင့် ပြည်သူလူထုအင်အားကို ယုံကြည်ဖို့ လိုသလို တဖက်မှာလည်း လူထုအင်အား အားကောင်းလာအောင် လုပ်ဆောင်ခြင်းက Freedom Fighter အဖွဲ့ရဲ့ ပင်မလုပ်ငန်းစဉ်လည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ Freedom Fighter အဖွဲ့သားများအနေနဲ့ ပြည်သူလူထုအပေါ် ဘယ်လိုမျိုး သဘောထားဆက်ဆံသင့်လဲဆိုတာကို အကြံပြုတင်ပြသွားပါမယ်။

၁။ ပြည်သူကို အထင်မသေးနဲ့ ၊ အကြိုက်လည်း မလိုက်နဲ့

ပြည်သူကိုရှုမြင်တဲ့အခါမှာ လူအုပ်ကြီးအကြိုက်လိုက်လုပ်တဲ့ ပေါ်ပြူလစ်အတွေးကို စွန့်ပယ်ရသလို တဖက်မှာလည်း ပြည်သူတွေက အရည်အချင်းမရှိလို့ မျှော်လင့်ချက်မရှိသယောင် တွေးခေါ်တာမျိုးကိုလည်း သတိပြုရပါမယ်။ ဒီလိုမျိုး လူထုကိုမယုံကြည်ခြင်းက အထက်တန်းအလွှာတွေကိုပဲ အားကိုးပုံအပ်ရမယ်ဆိုတဲ့ အီလစ်နိုင်ငံရေး အခင်းအကျင်းကို ပိုပြီးအားကောင်းလာစေမှာဖြစ်ပါတယ်။ နိုင်ငံရေးဦးဆောင်သူတွေ၊ ပညာတတ်အီလစ်တွေက ပြည်သူထက် တဆင့်သာနေသလို သာမာန်ပြည်သူတွေရဲ့ ဂုဏ်သိက္ခာကို တန်ဖိုးမထားခြင်းက ပြည်သူတွေကို ခံပြင်းဒေါသဖြစ်စေမှာပါ။ ဒီလိုမျိုး ခံပြင်းမှုကနေ စိတ်ခံစားချက်ကို အသားပေးတဲ့ ပေါ်ပြူလစ်အင်အားစုတွေကို ပိုပြီးအားကောင်းစေဖို့ပဲရှိပါတယ်။

လက်ရှိကာလမှာ တိုးတက်ပွင့်လင်းတဲ့အမြင်ရှိသူများက တခါတရံ လူအများရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားပြုမှုချက်တွေကို ကြည့်ပြီး ဒီလူတွေနဲ့ တော်လှန်ရေးအောင်မြင်နိုင်ပါ့မလားလို့ တွေးကြတာရှိပါတယ်။ “နီပေါ” “နီပိတ်” တွေ၊ “ဖက်ဆစ်လက်သစ်တွေ” ၊ “ပေါကားကြိုက်သူတွေ” ၊ “အာဏာရှင်စနစ်နဲ့ တန်သူတွေ” စသဖြင့် စွပ်စွဲပြောဆိုသည်အထိဖြစ်ပါတယ်။ အမှန်တကယ်တော့ ဆိုရှယ်မီဒီယာသည် ပြည်သူတွေရဲ့ စိတ်ထွက်ပေါက်ရှာရာ ဘဝတစိတ်တပိုင်းသာဖြစ်ပြီး မြေပြင်ဘဝက ဒီထက်လေးနက်ကြမ်းတမ်းပါတယ်။ ဒီလိုအချိန်မှာ အပေါ်ကပါတဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ချက်၊ အုပ်စုဖွဲ့ ပုံသွင်းတိုက်ခိုက်မှုတွေက ပြည်သူတွေကို စည်းရုံးရာမရောက်ဘဲ ပိုမိုဝေးကွာသွားစေနိုင်တာကို သတိပြုရမှာဖြစ်ပါတယ်။

လက်ရှိတော်လှန်ရေးကာလမှာ မြန်မာပြည်သူတွေအနေနဲ့ အတွေးအခေါ်သစ်တွေကို အများကြီးလက်ခံသုံးသပ်နိုင်တဲ့အခြေအနေဖြစ်ပါတယ်။ ဒီအခြေအနေကို တိုးတက်သောအမြင်ရှိသူတွေအနေနဲ့ အမိအရအသုံးအချဖို့လိုပါတယ်။ လူပုဂ္ဂိုလ် သို့မဟုတ် ဖြစ်တည်မှုစတာတွေကို သိမ်းကြုံးတိုက်ခိုက်ခြင်းထက် ပြည်သူလူထုအမှန်တကယ်တွေ့ကြုံခံစားနေရတဲ့ လက်တွေ့ကမ္ဘာကို နားလည်အောင်ကြိုးစားပြီး အနာဂတ်သစ်သို့သွားရာလမ်းကို တဆင့်ချင်းစီစည်းရုံးသွားရမှာဖြစ်ပါတယ်။ ငါတို့က “လူထုအတွက်” လုပ်ဆောင်ပေးနေတာဆိုတဲ့ ကယ်တင်ရှင်အတွေးအခေါ်ကို အမြဲမပြတ် ဆင်ခြင်ပစ်ပယ်ပြီး “လူထုနှင့်အတူ” အပြောင်းအလဲဖော်ဆောင်မယ်ဆိုတဲ့ အတွေးအခေါ်ရှိဖို့လိုပါတယ်။

၂။ ပြည်သူက အမှန်အတိုင်း သိဖို့လိုတယ်။

ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံရေး၊ စီးပွားရေးတွေကိုလေ့လာကြည့်ရင် အီလစ်တစုကသာ အဆုံးအဖြတ်ပြုကြပြီး ပြည်သူလူထုက အဖြည့်ခံသာသာပဲဖြစ်ခဲ့ပါတယ်။ ပြည်သူလူထုရဲ့ အင်အားဘာကြောင့်မကောင်းလဲဆိုရင် မသိခြင်းနဲ့ စုဖွဲ့လုပ်ဆောင်နိုင်မှုနည်းခြင်းကြောင့် ဖြစ်ပါလိမ့်မယ်။

မသိခြင်းကို ကျော်လွှားနိုင်ဖို့အတွက် ကျွန်ပြုခြင်း ပညာရေးစနစ်အစား ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ တာဝန်ယူမှုကို ဦးတည်တဲ့ ပညာရေးကို ဖော်ဆောင်ရပါမယ်။ စစ်တပ်ရဲ့ ဘာသာရေး ၊ လူမျိုးရေး အခြေပြု အမုန်းတရားကို ဖယ်ရှားရသလို ပေါ်ပြူလစ်နိုင်ငံရေးသမားတွေ၊ လော်ဘီတွေရဲ့ မျှော်လင့်ချက်အမှားတွေကို တိုက်ဖျက်ရပါမယ်။ နောက်ဆုံးအနေနဲ့ ဒီလိုမျိုး ပေါ်ပြူလစ်နိုင်ငံရေးကို အသက်ရှင်အောင် ထိန်းပေးကာပေးနေတဲ့ မီဒီယာသမားတွေ၊ တခြားသော အီလစ်တွေကိုပါ လိုအပ်ရင် မေးခွန်းထုတ်ဖို့လိုပါတယ်။

လျို့ဝှက်အပ်တဲ့ အချက်အလက်တချို့ကလွဲပြီး တော်လှန်ရေးသွားနေတဲ့လမ်းကြောင်းအခြေအနေအမှန်ကို ဒီတော်လှန်ရေးရဲ့ ပင်မပိုင်ရှင်ဖြစ်တဲ့ ပြည်သူလူထုသိဖို့လိုပါလိမ့်မယ်။ ဒါမှသာ လူထုက “နိုင်ံတော့မယ် ၊ နိုင်နေပြီ”ဆိုပြီး အကြိမ်ကြိမ်ထည့်နေတဲ့ ပေါ်ပြူလစ်ဂျင်းကနေ လွန်မြောက်ပြီး ပြည်သူတွေကိုယ်တိုင် တိုင်းပြည်အနာဂတ်နဲ့ပက်သက်ပြီး ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ပါလိမ့်မယ်။

၃။ လူအုပ်မှသည် လူထုဆီသို့

အပြောင်းအလဲကို ဖော်ဆောင်တဲ့နေရာမှာ လူတစ်ရာ ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ ထင်မိထင်ရာတွေကို လုပ်တာထက် လူဆယ်ယောက် ပူးပေါင်းဆောင်ရွက်တာက ပိုမိုထိရောက်တယ်လို့ဆိုကြပါတယ်။ မြန်မာပြည်သူတွေ အင်အားမရှိခြင်းရဲ့ အကြောင်းက စုပေါင်းလုပ်ဆောင်နိုင်တဲ့ လူထုအဖွဲ့အစည်းတွေ အားနည်းလို့ပါ။

ဒီနေရာမှာ လူအုပ်နဲ့ လူထုကွာခြားတာကို သတိပြုရပါမယ်။ လူအုပ်ဆိုတာက များပြားတဲ့လူတွေ အွန်လိုင်းမှာဖြစ်စေ၊ မြေပြင်မှာဖြစ်စေ စုဖွဲ့မှုကောင်းကောင်းမရှိဘဲ ဒီတိုင်း ဆုံကြတာကို ရည်ညွန်းပါတယ်။ အပေါ်ယံဆုံကြတာဖြစ်တဲ့အတွက် လူသာများပြီး အမှန်တကယ်ပြောင်းလဲနိုင်တဲ့ အင်အားမရှိပါဘူး။

လူထုဆိုတာကတော့ ရပ်ရွာလူထု၊ အမျိုးသမီးထု၊ လူငယ်ထု၊ ကျောင်းသားထု၊ အလုပ်သမားထု၊ ဝန်ထမ်းထု၊ ပညာရှင်ဆိုင်ရာ အဖွဲ့အစည်း စသဖြင့် သက်ဆိုင်ရာ အစုအဖွဲ့မှာ ပူးပေါင်းလုပ်ဆောင်ကြတာဖြစ်ပါတယ်။တော်လှန်ရေးရဲ့ ရေရှည်အပြောင်းအလဲကို ဖော်ဆောင်နိုင်ဖို့ အတွက် လူအုပ်ကြီးကို လူထုအင်အားအဖြစ်ပြောင်းလဲဖို့ လိုအပ်ပါတယ်။

မြန်မာ့လူမှုအဖွဲ့အစည်းမှာ စုဖွဲ့မှုအားကောင်းတာဆိုလို့ စစ်တပ်နဲ့ ဘုန်းကြီးများသာ ရှိတယ်လို့ဆိုကြပါတယ်။ ဒီနှစ်ခုကလည်း ဗဟိုချုပ်ကိုင်မှုများပြီး အာဏာရှင်ဆန်တာဖြစ်တဲ့အတွက် အတွင်းကနေကော အပြင်ကနေကော ပြောင်းလဲပြုပြင်ရမှာဖြစ်ပါတယ်။ တဆက်တည်းမှာပဲ သီးခြားလွတ်လပ်တဲ့ လူထုအဖွဲ့အစည်းတွေ ဒုနဲ့ဒေးနဲ့ ပေါ်ထွက်လာဖို့က မဖြစ်မနေလိုအပ်တဲ့ တော်လှန်ရေးလမ်းစဉ်တခုဖြစ်ပါတယ်။

ခြုံပြီးဆိုရရင်တော့ လက်ရှိတော်လှန်ရေးမှာ တခုခုလိုအပ်ချက်ရှိတာနဲ့ ပြည်သူတွေကိုပဲ အပြစ်ဖို့စရာတော့မရှိပါဘူး။ အားလုံးက ဒီပြည်သူတွေကပဲ ပေါက်ဖွားကြီးပြင်းလာတာဖြစ်တဲ့အတွက် ဒီပြည်သူတွေထက် ခေါင်းတလုံးသာနေတယ်လို့ ကြွားဝါစရာမရှိပါဘူး။ ပြန်ပြီးစဉ်းစားရရင်လည်း ပြည်သူတွေက တော်လှန်ရေးမှာ ပါဝင်နိုင်သလောက် တက်တက်ကြွကြွပါဝင်နေပြီး လက်ရှိမှာ အားနည်းနေတာက ခေါင်းဆောင်မှုအပိုင်းဖြစ်ပါတယ်။ ဒီမှာလည်း ပေါ်ပြူလစ်ခေါင်းဆောင်တွေကိုပဲ အပြစ်အားလုံးပုံချလို့မရဘဲ တိုးတက်သောအမြင်ရှိတဲ့ တော်လှန်ရေးအင်အားစုတွေဘက်က ဘာကြောင့်အချင်းချင်း လက်တွဲပြီး လူထုပါဝင်နိုင်တဲ့ ဦးဆောင်မှုလမ်းကြောင်းကို မဖော်ဆောင်နိုင်တာလည်း ဆိုတာကိုလည်း စဉ်းစားဆင်ခြင်သင့်ပါတယ်။

ရဲထက် (Freedom Fighter)

Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်