မီးပိတ်ရုံနဲ့ အပြောင်းအလဲဖြစ်နိုင်မလား

ဒီကနေ့ (အောက်တိုဘာ ၂၈ရက်) ည ၈နာရီခွဲ မှာ တော်လှန်ရေးအင်အားစုအသီးသီးက လှုံ့ဆော်စည်းရုံးနေကြတဲ့ မီးပိတ်သပိတ်ရှိပါတယ်။ ကချင်ပြည်နယ်၊ အနန့်ပါဒေသကို စစ်တပ်က ဗုံးကျဲသတ်ဖြတ်မှုကို ကန့်ကွက်ရှုပ်ချပြီး ပြည်သူတွေအားလုံး သွေးစည်းညီညွတ်မှုကို ပြသတဲ့အနေနဲ့ လုပ်ဆောင်တာဖြစ်ပါတယ်။

ဒီနေရာမှာ တချို့ကလည်း လက်နက်ကိုင်တော်လှန်ရေးအားကောင်းနေချိန်မှာ ဒါမျိုး အပြလုပ်ရပ်တွေက လိုရဲ့လား။ ဒါတွေက အာသာဖြေရုံပဲဖြစ်မလားဆိုပြီးတော့ မေးခွန်းထုတ်ကြတာရှိပါတယ်။ ပြီးခဲ့တဲ့ အသံတိတ်သပိတ် (Silent Strike) တွေမှာလည်း ဒီလိုမျိုးအပြသဘောသာလုပ်ပြီး ပြည်သူတွေကို အောင်မြင်မှုရတယ် လို့ ထင်မြင်ရုံ ချွေးသိပ်တဲ့လုပ်ရပ် (False Accomplishment)သာ ဖြစ်တယ်လို့ ထောက်ပြမှုတွေ၊ မေးခွန်းတွေလည်းရှိပါတယ်။

Freedom Fighter အဖွဲ့အနေနဲ့က ဒီလိုမျိုး လူထုအားလုံးပါဝင်နိုင်တဲ့ လှုပ်ရှားမှုတွေက လက်ရှိလက်နက်ကိုင် တော်လှန်ရေးအားကောင်းနေချိန်မှာလည်း လိုအပ်တယ်လို့ ရပ်တည်ထောက်ခံပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်နက်ကိုင်တော်လှန်ရေးအားကောင်းလာတဲ့အခါ ပြည်သူတွေက ထောက်ပံ့ရုံ ၊ အားပေးရုံဆိုတဲ့ ပရိသတ်သာသာဖြစ်ပြီး လက်နက်ကိုင်တဲ့သူတွေကသာ တော်လှန်ရေးရဲ့ ဗဟိုချက်လို့ ထင်မြင်ချက် အားကောင်းလာလေ့ရှိပါတယ်။ ဒါကြောင့် လူထုတခုလုံးရဲ့ အင်အားကို စုစည်းထုတ်ဖော်နိုင်တဲ့ အခုလိုမျိုး လူထုလှုပ်ရှားမှုတွေက တော်လှန်ရေးအတွင်း ခံစားရနေတဲ့ မွန်းကြပ်မှုတွေ၊ မိမိကိုယ့်ကို အားမရမှုတွေ၊ တယောက်နဲ့တယောက်အလိုမကျမှုတွေကို ကုစားသက်သာစေပြီး တော်လှန်ရေးမှာ ပြည်သူလူထုအားလုံးကို အတူတကွလက်ချင်းတွဲပြီး ပါဝင်နေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ကို သက်ရောက်စေလို့ပါ။ ဒီလိုမျိုး မတူကွဲပြားမှုတွေရှိသည့်တိုင်အောင် သွေးစည်းညီညွတ်မှု ဆက်လက်တည်ဆောက်ထားနိုင်ခြင်းက တော်လှန်ရေးရဲ့ အနှစ်သာရပဲဖြစ်ပါတယ်။ ဒီနေရာမှာ လှုပ်ရှားမှု ရည်ရွယ်ချက်နဲ့ အခြေခံသဘောတရားအရ ထောက်ခံကြိုဆိုတာမှန်ပေမယ့် မဟာဗျူဟာနဲ့ ချိတ်ဆက်ဖော်ဆောင်မှုပိုင်းမှာတော့ ဆင်ခြင်သုံးသပ်စရာတွေ ရှိတယ်လို့ ထောက်ပြချင်ပါတယ်။

အရင်ဆုံး ဒီလိုမျိုး ရိုးရှင်းလှတဲ့ မီးပိတ်ခြင်းကနေ လူထုလှုပ်ရှားမှုတွေဖြစ်ပြီး အပြောင်းအလဲကြီးတွေကို ဖော်ဆောင်နိုင်တဲ့ တခြားနိုင်ငံက သာဓကတွေကို လေ့လာကြည့်နိုင်ပါတယ်။ ဒီထဲမှာ ထင်ရှားတာတခုကတော့ ၁၉၉၇ ခုနှစ်က တူရကီနိုင်ငံမှာပြုလုပ်ခဲ့တဲ့ တစ်မိနစ်အမှောင်ချ လှုပ်ရှားမှုပါ။

◼️ တူရကီ – တစ်မိနစ်အမှောင်ချ လှုပ်ရှားမှု (၁၉၉၇)

အဲဒီအချိန် တူရကီမှာ မာဖီးယားမူးယစ်ရာဇာတွေ၊ နိုင်ငံရေးသမားတွေနဲ့ တရားရေးတာဝန်ရှိသူတွေ ပူးပေါင်းပြီး ဂိုဏ်းဖွဲ့ခြစားမှုတွေကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေတဲ့အချိန်ဖြစ်ပါတယ်။

အဲလိုဖြစ်နေတဲ့အချိန်မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ပညာရှင်တွေစုပေါင်းပြီး “Citizen Initiatives for Constant Light – လူထုရှေ့ဆောင် ထာဝရအလင်းရောင်” ဆိုတဲ့အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီအဖွဲ့ကနေ လှုပ်ရှားမှုလုပ်မယ့် ၁၉၉၇ ဖေဖော်ဝါရီ ၁ ရက်နေ့မတိုင်ခင် လေးပါတ်အလိုလောက်ကစပြီး အရပ်ဘက်အဖွဲ့အစည်းနဲ့ မီဒီယာတွေကို ချိတ်ဆက်ပြီး ညှိနှိုင်းပြင်ဆင်မှုတွေ စလုပ်ပါတယ်။ ဆောင်းပါးသုံးသပ်ချက်ရေးသူတွေကို ဒီလိုမျိုး အကျင့်ပျက်ခြစားမှုတွေအကြောင်း မီးမောင်းထိုးရေးသားဖို့ စည်းရုံးခဲ့တယ်။ ပညာရှင်တွေ၊ ဂျာနယ်လစ်တွေကလည်း သဘောတူပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ တချို့ ကဗျာဆရာတွေကလည်း ကဗျာတွေသီဖွဲ့ခဲ့ကြတယ်။

အဲဒီနောက်မှာတော့ လှုပ်ရှားမှုမလုပ်ခင် နှစ်ပါတ်အလိုလောက်မှာ ပြည်သူလူထုအနေနဲ့ ည ၉နာရီတိတိမှာ မိမိတို့အိမ်မှာ “တစ်မိနစ်အမှောင်ချခြင်းဖြင့် ထာဝရအလင်းဆောင်ကြစို့” ဆိုတဲ့စည်းရုံးမှုတွေက လူထုအကြားမှာ Fax တွေပေးပို့ခဲ့ကြတယ်။ အလုပ်သမား သမဂ္ဂတွေ ၊ ပညာရှင်အဖွဲ့အစည်းတွေကလည်း ဒီသတင်းကို ဖြန့်ကျက်ပေးခဲ့ကြတယ်။ ပထမဦးစွာ ဒီလှုပ်ရှားမှုပါဝင်ဖို့ လက်မှတ်ရေးထိုးသူက ၁၀၀၀၀ ကျော်အထိရှိလာခဲ့တယ်။

◼️ လှုပ်ရှားမှုစတင်ပြီ

ဒီလိုနဲ့ လှုပ်ရှားမှုကို အမှန်တကယ်စတင်တဲ့ ဖေဖော်ဝါရီလ ၁ရက်နေ့ကို ရောက်ရှိလာပါတယ်။ စီစဉ်သူတွေအနေနဲ့ စပြီးပြင်ဆင်တဲ့အချိန်မှာ ပါဝင်မယ့်သူက ၅၀၀ လောက်သာ ဖြစ်မယ်လို့ မှန်းထားခဲ့ကြတာပါ။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ည ၉နာရီတိတိ အချိန်မှာ မြို့တော် အစ္စတန်ဘူလ်နဲ့ တခြားမြို့ကြီးတွေကို ပြန့်နှံခဲ့ကြပါတယ်။ ဒီလိုနဲ့ တရက်ချင်းစီမှာ တဖြည်းဖြည်းနဲ့ အရေအတွက် ပိုမိုများပြားလာပြီးတော့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ တူရကီပြည်သူ သန်း၃၀ လောက် (စုစုပေါင်း လူဦးရေရဲ့ တစ်ဝက်)လောက်အထိ ဒီလှုပ်ရှားမှုပါဝင်ခဲ့ကြပါတယ်။

ဒီနောက်ပိုင်းမှာ လူထုရဲ့ မကျေနပ်ချက်တွေက ပေါင်းစည်းပြီး အုံကြွမှုအဖြစ်ထွက်ပေါ်လာပါတယ်။ လူထုအနေနဲ့ တစ်မိနစ်မီးပိတ်ရုံနဲ့ မကျေနပ်တော့ပါဘူး။ ဒီထက်ပိုပြီး လှုပ်ရှားမှုအဆင့် တက်ချင်လာကြပါတယ်။ မီးအပိတ်အဖွင့်လုပ်တာ ၊ အိုးခွက်တွေကို တီးတာ၊ လမ်းပေါ်ထွက် ဆန္ဒပြတာ စသဖြင့် လှုပ်ရှားမှုအမျိုးမျိုး လုပ်ဆောင်လာကြပါတယ်။ တဖြည်းဖြည်းနဲ့ တစ်မိနစ်အမှောင်ချတဲ့ လှုပ်ရှားမှုမှာ ပါဝင်သူတွေ အရေအတွက်လျော့နည်းလာပါတယ်။

မူလစီစဉ်သူများရဲ့ ရည်ရွယ်ချက်ကတော့ တရားရေးမဏ္ဍိုင်ကနေ ပြစ်မှုကျူးလွန်သူများကို ကင်းလွတ်ခွင့်ပေးနေတာကို ဦးတည်တိုက်ခိုက်ဖို့ ပြင်ထားတာပါ။ တချို့သော စစ်တပ်ထောက်ခံတဲ့ ဆန္ဒပြသူတွေအနေနဲ့ အာဏာသိမ်းမှု ပြုလုပ်ဖို့ ၊ အာဏာရပါတီကို နှုတ်ထွက်ပေးဖို့အထိ တောင်းဆိုခဲ့ကြပါတယ်။ အာဏာပိုင်တွေက ညဘက်လှုပ်ရှားမှုတွေကို “ဒီလိုမျိုးအမှောင်ချတာက အုပ်စုဖွဲ့ လိင်ဆက်ဆံချင်လို့ဖြစ်တယ်”လို့ ပုံဖော်စွပ်စွဲကြပါတယ်။ (တူရကီရဲ့ တချို့သော လူမျိုးစုတွေမှာ ဒီလိုမျိုး အမှောင်ချပြီး အုပ်စုဖွဲ့လိင်ဆက်ဆံကြတဲ့ ရိုးရာရှိပါတယ်)

စီစဉ်သူတွေအနေနဲ့ စစ်တပ်အပါအဝင် သက်ဆိုင်ရာ နိုင်ငံရေးအင်အားစုတွေက ဒီလှုပ်ရှားမှုကို အသုံးချဖို့ ကြိုးစားလာပြီး ရှုပ်ထွေးမှုတွေ ဖြစ်တာတကြောင်း၊ လူထုအနေနဲ့ အမှောင်ချလှုပ်ရှားမှုကို ဆက်လုပ်ဖို့ စည်းရုံးဖို့ခက်တာတကြောင်း ဒီလှုပ်ရှားမှုကို မတ်လ ၉ ရက်နေ့မှာ ရပ်တန့်လိုက်ပါတယ်။ ဒီအချိန်မှာတော့ လှုပ်ရှားမှုကိုစတင်တဲ့ “Citizen Initiatives for Constant Light” အဖွဲ့အစည်းက ပြည်သူလူထုအများကို ဦးဆောင်စည်းရုံးနိုင်တဲ့ အရည်အချင်းရှိလာပါပြီ။

◼️ လှုပ်ရှားမှု အဆုံးသတ်နဲ့ နောက်ဆက်တွဲများ

ရှေ့ဆက်ပြီး ဧပြီလတွေမှာ အမှောင်ချလှုပ်ရှားမှုတွေကို ပိုမိုတိကျတဲ့ ကြွေးကြော်သံတွေနဲ့ တစ်ဖန်ပြန်ပြီးပုံဖော်ခဲ့ကြပါတယ်။ ဒီလိုမျိုး လှုပ်ရှားမှုတွေကို နည်းနာအမျိုးမျိုးနဲ့ လုပ်ဆောင်ခဲ့ကြပြီး နိုဝင်ဘာလမှာတော့ လှုပ်ရှားမှုတွေ့ရှိချက်နှင့် အကြံပြုတောင်းဆိုချက်များကို သတင်းစာရှင်းလင်းပွဲလုပ်ပြီး ထုတ်ပြန်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ လွတ်ငြိမ်းချမ်းသာခွင့်ရထားတဲ့ အကျင့်ပျက် လွှတ်တော်အမတ်နှစ်ဦးကို တရားရုံးတင်စစ်ဆေးနိုင်ခဲ့ပါတယ်။ သို့သော်ငြားလည်း အပြစ်ပေးတဲ့အထိတော့ မရောက်ခဲ့ပါဘူး။

ဒါပေမယ့် ဒီလှုပ်ရှားမှုကနေ အစိုးရအာဏာပိုင်များရဲ့ အကျင့်ပျက်လာဘ်စားမှုများကို ဆက်လက်တိုက်ပွဲဖော်ဆောင်ဖို့အတွက် စုဖွဲ့မှုတွေ၊ လမ်းကြောင်းသစ်တွေ ပေါ်ထွက်စေပါတယ်။ ဒီလှုပ်ရှားမှုနောက်ဆက်တွဲအနေနဲ့ လူထုလှုပ်ရှားမှုပုံစံအမျိုးမျိုးကို ဆက်လက်ဖန်တီးနိုင်ခဲ့တယ်။ လူထုအနေနဲ့လည်း မိမိတို့ကိုယ်တိုင် အပြောင်းအလဲဖော်ဆောင်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုရရှိစေခဲ့ပါတယ်။

◼️ နွေဦးတော်လှန်ရေးဦးဆောင်သူများ သင်ခန်းစာယူရမည့်အချက်များ

တူရကီရဲ့ ၁၉၉၇ တစ်မိနစ်စာ အမှောင်ချလှုပ်ရှားမှုကနေ သင်ခန်းယူစရာတွေ များစွာရှိတဲ့အတွက် သက်ဆိုင်ရာခေါင်းဆောင်တွေကို အသေးစိတ်လေ့လာကြည့်ကြဖို့ တိုက်တွန်းပါတယ်။ Freedom Fighter အဖွဲ့အနေနဲ့ အကြံပြုလိုတာတွေကတော့

၁။ လူထုလှုပ်ရှားမှုက မီးပိတ်အမှောင်ချဖို့ဆိုတဲ့ ရိုးရှင်းတဲ့ လှုပ်ရှားမှုဖြစ်ပါစေ၊ မလုပ်ခင် ကြိုတင် ပြင်ဆင်မှုတွေနဲ့ လှုပ်ရှားမှုလုပ်ဆောင်ပြီး ရှေ့ဆက်ဘာလုပ်မလဲဆိုတဲ့ အစီအစဉ်တွေကို ခိုင်ခိုင်မာမာချထားဖို့ လိုပါတယ်။ အဲလိုမဟုတ်ရင်တော့ တခါလာလည်း မီးပိတ်ခိုင်း၊ နောက်တခါလည်း မီးပိတ်ခိုင်းဆိုပြီး ဗျူဟာမရှိဘဲ လှုပ်ရှားမှုကြီးသက်သက်ပဲလုပ်မယ်ဆိုရင် လူထုအနေနဲ့ ငြီးငွေ့လာဖို့ပဲရှိပါတယ်။ လူထုကို ကလေးလိုသဘောထားပြီး “ကကြီး၊ ခခွေး”ချည်းပဲ အခါခါအော်ခိုင်းနေလို့မရသလို လူထုကို ရှေ့ဆက်သွားနိုင်မယ့် လမ်းကြောင်းဖော်ဆောင်ထားဖို့ လိုပါတယ်။

၂။ လူထုလှုပ်ရှားမှုတွေမှာ ဦးဆောင်တဲ့ အဖွဲ့အစည်းရှိဖို့ လိုပါတယ်။ ဦးဆောင်သူမလိုဘူး၊ အကုန်လုံးက ခေါင်းဆောင်တွေပဲ ဆိုတဲ့ (General Resistance) လှုပ်ရှားမှုတွေက ရေရှည်ပြောင်းလဲမှုကို မဖော်ဆောင်နိုင်ဘဲ စနစ်တကျစုဖွဲ့ဦးဆောင်တဲ့ (Organized Resistance) တွေကသာ အပြောင်းအလဲကို ဖော်ဆောင်နိုင်တာဖြစ်ပါတယ်။ တူရကီအတွေ့အကြုံမှာလည်း လူထုအနေနဲ့ ခံစားချက်အရ ပုံစံအမျိုးမျိုးပြန့်ကျဲသွားနိုင်တဲ့ အခြေအနေကို ဦးဆောင်သူတွေက အမျှော်အမြင်နဲ့ စုစည်းဦးဆောင်ခဲ့ကြတာဖြစ်ပါတယ်။

၃။ လူထုလှုပ်ရှားမှုတွေကို ဖော်ဆောင်တဲ့နေရာမှာ နိုင်ငံရေးလမ်းကြောင်း၊ လက်နက်ကိုင်လမ်းကြောင်းနဲ့ ရှင်းလင်းပြီး အရပ်ဘက်ပြည်သူလူထုကိုယ်တိုင် လွတ်လပ်စွာပါဝင်လှုပ်ရှားမှုက အထိရောက်ဆုံးဖြစ်ပါတယ်။ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လူထုလှုပ်ရှားမှုကို ပံ့ပိုးတာ၊ ထောက်ခံတာ ကောင်းပေမယ့် သူတို့ကိုယ်တိုင်က ဒီလှုပ်ရှားမှုဦးဆောင်သူအဖြစ် နာမည်ယူမယ်ဆိုရင်တော့ လူထုလှုပ်ရှားမှုကနေ လူထုက ဒီအဖွဲ့အစည်းတွေကို ထောက်ခံကြောင်းပြတဲ့ လှုပ်ရှားမှုအဆင့်မှာသာ လျော့ကျရပ်တန့်နေမှာဖြစ်ပါတယ်။

ရှေ့ဆက်ပြီး လူထုလှုပ်ရှားမှုဆိုင်ရာ အယူအဆတွေ၊ တိုက်ပွဲဖော်ဆောင်ပုံတွေကို စနစ်တကျလေ့လာပြီး လူထုကိုဦးဆောင်နိုင်တဲ့ တော်လှန်ရေးခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေ အားကောင်းစွာ ပေါ်ထွက်လာဖို့ Freedom Fighter မှ မျှော်လင့်အပ်ပါတယ်။

Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

2 Responses

  1. လူထုလှုပ်ရှားမှုအားကောင်းလာဖို့ဆိုရင် ကမ္ဘာပေါ်မှာ ဖြစ်ပျတ်ခဲ့ဖူးတဲ့ လှုပ်ရှားမှုတွေရဲ့ အောင်မြင်မှုတွေကို ပြည်သူတွေသိအောင် ဆိုရှယ်မီဒီယာမှတဆင့်ပညာပေးခြင်းများ လုပ်ဆောင်ဖို့လိုအပ်မယ်လို့ထင်ပါတယ်။ ဒါမှသာခိုင်မာအားကောင်းတဲ့ လှုပ်ရှားမှုတွေကို ပြန်လည်လို့ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ ခု မြန်မာပြည်သူလူထုရဲ့ ယုံကြည်မှုက လတ်နတ်ကိုင်တော်လှန်ရေးကသာ အောင်မြင်မှုရနိုင်မယ်လို့ ယုံကြည်နေကြတာ ဖြစ်ပါတယ်။ ဒါကလည်း လတ်ရှိအနေအထားအရ ငြင်းမရတဲ့အခြေနေမှာ ရှိနေတာဖြစ်ပါတယ်။ ဒါပေမဲ့ အကြမ်းမဖတ်လှုပ်ရှားမှုကလည်း အားကောင်းဖို့ လိုအပ်တယ်ဆိုတာ ငြင်းဆိုလို့မရတဲ့အရာဖြစ်ပါတယ်။ ကျွန်တော်အမြင်အရဆိုရင် အကြမ်းမဖတ်လှုပ်ရှားမှုရဲ့ ထိရောက်မှုကို မီဒီယာမှ တဆင့် တွင်တွင်ကျယ်ကျယ်လေး လှုံ့ဆော်ပေးနိုင်မယ် စနစ်တကျ plan တွေချပြီးဖော်ဆောင်နိုင်မယ်ဆိုရင် လူထုရဲ့ ယုံကြည်မှု ပြန်လည်ပြီးရနိုင်မယ်လို့ မြင်မိပါတယ်

    1. ဟုတ်ကဲ့ပါ ကိုမင်းမောင်မောင် အကြံပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့လည်း မကြာခင်မှာ ကမ္ဘာပေါ်က ထင်ရှားတဲ့ အကြမ်းမဖက်လူထုတော်လှန်ရေးဖြစ်ရပ်တွေအကြောင်း ဘာသာပြန်စာစဉ်ထုတ်ဝေသွားဖို့ လုပ်နေပါတယ်။ တဖြည်းဖြည်းနဲ့လည်း ပြည်သူတွေအနေနဲ့ ကိုယ်တိုင်ပါဝင်နိုင်တဲ့ အကြမ်းမဖက်လူထုတော်လှန်ရေးလမ်းစဉ်ကို စိတ်ဝင်စားလာကြမယ်ထင်ပါတယ်ဗျ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်