ယနေ့ သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားကျောင်းကန်သွားသူများ အလှူအတန်းပြုလုပ်သူများဖြင့် စည်ကားကြသည်။ ချစ်ခင်သူများ မိသားစုများ သူငယ်ချင်းများစုကာ ခရီးထွက်သူများ ၊ လည်ပတ်သွားလာကြသည်များကိုလည်း တသီတတန်း တွေ့မြင်ကြရမည်။
ဤအခြေအနေများကို တော်လှန်ရေးတွင်ထဲထဲဝင်ဝင် ပါဝင်နေကြသူများက စိတ်မကောင်းဖြစ်ကြသည်မှာ သဘာဝကျလှသည်။ တောထဲမှာ အသက်စွန့်တော်လှန်နေကြသော လူငယ်များ၊ အိုးမဲ့အိမ်မဲ့ဖြစ်နေသော ပြည်သူများ၊ တိုက်ပွဲများကြောင့် ခြေပျက်လက်ပျက်ဖြစ်နေသူများ၊ မိသားစုများ သေကွဲရှင်ကွဲ ခွဲခွာသွားသူများအနေဖြင့် မျှတမှုရှိပါရဲ့လား။ ထိုကဲ့သို့ ဘုရားကျောင်းကန် လည်ပတ်နေသူများအနေဖြင့် လိပ်ပြာလုံပါရဲ့လားလို့ မေးခွန်းထုတ်ကြသည်။
ဒီစာမှာတော့ ဒီလိုမျိုး ပွဲလမ်းသဘင်တွေ၊ ပျော်ပွဲရွှင်ပွဲတွေအပေါ် ဘယ်လိုမျိုး သဘောထားသင့်သည်ကို “မျှတမှု”နှင့် “စည်းရုံးရေး” ရှုထောင့်နှစ်ခုကနေ ဆန်းစစ်သွားပါမည်။
ပထမတစ်ခုကတော့ “မျှတမှု” ရှုထောင့်မှဖြစ်သည်။ ဤနေရာတွင် မျှတမှုရှိပါရဲ့လားမေးလျှင် လူ့အဖွဲ့အစည်းတွင် မည်သည့်အချိန်တွင်မှ မျှတမှုဟူသည် မရှိခဲ့ပါ။ မြန်မာနိုင်ငံသမိုင်းတွင်ပင် နှစ်ပေါင်းများစွာ ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးစုအပေါ် ဗမာစစ်တပ်သည် အနိုင်ကျင့်ဖိနှိပ်မှုများ၊ သတ်ဖြတ်လုပ်ကြံမှုများ ပြုခဲ့သည်။ ထိုအချိန်များတွင် ဗမာလူမျိုးအများစုကလည်း ပွဲလမ်းသဘင်မပျက် ၊ ဆန့်ကျင်ကန့်ကွက်ခြင်းမရှိဘဲ ထောက်ခံရပ်တည်ခဲ့ကြသည်။ အနီးစပ်ဆုံး ရိုဟင်ဂျာလူမျိုးများ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် ဗမာ/မြန်မာပြည်သူအများက လူသိထင်ရှား အတူတကွရပ်တည်ခဲ့ကြသည်။ ဤနေရာတွင် တရားမျှတမှုရှာဖွေခြင်း(Justice) နှင့် မျှတမှု (Fairness) မရောထွေးစေချင်ပါ။ တရားမျှတမှုသည် အမှန်တရားကို ဖော်ထုတ်ကာ လူ့အဖွဲ့အစည်းမှ အမှားအယွင်းများကို ရှုပ်ချပြီး သင်ခန်းစာယူ ပြောင်းလဲခြင်းဖြစ်သည်။ “မျှတမှု မရှိ” ဆိုသည်မှာက သားတယောက်ဆုံးရှုံးရသော အမေတယောက်အတွက် ဘယ်လိုနည်းနဲ့ပင်ဖြစ်စေ အစားမထိုးနိုင်သည့်သဘောကို ဆိုလိုပါသည်။
လူတိုင်း ပါဝင်မှု၊ စွန့်လွတ်မှုများ၊ ထိခိုက်နာကျင်ရမှုများ ညီတူမျှတူ တပြေးညီမဖြစ်နိုင်မှန်း သဘောပေါက်လာသူများက တဖန် “သိသာသိစေ၊ မမြင်စေနဲ့” လို့ပြောလာကြသည်။ “မင်္ဂလာဆောင်တာ .. ခရီးထွက်တာ … နိုင်ငံခြားထွက်တာ … စီးပွားရေးလုပ်တာ … ကျောင်းတက်နေတာ … ဘွဲ့ယူတာ … အလှူလုပ်တာ … အနုပညာလုပ်တာ … သီချင်းထုတ်တာ … တော့ရပါတယ်။ Facebook ပေါ်မှာတော့ မတင်ပါနဲ့။”ဆိုသည့် ပြောဆိုမှုများကို တွေ့ရပြန်သည်။ ဤသည်မှာလည်း ခိုင်မာသည့် စဉ်းစားချက်တော့မဟုတ်။ လူများကို မျက်နှာနှစ်ဖက်နှင့် ဟန်ဆောင်စေရန် တွန်းအားပေးသကဲ့သို့သာ ဖြစ်သွားစေသည်။ မြေပြင်တွင် လုပ်ဆောင်တဲ့ အသွင်တခု၊ ဆိုရှယ်မီဒီယာတွင် အများဘောင်ခတ်ထားသလို ပြောဆိုပြုမှုရမယ်ဆိုတဲ့ မျက်နှာဖုံးတခုနဲ့ နေလာကြသည်။ ဒီနည်းနဲ့ တော်လှန်ရေးသည် ဆိုရှယ်မီဒီယာတော်လှန်ရေးအဖြစ်သို့ တွန်းပို့နေခြင်းခံရသည်။ အများဘောင်ခတ်ခြင်းကို မမှုသည့် လူများအတွက်ကလည်း လွယ်ကူပေသည်။ တော်လှန်ရေးအကြောင်းပြောဆိုသူများကို Unfollow လုပ်လိုက်ရုံ ၊ သို့မဟုတ် Instagram ကဲ့သို့ Platform ပြောင်းသုံးလိုက်ရုံနှင့် ဒီဂျစ်တယ်ပါတ်ဝန်းကျင်သစ်ကို ဖန်တီးနိုင်နေသည်မဟုတ်ပါလား။
လောကတွင် မျှတမှုများ မရှိသည်ဟု ဆိုရာတွင် မျှတမှုများရရှိရန် (တနည်းအားဖြင့်) ပို၍မျှတသော လူ့အဖွဲ့အစည်းဖြစ်ရန် ကြိုးစားအားထုတ်မှုများကို မရပ်တန့်သင့်ပါ။ သို့ရာတွင် သတိပြုရသည်မှာ မျှတမှုရှာဖွေရန် ဘယ်လိုအခြေခံစဉ်းစားချက်နဲ့ ချည်းကပ်မလဲဆိုသည်ပင်။ မျှတမှုရှာဖွေရန် ပေးဆပ်ထားမှု (Sacrifice) အပေါ် အစားထိုးအခွင့်အရေးများ ပြန်လည်ပေးရမည်ဟု အပေးအယူသဘောမျိုး ညီမျှခြင်းချ စဉ်းစားရာတွင် ပြဿနာတချို့ရှိလာနိုင်သည်။ ပေးဆပ်ထားမှု ဟူ၍စဉ်းစားခြင်းသည် အခွင့်အရေးများကို တခြားသာမာန်လူများထက် ရပိုင်ခွင့်၊ ခံစားခွင့် ရှိသည်ဟု စဉ်းစားလာနိုင်ပြီး ပေးဆပ်သူများ သို့မဟုတ် ပေးဆပ်ထားသည့် အဖွဲ့အစည်းသည် ကယ်တင်ရှင်အသွင် ကူးပြောင်းသွားနိုင်သည်။ ဤအခြေခံဖြင့် မြန်မာစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အာဏာရှင်များတွင် ၎င်းတို့သည် အသက်၊ သွေး၊ ချွေး ပေးဆပ်ထားမှုများကြောင့် တခြားပြည်သူများအထက်တွင် အုပ်စိုးခွင့်ရှိသည်ဟုသည် စဉ်းစားချက်များ အားကောင်းလာကြသည်။ ချဲ့၍စဉ်းစားကြည့်ပါက မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အထက်အောက် အာဏာရှင်ဆန်လှသော မိဘ-သားသမီး၊ ဆရာ-တပည့်၊ ဘုန်းကြီး – ဒကာ၊ ခေါင်းဆောင် – တပည့် ဆက်ဆံရေးများသည် အထက်မှနေသူများက ပေးဆပ်ထားသည်ဟူသော စဉ်းစားချက်အားကောင်းသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ပေးဆပ်ထားရမှုကို ပြန်လည်ပေးအပ်သည်ဟူသည့် စဉ်းစားချက်ထက် နစ်နာမှုများကို အမှန်အတိုင်းဖော်ထုတ်ခြင်း၊ ပြည်သူများနှင့် နိုင်ငံအဆင့် ဂုဏ်ပြုအသိအမှတ်ပြုခြင်း၊ နောက်အနာဂတ်မျိုးဆက်တွင် ပို၍မျှတသော လူ့အဖွဲ့အစည်းဖြစ်ရန် ကြိုးစားအားထုတ်ခြင်းများကို ဆက်လက်လုပ်ဆောင်သွားသင့်သည်။
ဆက်လက်ပြီး ဒုတိယပိုင်း “စည်းရုံးရေး” ရှုထောင့်ကို ဆွေးနွေးသွားမည် ။
လက်ရှိတော်လှန်ရေးတွင်မူ စည်းရုံးရေးမှာတော့ နာကျည်းချက်၊ ဒေါသ၊ မခံမရပ်နိုင်ဖြစ်မှုစသော ခံစားချက်များကို အခြေပြုစည်းရုံးခြင်းသာ အားကောင်းလှသည်။ လူတွေသေနေကြတဲ့အချိန် ပျော်ပါးနေတာ “လိပ်ပြာလုံရဲ့လား”။ စီးပွားရေးလုပ်နေတာ “လိပ်ပြာလုံရဲ့လား” ။ ခရီးထွက်နေတာ “လိပ်ပြာလုံရဲ့လား” စသဖြင့် အပြစ်မကင်းစိတ် (Guilt) ကိုအခြေထားပြီးစည်းရုံးကြသည်။
ထိုသို့သော နာကျည်းချက်နှင့် ဒေါသကို ဆွပေးသည့် စည်းရုံးမှုမျိုးသည် ရေရှည်အပြောင်းအလဲကို ဖော်ဆောင်နိုင်စွမ်းမရှိပါ။ လူအများစုသည် မကောင်းသော ခံစားချက်များ၊ လှုံ့ဆော်မှုများ၊ အနုတ်သဘောဆောင်သော စည်းရုံးတိုက်တွန်းမှုများ ( Negative Encouragement) များကို ရေရှည်လက်ခံကြလေ့မရှိပါ။ ဥပမာအားဖြင့် မည်မျှပင် ချစ်ခင်ရသူဖြစ်ပါစေ သေဆုံးသွား၍ ခွဲခွာရသည့်အခါ ပူဆွေးသောကဖြစ်မှုကို အချိန်ကာလတခုကြာလျှင် ကျော်ြဖတ်သွားကြလေ့ရှိသည်။ မည်မျှပင် မိမိအပေါ် အပြစ်ဆိုနေပါစေ၊ မိမိကိုယ့်ကို ဖြေရှင်းချက် စိတ်ထွက်ပေါက်ကို အနှေးနှင့်အမြန် ရှာနိုင်ကြသည်။ ဤသည်မှာ အတွင်းအတ္တစိတ် သဘောသာလျှင်ဖြစ်သည်။ ထို့ကြောင့် စည်းရုံးရာတွင် ခံစားချက်၊ နာကျည်းချက်များကို ခံယူချက် ၊ မျှော်လင့်ချက် ၊ ယုံကြည်ချက်များ အဆင့်ရောက်လာသည်အထိ စည်းရုံးမှသာ ရေရှည်အပြောင်းအလဲကို ဖော်ဆောင်နိုင်သည်။
ပြည်သူအများမှာ ကိုဗစ်၊ စီးပွားရေး ၊ မလုံခြုံမှု ၊ အကြမ်းဖက်မှု စသော ဖိအားအမျိုးမျိုးကြားမှာ ကြိုးစားအသက်ဆက်နေရခြင်းဖြစ်သည်။ ဆက်လက်ပြီး တော်လှန်ရေးအကြောင်းပြုကာ အနုတ်သဘောဆောင်သည့် ပြောဆိုမှုများကြောင့် လူ့အဖွဲ့အစည်းသည် ပို၍မွန်းကြပ်လာပေသည်။ မိမိကိုယ့်ကို အပြစ်တင်စိတ်ကို ထွက်ပေါက်ရှာရန် တခြားသူများကို ပြန်လည်ပြီး အပြစ်တင်လှောင်ပြောင်ကြတော့သည်။ အယူအဆ၊ လုပ်ဆောင်ချက် မတူသည်နှင့် ရန်သူအဖြစ် လွယ်လွယ်သတ်မှတ်ကြသည်။ ထွက်ပေါက်မရှာနိုင်သူများကလည်း ဘဝကိုအရှုံးပေးကြသူများအထိပင်ရှိလာသည်။ ဤနည်းဖြင့် လူအဖွဲ့အစည်းအကြား ချိတ်ဆက်မှု ၊ နီးကပ်မှု၊ ရင်းနှီးမှုများ ကွဲကြေပျက်စီးလာတော့သည်။ ဤသည်မှာ တော်လှန်ရေးအတွက် စည်းရုံးရေးပြုလုပ်ရန် အဓိကလိုအပ်သည့် လူမှုရေးအရင်းအနှီးကို ပျက်စီးစေခြင်းဖြစ်သည်။
တော်လှန်ရေးလမ်းစဉ်သည် ဒုက္ကရစရိယာကျင့်သကဲ့သို့ အစွန်းမရောက်ရန် လိုလှသည်။ တော်လှန်ရေးသည် ဆင်းရဲဒုက္ခခံနိုင်မှုခြင်း ယှဉ်ပြိုင်သည့် ပွဲမဟုတ်။ တော်လှန်ရေးသည် နာကျင်မှုများကို လက်ဆင့်ကမ်းပေးရန် လုပ်ဆောင်နေသည်မဟုတ်။ လူပုဂ္ဂိုလ် တဦးနှင့် တဦးအကြား လက်ညှိးထိုး အပြစ်ရှာပြီး စိတ်ထွက်ပေါက်ရှာခြင်းသည် အဆိုးသံသရာကို လည်စေမည်ဖြစ်သည်။
စစ်မှန်သော တော်လှန်ရေးဆိုသည်မှာ ချစ်ခြင်းမေတ္တာများကို ဖြန့်ဝေခြင်းသာ ဖြစ်သည်။ လူ့အဖွဲ့အစည်းအတွင်း နှစ်ပေါင်းများစွာရှိခဲ့သည့် ဒါဏ်ရာဒါဏ်ချက်များကို အတူတကွ ကုစားနေခြင်းသာ ဖြစ်သည်။ အရာအားလုံး ကွဲကြေပျက်စီးနေသည့်အချိန်တွင်ပင် ပိုကောင်းသည့်အနာဂတ်ကို ဖန်တီးနိုင်မည်ဆိုသည့် မျှော်လင့်ချက်အလင်းရောင်ဖြင့် အတူလျှောက်လှမ်းနေကြခြင်းဖြစ်သည်။ တော်လှန်ရေးကို အမျိုးမျိုး အဓိပ္ပာယ်သတ်မှတ်နိုင်ပါသည်။ ကျွန်တော်ကတော့ လူတိုင်းကိုယ်စီမှာ ဒါဏ်ရာများရှိနေသည့်အချိန်တွင်ပင်လျှင် အခြားသူများရဲ့ နာကျင်မှုဒါဏ်ရာများကို ကူညီဖေးမလက်တွဲရပ်တည်ခြင်းကို “ တော်လှန်ရေး” ဟု ဖွင့်ဆိုချင်ပါသည်။
ရဲထက် (Freedom Fighter)
9-10-2022
3 Responses
ငါနှင့်မတူ ငါ့ရန်သူ ဆိုတဲ့ အတွေးတွေ ဖယ်ရှားရမယ်
တော်လှန်ရေးလုပ်တာ နေရာလိုချင်လို့လား အခွင့်အရေး လိုချင်လို့လား မရားမှုကို တော်လှန်ချင်တာလား
ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းကိုလိုချင်တာလား
ကွဲကွဲပြားပြား သိနေရမယ် သူများရောင်လို့မရောင်နဲ့
သူများဟောင်လို့ မဟောင်နဲ့ ကိုယ့်ကိုကိုယ် အရင်သုံးသပ်ရမယ်
Bar သွားနေတာတွေကိုတော့ ဘယ်သူမှ အဖတ်လုပ်မတင်ကြပါဘူး
စိတ်ပျော်ရာ ထွက်ပေါက်ရှာကြတာခြင်းမှာ အရက်ဆိုင်မှာ လူစည်နေတာတော့ နှုတ်ဆိတ်နေကြပြီး (ရန်ကုန်က Bar တွေ မှာ လိုက်ကြည့်ပါ)
ဘာသာတရားရိပ်မှာ နှလုံးသားကို ခေတ္တဆိတ်ငြိမ်စေခြင်းက အရက်ဆိုင်မှာ စကစ ကို အားကောင်းအောင် အခွန်အလှူတော်ပေးနေတာထက်စာရင် အများကြီး မြင့်မြတ်ပါတယ်။ ဘာသာတရားကို ပွဲရှာဖို့ သုံးကြတဲ့ Media တွေရယ်။ လက်တွေ့မသိပဲ Social Media မှာပဲ လုပ်နေတဲ့ နိုင်ငံရသမားတွေများနေတာရယ်။ တိုးတတ်လာတဲ့ ဆင်ခြင်တုံးတရားနည်းမှုရယ်။ အားလုံးပေါင်းတော့ လှပနေတာပေါ့လေ။
လူ့အဖွဲ့အစည်များဟာပျော်ရွှင်မှုကိုလိုလားနှစ်သက်ကြတာမှန်ပေမဲ့ ပျော်ပွဲရွှင်ပွဲများကိုချင့်ချိန်ပြီးလုပ်ကြဖို့လိုပါတယ်။ မိမိလုပ်တဲ့အလုပ်ကအာဏာရှင်ကိုအထောက်အပံ့ဖြစ်သွားတာမျိုးလည်းမဖြစ်ဖို့စဥ်းစဥ်းစားစားလုပ်သင့်ပါတယ်။မိမိရဲ့အတွေး၊အယူအဆများကို ရံဖန်ရံခါမိမိကိုယ်ကိုယ်ပြန်လည်သုံးသပ်ခြင်းအားဖြင့် အမှားနည်းပြီးအမှန်ကိုပြင်နိုကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အရေးကြီးတာကဘယ်အလုပ်ကိုမဆို အဓိကနဲ့သာမညခွဲခြားပြီးအတူတကွလက်တွဲလုပ်ကိုင်ကြရပါမယ်။