ငြိမ်းချမ်းရေးသစ်၏ နိဂုံး

ဗလာဒီမီယာပူတင်ကတော့ လူ့လောကကို ကျွန်တော်တို့ယခင်ကမြင်ခဲ့ဖူးတဲ့ စစ်ပွဲခေတ်တွေမှန်သမျှထက် ပိုဆိုးနိုင်တဲ့စစ်ပွဲခေတ်တစ်ခုဆီသို့ တွန်းပို့နေတယ်။ ၎င်းခေတ်က ကျွန်တော်တို့လူသားမျိုးနွယ်  ဆက်လက်ရှင်သန်နိုင်ရေးကို ခြိမ်းခြောက်လာနိုင်တယ်။

ယူဗယ်နိုအာဟာရာရီ ရေးသည်။

Maxim Dondyuk

လွန်ခဲ့သောနှစ်အနည်းငယ်က ၂၁ ရာစုအတွက် သင်ခန်းစာ ၂၁ ခု ဆိုတဲ့စာအုပ်ကို ကျွန်တော်ရေးခဲ့တယ်။ စာအုပ်ထဲမှာ စစ်ပွဲရဲ့အနာဂတ်နဲ့အတွက်ရည်ရွယ်ပြီး သင်ခန်းစာတစ်ခု ရေးခဲ့တယ်။   “လူတွေရဲ့အဆင်အခြင်မဲ့မှုကို ဘယ်တော့မှု လျော့မတွက်ပါနဲ့”   လို့ နိဒါန်းချီထားတဲ့ သည်သင်ခန်းစာမှာ ၂၁ ရာစုရဲ့ အစောပိုင်းဆယ်စုနှစ်တွေဟာ လူ့သမိုင်းတလျှောက် အငြိမ်းချမ်းဆုံးခေတ်တွေဖြစ်ခဲ့ကြောင်း၊ စစ်ခင်းခြင်းက စီးပွားရေးအရရော ပထဝီနိုင်ငံရေးအရပါ အဓိပ္ပာယ်မရှိတော့ကြောင်း အဆိုတင်သွင်းထားခဲ့တယ်။ သို့တိုင်အောင် ထိုအရှိတရားတွေက ငြိမ်းချမ်းရေးကိုဘယ်တော့မှအာမမခံခဲ့ကြောင်း၊ ဘာလို့လဲဆိုတော့ “ လူသားတို့ရဲ့ရူးကြောင်မှုဟာ သမိုင်းရဲ့အရေးအပါဆုံးအရွေ့တွေထဲက တစ်ခု” ဖြစ်ပြီး “ စဥ်းစားချင့်ချိန်နိုင်စွမ်းရှိတယ်ဆိုတဲ့ ခေါင်းဆောင်တွေကတောင် နောက်ဆုံးကြတော့ အဓိပ္ပာယ်မရှိတဲ့အရာတွေကိုမှ မကြာခဏလုပ်ကြလေ့” ရှိကြောင်း ရေးခဲ့တယ်။

သည်လိုမျိုးသုံးသပ်ချက်တွေ လုပ်ခဲ့ပေမယ့်လည်း ဖေဖော်ဝါရီ ၂၀၂၂ မှာ ဗလာဒီမာပူတင်က ယူကရိန်းကိုသိမ်းပိုက်ဖို့ကြိုးစားတော့ ကျွန်တော်အကြီးအကျယ်တုန်လှုပ်သွားခဲ့တယ်။ ထင်ထားသလိုဖြစ်လာခဲ့တဲ့ အနိဌာရုံတွေဟာ ရုရှားနိုင်ငံကိုယ်တိုင်နဲ့ လူသားဖြစ်တည်မှုတစ်ခုလုံးအတွက် တော်တော်ကိုဆိုးရွားလှတယ်။ ဆိုးတာမှ ကျုးကျော်မှုဟာ သွေးအေးလှပါတယ်ဆိုတဲ့ အာဏာရူးတစ်ယောက်အတွက်တောင် မလုပ်လောက်ဘူးလို့ထင်ရတဲ့ ရွှေ့ကွက်ပါ။ သို့တိုင်အောင် ရုရှားအုပ်စိုးသူလူတစ်စုက လူ့သမိုင်းရဲ့အငြိမ်းချမ်းဆုံးကာလကို အဆုံးသတ်ဖို့၊ လူသားမျိုးနွယ်ကို ကျွန်ုပ်တို့ယခင်ကမြင်ဖူးခဲ့တဲ့ စစ်ပွဲကာလတွေမှန်သမျှထက်ပိုဆိုးတဲ့ စစ်ပွဲကာလသစ်တစ်ခုဆီတွန်းပို့ဖို့ ရွေးချယ်ခဲ့ကြတယ်။ သည်အရာက ကျွန်ုပ်တို့လူသားမျိုးနွယ် ဆက်လက်ရှင်သန်ရေးဆိုတဲ့အရာကို ခြိမ်းခြောက်ကောင်းခြိမ်းခြောက်လာနိုင်တယ်။

ဒါဟာ ကြေကွဲဖွယ်ရာပဲ။ အထူးသဖြင့် စစ်ပွဲဆိုတာ တားဆီးရှောင်လွှဲနိုင်ကြောင်း ရှေ့ဆယ်စုနှစ်အနည်းငယ်ကပြသခဲ့ပြီးချိန်မှာ ဒါတွေဖြစ်လာတာဟာ ကြေကွဲစရာပါ။ စစ်ပွဲဆိုတာက အချိန်ကာလ၊ ဒေသအလိုက် ဖြစ်ပေါ်လာတဲ့ လူသားတွေရဲ့ရွေးချယ်မှုပါ။ ၁၉၄၅ ကစလို့ ထိပ်တန်းအင်အားကြီးနိုင်ငံတွေ အကြားဖြစ်တဲ့ စစ်ပွဲတစ်ပွဲမှ ကျွန်ုပ်တို့မမြင်ခဲ့ရပါဘူး။ နိုင်ငံတကာကအသိအမှတ်ပြုလက်ခံထားတဲ့ ဒေသတစ်ခုကို တိုင်းတစ်ပါးက ကျူးကျော်သိမ်းပိုက်ခဲ့တာမျိုးလည်း မဖြစ်ခဲ့ဘူး။ အကန့်အသတ်နဲ့ဖြစ်တဲ့ ဒေသဆိုင်ရာ၊ ပြည်တွင်းဆိုင်ရာ ပဋိပက္ခတွေကတော့ အရင်ကလို အကြမ်းဖျဥ်းအားဖြင့် များများစားစားတွေ့ရတယ်- ကျွန်တော်က အစ္စရေးမှာနေတာပါ၊ ဆိုတော့ ဒါကို ကျွန်တော် ကောင်းကောင်းကြီးသိတာပေါ့။ ဒါပေမဲ့ အစ္စရေးက အနောက်ကမ်းရိုးတန်းကိုသိမ်းပိုက်ထားတဲ့ကိစ္စ ရှိသည့်တိုင်အောင် နိုင်ငံတွေက အကြမ်းဖက်နည်းလမ်းနဲ့ တိုင်းပြည်ချဲ့ထွင်ဖို့ သိပ်မကြိုးစားကြတော့ဘူး။ သည်အချက်ကြောင့်ပဲ အစ္စရေးရဲ့ကမ်းရိုးတန်းသိမ်းမှုက အာရုံကြီးကြီးစိုက်ခံရပြီး ဝေဖန်မှုများစွာခံရတာပါ။ နှစ်ထောင်ပေါင်းများစွာသော အင်ပါယာသမိုင်းတလျှောက်လုံးမှာ ထုံးစံလိုဖြစ်ခဲ့တဲ့အရာက ယခုခေတ်မှာ ခါးခါးသီးသီး ရွံရှာမုန်းတီးစရာအရာ ဖြစ်နေပြီ။

ပြည်တွင်းစစ်တွေ၊ ပုန်ကန်မှုတွေ၊ အကြမ်းဖက်ဝါဒဖြစ်ရပ်တွေကို စာရင်းထဲထည့်သွင်းမယ်ဆိုရင်တောင် လတ်တလောဆယ်စုနှစ်များထဲမှာ စစ်မက်ဖြစ်ပွားမှုဟာ အဆုံးစီရင်မှု၊ ယာဥ်မတော်တဆဖြစ်မှုနဲ့ အဝလွန်ခြင်းနှင့်ပတ်သက်တဲ့ ရောဂါကြောင့် သေဆုံးမှုတွေထက် လူသေဆုံးတာအဆမတန်ပိုနည်းခဲ့တယ်။ ၂၀၁၉ မှာ လက်နက်ကိုင်ပဋိပက္ခများ သို့မဟုတ် ရဲဘက်ဆိုင်ရာပစ်ခတ်မှုများကြောင့် လူခုနစ်သောင်း၊ သေကြောင်းကြံမှု (သို့မဟုတ်) အဆုံးစီရင်မှုကြောင့် လူခုနစ်သိန်း၊ ယာဥ်မတော်တဆမှုကြောင့် လူပေါင်း ၁.၃ သန်း၊ ဆီးချိုရောဂါကြောင့် လူပေါင်း ၁.၅ သန်း သေဆုံးခဲ့တယ်။

သို့တိုင်အောင် ငြိမ်းချမ်းရေးဆိုတာက ကိန်းဂဏန်းတွေနဲ့ချည်းသာ သက်ဆိုင်တဲ့အရာမဟုတ်ဘူး။ လတ်တလောဆယ်စုနှစ်များထဲက အရေးအကြီးဆုံးအပြောင်းအလဲဟာ စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးစေ့ဆော်မှုတွေကြောင့် ဖြစ်နိုင်တယ်။ လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာကတော့ ငြိမ်းချမ်းရေးဆိုတာက “ စစ်ပွဲမရှိသည့်ကာလအပိုင်းအခြား” လို့ အဓိပ္ပာယ်ဖွင့်ခဲ့ပါတယ်။ ဥပမာအားဖြင့် ရောမနိုင်ငံနဲ့ ကားသေ့နိုင်ငံအကြားဖြစ်ခဲ့တဲ့ ပျူးနစ်စစ်ပွဲသုံးခုအကြားမှာ ငြိမ်းချမ်းရေးကာလ ဆယ်စုနှစ်များကြာအောင်ရှိခဲ့တယ်၊ ဒါပေမဲ့ ရောမနိုင်ငံသားတိုင်း၊ ကားသေ့နိုင်ငံသားတိုင်းက အဲသည့် “ ပျူးနစ်ငြိမ်းချမ်းရေး” က အချိန်မရွေးပြိုကွဲသွားနိုင်တယ်ဆိုတာကို သိကြတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ ယဥ်ကျေးမှု ဒါတွေအားလုံးကို အဆက်မပြတ်ဖြစ်နေတဲ့ စစ်ရေးစစ်ရာအပေါ် လူသားတွေရဲ့ ထင်မြင်မှန်းဆချက်က ပုံဖော်ခဲ့တယ်။

၂၀ ရာစုနှောင်းပိုင်းနဲ့ ၂၁ ရာစုအစောပိုင်းကာလမှာတော့ ငြိမ်းချမ်းရေးဆိုတဲ့ စကားစုရဲ့အဓိပ္ပာယ်ဟာ ပြောင်းလဲသွားခဲ့တယ်။ ငြိမ်းချမ်းရေးဟောင်းဟာ “ ယာယီစစ်ပွဲမရှိခြင်း” လို့သာ အဓိပ္ပာယ်ပေါက်ခဲ့ပေမယ့် ငြိမ်းချမ်းရေးသစ်ကတော့ “ စစ်ပွဲလုံးဝမဖြစ်နိုင်ခြင်း” လို့ အဓိပ္ပာယ်ဖွင့်လာခဲ့တယ်။ (အားလုံးမဟုတ်တောင်) ကမ္ဘာ့ဒေသအတော်များများကနိုင်ငံတွေက သူတို့အိမ်နီးချင်းနိုင်ငံတွေကျူးကျော်လာပြီး သူတို့ကို ဖွတ်ဖွတ်ညက်ညက်ကြေအောင်လုပ်မှာကို အခုအချိန်မှာမကြောက်ကြတော့ဘူး။ တူနီးရှန်းတွေက အီတလီတွေကျူးကျော်လာမှာကို မကြောက်ကြတော့ဘူး၊ ကိုစတာရီကန်တွေက ဆန်ဟိုဆေးကို နီကာအာဂွန်တပ်တွေ အပြင်းချီတက်လာတော့မယ်လို့ မတွေးတော့ဘူး၊ ဆိုမိုလန်တွေက ဖီဂျီစစ်ရေတပ်တွေ ရုတ်တရက်ထွက်လာမှာကို မကြောက်ကြတော့ဘူး။ ဘာလို့ အဲသည့်နိုင်ငံတွေက သည်လိုကိစ္စတွေကို မကြောက်ကြတော့ဘူးလို့ ကျွန်တော်တို့ပြောနိုင်သလဲ၊ နိုင်ငံတော်သုံးစရိတ်ကို ကြည့်ပြီးတော့ ပြောနိုင်ပါတယ်။

လတ်တလောအချိန်တွေမရောက်ခင်အထိ စစ်အသုံးစရိတ်က အင်ပါယာတိုင်း၊ ဆူလတန်နိုင်ငံတိုင်း၊ ဘုရင့်နိုင်ငံတိုင်း၊ ရီပါ့ဘလစ်နိုင်ငံတိုင်းရဲ့ နံပါတ် ၁ အသုံးစရိတ်ဖြစ်ခဲ့တယ်။ အစိုးရက သူတို့ဘဏ္ဍာငွေအများစုကို စစ်သားလစာ၊ တံတိုင်းတည်ခ၊ စစ်သင်္ဘောတည်ခအတွက် သုံးစွဲခဲ့ရတော့ ကျန်းမာရေးနဲ့ ပညာရေးအတွက် အနည်းငယ်သာသုံးနိုင်ခဲ့တယ်။ ရောမအင်ပါယာက စစ်တပ်အတွက် နိုင်ငံ့ဘဏ္ဍာရဲ့ ၅၀ မှ ၇၅ ရာခိုင်နှုန်းကို သုံးစွဲခဲ့တယ်၊ ဆွန်အင်ပါယာ (၉၆၀-၁၂၇၉) က  ၈၀ ရာခိုင်နှုန်းသုံးခဲ့တယ်၊ ၁၇ ရာစုနှောင်းပိုင်းက အော်တိုမန်အင်ပါယာက ၆၀ ရာခိုင်နှုန်းသုံးခဲ့တယ်။ ၁၆၈၅ ကနေ ၁၈၁၃ အထိ ဗြိတိန်အစိုးရအသုံးအစိတ်မှာ စစ်တပ်အတွက်ဝေစုဟာ ၅၅ ရာခိုင်နှုန်းအောက် ဘယ်တော့မှမရောက်ခဲ့ဘူး၊ ပျမ်းမျှ ၇၅ ရာခိုင်နှုန်းရှိခဲ့တယ်။ ပဋိပက္ခအကြီးအကျယ်ဖြစ်ခဲ့တဲ့ ၂၀ ရာစုအတွင်းမှာ ဒီမိုကရေစီစနစ်နဲ့ အလုံးစုံဗဟိုချုပ်ကိုင်စနစ် အင်အားစုနှစ်ခုလုံးက စက်သေနတ်တွေ၊ တင့်ကားတွေ၊ ရေအာက်သင်္ဘောတွေကို ရင်းနှီးမြုပ်နှံဖို့အတွက် အကြွေးနွံနစ်ခဲ့ရတယ်။ အိမ်နီးချင်းတိုင်းပြည်တွေက အချိန်မရွေး ကိုယ့်တိုင်းပြည်ကိုကျူးကျော်၊ အိမ်တွင်းပစ္စည်းတွေကို ဖောက်ထွင်းသိမ်းယူ၊ ကိုယ့်ပြည်သူတွေကို ကျွန်ပြု၊ နယ်မြေသိမ်းတာတွေကိုလုပ်နိုင်ချိန်မှာတော့ စစ်ရေးကိုရင်းနှီးမြုပ်နှံတာက သင့်တော်တဲ့လုပ်ရပ်ပါပဲ။

ငြိမ်းချမ်းရေးသစ်ကာလတွင်း နိုင်ငံတော်အသုံးစရိတ်စာရင်းတွေက ရေးထားပြီးကြသမျှ ငြိမ်းချမ်းရေးစာတမ်းငယ်တွေထက် မျှော်လင့်ချက်အများကြီးပိုရှိတဲ့ ညွှန်းဆိုချက်တွေပါပဲ။ ၂၁ ရာစုအစောပိုင်းမှာ အစိုးရတွေရဲ့ ပျမ်းမျှစစ်အသုံးစရိတ်ဟာ ၆.၅ ရာခိုင်နှုန်းသာရှိတယ်။ ကမ္ဘာလွှမ်းတဲ့ ထိပ်တန်းအင်အားကြီးနိုင်ငံဖြစ်တဲ့ အမေရိကန်တောင်မှ သူ့ရဲ့ထိပ်တန်းဂုဏ်ပုဒ်ကိုထိန်းဖို့အတွက် ၁၁ ရာခိုင်နှုန်းသာ စစ်အသုံးစရိတ်အဖြစ်သုံးခဲ့တယ်။ လူတွေက ပြည်ပကျူးကျော်မှုအကြောက်တရားအောက်မှာ နေနေကြရတော့တာမဟုတ်တော့ အစိုးရက ကျန်းမာရေး၊ လူမှုဖူလုံရေး၊ ကျန်းမာရေးကို စစ်အသုံးစရိတ်ထက် ပိုပိုသာသာ ရင်းနှီးမြုပ်နှံနိုင်ခဲ့တယ်။ ဥပမာအားဖြင့် အစိုးရတွေရဲ့ ပျမ်းမျှကျန်းမာရေးအသုံးစရိတ်ဟာ ဘတ်ဂျက်ရဲ့ ၁၀.၅ ရာခိုင်နှုန်း သို့မဟုတ် စစ်အသုံးစရိတ်ရဲ့ ၁.၆ ဆ ဖြစ်တယ်။ သည်ခေတ်ကလူတွေအတွက်တော့ ကျန်းမာရေးဘတ်ဂျက်က စစ်ရေးဘတ်ဂျက်ထက်ပိုများတယ်ဆိုတဲ့ အချက်ဟာ သာမာန်ကိစ္စပဲပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ငြိမ်းချမ်းရေးသစ်ကို အလေးအနက် တန်ဖိုးမထားဘဲ လျစ်လျူရှုနေမယ်ဆိုရင် မကြာခင်မှာ စွန့်လွှတ်လိုက်ရလိမ့်မယ်။

ငြိမ်းချမ်းရေးသစ်ဟာ အဓိကတွန်းအားသုံးခုရဲ့ရလဒ်ဖြစ်တယ်။ ပထမတစ်ခုကတော့ နည်းပညာဆိုင်ရာအပြောင်းအလဲတွေ (အထူးသဖြင့် အဏုမြူလက်နက်တွေ တီထွင်ဖော်ထုတ်ခြင်း) က စစ်အသုံးစရိတ်ကို များစွာမြင့်တက်လာစေခဲ့တယ်။ အထူးသဖြင့် ထိပ်သီးအင်အားကြီးနိုင်ငံတွေအကြားမှာပေါ့။ အဏုမြူဗုံးတွေက ထိပ်သီးအင်အားကြီးစစ်ပွဲကို ရူးခါလောက်တဲ့ အစုလိုက်အပြုံလိုက် သေကြောင်းကြံစည်မှုလုပ်ရပ်အဖြစ် ပြောင်းလဲပစ်ခဲ့တယ်။ ဒါကြောင့်ပဲ ဟီရိုရှီးမားနဲ့ နာဂါဆာကီအဖြစ်အပျက်ပြီးကတည်းက အင်အားကြီးနိုင်ငံတွေက တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် တိုက်ရိုက်စစ်မခင်းကြတော့တာပဲ။

ဒုတိယအနေနဲ့ စီးပွားရေးစနစ်အပြောင်းအလဲတွေက စစ်နိုင်ရင်ရတဲ့အမြတ်အစွန်းကို အများအပြား လျှော့ချပစ်လိုက်တယ်။ ယခင်က အဓိကစီးပွားရေးပိုင်ဆိုင်မှုများဟာ အင်အားနဲ့သိမ်းလို့ရခဲ့တဲ့ ရုပ်ဝတ္တုရင်းမြစ်တွေဖြစ်တယ်။ ပျူးနစ်စစ်ပွဲမှာ ရောမက ကားသေ့ကို အနိုင်ရတော့ ရှုံးသွားတဲ့ပြိုင်ဘက်ပစ္စည်းတွေကို ဖော်ထွင်းသိမ်းယူတာ၊ ကားသေ့နိုင်ငံသားတွေကို ကျွန်ပြုရောင်းစားတာ၊ စပိန်က ငွေသတ္တုတွင်းတွေနဲ့ စပိန်က ဂျုံခင်းတွေကိုသိမ်းတာတွေလုပ်ခဲ့ပြီး ရောမက ချမ်းသာလာခဲ့တယ်။ ဒါပေမဲ့ လတ်တလောဆယ်စုနှစ်များမှာတော့ သိပ္ပံ၊ နည်းပညာနဲ့ အဖွဲ့အစည်းအသိပညာတွေက နေရာတော်တော်များများရဲ့ အဓိကစီးပွားရေးပိုင်ဆိုင်မှုတွေဖြစ်လာခဲ့တယ်။ စီလီကွန်တောင်ကြားမှာ စီလီကွန်သတ္တုတွင်းတွေမှ မရှိပါဘူး။ ဒေါ်လာထရီလီယံချီစီးပွားရေးလုပ်ငန်းကြီးတွေဖြစ်တဲ့ မိုက်ကရိုဆော့ဗ်နဲ့ဂူဂဲလ်တို့က မြေကြီးအောက်က အရာတွေနဲ့ တည်ဆောက်ထားတာ မဟုတ်ပါဘူး။ အင်ဂျင်နီယာတွေ ၊ စွန့်ဦးတီထွင်သူတွေရဲ့ စိတ်ကူးစိတ်သန်းလုပ်နိုင်စွမ်းပေါ်မှာ တည်ဆောက်ထားတာပါ။ ။ ပြီးတော့ ငွေတွင်းတွေကို သိမ်းပိုက်ရတာလွယ်ပေမယ့် ပညာရပ်တွေကို အလားတူနည်းနဲ့ သိမ်းလို့မရနိုင်ပါဘူး။ သည်လိုစီးပွားရေးအရှိတရားက နယ်မြေသိမ်းခြင်းကရနိုင်တဲ့ အမြတ်အစွန်းကို တဟုန်ထိုးလျော့ကျစေခဲ့တယ်။

အရှေ့အလယ်ပိုင်းဒေသ အစရှိတဲ့ ကမ္ဘာရဲ့အချို့ဒေသတွေကို ရုပ်ဝတ္တုအခြေပြုစစ်ပွဲတွေနဲ့ ဆက်လက်ပုံဖော်နိုင်ကြပေမဲ့ ၁၉၄၅ နောက်ပိုင်းကာလ စီးပွားရေးစနစ်ကြီးတွေဟာ အင်ပါယာနယ်ချဲ့သိမ်းပိုက်ခြင်းတွေမပါဘဲ ကြီးထွားလာခဲ့တယ်။ ဂျာမနီ၊ ဂျပန်နဲ့ အီတလီနိုင်ငံတွေရဲ့ စစ်တပ်တွေဟာပြိုကွဲသွားပြီး သူတို့ရဲ့နယ်မြေတွေဟာ ကျုံ့သွားခဲ့ပါတယ်၊ ဒါပေမယ့် စစ်ပွဲပြီးသွားတဲ့အခါမှာ သူတို့စီးပွားရေးဟာ တဟုန်ထိုးဖွံ့ဖြိုးလာခဲ့တယ်။ ၁၉၇၉ ကစလို့ တရုတ်နိုင်ငံဟာ စစ်ပွဲကြီးကြီးမားမားနဲ့ ပတ်သက်ဆက်နွယ်ခြင်းမရှိဘဲ နိုင်ငံရဲ့စီးပွားရေးမဟာအံ့ဖွယ်ကို ဖော်ဆောင်နိုင်ခဲ့တယ်။

ကျွန်တော် သည်စာတွေကိုရေးနေတဲ့ နိုဝင်ဘာလအစောပိုင်းမှာဆိုရင် ရုရှားစစ်သားတွေက ယူကရိန်းနိုင်ငံရဲ့ ကာစန်မြို့ရဲ့ အိမ်ထဲကပစ္စည်းတွေကို သိမ်းယူနေခဲ့ကြတယ်။ ထရပ်ကားတွေပေါ်ကို ယူကရိန်းအိမ်တွေထဲကခိုးယူထားတဲ့ ကော်ဇောတွေနဲ့ ပေါင်မုန့်ဖုတ်စက်တွေအပြည့်တင်ပြီး ရုရှားပြည်ကို ပြန်ပို့နေခဲ့ကြတယ်။ သည်လိုလုပ်တာက ရုရှားပြည်ကို ချမ်းသာသွားစေမှာမဟုတ်ဘူး၊ ရုရှားရဲ့စစ်အသုံးစရိတ်ကို ပြန်ကာမိမှာလည်းမဟုတ်ဘူး။ ဒါပေမဲ့ ပူတင်ရဲ့ ယူကရိန်းကျူးကျော်စစ်က သက်သေပြခဲ့သလို နည်းပညာနဲ့ စီးပွားရေးအပြောင်းအလဲသက်သက်နဲ့တော့ ငြိမ်းချမ်းရေးသစ်ကို ဖန်တီးဖို့မလုံလောက်ဘူး။ တချို့ခေါင်းဆောင်တွေက အာဏာမက်မောပြီး အဆင်အခြင်မဲ့ကြတယ်။ ဒါတွေကြောင့်ပဲ သူတို့နိုင်ငံရဲ့စီးပွားရေးပျက်သုဥ်းစေသည့်တိုင်အောင် စစ်ပွဲကိုဆင်နွှဲကောင်းဆင်နွှဲနိုင်တယ်။ လူသားမျိုးနွယ်တစ်ခုလုံးကို အဏုမြူအဆုံးအဖြတ်ပွဲဆီ တွန်းပို့နိုင်သည့်တိုင်အောင် စစ်ပွဲကိုဆင်နွှဲကောင်းဆင်နွှဲနိုင်တယ်။ သည်လိုကိစ္စတွေနဲ့လျော်ညီစွာပဲ ငြိမ်းချမ်းရေးသစ်ရဲ့ တတိယအရေးပါတဲ့ထောက်တိုင်ဟာ အတွေးအခေါ်ယဉ်ကျေးမှုနှင့် ယန္တရားစနစ်တည်ဆောက်မှုဆိုင်ရာ ကိစ္စရပ်တွေ ဖြစ်တယ်။

စစ်ပွဲဟာ ရှောင်လွှဲလို့မရဘူး၊ နှစ်လိုဖွယ်တောင်ရှိသေးတယ်လို့ စစ်ပွဲကိုရှုမြင်ခဲ့တဲ့ စစ်ဝါဒီဆန်ဆန် အစဥ်အလာဟာ လူ့အသိုက်အဝန်းကို ကာလကြာမြင့်စွာ လွှမ်းမိုးလျက်ရှိခဲ့တယ်။ စစ်ရေးအောင်နိုင်မှုဟာ ဘဝရဲ့ အကြီးမားဆုံးအောင်မြင်မှုဖြစ်တယ်၊ အာဏာနဲ့ ကြွယ်ဝမှုပြည့်စုံဖို့အတွက် စံပြနည်းနာဖြစ်တယ်ဆိုပြီး ရောမနဲ့ ကားသေ့က မင်းမျိုးမင်းနွယ်တွေဟာ ယုံကြည်ခဲ့ကြတယ်။ ဗာဂျေနဲ့ ဟောရပ် စတဲ့အနုပညာရှင်တွေကလည်း သူတို့ကိုထောက်ခံပြီး သူတို့ပင်ကိုယ်စွမ်းရည်၊ ပါရမီတွေကိုသုံးကာ လက်နက်နဲ့စစ်သည်တွေအကြောင်း သီကျူးတာ၊ သွေးထွက်သံယိုစစ်ပွဲတွေကို ဂုဏ်ဖော်တာ၊ ရက်စက်လှတဲ့စစ်ဘုရင်တွေကို သမိုင်းမော်ကွန်းတင်တာတွေ တစိုက်မတ်မတ်လုပ်ခဲ့ကြတယ်။ ငြိမ်းချမ်းရေးသစ်ကာလမှာတော့ အနုပညာရှင်တွေက သူတို့စွမ်းရည်၊ ပါရမီတွေကို စစ်ပွဲရဲ့အနိဌာရုံတွေကိုဖော်ထုတ်ခြင်းတွေဘက် လှည့်လာကြပြီး နိုင်ငံရေးသမားတွေကတော့ နိုင်ငံခြားမြို့တွေကို လုယက်ခြင်းထက် ကျန်းမာရေးစနစ်ပြုပြင်ပြောင်းလဲရေးကို အစပျိုးခြင်းနဲ့ သူတို့သမိုင်းကိုချန်လာခဲ့ကြတယ်။ အဏုမြူစစ်ပွဲအပေါ် စိုးရိမ်မှုတွေ၊ စီးပွားရေးစနစ်ရဲ့ အသွင်သဏ္ဍာန်ပြောင်းလဲမှုတွေနဲ့ ယဉ်ကျေးမှုလှိုင်းသစ်တွေ နောက်မှာ ကမ္ဘာ့တလွှားကခေါင်းဆောင်တွေဟာ လည်ပတ်လှုပ်ရှားနိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာအစီအစဉ်ကို တည်ဆောက်ဖို့ ပူးပေါင်းလာကြပြီး သူတို့နိုင်ငံတွေ ငြိမ်းငြိမ်းချမ်းချမ်းဖွံ့ဖြိုးဖို့၊ တချိန်တည်းမှာ ရံဖန်ရန်ခါပေါ်ပေါက်လာတဲ့ စစ်ဘီလူးတွေကို စည်းနှောင်ထိန်းချုပ်ဖို့ကြိုးစားလာကြတယ်။

ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်ဟာ လစ်ဘရယ်စံနှုန်းများအပေါ်မှာ အခြေခံလျက်ရှိတယ်။ လူသားအားလုံးက အခြေခံလွတ်မြောက်မှုနဲ့ထိုက်တန်တယ်၊ ဘယ်လူတစုကမှ နောက်ထပ်အခြားလူတစုထက် မွေးရာပါမြင့်မြတ်တယ်ဆိုပြီးမရှိဘူး၊ လူသားအားလုံးဟာ ပင်မအတွေ့အကြုံ၊ တန်ဖိုးနဲ့ အကျိုးစီးပွားကို မျှဝေခံစားတယ်လို့ သည်စံနှုန်းက ညွှန်းဆိုတယ်။ သည်စံနှုန်းက စစ်ပွဲကိုရှောင်ရှားဖို့၊ စစ်တိုက်မယ့်အစား ဘုံတန်ဖိုးထားမှုကိုကာကွယ်ဖို့အတွက်၊ ဘုံအကျိုးစီးပွားကို တက်လှမ်းအရယူဖို့အတွက် အတူတကွလက်တွဲ လုပ်ဆောင်ကြဖို့ ခေါင်းဆောင်တွေကိုအားပေးတယ်။ ကမ္ဘာလုံးဆိုင်ရာ လစ်ဘရယ်အစီအစဉ်က ဘုံတန်ဖိုးထားမှုများအပေါ် ယုံကြည်သက်ဝင်စေခြင်းဖြင့်  ကမ္ဘာလုံးဆိုင်ရာ လုပ်ကိုင်လည်ပတ်မှုကို ငြိမ်းချမ်းစွာတည်ရှိစေခဲ့တယ်။

ဒီကမ္ဘာလုံးဆိုင်ရာအစီအစဉ်က ခြောက်ပြစ်ကင်းသဲလဲစင်တော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် သည်အစီအစဉ်က ဗြိတိန်နဲ့ အမေရိကန်လိုမျိုး အင်ပါယာဒေသဟောင်းက လူတွေရဲ့ ဘဝကိုသာမက အိန္ဒိယကအစ ဘရာဇီးအဆုံး၊ ပိုလန်ကအစ တရုတ်အဆုံး ကမ္ဘာရဲ့အခြားဒေသအတော်များများက လူတွေရဲ့ဘဝကိုပါ မြှင့်တင်ပေးနိုင်ခဲ့တယ်။ ကမ္ဘာ့ကုန်သွယ်ရေးနဲ့ရင်းနှီးမြုပ်နှံမှုများ ပေါ်ထွန်းလာခြင်းကတဆင့် ကမ္ဘာ့ကုန်းမြေကနိုင်ငံတိုင်း အကျိုးအမြတ်ရခဲ့ကြတယ်။ နိုင်ငံတိုင်းနီးပါးက သီးပွင့်လာတဲ့ ငြိမ်းချမ်းရေးကို ခံစားခဲ့ကြတယ်။ ဒိန်းမတ်နဲ့ကနေဒါပဲ တင့်ကားတွေဆီကနေ ဆရာ၊ဆရာမတွေထံသို့ ရင်းမြစ်တွေလွှဲပြောင်းသုံးစွဲသွားနိုင်ခဲ့တာ မဟုတ်ဘူး၊ နိုင်ဂျီးရီးယားနဲ့ အင်ဒိုနီးရှားလည်း အလားတူလုပ်ငန်းမျိုး လုပ်နိုင်ခဲ့တယ်။

ကမ္ဘာလုံးဆိုင်ရာ လစ်ဘရယ်အစီအစဉ်ရဲ့ အပြစ်အနာအဆာတွေကို အာပေါင်အာရင်းသန်သန် ပြောဆိုနေတဲ့လူတွေအနေနဲ့ ရိုးရှင်းတဲ့ မေးခွန်းတစ်ခုကို အရင်ဆုံးဖြေကြည့်လို့ရပါတယ် – ၂၀၁၀ ဆယ်စုနှစ်များထက် လူသားမျိုးနွယ် တင့်တောင်းတင့်တယ်နေနိုင်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကို ပြောပြပေးနိုင်မလား။ ဘယ်ဆယ်စုနှစ်က သင့်ရဲ့ပျောက်ဆုံးသွားသော ရွှေခေတ်လဲ။ ပထမကမ္ဘာစစ်ဖြစ်ခဲ့တဲ့၊ ဘော်ရှီဗစ်တော်လှန်ရေးဖြစ်ခဲ့တဲ့၊ ဂျင်ခရိုးလူမျိုးရေးခွဲခြားရေးဖြစ်ခဲ့တဲ့၊ ဥရောပအင်ပါယာက အာဖရိကနဲ့အာရှတိုက်အတော်များများကို ခေါင်းပုံဖြတ်အမြတ်ထုတ်ခဲ့တဲ့ ၁၉၁၀ ဆယ်စုနှစ်ကာလလား။ ဒါမှမဟုတ် သွေးထွက်သံယိုမှုတွေ အထွဋ်အထိပ်ရောက်ခဲ့တဲ့ နပိုလီယန်စစ်ပွဲကာလတွေ၊ တရုတ်နဲ့ရုရှားမင်းမျိုးမင်းနွယ်အစိုးရတွေက တောင်သူလယ်သမားတွေကို အတုံးအရုံးခြေမွခဲ့တဲ့ကာလတွေ၊ အရှေ့အိန္ဒိယကုမ္ပဏီတွေက အိန္ဒိယကို သူတို့ထိန်းချုပ်မှုအောက်မှာခိုင်မြဲဖို့ ကြိုးစားခဲ့တဲ့ကာလတွေ၊  အမေရိကန်၊ ဘရာဇီးနဲ့ ကမ္ဘာရဲ့အခြားအစိတ်အပိုင်းမှာ ကျွန်ပြုခြင်းက တရားဝင်သေးတဲ့ကာလတွေဖြစ်တဲ့ ၁၈၁၀ ဆယ်စုနှစ်ကာလတွေလား။ ဒါမှမဟုတ် သင်ဟာ အာဟာရမပြည့်ဝခြင်းတွေ၊ လူလားမမြောက်ခင်ဖြစ်တဲ့ ရောဂါဘယတွေကြောင့် နေရာတကာက ရှိရှိသမျှကလေးတွေရဲ့ သုံးပုံတစ်ပုံသေဆုံးစေခဲ့တဲ့ စပိန်ဘုရင်နန်းလုပွဲ ၊ မဟာမြောက်ပိုင်းစစ်ပွဲ၊ မွတ်ဂယ်ဘုရင်နန်းလုပွဲတွေရှိခဲ့တဲ့ ၁၇၁၀ ဆယ်စုနှစ်ကာလတွေကို အိပ်မက်မက် တောင့်တနေတာလား။

ထူးခြားဆန်းကြယ်ဖြစ်ရပ်တွေကြောင့် ငြိမ်းချမ်းရေးသစ်ဆိုတဲ့ ရလဒ်ပေါ်ပေါက်လာခဲ့တာမဟုတ်ဘူး။ လူသားတွေက ပိုကောင်းတဲ့ရွေးချယ်မှုတွေပြုလုပ်ခဲ့ပြီး လက်တွေ့အလုပ်လုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာအစီအစဉ်ကို တည်ဆောက်နိုင်ခဲ့လို့သာ ငြိမ်းချမ်းရေးသစ်ကို ရယူအောင်နိုင်ခဲ့ကြတာဖြစ်တယ်။ ကံမကောင်းစွာနဲ့ပဲ သည်အောင်နိုင်မှုကို တန်ဖိုးမထားတဲ့ လူအရေအတွက်က တော်တော်များတယ်။ ဖြစ်နိုင်တာကတော့ ငြိမ်းချမ်းရေးသစ်ဆိုတာ နည်းပညာဆိုင်ရာတွန်းအားနဲ့ စီးပွားရေးစနစ်တွန်းအားတို့နဲ့ အဓိကအာမခံထားတယ်၊ တတိယထောက်တိုင်ဖြစ်တဲ့ ကမ္ဘာလုံးဆိုင်ရာ လစ်ဘရယ်အစီအစဉ်မပါဘဲနဲ့တောင် ငြိမ်းချမ်းရေးသစ်က ရှင်သန်နိုင်တယ်လို့ ယူဆခဲ့ကြပုံပဲ။ နောက်ဆက်တွဲအဖြစ် သည်အစီအစဉ်ဟာ လျစ်လျူရှုခံရပြီးတော့ ကြီးထွားလာတဲ့ အကြမ်းဖက်မှုတွေ ကြမ်းကြုတ်မှုတွေရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရတယ်။

တိုက်ခိုက်မှုတွေက အီရန်အစရှိတဲ့ ဗွေဖောက်တဲ့တိုင်းပြည်တွေ၊ ပူတင်အစရှိတဲ့ ဗွေဖောက်တဲ့ခေါင်းဆောင်တွေနဲ့ အစပြုခဲ့တယ်။ ဒါပေမဲ့ သူတို့ချည်းသက်သက်ကသာ ငြိမ်းချမ်းရေးသစ်ကို အဆုံးသတ်ဖို့ မစွမ်းနိုင်ပါဘူး။ ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်ကို အမှန်တကယ် အတွင်းကနေလှိုက်စားစေတဲ့အကြောင်းအရင်းက (တရုတ်၊ အိန္ဒိယ၊ ဘရာဇီး၊ ပိုလန်ပါဝင်တဲ့) အစီအစဉ်ကနေ အကျိုးအမြတ်ခံစားရတဲ့နိုင်ငံတွေရော (ယူကေနဲ့ အမေရိကန်တို့လို) ဦးစီးဦးဆောင်လုပ်ပြီး အစီအစဉ်ကိုတည်ဆောက်လာခဲ့တဲ့ နိုင်ငံတွေကပါ အစီအစဉ်ရဲ့နောက်ကျောကို ဓါးနဲ့ထိုးလာခဲ့လို့ဖြစ်တယ်။ ၂၀၁၆ က Brexit မဲပေးဆုံးဖြတ်ခြင်း အဖြစ်အပျက်နဲ့ ဒေါ်နယ်ထရမ့်အား ရွေးကောက်တင်မြှောက်ခြင်းဖြစ်ရပ်နှစ်ခုက သည်အလှည့်အပြောင်းကို သရုပ်ဖော်ပြခဲ့တယ်။

ကမ္ဘာလုံးဆိုင်ရာ လစ်ဘရယ်အစီအစဉ်ကို သည်လိုစိန်ခေါ်လိုက်တဲ့သူအများစုက စစ်ကိုလိုလားနေကြတာတော့မဟုတ်ဘူး။ သူတို့နိုင်ငံရဲ့အကျိုးအမြတ်ဆိုတဲ့အရာကို သူတို့နားလည်သလို တက်လှမ်းချင်ကြရုံပဲ။ နိုင်ငံရဲ့ ကိုယ်ပိုင်ရှားပါးအမှတ်သင်္ကေတနဲ့ အစဥ်အလာကို ကာကွယ်ရမယ်၊ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမယ်လို့လည်း သူတို့ကအဆိုပြုခဲ့ကြတယ်။ သူတို့တွေ ဘယ်တုန်းကမှမရှင်းပြခဲ့ကြတာကတော့ မတူညီကွဲပြားတဲ့နိုင်ငံတွေက ဘုံတန်ဖိုးထားမှုနဲ့ ကမ္ဘာလုံးဆိုင်ရာချိတ်ဆက်မှုစနစ်တွေမရှိဘဲ ဘယ်လိုမျိုးဆောင်ရွက်လုပ်ကိုင်ကြမလဲဆိုတာပဲ။ ကမ္ဘာလုံးဆိုင်ရာအစီအစဉ်ရဲ့ ပြိုင်ဘက်တွေက ရှင်းလင်းတဲ့ အစားထိုးစရာတွေကို မပေးနိုင်ခဲ့ဘူး။ အမျိုးအစားစုံလင်ကွဲပြားလှတဲ့ နိုင်ငံတွေကတော့ ဘာပဲဖြစ်ဖြစ် သည်လိုပဲအဆင်ပြေသွားမှာပါလို့ တွေးခဲ့ကြပုံရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာကြီးက တံတိုင်းတွေကာဆီးထားသည့်တိုင်အောင် ခံတပ်ကြီးတွေအကြား မိတ်ဖက်ကွန်ရက်ကြီးဖြစ်လာမယ်လို့ တွေးခဲ့ကြပုံရှိတယ်။

ဒါပေမယ့် ခံတပ်တွေတခုနဲ့တခုအကြားမှာ မိတ်ဖက်ဖြစ်ဖို့ ခက်ခဲတယ်။ ဘယ်နိုင်ငံမဆို ခံတပ်တွေက အိမ်နီးချင်းခံတပ်ကြီးကို ချနင်းပြီး ကိုယ့်တိုင်းပြည်အတွက် ပိုကျယ်တဲ့နယ်နိမိတ်၊ ပိုကောင်းတဲ့လုံခြုံရေး၊ ပိုမိုများပြားတဲ့ သာယာဝပြောမှုတွေကို လိုချင်ကြလေ့ရှိတယ်။ ပြီးတော့ ဘုံတန်ဖိုးထားတွေ၊ ကမ္ဘာလုံးဆိုင်ရာယန္တရားစနစ်တွေအကူအညီမပါဘဲနဲ့ ပြိုင်ဘက်ခံတပ်ကြီးတွေကြားထဲမှာ ဘယ်လိုမျိုးဘုံစည်းကမ်းတွေကိုမှ လက်ခံသဘောတူနိုင်မှာ မဟုတ်ဘူး။ “ ခံတပ်ကြီးများကွန်ရက်” ပုံစံက ကပ်ဘေးဆိုက်စေမယ့် နည်းလမ်းပါပဲ။
ကပ်ဘေးအကျပ်အတည်းက အလာမနှောင်းခဲ့ဘူး။ ထိရောက်တဲ့ ကမ္ဘာလုံးဆိုင်ရာစုပေါင်းဆောင်ရွက်ခြင်းမရှိချိန်မှာ လူသားမျိုးနွယ်ဟာ ဗိုင်းရပ်စ်လိုမျိုး ဘုံခြိမ်းခြောက်မှုတွေကို ကိုယ့်ဘာသာကိုယ်ကာကွယ်နိုင်မှာ မဟုတ်ဘူးဆိုတာကို ကမ္ဘာ့ကပ်ဘေးကသရုပ်ပြခဲ့တယ်။ ဖြစ်နိုင်တာကတော့ ပူတင်က ကပ်ဘေးဟာ ကမ္ဘာလုံးဆိုင်ရာစည်းလုံးညီညွတ်မှုကို ဘယ်လိုမျိုးဆက်လက်တိုက်စားသလဲဆိုတာကို လေ့လာပြီးတော့ ငြိမ်းချမ်းရေးသစ်ရဲ့ အကြီးမားဆုံးတားမြစ်ချက်ကို ကျူးလွန်ပြီး စည်းလုံးညီညွတ်မှုကို တစ်ချက်တည်းပွဲသိမ်း အလဲထိုးနိုင်လိမ့်မယ်လို့ နောက်ပိုင်းကျတော့ ကောက်ချက်ချခဲ့ပုံရတယ်။ အကယ်၍သာ ယူကရိန်းကို ရုရှားနယ်နိမိတ်ထဲ ဆွဲသွင်းလိုက်မယ်ဆိုရင် တချို့နိုင်ငံတွေက မယုံကြည်နိုင်တဲ့အံ့သြမင်သက်မှုတွေနဲ့ သူ့ကိုရှုတ်ချလိမ့်မယ်၊ ဒါပေမဲ့ ဘယ်သူမှသူ့ကို ထိရောက်တဲ့တုံ့ပြန်မှုတွေလုပ်မှာမဟုတ်ဘူးလို့ ပူတင်ကယူဆခဲ့ပုံရတယ်။

ပူတင်က အနောက်နိုင်ငံတွေရဲ့တိုက်ခိုက်မှုတွေကို တန်ပြန်ကာကွယ်ဖို့အတွက် ယူကရိန်းကို မကျူးကျော်ချင်ပါဘဲနဲ့ ကျူးကျော်ခဲ့ပါတယ်ဆိုတဲ့ အဆိုပြုချက်ဟာ အဓိပ္ပာယ်နည်းနည်းမှတောင်မရှိတဲ့ ဝါဒဖြန့်တရားတွေပဲ။ ရေရေရာရာမရှိတဲ့ အနောက်နိုင်ငံတွေရဲ့ခြိမ်းခြောက်မှုတွေဟာ နိုင်ငံတစ်ခုကိုဖျက်ဆီးဖို့၊ မြို့တွေကိုဖောက်ထွင်းခိုးယူဖို့၊ နိုင်ငံသားတွေကို မုဒိမ်းကျင့်ညှင်းပန်းနှိပ်စက်ဖို့၊ သန်းပေါင်းဆယ်ဂဏန်းလောက်ရှိတဲ့ ယောင်္ကျား၊ မိန်းမ၊ ကလေးတွေရဲ့ လူမသိသူမသိ ဒဏ်ရာအနာတရတွေကို ဖြစ်စေဖို့အတွက် ကျိုးကြောင်းခိုင်လုံတဲ့ဆင်ခြေမဟုတ်ဘူး။ ပူတင်က တခြားရွေးချယ်စရာမရှိဘူးလို့ ယုံတဲ့လူတိုင်း ၂၀၂၂ မှာ ရုရှားကို ကျူးကျော်ဖို့အတွက် ပြင်ဆင်ခဲ့တဲ့နိုင်ငံရှိမရှိ ဖြေသင့်တယ်။ ဂျာမနီစစ်တပ်က နယ်စပ်ကိုကျော်ဖို့အတွက် တပ်စုနေတယ်လို့ သင်ထင်ပါသလား။ နပိုလီယန်က သူ့ရဲ့မဟာစစ်တပ်ကြီးကို ပြန်လည်ဦးဆောင်ပြီး မော်စကိုကိုချီတက်ဖို့ သူ့အုတ်ဂူထဲကထွက်လာပြီး ဒါကြောင့်မို့လို့ ပူတင်မှာအခြားရွေးချယ်စရာမရှိဘဲ အနာဂါတ်ပြင်သစ်ထိုးစစ်ကို လုပ်ဖို့ဆုံးဖြတ်ရတယ်လို့ သင်စိတ်ကူးကြည့်ဖူးပါသလား။ ပူတင်က ယူကရိန်းကို ၂၀၂၂ မှ စကျူးကျော်တာမဟုတ်ဘူး၊ ၂၀၁၄ မှာ စကျူးကျော်ခဲ့တယ်ဆိုတာကိုလည်း သတိရပါ။

ပူတင်က ကျူးကျော်မှုကိုသူလုပ်ဖို့ အချိန်ကြာမြင့်စွာပြင်ဆင်ခဲ့တယ်။ ရုရှားအင်ပါယာကြီးပြိုကွဲခဲ့တာကို ပူတင်ကဘယ်တုန်းကမှလက်မခံခဲ့ဘူး။ ယူကရိန်း၊ ဂျော်ဂျီယာနဲ့ ရှိရှိသမျှ ဆိုဗီယက်အလွန်ကာလ ရီပါဘလစ်နိုင်ငံတွေကို လွတ်လပ်တဲ့နိုင်ငံတွေအဖြစ် ဘယ်တုံးကမှ အသိအမှတ်မမြင်ခဲ့ဘူး။ အရှေ့ကသိပြီးခဲ့သလိုမျိုး ကမ္ဘာတဝှမ်း နိုင်ငံတွေရဲ့ ပျမ်းမျှစစ်အသုံးစရိတ်ဟာ ၆.၅ ရာခိုင်နှုန်းမကျော်ခဲ့၊ အမေရိကန်နိုင်ငံမှာ ၁၁ ရာခိုင်နှုန်းမကျော်ခဲ့တဲ့အချိန်မှာ ရုရှားမှာတော့ ဒါတွေထက် ရာခိုင်နှုန်းအများကြီး ပိုများခဲ့တယ်။ သူတို့စစ်အသုံးစရိတ်ဟာ နိုင်ငံတော်လျှို့ဝှက်ချက်ဖြစ်တဲ့အတွက် ဘယ်လောက်များသလဲတော့ ကျွန်တော်တို့အတိအကျမသိနိုင်ပါဘူး။ ဒါပေမဲ့ ခန့်မှန်းချက်တွေအရတော့ ၂၀ ရာခိုင်နှုန်းဝန်းကျင်လောက်ရှိတယ်လို့ သတ်မှတ်ကြတယ်။ ၃၀ ရာခိုင်နှုန်းတောင် ကျော်ရင်ကျော်နိုင်သေးတယ်။

ပူတင်ရဲ့အလောင်းအစားသာ အောင်မြင်သွားခဲ့မယ်ဆိုရင် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်နဲ့ ငြိမ်းချမ်းရေးသစ်တို့ နောက်ဆုံးပြိုလဲခြင်းဆိုတဲ့ ရလဒ်ထွက်လာလိမ့်မယ်။ ကမ္ဘာတလွှားက အော်တိုခရက်တွေ (အာဏာကို တစ်ဦးတည်း လက်ဝါးကြီးအုပ်ထားသူတွေ) က နယ်မြေသိမ်းစစ်ပွဲတွေဖြစ်နိုင်သေးပါလားလို့ သင်ခန်းစာယူနိုင်ကြလိမ့်မယ်။ ကမ္ဘာတလွှားက ဒီမိုကရေစီနိုင်ငံတွေကလည်း ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက် စစ်အင်အားချဲ့ထွင်ဖို့ တွန်းအားပေးခံလာရလိမ့်မယ်။ ရုရှားရဲ့ရန်လိုမှုက ဂျာမနီအစရှိတဲ့နိုင်ငံတွေရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို ညတွင်းချင်း မြှင့်တင်ဖို့၊ ဆွီဒင်အစရှိတဲ့နိုင်ငံတွေကို စစ်မှုမထမ်းမနေရစနစ် ပြန်လည်အသက်သွင်းဖို့ သံချောင်းခေါက်လိုက်တာကို ကျွန်တော်တို့မြင်ရပြီးပြီ။ ပိုက်ဆံတွေဟာ ဆရာမတွေ၊ သူနာပြုတွေ၊ လူမှုအကျိုးပြုဝန်ထမ်းတွေဆီကို ရောက်ရမဲ့အစား တင့်ကားတွေ၊ ဒုံးကျည်တွေ၊ နည်းပညာမြင့်လက်နက်တွေဆီကို ရောက်ရတော့မယ်။ ကမ္ဘာတလွှားကလူငယ်တွေဟာ အသက် ၁၈ နှစ်ပြည့်ရင် ဥပဒေအရ မဖြစ်မနေစစ်မှုထမ်းရတော့မယ်။ အဆမတန်ကြီးမားတဲ့စစ်တပ်နဲ့ ဝန်ထမ်းမလောက်ငှတဲ့ ဆေးရုံတွေရှိတဲ့ ရုရှားနိုင်ငံလိုမျိုး တစ်ကမ္ဘာလုံးဖြစ်လာလိမ့်မယ်။ စစ်ပွဲ၊ ဆင်းရဲခြင်း၊ ရောဂါ သုံးရပ်ပြည့်စုံတဲ့ ကာလသစ်တစ်ခု ပေါ်ပေါက်လာလိမ့်မယ်။ တစ်ဖက်မှာလည်း ပူတင်ကို ရပ်တန့်နိုင်ပြီး အပြစ်ပေးနိုင်ခဲ့မယ်ဆိုရင်တော့ ကမ္ဘာလုံးဆိုင်ရာအစီအစဉ်ဟာ သူ့ကြောင့်ပျက်သုဥ်းတော့မှာမဟုတ်ဘူး။ ပိုပြီးအားကောင်းလာမှာဖြစ်တယ်။ အနာဂါတ်ကာလရောက်တဲ့အခါ သတိပေးချက်တစ်ခုကို လိုအပ်တဲ့လူမှန်သမျှက သမိုင်းကိုကြည့်ပြီး သည်လိုလုပ်ရပ်တွေကို လုပ်လို့မရပါလားဆိုတာကို သိရှိနားလည်ကြလိမ့်မယ်။

သည်ဖြစ်ရပ်နှစ်ရပ်ထဲက ဘယ်တစ်ခုက ရုပ်လုံးပေါ်လာမလဲ။ အားလုံးအတွက် ကံကောင်းတာတစ်ခုကတော့ ပူတင်က စစ်ရေးကိုပြင်ဆင်ထားသည့်တိုင်အောင် အရေးကြီးတဲ့ အချက်တစ်ချက်အပေါ် ဆိုးဆိုးဝါးဝါး အဆင်သင့်ဖြစ်မနေခဲ့ဘူး။ ဒါက ယူကရိန်းနိုင်ငံသားတွေရဲ့ ရဲစွမ်းသတ္တိပဲ။ ယူကရိန်းတွေက ကီးယက်ဗ်၊ ကာကစ်ဗ်နဲ့ ခါဆန်အနီးတဝိုက်က အံ့မခန်းအောင်နိုင်မှုပွဲဆက်တွေနဲ့ ရုရှားတွေကို ပြန်လည်ခုခံထားနိုင်ခဲ့တယ်။ ဒါပေမဲ့ ပူတင်ကတော့ သူ့အမှားသူအမြင်မှန်ရဖို့ ခုထက်ထိငြင်းဆန်နေပြီး ပိုကြီးမားတဲ့ကြမ်းကြုတ်မှုနဲ့ အရှုံးကိုပြန်လည်တုံ့ပြန်နေတယ်။ ရှေ့တန်းမှာ သူ့စစ်တပ်က ယူကရိန်းစစ်သားတွေကို မအောင်နိုင်၊ မကျော်ဖြတ်နိုင်တာကိုကြည့်ပြီး အခုတော့ပူတင်က ယူကရိန်းပြည်သူတွေကို အအေးဒဏ်နဲ့သေကြေအောင်လုပ်ဖို့ ကြိုးစားနေတယ်။ စစ်ပွဲဘယ်လိုပုံစံနဲ့ပြီးမလဲဆိုတာကို ခန့်မှန်းရတာက မဖြစ်နိုင်ပါဘူး။ ငြိမ်းချမ်းရေးသစ်ရဲ့ကံကြမ္မာကို ခန့်မှန်းတာလည်း ထိုနည်းလည်းကောင်းပါပဲ။

သမိုင်းဟာ ဘယ်သောအခါကမှ စံတစ်ခုအဖြစ်သတ်မှတ်မပေးဘူး။ စစ်အေးခေတ်ပြီးသွားတော့ ငြိမ်းချမ်းရေးဟာ ရှောင်လွှဲလို့မရခဲ့ဘူးလို့ လူတွေကထင်ခဲ့ကြတယ်။ ကမ္ဘာလုံးဆိုင်ရာအစီအစဉ်တွေကို ဥပေက္ခာပြုခဲ့မယ်ဆိုရင်တောင် သည်တိုင်းငြိမ်းချမ်းနေမယ်လို့ထင်ခဲ့ကြတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တဲ့အခါကျတော့ တချို့တွေက ဆန့်ကျင်ဘက်အမြင်ကို ယိမ်းလာကြတယ်။ ငြိမ်းချမ်းရေးဆိုတာ အမြဲတမ်း အရိပ်အယောင်ချည်းသက်သက်ဖြစ်ခဲ့တယ်၊ စစ်ပွဲဆိုတာက ထိန်းချုပ်လို့မရတဲ့ သဘာဝတရားနိယာမသာ ဖြစ်တယ်၊ လူသားတွေမှာ မုဆိုးဖြစ်မလား သားကောင်ဖြစ်မလားဆိုတာပဲ ရွေးချယ်စရာရှိတယ်လို့ အခိုင်အမာဆိုလာကြတယ်။

အမြင်နှစ်ခုလုံးဟာ မှားပါတယ်။ စစ်နဲ့ငြိမ်းချမ်းရေးဆိုတာက ဆုံးဖြတ်ချက်များသာဖြစ်တယ်၊ တားဆီးမရတဲ့အရာတွေ မဟုတ်ကြဘူး။ စစ်ပွဲဆိုတာ လူတွေဖန်တီးတာဖြစ်တယ်၊ သဘာဝတရားနိယာမက ဖန်တီးတာမဟုတ်ဘူး။ လူသားတွေက စစ်ကိုဖန်တီးသလိုပဲ ငြိမ်းချမ်းရေးကိုလည်း ဖန်တီးနိုင်တယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးကတော့ တစ်ကြိမ်တစ်ခါတည်းလုပ်ပြီး ပြီးတဲ့ဆုံးဖြတ်ချက်မဟုတ်ဘူး။ ဘုံလောကစံနှုန်းတွေ၊ တန်ဖိုးတွေကို ကာကွယ်ဖို့၊ အတူတကွပေါင်းစည်းလုပ်ဆောင်တဲ့ စုဖွဲ့မှုစနစ်တွေကိုတည်ဆောက်ဖို့က ရေရှည်ကြိုးစားအားထုတ်ဖို့ လိုတယ်။

ကမ္ဘာလုံးဆိုင်ရာအစီအစဉ်ကို ပြန်တည်ဆောက်ဖို့ဆိုတဲ့အခါမှာ ၂၀၁၀ ဆယ်စုနှစ်ကာလကပြိုကွဲသွားတဲ့ စနစ်ကိုပြန်ဦးတည်ရမယ်လို့ မဆိုလိုဘူး။ ပိုကောင်းတဲ့ ကမ္ဘာလုံးဆိုင်ရာအစီအစဉ်အသစ်မှာ တစိတ်တပိုင်းပါဝင်လိုတဲ့ အနောက်တိုင်းအင်အားကြီးနိုင်ငံမဟုတ်တဲ့ အခြားနိုင်ငံတွေကိုလည်း ပိုပြီးအရေးကြီးတဲ့ အခန်းကဏ္ဍတွေ ပေးဖို့လိုအပ်တယ်။ အမျိုးသားရေးသစ္စာခံတွေ အားကောင်းလာမှုကိုလည်း အသိအမှတ်ပြုဖို့လိုတယ်။ ပြည်ချစ်စိတ်ထက်သန်ခြင်းက ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းမှုတွေနဲ့ ဆန့်ကျင်ဘက်လို့ လက်ခံကြွေးကြော်နေကြတဲ့ ပေါ်ပြူလစ်အင်အားစုတွေရဲ့ ထိုးနှက်ချက်တွေကြောင့် ကမ္ဘာလုံးဆိုင်ရာအစီအစဉ်ပြိုပျက်ခဲ့ရခြင်း ဖြစ်တယ်။ သင်ဟာ ပြည်ချစ်နိုင်ငံသားတစ်ယောက် ဖြစ်မယ်ဆိုရင် ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းများနဲ့ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆန့်ကျင်သင့်တယ်လို့ ပေါ်ပြူလစ်နိုင်ငံရေးသမားတွေက ဟောပြောကြတယ်။ ဒါပေမယ့် ပြည်ချစ်ဝါဒနဲ့ ကမ္ဘာလုံးဆိုင်ရာဝါဒမှာ မွေးရာပါဆန့်ကျင်ဘက် အချက်အလက်တွေမရှိဘူး။ ပြည်ချစ်ဝါဒဆိုတာ နိုင်ငံခြားသားဆန့်ကျင်တဲ့ဝါဒမှမဟုတ်ပဲ။ ပြည်ချစ်ဝါဒဆိုတာ တမြေတည်းနေ၊ တရေတည်းသောက်၊ သည်မြေမှာမွေး၊ သည်မြေမှာကြီးပြင်းခဲ့ကြတဲ့ တပြည်တည်းသားတွေကိုချစ်မြတ်နိုးတဲ့ ဝါဒဖြစ်တယ်။ သင်ဟာ ၂၁ ရာစုနှစ်မှာ သင့်တပြည်တည်းသားတွေကို စစ်ပွဲ၊ ကမ္ဘာ့ရောဂါကပ်ဘေးနဲ့ ဂေဟစနစ်ဆိုင်ရာပြိုလဲမှုတွေကို ကာကွယ်ချင်တယ်ဆိုရင် နိုင်ငံခြားသားတွေနဲ့ အတူတကွပူးပေါင်းဆောင်ရွက်ခြင်းနည်းနဲ့သာ အကောင်းဆုံးကာကွယ်နိုင်မှာဖြစ်တယ်။

ယူဗယ်နိုအာဟာရာရီသည် ဆေပီယန်စ်- လူ၏မူလသမူဟ လူသားတို့၏သမိုင်းအကျဥ်း၊ တားဆီးမရသော ကျွန်ုပ်တို့- ကမ္ဘာကို လူသားတို့ဘယ်လိုကြီးစိုးလာကြသလဲ စသည့်စာအုပ်များကို ရေးသားခဲ့သူဖြစ်ပါသည်။ သူသည် ဂျေရုဆလင် ဟီဘရူးတက္ကသိုလ်၏ သမိုင်းပညာပါမောက္ခ၊ ဆေပီယန်ရှစ် – လူ့အသိုင်းအဝိုင်းပြုပြင်ပြောင်းလဲရေး အစုအဖွဲ့၏ ပူးတွဲတည်ထောင်သူဖြစ်ပါသည်။

မူရင်းဆောင်းပါး – The End of the New Peace , Yuval Naoh Harari , December 12 , 2022

ပြန်ဆိုသူ – ခမ်းအောင်

တည်းဖြတ် – ရဲထက်

Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်