ဖက်ဒရယ်ခရီးနီးသလား

(နွေဦးတော်လှန်ရေး နှစ်နှစ်ပြည့် အထိမ်းအမှတ် ဆောင်းပါးရှည်)

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် “ဖက်ဒရယ်ခရီး နီးသလား” ခေါင်းစဉ်ဖြင့် Freedom Fighter လေးမျက်နှာစကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသည်။ ထိုစကားဝိုင်းတွင် ဆွေးနွေးချက်များကို သုံးသပ်ဆင်ခြင်ကာ ပြီးခဲ့သည့် ဖက်ဒရယ်ခရီးအပေါ် ဆန်းစစ်ချက်နှင့် ရှေ့ဆက်လုပ်ဆောင်ရန် အကြုံပြုချက်တချို့ကို မျှဝေလိုပါသည်။

  • ဘာတွေတိုးတက်ခဲ့သလဲ။

နွေဦးတော်လှန်ရေးတွင် ထင်ရှားသော တိုးတက်ဖြစ်ထွန်းမှုမှာ အရင်က “ဖက်ဒရယ်” ဆိုသည့်စကားလုံးသည် တိုင်းပြည်ခွဲထွက်ရေးနှင့်တွဲဖက်ကာ လူအများ၏ သိမှုနယ်ပယ်တွင်  တားမြစ်စကားလုံးအဖြစ် မှတ်ယူခဲ့ရာမှ အခုအခါတွင်မူ ပြည်သူတရပ်လုံးက တောင်းဆိုသည့် ရေပန်းအစားဆုံး စကားလုံးဖြစ်လာသည်။ ဖက်ဒရယ် ဒီမိုကရေစီရရှိရေးက တော်လှန်ရေးပန်းတိုင်ဟု တပြေးညီကြွေးကြော်လာကြသည်။ ဖက်ဒရယ်ဒီမိုကရေစီချာတာ ၊ ဖက်ဒရယ်ကျောင်း၊ ဖက်ဒရယ် တက္ကသိုလ် အစရှိသဖြင့် နေရာအနှံ့တွင် “ဖက်ဒရယ်” ဆိုသည့်စကားလုံးကို မြိုင်မြိုင်ဆိုင်ဆိုင် တွေ့မြင်လာရသည်။ အရင်က ဖက်ဒရယ်အကြောင်း မရင်းနှီးကြသည့် သာမာန်ပြည်သူများသည်လည်း နေ့စဉ် ဈေးများ၊ လက်ဖက်ရည်ဝိုင်းများတွင် ဖက်ဒရယ်အကြောင်းကို ပြောဆိုဆွေးနွေးလာကြသည်။ ဤကဲ့သို့ လူထုရပ်ဝန်းပြောဆိုဆက်သွယ်မှုများတွင် ဖက်ဒရယ်အကြောင်းကို တွင်တွင်ကျယ်ကျယ် ပြောဆိုလာကြသည်မှာ နွေဦးတော်လှန်ရေးက မွေးထုတ်ပေးလိုက်သည့် သိမှုအရွေ့ဟု ဆိုရပေမည်။ ဤပြည်သူလူထု၏ သိမှုအရွေ့က အင်အားကြီးမားလှသောကြောင့် စစ်ကောင်စီကပင် ဖက်ဒရယ်ဆိုသည့်စကားလုံးကို ၎င်းတို့၏ နိုင်ငံရေးလမ်းပြမြေပုံတွင် အယောင်ပြထည့်သွင်းရသည့် အခြေအနေသို့ပင် ရောက်ရှိလာခဲ့သည်။

  • စကားလုံးသက်သက်လား ၊ အနှစ်သာရပါသလား

ဤနေရာတွင် ဖက်ဒရယ်သိမှုအရွေ့သည် စကားလုံးသက်သက်ပြောင်းလဲခြင်းလား၊ အနှစ်သာရပါသလား သုံးသပ်ဆင်ခြင်ရန်လိုသည်။ လက်ရှိတွင် နိုင်ငံရေးဦးဆောင်အစုအဖွဲ့များတွင်ပင်လျှင် ဖက်ဒရယ်ပန်းတိုင်နှင့် ပက်သက်၍ အနှစ်သာရကော လုပ်ဆောင်ချက်အရပါ မရှင်းလင်းမှုများစွာရှိသည်။

နွေဦးတော်လှန်ရေးကို ဦးဆောင်သည်ဟု ဆိုနိုင်သည့် NUG တွင် ဖက်ဒရယ်နိုင်ငံသစ် ထူထောင်ရေးအတွက် တိကျရှင်းလင်းသည့် မဟာဗျူဟာများ ချမှတ်မှုအားနည်းလှသည်။ အခြားသော စစ်ရေး၊ နိုင်ငံတကာထောက်ခံရေး၊ ပြည်သူလူထုထောက်ခံရေးများကို မဟာဗျူဟာလမ်းစဉ်များအဖြစ် တွင်တွင်ကျယ်ကျယ် ပြောဆိုကြသော်လည်း ဖက်ဒရယ်ခရီးအတွက် တိကျရှင်းလင်းသည့် မဟာဗျူဟာ သို့မဟုတ် လုပ်ဆောင်ချက်များကို မတွေ့ရပေ။ NUG တွင် ဖက်ဒရယ်ရေးရာ ဝန်ကြီးဌာနရှိသော်လည်း  ထိုဝန်ကြီးဌာနမှာ NGO ဆန်ဆန် အလုပ်ရုံဆွေးနွေးပွဲနှင့် ရီပို့ထုတ်ရုံမှ လွဲပြီး ထိရောက်သော တိုးတက်မှုမရှိလို့ သုံးသပ်မှုများရှိသည်။ ပို၍သတိပြုုရသည်မှာ ဖက်ဒရယ်ခရီးအတွက် ပြင်ဆင်တည်ဆောက်ရေးသည် NUG အစိုးရအဖွဲ့တခုလုံး တာဝန်ခံရမည့်အစား ဝန်ကြီးဌာနတခု၏ တာဝန်ဟုမှတ်ယူခြင်းက ဖက်ဒရယ်ခရီးများကို များစွာနှောင့်နှေးစေနိုင်သည်။

တစ်ဖက်က နိုင်ငံရေးပေါင်းစည်းမှုတည်ဆောက်ရန် တနည်းအားဖြင့် ဖက်ဒရယ်ခရီးအတွက် အရေးပါဆုံးသော  NUCC သည် အချက် ၁၂ ချက်ပါ လမ်းပြမြေပုံ၏ ၉ ချက်အရောက်တွင် ရှေ့မဆက်နိုင်တော့သည့် လိပ်ခဲတည်းလည်း အခြေအနေသို့ရောက်ရှိနေပြီ။စတင်ချိန်ကထဲက စုဖွဲ့လုပ်ဆောင်မှုပုံစံ အခြေမခိုင်ဘဲ NUG ၏ တရားဝင်မှုရရှိစေရန် ဖုတ်ပူမီးတိုက် စုဖွဲ့ခဲ့ခြင်းက NUCC ၏ မွေးရာပါ အားနည်းချက်ဖြစ်ခဲ့သည်။ အဖွဲ့ဝင်သစ်များကို စည်းရုံးကြိုဆိုမှု၊ မဲခွဲဆုံးဖြတ်ချက်ချမှု ၊  ရရှိသော သဘောတူညီချက်များ၏ စည်းနှောင်မှုများအတွက် ရှင်းလင်းသော စည်းမျဉ်းလုပ်ဆောင်ပုံမရှိခြင်းက တော်လှန်ရေးမူဝါဒ ဦးဆောင်အဖွဲ့အစည်း ဖြစ်ရမည့် NUCC သည် အရပ်ဘက် လက်ဖက်ရည်စကားဝိုင်းကဲ့သို့ပင် “ပြောသာပြောသည် ရလဒ်မထွက်” ဟု နိုင်ငံရေးလေ့လာသူများ ဆိုကြသည်။ NUCC ၏ အဓိကတိုးတက်မှုဟု ဆိုရမည့် ဖက်ဒရယ်ဒီမိုကရေစီချာတာသည် လက်ရှိတွင် မည်မျှစည်းနှောင်မှုရှိ၍ မည်သည့်အဖွဲ့အစည်းက လက်ခံကျင့်သုံးနေသည်ကို မသိရသေးသည့် စာရွက်သက်သက် အခြေအနေသာရှိသေးသည်။ (ဤဝေဖန်သုံးသပ်ချက်များမှာ တစ်စုံတစ်ဦးကို ပြစ်တင်ထိုးနှက်ရန်မဟုတ်ဘဲ လက်ရှိအခြေအနေကို အရှိအတိုင်းနားလည်မှသာလျှင် ရှေ့ဆက်ခရီးအတွက် ထိရောက်သည့် အဖြေရှာနိုင်ရန်ဖြစ်သည်။)

Source NUCC Website

ဆက်လက်ပြီး ဖက်ဒရယ်အနာဂတ်သစ်- လူ့အဖွဲ့အစည်းတည်ဆောက်ရေးအတွက် အခရာဖြစ်သည့် ပညာရေးကဏ္ဍတွင်လည်း အနှစ်သာရပြောင်းလဲမှုများစွာ လိုနေသေးသည်။ ဖက်ဒရယ်ကျောင်း၊ ဖက်ဒရယ်ပညာရေးဟု တွင်တွင်ကျယ်ကျယ် ပြောလာသော်လည်း အများစုမှာ ပြီးခဲ့သည့် NLD အစိုးရလက်ထက် ပြောင်းလဲထားသည့် သင်ရိုးများကိုသာ ဖက်တွယ်ကြသေးသည်။ ဆရာ၊ဆရာမအများစုမှာ ဖက်ဒရယ်ပညာရေးစနစ် ပြောင်းလဲခြင်းသည် မကြာခင် နှစ်ပိုင်းအတွင်း တော်လှန်ရေးအောင်ပွဲခံမည့်အချိန်မှသာ လုပ်ဆောင်ကြရန်ဖြစ်ပြီး ယခုအချိန်မှာ ကြားကာလပညာရေးအဖြစ်သာ ယာယီလုပ်ဆောင်နေခြင်းဖြစ်သည်ဟု မှတ်ယူမှုများရှိကြသည်။ တစ်ဖက်တွင်လည်း အရပ်ဘက်အဖွဲ့အစည်းများ၊ တော်လှန်ရေးအစုအဖွဲ့များမှ ဖက်ဒရယ်အကြောင်း သင်တန်းများစွာ ဖွင့်လှစ်လာကြသည်မှာ အားတက်ဖွယ်ရာဖြစ်သည်။ သို့ရာတွင်လည်း ဤနေရာတွင် အားနည်းချက်တခုရှိသေးသည်။

  • နည်းပညာလိုအပ်ချက်လား၊ စိတ်ဆန္ဒပျောက်ဆုံးမှုလား

လက်ရှိအချိန်တွင် လူငယ်လူရွယ်များမှသည် ပြည်သူတစ်ရပ်လုံးက ဖက်ဒရယ်အကြောင်း စိတ်ဝင်စားလာကြသည်။ ဤကဲ့သို့ တော်လှန်ရေးကာလ လိုအပ်ချက်ကြောင့် ဖက်ဒရယ်သင်တန်းအသီးသီး ထွက်ပေါ်လာကြသည်။ များစွာသောသင်တန်းတို့မှာ ဖက်ဒရယ်စနစ်လုပ်ဆောင်ပုံ၊ အာဏာခွဲဝေမှုပုံစံ၊ ဘဏ္ဍာရေးလည်ပတ်မှုစသည့် စနစ် (သို့မဟုတ်) စနစ်တည်ဆောက်ပုံအကြောင်း လေ့လာလာကြသည်။ ဤဖက်ဒရယ်စနစ်တည်ဆောက်မှုများကို သိရှိနားလည်သည်မှာ ကောင်းမွန်သော်လည်း လက်ရှိတော်လှန်ရေး၏ အဓိကလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လက်ရှိ ဖက်ဒရယ် အကြပ်အတည်းသည် ဖက်ဒရယ်စနစ်ကို မည်သို့မည်ပုံတည်ဆောက်ရမည်ကို မသိသော နည်းပညာအခက်အခဲမဟုတ်ဘဲ မတူညီကွဲပြားမှုများအကြား နားလည်မှု၊ ယုံကြည်မှုတည်ဆောက်ရန် ခက်ခဲသည့် စိတ်ဆန္ဒပျောက်ဆုံးမှုဖြစ်သည်။ ဤစိတ်ဆန္ဒပျောက်ဆုံးမှုကို နိုင်ငံရေးခေါင်းဆောင်အီလစ်များအကြား တံခါးပိတ်အစည်းအဝေးများဖြင့် အဖြေရှာနိုင်မည်မဟုတ်။ ပညာရှင်များ၏ ရီပို့များ၊ အလုပ်ရုံဆွေးနွေးပွဲများသက်သက်ဖြင့်လည်း အဖြေရမည်မဟုတ်။  ပြည်သူလူထုတစ်ရပ်လုံးပါဝင်သက်ဆိုင်သည့် ယဉ်ကျေးမှုအခြေခံတခုလုံးကို အခြေအမြစ်မှစ ပြောင်းလဲတော်လှန်ခြင်းဖြင့်သာ ဖက်ဒရယ်ရှေုးရှုသည့် နိုင်ငံရေးပေါင်းစည်းမှုကို ရှာတွေ့နိုင်ပေမည်။

  • ဖက်ဒရယ်ယဉ်ကျေးမှုတော်လှန်ရေး အကြံပြုချက်များ

ဖက်ဒရယ်စနစ်တည်ဆောက်ရေးလို့ပြောလိုက်ရင် နိုင်ငံရေးခေါင်းဆောင်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် ဆိုင်ရာဆိုင်ရာ အီလစ်များ၏ အခန်းကဏ္ဍကိုသာ တွေ့မြင်ရမည်ဖြစ်ပြီး သာမာန်ပြည်သူလူထု၏ ပါဝင်နိုင်သည့် အခန်းကဏ္ဍ နည်းပါးလှသည်။  ဖက်ဒရယ်ယဉ်ကျေးမှု၊ ဖက်ဒရယ်အတွေးအခေါ်တည်ဆောက်ရေးကမူ ပြည်သူအားလုံး၏ နေ့စဉ်လူမှုဘဝနှင့် ဆက်စပ်နေသည်ဖြစ်ပြီး ၎င်းတို့ကို တိုက်စားပြောင်းလဲခြင်းဖြင့် နိုင်ငံရေးရေစီးကြောင်းအသစ်တစ်ရပ် ဖန်တီးရန်လိုအပ်နေသည်။ ထိုသို့ ဖက်ဒရယ်ယဉ်ကျေးမှုအားကောင်းစေရန် အကြုံပြုချက် သုံးခုကို ဖော်ပြလိုပါသည်။

၁။ ဒီမိုကရေစီ အားကောင်းရေး

ဒီမိုကရေစီဟုဆိုရာတွင် မြန်မာပြည်သူ အများစုမှာ ရွေးကောက်ပွဲနှင့် လူများစုထောက်ခံမှုကိုသာ သိကြသေးသည်။ လွတ်လပ်စွာပြောဆိုခွင့်၊ လူသားအခွင့်အရေး၊ လူနည်းစုအခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး (တရားဥပဒေအထက်တွင် မည်သူတစ်ဉီးတစ်ယောက်မှ မရှိဘဲ နိုင်ငံသားအားလုံး တပြေးညီဖြစ်ရေး) စသည့် ဒီမိုကရေစီအင်္ဂါရပ်စံနှုန်းများမှာ သာမာန်ပြည်သူလူထုမဆိုထားနှင့်၊ ဒီမိုကရေစီလိုလားသည့် တော်လှန်ရေးအင်အားစုများတွင်ပင် ထည့်သွင်းစဉ်းစားမှု အားနည်းလှသေးသည်။ ဒါကြောင့် မြန်မာ့ဒီမိုကရေစီရေချိန်သည် လူအုပ်ကြီးဝါဒ၊ ပေါ်ပြူလစ်ဝါဒ၊ ရွေးကောက်ပွဲဒီမိုကရေစီ စသည့် အတုအယောင်ဒီမိုကရေစီအဆင့်သာ ရှိနေသေးသည်ကို ပြောင်းလဲပြင်ဆင်ရန်လိုအပ်သည်။

၂။ ခေတ်ဟောင်းအတွေးအခေါ် သန့်စင်ရေး

မြန်မာလူမျိုးများသည် ယခုအခါ စစ်တပ်ကို ရွှံရှာမုန်းတီးသော်လည်း စစ်တပ်၏ တည်ရှိမှုကို ထောက်ကန်ပေးထားသော အရင်းခံအယူအဆများကို ပစ်ပယ်ဖို့ များစွာကြိုးစားအားထုတ်ရဦးမည်။ မြန်မာအများက လက်နက်အင်အားသုံးကာ အနိုင်ကျင့်ဗိုလ်ကျဖိနှိပ်သော ရာဇဝင်အဆက်ဆက်က စစ်ဘုရင်များနှင့် စစ်ဘုရင်ဝါဒကို သဘောကျဂုဏ်ယူကြသည်။ ထိုကဲ့သို့ အင်အားသုံးကာ နယ်ချဲ့ကျူးကျော်ပြီး အတင်းအကြပ် တည်ဆောက်ခဲ့သော မြန်မာမြေပုံကြီးကို သဘောကျဖက်တွယ်မှုများကြသည်။ ဗုဒ္ဓဘာသာကို အနှစ်သာရအားဖြင့် ထိန်းသိမ်းစောင့်ရှောက်ရန် အရည်အချင်းမရှိ၊ ယုံကြည်မှုနည်းကြသောကြောင့် နိုင်ငံရေးအာဏာဖြင့် အင်အားသုံးထိန်းသိမ်းရန် လိုလားကြသည်။ မတူညီကွဲပြားမှုကို လက်ခံနားလည်မှုပေးရန်ခက်ခဲပြီး လက်နက်အင်အားဖြစ်စေ၊ လူအုပ်ကြီးအားဖြင့်ဖြစ်စေ ဖိနှိပ်နင်းခြေလိုစိတ်များသည်။ ဤကဲ့သို့ အမှန်တရားနှင့် တရားမျှတမှုထက် အင်အားဖြင့်သာ ဖြေရှင်းခြင်းကို ခုံမင်သောကြောင့် မြန်မာနိုင်ငံသည့် ပဋိပက္ခအပေါကြွယ်ဆုံးနိုင်ငံအဖြစ်ရောက်ရှိနေပြီဖြစ်သည်။ နေ့ရက်နှင့်အမျှ တိုးတက်ပြောင်းလဲနေသည့် မျက်မှောက်ခေတ် ကမ္ဘာ့အခင်းအကျင်းတွင် မြန်မာနိုင်ငံအနေဖြင့် ဂုဏ်သိက္ခာရှိရှိ ပါဝင်လျှောက်လှမ်းနိုင်ရန် အလယ်ခေတ် (Middle Age) မှ အတွေးအခေါ်ဟောင်းများကို ဖယ်ရှားသန့်စင်ရန်လိုအပ်သည်။

၃။ တရားမျှတမှုရှာဖွေခြင်းနှင့် ဒါဏ်ရာများကို ကုစားရေး

တရားမျှတမှုဟုဆိုလိုက်လျှင် အများစုမှာ ပြစ်ဒါဏ်ပေးရေးဟုသာ ထင်မြင်ကြသည်။ ဤနေရာတွင် ရည်ညွှန်းသည့် တရားမျှတမှုမှာ ကျူးလွန်ခံရသူကို ကုစားပေးရေး၊ ကျူးလွန်သူကို ပြန်လည်ပေးဆပ်စေခြင်းနှင့် ပြင်ဆင်ပြောင်းလဲစေရေး၊ ထိုကဲ့သို့ ကျူးလွန်မှုကို လူ့အဖွဲ့အစည်းတခုလုံးမှ သင်ခန်းစာယူကာ ပြောင်းလဲပြင်ဆင်ရေးကို ဦးတည်သောတရားမျှတမှုဖြစ်သည်။  ဤနေရာတွင် မကြာသေးမီက ဟိုးလေးတကျော်ဖြစ်ခဲ့သည့် CDM – Non-CDM မူဝါဒနှင့် သာဓကပေးလိုသည်။ CDM မူဝါဒတွင် ပြီးခဲ့သည့် အာဏာသိမ်းနှစ်နှစ်အတွင်း အာဏာသိမ်း ၊ လူသတ်အကြမ်းဖက်သော စစ်ကောင်စီကို ကူညီပံ့ပိုးပေးသည့်အတွက် Non-CDM ဝန်ထမ်းများကို တရားမျှတမှုရှာဖွေရန် CDM ဝန်ထမ်းအများက ထုတ်ဖော်တောင်းဆိုကြသည်။ ဤနေရာတွင် နှစ်ပေါင်းခုနှစ်ဆယ်ကျော်တိုင် တိုင်းရင်းသားများ၏ တန်းတူညီရေးကတိကဝတ်ကို ချိုးဖောက်အာဏာသိမ်းကာ အကြမ်းဖက်ဖိနှိပ်၊  လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်သော စစ်အုပ်စုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝှက်ဖြစ်စေ ပံ့ပိုးကူညီထောက်ပံ့ခဲ့သော Non-CDM မြန်မာနိုင်ငံသားအားလုံးသည်လည်း တရားမျှတမှုရှာဖွေရေးလုပ်ငန်းစဉ်တွင် ပါဝင်ကာ အမှန်တရားထုတ်ဖော်ခြင်း၊ မှားယွင်းမှုကို တောင်းပန်ခြင်း၊ ကျူးလွန်မှုများကို ပြန်လည်ကုစားပေးရေး အသီးသီးတွင် ပါဝင်လုပ်ဆောင်ဖို့ လိုအပ်ပေသည်။

ဤကဲ့သို့ ဖက်ဒရယ်ယဉ်ကျေးမှုသည် ပြည်သူလူထု၏ နေ့စဉ်လူမှုဘဝ ပျံနှံအားကောင်းလာပြီဆိုလျှင် ဖက်ဒရယ်နိုင်ငံသစ်အတွက် တူညီသော ဘုံရည်မှန်းချက် ချမှတ်လျှောက်လှမ်းရန် လမ်းစများစွာ ပွင့်လင်းလာပေလိမ့်မည်။ ထိုသို့မဟုတ် ဘုံရန်သူတိုက်ဖျက်ရေးကိုသာ ဦးတည်ကြွေးကြော်ပြီး ရေတိုအစီအစဉ်ဖြင့် တော်လှန်ရေးကို အလျင်စလိုအောင်မြင်လိုမှုသည် ဖက်ဒရယ်နိုင်ငံသစ်တည်ဆောက်ရန် ရတောင့်ရခဲ့ အခွင့်အရေးကို ချွတ်ချော်လမ်းလွဲသွားနိုင်ကြောင်း အလေးအနက်ထား သတိပြုစေလိုသည်။

Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

One Response

  1. တရားမျှတမှုကို‌ကိတောင်းဆိုတဲ့ကိစ္စမှာCDM တွေဘက်ကတောင်းဆိုတာမမှားဘူးလို့ထင်မိတယ်ဗျ တကယ်လို့သာ ဖယ်ဒရယ်နိုင်ငံသစ်ကိုတည်ထောင်နိုင်သွားပီဆိုရင်
    CDM တေ ရောNon CDM ရော အခွင့်အလမ်းတူတူပဲဆိုတာကျတော့ မဖြစ်သင့်ဘူးလို့ထင်တယ် ကျွန်တော့အမြင်ပကိြုေောပထျြင်းပါဗျ အမှားပါရင်ခွင့်လွှတ်စေချင်ပါတယ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်