ဗုဒ္ဓနေ့
ယနေ့ကား ကဆုန်လပြည့်နေ့ဖြစ်ပေသည်။ ကဆုန်လပြည့်နေ့ ဟူသည်မှာကား ဗုဒ္ဓဘာသာဝင်တို့အတွက် အလွန်ထူးမြတ်သောနေ့ တစ်နေ့ဖြစ်ပေသည်။ ဤနေ့သည် ” ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ရန် ဗုဒ္ဓနေ့” ဟူ၍ ဆိုရိုးပြုရသော နေ့တစ်နေ့ဖြစ်ပေသည်။ ဘုရားလောင်း သုမေဓာရှင်ရသေ့ ဒီပင်္ကရာမြတ်စွာဘုရားရှင် ထံမှောက်၌ နိယတဗျာဒိတ် ခံယူတော်မူသောနေ့၊ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်တော် မူသောနေ့၊ သဗ္ဗညုတဉာဏ်တော်ကိုရရ၍ ဘုရားဖြစ်တော်မူသောနေ့၊ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူသောနေ့ တို့သည် ကဆုန်လပြည့်နေ့ပင်ဖြစ်တော့သည်။ ထို့ကြောင့်ပင် ကဆုန်လပြည့်နေ့သည်ကား ဗုဒ္ဓဘာသာဝင်တို့အတွက် အလွန်ထူးမြတ်လှသဖြင့် ကဆုန်လပြည့် ဗုဒ္ဓနေ့ဟူ၍ပင် သတ်မှတ်ကြလေသည်။ ဝိသာခါနက္ခတ်နှင့် စန်းယှဉ်သဖြင့်လည်း ဝိသာခါနေ့ ( Vesak Day) ဟူ၍ သတ်မှတ်၍ ဗုဒ္ဓဘာသာဆိုင်ရာ နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ကြလေသည်။
တွေးတောစရာ
ဤနေ့ထူးနေ့မြတ်သည် ဗုဒ္ဓဝင်အဖြစ်အပျက်များကို ပြန်လည်တွေးတော ကြည်ညို၍ သဒ္ဓါတရား ပွားများရန် အလွန်သင့်မြတ်သော နေ့တစ်နေ့ဖြစ်ပေသည်။ ထို့ပြင် မိမိတို့ကိုးကွယ်သော ဘာသာတရား၏ လက်ရှိအခြေအနေကို တွေးတောဆင်ခြင်ရန်လည်း အလွန်သင့်မြတ်ပေသည်။ ယနေ့ဗုဒ္ဓဘာသာဝင်များသည် မြတ်စွာဘုရားရှင် ဆုံးမခဲ့သော အဆုံးအမတော်များနှင့် ကိုက်ညီပါ၏လော၊ မြတ်စွာဘုရားရှင် ၄၅ ဝါပတ်လုံး မေတ္တာတရားနှင့် ငြိမ်းချမ်းစွာ သာသနာပြုတော်မူခဲ့သော အဆုံးအမတော်များကို ရိုသေစွာ လိုက်နာကြပါ၏လော၊ နိုင်ငံတကာအလယ်တွင် မိမိတို့ကြောင့် ဗုဒ္ဓသာသနာ မည်သို့ ထင်မြင်ခံနေရပါသလော စသည်ဖြင့် သာသနာ့အကျိုးအတွက် သဒ္ဓါသာမက ပညာပါ အားစိုက်၍ တွေးတော ဆင်ခြင်ရန် လိုအပ်လှပေသည်။ ထိုကိစ္စရပ်များကို တွေးတောဆင်ခြင် အဖြေရှာရန်မှာ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့တည်းက လုပ်ဆောင်ရုံဖြင့်မရ၊ ဗုဒ္ဓဘာသာဝင်တိုင်းမှ ဝိုင်းဝန်းအဖြေရှာမှသာလျှင် မြတ်စွာဘုရားရှင်အလိုတော်နှင့် ကိုက်ညီသော ဗုဒ္ဓဘာသာအဖြစ် သာသနာတော် တိုးတက်ပွားများစည်ပင်လာမည် ဖြစ်ပေသည်။
ဗုဒ္ဓသာသနာ
သာသနာဟူသည် အဆုံးအမကို ဆိုလို၍၊ ဗုဒ္ဓသာသနာသည် မြတ်စွာဘုရားရှင် ၄၅ ဝါပတ်လုံး ဟောကြားဆုံးမတော်မူခဲ့သော အဆုံးအမများပင်ဖြစ်သည်။ ထိုအဆုံးအမများကို လိုက်နာကျင့်သုံးဆောက်တည်သူများ ရှိနေခြင်း၊ ထိုအဆုံးအမများ မပျောက်မပျက် တည်နေခြင်းသည် သာသနာပြန့်ပွားနေခြင်း၊ တည်နေခြင်းပင်ဖြစ်သည်။ သို့သော် ယနေ့ခေတ်တွင် ဘုရားတည်ခြင်းကို သာသနာပြုခြင်းဟု ယူဆ၍ ( ထိုအတိုင်းထင်မြင်လာစေရန် ဟောပြောသူတို့ကလည်း ရှိသေးသည်) ဘုရားစေတီများ အလုအယက်တည်ခြင်း၊ တစ်ရပ်ကွက်လုံး တစ်ရွာလုံး ဆူညံနေအောင် သီချင်းဖွင့်၊ တရားခွေများဖွင့်မှ ရပ်ရွာ သာသနာစည်ပင်သည်ဟု ယူဆ၍ သဒ္ဓါတရားမပွားများနိုင်လောက်သည်အထိ ဆူဆူညံညံပြုခြင်း၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို ပေါ်ပေါ်ထင်ထင်ကြီး ဆန့်ကျင့်၍ ဆရာရော ဒကာပါ မအပ်စပ်သော နည်းတို့ဖြင့် လှုဒါန်းကြ၊ အလှုခံကြခြင်း စသော သာသနာအတုများ ထွန်းကားနေလေရာ သာသနာ့အကျိုးကို ကြည့်၍ ဆင်ခြင်သင့်ပေပြီ။
သံဃာတော်များ
မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် သာသနာ့ဝန်ကို အဓိကထမ်းရွက်ရသော အဖွဲ့အစည်းမှာ သံဃာ့အဖွဲ့အစည်းပင်ဖြစ်သည်။ သံဃာတော်များသည် မြတ်စွာဘုရားရှင်ချမှတ်တော် မူခဲ့သော ဝိနည်းစည်းကမ်းများကို လိုက်နာပါမည်ဟု ပဋိညာဉ်ခံ၍ တရားစာပေများ သင်ကြားပို့ချလေ့လာခြင်း ( ပဋိယတ္တိသာသနာ)၊ ရှုမှတ်ပွားများ လေ့ကျင့်ခြင်း ( ပဋိပတ္တိသာသနာ)၊ အမှန်ကို ထိုးထွင်းသိမြင်ခြင်း ( ပဋိဝေဓသာသနာ) ဟူသည့် သာသနာတော် သုံးရပ်ကို ပွားများကျင့်ဆောင်ရသော သာသနာ့ဝန်ထမ်းများ ဖြစ်ကြသည်။ သံဃာတော်များသည် လောကီစီးပွားရေးကိစ္စများလုပ်ခြင်းဖြင့် အသက်မမွေးဘဲ ဒါယကာ၊ ဒါယကာမတို့လှုဒါန်းသော ပစ္စည်းလေးပါးကို အလှုခံ၍ အသက်မွေးကြလေရာ ဒါယကာတို့အား မြတ်စွာဘုရား၏ အဆုံးအမတော်များကို ဟောကြား၍ နတ်ရွာရောက်ကြောင်း သဂ္ဂကထာ၊ သံသရာမှလွတ်ကြောင်း မဂ္ဂကထာ တို့ကို ဆုံးမကြလေသည်။ သာသနာတော် ထွန်းကားရန်မှာ ဆရာနှင့်ဒကာ ညီညွတ်စွာ ကြိုးစားကြရန်လိုအပ်ပေသည်။
သို့သော် ထိုညီညွတ်မှုသည် မြတ်စွာဘုရားရှင်၏ အဆုံးအမတော်ဖြင့် မညီသော ညီညွတ်မှုဖြစ်နေပါက သာသနာအတွက် ရင်လေးဖွယ်ရာဖြစ်ပေလိမ့်မည်။
ယနေ့ အခြေအနေ
ဗုဒ္ဓဘာသာဝင်များကို ဦးဆောင်ဟောပြောဆုံးမရသော သံဃာတော်များသည် သာသနာ့ပြယုဂ်ဖြစ်ပေသည်မှာ အထူးဆွေးနွေးစရာ မလိုပါ။ ထို့ပြင် ဗုဒ္ဓဘာသာဝင်အများစုမှာ ဆရာဘုန်းကြီးများ၏ အဆုံးအမများကို ယုံကြည်ကျင့်သုံးကြပေရာ သံဃာတော်များသည် သာသနာ့မဏ္ဍိုင်များပင် ဖြစ်ပေသည်။ သို့သော် ယနေ့မျက်မှောက်ခေတ်တွင်မူ ဘုန်းကြီးလောက၏ မကြားချင်မှအဆုံး အရှုပ်အထွေးများကို သိနေ၊ ကြားနေရသည်။ လူပုဂ္ဂိုလ်များကို ဆုံးမမည့် သံဃာတော်များ ကိုယ်၌က ဤသို့ ရှုပ်ထွေးနေလျှင် သာသနာအတွက် မည်သို့ စိတ်အေးရမည်နည်း။ ကျောင်းပိုင်ဆိုင်မှု ပြဿနာ၊ စာမေးပွဲပြဿနာ၊ လာဘ်လာဘ ပြဿနာ၊ လောကီလူ့ဘောင်နှင့် အရှုပ်အထွေးပြဿနာ၊ နောက်ဆုံး ကာမဂုဏ်ပြဿနာ စသည့် ပြဿနာပေါင်း သောင်းခြောက်ထောင်အပြင် ယခုကာလ၌ နိုင်ငံရေးပြဿနာအထိပါ သပွတ်အူလိုက်နေပေသည်။
ပထမ ပစ္စည်းဥစ္စာ လာဘ်လာဘနှင့်ဆိုင်သော ပြဿနာများမှာ မြတ်စွာဘုရားရှင်၏ အာဏာဒေသနာတော်ဖြစ်သည့် ဝိနည်းတော်ကို မသိကျိုးကျွံပြုရာမှ အရင်းခံပေသည်။ လောဘကိလေသာတို့ကို အလွန်ပွားများစေတတ်သော ရွှေငွေများကို အလှုခံခြင်း၊ ပိုင်ဆိုင်မှုထားခြင်းကို တားမြတ်ထားသည့် မြတ်စွာဘုရား၏ အဆုံးအမတော်အား ဆရာရော ဒကာပါ အကြောင်းပြချက်အမျိုးမျိုးဖြင့် တက်ညီလက်ညီ ကျူးလွန်နေကြသည်မှာ ဝမ်းနည်းဖွယ်ရာပင်ဖြစ်သည်။ သာသနာ့အကျိုးအတွက် ဖောက်ဖျက်ကျူးလွန်ရပါသည်ဟု ဆိုရာ၌ ငွေကြောင့် သာသနာအတွက် ကောင်းကျိုးနှင့် ဆိုးကျိုး ဘယ်ဘက်က ပို၍ အလေးသာနေသည်ကို စူးစမ်းသင့်ပေပြီ။ ယနေ့ဘုန်းကြီးလောက၏ အရှုပ်အရှင်းများမှာ ငွေကြောင့်ပင် ဖြစ်ပေါ်နေရခြင်းဖြစ်လေသည်။ အလှုခံရာတွင်လည်း ရိုးရိုးထက်ဆန်းသထက်ဆန်းအောင် ဘွဲ့ထူးဂုဏ်ထူးပြ၍ အလှုခံခြင်း၊ အဆန်းတကြယ် အဖြစ်များအကြောင်းခံ၍ အလှုခံခြင်း စသည်ဖြင့် သာသနာတော်နှင့် လုံးလုံးမအပ်စပ်သည့် ပုံစံများအထိ ကျူးလွန်လာကြပေသည်။ ဒုတိယပါရာဇိကဖြင့် အလွန်နီးသော ရွှေငွေပြဿနာကို သံဃာတော်များရော လူဒါယကာများကပါ ဝိုင်းဝန်းအဖြေရှာ ဖြေရှင်းသင့်ပေပြီ။
ဒုတိယအရေးကြီးသော ပြဿနာမှာ နိုင်ငံရေးအရှုပ်အထွေးပြဿနာပင်ဖြစ်သည်။ ဤပြဿနာမှာလည်း သံဃာ့သာမဂ္ဂီ ( သံဃာ့စည်းလုံးမှု) ကို အက်ကြောင်းထပ်စေသော ကိစ္စတစ်ရပ်ဖြစ်သည်။ ရဟန်းတော်တို့သည် ဆွမ်းဒါယိကာများ၏ အကျိုးစီးပွားကို ဆောင်ရွက်ရမည် ဖြစ်သော်လည်း နိုင်ငံရေး၊ အုပ်ချုပ်ရေးကိစ္စရပ်များ၌ ပါဝင်ဆောင်ရွက်နေခြင်းမှာ မြတ်စွာဘုရား၏ အလိုတော်ကျ မဟုတ်ပေ။ ထို့ပြင် ငါးပါးသီလကို တစ်ခုမကျန် ချိုးဖောက်နေသော သူများနှင့် ဖက်လှဲတကင်းနေ၍ မိမိအကျိုးအတွက် သာသနာကို ခုတုံးလုပ်နေကြသည်မှာ အလွန်အရုပ်ဆိုးသော ကိစ္စဖြစ်ပေသည်။ မေတ္တာဗြဟ္မစိုရ်တရားကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျှက် အမုန်းတရားများဖြင့် သာသနာကို စောင့်ရှောက်မည်ဟု ကြွေးကြော်ထားသော အမျိုးဘာသာစောင့်ရှောက်ရေး အဖွဲ့ကြီးများ မှတစ်ဆင့် ပါဏာတိပါတသိက္ခာပုဒ်ကို ပေါ်တင်ကျူးလွန်ရန် နှုတ်ဖြင့် အားပေးသောအဆင့်၊ ထိုမှတက်၍ တိုက်တွန်းနှိုးဆော် ထောက်ပံ့သောအဆင့်မှ နောက်ဆုံး သင်္ကန်းကြီးတဖားဖားဖြင့် ကိုယ်တိုင်လက်နက်ကိုင်သော အဆင့်ထိရောက်လာကြရာ ဤအခြေအနေကို မျက်ကွယ်ပြုရန် လုံးဝမသင့်တော့ချေ။ ထို့ထက်ဆိုးသည်မှာ ပထမပါရာဇိကကို ပေါ်တင်လွန်ကျူးနေပါလျှက် သံဃာ့အဖွဲ့အစည်းမှ ဆုံးမကန့်ကွက်သံ ကျယ်ကျယ်လောင်လောင် မကြားရခြင်းမှာ အလွန်ထူးဆန်းပေသည်။
ဘာတွေလုပ်ကြမလဲ
ယနေ့လက်ရှိ ဗုဒ္ဓဘာသာ၏ အခြေအနေများကို သုံးသပ်လေ့လာ၍ မြတ်စွာဘုရားအလိုတော်နှင့် ကိုက်ညီ၊ မညီ ဆန်းစစ်ဝေဖန်ခြင်း၊ ဆန့်ကျင်ဖီလာဖြစ်သော အကျင့်များကို ပြုပြင်ပြောင်းလဲရန် ကြိုးစားမျှဝေခြင်း၊ မြတ်စွာဘုရား၏ အလိုတော်နှင့် ဖီလာကန့်လန့်ဖြစ်နေသော ပုဂ္ဂိုလ်များကို ဝေဖန်ခြင်း၊ ရှူံ့ချခြင်းနှင့် ပြုပြင်ပြောင်းလဲ လာစေရန် တိုက်တွန်းဆုံးမခြင်း တို့ကို ပြုလုပ်ကြသင့်ပေပြီ။ ကာလေန ဓမ္မဿဝနံ – အချိန်သင့် အခါသင့်ချိန်၌ တရားဆွေးနွေးကြခြင်းသည် မင်္ဂလာတစ်ပါးပင်ဖြစ်လေရကား မိမိတို့ကိုယ်တိုင်မှစ၍ မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းအထိ လေ့လာသုံးသပ် ဆွေးနွေးအဖြေရှာကြရန် တိုက်တွန်းပါသည်။ ဗုဒ္ဓသာသနာ သန့်ရှင်းစင်ကြယ် ထွန်းကားပြန့်ပွားရန်မှာ ဗုဒ္ဓဘာသာဝင်ဟန်းရှင်လူအားလုံး၏ တာဝန်ပင်ဖြစ်ပေသည်။
စိရံ တိဋ္ဌတု သဒ္ဓမ္မော
သူတော်ကောင်းတရားတို့ ကြာမြင့်စွာတည်ပါစေသတည်း။