ဒေါ်စုလိုလားတဲ့ မွေးနေ့လက်ဆောင် 

         ဒီကနေ့ကတော့ ပြည်သူတရပ်လုံး ချစ်ခင်မြတ်နိုးကြတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။  ဒေါ်စုရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် “ပန်းသပိတ်” ၊ “သီချင်းဆိုကမ်ပိန်း” လှုပ်ရှားမှုတွေလုပ်ဖို့ နှိုးဆော်နေကြပါတယ်။ ဆိုရှယ်မီဒီယာထက်မှာလည်း ဒေါ်စုကို တမ်းတလွမ်းဆွတ်မှုတွေကို ဝေဝေဆာဆာ တွေ့မြင်နေရပါတယ်။ ဒီလိုမျိုး ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသားအားလုံးရဲ့ ချစ်ခြင်းတရားတွေက နေပြည်တော်အကျဉ်းထောင်မှာရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရင်ထဲကို ရောက်ရှိကာ ခံစားကြည်နူးရမယ်လို့ ယုံကြည်ရပါတယ်။ ဒါပေမယ့် ဒေါ်စုအမှန်တကယ် တောင့်တနေတာကတော့ ဒီလိုမျိုး အထိမ်းအမှတ်‌သင်္ကေတ တဒင်္ဂလုပ်ဆောင်ချက်တွေထက် ပိုပါလိမ့်မယ်။ တကယ်လို့ သင်သာ ဒေါ်စုကို အမှန်တကယ်ချစ်မြတ်နိုးတဲ့ ပြည်သူတယောက်ဖြစ်တယ်ဆိုရင်  ဒေါ်စုကို ဒီမွေးနေ့လက်ဆောင်သုံးခုကို ပေးအပ်ဖို့ Freedom Fighter ကနေ အကြံပြုတိုက်တွန်းလိုက်ပါတယ်။  

၁) ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး

         ဒေါ်စုလို့ ပြောလိုက်ရင် လူအများက “Freedom From Fear – ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး” လို့ ပြေးမြင်ယောင်မိကြပါလိမ့်မယ်။ ဒေါ်စုရဲ့ ရပ်တည်ချက်လမ်းစဉ်များအပေါ် မတူညီတဲ့အမြင်အမျိုးမျိုး ရှိကြသည့်တိုင်အောင် ဒေါ်စုကို ရပ်တည်ချက်ခိုင်မာသူ၊ အများသဘောနဲ့ ကွဲလွဲပါစေ မိမိယုံကြည်သည့်အတိုင်း ကွယ်ဝှက်ခြင်းမရှိဘဲ ပြောဆိုလုပ်ကိုင်သူ ၊ အမှန်တရားကို တန်ဖိုးထားသူ၊ သတ္တိရှိသူအဖြစ် လေးစားအသိအမှတ်ပြုရစမြဲဖြစ်ပါတယ်။

         စိတ်မကောင်းစရာကတော့ အခုနွေဦးတော်လှန်ရေးမှာ ဒေါ်စုရဲ့ အခြေခံအကျဆုံး “ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး”အယူအဆက ကွယ်ပျောက်နေပါတယ်။  နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ မိမိတို့ကိုယ်တိုင်ယုံကြည်ခြင်းမရှိတဲ့ မျှော်လင့်ချက်အမှားတွေကို တာဝန်ယူခြင်း၊ တာဝန်ခံခြင်းမရှိဘဲ ပြည်သူတွေအားတက်ဖို့ ရည်ရွယ်ပြီး လှည့်စားပြောဆိုခြင်းက သာမာန်ထမင်းစားရေသောက်ကိစ္စလိုမျိုး ဖြစ်လို့လာပါတယ်။ ပြည်သူတွေရဲ့ အချိန်တိုအတွင်း တော်လှန်ရေးအောင်မြင်လိုတဲ့ ဆန္ဒဇောကို အသုံးချပြီး “ရွေးချယ်စရာမရှိဘူး”၊ “ဒီနည်းမှတပါး အခြားမရှိ” ၊ “ဝေဖန်မေးခွန်းထုတ်ခြင်းက တော်လှန်ရေးကို နှောင့်နှေးစေတယ်” စတဲ့အကြောက်တရားသွတ်သွင်းစည်းရုံးမှုက ပင်မရေစီးကြောင်းယဉ်ကျေးမှုဖြစ်လာပါတယ်။ နောက်ဆုံး ဒီရေစီးကြောင်းက ပြည်သူတွေသာမက ဒီမိုကရေစီအရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းအထိပါ သက်ရောက်ပြီး အမှန်တရားကို ထုတ်ဖော်ပြောဆိုရင်ဆိုင်ဖြေရှင်းဖို့ထက် လူအများကြိုက်လောက်တဲ့ လုပ်ဆောင်မှုတွေ၊ အပြန်အလှန် ဖာထေးမြှောက်ပင့်ပြောဆိုမှုတွေမှာ လမ်းဆုံးနေတဲ့ ပေါ်ပြူလစ်နိုင်ငံရေးယဉ်ကျေးမှု အားကောင်းစေပါတယ်။ 

         ဒါကိုပြောင်းလဲနိုင်ဖို့ ဒေါ်စုကို လေးစားချစ်ခင်သူများအနေနဲ့ ပါဝင်လုပ်ဆောင်နိုင်တာတွေ အများကြီးရှိပါတယ်။ အမှန်တရားကို လေ့လာရပ်တည်ဖို့ အစဉ်အဆက်ကြိုးစားနေရပါမယ်။ မတူညီတဲ့ သဘောထားအမြင်တွေကို စိတ်ရှည်သည်းခံပြီး နားထောင်ရမယ်။ အကြောက်တရားနဲ့ ပြင်ပဖိအားလွှမ်းမိုးမှုတွေကို ရင်ဆိုင်ရာမှာ “မရှိဘူး” “မကြောက်ဘူး” လို့ ပျာပျာသလဲ ငြင်းဆန်တာမဟုတ်ဘဲ အရှိတရားကို လက်ခံပြီး အားမလျော့တမ်း ရင်ဆိုင်ကျော်ဖြတ်ခြင်းကပဲ  လွတ်မြောက်မှုရဲ့ အနှစ်သာရကို ရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။ ဒီလိုမျိုး လွတ်မြောက်မှုကို ကိုယ်တိုင်ခံစားသိမြင်ခြင်းက ဒေါ်စုအတွက် လက်ဆောင်မွန်တခုဖြစ်ပါလိမ့်မယ်။

၂) မိမိကိုယ်ကို အားကိုးရေး

         ဒေါ်စုအနေနဲ့ ဒီမိုကရေစီကို ဖွင့်ဆိုတဲ့နေရာမှာ ရွေးကောက်ပွဲအနိုင်ရရေးကို ဦးတည်ခဲ့တာမဟုတ်ပါဘူး ။ ဒီမိုကရေစီဆိုတာ “ပြည်သူတွေကိုယ်တိုင် သူတို့မှာအပြောင်းအလဲကို ကိုယ်တိုင်ဖော်ဆောင်နိုင်တဲ့ အာဏာရှိတယ်ဆိုတာကို နားလည်စေဖို့ ဖြစ်တယ်” လို့ အကြိမ်ကြိမ်အခါခါ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး ပြည်သူကို ဗဟိုပြုပြီး အခြေမှအထက်သို့ပြောင်းလဲစေတဲ့ ပြည်သူ့အာဏာအယူအဆက ဒေါ်စုရဲ့ ဒီမိုကရေစီအပေါ် ရပ်တည်ချက်ဖြစ်ပေမယ့် လက်ရှိနွေဦးတော်လှန်ရေးမှာ ပျောက်ဆုံးနေပါတယ်။

         “ပြည်သူသာ အဆုံးအဖြတ်ဖြစ်တယ်” လို့ နိုင်ငံရေးသမားတွေ အကြိမ်ကြိမ်ပြောဆိုကြပေမယ့် လက်တွေ့ပကတိအခြေအနေမှာ ပြည်သူရဲ့ အင်အားကို စည်းရုံးအသုံးပြုတဲ့ လုပ်ဆောင်မှုတွေက အင်မတန်နည်းပါးလှပါတယ်။ “ကလစ်နှိပ်” “ငွေလှူ” စတဲ့ထောက်ပံ့ရုံ၊ ဆိုရှယ်မီဒီယာမှာ လက်ခုပ်လက်ဝါးတီးရုံဆိုတဲ့ ပရိသတ်နေရာထက်ပိုတဲ့ စဉ်းစားချက်မျိုး ၊ အခင်းအကျင်းမျိုး အားနည်းနေတာကိုလည်း ဆင်ခြင်မိနိုင်ပါတယ်။

         ဒီလိုနဲ့ “အထက်မှသာ အောက်ကိုပြောင်းလဲပေးနိုင်လိမ့်မယ်” ဆိုတဲ့ “အီလစ်ဗဟိုပြုယဉ်ကျေးမှု” အားကောင်းလာပြီး ပြည်သူတွေကို အကယ်တင်ခံအဖြစ် ရှုမြင်မှုတွေ များပြားလာပါတယ်။ ဒီလိုအီလစ်ဗဟိုပြုအတွေးအခေါ်တွေက နိုင်ငံရေးသမားတွေသာ မဟုတ်ဘဲ အရပ်ဘက်အဖွဲ့အစည်းနဲ့ တက်ကြွလှုပ်ရှားသူနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအထိ သက်ရောက်ပြန့်နှံ့နေပါတယ်။

         မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ၊ ငြိမ်းချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်းကိုဖော်ဆောင်ဖို့ “အထက်”မှာရှိတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေကို မှီခိုပုံအပ်ထားလို့ မရနိုင်ပါဘူး။ ပြည်သူတွေကိုယ်စီ မိမိကိုယ်တိုင်ကစပြီး လူ့အဖွဲ့အစည်းအတွက် အကျိုးဖြစ်ထွန်းစေမယ့် အရေးကိစ္စတွေမှာ ပူးပေါင်းလုပ်ဆောင်မှုတွေ တိုးမြှင့်ခြင်းကနေပဲ ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒီလိုမျိုး မိမိကိုယ့်ကို အားကိုးပြီး မိမိတို့ပါတ်ဝန်းကျင်မှာ အပြောင်းအလဲတွေကို စတင်ဖန်တီးခြင်းက ဒေါ်စုအတွက် တန်ဖိုးရှိလှတဲ့ ဒုတိယမွေးနေ့လက်ဆောင်ဖြစ်ပါလိမ့်မယ်။

၃) ဒေါ်စုဓမ္မ ရှင်သန်ပါစေ

         ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးခြင်းခံရတဲ့အချိန်မှာ ဒေါ်စုအနေနဲ့ “ပြည်သူများ ညီညွတ်ကြဖို့ ၊ အမြင်မတူညီသည်များကို အကြိမ်ကြိမ်ဆွေးနွေးခြင်းဖြင့် အဖြေရှာဖို့” တိုက်တွန်းခဲ့ပါတယ်။ ဒါက ဒေါ်စုရဲ့အမှန်တကယ်ဖြစ်စေချင်တဲ့ စိတ်ရင်းဆန္ဒဖြစ်တယ်ဆိုတာကို မေးခွန်းထုတ်စရာမလိုပါဘူး။ ဒါပေမယ့် လက်ရှိနွေဦးတော်လှန်ရေးကို ဦးဆောင်နေသူများကတော့ ဒေါ်စုရဲ့ စိတ်ဆန္ဒကို လက်တွေ့ဖော်ဆောင်ကြသလား ဆိုတာကို သံသယဖြစ်စေပါတယ်။

         ပြောင်းပြန်အားဖြင့် လက်ရှိအခြေအနေမှာ တော်လှန်ရေးအင်အားစုတွေအကြား ဆွေးနွေးမှုတွေ မပြုလုပ်နိုင်ဘဲ နိုင်ငံရေးလမ်းကြောင်းရပ်တန့်နေရတဲ့ အဓိကအကြောင်းရင်းခံတခုကတော့ ဒေါ်စုအပေါ် အလွန်အကြူး ပုဂ္ဂိုလ်ရေးကိုးကွယ်မှုများကြောင့်ပဲ ဖြစ်ပါတယ်။ NLD ပါတီအနေနဲ့ ဒေါ်စုရဲ့ သဘောထားမှတ်ချက်မပါလို့ NUCC ကနေနှုတ်ထွက်ပြီး နွေဦးတော်လှန်ရေးမှာပါဝင်ဖို့ ရပ်တံ့ခဲ့ရတာဟာ NLD ရဲ့ သမိုင်းမှတ်ကျောက်တခုပဲ ဖြစ်ပါတယ်။ 

         CRPH/NUG အနေနဲ့လည်း လက်ရှိတော်လှန်ရေးနှစ်နှစ်ခွဲကာလအထိ ၂၀၂၀ ရွေးကောက်ပွဲရဲ့ တရားဝင်မှုအပေါ်  မှီခိုအားထားမှုများပြားလွန်းလှပါတယ်။ တနည်းအားဖြင့် ၂၀၂၀ ရွေးကောက်ပွဲရဲ့ ပြည်သူလူထုထောက်ခံမှု မူလပိုင်ရှင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မှီခိုရဆဲလို့ ရည်ညွှန်းနေတာ ဖြစ်ပါတယ်။ ဒါကြောင့် နှစ်ပေါင်း ၇၀ ကျော်ဖြစ်လာခဲ့တဲ့ ပဋိပက္ခအခြေအနေအရပ်ရပ်ကို တော်လှန်ဖြေရှင်းဖို့ဆီမရောက်နိုင်ဘဲ အာဏာမသိမ်းခင်က ဒေါ်အောင်ဆန်းစုကြည် ချမှတ်ထားခဲ့တဲ့ဘောင်တွေကြားထဲမှာ ပိတ်မိနေဟန် တူပါတယ်။ 

         ချင့်ချိန်ဆန်းစစ်ကြည့်ရင် ဒေါ်စုအနေနဲ့ သူ့ကို အမှားအယွင်းမရှိတဲ့ မဟာလူသားအသွင်၊ နတ်ဘုရားအသွင် ကိုးကွယ်ခြင်းကို လိုလားမှာ မဟုတ်ပါဘူး။ ရှေ့မှာဆိုခဲ့သလို ရပ်တည်ချက်ခိုင်မာလှတဲ့ နိုင်ငံရေးသမားတဦးအနေနဲ့ မိမိဟာလည်း အမှားအယွင်းမကင်းနိုင်ကြောင်းကို လက်ခံထားမှာသာဖြစ်ပါတယ်။  

         “လက်ပံတောင်းတောင်အရေး” “ပညာရေးသပိတ်အရေး” “ရိုဟင်ဂျာအရေး” “တိုင်းရင်းသားလူမျိုးစုများနဲ့ ယုံကြည်ချက်တည်ဆောက်ရေး” စတဲ့အရေးကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ လိုအပ်ချက်တွေ၊ အမှားအယွင်းတွေ ရှိနိုင်ခဲ့တာကို လက်ခံပြီး ဒေါ်စုလက်ခံယုံကြည်တဲ့ “ဒီမိုကရေစီ” “အမှန်တရား” “တရားမျှတမှု” စံနှုန်းတွေအပေါ် အခြေခံကာ ဆွေးနွေးညှိနှိုင်းအဖြေရှာမှုတွေ၊ ပြင်ဆင်ပြုပြင်ရေးလုပ်ငန်းတွေကို ပြုလုပ်နိုင်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။  ဒါမှသာ တော်လှန်ရေးအင်အားစုအချင်းချင်းကြားနှင့် ပြည်သူတရပ်လုံးအကြား နားလည်မှု၊ ညီညွတ်မှုတွေ အားကောင်းလာပါလိမ့်မယ်။ ဒေါ်စုရဲ့ ဓမ္မလမ်းစဉ်ကို နားမလည် ၊ ဒေါ်စုကို ရုပ်တုအဖြစ် အသေထားကာ ရောင်ပြန်ဟပ်ချင်ကြတဲ့သူတွေအနေနဲ့ ဒေါ်စု လိုလားတဲ့ ညီညွတ်ရေး၊ ဆွေးနွေးအဖြေရှာရေးမှာ မိမိတို့ရဲ့လုပ်ရပ်တွေက ကာဆီးပိတ်ဆို့ထားတာကို ဆင်ခြင်ပြောင်းလဲကြဖို့ ကောင်းလှပါပြီ။  

         နွေဦးတော်လှန်ရေးဟာ ပန်းတိုင်ရောက်ရှိဖို့ ရှေ့လျှောက်ခရီးရှည်ကို ဆက်လက်လျှောက်လှမ်းရဦးမှာဖြစ်ပါတယ်။ ဒီခရီးမှာ အစွန်းတစ်ဖက်မှာရှိတဲ့ ဒေါ်စုကိုးကွယ်သူတွေရဲ့ အရာရာကို ဒေါ်စုဗဟိုပြုစဉ်းစားချက်တွေဟာ တော်လှန်ရေးကို နှောင့်နှေးကြန့်ကြာစေမှာဖြစ်သလို အခြားတစ်ဖက်မှာလည်း ဒေါ်စုကို ပုဂ္ဂိုလ်ရေးအရ မုန်းတီးပြစ်တင်ထိုးချကာ  နိုင်ငံရေးကနေ အပြီးတိုင်ဖယ်ထုတ်ထားမယ်ဆိုတဲ့ အတွေးအခေါ်ဟာ လက်တွေ့မဆန်ဘဲ အစွန်းရောက်လှပါတယ်။ အလယ်အလတ်အားဖြင့် ဒေါ်စုရဲ့ နိုင်ငံရေးပုံရိပ်နဲ့ ဓမ္မအမြုတေဓာတ်တွေကို ဆက်လက်သယ်ဆောင်ကာ သူ့ရဲ့ နိုင်ငံရေးဖြတ်သန်းမှုကနေ သင်ခန်းစာယူပြင်ဆင်ပြီး ဒေါ်စုအလွန်အနာဂတ်နိုင်ငံရေးအတွက် လူငယ်မျိုးဆက်သစ်များ ရှေ့ထွက်တာဝန်ယူကြဖို့ လိုအပ်လှပါတယ်။ အဲသလို ဒေါ်စုလျှောက်လှမ်းခဲ့တဲ့ တော်လှန်ရေးခရီးလမ်းကို ပြည်သူတွေနဲ့ လူငယ်တွေ ဆက်လက်လျှောက်လှမ်းခြင်းကသာ ဒေါ်စုအတွက် တန်ဖိုးအရှိဆုံး မွေးနေ့လက်ဆောင်ဖြစ်ပါလိမ့်မယ်။

ပြည်သူချစ်တဲ့ 

ဒေါ်စု ကျန်းမာပါစေ။

ဒေါ်စုဓမ္မ ရှင်သန်ပါစေ။

ဆက်လက်ဖတ်ရှုရန်

https://myanmar-now.org/mm/news/11037/

https://bamakyel.files.wordpress.com/2009/11/aungsan-suu-ky-_-freedom-form-fear.pdf



Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်