ပညာရေးအကျပ်အတည်း ၊ လူ့အဖွဲ့အစည်းကွဲအက်မှုနှင့် အမုန်းတရားများပျံ့နှံ့လာမှု

မကြာသေးခင်က ဆယ်တန်းအောင်စာရင်းထွက်သည့်အပေါ် အမြင်အမျိုးမျိုးနှင့်ပြောဆိုသုံးသပ်မှုများရှိနေကြသည်။ ပညာရေးသည် အခြေခံလူ့အခွင့်အရေးဖြစ်၍ ခွဲခြားဆက်ဆံခြင်းများ မပြုသင့်ဟု ထောက်ပြမှုများရှိနေစဉ်မှာပင် အခြားတစ်ဖက်၌ ကျောင်းပြန်တက်သူများကို ကဲ့ရဲ့ရှုတ်ချသည့် အမြင်များ၊ ဟားတိုက်လှောင်ပြောင်သည့် အပြုအမူများ၊ အမုန်းစကားအဖြစ် အငြင်းပွားဖွယ် အသုံးအနှုန်းများကို ဆိုရှယ်မီဒီယာထက်တွင် တွင်တွင်ကျယ်ကျယ်တွေ့မြင်နေရသည်။ ဤနေရာတွင် လူအများသည် ဆိုရှယ်မီဒီယာ၏ သဘောသဘာဝအတိုင်း တာဝန်ခံစရာမလိုဘဲ ”လွယ်လွယ်ပြော၊ လွယ်လွယ်မေ့” ရေစီးကြောင်းထဲတွင် ခေတ္တမျောပါကာ စိတ်ထွက်ပေါက်ရှာခြင်းဟု ရှုမြင်နိုင်သော်လည်း လူအများကို ရောက်ရှိပျံနှံ့နိုင်ကြသည့် ဆိုရှယ်မီဒီယာ အင်ဖလူရန်ဆာ ဆယ်လီများ၏ ဇာတ်ကြောင်းတည်မှုမှသည် လူ့အဖွဲ့အစည်း၏ အုပ်စုဖွဲ့အတွေးအခေါ်အဖြစ် ကူးပြောင်းလာမှုကို သတိထားစောင့်ကြည့်သုံးသပ်ရန် လိုအပ်လှသည်။ ဤဆောင်းပါးတွင် ပညာရေးသပိတ်လှုပ်ရှားမှုတွင် လူအများလက်ခံလွှမ်းမိုးခြင်းခံရသည့် ဆိုရှယ်မီဒီယာ Mainstream အယူအဆ၏ အားနည်းချက်များကို ခွဲခြမ်းဆင်ခြင်သွားပါမည်။

ကျောင်းမတက်ခြင်းက တော်လှန်ရေးလမ်းစဉ်တစ်ရပ်လား

လက်ရှိတွင် ကျောင်းပြန်မတက်သူများကို တော်လှန်ရေးတွင် ပါဝင်အားဖြည့်နေသူများအဖြစ် အင်ဖလူရန်ဆာ ၊ ဆယ်လီများနှင့် လူအများစုက လက်ခံထားကြသည်။ ကျောင်းမတက်သူများကို ဂုဏ်ပြုချီးမွမ်းကာ ဆက်လက်ပြီး ကျောင်းမတက်ရန် အားပေးအားမြှောက်ပြုကြသည်။ ထိုကဲ့သို့ လက်ခုပ်လက်ဝါးတီးကာ ကျောင်းမတက်ရန် အားပေးကြသော်လည်း ကျောင်းမတက်သူများ ဆက်လက်လုပ်ဆောင်ရန် လမ်းကြောင်းလမ်းစဉ်များကို ခိုင်ခိုင်မာမာချမှတ်ထားခြင်းမတွေ့ရပေ။ ကျောင်းမတက်ခြင်းမှသည် တော်လှန်ရေးအပေါ် မည်သို့မည်ပုံ အကျိုးဖြစ်ထွန်းစေသည်ကို ချပြစည်းရုံးခြင်း အားနည်းလှသည်။  Mainstream ဆိုရှယ်မီဒီယာတွင် တွေ့ရများသည့် ကျောင်းမတက်ခြင်းက တော်လှန်ရေးအပေါ် မည်သို့သက်ရောက်မှုရှိသနည်းဆိုသည့် စဉ်းစားချက်များကို လေ့လာဆန်းစစ်ကြည့်ပါမည်။

၁ – ယန္တရားရပ်တန့်ခြင်း

တော်လှန်ရေးအစ ကနဦးအချိန်တွင် ကျောင်းမတက် CDM ပြုလုပ်ခြင်းသည် အစိုးရယန္တရားရပ်တန့်ရန်ဟု ကြွေးကြော်ကာ လပိုင်းအတွင်း အောင်ပွဲခံရမည်ဟု မျှော်လင့်ချက်အမှားများဖြင့် စည်းရုံးတိုက်တွန်းခဲ့ကြသည်။ ထိုကာလများကို ပြန်လည်သုံးသပ်ပါက ပညာရေးနှင့် ကျန်းမာရေးယန္တရားအများစုမှာ အမှန်တကယ်ပင် ရပ်တန့်သွားခဲ့ရသည်။ သို့သော်လည်း စစ်ကောင်စီကမူ ပြည်သူ့ဝန်ဆောင်မှု ယန္တရား၊ အုပ်ချုပ်ရေးယန္တရား ၊ စစ်ရေးယန္တရားဆိုသည့် အလွှာအဆင့်ဆင့်တွင် ပြည်သူ့ဝန်ဆောင်မှုယန္တရားထိခိုက်မှုသည် ၎င်းတို့အာဏာ ဆက်လက်တည်တံ့ရန် အရေးပါဆုံးမဟုတ်ကြောင်း သိနားလည်ခဲ့သည်။  တော်လှန်ရေးအင်အားစုများက အလွယ်ဆုံးနှင့် အနီးဆုံးဖြစ်သည့် ပြည်သူ့ဝန်ဆောင်မှုယန္တရားကို ခံစားချက်အသားပေးကာ ဖြိုချရန်ကြိုးစားမှုများမှာ စစ်ကောင်စီအပေါ် ဗျူဟာမြောက် ကူညီအားဖြည့်ပေးသလိုသာ ဖြစ်ခဲ့ပေသည်။

         အမှန်စစ်စစ် ပြည်တွင်းနေ ပြည်သူများအနေဖြင့် မီတာဆောင်ခြင်း၊ အခွန်ဆောင်ခြင်း၊ လက်ထပ်ထိမ်းမြားခြင်း၊ တရားစွဲဆိုခြင်း ၊ ဆေးကုသခြင်းတို့တွင် စစ်ကောင်စီကထိန်းချုပ်ထားသော ယန္တရားများနှင့် ကင်းကွာရန် မဖြစ်နိုင်လှပေ။ အလားတူပင် ပညာသင်ကြားနေသည့် လူငယ်များအကြား အခြေအနေများကိုလည်း နှိုင်းယှဉ်စဉ်းစားနိုင်ရန် လိုအပ်လှသည်။  ကျောင်းပြန်တက်သည်နှင့် “ တော်လှန်ရေးသစ္စာဖောက်” ၊ “ လောက်ကောင်” ၊ “ တစ်ဖို့တည်းသမား” စသဖြင့် တံဆိပ်အမျိုးမျိုးတပ်၍ ပြစ်တင်ရှုတ်ချခြင်းသည် အပြောင်းအလဲလိုလားသည့်လူငယ်များ၊ ပြည်သူများကို အစွန်းတစ်ဖက်သို့ တွန်းပို့ခြင်းသာဖြစ်ပြီး တော်လှန်ရေးအား နှောင့်နှေးစေကြောင်း ပေါ်ပြူလစ်ဆယ်လီများက သတိပြုသင့်သည်။

၂ – တရားဝင်မှု ပြရုပ်လား

ဆက်လက်ပြီး ကျောင်းမတက်ခြင်းကို စစ်ကောင်စီ၏ စိုးမိုးမှုမရှိခြင်း ၊ NUG အစိုးရ၏ တရားဝင်ခြင်းပြရုပ်အဖြစ် ထုတ်ပြနိုင်ရန်ဟူသောအယူအဆဖြင့် စည်းရုံးခဲ့ကြသည်။ ကျောင်းမတက်လှုပ်ရှားမှုကို စည်းရုံးတိုက်တွန်းလျက်ရှိသည့် စာရေးဆရာ ကိုဖြိုးသီဟ၏ Post တခုတွင် “စစ်ကောင်စီကို လူထုက လက်မခံဘူး၊ NUG သာ တို့အစိုးရပေါ့။ နိုင်ငံတကာမှာလည်း စစ်ကောင်စီကို နေရာမပေးအောင် ကြိုးစားကြ၊ လုံးဝအုပ်ချုပ်ခွင့် မရစေရဘူး ကြွေးကြော်ကြ။  ပြီးလည်း ပြီးရော၊ အစိုးရရုံးတွေ ကြည့်လိုက်တော့ ပုံမှန်အတိုင်း။ ဆေးရုံတွေ ကြည့်လိုက်တော့ ပုံမှန်အတိုင်း။ စာသင်ခန်းတွေမှာလည်း ပုံမှန်။ စာမေးပွဲတွေလည်း ဖြေနေလိုက်တာ ဖွေးဖွေးလှုပ် ဆိုရင် ရယ်စရာ ကောင်းမနေဘူးလား။ ခေတ်စကားနဲ့ ပြောရရင် Irony ဖြစ်တာပေါ့။ ပြောချင်တာက CDM ဆိုတာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားမှာ အထစ်အငေါ့တွေ ဖြစ်နေအောင် ဘက်ပေါင်းစုံကနေ ရရင် ရသလို လုပ်နေတာပဲ။ မင်းတို့ အုပ်ချုပ်တာ လက်မခံဘူး ဆိုတဲ့သဘော။ ငါတို့တိုင်းပြည်ဟာ ပုံမှန်လို လည်ပတ်မနေဘူး ဆိုတာကို ပြတာ။” ဟု ရေးသားခဲ့သည်။

ဤနေရာတွင် ကျောင်းမတက်လှုပ်ရှားမှုကို နိုင်ငံရေးပြရုပ်အဖြစ်စဉ်းစားသည်ဟုဆိုရာ၌ မည်သည့်အစုအဖွဲ့ကိုဦးတည်ပြသဖို့တိုက်တွန်းသည်ကို စဉ်းစားရန်ရှိသည်။ ပြည်သူများမှာ စစ်ကောင်စီ၏ တရားမဝင်မှု၊ တရားမဲ့ရက်စက်မှုကို နေ့စဉ်နဲ့အမျှ ခံစားသိရှိပြီးသားဖြစ်သည်။ ယင်းပြရုပ်ကို ပြည်သူများအားပြသရန်လိုအပ်သည်ဟု စဉ်းစားမှုသည် ပြည်သူများကို အထင်သေးစော်ကားရာပင်ရောက်သည်။ ထို့အတွက်ကြောင့် ဖြစ်နိုင်သည်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းသို့ ပြသလိုခြင်းဖြစ်သည်။ ဤစဉ်းစားချက်သည် NUG တာဝန်ရှိသူများအကြားတွင်လည်း ရေပန်းစားခဲ့ဟန်တူသည်။ NUG အစိုးရ၏ ကျောင်းကပွဲများ၊ ကျောင်းဖွင့်ပွဲများကို မီဒီယာထက်တွင် ဝေဝေဆာဆာ ဖော်ပြကာ ပညာရေးကို နယ်မြေစိုးမိုးရေးနှင့် နိုင်ငံရေးထောက်ခံမှုပြရုပ်အဖြစ် အသုံးချခဲ့သည်။

ထိုကဲ့သို့ ပညာရေးကို နိုင်ငံရေးထောက်ခံမှုပြရုပ်အဖြစ်အသုံးပြုခြင်းကြောင့် နိုင်ငံတကာထောက်ခံမှု ရရှိခဲ့သည့် သက်သေအထောက်အထားများမရှိခဲ့သော်လည်း စစ်ကောင်စီအတွက်မူ ပညာရေးအသိုင်းအဝိုင်းကို ဖိနှိပ်ရန် နှင့် အကြောက်တရားသွတ်သွင်းရန် အခွင့်အရေးပေးလိုက်သလိုဖြစ်ခဲ့သည်။ စစ်ကောင်စီအနေဖြင့် သီးခြားလွတ်လပ်စွာ ပညာသင်ကြားနေသည့် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ မိဘများကို ဖိနှိပ်မည်ဆိုလျှင် လူ့အဖွဲ့အစည်းတခုလုံးမှ လက်သင့်မခံဘဲ ဆန့်ကျင်ဖီဆန်ကြမည်ဖြစ်သော်လည်း ယခုကဲ့သို့ ပညာရေးကို နိုင်ငံရေး သို့မဟုတ် လက်နက်ကိုင်လမ်းစဉ်နှင့် ယှဉ်တွဲစဉ်းစားမှုကိုအခွင့်ကောင်းယူလိုက်ခြင်းဖြင့် စစ်ကောင်စီအနေဖြင့် အလွယ်တကူပင် ဖိနှိပ်မှုများကို ပြုလုပ်ပြီး အကြောက်တရားသွတ်သွင်းနိုင်ခဲ့သည်။ ဤသည်မှာ ဆိုရှယ်မီဒီယာ Mainstream ဇာတ်ကြောင်း၏ ဗျူဟာမြောက်အယူအဆအလွဲတခုပင် ဖြစ်သည်။

၃ – ခံစားချက်အသားပေး ကျိုးကြောင်းပြမှုများ

ခံစားချက်အသားပေး ကျိုးကြောင်းပြမှုများဆိုသည်မှာ အချက်အလက်၊ စံနှုန်းအခြေပြု စဉ်းစားခြင်းမဟုတ်သည့် မပြည့်စုံသော ကျိုးကြောင်းဆက်စပ်မှုများကို ရည်ရွယ်ခြင်းဖြစ်သည်။ ၂၀၂၂ တွင်ပြုလုပ်ခဲ့သော “ကျောင်းတက်တာ အပြစ်ရှိလား” လေးမျက်နှာစကားဝိုင်းတွင် ဆိုရှယ်အင်ဖလူရန်ဆာနှင့် သင်ကြားရေးဆရာတဦးဖြစ်သူ ကိုဇင်ဇေက မိမိတဦးတည်းအမြင်အရ ကျောင်းပြန်တက်သူများကို Social Punishment ပြန်လုပ်သင့်ကြောင်း၊ မဟုတ်ပါက ကျောင်းမတက်ဘဲ တော်လှန်နေကြသူများ အထူးသဖြင့် PDF နှင့် UG များအနေဖြင့် အခွင့်အရေးဆုံးရှုံးမှုများအတွက် မျှတမှု(Fairness) မရှိကြောင်း ပြောခဲ့သည်။  ဤနေရာတွင် ဆက်လက်စဉ်းစားရန်မှာ ထိုကဲ့သို့ တန်းတူမျှတမှုမရှိခြင်းသည် အစိုးရကျောင်းမှ ကျောင်းသားများသာမဟုတ်ဘဲ နိုင်ငံခြားထွက် လေ့လာသူများ၊ ပြည်တွင်းက အလုပ်လုပ်သူများ ၊ ပုဂ္ဂလိက ကျောင်းတက်သူများအပါ ထည့်သွင်းစဉ်းစားရမည်သာဖြစ်သည်။

ဒါနဲ့ဆက်စပ်ပြီး သင်္ဘောသားလောကအတွင်း ဖြစ်ခဲ့သည့် ဟာသဆန်ဆန် ဖြစ်ရပ်တခုကို အမှတ်ရမိပါသည်။ စီနီယာသင်္ဘောသားများက စစ်ကောင်စီမှ ဖွင့်လှစ်သော တက္ကသိုလ်ဆင်းကျောင်းသားများ သင်္ဘောမတက်ရန် ခြိမ်းခြောက်မှုများ၊ အကယ်၍  သင်္ဘောပေါ်ရောက်လာပါက မည်ကဲ့သို့ ပညာပေးမည်ဟုသည့် ကြုံးဝါးမှုများကို ပြုလုပ်ခဲ့ကြသည်။ သို့သော်ငြားလည်း ထိုကြုံးဝါးသူများကိုယ်တိုင် စစ်ကောင်စီလက်အောက်မှ ရာထူးတိုးစာမေးပွဲများကို အပြေးအလွှားဖြေဆိုကြပြီး အောင်မြင်သူအချင်းချင်း ဂုဏ်ပြုဝမ်းမြောက်ကြပြန်သည်။ သူတို့ကို စံနှုန်းအရ တပြေးညီမဖြစ်သင့်ဘူးလားဟု မေးကြည့်ပါက ငါတို့ သင်္ဘောတက်မှ၊ပိုက်ဆံရှာနိုင်မှ တော်လှန်ရေးအတွက် လှူနိုင်မှာဟု ဖြေရှင်းကြပေသည်။ တကယ်တမ်းမှာတော့ အသစ်တက်လာမည့် လူငယ်သင်္ဘောသား အများစုသည်လည်း တော်လှန်ရေးနှင့် လူ့အဖွဲ့အစည်းအတွက် ပြန်လည်ထည့်ဝင်ကြမည်သာပင်။

အမှန်စစ်စစ် တော်လှန်ရေးဟူသည် ပေးဆပ်မှုယှဉ်ပြိုင်ခြင်းမဟုတ်။ မိမိတို့ ဆန္ဒနှင့် ရွေးချယ်မှုအရ ပိုကောင်းသည့်အနာဂတ်အတွက် ပူးပေါင်းပါဝင်ကြခြင်းသာဖြစ်သည်။ ဤသည်ကို ပေးဆပ်မှုပြိုင်ပွဲအသွင် ဖော်ဆောင်စည်းရုံးနေခြင်းသည် လူငယ်များ အထူးသဖြင့် ပညာရေးတပိုင်းတစဖြင့် မည်သို့ရှေ့ဆက်ရမည်မသိသော ပြည်တွင်းရှိလူငယ်များအတွက် ဆိုးကျိုးများစွာရှိလာပေလိမ့်မည်။

၄- စစ်ကျွန်ပညာရေးတိုက်ဖျက်ရေးလား

နောက်ဆုံးရေပန်းစားလာသည့် စဉ်းစားချက်အနေဖြင့် ကျောင်းမတက်ခြင်းကို စစ်ကျွန်ပညာရေးတိုက်ဖျက်ရေးအဖြစ် ပြောဆိုစည်းရုံးခြင်းကို တွေ့နိုင်သည်။ ဤနေရာတွင် အယူအဆအားဖြင့် ကောင်းမွန်မှန်ကန်သော်လည်း လက်တွေ့တွင်မူ အတွေးအခေါ်နှင့် ပညာရေးစနစ်ပြောင်းလဲခြင်းထက် အုပ်စုဖွဲ့ အတွေးအခေါ်ဖြင့် အပေါ်ယံပြောင်းလဲမှုကိုသာ ဦးတည်နေသည်ဟု ထင်မှတ်စရာ အကြောင်းများစွာရှိနေသည်။ 

စစ်ကျွန်ပညာရေးဟုခေါ်ဆိုရာတွင် နှစ်ပေါင်းများစွာ လွတ်လပ်သော အတွေးအမြင်များ မရှင်သန်နိုင်အောင် အကြောက်တရားနှင့် နာခံမှုသွတ်သွင်းသည့် ပညာရေးယန္တရားစနစ်နှင့် ခေတ်အဆက်ဆက် စစ်ဝါဒ ၊ အကြမ်းဖက်ဝါဒ ၊ လူမျိုးကြီးဝါဒကိုအသုံးပြုကာ မြန်မာနိုင်ငံနှင့် ဗုဒ္ဓဘာသာကို တည်ထောင်ခဲ့သည့် သမိုင်းကြောင်းယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးထားမှု စံနှုန်းများကို ဖီဆန်တွန်းလှန်ရန် လိုအပ်နေခြင်းဖြစ်သည်။

လက်ရှိဆိုရှယ်မီဒီယာ ပင်မရေစီးကြောင်းတွင် ရေပန်းစားနေသော “ရန်သူမိတ်ဆွေ” ၊ “အဖြူအမည်း” ၊ “ရန်ငါစည်းပြတ်” အယူအဆဖြင့် မည်သည့်လူပုဂ္ဂိုလ်များကို ရန်သူသတ်မှတ်ရမည်နည်း၊ တော်လှန်ရေးမအောင်ခြင်းအတွက် မည်သူကို အပြစ်တင်ရမည်နည်း ဟူသော စဉ်းစားတွေးခေါ်မှုအခြေခံဖြင့် စစ်ကျွန်ပညာရေးကို ပြောင်းလဲတော်လှန်နိုင်မည်မဟုတ်။ ပြောင်းပြန်အားဖြင့် စစ်ကျွန်ပညာရေးကို ပိုမိုအားကောင်းအောင်သာ အားဖြည့်ပေးနေမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အကြောက်တရားနှင့် အမုန်းတရားအခြေခံသော စည်းရုံးပြောဆိုမှုများသည် စစ်ကျွန်ပညာရေး၏ အကြောင်းရင်းခံများ ဖြစ်သောကြောင့်ပင်ဖြစ်သည်။ 

စစ်ကျွန်ပညာရေးကို တော်လှန်ပြောင်းလဲရန်မှာ အကြောင်းရင်းခံများကို အခြေအမြစ်အထိ စဉ်းစားတွေးခေါ်မှု၊ ဖိနှိပ်ခံပြည်သူများအပေါ် စာနာထောက်ထားမှုနှင့် ချစ်ခြင်းမေတ္တာကို အရင်းခံရပေမည်။ လူပုဂ္ဂိုလ်များကို အပြစ်တင်ရှုတ်ချစည်းခြားခြင်းမပြုဘဲ ပိုမိုကောင်းမွန်သော ပညာရေးစနစ်ကို ဖန်တီးတည်ဆောက်ကာ အားလုံးပါဝင်နိုင်အောင် လမ်းဖွင့်ပေးရန် လိုအပ်သည်။ 

၅ – စစ်ကောင်စီကျောင်းပြီးသူများကို အသိအမှတ်မပြုမည်လော

ကျောင်းမတက်လှုပ်ရှားမှုတွင် ပါဝင်နေသော လူငယ်များအနေဖြင့် မိမိတို့ ဆန္ဒသဘောထားအရ ကျောင်းတက်ခြင်း မတက်ခြင်းကို ရွေးချယ်နိုင်သည်။ သို့ရာတွင် ပေါ်ပြူလစ်ဆယ်လီများ ၊ နိုင်ငံရေးသမားများ၏ သတင်းအချက်အလက်အမှားများ ဝါဒဖြန့်ချိရေးလှည့်စားမှုများကို ဆင်ခြင်သုံးသပ်နိုင်ရန် လိုအပ်သည်။

တချို့သော လူငယ်များအတွက် ကျောင်းမတက်ခြင်းသည် တော်လှန်ရေးတွင် ပါဝင်ခြင်းထက် ကျောင်းပြန်တက်ပါက မိမိတို့ရရှိသော ဘွဲ့လက်မှတ်များကို အသိအမှတ်မပြုမည်၊ အလုပ်ရှင်များနှင့် နိုင်ငံတကာက အကျင့်ပျက်စာရင်းသွင်းမည်ကို စိုးရိမ်နေကြသည်။ အထူးသဖြင့် နိုင်ငံရေးနှင့် နီးစပ်ကျွမ်းဝင်မှုနည်းသော မိသားစုအသိုင်းအဝိုင်းများမှာ အဆိုပါအကြောက်တရားလွှမ်းမိုးမှု များကြသည်။ ထို့ကြောင့် နိုင်ငံတကာနှင့် NUG အနေဖြင့် စစ်ကောင်စီဘွဲ့လက်မှတ်များကို ပစ်ပယ်ခြင်း ပြုနိုင်မည်လား ဆန်းစစ်ကြည့်ပါမည်။

လက်ရှိတွင် နိုင်ငံတကာအနေဖြင့် စစ်ကောင်စီအပေါ် ရက်စက်ကြမ်းကြုတ်သော အာဏာသိမ်း “အစိုးရ” အဖြစ် ရှုမြင်ပြီး ၊ NUG ကိုမူ လူထုထောက်ခံမှုရထားသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး “အဖွဲ့အစည်းတခု”အဖြစ်သာ ရှုမြင်ကြခြင်းဖြစ်သည်။ ထိုကြောင့် မည်မျှပင် စစ်ကောင်စီအပေါ် ပိတ်ဆို့ရှုတ်ချပါစေ ၊ ပညာရေးကဏ္ဍတွင် နိုင်ငံတကာမှ ခွဲခြားသတ်မှတ်ရန် ဖြစ်လာမည်မဟုတ်ပေ။ Passport ထုတ်ရာတွင် စစ်ကောင်စီယန္တရားကိုသာ အသိအမှတ်ပြုသကဲ့သို့ စစ်ကောင်စီမှ ဖွင့်လှစ်ထားသော တက္ကသိုလ်အောင်လက်မှတ်များကို အသိအမှတ်ပြုနေဦးမည်ဖြစ်သည်။

NUG အနေဖြင့် တော်လှန်ရေးအောင်မြင်ပါက စစ်ကောင်စီပညာရေးကို အသိအမှတ်မပြုဟု ဆိုရာတွင်လည်း အကန့်အသတ်များစွာရှိသည်။ ရှေးဦးစွာအတွေးအခေါ်ပိုင်းအရ ယခုကဲ့သို့ ပညာရေးကို နိုင်ငံရေးအဖွဲ့အစည်းတခုခုက လိုအပ်သလို ထိန်းကျောင်းကန့်သတ်မည့် စဉ်းစားချက်သည် ပညာရေးလွတ်လပ်ခွင့်ကို ဆန့်ကျင်ပြီး စစ်ကျွန်ပညာရေးကို ရှေ့ဆက်အသက်သွင်းရာရောက်သည်။ နောက်ထပ် အချိန်အကန့်အသတ်စဉ်းစားရာတွင်  စစ်ကောင်စီတရားဝင်မှုမရှိခြင်း သို့မဟုတ် စစ်ကျွန်ပညာရေးသည် ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်းကိုသာ ရည်ညွန်းသည်လော၊ ၁၉၉၀ အချိန်ကာလနောက်မှ စတင်မည်လော၊ ဦးနေဝင်းခေတ်မှ စတင်ရည်ညွှန်းသည်လော စသည့်ဥပဒေပြုရေးဆိုင်ရာ မေးခွန်းများစွာရှိနေသည်။ (ဤတွင် ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်းကိုသာ တရားဝင်မှုမရှိသော စစ်ကျွန်ပညာရေးဟု သတ်မှတ်ခြင်းသည် နှစ်ပေါင်းများစွာ အတင်းအကြပ်အာဏာသိမ်းပိုက်ဖိနှိပ်ခံရသော တိုင်းရင်းသားလူမျိုးစုများအတွက် ဗမာဗဟိုပြု အတွေးအခေါ်သာဖြစ်သည်ဟု ရှုမြင်ကြပေလိမ့်မည်။)

လက်တွေ့အကောင်အထည်ဖော်ရာတွင်လည်း လက်ရှိတော်လှန်ရေးအရွေ့သည် မည်မျှကြာမည်ကို မခန့်မှန်းနိုင်သည့် ကာလရှည်ကြာ ပြည်တွင်းစစ်ဆီသို့ ကူးပြောင်းနေခြင်းဖြစ်သည်။ ထိုအချိန်အတွင်း NUG သည် မည်သို့မည်ပုံပြောင်းလဲသွားမည်ကို ယတိပြတ်မပြောနိုင်ချေ။ သေချာသည်မှာ ကြားကာလယာယီအဖြစ် ဖွဲ့စည်းခဲ့သော NUG သည် တော်လှန်ရေးအောင်မြင်ချိန်တွင် အသစ်ပြောင်းလဲဖွဲ့စည်းရမည်သာဖြစ်သည်။ ထို့အတွက် NUG အနေဖြင့် တော်လှန်ရေးပြီးဆုံးချိန်တွင် ဆက်လက်ရှိနေမည်မဟုတ်သောကြောင့် ၎င်း၏အသိအမှတ်ပြုခြင်း၊ မပြုခြင်းသည် အရေးပါလှသည်မဟုတ်ပေ။ ထို့အတွက်ကြောင့် တချို့သော ဆယ်လီအင်ဖလူရန်ဆာများ ပြောသလို စစ်ကောင်စီပညာရေးကို အသိအမှတ်မပြုဆိုသည်မှာ ယုတ္တိဆိုင်ရာ အလွဲများစွာရှိနေသည်။ တကယ်တမ်းပကတိအခြေအနေတွင် နိုင်ငံတကာတွင်ဖြစ်စေ ပြည်တွင်းတွင်ဖြစ်စေ အသိအမှတ်ပြုရန် အခက်အခဲရှိနေသည်မှာ NUG ၏ ပညာရေးစနစ် ဖြစ်နေသည်။

နိဂုံးချုပ်

ဤစာကိုရေးသောအခါ ပေါ်ပြူလစ်ထောက်ခံသူများအနေဖြင့် စစ်ကောင်စီကို မပြောဘဲ ဘယ်အတွက်ကြောင့် တော်လှန်ရေးသမားများကို ဝေဖန်နေရသနည်းကို မေးပါလိမ့်မည်။ အကယ်၍ ပေါ်ပြူလစ်များ စဉ်းစားကြသလို စစ်ကောင်စီကို ပြစ်တင်ရှုတ်ချရုံဖြင့် စနစ်သစ် ၊ နိုင်ငံသစ်ကို ဖော်ဆောင်နိုင်မည်လား စဉ်းစားသုံးသပ်ရန် လိုသည်။ ခံစားချက်များ၊ ကြွေးကြော်သံများသာရှိပြီး အဖြေလမ်းစဉ်မရှာနိုင်ခြင်းသည် တော်လှန်ရေးနှစ်နှစ်ကျော်ကာလ ပေါ်ပြူလစ်လှုပ်ရှားမှု၏ အားနည်းချက်ဖြစ်သည်ကို သတိပြုမိရန် လိုလှသည်။ ထပ်မံ၍ ဆင်ခြင်ရမည်မှာ ပေါ့ပျက်ပျက်စည်းရုံးပြောဆိုမှုများကြောင့် ပျက်ဆီးဆုံးရှုံးမှုများ၊ လူ့အဖွဲ့အစည်းအကြားကွဲအက်မှု၊ အမုန်းတရားတိုးပွားလာမှုများအတွက် အဆိုပါဆယ်လီအင်ဖလူရန်ဆာများမှသည် နိုင်ငံရေးခေါင်းဆောင်များအထိ  တာဝန်ယူမှု/တာဝန်ခံမှုရှိရမည်ဖြစ်သည်။

အဆုံးပိုင်းဖြစ်သောကြောင့် အကြံပြုချက်တချို့ကို တင်ပြလိုပါသည်။ ပညာရေးလှုပ်ရှားမှုသည် ပြည်သူလူထုကိုအခြေပြုပြီး အရပ်ဘက်လှုပ်ရှားမှုအဖြစ်သာ ဖော်ဆောင်ရပေမည်။ နိုင်ငံရေးအဖွဲ့အစည်းများ၊ အထူးသဖြင့် လက်နက်ကိုင်လမ်းစဉ်နှင့် တွဲဖက်ဖော်ဆောင်ခြင်းသည် ရှေ့ရောက်နိုင်မည်မဟုတ်ပေ။ မြန်မာနိုင်ငံ၏ အနာဂတ် ပညာရေးပြောင်းလဲမှုဖြစ်စဉ်သည် အရပ်ဘက် အသင်းအဖွဲ့များ၊ ပညာရှင်များ၊ လူငယ်များ၊ ဒေသခံအဖွဲ့အစည်းများအပေါ်တွင် မူတည်နေပေသည်။ နိုင်ငံတကာ သို့မဟုတ် နိုင်ငံရေးအဖွဲ့အစည်းများအနေဖြင့် ပံ့ပိုးရုံသာ ဖြစ်နိုင်ပါသည်။

Freedom Fighter အဖွဲ့အနေဖြင့် စစ်ကောင်စီကျောင်းပြန်တက်ရန် ၊ သို့မဟုတ် မတက်ရန် တိုက်တွန်းလိုခြင်းမဟုတ်ပါ။ မှန်ကန်ရှင်းလင်းသော အတွေးအခေါ်များကို အခြေခံကာ မိမိတို့အခြေအနေနှင့် ချင့်ချိန်ဆင်ခြင်ရန်သာ တိုက်တွန်းပါသည်။ အွန်လိုင်းပညာရေး ၊ နေအိမ်အခြေပြုပညာရေးများသည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင်ပင် တနိုင်ငံလုံးအဆင့် ကျင့်သုံးနိုင်ရန် အခက်အခဲများစွာရှိနေသည်။ ၎င်းအပြင် မျိုးဆက်သုံးဆက်ကျော်မျှ အမြစ်တွယ်ခဲ့သော စစ်ကျွန်ပညာရေးသည် စစ်ကောင်စီယန္တရားအတွင်းသာရှိနေသည်မဟုတ်ဘဲ လူ့အဖွဲ့အစည်းအတွင်း ခိုင်မာအားကောင်းနေသည်ကို ဆင်ခြင်သုံးသပ်နိုင်မှသာ အမှန်တကယ်ပြောင်းလဲနိုင်ပေလိမ့်မည်။

ဤစာကိုရေးသောအခါ ပေါ်ပြူလစ်ယဉ်ကျေးမှု နှင့် ဆိုရှယ်မီဒီယာအင်ဖလူရန်ဆာများ၏ ဝါဒဖြန့်မှုကို အလေးပေးရေးသော်လည်း လက်ရှိပညာရေးအကျပ်အတည်းတွင်  အဖြေပျောက်ဆုံးနေရခြင်းသည် ပေါ်ပြူလစ်ယဉ်ကျေးမှုတခုတည်းကို အပြစ်ပုံချ၍ မရနိုင်ပေ။ တတ်သိနားလည်သော အဖွဲ့အစည်းများ၊ ပညာရှင်များ၊ နိုင်ငံရေးသမားများ ကျောင်းသားမိဘများကိုယ်တိုင် လူအုပ်ကြီး အမုန်းခံရမည်ကိုကြောက်ကာ မိမိတို့၏ အမြင်များကို လွတ်လပ်ပွင့်လင်းစွာမပြောရဲ ၊ မဆိုရဲဖြစ်လာခြင်းသည်ပင်လျှင်  ပညာရေးစနစ်သစ်ဖော်ဆောင်နိုင်ခြင်းအတွက် အကြီးမားဆုံးသော   အတားအဆီးဖြစ်နေသည်။

(အထက်ဖော်ပြပါအကြောင်းအရာများနှင့် စပ်လျဉ်း၍ ဖြည့်စွက်ထောက်ပြလိုသည်များရှိပါက အဖြေရှာဆွေးနွေးနိုင်ရန် Freedom Fighter အဖွဲ့မှ ကြိုဆိုဖိတ်ခေါ်ပါသည်။)
ရဲထက်
ဇွန် ၁၄ ၊ ၂၀၂၃


စာညွှန်း

လေးမျက်နှာစကားဝိုင်း “ကျောင်းတက်တာ အပြစ်ရှိသလား”

ဖြိုးသီဟ “တစ်ဖို့တည်းသမားတွေသာ များလာခဲ့ရင်”

ဖြိုးသီဟ “စကစကျောင်းတွေမှာမှ မအပ်ရင် ပညာသင်လို့ မရတော့ဘူး ဆိုတာမျိုး ပြောနေတာတွေက တွေးကြည့်ရင် အတော်ရယ်ရ”

ဖြိုးသီဟ “ကျောင်းတက်သင့် မတက်သင့်”

ပန်ဆယ်လို “စကစက ပေးအပ်တဲ့ အောင်လက်မှတ်တွေ၊ ဘွဲ့လက်မှတ်တွေ ဘာတစ်ခုမှ အသုံးဝင်မှာ မဟုတ်”

Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်