CDM လှုပ်ရှားမှုကို ပြန်လည်ပုံဖော်ဖို့ စဉ်းစားချိန်တန်ပြီ

မကြာသေးခင်က Frontier Myanmar မှာ “It’s time to re-think the CDM” ဆိုတဲ့ဆောင်းပါးကိုရေးဖြစ်ပါတယ်။ ထိုဆောင်းပါးကို မြန်မာလိုဖတ်ရှုရ ဆီလျော်အောင် ပြန်ဆိုရေးသားလိုက်ပါတယ်။
Time to rethink CDM-Burmese

CDM လှုပ်ရှားမှုဟာ လက်ရှိမှာ အရင်းအနှီးများစွာနဲ့ ပေးဆပ်ခဲ့၊ ပေးဆပ်ဆဲဖြစ်ပါတယ်။ ဒါပေမဲ့ ပေးဆပ်မှုနဲ့ ရရှိတဲ့အကျိုးအမြတ်မကာမိဘဲ မှန်းသလောက်ခရီးမပေါက်ဖြစ်နေပါတယ်။ ဒါကြောင့် ဒီလှုပ်ရှားမှုကို အဟောသိကံမဖြစ်စေဘဲပိုပြီးထိရောက်မှုရှိဖို့ ပြန်လည်စဉ်းစားရမှာတွေရှိနေပါတယ်။ အထူးသဖြင့် CDM  ၊ Non-CDM ဆိုပြီး လူ့အဖွဲ့အစည်းအကြားအကွဲအပြဲကိုဖြစ်စေတဲ့ အမှတ်သရုပ်တိုက်ပွဲပုံစံ လုပ်ဆောင်နေတာတွေကို ရပ်တန့်ကာ သီးခြားလွတ်လပ်တဲ့ အကြမ်းမဖက်လူထုလှုပ်ရှားမှုအဖြစ် အားသစ်လောင်းဖို့ လိုအပ်နေပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီကနေစပြီး ပြည်သူလူထုက အမိန့်ဖီဆန်ရေး လူထုလှုပ်ရှားမှုနဲ့ တွန်းလှန်တိုက်ပွဲဝင်ခဲ့ပါတယ်။ CDM ဆိုတဲ့ အမည်နာမကို လှုပ်ရှားမှုပုံစံအမျိုးမျိုးအဖြစ် သုံးစွဲခဲ့ကြပါတယ်။ ဒါပေမဲ့ အများစုလက်ခံထားတဲ့ပုံစံကတော့ စစ်အုပ်ချုပ်မှုပြိုပျက်ရေးအတွက် အစိုးရဝန်ထမ်းတွေကရုံးမတက်ကြတဲ့ ပြည်သူ့ဝန်ထမ်းသပိတ်လို့ နားလည်ထားကြပါတယ်။ လေ့လာမှုတွေအရ ဖေဖော်ဝါရီနှင့် မတ်လမှာ လှုပ်ရှားမှုဒီရေအမြင့်ဆုံးရောက်ခဲ့ပြီး အစိုးရဝန်ထမ်း လေးသိန်းမှ တသန်းကြား အလုပ်ခွင်ကိုမသွားဘဲ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံသမိုင်းမှာ ၁၉၃၈ ကိုလိုနီခေတ်နဲ့ ၁၉၈၈ စစ်အာဏာရှင်ခေတ်တွေအတွင်း အစိုးရဆန့်ကျင်ရေးသပိတ်တွေဖြစ်ပွားခဲ့ဖူးပါတယ်။ ဒါပေမဲ့ ယခု CDM သပိတ်ဟာ အရင်ကလှုပ်ရှားမှုတွေထက် ပါဝင်မှုပမာဏပိုမိုများပြားတဲ့အပြင် အချိန်ကာလအကြာမြင့်ဆုံးလှုပ်ရှားမှုလို့ ဆိုနိုင်ပါတယ်။ ဒီလိုမျိုး ပေးဆပ်မှုတွေ၊ စိတ်ဓာတ်ခိုင်မာမှုတွေနဲ့ တည်ဆောက်ထားတယ်ဆိုပေမဲ့ ပန်းတိုင်ကိုအရောက်သွားနိုင်ဖို့အတွက်တော့ လိုအပ်နေသေးတဲ့အစိတ်အပိုင်းတစ်ခုရှိနေပါတယ်။ အဲဒါကတော့ အောင်မြင်မှုကို ဘယ်လိုရယူမလဲဆိုတဲ့ မဟာဗျူဟာလမ်းကြောင်းတခု ခိုင်ခိုင်မာမာမရှိခြင်း ဆိုတဲ့အပိုင်းပဲဖြစ်ပါတယ်။

လှုပ်ရှားမှုမှာပါဝင်ခဲ့ကြသူတွေနဲ့ ဦးဆောင်သူတွေအများစုကတော့ CDM လှုပ်ရှားမှုဟာ မူလကစဉ်းစားထားသလို စစ်တပ်ကိုအာဏာလက်လွှတ်ဖို့ မအောင်မြင်ခဲ့ဘူးဆိုတာကို လက်ခံကြပါတယ်။ ဒီလိုမျိုး မအောင်မြင်ရခြင်းအပေါ် အများစုပြောကြတဲ့ အကြောင်းပြချက်နှစ်ခုရှိပါတယ်။ တခုက စစ်အုပ်စုက ရက်ရက်စက်စက်ဖိနှိပ်ဖြိုခွင်းတာကြောင့်၊ နောက်တခုကတော့ တကိုယ်ကောင်းဆန်တဲ့ အစိုးရဝန်ထမ်းတွေက CDM လှုပ်ရှားမှုမှာမပါတာကြောင့်လို့ ပြောကြပါတယ်။ ဒီသုံးသပ်ချက်တွေက အတိုင်းအတာတခုအထိ မှန်ကောင်းမှန်နိုင်ပေမဲ့ မပြည့်စုံပါဘူး။ နောက်ပြီး ဒီအချက်တွေက လှုပ်ရှားမှုမှာပါဝင်တဲ့လူတွေအနေနဲ့ တိုက်ရိုက်ထိန်းချုပ်လို့မရတဲ့အပိုင်းတွေကို အဓိက အာရုံစိုက်နေတာပဲဖြစ်ပါတယ်။ ဒါကြောင့် ဒါတွေအပေါ်မှာပဲ အပြစ်တင်နေရုံနဲ့တော့ မဟာဗျူဟာကောင်းတခု ပေါ်ထွက်လာဖို့ အထောက်အပံ့ဖြစ်စေမှာ မဟုတ်ပါဘူး။ 

ဘာတွေပြောင်းလဲရမှာလဲ

ပထမဆုံးအနေနဲ့ သပိတ်လှုပ်ရှားမှုမှာပါဝင်မယ့် အစိုးရဝန်ထမ်းတွေအတွက်ရော၊ ဝန်းရံထောက်ပံ့မယ့်လူထုတရပ်လုံးအတွက်ပါ ချင့်ချိန်မျှတတဲ့ဗျူဟာကို ချမှတ်ဖို့လိုအပ်ပါတယ်။ CDMလှုပ်ရှားမှုဟာ အနာဂတ်မှာ လူ့အသိုင်းအဝိုင်း‌ရေရှည်ကောင်းစားဖို့ ခဏတာအနစ်နာခံတာလို့ အစကမှတ်ယူခဲ့ကြပါတယ်။ဒါပေမဲ့ အခုလိုအချိန်ကြာလာတဲ့အခါမှာတော့ ခဏတာအနစ်နာခံရုံတင်မဟုတ်တော့ဘဲ ပေးဆပ်ရမှုတွေပိုမိုများလာပြီး ဒုက္ခနွံထဲနစ်သတတ်နစ်နေကြရပါတယ်။ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍမှာ အရေးအကြီးဆုံးဖြစ်တဲ့ ပညာရေးနဲ့ကျန်းမာရေးကဏ္ဍထဲက ဝန်ထမ်းတွေဟာ ဒီသပိတ်မှာ ရှေ့ဆုံးကနေ အုံလိုက်ကျင်းလိုက် ဦးဆောင်တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒီဝန်ဆောင်မှုတွေဟာ ဝင်ငွေနည်းပါးတဲ့မိသားစုတွေ၊ ကျေးလက်ဒေသကပြည်သူတွေအတွက် တခြားရွေးချယ်စရာမရှိဘဲ မှီခိုအားထားနေရတဲ့ ဝန်ဆောင်မှုတွေဖြစ်ပါတယ်။ ဒီလိုမျိုး ဝန်ဆောင်မှုယန္တရားပြိုပျက်သွားတဲ့အတွက် နောက်ဆက်တွဲအနေနဲ့ ထိခိုက်မှုတွေ အမျိုးမျိုးရှိနေပါတယ်။ လက်ရှိမှာ တော်လှန်ရေးအင်အားစုအသီးသီးကနေ စင်ပြိုင်ဝန်ဆောင်မှုတွေ ပေးနေကြတယ်ဆိုပေမဲ့ ပမာဏအချိုးအစားအလွန်နည်းပြီး တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်တဲ့ အင်အားမရှိသေးပါဘူး။ အများစုက ပဋိပက္ခဒေသ‌တွေမှာ စစ်အုပ်စုရဲ့ ဖိနှိပ်မှုကြားကနေ ပုံဖော်ရတာဖြစ်တဲ့အတွက် အန္တရာယ်များပြီး ထိရောက်တဲ့ယန္တရားအသွင်တည်ဆောက်နိုင်ဖို့ အခက်အခဲများစွာရှိနေပါတယ်။ CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ရာထူးအမြင့်ပိုင်းဦးဆောင်သူတွေအတွက် အခြားရွေးချယ်စရာရပ်တည်မှုတွေရှိနေပေမဲ့ အခြေခံဝန်ထမ်းတွေအတွက်တော့ အစားထိုးရွေးချယ်စရာရပ်တည်မှုများများစားစားမရှိပါဘူး။ ဒါ့အပြင် သူတို့ရဲ့အသံတွေကိုလည်း မီဒီယာစာမျက်နှာတွေမှာတွေ့ဖို့ ခက်ခဲလှပါတယ်။ 

  လူထုပါဝင်မှုအတွက် ပြည်သူအားလုံးစည်းလုံးညီညွတ်ရေးကိုဦးတည်စေတဲ့ သတင်းစကားမျိုးပါးဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ပကတိအခြေအနေမှာတော့ CDM လှုပ်ရှားမှုရဲ့သတင်းစကားတွေမှာ လူ့အဖွဲ့အစည်းအကွဲအပြဲကိုဖြစ်စေတဲ့အချက်တွေ များစွာရှိနေပါတယ်။ ဥပမာအနေနဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကနေ ဇန်နဝါရီလမှာ ထုတ်ပြန်လိုက်တဲ့ “ CDM နိုင်ငံ့ဝန်ထမ်း မူဝါဒစာတမ်း(မူကြမ်း)” မှာ တော်လှန်ရေးအောင်မြင်တဲ့အခါ CDM ဝန်ထမ်း‌တွေကို ဆုချီးမြှင့်ဖို့၊ အစိုးရအလုပ်ခွင်ဝင်တဲ့ဝန်ထမ်းတွေကို ရာထူးအဆင့်အလိုက် အလုပ်ဖြုတ်တာ၊ အမည်ပျက်စာရင်းသွင်းတာ၊ ခရီးသွားလာခွင့်ပိတ်ပင်‌တာတွေ ပြုလုပ်ဖို့ အဆိုပြုထားပါတယ်။ ‌ဒါ့ပြင် ၂၀၂၁ ဧပြီနောက်ပိုင်းမှ CDM လှုပ်ရှားမှုမှာ ပါဝင်လာတဲ့ ဝန်ထမ်းတွေနဲ့ အလုပ်ခွင်ပြန်ဝင်သွားကြတဲ့ဝန်ထမ်း‌တွေဟာ CDM လှုပ်ရှားသူများအဖြစ် အကြုံးမဝင်တဲ့ အုပ်စုနှစ်ခုအဖြစ် စည်းတားပုံဖော်တဲ့အယူအဆကိုပါ ထုတ်ပြန်ထားပါတယ်။ ပိုပြီးသတိပြုရမှာက ဒီမူဝါဒမှာ CDM  လှုပ်ရှားမှုကို အောင်မြင်အောင် ဘယ်လိုဆက်လုပ်မယ်ဆိုတဲ့ မဟာဗျူဟာလမ်းစဉ် မပါဝင်တဲ့အချက်ပဲ။ 

တော်လှန်ရေးမှာ ရန်ငါခွဲတဲ့ လုပ်ရပ်‌တွေဟာ လုံခြုံရေးနဲ့ မိသားစုဝမ်းရေးအတွက် အလုပ်ခွင်ပြန်ဝင်ရတဲ့ ဝန်ထမ်း‌တွေအပေါ် ခွဲခြားဆက်ဆံပြီး အစွန်းတဖက်ဆီတွန်းပို့လိုက်တာဖြစ်ပါတယ်။ အကြောင်းရင်းအမျိုးမျိုးကြောင့် အလုပ်ခွင်ကိုမစွန့်ခွာတဲ့ ဝန်ထမ်းတွေဟာ နှုတ်ဖြင့်စော်ကားခံရတာတွေ၊ ခြိမ်းခြောက်ခံရတာတွေ၊ အွန်လိုင်းမှာ ဆဲရေးတိုင်းထွာခံရတာတွေ၊ ကိုယ်ထိလက်ရောက် အကြမ်းဖက်၊ သတ်ဖြတ်ခံရတာ‌တွေကို ရင်ဆိုင်နေရပါတယ်။ ဒီလိုမျိုးခြိမ်းခြောက်ပြီး အချို့သောဝန်ထမ်းတွေကို သပိတ်လှုပ်ရှားမှုထဲ ပါဝင်အောင် အကြပ်ကိုင်နိုင်ကောင်းကိုင်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီလုပ်ရပ်က လှုပ်ရှားမှုတခုလုံးအပေါ် ထားရှိတဲ့စံတန်ဖိုးတွေကို သွေဖယ်လိုက်တာဖြစ်ပြီး လူထုရဲ့ ယုံကြည်ထောက်ခံမှု ပိုပြီးကျဆင်းသွားစေနိုင်ပါတယ်။ 

CDM နှင့်ပတ်သက်ပြီး နောက်ထပ်အငြင်းအခုန်ဖြစ်စရာအချက်ကတော့ နိုင်ငံရေးအာဏာပိုင်တွေ၊ လက်နက်ကိုင်တော်လှန်ရေး‌တွေနဲ့ ပတ်သက်ဆက်နွယ်မှုပါ။ CDM လှုပ်ရှားမှုအနေနဲ့ သာမန်အရပ်သားတွေကနေ စတင်ဖော်ဆောင်တဲ့အချိန်မှာ အကြမ်းမဖက်လူထုလှုပ်ရှားမှုအဖြစ် ပေါက်ဖွားလာပေမဲ့ ပါဝင်သူအများစုဟာ နိုင်ငံရေးနှင့်ဥပဒေပြုရေးတရားဝင်မှုလမ်းကြောင်းအရ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကို လှုပ်ရှားမှုဦးဆောင်သူများအဖြစ် လက်လွှဲပေးအပ်လိုက်ကြပါတယ်။  ဒီအဖွဲ့အစည်းနှစ်ရပ်က CDM လုပ်သူတွေကို အသိအမှတ်ပြု ID ကဒ်တွေထုတ်ပေးတာ၊ ၂၀၂၁ ဧပြီလကုန်ကို CDM တံခါးပိတ်ချိန်အဖြစ်သတ်မှတ်တာ၊ နစ်နာသွားတဲ့ လစာတွေ၊ အကျိုးခံစားခွင့်‌တွေကို အစားထိုးပေးအပ်ဖို့ ကတိကဝတ်ပြုတာတွေလုပ်ပြီး သူတို့ဦးဆောင်မှုအခန်းကဏ္ဍကို ပြသတည်ဆောက်ခဲ့ပါတယ်။ ဒါပေမဲ့ ပေးထားတဲ့ ကတိအများစုကိုတည်ဖို့ ပျက်ကွက်ခဲ့ကြပြီး ထိရောက်တဲ့ ဖြေရှင်းမှု၊ တာဝန်ခံမှုနဲ့ ပြန်လည်သုံးသပ်မှုတွေကိုလည်း လုပ်ဆောင်နိုင်ခြင်းမရှိပါဘူး။ 

လက်နက်ကိုင်တော်လှန်ရေး အရှိန်အဟုန်ကောင်းလာတဲ့အချိန်မှာတော့ NUG က ၂၀၂၁ စက်တင်ဘာမှာ  “ခုခံတော်လှန်စစ်” လို့ ကြေညာလိုက်ပါတယ်။ ဒီအချိန်မှာတော့ စင်ပြိုင်အစိုးရနဲ့ ပေါ်ပေါ်ထင်ထင်ချိတ်ဆက်ထားတဲ့ CDM ဝင်ထားသူ‌တွေဟာ အန္တရာယ်‌တွေကို ပိုမိုရင်ဆိုင်လာရပါတယ်။ CDM လှုပ်ရှားမှုဆောင်ရွက်နေသူ‌တွေကို ဖမ်းဆီးထောင်ချနေတဲ့စစ်အစိုးရဟာ ဒီအခွင့်အရေးကို အမိအရအသုံးချပြီး လက်နက်ကိုင်တော်လှန်ရေးနဲ့ အကြမ်းမဖက်လှုပ်ရှားမှုကို မခွဲခြားတော့ဘဲ ဖိနှိပ်မှုတွေပိုမိုပြင်းထန်စွာပြုလုပ်လာပါတယ်။ ဒီလိုနဲ့ CDM လှုပ်ရှားမှုမှာပူးပေါင်းဖို့ အန္တရာယ်ပိုကြီးလာပြီး ဦးဆောင်သူတွေအနေနဲ့လည်း ခြိမ်းခြောက်ခြင်းမရှိဘဲ သူတို့ဆန္ဒအလျောက် ပူးပေါင်းမယ့်သူ‌တွေကိုရရှိဖို့ခက်ခဲလာပါတယ်။

ဒီလိုဆိုရင် CDM လှုပ်ရှားမှုကို အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်အောင် ဘယ်လိုရှေ့ဆက်သင့်ပါသလဲ။  ဒီမေးခွန်းအတွက် အချက်သုံးချက်ကို တင်ပြလိုပါတယ်။ 

၁။ တံဆိပ်ကပ်ခြင်းမှ လုပ်ဆောင်ချက်သို့

CDM မှာ ပါဝင်တဲ့ “movement” (လှုပ်ရှားမှု) ဆိုတဲ့အဓိပ္ပာယ်ဟာ အမှတ်သရုပ်တံဆိပ်ကပ်ဖို့မဟုတ်ဘဲ အပြောင်းအလဲဖန်တီးဖို့ဖြစ်ပါတယ်။  ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်နှစ်ခွဲကာလတလျှောက်လုံး CDM နဲ့ Non-CDM ဆိုပြီး အမျိုးအစားခွဲခြားသတ်မှတ်ကာ အဖြူနဲ့ အမည်း၊ သူရဲကောင်းနဲ့ သစ္စာဖောက်ဆိုတဲ့ အစွန်းနှစ်ဖက်ဇာတ်ကြောင်းကို ပြောဆိုတည်ဆောက်နေကြတာများပါတယ်။ ဒီလိုမျိုး အစွန်းနှစ်ဖက်ကိုဖန်တီးခြင်းက ငြိုးမာန်ဖွဲ့ခြင်းနဲ့ အကွဲအပြဲဖြစ်ခြင်းကို ဖြစ်စေတဲ့အပြင် လှုပ်ရှားမှုအတွင်းမှာရှိတဲ့သူတွေရဲ့အင်အားကိုလည်း လမ်းကြောင်းမှားပေါ်မှာပဲ ကုန်ခမ်းစေပါတယ်။ အစိုးရအလုပ်ကိုစွန့်ခွာလာခြင်းကိုပဲ လှုပ်ရှားမှုအတွက် လုပ်ဖို့လိုအပ်တဲ့တခုတည်းသောလုပ်ရပ်လို့ ထင်မြင်သါားစေပါတယ်။ တကယ်တမ်းကတော့ လှုပ်ရှားမှုတစ်ခုမှာ တဦးတယောက်ချင်းစီတိုင်းက ပါဝင်အားဖြည့်နိုင်တဲ့နေရာကဏ္ဍတွေ အများအပြားရှိနေတာပါ။

ဒါကြောင့် အမှတ်သရုပ်တွေနဲ့ အုပ်စုခွဲတံဆိပ်ကပ်ဖို့ထက် ကိုယ်စီပါဝင်ရမယ့် လုပ်ဆောင်ချက်ကိုရှေးရှုဖို့လိုပါတယ်။ စနစ်ဆိုင်ရာဖိနှိပ်မှုနဲ့ ကာလကြာရှည်ဖြစ်နေတဲ့ မတရားမှုတွေကို ပြောင်းပြန်လှန်ဖို့ နေ့စဉ်ဘဝမှာဘယ်လိုမျိုးဆောင်ရွက်နိုင်ကြောင်း ရာထူး၊ နေရာ၊ ကဏ္ဍအစုံမှာရှိတဲ့ ပြည်သူအသီးသီးကို လှုံ့ဆော်ပေးတဲ့ချဉ်းကပ်မှုမျိုးကို စဉ်းစားရမှာပါ။  အမိန့်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု ပြယုဂ်ဖြစ်တဲ့ မဟတ္တမဂန္ဒီပြောခဲ့တဲ့“မကောင်းတဲ့လူကို မုန်းမည့်အစား မကောင်းမှုကိုမုန်းပါ။” ဆိုတဲ့ အယူအဆက လူထုလှုပ်ရှားမှု၏အနှစ်သာရဖြစ်သင့်ပါတယ်။ “ဘယ်သူက CDM၊ ဘယ်သူက Non-CDM” လို့ ငြင်းခုန်နေကြမဲ့အစား “ငါတို့ဘာလိုချင်တာလဲ”၊ “ဒါကို ငါတို့ တဦးတယောက်စီအနေနဲ့ ဘယ်လိုရအောင်ယူမလဲ။ အစုအဖွဲ့နဲ့ ဘယ်လိုရအောင်ယူမလဲ” ဆိုတဲ့ မေးခွန်းတွေနဲ့ အစားထိုးမှသာ ရှေ့ဆက်သွားမယ့် လမ်းစဉ်ဗျူဟာကို ချမှတ်နိုင်မှာဖြစ်ပါတယ်။ 

၂။ အခြေမှ အထက်သို့ပြောင်းလဲခြင်း

လက်ရှိမှာလွှမ်းမိုးနေတဲ့ စဉ်းစားချက်ကတော့ အထက်မှအောက်သို့ ပြောင်းလဲခြင်းဆိုတဲ့ အယူအဆဖြစ်ပါတယ်။ အများစုက စစ်တပ်ကို CDM အပါအဝင် အခြားတော်လှန်ရေးစစ်မျက်နှာတွေနဲ့ ဖြိုချအနိုင်ယူပြီးမှသာ ပညာရေး၊ အုပ်ချုပ်ရေး၊ တခြားစနစ်‌တွေ၊ ယဉ်ကျေးမှုတွေကို ပြောင်းလဲမယ်ဆိုပြီး စဉ်းစားနေကြပါတယ်။ ဒီစဉ်းစားချက်ဟာ CDM လှုပ်ရှားမှုမှာပါဝင်သူတဦးတယောက်ချင်းအနေနဲ့ ဘယ်လိုမျိုး ဆက်လက်ပါဝင်ရမယ်ဆိုတာကို လမ်းကြောင်းပျောက်ဆုံးသွားစေပါတယ်။ 

ဟုတ်ပါတယ်။ တချို့နေရာတွေမှာ တော်လှန်ရေးအဖွဲ့အစည်းတွေဟာ စင်ပြိုင်ယန္တရားတွေ တည်ဆောက်နေကြပါတယ်။ ဒါပေမဲ့ ဒါက ကြားကာလ ယာယီအစီအစဉ်တွေသာဖြစ်ပါတယ်။ အများစုစဉ်းစားနေကြတာကတော့ စစ်အုပ်စုကို အမြစ်ဖြတ်ဖြိုချပြီးမှ တခြားယန္တရားစနစ်တွေကို အစကနေပြန်လည်တည်ဆောက်မယ်ဆိုတာပါ။ ဒီလို “နိုင်သူအကုန်စားစတမ်း” အယူအဆကြောင့် သာမန်တဦးတယောက်စီတိုင်းဟာ စစ်အုပ်စုပြိုကျမယ့်အချိန်ကို မျှော်လင့်စောင့်စားရုံသာဖြစ်စေပြီး ကိုယ်တိုင်ပါဝင်မှုအခန်းကဏ္ဍကို ပျောက်ဆုံးနေကြတဲ့အပြင် လှုပ်ရှားမှုကို ရေရှည်ထိန်းသိမ်းနိုင်ဖို့ အခက်တွေ့နေကြရပါတယ်။ 

ဒါကြောင့် CDM လှုပ်ရှားမှုဟာ “အခြေမှ အထက်သို့ ပြောင်းလဲခြင်း” အယူအဆ (Bottom-Up Approach) ကို ကျင့်သုံးဖို့လိုအပ်နေတာ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို တစုတစည်းရှိနေတဲ့အစိုင်အခဲတုံးကြီးအဖြစ် မြင်နေမဲ့အစား စနစ်ကိုထောက်ပံ့ပေးထားတဲ့ လူမှုအသိုက်အဝန်းဆိုင်ရာအကြောင်းအရာတွေကို အနုစိတ်ခွဲခြမ်းစိတ်ဖြာရမှာဖြစ်ပါတယ်။ ဒီထောက်တိုင်တွေဟာ သာမန်ပြည်သူတဦးတယောက်ချင်းစီက ပါဝင်ကျားကန်ပေးထားတာဖြစ်တဲ့အတွက် ပြည်သူတဦးချင်းစီကပဲ ဖြိုချနိုင်မှာဖြစ်ပါတယ်။

ဥပမာပြောရရင် အစိုးရရဲ့ ပညာရေးစနစ်တခုလုံးကို တချက်တည်းပြိုလဲအောင်လုပ်ဖို့ ကြိုးပမ်းမဲ့အစား အာဏာရှင်စနစ်နဲ့ အာဏာရှင်ဓလေ့ကို ပညာရေးစနစ်က ဘယ်လိုမျိုးထောက်ပံ့အားဖြည့်နေလဲဆိုတာကို လူထုက ဖော်ထုတ်ပြောင်းလဲရမှာဖြစ်ပါတယ်။ မြန်မာပြည်ပညာရေးစနစ်မှာ ဗမာအခြေပြုသမိုင်းကိုပဲ သင်တာ၊ အလွတ်ကျက်အသေမှတ်ကို အားပေးတာ၊ အထက်အာဏာပိုင်တွေကို အကြွင်းမဲ့ကြောက်ရွံ့ရိုသေအောင် ပုံသွင်းတာတွေ ပါဝင်ပါတယ်။ ဒါတွေကို မေးခွန်းထုတ်ပြီး ဆင်ခြင်ပိုင်းခြားတဲ့အလေ့အထတွေကို စာသင်ခန်းမှာရော ပြင်ပပတ်ဝန်းကျင်မှာပါ အားပေးမြှင့်တင်ကြမယ်ဆိုရင် သာမာန်ပြည်သူတဦးချင်းစီက တော်လှန်ရေးအပြောင်းအလဲအရွေ့မှာ ပါဝင်နိုင်တဲ့ လမ်းစတွေထွက်လာမှာဖြစ်ပါတယ်။ ဒါက စောင့်ကြည့်မျှော်လင့်တယ်ဆိုတဲ့ ပွဲကြည့်ပရိသတ်အခြေအနေကနေ ကိုယ်တိုင်ပါဝင်တော်လှန်တယ်ဆိုတဲ့ အခြေအနေတရပ်ကို ဖြစ်ပေါ်လာစေမှာဖြစ်ပါတယ်။ ဒီလိုမျိုး အခြေကနေ အထက်သို့ ပြောင်းလဲတဲ့အယူအဆ‌တွေကို တခြားကဏ္ဍအသီးသီးမှာလည်း ဆင်ခြင်ပြီး အသုံးချနိုင်ပါတယ်။ 

၃။ လူထုအာဏာဖီဆန်ရေးကို လက်နက်ကိုင်တော်လှန်ရေးမှ ခွဲထုတ်ခြင်း

သမိုင်းတလျှောက်ဖြစ်ခဲ့တဲ့ လူထုလှုပ်ရှားမှုတွေဟာ လက်နက်ကိုင်တော်လှန်ရေးနဲ့ ယှဉ်တွဲလေ့မရှိပါဘူး။ လက်နက်ကိုင်တော်လှန်ရေးဆိုတာ သေနတ်ကိုင်လူတစုနဲ့ ဆောင်ရွက်နိုင်ပေမဲ့ လူထုလှုပ်ရှားမှုမှာတော့ သာမာန်အရပ်သားတွေ ပါဝင်နိုင်တဲ့အခြေအနေဖြစ်ဖို့လိုပါတယ်။ ဒါကြောင့် လူထုလှုပ်ရှားမှုတွေအနေနဲ့ ထင်သာမြင်သာရှိတဲ့ မြေပေါ်လှုပ်ရှားမှုတွေအဖြစ် ဦးဆောင်စည်းရုံးရခြင်းဖြစ်ပါတယ်။ သမိုင်းဥပမာတွေအနေနဲ့ ကိုလိုနီခေတ်ကပေါ်ပေါက်ခဲ့တဲ့ ဒို့ဗမာအစည်းအရုံးနဲ့ ဂန္ဒီဦးဆောင်ခဲ့တဲ့ အိန္ဒိယအမျိုးသားကွန်ဂရက်ကို ကြည့်ကြည့်ပါ။ ဒီအဖွဲ့အစည်း‌တွေကို အာဏာပိုင်တွေက တရားမဝင်အသင်းအဖွဲ့စာရင်းသွင်းတာ၊ အမည်ပျက်စာရင်းသွင်းတာတွေ လုပ်လေ့ရှိပေမဲ့ နောက်ဆုံးမှာ ပြန်လည်ဖြေလျှော့ပေးရလေ့ရှိပါတယ်။ ထိုအဖွဲ့‌တွေ ပြန်ပေါ်ပေါက်လာတဲ့အချိန်မှာလည်း လူထုရဲ့ထောက်ခံမှုကို ပိုမိုရရှိကြပါတယ်။

လက်ရှိမှာ NUG အစိုးရဟာ CDM လှုပ်ရှားမှုနဲ့ လက်နက်ကိုင်တော်လှန်ရေး နယ်ပယ်နှစ်ခုလုံးမှာ ဦးဆောင်မှုနေရာယူထားတာဖြစ်တဲ့အတွက် ပြတ်ပြတ်သားသားစည်းခြားဖို့ လွယ်ကူမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ခိုင်မာစနစ်ကျတဲ့ အစီအစဉ်နဲ့ စီမံဆောင်ရွက်မယ်ဆိုရင် အားသာချက်တွေ များစွာရနိုင်ပါတယ်။ ပထမအချက်အဖြစ် အကြမ်းမဖက်အာဏာဖီဆန်ရေး CDMလှုပ်ရှားမှုကို “အကြမ်းဖက်မှု” အဖြစ် ခေါင်းစဉ်တပ်ပြီး  လက်နက်ကိုင်ပုန်ကန်မှုတွေနဲ့ တပေါင်းတည်း နှိမ်နင်းနှိပ်ကွပ်လေ့ရှိတဲ့ စစ်ခေါင်းဆောင်တွေအတွက် လုပ်ပိုင်ခွင့်နည်းပြီး ပိုမိုခက်ခဲသွားမှာဖြစ်ပါတယ်။ အထူးသဖြင့် ပါတီစုံဒီမိုကရေစီကို နိုင်ငံရေးဦးတည်ချက်အဖြစ် ကြွေးကြော်ထားတဲ့ စစ်အုပ်စုရဲ့ ဇာတ်ကြောင်းတွေဟာ မယုံကြည်ရသည့်တိုင်အောင်  အတိုင်းအတာတခုအထိ လူထုလှုပ်ရှားမှုရဲ့ ခံတပ်အဖြစ် တန်ပြန်အသုံးချနိုင်ပါတယ်။ 

CDM ကို အကြမ်းမဖက်လှုပ်ရှားမှုသီးသန့်အဖြစ် ပြန်လည်သတ်မှတ်ရင် ရလာမယ့် ဒုတိယအားသာချက်ကတော့  နိုင်ငံရေးချိန်ခွင်လျှာအပြောင်းအလဲမှာ လှုပ်ရှားမှု‌တွေကို မြေပေါ်တရားဝင် ဆောင်ရွက်လာနိုင်မယ့် အခွင့်အရေးဖြစ်ပါတယ်။ နိုင်ငံရေးအပြောင်းအလဲကို စောင့်နေဖို့ပြောတာမဟုတ်ဘဲ ပြောင်းလဲချိန်မှာ အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ဖို့ ဆိုလိုတာပါ။ သမိုင်းမှာ ရက်စက်သွေးဆာလှတဲ့ အာဏာရှင်တွေဟာ ထိပ်တိုက်ဖြိုခွဲတဲ့ ဗျူဟာသုံးရာကနေ မဖြစ်မနေအခြေအနေတခုကို ရောက်လာတဲ့အခါ ညှိနှိုင်းလိုက်လျောခွင့်ပြုပေးလိုက်ရတဲ့ သာဓက‌တွေရှိပါတယ်။ ဒီလိုအချိန်ကို‌ရောက်လာရင် ကျောင်းဆရာ‌၊ ဆရာဝန်‌၊ အစိုးရရုံးဝန်ထမ်း၊ ကျောင်းသား၊ နယ်ပယ်အသီးသီးက ပညာရှင်အစိုးရဝန်ထမ်း သန်းပေါင်းများစွာ ပေါ်ပေါ်ထင်ထင်ချိတ်ဆက်စုဖွဲ့ပြီး လူထုနှင့်တိုက်ရိုက် စည်းရုံးဆက်သွယ်နိုင်တဲ့ အခြေအနေကို တွေးကြည့်ပါ။ ဒီအင်အားစုက မြန်မာ့နိုင်ငံရေးနဲ့  မြန်မာ့လူ့အဖွဲ့အစည်းကို အောက်ခြေကနေ အထက်ရေဆန်နဲ့ ပြန်လည်ပုံဖော်နိုင်မယ့် အခွင့်အာဏာရ အင်အားစုကြီးတခုဖြစ်လာပါလိမ့်မယ်။ 

သဲထဲရေသွန် မဖြစ်ရလေအောင် 

ဒီစာမှာပါတဲ့ အကြံပြုချက်များကိုလက်ခံဖို့ထက် ဆွေးနွေးအဖြေရှာကြစေဖို့သာ ရည်ရွယ်ပါတယ်။ မြန်မာနိုင်ငံမှာလက်ရှိဖြစ်တည်နေတဲ့ ကန့်သတ်ချက်တွေနဲ့ အခွင့်အလမ်းတွေကို နက်နက်ရှိုင်းရှိုင်း လေ့လာပိုင်းခြားပြီး ပကတိအခြေအနေမှန်ကိုထင်ဟပ်တဲ့ ဖြေရှင်းနည်းထုတ်ဖော်ဖို့လိုအပ်နေပါပြီ။ CDM လှုပ်ရှားမှုအတွက် အဓိကကျော်ဖြတ်ရမယ့် အဟန့်အတားကတော့ “sunk cost fallacy” ဆိုတဲ့ ယုတ္တိအမှားဖြစ်ပါတယ်။ လက်ရှိလမ်းကြောင်းဟာ ထိရောက်မှုမရှိမှာ၊ ဒါမှမဟုတ် ဘေးထွက်ဆိုးကျိုးများမှာကို တွေ့မြင်နေရပေမဲ့ အရှေ့မှာ ပေးဆပ်ခဲ့ရတာတွေများနေလို့ နောက်ဆုတ်ဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ စဉ်းစားချက်ဖြစ်ပါတယ်။ ကောင်းမွန်တဲ့အပြောင်းအလဲတွေကို ဖြစ်စေချင်တဲ့ စေတနာနဲ့ အလုပ်အကိုင်၊ မိသားစု၊ မိတ်ဆွေသူငယ်ချင်းကို စတေးကာ အခက်အခဲနာကျင်မှုများစွာကို ရင်ဝယ်ပိုက် ရုန်းကန်ကြသူများအနေနဲ့ ထိုစဉ်းစားချက်ကို ကျော်လွှားနိုင်ဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီဆုံးရှုံးမှုတွေကပဲ ရှေ့ဆက်သွားမယ့် မဟာဗျူဟာကို ကျယ်ကျယ်ပြန့်ပြန့်ငြင်းခုန်ဆွေးနွေး ပြန်ပြောင်းစဉ်းစားဖို့ လိုအပ်ကြောင်း ထောက်ပြနေပါတယ်။ စွန့်လွှတ်ပေးဆပ်မှုတွေ  ခဲလေသမျှ သဲရေကျဆိုသလို ထိရောက်မှုမရှိဘဲ အလဟဿ ဖြစ်သွားမှာကို ဘယ်သူကမှမြင်ချင်ကြမှာမဟုတ်ပါဘူး။ ။

Frontier article written by Ye Htet - https://www.frontiermyanmar.net/en/its-time-to-re-think-the-cdm/
Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်