ဒီရက်ပိုင်းမှာ အငြင်းပွားနေတဲ့ Manels အကြောင်းနဲ့ပတ်သက်ပြီး အမြင်တချို့ကို ဆွေးနွေးချင်ပါတယ်။
အမျိုးသားတွေ သီးသန့်ပါတဲ့ စကားဝိုင်းဟောပြောပွဲ – Manels တွေက မြန်မာ့လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေတဲ့ ဖိုဝါဒကြီးစိုးမှုရဲ့ ပြရုပ်တခုဖြစ်ပြီး ဒါတွေကို သတိပြုမိအောင် လှုပ်ရှားမှုတွေလုပ်လာတာက ကြိုဆိုအားပေးရမယ့်ကိစ္စပဲဖြစ်ပါတယ်။ ဒါကို လူအုပ်ကြီးအင်အားနဲ့ ဆဲဆိုတာ၊ တော်လှန်ရေးပြီးမှပဲ ဆွေးနွေးကြဖို့ပြောတာ၊ Report ထုပြီး အသံကို ပိတ်ဆို့ဖို့လုပ်တာတွေက အာဏာရှင်အကျင့်စရိုက်တွေသာဖြစ်ပါတယ်။ ဒါတွေကို လေးလေးနက်နက် ဆင်ခြင်ပြီး ပြောင်းလဲဖို့လိုပါတယ်။
တစ်ဖက်မှာလည်း Manels တွေကို တိုက်ဖျက်ရေးလှုပ်ရှားမှုက မြန်မာ့လူ့အဖွဲ့အစည်းတခုလုံးမှာ အမြစ်တည်နေတဲ့ ဖိုဝါဒတစုံလုံးကို တိုက်ဖျက်ရေးလှုပ်ရှားမှုနဲ့ ချိတ်ဆက်ဖို့ လိုပါတယ်။ လက်ရှိ စိတ်ဝင်စားနေကြတဲ့ Manels စောင့်ကြည့်ရေးလှုပ်ရှားမှုမှာပြတဲ့ အကြောင်းအရာနဲ့ ပြုလုပ်တဲ့နေရာတွေကို ခြုံငုံကြည့်ရင် မီဒီယာတွေ၊ CSO/Academic/Activist နဲ့ နိုင်ငံရေးအီလစ်တွေကို အဓိကထားပါတယ်။ နောက်ပြီးတော့ ဒါတွေကို ထောက်ပံ့နေတဲ့ နိုင်ငံတကာအလှူရှင် အဖွဲ့အစည်းတွေကို ဦးတည်ပါတယ်။
တနည်းအားဖြင့် ဒါက အနောက်ရဲ့ ထောက်ပံ့မှု အခွင့်အရေးရထားတဲ့ လူအုပ်စုကို ဦးတည်တယ်လို့ ကောက်ချက်ချရပါတယ်။ ဒီလိုမျိုး Privilege ရထားတဲ့လူတွေအနေနဲ့ ပိုပြီးတော့ တာဝန်ယူကာ နမူနာကောင်းတွေအဖြစ် ပြုမှုသင့်တယ်ဆိုတာ ဆီလျော်တဲ့စဉ်းစားချက်ပါ ။ တခြားတစ်ဖက်မှာတော့ ဒီလိုမျိုး အုပ်စုတစုကပဲ ပြောင်းလဲသွားခြင်းက အခြေဖြစ်တဲ့လူ့အဖွဲ့အစည်းနဲ့ ဝေးကွာမှုတွေ ပိုမိုဖြစ်လာနိုင်တာကို ထည့်သွင်းစဉ်းစားဖို့ပါတယ်။ အထူးသဖြင့် ဒါက လူ့အဖွဲ့အစည်းရဲ့ အခြေကနေ လိုလိုလားလား ပြောင်းလဲလာတာမဟုတ်ဘဲ အနောက်ကမ္ဘာရဲ့ စံနှုန်းကို အထက်အောက်သွတ်သွင်းတယ်လို့ လူအများက မြင်လာတဲ့အခါမှာတော့ ဒီလှုပ်ရှားမှုက တန်ပြန်သက်ရောက်မှုတွေဆီ ဦးတည်သွားတတ်တာကို သတိပြုဖို့ လိုပါတယ်။
ဒီနေရာမှာ Manels ကိစ္စက အရင်းခံပြဿနာထက် လက္ခဏာ (Symptoms)သာ ဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကို မကုစားသင့်ဘူးလို့ မဆိုလိုပေမယ့် ဒါတွေကို ကုစားဖို့မှာပဲ အရင်းအမြစ်တွေအများကြီးသုံးလိုက်ရတာကတော့ အရင်းခံပြဿနာတွေကို အာရုံလွဲသွားနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖိုဝါဒကို အရင်းခံအဖြစ် အားပြုနေတဲ့ ထောက်တိုင်တွေကတော့ စစ်ဝါဒ၊ ဘာသာရေးအစဉ်အလာနဲ့ ရှေးရိုးစွဲဓလေ့ထုံးစံတွေဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်တွေ လက်နက်ကိုင်အဖွဲ့အသီးသီးတွေမှာ ဖိုဝါဒကြီးစိုးပါတယ်။ ဘာသာရေး (ဘုန်းကြီးတွေ ၊ သင်းအုပ်ဆရာတွေ) စသဖြင့်မှာ ဖိုဝါဒကြီးစိုးပါတယ်။ နောက်ပြီးရှေးရိုးစွဲဓလေ့ထုံးစံတွေအားကောင်းတဲ့ ပညာရေးစီးပွားရေးမတိုးတက်မဖွံ့ဖြိုးတဲ့အရပ်ဒေသတွေ မိသားစုတွေမှာ အမျိုးသမီးတွေက ပိုပြီးတော့ ခွဲခြားမှုခံရပါတယ်။
လက်ရှိမှာ အငြင်းပွားနေကြတဲ့ Manels ပွဲတွေမှာပါတဲ့ မီဒီယာတွေ ပွဲစီစဉ်တဲ့သူတွေ တက်ရောက်သူတွေအနေနဲ့ အမျိုးသမီးတွေကို မပါနိုင်အောင် ရည်ရွယ်ချက်ရှိရှိ စနစ်တည်ဆောက်ကာ ခွဲခြားလုပ်တာမျိုး မရှိသလောက် အလွန်နည်းပြီး ရှေ့မှာပြောတဲ့ အရင်းခံအခြေအနေတွေကြောင့်သာ Manels ဖြစ်ရခြင်းလို့ပဲ မြင်ပါတယ်။ ဒါပေမယ့် လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေမှာ အမျိုးသမီးဦးဆောင်မှုအခန်းကဏ္ဍက စနစ်တကျကို ဖြတ်တောက်ထားတာပါ။ အမျိုးသမီးတွေပါဝင်ခဲ့ရင်တောင် ရုပ်ပြသဘောမျိုးသာများပြီး အဓိကဆုံးဖြတ်ပိုင်ခွင့်က အမျိုးသားတွေလက်ထဲမှာပဲရှိကြပါတယ်။ ဒါတွေကိုပြောင်းလဲဖို့က အလွှာတခုထဲကနေ လုပ်ဆောင်လို့မရဘဲ အလွှာအသီးသီးမှာပါဝင်နေတဲ့ အမျိုးသမီးတွေကော အမျိုးသားတွေပါ ပူးပေါင်းပါဝင်မှ အောင်မြင်နိုင်မှာပါ။
နောက်တခုဆွေးနွေးရမှာကတော့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို ထုတ်ပြန်ပြီး ရှုတ်ချပြစ်တင်ဖို့ လိုအပ်သလားဆိုတဲ့အပိုင်းပါ။ ဒီအပေါ်မှာလည်း အမြင်အမျိုးမျိုးရှိကြပါလိမ့်မယ်။ တစ်ဖက်မှာတော့ ဒီလိုမျိုး ဖိအားပေးအရှက်ခွဲတဲ့နည်းလမ်းက လူအများစိတ်ဝင်စားပြီး အပြောင်းအလဲဖြစ်နိုင်တယ်ဆိုတဲ့ရှုထောင့်ရှိသလို တစ်ဖက်မှာလည်း ဒါက အင်အားသုံးပြီး အတင်းအကြပ်လုပ်စေခြင်းဖြစ်တယ်ဆိုတဲ့အမြင်တွေလည်းရှိပါတယ်။ အထူးသဖြင့် နိုင်ငံတကာနဲ့ချိတ်ဆက်ပြီးလုပ်ကိုင်နေရတဲ့သူတွေအနေနဲ့ သူတို့ရထားတဲ့ အခွင့်အရေးမဆုံးရှုံးအောင် မတတ်သာလို့ လုပ်ဆောင်ရတဲ့အခြေအနေမျိုးမှာ ဒါကအတွင်းကနေ နားလည်သဘောပေါက်ပြီး လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ အကြောက်တရားကြောင့် ယာယီလုပ်ဆောင်ခြင်းဖြစ်မယ်ဆိုရင် လူအဖွဲ့အစည်းအတွင်းကအနာကို ပိုပြီးလှိုက်စားစေနိုင်ပါတယ်။
ဒီလိုမျိုး ပြစ်တင်ရှုတ်ချတဲ့နည်းလမ်းက နိုင်ငံတကာနဲ့ ချိတ်ဆက်လုပ်ကိုင်တဲ့ မီဒီယာ၊ CSO ၊ ဒီမိုကရေစီလှုပ်ရှားမှုနယ်ပယ်တွေမှာ ရလဒ်ထွက်နိုင်ချေများပေမယ့် အနောက်ကနေ တိုက်ရိုက်မလွှမ်းမိုးနိုင်တဲ့ ပြည်တွင်းက လူ့အဖွဲ့အစည်းစနစ်နဲ့ ယဉ်ကျေးမှုအဆောက်အအုံတွေမှာ ခက်ခဲပါလိမ့်မယ်။ ဥပမာအားဖြင့် ဘာသာရေးဟောပြောပွဲအားလုံးနီးပါးက Manels ဖြစ်ပါတယ်။ ဒီဟာကို ထောက်ခံအားပေးနေတဲ့ ပြည်သူတွေနားလည်ဖို့ အသိပညာပေးစည်းရုံးတာကပဲ လက်တွေ့ကျပြီး လူပုဂ္ဂိုလ်အလိုက် လူသိရှင်ကြား ပြစ်တင်ရှုတ်ချဖို့ဆိုတာ အာဏာရှင်နိုင်ငံတွေ မဆိုထားနဲ့။ လွတ်လပ်ပွင့်လင်းလှပါပြီဆိုတဲ့ အနောက်နိုင်ငံတွေမှာတောင် မလွယ်လှပါဘူး။
အကြမ်းမဖက်လမ်းစဉ်ကို လေ့လာရပ်တည်တဲ့လူအနေနဲ့ အင်အားသုံးပြီး အတင်းအကြပ်လုပ်ဆောင်စေခြင်းထက် အမှန်တရားနဲ့ ကရုဏာကို အခြေတည်ပြီး လူတွေကို နားလည်လက်ခံစေခြင်းကပဲ ရေရှည်တည်တံ့စေမယ်လို့ လက်ခံထားပါတယ်။ တစ်ဖက်ဖက်ကနေ အခြားတစ်ဖက်ကို လူသားအဖြစ်ကလျော့ကျအောင် တံဆိပ်ကပ်မှုတွေ၊ အင်အားသုံးအကြပ်ကိုင်ကာ အသံပိတ်ဆို့မှုတွေကို ဘယ်ဘက်ကလုပ်လုပ် မနှစ်မြို့ပါဘူး ။ အခု Manels ပြပွဲပြုလုပ်ခြင်းကနေ အခုလိုမျိုး ဆွေးနွေးပြောဆိုမှုတွေဖြစ်လာတာက ကောင်းတဲ့အခွင့်အလမ်းတခုလို့ ထင်ပါတယ်။ ရှေ့ဆက်ပြီး ငါတို့အုပ်စု Vs သူတို့အုပ်စု ၊ ထောက်ခံသူ Vs ကန့်ကွက်သူ ဆိုတာတွေထက် အလယ်အလတ်အမြင်ကနေ မတူညီတဲ့ထောက်ပြချက်တွေကို နားထောင်ပြီး သဘောထားကြီးကြီးနဲ့ ရှေ့ဆက်သွားနိုင်ကြမယ်၊ အတွင်းကျကျ ဆန်းစစ်သုံးသပ်ကာ အရင်းခံပြဿနာတွေအထိ ညှိနှိုင်းဖြေရှင်းကြမယ်ဆိုရင် အများကြီးတာသွားမယ်လို့ပဲ မြင်ပါတယ်။