မူရင်းအင်တာဗျူး (Beyond The Barricades podcast) (English ဘာသာ)
“အစကတော့ ကျနော်လည်း အကြမ်းမဖက်လမ်းစဉ်ကို ယုံကြည်တာမဟုတ်ဘူး။ လက်နက်ကိုင်လမ်းစဉ်က ပိုကောင်းလောက်တယ်လို့ ထင်ခဲ့တာ။ အပြောင်းအလဲတခု ဖော်ဆောင်ဖို့ဆို အဲဒါက နည်းလမ်းကောင်းတခုဆိုတာ ရှင်းနေတာပဲလေ။ အဲဒီနည်းလမ်းက အလားအလာလည်းအတော်ကောင်းတယ်၊ ရလဒ်တွေလည်းဖြစ်လာနိုင်တယ်။ ပြီးတော့ ကိုယ့်ရဲ့နယ်နမိတ်ကိုလည်း ချဲ့ထွင်နိုင်တယ်။” ကိုရဲထက်က ၂၀၂၁ အာဏာသိမ်းမှုကြောင့် လူတွေစပြီးအုံကြွလာတဲ့အချိန်မှာ သူခံစားမိတဲ့အတွေးတွေကို အခုလိုပဲ ထုတ်ဖော်ပြောပြခဲ့ပါတယ်။ သူ့ရဲ့စဉ်းစားချက်ဟာ လွတ်လပ်မှုတွေ နေ့ချင်းညချင်းဆိုသလိုလွင့်စင်သွားပြီး ရုတ်တရက်အိပ်မက်ဆိုးကြီတခုထဲ ပိတ်မိသွားတဲ့အတွက်ကြောင့် ဘယ်လိုရုန်းထွက်ရမလဲလမ်းစရှာနေကြတဲ့ အခြားသောမြန်မာနိုင်ငံသားတွေနဲ့ တူညီနေခဲ့ပါတယ်။
သို့သော် သူ့ရဲ့အပေါင်းအသင်းမိတ်ဆွေတွေ စစ်ကောင်စီကိုဆန့်ကျင်ဖို့ လက်နက်ကိုင်ကြတဲ့အခါမှာတော့ ကိုရဲထက်ရဲ့တော်လှန်ရေးလမ်းကြောင်းဟာ လားရာပြောင်းလဲသွားခဲ့ပါတယ်။ သူဟာ အကြမ်းမဖက်ခုခံတော်လှန်ရေးလမ်းကြောင်းပေါ် လျှောက်လမ်းဖို့ရွေးချယ်ခဲ့ပါတယ်။ “ဒီသုံးနှစ်အတွင်းမှာ အကြမ်းမဖက်ဆိုတာ လုပ်ဆောင်ချက်တခုသာမဟုတ်ဘဲ သူ့ရဲ့နောက်ကွယ်မှာ ပိုပြီးနက်နဲတဲ့စဉ်းစားချက်တွေနဲ့ နက်နဲတဲ့အတွေးအခေါ်တွေရှိနေတယ်ဆိုတာ ကျနော်သိလာခဲ့တယ်။” လို့ သူကရှင်းပြခဲ့ပါတယ်။
အစက အကြမ်းမဖက်နည်းလမ်းနဲ့ ရလဒ်မှန်သမျှကို အမှန်တကယ်ရရှိစေတယ်ဆိုတာ သံသယရှိနေခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ အဲဒီနည်းလမ်းဟာ ရက်စက်ကြမ်းကြုတ်တဲ့ရန်သူကိုရင်ဆိုင်ရာမှာ ရိုးရိုးနည်းလမ်းမဟုတ်ဘူးဆိုတာကို သူသိလာခဲ့ပါတယ်။ အဲဒီနည်းလမ်းဟာ မိမိရဲ့အဇ္ဈတ္တကိုအရင်ပြောင်းလဲဖို့၊ ထိခိုက်အနာတရကင်းတဲ့ဘဝနေထိုင်နည်းကိုသင်ယူဖို့၊ အချင်းချင်းကြား ယုံယုံကြည်ကြည်လေးလေးစားစား ပြောဆိုဆက်ဆံဖို့နဲ့ ကိုယ်ချင်စာတရားထားဖို့ ညွှန်ပြပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီသဘောတရားတွေကို အာဏာရှင်ကိုဆန့်ကျင်တဲ့နေရာမှာ လက်နက်ကိုင်လမ်းစဉ်ကပဲ တခုတည်းသောထိရောက်တဲ့နည်းလမ်းဆိုပြီး လက်ခံကျင့်သုံးနေကြတဲ့ အခြားတက်ကြွလှုပ်ရှားတွေကိုရှင်းပြဖို့ဆိုတာတော့ မလွယ်ကူခဲ့ပါဘူး။ “အကြမ်းမဖက်လမ်းစဉ်အကြောင်းလေ့လာလေ ပြောင်းလဲခြင်းယန္တရားကို ပိုပြီးရှင်းရှင်းလင်းလင်း မြင်လာရလေပဲ။ လက်နက်ကိုင်တော်လှန်ရေးနဲ့ နှိုင်းယှဉ်ပြဖို့ခက်ခဲပေမယ့် အကြမ်းမဖက်လမ်းစဉ်ဟာ အပြောင်းအလဲတွေကို ပိုပြီးညင်သာသိမ်မွေ့စေတဲ့အပြင် ပိုပြီးနက်နက်ရှိုင်းရှိုင်းထိရောက်စေပါတယ်။” လို့ သူကပြောပါတယ်။ ကိုရဲထက်ဟာ စစ်ခေါင်းဆောင်တွေရဲ့နေရာကို ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအမတ်တွေနဲ့ အစားထိုးဖို့လောက်တင် ကြိုးစားနေတာမဟုတ်ဘဲ လူသားဆန်တဲ့ လူမှုရေးနဲ့နိုင်ငံရေးဆိုင်ရာဖွဲ့စည်းပုံတွေ ဖွဲ့ဖြိုးတိုးတက်လာအောင် တဦးချင်းစီရဲ့ အတွင်းစိတ်ပြောင်းလဲမှုကို တန်းတူညီမျှရှေ့တန်းတင်တဲ့ လူအဖွဲ့အစည်းတခုဖန်တီးဖို့ လှုပ်ရှားလုပ်ဆောင်နေတာဖြစ်ပါတယ်။ “ကိုယ့်ကိုယ်ကိုပြောင်းလဲတာနဲ့ လူ့အဖွဲ့အစည်းကိုပြောင်းလဲတာဟာ အညမညသဘောဆောင်နေတဲ့အပြင် တပြိုင်တည်းလည်းဖြစ်နေတာ” လို့ သူကဆိုပါတယ်။ အကြမ်းမဖက်လုပ်ဆောင်ချက်တခုစီတိုင်းထက် သူတို့ရဲ့နောက်ကွယ်မှာရှိတဲ့ ကျိုးကြောင်းစဉ်းစားချက်က ပိုအရေးကြီးတယ်လို့ သူက ထပ်ရှင်းပြခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့အဖွဲ့ဟာ အကြမ်းမဖက်လမ်းစဉ်ရဲ့အဓိကဥပဒေသတွေကိုလေ့လာခြင်း၊ ကမ္ဘာတဝှမ်းက အကြမ်းမဖက်ခေါင်းဆောင်တွေရဲ့ အတွေးအမြင်တွေကိုဘာသာပြန်ကာ စိတ်ပါဝင်စားသူတွေကို မျှဝေပေးခြင်း စတာတွေကို အများအားဖြင့် လုပ်ကိုင်ဆောင်ရွက်နေကြတာဖြစ်ပါတယ်။
အခုအချိန်ဟာ စစ်တပ်ကအကြမ်းဖက်မဖြိုခွဲခင် အာဏာသိမ်းပြီးစအချိန်တွေနဲ့ မတူတော့ပါဘူး။ အဲဒီတုံးက အကြမ်းမဖက်လုပ်ဆောင်ချက်တွေအတွက် ဖြစ်နိုင်ခြေတွေအများကြီးရှိပါတယ်။ အခုတော့ လူထုစုဝေးပွဲတွေ လုပ်ဖို့ စိုးရိမ်စရာအန္တရာယ်တွေရှိနေပြီဖြစ်ပါတယ်။ လူထုအတွက် နေရာကျဉ်းမြောင်းလာမှုဟာ လက်နက်ကိုင်လမ်းစဉ်ပဲ ရွေးစရာကျန်တော့တယ်လို့ အများစုကို အတွေးရောက်သွားစေခဲ့ပါတယ်။ တချိန်တည်းမှာပဲ အဲဒီအခြေအနေဟာ ကိုရဲထက်နဲ့သူ့ရဲ့အဖွဲ့ကို အကြမ်းမဖက်ခုခံတော်လှန်ရေးအတွက် ရွေးချယ်စရာနည်းလမ်းတွေ ရှာဖွေသတ်မှတ်ဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်။ ဒါဟာ အရေးပါတဲ့ တိုးတက်လာမှုပါ။ စစ်ရေးလုပ်ဆောင်ချက်တွေကြောင့်ဖြစ်လာမယ့် ရေရှည်အကျိုးဆက်တွေရဲ့အန္တရာယ်ကို သိရှိနေတဲ့သူတွေနဲ့ တွေ့ဆုံစကားပြောခဲ့ပြီး သူတို့တွေက သူ့အဖွဲ့ရဲ့သတင်းစကားကို ပိုပြီးစိတ်ဝင်စားလာကြတယ်လို့ ကိုရဲထက်က ပြောပါတယ်။ လက်နက်ကိုင်လမ်းစဉ်ဟာ စစ်မှန်တဲ့ “လူထုအာဏာ”ရဲ့ အလားအလာကို လျစ်လျူရှုသွားမှာကိုလည်း သူက စိုးရိမ်နေခဲ့ပါတယ်။ “လူတွေက တော်လှန်ရေးမှာ အမှန်တကယ်ပါဝင်ချင်ကြတယ်။ ဒါပေမယ့် လက်နက်ကိုင်တာနဲ့ ငွေကြေးလှူဒါန်းတာကလွဲပြီး သူတို့မှာ တခြားပါဝင်စရာနေရာ အရမ်းနည်းတယ်။ သူတို့လုပ်နိုင်တာဆိုလို့ ကလစ်နှိပ်တာနဲ့ အသနားခံစာမှာ လက်မှတ်ထိုးတာပဲ ရှိတယ်” လို့ သူကဆိုပါတယ်။ “လှုပ်ရှားမှုတခုကို ဖွဲ့စည်းလုပ်ဆောင်ချင်တယ်ဆိုရင် လူထုကို ဆက်သွယ်စကားပြောဖို့၊ နားလည်မှုတည်ဆောက်ဖို့နဲ့ စည်းရုံရေးဆင်းဖို့ လိုတယ်။ အဲလိုကြိုးစားလုပ်ဆောင်မှပဲ ရေရှည်တည်မြဲတဲ့ အကျိုးသက်ရောက်မှုတွေကို ရရှိမှာဖြစ်တယ်။”
မြန်မာနိုင်ငံမှာတော့ အကြမ်းမဖက်တော်လှန်ရေးနဲ့ စစ်အစိုးရကိုထိထိရောက်ရောက်ဆန့်ကျင်ဖို့ မဖြစ်နိုင်ဘူးဆို တဲ့အသံတွေကို ကိုရဲထက် မကြာခဏကြားနေရပါတယ်။ အကြမ်းမဖက်လမ်းစဉ်ဟာ အမေရိကနဲ့ အင်္ဂလိပ်လက်အောက်ခံ အိန္ဒိယလို နိုင်ငံမျိုးတွေမှာပဲ အလုပ်ဖြစ်နိုင်တယ်၊ ဒီနေ့စစ်တပ်ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံဟာ လူသားဆန်မှုနဲ့ ဖယ်ရှားလို့မရတဲ့ အာဏာရှင်ခေါင်းဆောင်တွေကြီးစိုးနေတဲ့ နာဇီဂျာမနီ (သို့) လက်ရှိမြောက်ကိုရီးယာနဲ့ ပိုတူနေတယ် ဆိုတဲ့ စိုးရိမ်သံမျိုးတွေပေါ့။ ဒါပေမယ့် ကိုရဲထက်ကတော့ အဲဒီစိုးရိမ်မှုကို သူ့ခေါင်းထဲကနေ ဖယ်ထုတ်ပစ်ပါတယ်။ သူက ဂန္ဒီ၊ မင်ဒဲလား၊ မာတင်လူသာကင်းဂျူနီယာတို့ရဲ့ ဆယ်စုနှစ်များစွာကြာ ကြိုးစားဆောင်ရွက်ခဲ့ပုံကို ကိုးကားပြရင်း “ကျနော်တို့က ခရီးရှည်ကြီးအတွက် ပြင်ဆင်နေရတာဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။ “ကျနော့်အတွက်တော့ ဒါက အာဏာသိမ်းမှုတခုကိုရင်ဆိုင် ရတာလောက်တင်မဟုတ်ဘဲ နှစ်(၇၀)ကြာ အမြစ်တွယ်နေတဲ့ အဖွဲ့အစည်းကြီးတခုကို ရင်ဆိုင်ရတာဖြစ်တယ်”လို့ သူက ထပ်ပြောပါတယ်။ စစ်တပ်ဟာ အချိန်အကြာကြီး အာဏာကိုဆုပ်ကိုင်ထားတဲ့အတွက်ကြောင့် လှုမှုရေးရာ ဖွဲ့စည်းပုံတွေနဲ့ အတွေးအခေါ်တွေကိုပါ ပိုပြီးနက်နက်ရှိုင်းရှိုင်းပြောင်းလဲပစ်ဖို့ လိုအပ်နေပါတယ်။
ဒီအတွေးအမြင်ဟာ ကိုရဲထက်ရဲ့တခြားသောစဉ်စားချက်တွေကိုလည်း အခြားတက်ကြွလှုပ်ရှားသူတွေနဲ့ ကွဲထွက်နေစေပါတယ်။ သူဟာ စစ်တပ်နဲ့ သူတို့ရဲ့အကြမ်းဖက်မှုတွေအပေါ် ဝေဖန်တာတွေချည်းပဲ တချိန်လုံးလုပ်မနေပါဘူး။ ဒီလိုကိစ္စတွေပေါ်မှာပဲ တဝဲဝဲလည်လည်လုပ်နေတာဟာ ကိုယ်မြင်ချင်တဲ့အ ပြောင်းအလဲကိုဖော်ဆောင်ရာမှာ ခရီးဖင့်စေတယ်လို့ သူကထင်ပါတယ်။ ဥပမာအနေနဲ့ ၁၉၈၈ နဲ့ ၂၀၀၇ ဆန္ဒပြပွဲတွေကို ညွှန်ပြခဲ့ပါတယ်။ သူဟာ စစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုကို ထုတ်ဖော်ပြောဆိုဖို့ တွန့်ဆုတ်မနေပေမယ့် လှုပ်ရှားမှုတွေပြိုကွဲတာက စစ်တပ်ရဲ့အကြမ်းဖက် လုပ်ဆောင်ချက်တွေကြောင့်တင်မဟုတ်ဘဲ မိမိတို့ဒီမိုကရေစီလှုပ်ရှားမှုရဲ့ ဖွဲ့စည်းမှုဆိုင်ရာနဲ့ မဟာဗျူဟာဆိုင်ရာ အားနည်းကြောင့်လည်းပါတယ်လို့ သူက ယုံကြည်ထားပါတယ်။ ဒါ့အပြင် သူက အခုလက်ရှိအခွင့်အရေးကိုလည်း အဲသလိုအားနည်းချက်မျိုးကြောင့် ပြိုကွဲသွားမှာကို မလိုလားပါဘူး။ တနည်းဆိုရရင် ဘယ်လောက်ပဲဆိုးနေနေ ကိုယ်ပြောင်းလဲလို့မရနိုင်တာကြီးကို အသေဆုတ်ကိုင်နေတာထက် မိမိတို့ တယောက်ချင်းစီတိုင်းထိန်းချုပ်နိုင်တဲ့ အရာတွေအပေါ်မှာပဲ အာရုံစိုက်လုပ်ဆောင်တာကာ အကောင်းဆုံးဖြစ်တယ်လို့ သူက လက်ခံထားတာပါ။
အန်တိုနီဒေးဗစ်(Anthony Davis)အပါအဝင် တော်လှန်ရေးလှုပ်ရှားမှုမှာပါဝင်သူအတော်များများဟာ ဒီတော်လှန်ရေးကို စစ်မှန်တဲ့တော်လှန်ရေးလို့ သတ်မှတ်ခေါ်ဆိုကြပါတယ်။ ကိုရဲထက်ကတော့ သူ့အဖွဲ့ဟာ အထူးသဖြင့် စစ်တပ်ကိုဖြုတ်ချပြီးချိန်မှာ ပေါ်ပေါက်လာမယ့် လူ့အဖွဲ့အစည်းသစ်ရဲ့ပုံစံကို စဉ်းစားဆုံးဖြတ်ကြတဲ့နေရာမှာ ကူညီဆန်းစစ်ပေးဖို့ လှုပ်ရှားဆောင်ရွက်နေတာဖြစ်ကြောင်း ပြောပါတယ်။ အခြားသောရှုထောင့်အမြင်တွေကို မျက်ကွယ်ပြုလက်မခံတတ်တဲ့ အတွေးအမြင်တွေကိုဖယ်ရှားပစ်ဖို့ ဘာသာရေး၊ ပညာရေးနဲ့ လူမှုရေးအခြေအနေတွေကို ဘယ်လိုပြုပြင်ပြောင်းလဲရမယ်ဆိုတာလည်း သူ့စိတ်ထဲမှာရှိနေပါတယ်။ “ဒီထောက်တိုင်တွေကို ပြုပြင်ပြောင်းလဲဖို့မကြိုးစားဘဲနဲ့တော့ ကျနော်တို့စစ်မှန်တဲ့အပြောင်းအလဲကို ရနိုင်မှာမဟုတ်ဘူး။ ကျနော်တို့က စစ်တပ်ရဲ့လုပ်ဆောင်ချက်တွေကို တန်ပြန်သဘောမျိုးလောက်သာ လုပ်နေကြတာ၊ အဲဒီတန်ပြန်လုပ်ဆောင်ချက်တွေက အဖြေကိုရနိုင်မှာမဟုတ်ဘူး။ လူတွေကို ပိုပြီးထိခိုက်အနာတရဖြစ်စေတာပဲရှိမယ်” လို့ သူကရှင်းပြပါတယ်။ ဒါကြောင့် ဖိနှိပ်တဲ့အာဏာရှင်စနစ်ကို သက်ဆိုးရှည်နေစေတဲ့ မြန်မာ့လူအဖွဲ့အစည်းအတွင်းက အခြေအနေတွေကို လေ့လာဖို့အရေးကြီးပါတယ်။ ဒါမှသာ အဲဒီစနစ်ကိုဖယ်ရှားပြီး ပိုကောင်းနဲ့ စနစ်တခုခုနဲ့ အစားထိုးနိုင်မှာဖြစ်ပါတယ်။ အဲဒီအချိန်မှသာ စစ်မှန်တဲ့အပြောင်းအလဲဖြစ်လာမှာဖြစ်ပါတယ်လို့ ကိုရဲထက်က လက်ခံထားပါတယ်။
မြန်မာနိုင်ငံရဲ့အကြမ်းမဖက်ခေါင်းဆောင်အတော်များများဟာ အခွင့်ထူးခံအခြေအနေကနေလာတယ်ဆိုတဲ့ ဝေဖန်ချက်ကိုလည်း အသိအမှတ်ပြုလက်ခံတဲ့အပြင် မာတင်လူသာကင်းတို့၊ ဂန္ဒီတို့ဟာလည်း အဲသလိုအခြေအနကနေလာတယ်ဆိုတာကို မေ့ထားလို့မရပါဘူး။ “အကြမ်းမဖက်သူတယောက်ဖြစ်ဖို့ ကိုယ့်ကိုယ်ကို အရင်ဆုံးတည်ဆောက်ဖို့ တည်ငြိမ်တဲ့လမ်းကြောင်းတခုလိုအပ်တယ်။ ဘာလို့လဲဆိုတော့ အကြမ်းမဖက်လမ်းစဉ်ဆိုတာ အတွင်းစိတ်ခွန်အားတွေ အများကြီးလိုအပ်လို့ပဲ။ တိုက်ပွဲထဲကိုမဝင်ခင် အရင်ဆုံးကိုယ့်ကိုယ်ကို တည်ဆောက်ထားရမယ်” လို့ သူက ရှင်းပြခဲ့ပါတယ်။ ဒါပေမယ့် အကြမ်းမဖက်ဆိုင်ရာ စာပေတွေနဲ့ တွေးခေါ်နည်းတွေကို အချိန်ပေးလေ့လာဖို့ အခွင့်အရေးရှိနေတဲ့ သူအပါအဝင်သူ့အဖွဲ့နဲ့ မြန်မာနိုင်ငံက အသက်ရှင်သန်ဖို့အမြဲတမ်းရုံးကန်နေရတဲ့ ဆင်ရဲကျပ်တည်းတဲ့သူတွေကြားမှာလည်း ဒီအခွင့်ထူးခံအခြေအနေဟာ သက်ရောက်မှုရှိနေတယ်ဆိုတာကို သူကဝန်ခံပါတယ်။ ဒါကြောင့် အကြမ်းမဖက်ချည်းကပ်နည်းရဲ့ နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ ထောက်ခံသူတွေအနေနဲ့ တခြားသူတွေကိုအထက်ဆီးက ပြောဆိုဆက်ဆံတာမျိုးမလုပ်ဘဲ ယုံယုံကြည်ကြည်ပြောဆိုဆက်ဆံပြီး သူတို့ရဲ့ အသံတွေကို စိတ်ပါလက်ပါနားထောင်ဖို့ ဖြစ်ပါတယ်။ “ ဖြစ်တည်မှုသရုပ်လက္ခဏာဟာ မတူကွဲပြားတဲ့အသိုင်းအဝိုင်းတွေကြား အတွေးအမြင်တွေမှန်မှန်ကန်ကန်ဖလှယ်တဲ့နေရာမှာ ကျနော်တို့ရဲ့အသံတွေကိုပိတ်ပစ်လိုက်တဲ့ အတားအဆီးတခုမဖြစ်သင့်ဘူး။ ဒါကြောင့် ကျနော်တို့အနေနဲ့ အာဏာပါဝါနဲ့ ကျနော်တို့ရဲ့အခန်းကဏ္ဍတွေကို ပိုစဉ်းစားဖို့လိုတဲ့အပြင် အာဏာရဲ့အခန်းကဏ္ဍကို ဘယ်လိုလျှော့ချနိုင်မလဲဆိုတာကိုလည်း စဉ်းစားဖို့လိုတယ်။”
ကိုရဲထက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝိဝါဒဖြစ်စရာလုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီးလည်း သူ့ရဲ့အတွေး အမြင်ကို ထုတ်ပြောခဲ့ပါသေးတယ်။ သူဟာ အခုချိန်ထိ ဒေါ်စုကို အကြမ်းမဖက်ခေါင်းဆောင်တယောက်အဖြစ် စံနမူနာထားဆဲဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်စုဟာ ထိလွယ်ရှလွယ်ကိစ္စတချို့နဲ့ နည်းဗျူဟာတွက်ချက်မှုအမှား တွေကို လုပ်ဆောင်ခဲ့တယ်လို့ သူကပြောပါတယ်။ “ အာဏာဆိုတာ အမြင်တွေကိုဖုံးသွားစေတယ်။ နောက်ပြီး မလျော်ညီတဲ့အလုပ်တွေကိုလည်း လုပ်မိသွားစေတယ်။ ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့လုပ်ပေမယ့်လည်း မမှန်ကန်တဲ့အရာတွေဖြစ်လာစေနိုင်တယ်” ။ ဒေါ်စုဟာ အထက်-အောက်(top-down)ပုံစံ မူဝါဒတွေမချမှတ်ခင် အောက်ခြေမှအထက်(bottom-up)ယဉ်ကျေးမှုကိုပြောင်းလဲဖို့ လုံလုံလောက်လောက်လုပ်ဆောင်တာမရှိခဲ့ဘူး။ ဝေဖန်သံတွေကိုလည်း ပိတ်ပစ်ခဲ့တယ်။ ယေဘုယျအားဖြင့် ဒေါ်စုဟာ နိုင်ငံရဲ့လူနည်းစုတိုင်းရင်းသားအသိုင်းအဝိုင်းတွေနဲ့ နားလည်မှုရယူဖို့ လုံလောက်တဲ့အားထုတ်မှုမရှိခဲ့ဘူးလို့ သူက ဆိုပါတယ်။ ကိုရဲထက်အတွက်တော့ ဒေါ်စုရဲ့ဥပမာဟာ အခုကတည်းက အပေါ်မှာပြောခဲ့တဲ့အမှားမျိုးတွေကို သတိထားဆင်ခြင်းပြီးပြုပြင်ပြောင်းလဲဖို့ မီးမောင်းထိုးပြသွားတာ ဖြစ်ပါတယ်။ သို့မဟုတ်ရင် စစ်တပ်ပြုတ်ကျသွားတဲ့အခါ အနာဂတ်ဒီမိုကရေစီခေါင်းဆောင်တွေအနေနဲ့ ကောင်းမွန်မှန်ကန်တဲ့ ရည်ရွယ်ချက်တွေနဲ့စတင်ခဲ့ပေမယ့် အာဏာရှိသွားတဲ့အခါ သူတို့ရဲ့အခြားစရိုက်လက္ခဏာတွေ ပေါ်ထွက်လာနိုင်ပါတယ်။
ကိုရဲထက်အတွက်တော့ အကြမ်းမဖက်လမ်းစဉ်ကိုနားလည်ခြင်းဟာ လူတွေအပေါ် ဒါမှမဟုတ် ပြဿနာအကြောင်းအရာတွေအပေါ် အဖြူ-အမည်းခွဲခြားပြီး ရှုမြင်လိုက်တာမဟုတ်ပါဘူး။ ဒီလိုရှုမြင်မှုဟာ တခုမဟုတ်တခု (ဥပမာ အဆိုးနဲ့အကောင်း၊ အမှန်နဲ့အမှား)ဆိုတဲ့ စဉ်းစားချက်ထဲမှာ ပိတ်မိသွားစေပါတယ်။ အဲဒါဟာ မျက်ကန်းယုံကြည်မှုတွေကို အားကောင်းစေတဲ့အပြင် ယုံကြည်ရတဲ့ဆက်ဆံရေးတွေကိုလည်း ပိတ်ဆို့ပစ်လိုက်တဲ့အတွက် လက်နက်ကိုင်ပဋိပက္ခတွေဆီကို မလွှဲမရှောင်သာရောက်သွားစေမှာဖြစ်ပါတယ်။ ကိုရဲထက်ဟာ မတူကွဲပြားတဲ့တဦးတယောက်ချင်းစီတိုင်းကို စနစ်နဲ့အံဝင်ခွင်ကျဖြစ်အောင် ဘယ်လိုလုပ်မလဲနဲ့ သူတို့ကို ဘာတွေကပုံသွင်းထားသလဲဆိုတာနာလည်ဖို့ အရေးကြီးကြောင်း ယုံကြည်လက်ခံထားပါတယ်။ သို့မှသာ လူတိုင်းပါဝင်နိုင်ပြီ ရည်ရှည်တည်တဲ့ခိုင်မြဲတဲ့ လမ်းကြောင်းတခု ရှာတွေ့နိုင်မှာဖြစ်ပါတယ်။ အဲဒီလမ်းကြောင်းမှာ စစ်အာဏာရှင်စနစ်အလွန် မြန်မာ့လူ့အဖွဲ့အစည်းမှာ အာဏာကိုဘယ်လိုကိုင်တွယ်မလဲ ဆိုတဲ့အချက်လည်း ပါရှိမှာဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ တချို့က လက်နက်ကိုင်လမ်းစဉ်နဲ့ အကြမ်မဖက်လမ်းစဉ်ကို အတူယှဉ်တွဲလုပ်ဆောင်ရင် တန်ဖိုးတခုထွက်လာနိုင်တယ်လို့မြင်နေကြတာနဲ့ပတ်သက်ပြီး ကိုရဲထက်က သူတို့မျှော်လင့်တာနဲ့ပြောင်းပြန်သာ ဖြစ်နိုင်ကြောင်း ငြင်းဆန်ခဲ့ပါတယ်။ “ အကယ်လို့ ခင်ဗျားက အကြမ်းမဖက်လမ်းစဉ်ရော လက်နက်ကိုင်လမ်းစဉ်ပါ တပြိုင်တည်းကျင့်သုံးနေတာဆိုရင် အဲဒါရဲ့ရလဒ်က ဘယ်တော့မှထိထိရောက်ရောက်ဖြစ်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ယုံကြည်မှုစနစ်ရဲ့ နက်နက်တဲ့စိတ်ဓာတ်ခံယူချက်တွေကို ချိုးဖောက်ပစ်ရမှာမို့လေ” လို့ သူကပြောပါတယ်။ တချိန်တည်းမှာပဲ သူက “ အကြမ်းမဖက်လမ်းစဉ်သပ်သပ် ဒါမှမဟုတ် လက်နက်ကိုင်လမ်းစဉ်သပ်သပ်ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ နှစ်ခုလုံးက ရောနေကြတာပါပဲ” လို့လည်း ဝန်ခံပြောဆိုသွားပါတယ်။ နက်နဲတဲ့ရည်ရွယ်ချက်တွေကို ရှုပ်ထွေးသွားစေနိုင်တာကြောင့် အဲဒီလမ်းကြောင်းနှစ်ခုကြားမှာ ဘယ်လိုရည်ရွယ်ရှိရှိပေါင်းစပ်မှုမျိုးမှ ဖြစ်နိုင်မှာမဟုတ်ပါဘူးလို့ သူကထပ်ပြီးရှင်ပြပါတယ်။ “ လက်နက်ကိုင်နည်းလမ်းနဲ့ဆိုရင် လက်နက်တွေပိုပြီးလုပ်နိုင်လာမယ်၊ လူတွေပိုပြီးသတ်နိုင်မယ်၊ နယ်မြို့အချို့ရနိုင်မယ်၊ အကြမ်းဖက်နိုင်စွမ်းပေါ်အခြေခံပြီး အာဏာတည်ဆောက်နိုင်တယ်။ ဒါပေမယ့် အဲဒါက အန္တိမပန်းတိုင်လား။ ဒါမှမဟုတ် အဲဒါက ကျနော်တို့ဖန်တီးချင်တဲ့ အနာဂတ်လား” ။ သူက အာဏာရှင်ပုံစံသစ်တခု ဖြစ်လာမှာကို စိုးရွံ့နေတယ်။ တော်လှန်ရေးအောင်မြင်တယ်ဆိုရင်တောင်မှ အတွေးအခေါ်တွေမပြောင်းလဲဘူးဆိုရင် အရင်လိုပြဿနာတွေ တကြော့ပြန်ဖြစ်လာဦးမှာပဲ။ သူက ဗုဒ္ဓဟောကြားထားတဲ့ မဂ္ဂင်ရှစ်ပါးတရားထဲက သမ္မာဒိဋ္ဌိအကြောင်းကို ကိုးကားပြီးပြောခဲ့ပါတယ်။ “ လုပ်ရပ်တခုကို အမှန်၊ အမှားခွဲခြားမသိဘူးဆိုရင် ဘယ်လိုမျိုးရလဒ်မျိုးထွက်ပေါ်လာမလဲဆိုတာကိုလည်း သိမှာမဟုတ်ဘူး” ဒါဟာ ကိုရဲထက်အနေနဲ့ ဘာကြောင့် လုပ်ဆောင်ချက်တွေထက် နောက်ကွယ်က သူတို့ကိုကြိုးကိုင်နေတဲ့ အတွေးအခေါ်တွေအပေါ် ပိုပြီးအာရုံစိုက်ရသလဲဆိုတာကို ပြနေပါတယ်။ နောက်ပြီး သူက တည်ဆောက်ဖို့မစဉ်းစားဘဲ ဖြိုချဖို့သပ်သပ်ကိုပဲ အာရုံစိုက်နေတာမျိုးကို မလိုလားပါဘူး။ “ ကျနော်တို့က စစ်တပ်ကိုတိုက်တာလောက်ပဲ လုပ်ချင်တာမဟုတ်ပါဘူး။ စစ်တပ်အတွက်ရော တခြားအဖွဲ့အစည်းတွေပါ ပိုကောင်းတဲ့အခြေအနေအသစ်တခုကို ဖန်တီးချင်တာဖြစ်ပါတယ်။” လို့ သူကပြောပါတယ်။ သူအနေနဲ့ လက်နက်ကိုင်တော်လှန်ရေးကို ဆန်ကျင်နေတာမဟုတ်ကြောင်း ရှင်းပြခဲ့ပါတယ်။ တကယ်တော့ ဒီလိုဖိနှိပ်ရက်စက်မှုတွေကိုဆန့်ကျင်တိုက်ခိုက်ဖို့ လူတွေလက်နက်ကိုင်ကြတာဟာလည်း ကြောင်းကျိုးဆီလျော် တယ်လို့ သူလည်းခံစားရပါတယ်။ ဒါပေမယ့် အကြမ်းဖက်မှုကိုဆန့်ကျင်တာက အဓိကအချက်မဟုတ်ပါဘူး။ သူ့အတွက်တော့ အကြမ်းမဖက်ရဲ့အဓိကအယူအဆက အကြမ်းဖက်မှုရဲ့မူလဇစ်မြစ်ကို ဖော်ထုတ်ပြီး အဲဒါတွေရပ်တန့်သွားအောင် အခြားနည်းလမ်းတွေရှာဖွေဖို့ ဖြစ်ပါတယ်။ စစ်တပ်ကဘက်ပြောင်းလာသူတွေရဲ့ အင်တာဗျူးတွေကိုနားထောင်တဲ့အခါ အတော်များများက လက်နက်ကိုင်တော်လှန်ရေး အားကောင်းလာမှုကြောင့်ထက် လူထုအာဏာလှုပ်ရှားမှုကြီးရဲ့ အရှိန်အဟုန်နဲ့လှုပ်ခါနှိုးလိုက်တဲ့အတွက်ကြောင့် သူတို့ဘက်ပြောင်းဖို့ဆုံးဖြတ်ချက်ချခဲ့တာလို့ ဖြေကြတဲ့အကြောင်း သူကရှင်းပြခဲ့ပါတယ်။
ကိုရဲထက်ဟာ ထိခိုက်အနာတရကင်းတဲ့လမ်းကြောင်းကိုရွေးချယ်တာက လူ့အဖွဲ့အစည်းအတွက် ကောင်းမွန်ရုံတင်မကဘဲ အဲဒီလမ်းကြောင်းပေါ်မှာရှိတဲ့ တဦးတယောက်ချင်းစီအတွက်လည်း စိတ်အတွင်းပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေဖြစ်စေတယ်လို့ ယုံကြည်ထားပါတယ်။ “ ဒါက ကိုယ်စဉ်းစားတွေခေါ်ပုံတွေ၊ ချဉ်းကပ်ပုံတွေနဲ့ ရည်မှန်းချက်တွေကို ပြောင်းလဲပစ်ဖို့ အခွင့်အရေးကြီး တခုပဲ။” နိဂုံးချုပ်အနေနဲ့ သူကပြောခဲ့ပါတယ်။ “ ခင်ဗျားအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ သတ်ဖြတ်မှုတွေလုပ်တဲ့အခါ ကိုယ်ကိုယ်တိုင်လည်း ကိုယ့်ရဲ့အစိတ်အပိုင်းတခုခု ဆုံးရှုံးသွားရတာပဲ”