ဗုဒ္ဓဘာသာနှင့် Social Punishment

(အလင်းခေတ်မဂ္ဂဇင်း အတွဲ ၁၊ အမှတ် ၁ တွင် ဖော်ပြခဲ့သောဆောင်းပါးဖြစ်ပါသည်)

မိတ်ဆက် 

၂၀၂၁ ဖေဖော်ဝါရီ (၁) ရက်နေ့ အာဏာသိမ်းမှုကို ပြည်သူများက လက်မခံကြောင်း ပြသတဲ့အနေနဲ့ နည်းလမ်းမျိုးစုံသုံးပြီး ဆန့်ကျင်တော်လှန်ကြတဲ့အခါမှာ Social Punishment ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပါတယ်။ Social Punishment ဆိုတာဟာ စစ်သား၊ ရဲ စတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ၊ သူတို့ရဲ့ မိသားစုဝင်တွေ၊ အာဏာသိမ်းမှုကို ထောက်ခံပံ့ပိုးနေကြသူတွေကို လူမှုရေးပြစ်ဒဏ်လို့ခေါ်တဲ့ အပေါင်းအသင်းမလုပ်ခြင်း၊ အဆက်အဆံမပြုခြင်းစတဲ့ လူ့အဖွဲ့အစည်းတွင်းကနေ နည်းမျိုးစုံနဲ့ ဖယ်ကြဉ်ခြင်းကို ဆိုလိုပါတယ်။ မြန်မာနိုင်ငံမှာ Facebook လိုမျိုး Social Media အားကောင်းတဲ့အတွက် Online ပေါ်မှတဆင့် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့ကြပါတယ်။ သို့သော် ရည်ရွယ်ချက်အားဖြင့် ကောင်းမွန်သော်လည်း လုပ်နည်းလုပ်ဟန်မှာတော့ ဝိဝါဒကွဲစရာတွေ ပေါ်ပေါက်ခဲ့ကာ ပြည်သူများအကြားမှာ ဒီလှုပ်ရှားမှုနဲ့ပက်သတ်ပြီး ဆွေးနွေးငြင်းခုံမှုတွေ ကြုံတွေ့ခဲ့ပါတယ်။ ယခုဆောင်းပါးမှာတော့ Social Punishment အယူအဆကို ဗုဒ္ဓဘာသာရှုထောင့်ကနေ သုံးသပ်လေ့လာထားပါတယ်။

ဘာကြောင့် 

Social Punishment ကို ဗုဒ္ဓဘာသာရှုထောင့်က ဘာကြောင့်သုံးသပ်ရသလဲဆိုရင် မြန်မာပြည်လို ဘာသာရေးလွှမ်းမိုးမှု အားကောင်းတဲ့နိုင်ငံတစ်ခုမှာ လုပ်ရပ်တခုဟာ ဘာသာရေးနဲ့ကျင့်ဝတ်ပိုင်းဆိုင်ရာအရ မဆီလျော်ဘူးလို့ တွေးထင်ကြတဲ့အခါ အကျိုးသက်ရောက်မှု အနည်းနဲ့အများဆိုသလို ရှိနိုင်လို့ပါပဲ။ Social Punishment လှုပ်ရှားမှုဟာ သူတဖက်သားကို ဖိနှိပ်တယ်၊ အရှက်ခွဲတယ်၊ မြန်မာ့ယဉ်ကျေးမှုနဲ့ ဘာသာတရားရဲ့ အဆုံးအမတွေနဲ့ မကိုက်ညီဘူး၊ ဒါကြောင့် ကောင်းတဲ့အလုပ်မဟုတ်ဘူးလို့ ပြည်သူတွေကို ဘာသာရေးနဲ့ မှိုင်းတိုက်ပြီး စည်းရုံးနေသူတွေကို တွေ့နိုင်ပါလိမ့်မယ်။ ဒီလိုမှိုင်းတိုက်ခံရသူတွေမှာ ရဟန်းသံဃာတွေ၊ ဘာသာရေးကိုင်းရှိုင်းသူတွေ၊ လူကြီးမိဘတွေပါလာတဲ့အခါ လှုပ်ရှားမှုဟာ အင်အားထက်ဝက်ကျော် ဆုံးရှုံးသွားသလို ဖြစ်သွားပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ Social Punishment အယူအဆကို ဗုဒ္ဓဘာသာရှုထောင့်ကနေ ချည်းကပ်ဖို့ ကြိုးစားထားပါတယ်။

ပိဋကတ်ထဲက Social Punishment 

ဒီခေါင်းစဉ်ကို တွေ့လိုက်ရတာနဲ့ အရင်ဆုံးတွေးမိမယ့် မေးခွန်းက ဗုဒ္ဓဘာသာမှာ Social Punishment ဆိုတာ ရှိသလားဆိုတဲ့ မေးခွန်းဖြစ်ပါလိမ့်မယ်။ မူရင်းပါဠိတော်တွေမှာ Social Punishment နဲ့ သဘောတရားဆင်တူတဲ့ ဒဏ်ခတ်မှုတွေကို တွေ့ရှိရပါတယ်။ ဝိနိယပိဋက၊ စူဠဝဂ္ဂပါဠိတော်၊ ကမ္မက္ခန္ဓက မှာ သံဃာ့အဖွဲ့အစည်းအတွင်း သံဃာများအချင်းချင်း ကျင့်သုံးကံဆောင်နိုင်တဲ့ သံဃာ့ကံတွေ၊ ခုဒ္ဒကဝတ္ထုက္ခန္ဓကမှာ သံဃာတွေကနေ လူပုဂ္ဂိုလ်တွေအပေါ် ကျင့်သုံးချမှတ်နိုင်တဲ့ ကံတွေ ပါရှိပါတယ်။ ဒါ့အပြင် ကံဆောင်နိုင်တယ်လို့ တိုက်ရိုက်မပါပေမဲ့ လူပုဂ္ဂိုလ်တွေက သံဃာတွေအပေါ် ချမှတ်ကျင့်သုံးခဲ့တဲ့ သပိတ်မှောက်ခြင်းကိုလည်း ကောသမ္ဗီအဓိကရုဏ်း ဖြစ်စဉ်မှာ တွေ့ရှိရပါတယ်။ လုပ်ထုံးလုပ်နည်း အပြည့်စုံဆုံးကတော့ ကမ္မက္ခန္ဓကပါ သံဃာ့ကံတွေဖြစ်ပါတယ်။ အဲဒီကံတွေကို လေ့လာကြည့်ရင် ဘာကြောင့် Social Punishment နဲ့ သဘောတရားတူတယ်ဆိုတာကို သိရှိနိုင်ပါတယ်။ 

တဇ္ဇနီယကံ

ကမ္မက္ခန္ဓကမှာ သံဃာ့အဖွဲ့အစည်းအတွင်း အပြစ်ကျူးလွန်သူ သံဃာတစ်ပါး (သို့) တစ်စုကို ကျန်တဲ့သံဃာ့အဖွဲ့က အရေးယူနိုင်တဲ့ လုပ်ထုံးလုပ်နည်းတွေ အသေးစိတ်ညွှန်ကြားထားပါတယ်။ ထိုကဲ့သို့ အရေးယူမှုများကို ကံဆောင်တယ်လို့ ခေါ်ပါတယ်။ တဇ္ဇနီယကံ၊ နိယဿကံ၊ ပဗ္ဗာဇနီယကံ၊ ပဋိသာရဏီယကံနဲ့ ဥက္ခေပနီယကံ ဆိုပြီး ငါးမျိုးတွေ့ရှိရပါတယ်။ အဲဒီကံငါးမျိုးထဲက တဇ္ဇနီယကံကို အသေးစိတ်လေ့လာကြည့်ရင် ဗုဒ္ဓဘာသာရဲ့ Social Punishment သဘောတရားနဲ့ လုပ်ထုံးလုပ်နည်းကို စေ့ကြောမိနိုင်တဲ့အတွက် တဇ္ဇနီယကံကိုသာ ယခုဆောင်းပါးမှာ ဆွေးနွေးထားပါတယ်။ 

တဇ္ဇနီယကံဆိုတာဟာ “ခိုက်ရန်ငြင်းခုံမှုကို ကိုယ်တိုင်ပြုသော၊ ထိုခိုက်ရန်ငြင်းခုံမှုကို ကြီးထွားလာစေရန် သူတပါးတို့အား တိုက်တွန်းအားပေးသောရဟန်းအား ထိုအမှုကိုနောက်တဖန် မပြုလုပ်ရဲအောင် နှိပ်ကွပ်ဆုံးမရန် လုပ်ဆောင်ခြင်း”ဖြစ်ပါတယ်။ အဲဒီလို အရေးယူခြင်း(ကံဆောင်ခြင်း)ကို ဗုဒ္ဓကိုယ်တော်တိုင် ခွင့်ပြုသတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ ပိဋကတ်တော်မှာ ဘာကြောင့် အဲဒီလိုပညတ်ခဲ့ကြောင်း ဇာတ်လမ်းဖြစ်စဉ် (Background Story)နဲ့တကွ ပညတ်ချက်အသေးစိတ်ကို မှတ်တမ်းတင်ထားပေမဲ့ ဒီမှာတော့ လုပ်ထုံးလုပ်နည်းနှင့် အယူအဆပိုင်းကိုသာ ဦးတည်ဆွေးနွေးသွားပါမယ်။ 

ကံဆောင်မှုပုံစံ

ခိုက်ရန်ငြင်းခုံမှုကို ကိုယ်တိုင်လည်းပြု၍ သူတပါးကိုလည်း ပြုလုပ်ဖို့အားပေးတဲ့ ရဟန်းတပါးရဲ့ သတင်းကို ဘုရားရှင်ကြားတဲ့အခါ အဲဒီရဟန်းကို သံဃာ့အဖွဲ့အစည်းကနေ အရေးယူခွင့်ပြုပြီး နောင်အခါမှာလည်း အဲဒီလိုဖြစ်ရပ်တွေဖြစ်ပေါ်လာတဲ့အခါ အရေးယူနိုင်ဖို့ လုပ်ထုံးလုပ်နည်းတွေကိုပါ ချမှတ်ပေးခဲ့ပါတယ်။ လုပ်ထုံးလုပ်နည်းတွေကို အကျဉ်းချုပ် ဖော်ပြရရင် –

  1. ဖြစ်စဉ်တခုဖြစ်ပေါ်လာလျှင် ဟုတ်၊ မဟုတ် စုံစမ်းမေးမြန်းခြင်း
  2. ဟုတ်မှန်လျှင် ကျူးလွန်သူရဟန်းအား ရှုံ့ချအပြစ်တင်ခြင်း
  3. သံဃာ့အဖွဲ့အစည်းအလယ်၌ အရေးယူသင့်၊ မယူသင့် ဆန္ဒခံယူခြင်း
  4. အရေးယူသင့်ပါက ပြစ်ဒဏ်ချမှတ်ကြောင်း သံဃာ့အဖွဲ့အစည်းနှင့် ကာယကံရှင်ရဟန်းကိုပါ သိစေခြင်း
  5. ကျူးလွန်သူရဟန်းက နောင်ကာလ၌ ပြုပြင်၍ တောင်းပန်လျှင် သံဃာ့အလယ်၌ပင် ပြန်လည် ဆန္ဒခံယူ၍ အပြစ်မှ ခွင့်လွှတ်ခြင်း

စသည်တို့ပါဝင်ပါတယ်။

ဒီနေရာမှာ အရေးယူခြင်းဆိုတာဟာ အဲဒီရဟန်းကို အခြားရဟန်းတွေက အဆက်အဆံမလုပ်ခြင်း၊ အဲဒီရဟန်းနဲ့ အခြားရဟန်းတွေ မသက်ဆိုင်ဟု ဒါယကာတွေကို သိစေခြင်း၊ အဲဒီရဟန်းရဲ့ အခွင့်အရေးအချို့ (ရဟန်းပြုပေးခွင့်၊ အကြီးအမှုးနေရာယူခွင့်) တို့ကို ကန့်သတ်ပိတ်ပင်ခြင်း စတဲ့ Social Punishment သဘောသက်ရောက်တဲ့ ပြစ်ဒဏ်တွေသာဖြစ်ပါတယ်။ အဲဒီလိုချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကနေ ကင်းလွတ်ချင်ရင် ရဟန်းအနေနဲ့ ကိုယ်ကျူးလွန်မိတဲ့အပြစ်ကို နောင်တရကြောင်း၊ သံဃာ့အဖွဲ့အစည်းက ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို ခံယူပါကြောင်းဝန်ခံကတိပြုကာ သံဃာများက ဆန္ဒခံယူ၍ ပြန်လည်ပယ်ဖျက်ပေးနိုင်ပါတယ်။

ရည်ရွက်ချက်နှင့် လုပ်ဆောင်ပုံ

အထက်ပါ တဇ္ဇနီယကံဆောင်ပုံ လုပ်ထုံးလုပ်နည်းကို လေ့လာကြည့်ရင် ဗုဒ္ဓဘာသာမှာရှိတဲ့ Social Punishment ရဲ့ ရည်ရွက်ချက်ကို သိရှိနိုင်ပါတယ်။ အထူးသဖြင့် အဲဒီလိုအရေးယူရာမှာ အဓိကရည်ရွယ်ချက်ကတော့ အလားတူပြစ်မှုမျိုးကို နောက်ထပ်မကျူးလွန်စေဖို့ ဟန့်တားခြင်းဖြစ်ပါတယ်။ အဲဒီလိုဟန့်တားခြင်းဖြင့် ထိုပုဂ္ဂိုလ်ကို နောက်ထပ်အပြစ်တွေ မကျုးလွန်မိစေဖို့ (ထိုရဟန်းတွင် ထပ်မံအပြစ်မဖြစ်စေဖို့)နဲ့ ထိုရဟန်းကြောင့် သံဃာ့အဖွဲ့အစည်း ထိခိုက်နစ်နာမှု မဖြစ်စေဖို့ဆိုတဲ့ ဆင့်ပွားရည်ရွယ်ချက်တွေကိုပါ ဖော်ဆောင်ပြီးသား ဖြစ်ပါလိမ့်မယ်။ 

ဗုဒ္ဓဘာသာမှာရှိတဲ့ အရေးယူပုံ(ကံဆောင်ခြင်း)တွေကို လေ့လာကြည့်ရင် ပြစ်မှုကျူးလွန်သူကို အရေးယူခြင်းထက် ပြစ်မှုကျူးလွန်သူကို အဲ့ဒီအပြစ်ကျူးလွန်ခြင်းမှ ရပ်တန့်စေဖို့ ပိုမိုအလေးထားတာကို တွေ့နိုင်ပါတယ်။ အရေးယူမှုဖြစ်စဉ် (ကံဆောင်ခြင်း) အစမှအဆုံးအထိ သေချာစွာစစ်ဆေးပြီး မှန်ကန်မှသာ ဆောင်ရွက်ဖို့ ထပ်ခါထပ်ခါ ညွှန်ကြားထားတာကိုလည်း တွေ့နိုင်ပါတယ်။ ဒါ့အပြင် ကျူးလွန်သူကို ဘယ်အချက်ကြောင့် အရေးယူရသလဲဆိုတာကိုလည်း သံဃာ့အဖွဲ့အစည်းကို သိစေခြင်းအပြင် သူကိုယ်တိုင်ကိုပါ သိစေခြင်း၊ အရေးယူမှုကနေ လွတ်မြောက်ချင်ရင် ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာကို အသိပေးခြင်းတွေဟာ အရေးယူခြင်းက အမြဲတမ်းမဟုတ်၊ ပြောင်းလဲလိုတဲ့အခါ အမြဲကြိုဆိုနေကြောင်း ထင်ရှားပါတယ်။ အချုပ်ဆိုရရင်တော့ ဗုဒ္ဓဘာသာရဲ့ Social Punishment ဟာ ကျူးလွန်သူအပါအဝင် အဖွဲ့အစည်းတခုလုံးကို ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်စေဖို့ ရည်ရွယ်ဆုံးမပြီး မေတ္တာတရားကို အခြေခံတဲ့ အရေးယူခြင်းမျိုးဖြစ်ပါတယ်။ 

နွေဦးတော်လှန်ရေးရဲ့ Social Punishment 

လက်ရှိနွေဦးတော်လှန်ရေးမှာတော့ Social Punishment ရဲ့ ရည်ရွယ်ချက်နဲ့ လုပ်နည်းလုပ်ဟန်တွေမှာ တိကျသေချာမှုနဲ့ ရည်ရွယ်ချက်တွေကို ခိုင်ခိုင်မာမာမတွေ့ရတာဟာ ထိရောက်သင့်သလောက် မထိရောက်ခဲ့ရတဲ့ အကြောင်းအရင်းတွေထဲက တခုဖြစ်မယ်လို့ ထင်ပါတယ်။ ပထမဦးစွာ ရည်ရွယ်ချက်အပိုင်းကို ဆွေးနွေးလိုပါတယ်။ ကျတော်တို့ပြည်သူတွေဟာ ဘာကိုလိုချင်လို့ Social Punishment လှုပ်ရှားမှုကို လုပ်ကြရသလဲဆိုရင် အာဏာရှင်စနစ်ကို မကြိုက်လို့ လုပ်တာလို့ ဖြေကြမှာပါပဲ။ သို့သော် ဒီလှုပ်ရှားမှုကနေ ပြည်သူတွေလိုလားတဲ့ ပန်းတိုင်ရောက်အောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ နေရာမှာတော့ စဉ်းစားချက်တွေ အားနည်းခဲ့ပါတယ်။ စစ်သားနဲ့ရဲများ၊ သူတို့ရဲ့မိသားစုဝင်များ၊ အာဏာရှင်စနစ်ကို ထောက်ခံကြသူများကို လူ့အသိုင်းအဝိုင်းကနေ ဖယ်ကြဉ်ဖို့အတွက်သာ အလေးပေးခဲ့ကြပြီး သူတို့ကို ပြည်သူ့ဘက်ပါဝင်လာအောင် ပြောင်းလဲဖို့ဆိုတဲ့ ရည်ရွယ်ချက်ကိုဖော်ဆောင်ဖို့တော့ အားနည်းခဲ့ကြပါတယ်။ ဒီလှုပ်ရှားမှုဟာ အတိုင်းအတာတခုအထိ ပြည်သူတွေလိုလားတဲ့ အကျိုးသက်ရောက်မှုတွေကို ရရှိအောင် အကူအညီပေးနိုင်ခဲ့သော်လည်းပဲ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေရနိုင်ဖို့ လုပ်ဆောင်ရာမှာတော့ အားနည်းခဲ့ကြပါတယ်။ အချို့သော အာဏာရှင်စနစ်ကြောင့် အကျိုးစီးပွားရနေသူတွေ၊ စစ်တပ်အမာခံထောက်ခံသူတွေကလွဲရင် ကျန်တဲ့သူအများစုအပေါ် Social Punishment ကို ထိရောက်စွာအသုံးပြုပြီး စည်းရုံးလို့ရနိုင်တဲ့ အခွင့်အရေးကို အမိအရမဆုပ်ကိုင်နိုင်ခဲ့ဘဲ ရန်သူဘက်ကို တွန်းပို့သလို ဖြစ်စေခဲ့တဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ကြပါတယ်။ တကယ်တော့ သူတို့ကို လူ့အဖွဲ့အစည်းကနေ တောထုတ်လိုက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ထက် သူတို့ရဲ့ လွဲမှားနေတဲ့ ရပ်တည်ချက်တွေကို မြင်လာနိုင်ပြီး ပြည်သူနဲ့အတူရပ်တည်ဖို့ဆိုတဲ့ အပြောင်းအလဲကို ရည်ရွယ်လုပ်ဆောင်သင့်ပါတယ်။ 

လုပ်နည်းလုပ်ဟန်မှာလည်း တကျောင်းတဂါထာ၊ တရွာတပုဒ်ဆန်း ဆိုသလို တိကျတဲ့ မူဘောင်တွေမရှိဘဲ လုပ်ဆောင်ခဲ့ကြတာကြောင့် အကျိုးသက်ရောက်မှု လျော့နည်းသွားစေပါတယ်။ ဒါ့အပြင် ခံစားချက်နောက် အလွန်အကျွံလိုက်ပြီး ဆောင်ရွက်တာတွေကြောင့်လည်း Cyber Bullying လို မလိုလားအပ်တဲ့ အပြုအမူတွေ ဖြစ်သွားတတ်ပါတယ်။ ဒါတွေဟာ ဘယ်သူက ဘာအပြစ်ကျူးလွန်ရင် ဘယ်လောက်အထိ လူမှုရေးပြစ်ဒဏ်ခတ်မယ်ဆိုတဲ့ တိကျတဲ့ စည်းမျဉ်းတွေ မသတ်မှတ်၊ မဆွေးနွေးနိုင်ခဲ့တာကြောင့် ဖြစ်ပါလိမ့်မယ်။

အကြံပြုချက် 

လူတယောက်ဟာ သူကိုယ်တိုင်အတွက်ရော၊ လူ့အဖွဲ့အစည်းအတွက်ပါ အကျိုးမဲ့စေမယ့် လုပ်ရပ်တွေကို လုပ်နေတဲ့အခါ ထိုလုပ်ရပ်တွေကို တားမြစ်ကန့်ကွက်ဖို့ ဥပဒေအရ အပြစ်ပေးခြင်းအပြင် လူ့အဖွဲ့အစည်းရဲ့ လူမှုရေးပြစ်ဒဏ်ခတ်မှုပါ လိုအပ်ပါတယ်။ လူမှုရေးပြစ်ဒဏ်ဟာ ပိုမိုသိမ်မွေ့ပြီး အကျိုးသက်ရောက်မှုလည်း ပိုမိုပြင်းထန်ပါတယ်။ သို့သော် “သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေး” ဆိုသလို လူ့အဖွဲ့အစည်းကိုလည်း ပိုမိုကွဲကွာစေနိုင်ပါတယ်။ ဒါကြောင့် လူမှုရေးပြစ်ဒဏ်ပေးဖို့ လှုပ်ရှားမှုတွေလုပ်တဲ့အခါမှာ မိမိတို့လိုချင်တဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လို လုပ်ကြမလဲဆိုတဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြည်သူများအကြား ဂဃနဏဆွေးနွေး အတည်ပြုနိုင်ဖို့လိုပါတယ်။ ယေဘုယျအားဖြင့် ရည်ရွယ်ချက်ဟာ ပြောင်းလဲစေလိုတဲ့အချက်ဖြစ်သင့်ပြီး လုပ်ထုံးလုပ်နည်းများဟာ ရည်ရွယ်ချက်ကိုဖော်ဆောင်နိုင်ဖို့ အထောက်အကူပြုရေးဖြစ်ပါတယ်။ 

ဗုဒ္ဓဘာသာရဲ့ လူမှုရေးပြစ်ဒဏ်သဘောကို လေ့လာကြည့်လျှင် အပြစ်ကျူးလွန်မှုကို သေချာစွာစုံစမ်းခြင်း၊ ပြစ်ဒဏ်ချမှတ်ကြောင်း သိစေခြင်း၊ အပြစ်ပေးခြင်း၊ ပြစ်ဒဏ်မှ လွတ်မြောက်လိုလျှင် လိုက်နာပြင်ဆင်ရမည့် စည်းကမ်းများကို နားလည်စေခြင်း၊ လိုက်နာလျှင်ပယ်ဖျက်ခြင်း စတဲ့ အဆင့်တွေမှတဆင့် ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ပုံကို တွေ့နိုင်ပါတယ်။ ဒါတွေကို မိမိတို့လူ့အဖွဲ့အစည်းရဲ့ အခြေအနေနဲ့ လိုအပ်ချက်အရ သင့်တော်သလို လေ့လာအသုံးချသင့်ပါတယ်။ Social Punishment လှုပ်ရှားမှုဟာ တော်လှန်ရေးကာလမှာသာမက တော်လှန်ရေးအလွန်ကာလအထိ မြန်မာ့လူ့အဖွဲ့အစည်းမှာ အကျိုးသက်ရောက်မှု ကြီးကြီးမားမားရှိမှာ ဖြစ်တဲ့အတွက် ပြည်သူများအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကျင့်သုံးဖို့ လိုအပ်ကြောင်း နိဂုံးချုပ်အနေနဲ့ တိုက်တွန်းလိုပါတယ်။  

ကျမ်းကိုး

  1. ဝိနိယပိဋက၊ စူဠဝဂ္ဂပါဠိတော်၊ ကမ္မက္ခန္ဓက 
  2. ဝိနိယပိဋက၊ စူဠဝဂ္ဂပါဠိတော်၊ ခုဒ္ဒကဝတ္ထုက္ခန္ဓ 
  3. ဝိနိယပိဋက၊ မဟာဝဂ္ဂပါဠိတော်၊ ကောသမ္ဗကက္ခန္ဓက

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Email Updates Subscription

Freedom Fighter ရဲ့ update တွေကို သိရှိနိုင်ဖို့ email subscribe လုပ်ထားပါ