မတ်လ ၂၈ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးဟာ ဒါဏ်ရာများလှတဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွက် အရှိုက်ထိတဲ့ ထိုးနှက်ချက်ဖြစ်ပါတယ်။ ငလျင်ထိခိုက်မှုကြောင့် လူအသေအပျောက် ထောင်သောင်းချီနိုင်တယ်လို့ တွက်ဆကြပါတယ်။ စစ်ကိုင်းမြို့ရဲ့ ၄၀-၅၀ ရာခိုင်နှုန်းပျက်စီးပြီး မန္တလေးမြို့ရဲ့ ၂၀-၃၀ ရာခိုင်နှုန်းအကြား ပျက်စီးမယ်လို့လည်း မြို့ခံပြည်သူတွေက ခန့်မှန်းထားကြပါတယ်။ ဒီငလျင်ကြီးဟာ ခန့်မှန်းရခက်တဲ့ သဘာဝဘေးအန္တရာယ်လို့ ဆိုသည့်တိုင် လူတွေရဲ့အခန်းကဏ္ဍနဲ့လည်း များစွာသက်ဆိုင်နေပါတယ်။ ပြည်တွင်းစစ်နဲ့ နိုင်ငံရေးပဋိပက္ခတွေရဲ့အကျိုးဆက်ကြောင့် လူသားအရင်းအမြစ်နည်းပါးပြီး အပြန်အလှန်ယုံကြည်မှုအားနည်းခြင်းက သဘာဝဘေးအန္တရာယ်တွေအပေါ် ကြိုတင်ကာကွယ်ရမယ့်အပိုင်း၊ အရေးပေါ် ကူညီကယ်ဆယ်ရေးအပိုင်းတွေမှာ တခြားနိုင်ငံတွေထက်ယှဉ်ရင် များစွာလစ်ဟင်းစေပါတယ်။
ဒါတွေကို ပြန်လည်ထူထောင်ဖို့၊ ကျိုးပဲ့သွားတဲ့ လူ့အဖွဲ့အစည်းနဲ့ စိတ်ဒါဏ်ရာတွေကို ကုစားဖို့အတွက် ငြိမ်းချမ်းတိုးတက်တဲ့ တခြားနိုင်ငံတွေမှာတောင် ဆယ်စုနှစ်နဲ့ချီအောင် အလုပ်တွေအများကြီးလုပ်ကြရပါတယ်။ မြန်မာနိုင်ငံလိုမျိုး ကွဲကြေနေတဲ့ လူ့အဖွဲ့အစည်းမှာတော့ ပြည်တွင်းစစ်နဲ့ ပဋိပက္ခတွေက ပြန်လည်ကုစားဖို့၊ ပြန်လည်ထူထောင်ဖို့အတွက် အတားအဆီးများစွာရှိနေပါတယ်။
တကယ်တမ်းတော့ သဘာဝဘေးအန္တရာယ်တွေနဲ့ပက်သက်ပြီး မြန်မာနိုင်ငံဟာ အထူးအန္တရာယ်ရှိတဲ့နိုင်ငံဆိုတာကို ပညာရှင်တွေက အကြိမ်ကြိမ်သတိပေးခဲ့ကြပါတယ်။ မုန်တိုင်း ၊ ရေကြီးမှု၊ မြေပြိုမှု၊ အခုငလျင် စတဲ့သဘာဝဘေးအန္တရာယ်တွေ၊ ရေထု၊ မြေထု၊ လေထုညစ်ညမ်းမှုအထိ သဘာဝပါတ်ဝန်းကျင်ပျက်စီးမှုတွေကို မြန်မာ့လူ့အဖွဲ့အစည်းက နှစ်စဉ်တွေ့ကြုံနေရတာပါ။ ဒီလိုမျိုး တွေ့ကြုံလိုက်တိုင်းလည်း အဘက်ဘက်မှာ နောက်ကျကျန်နေတဲ့ မြန်မာ့လူ့အဖွဲ့အစည်းက တခြားနိုင်ငံကပြည်သူတွေထက် ပိုပြီးထိခိုက်ခံစားရပါတယ်။ ပြီးခဲ့တဲ့ကာလတွေမှာတော့ ဒီလိုမျိုး တွေ့ကြုံလာရတိုင်း တော်လှန်ရေးအင်အားစုတွေအနေနဲ့ လက်နက်ကိုင်တော်လှန်ရေးအောင်မြင်ဖို့က ပထမဦးစားပေးဖြစ်ပြီး သဘာဝဘေးအန္တရာယ်က နောက်တချိန်မှဖြေရှင်းရမယ့် ပြဿနာအဖြစ် ရှုမြင်နေတတ်ကြပါတယ်။
ဒါပေမယ့် အခုစစ်ကိုင်းငလျင်ကြီးကတော့ အဲဒီရှုမြင်မှုကို လှုပ်ခါချေဖျက်နေပါပြီ။ သဘာဝတရားကြီးက မြန်မာ့လူ့အဖွဲ့အစည်းတခုလုံးရဲ့ အနာဂတ်ရှင်သန်တည်ရှိမှုတစုံလုံးအပေါ် မေးခွန်းထုတ်နေပါပြီ။ ကျွန်တော်တို့အနေနဲ့ ဘယ်တော့မှ ပြီးမယ်ဆိုတာကို မမှန်းဆနိုင်တဲ့ ပြည်တွင်းစစ်ကို ရပ်တန့်ပြီး လူ့အဖွဲ့အစည်းရဲ့ နာကျင်မှုတွေကို ဖေးမကုစားဖို့၊ ပြန်လည်ထူထောင်ဖို့ ဒီငလျင်ကြီးက ခေါင်းလောင်းထိုးနေပါပြီ။ ပြည်သူအများကလည်း လက်ရှိမှာ နိုင်ငံရေးပဋိပက္ခတွေကို ချုပ်ငြိမ်းပြီး ပြန်လည်ထူထောင်ရေးကို ဦးစားပေးလုပ်ဆောင်ဖို့ ဆန္ဒရှိလာပါပြီ။ ဒါကို လက်တွေ့ဖြစ်လာဖို့ ဘယ်လိုတွေလုပ်ဆောင်ကြမလဲဆိုတာကို ဆင်ခြင်စဉ်းစားကြဖို့ လိုနေပါပြီ။
ငလျင်ဖြစ်ပြီးခါစမှာပဲ ငြိမ်းချမ်းရေးကို ရှေးရှုကြဖို့၊ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်ဖို့ ပြည်ပနိုင်ငံတွေရော ပြည်တွင်းနိုင်ငံရေးလေ့လာသူတချို့ကရော တိုက်တွန်းကြပါတယ်။ ဒီမှာသတိပြုမိတာက ဒီလိုတိုက်တွန်းချက်တွေဟာ အတိုက်အခံတော်လှန်ရေးအင်အားစု သို့မဟုတ် စစ်ကောင်စီစတဲ့ အီလစ်အထက်လွှာကို ဦးတည်ကြတာများပါတယ်။ တချို့နိုင်ငံရေးလေ့လာသူတွေကတော့ အာဏာသိမ်းစ R2P မျှော်ခဲ့သလို နိုင်ငံတကာက ဝင်ရောက်ထိန်းသိမ်းအရေးယူဖို့အထိ တောင်းဆိုလာကြပါတယ်။ ဒါပေမယ့် ဒီလိုအထက်ကလာတဲ့ ငြိမ်းချမ်းရေးက လက်တွေ့မှာတော့ ဖြစ်လာနိုင်ဖွယ်နည်းပါးပါတယ်။
လက်ရှိမှာ NUG က နှစ်ပါတ်ယာယီအပစ်အခတ်ရပ်စဲတာ၊ CDM ဆေးဝန်ထမ်းတွေနဲ့ ကူညီကယ်ဆယ်ပေးဖို့ ကမ်းလှမ်းတာ၊ ညီနောင်သုံးဖွဲ့က တလအပစ်အခတ်ရပ်တာတွေဟာ ကြိုဆိုရမယ့်အရာတွေပါ။ ဒါပေမယ့် အတိုက်အခံအင်အားစုတွေအနေနဲ့ နိုင်ငံရေးနည်းလမ်းအရ အဖြေရှာနိုင်ဖို့၊ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းအပေါ်အထိ တိုက်လှမ်းနိုင်ဖို့တော့ မူဝါဒတွေ၊ အစီအမံတွေမရှိကြပါဘူး။ အခုလုပ်ဆောင်တဲ့ အပစ်အခတ်ရပ်စဲရေးက ငလျင်ဒါဏ်ခံရတဲ့ ပြည်သူတွေအပေါ် လူသားချင်းစာနာမှုအရ ယာယီအပစ်အခတ်ရပ်စဲခြင်းသာဖြစ်ပါတယ်။ အထူးသဖြင့် နွေဦးတော်လှန်ရေးမှာပေါ်လာတဲ့ အတိုက်အခံတော်လှန်ရေးအင်အားစုအနေနဲ့ စစ်ကောင်စီအတွက် လုံးဝအညံ့ခံခြင်းကလွဲပြီး တခြားနိုင်ငံရေးထွက်ပေါက်ပေးဖို့ စဉ်းစားချက်မရှိပါဘူး။ နွေဦးတော်လှန်ရေးက အနာဂတ်အသစ်အပေါ် မျှော်မှန်းချက်ထက် စစ်ကောင်စီအပေါ် မကျေနပ်ချက်၊ နာကျည်းချက်ကနေ ပေါက်ဖွားလာတဲ့ အုံကြွမှုဖြစ်တဲ့အခါ တော်လှန်ရေးဦးဆောင်သူတွေ၊ လှုံ့ဆော်သူဆယ်လီတွေအနေနဲ့ စစ်ကောင်စီကို အနိုင်ယူအပြစ်ပေးရေးက လူ့အဖွဲ့အစည်းကုစားတည်ဆောက်ရေးထက် အရေးကြီးတယ်လို့ လက်ခံထားကြသူများကြပါတယ်။
တဖက်မှာလည်း စစ်ကောင်စီအနေနဲ့ အပစ်အခတ်ရပ်ဖို့တောင်မှ ကနဦးမှာ အစီအစဉ်မရှိခဲ့တဲ့ပုံပါပဲ။ ငလျင်ဖြစ်ပြီးနောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်တာတွေကို အဆက်မပြတ်လုပ်ဆောင်ခဲ့ပြီး ဒီလိုလုပ်ဆောင်မှုမျိုးက ပြည်တွင်းပဋိပက္ခကို ပိုမိုလောင်မြိုက်စေမယ်ဆိုတာကို စစ်ခေါင်းဆောင်တွေအနေနဲ့ မသိကြမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဘာကြောင့် ဒီလိုလုပ်ရလဲဆိုတော့ စစ်ခေါင်းဆောင်တွေအနေနဲ့ ပဋိပက္ခကပဲ ၎င်းတို့အာဏာတည်မြဲရေးအတွက် အဓိက လောင်စာဖြစ်တာကို သိပြီးဖြစ်နေလို့ပါ။ ပြည်သူတွေကို စောင့်ရှောက်ဖို့ အရည်အချင်းမရှိတာ၊ ကမ္ဘာ့အလယ်မှာ အဖက်ဖက်က အောက်ကျနောက်ကျဖြစ်နေတာ စတဲ့တာဝန်ခံရမယ့် အရာမှန်သမျှကို ပဋိပက္ခခေါင်းစဉ်အောက်မှာ တဖက်ကို လက်ညှိးထိုးပြစ်တင်ရုံနဲ့ ဖြေရှင်းလို့ရမယ်၊ ဒီပဋိပက္ခတွေကပဲ အပြန်အလှန်ထိန်းကျောင်းမှုမရှိတဲ့ အာဏာစက်တည်ဆောက်ဖို့ လမ်းဆိုတာကို သိနေလို့ပါပဲ။ မကြာသေးခင်ကတော့ စစ်ကောင်စီအနေနဲ့ ယာယီအပစ်အခတ်ရပ်ရေးကို ကြေညာခဲ့ပါတယ်။ ဒါကလည်း အဘက်ဘက်က ဖိအားပေးမှုကြောင့်သာဖြစ်ပြီး ဒီကနေ ငြိမ်းချမ်းရေးလမ်းကြောင်းကို အလိုအလျောက် ရောက်သွားနိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။
လွယ်လွယ်ပြောရရင် စစ်ကောင်စီတည်ဆောက်ထားတဲ့ အာဏာရှင်စနစ်က အမုန်းတရား၊ ပဋိပက္ခတွေပေါ်မှာ အခြေတည်ထားတဲ့ မြစ်ပွားနာလိုပဲ အစုအဖွဲ့အသီးသီးမှာ ပြန့်နှံ့ရောက်ရှိနေပါတယ်။ တဖက်မှာလည်း တော်လှန်ရေးခေါင်းဆောင်တွေကတော့ ပြဿနာရဲ့ အရင်းအမြစ်ကို ဆန်းစစ်ဖြေရှင်းဖို့ထက် တွေ့မြင်သမျှကို ဆေးကြိမ်လုံးနဲ့ရိုက်မယ့် ပယောဂဆရာသဖွယ်ဖြစ်နေပြီး ခံရတဲ့ပြည်သူတွေမှာတော့ ရှိုက်ကြီးတငင်နဲ့ မကူနိုင်မကယ်နိုင်ဖြစ်နေတာက ပြီးခဲ့တဲ့လေးနှစ် မြန်မာ့နိုင်ငံရေးအကြပ်အတည်း အနှစ်ချုပ်သမိုင်းပါပဲ။ နှစ်ဖက်လုံးက ပြဿနာကို ဖြေရှင်းဖို့၊ လူ့အဖွဲ့အစည်းကို ကုစားတည်ဆောက်ဖို့ထက် ဒီပဋိပက္ခအပေါ် မှီတည်ပြီး အာဏာတည်ဆောက်ထားကြတာ ဖြစ်ပါတယ်။ ဒါကြောင့် အခုထိ ဖြစ်ပျက်နေတဲ့ အခြေအနေအရပ်ရပ်တိုင်းကိုသုံးသပ်ကြည့်ရင် အထက်ကလာတဲ့ ငြိမ်းချမ်းရေးက မဖြစ်နိုင်ဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။ ဒီတော့ ဘာလုပ်ကြမလဲ။
အခြေကလာတဲ့ ကုစားမှုနှင့် ငြိမ်းချမ်းရေးလမ်းစဉ်
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဟာ အထက်က အီလစ်တွေကြား ဆွေးနွေးရုံသက်သက်နဲ့တော့ အကောင်အထည်ပေါ်လာမှာမဟုတ်ပါဘူး။ ပြည်သူတွေကိုယ်တိုင်ပါဝင်နိုင်တဲ့ တနိုင်ငံလုံးကုစားမှုနဲ့ ပြန်လည်သင့်မြတ်ရေးအစီအစဉ်လုပ်ဆောင်နိုင်မှသာ စစ်မှန်တဲ့ငြိမ်းချမ်းရေးပန်းတိုင်ဆီ ရောက်ရှိနိုင်မှာဖြစ်ပါတယ်။။ ဒီနေရာမှာ ပြည်သူဆိုတဲ့အသုံးဟာ တော်လှန်ရေးထောက်ခံသူ၊ စစ်တပ်ထောက်ခံသူ၊ ကြားနေ စသဖြင့် ပြည်သူအားလုံးကို ဆိုလိုတာပါ။ ပြည်သူတွေခံစားနေရတဲ့ ဒါဏ်ရာတွေကို ကုစားလာနိုင်ကြမယ်၊ နောက် တဦးနဲ့တဦးကြားထဲက ပဋိပက္ခတွေကိုဖြေရှင်းဖို့ ယုံကြည်ချက်ရှိလာကြမယ်ဆိုရင် ပြည်တွင်းစစ်ကို ရပ်တန့်နိုင်သလို အာဏာရှင်စနစ်အသီးသီးကိုလည်း ဖြေရှင်းပြီးသားဖြစ်ပါလိမ့်မယ်။
ငြိမ်းချမ်းရေးလမ်းစဉ်တခု ဘယ်လောက်စစ်မှန်သလဲဆိုတာကို လူ့အဖွဲ့အစည်းရဲ့ ဒါဏ်ရာတွေကို ဘယ်လောက်ကုစားပေးနိုင်လဲနဲ့ တိုင်းတာနိုင်ပါတယ်။ လက်ရှိမှာ ပြည်တွင်းပဋိပက္ခကြောင့်ရော၊ တကမ္ဘာလုံးဆိုင်ရာ နည်းပညာတိုးတက်မှုကနေဖြစ်လာတဲ့ အစွန်းထွက်မှု (Polarization) ကြောင့်ရော လူ့အဖွဲ့အစည်းဟာ အမုန်းတရားတွေ၊ နာကျည်းချက်ဒေါသတွေ ပိုပိုအားကောင်းနေပါတယ်။ ဒါတွေကို ဆင်ခြင်ပြီး ကွန်မြူနတီအဆင့်ကနေ ကုစားမှုတွေလုပ်ဆောင်ဖို့ အရေးတကြီးလိုအပ်နေပါပြီ။ အထူးသဖြင့် အခုငလျင်ဒါဏ်တုံ့ပြန်ရေးနဲ့အတူ ကျဉ်းမြောင်းလာနေတဲ့ အရပ်ဘက်အဝန်းအဝိုင်းကိုလည်း တပါတည်း ချဲ့ထွင်တည်ဆောက်သွားဖို့ လိုပါတယ်။ အရပ်ဘက်လူမှုအဝန်းအဝိုင်းတွေကြားမှာ ပိုမိုနီးကပ်စွာ အားပေးဆက်သွယ်ပူးပေါင်းနိုင်မယ့် ရပ်ဝန်း၊ အသံ၊ အစုအဖွဲ့… အစရှိတာတွေကို မဟာဗျူဟာကျကျတည်ဆောက်သွားဖို့ လိုပါတယ်။ စစ်တပ်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးရဲ့ အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုရမှာဖြစ်ပြီး တဖက်မှာလည်း ရေရှည်ငြိမ်းချမ်းရေးကို ဘယ်လိုသွားကြမှာလဲဆိုတာကို မေးခွန်းထုတ်တိုက်တွန်းနေဖို့လိုပါတယ်။
ငလျင်ဒါဏ်ကြောင့် ကျွန်တော်တို့အားလုံးရဲ့ ရင်ထဲမှာ အတောမသတ်တဲ့ နာကျင်မှုတွေထိခိုက်ခံစားနေရပါတယ်။ ဂေဟအရေးလှုပ်ရှားသူ ဆရာမကြီး ဂျိုအင်နာမေစီ(Joanna Macy) ကတော့ နာကျင်မှုတွေဟာ မကောင်းတဲ့အရာအဖြစ် ထုတ်ပယ်ပစ်ဖို့မဟုတ်ဘဲ အချင်းချင်းကြား မျှဝေခံစားဖို့၊ ရင်းနှီးချိတ်ဆက်ဖို့၊ နောက်ပြီး အရေးကြီးဆုံးကတော့ အပြောင်းအလဲတွေလုပ်ဆောင်ဖို့အတွက် နှိုးဆော်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုစစ်ကိုင်းငလျင်ကြီးကနေ လှုပ်နှိုးလိုက်တဲ့ နှိုးဆော်ချက်ကို လက်ခံပြီး လူ့အဖွဲ့အစည်းအကြား ဖေးမမှုနဲ့ ကရုဏာတွေ မျှဝေကြမလား ဒါမှမဟုတ် အမုန်းတရားရဲ့ လွှမ်းမိုးမှုကို ခံပြီး ကိုယ်ကိုယ်တိုင် ပဋိပက္ခရဲ့ လောင်စာအဖြစ် ဝင်ရောက်မီးမြိုက်ခံကြမလားဆိုတာကို အလေးအနက်ဆင်ခြင်သင့်တဲ့အချိန်ရောက်နေပါပြီ။