ဒီကနေ့ စစ်ကောင်စီရဲ့ တစ်ဖက်သတ် တရားစီရင်မှုနဲ့ သတင်းအမှောင်ချပြီး သေဒါဏ်ပေးတဲ့ သတင်းကို ကြားသိရတဲ့အပေါ် အားလုံးနည်းတူ စိတ်မကောင်းများစွာဖြစ်ရပါတယ်။ ပြန်ပြီးသုံးသပ်ကြည့်ရင် ပြီးခဲ့တဲ့ တစ်နှစ်ခွဲကာလထဲက နေ့စဉ်ရက်ဆက် ဖမ်းဆီးမှု၊ သတ်ဖြတ်မှုစတဲ့ အနိဌာရုံတွေနဲ့ တွေ့မြင်နေရတာ ဖြစ်တဲ့အတွက် စစ်ကောင်စီအနေနဲ့ အခုမှ ရက်စက်ကြမ်းကြုတ်တယ်လို့ ထူးထူးခြားခြား ရှုမြင်စရာတော့မရှိပါဘူး။
ဒီလိုမျိုး ဝမ်းနည်းစရာကောင်းတဲ့ဖြစ်ရပ်တွေဖြစ်တဲ့အခါ အားလုံးအနေနဲ့ ဝမ်းနည်းမှု ဒေါသဖြစ်မှုနဲ့ ပြစ်တင်ဆဲဆိုတာတွေ၊ ပိုပြီးကလစ်နိုပ်တာတွေကို ရက်ပိုင်းအနေနဲ့ တွေ့မြင်ရဖို့ရှိပြီး ပြီးရင်တော့ နေသားအတိုင်း အရှိန်ကျသွားတာကို တွေ့ရမှာဖြစ်တယ်လို့ မှန်းဆရပါတယ်။
ဒီလိုမျိုး ခံစားချက်တွေပေါက်ကွဲပြီး လုပ်နိုင်စွမ်းတွေကုန်ခမ်းကာ ရေရှည်မှာ တော်လှန်ရေးမျှော်လင့်ချက် ပျောက်ဆုံးစေဖို့က စစ်ကောင်စီဖြစ်စေချင်တဲ့ လမ်းကြောင်းလို့ မြင်နိုင်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် ပြည်သူအများအနေနဲ့ နာကျည်းချက်ခံစားချက်ပေါက်ကွဲထွက်ရုံအဆင့်ကနေ တော်လှန်ရေးခံယူချက် တည်ဆောက်နိုင်ဖို့ အတွက် စဉ်းစားချက်တချို့ကို မျှဝေသွားပါ့မယ်။
တကယ်လို့ စာဖတ်သူအနေနဲ့ မိမိကိုယ့်ကို အပြစ်တင်စိတ် ထွက်ပေါက်ရှာဖို့အတွက် ခံစားချက်တွေ ပေါက်ကွဲတာနဲ့ပဲ ရှေ့ဆက်သွားချင်တယ်၊ တော်လှန်ရေးခံယူချက် တည်ဆောက်ဖို့အထိ ဆင်ခြင်သုံးသပ်ဖို့ မလိုသေးဘူးလို့ တွေးတယ်ဆိုရင် ဒီစာကိုကျော်ဖတ်သွားတာ ပိုကောင်းပါတယ်။
၁။ သေဆုံးခြင်းမှသည် ရှင်သန်ခြင်း
တော်လှန်ရေးခံယူချက်တည်ဆောက်ဖို့အတွက် ဘယ်ကစရမလဲဆိုရင် ရှင်သန်မှုနှင့် သေဆုံးခြင်း ကိုပြန်ပြီးဆင်ခြင်ရမှာ ဖြစ်ပါတယ်။ လူအများစုက ဘဝမှာ သေဆုံးခြင်းဆိုတဲ့အရာကို အဝေးမှာ အတင်းတွန်းပို့ပြီးတော့ ဘဝကို တည်မြဲတဲ့အသွင်ရှုမြင်လေ့ရှိပါတယ်။ သေခြင်းတရားကို မျက်ကွယ်ပြုပြီး ဘဝကို တည်တံ့တယ်လို့ ရှုမြင်ချက် အားကောင်းလာတဲ့အခါ မိမိပိုင်ဆိုင်ထားတဲ့ မိသားစု၊ ရာထူး၊ စည်းစိမ်၊ အလုပ်အကိုင်၊ ရုပ်ဝတ္ထု တွေကို ဆုပ်ကိုင်တဲ့အသွင်ကို တွန်းပို့ပါတယ်။ ဒီလိုတွန်းပို့ခံရတဲ့လူတွေကတော့ နေ့စဉ်နဲ့အမျှ ဘဝဟာ ပိတ်မိတဲ့အသွင်ဆောင်ပြီးတော့ ရှင်သန်မှုကို အချိန်အတိုင်းအတာဆိုတဲ့ အရေအတွက်နဲ့ပဲ တိုင်းတာလေ့ရှိပါတယ်။ ရှင်သန်မှုရဲ့ အဓိပ္ပာယ်၊ အနှစ်သာရဆိုတဲ့ အရည်အသွေးမပါလေတော့ အသက်ရှင်ပြီး ဘဝသေသလို ဖြစ်နေတဲ့လူတွေ၊ အပေါ်ယံ အောင်မြင်တယ်လို့ ထင်ရပေမယ့် အတွင်းမှာ ဟောင်းလောင်းပေါက် ဖြစ်နေတဲ့လူတွေ ကို မကြာခဏ တွေ့ရပါလိမ့်မယ်။
ဘဝရဲ့ စစ်မှန်တဲ့ ရှင်သန်မှုကို ရှာဖွေမယ့်သူတွေကတော့ သေခြင်းတရားနှင့် မိတ်ဆွေဖွဲ့နိုင်အောင် ကြိုးစားရပါလိမ့်မယ်။ အမှောင်ရှိမှ အလင်းကိုသိနိုင်သလိုပဲ သေခြင်းတရားကို လက်ခံနိုင်မှပဲ ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ် တွေ့မြင်နိုင်ပါတယ်။ မိမိတို့ရဲ့ ဘဝမှာ ဘာကိုတန်ဖိုးထားရမလဲ၊ မိမိတို့ တဦးချင်းစီရဲ့ ရှင်သန်မှု တန်ဖိုးကဘာလဲဆိုတာအရာက သေခြင်းတရားဆိုတဲ့ မှတ်ကျောက်နဲ့ ယှဉ်မှသာ ထွက်ပေါ်လာပါလိမ့်မယ်။
ဒီနေရာမှာ အစွန်းနှစ်ဖက်ကို ရှောင်ဖို့တော့ လိုပါလိမ့်မယ်။ သေခြင်းတရားကို လုံးဝမျက်ကွယ်ပြုထားခြင်း ကလည်း ရှင်သန်မှုကင်းမဲ့ခြင်းကို ဦးတည်မှာဖြစ်သလို တစ်ဖက်မှာလည်း သေဆုံးခြင်းရဲ့ လွှမ်းမိုးမှုအစွန်းရောက်ပြီး အရာရာကို စိတ်ပျက်အားလျော့ခြင်းကလည်း ရှင်သန်ခြင်းရဲ့ အတွင်းသဘောကို ရှာဖွေနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒီစာမှာ တိုက်တွန်းနေတာကတော့ မိမိတို့ရဲ့ ဆုပ်ကိုင်မှု၊ အသေတွေးမှု၊ ကြောက်ရွှံမှုစတာတွေကို သေဆုံးခြင်းဆိုတဲ့ ဖြေဆေးနဲ့ ကုစားပြီး ဘဝရဲ့ ရှင်သန်မှုတန်ဖိုးကို ရှာဖွေနိုင်ဖို့ ဖြစ်ပါတယ်။
၂။ ရှင်သန်ခြင်းမှသည် တော်လှန်ရေး
တော်လှန်ရေးဆိုတာ လူ့အဖွဲ့အစည်းထဲမှာ အမြစ်တွယ်နေတဲ့ အယူအဆ၊ ယဉ်ကျေးမှု၊ စနစ်တွေကို ဖြိုချပြီး လူ့ပါတ်ဝန်းကျင်အသစ်ကို ပြောင်းလဲတည်ဆောက်တာဖြစ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးရဲ့ သဘောက အသေဆုပ်ကိုင်ခြင်းနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ရှင်သန်ခြင်းအသွင်ဆောင်ပါတယ်။
တော်လှန်ရေးသမားတယောက်အနေနဲ့ကလည်း ရှင်သန်တဲ့လူတွေဖြစ်ဖို့ လိုပါတယ်။ မိမိကိုယ့်ကို အပြစ်တင်တဲ့စိတ်ကို ထွက်ပေါက်ရှာဖို့အတွက် ပါဝင်လုပ်ဆောင်တာ ၊ ခံစားချက်နဲ့ ပြန်လည်တုံ့ပြန်တာ ၊ ရွေးချယ်စရာမရှိဘူးဆိုပြီး တခုခုကို အသေဆုပ်ကိုင်တာ ၊ မဖြစ်မနေအခြေအနေမို့လို့ မပြိုလဲအောင် ကျားကန်ကန်ရတာ ဆိုတဲ့ စဉ်းစားချက်တွေက တော်လှန်ရေးသမားမဟုတ်ပါဘူး။ ဒါကတော့ မွန်းကြပ်ဖိနှိပ်မှုခံရလို့ ခုခံတွန်းလှန်တဲ့အဆင့်သာ ဖြစ်ပါတယ်။
တော်လှန်ရေးသမားတယောက်ကတော့ ရှင်သန်မှုတန်ဖိုး နားလည်တွေ့ရှိထားကြလေ့ရှိတယ်။ ဒါကြောင်မို့လို့ ဘယ်လိုပဲ ကျဉ်းထဲကြပ်ထဲရောက်ပါစေ ကိုယ်တွင်းလွတ်လပ်မှုကို ဆက်လက်ထိန်းထားနိုင်တယ်။ တော်လှန်ရေးကို ပြင်ပတွန်းအား၊ စိတ်ခံစားချက်ကြောင့်မဟုတ်ဘဲ ကိုယ်ပိုင်ရွေးချယ်မှု၊ အသိစိတ်ဓာတ် အခြေခံပြီး လုပ်နိုင်ကြပါတယ်။ ဒါကြောင့် အတွင်းမှာ ရှင်သန်လန်းဆန်းတဲ့ ဓာတ်အခံရှိမှသာ တော်လှန်ရေးကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
၃။ တော်လှန်ရေးနှင့် သေဆုံးခြင်း
တော်လှန်ရေးဆိုတာ အဟောင်းတွေကို ဖြိုချရတာဖြစ်တဲ့အတွက် သေဆုံးခြင်းဆိုတာ သဘာဝတရားနဲ့ ကင်းကွာလို့မရပါဘူး။ ဒီထဲမှာ ဒီနေ့တွေ့ရတဲ့ ရက်စက်မှု၊ သတ်ဖြတ်မှုတွေ၊ ဖမ်းဆီးနှိပ်စက်မှုတွေ စတဲ့ အနိဌာရုံတွေ များစွာလည်းပါဝင်ပါတယ်။ ဒါတွေကို ရှေ့ကဖြစ်ရပ်တွေမှာတွေ့ခဲ့ပြီးသလို နောက်လည်း အစဉ်အဆက် တွေ့သွားဖို့ရှိပါတယ်။
ဒီနေရာမှာ သေဆုံးခြင်းကို မနှစ်မြို့ဖွယ်၊ မလိုလားတဲ့အသွင် ရှုမြင်ပြီး ကြောက်ရွှံ့တုန်လှုပ်ခြင်းမဖြစ်ရလေအောင် တတ်နိုင်သမျှ ထိန်းသိမ်းဆင်ခြင်သွားဖို့ လိုပါတယ်။ ရှေ့ကပြောခဲ့တဲ့အတိုင်း သေဆုံးခြင်းကို ရှင်သန်ခြင်းအတွက် ဖြေဆေးတခုအဖြစ် အသုံးချသွားဖို့ လိုပါတယ်။
သေဆုံးခြင်းကို မြင်တဲ့အခါမှာလည်း သေဆုံးသွားတဲ့လူတွေအပေါ် စိတ်မကောင်းဖြစ်တယ် ဆိုတာထက်ကို ပိုပြီး ဒီသေဆုံးခြင်းက မိမိတို့နဲ့ နီးစပ်ပက်သက်နေကြောင်းလည်း ဆင်ခြင်နိုင်ဖို့ ကောင်းပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံတွင်းမှာ ရှိနေကြတဲ့ ပြည်သူတွေအားလုံးအနေနဲ့ နေ့ရက်တိုင်းမှာ စစ်ကောင်စီကနေ စွပ်စွဲသတ်ဖြတ်ခြင်းခံရနိုင်သလို အခြားသော ပုံစံအမျိုးမျိုးနဲ့ သေဆုံးခြင်းက မကြိုဆိုဘဲ ရောက်ရှိလာနိုင်ခြေက တခြားနိုင်ငံများထက် ပိုမိုများပြားပါတယ်။ ဒီလိုမျိုး သေခြင်းတရားကို ကြိုတင်မိတ်ဖွဲ့ထားနိုင်မှပဲ နေ့ရက်တိုင်းမှာ မိမိရှင်သန်မှုရဲ့ အမြင့်ဆုံးတန်ဖိုးကို ရှာဖွေနိုင်ပါလိမ့်မယ်။ ရှင်သန်မှုရဲ့ အမြင့်ဆုံးတန်ဖိုးဆိုတာက တော်လှန်ရေးပဲ ဖြစ်တဲ့အတွက် အဲအချိန်ကြရင် သင်က တော်လှန်ရေးသမားတယောက် ဖြစ်နေပြီး ဖြစ်ပါလိမ့်မယ်။
One Response
ဟုတ်ကဲ့ပါ ခင်ဗျာ။