Contents

အရှင်အာစရ ( 0:05:23 – 0:11:10 )

 ဦးဇင်းက မန္တလေးမြတောင်တိုက်ပေါ့နော်၊ မြတောင်တိုက်မှာ သီတင်းသုံးပါတယ် အရင်ကတော့။ အခုလောလောဆယ်တော့ ဝရမ်းပြေးဖြစ်နေတယ်ပေါ့နော်။ မန္တလေးသံဃသမဂ္ဂ ဦးဆောင်ဆရာတော်တွေထဲက တပါးပေါ့နော်။ ဒီနေ့ ဦးဇင်းအနေနဲ့ ဒီဆွေးနွှေးပွဲခေါင်းစဥ်လေးနဲ့ပက်သက်ပြီး အဖွင့်အမှာ စကားပြောရမယ်ဆိုလိုရှိရင်တော့ ခေါင်းစဥ်က ဦးဇင်းတိုရဟန်းသံဃာတော်တွေ နိုင်ငံရေးမှာ ပါဝင်သင့်သလားဆိုတဲ့ မေးခွန်းပေါ့နော်။ ဒါပေမဲ့ ပါဝင်သင့်သလားဆိုတာထက် နောက်ထပ်မေးခွန်းတခုပေါ့နော်၊ ပါဝင်သင့်သလား၊ မပါဝင်သင့်ဘူးလား ဆိုတာမျိုးပေါ့နော်။ အဲ့တာမျိုး မေးခွန်းကမပြည့်စုံဘူးလို ဦးဇင်း အဲ့လိုယူဆတာ ပေါ့နော်။ ပါဝင်သင့်သလားမေးရင် နောက်ထပ်မပါဝင်သင့်ဘူးလား၊ ထပ်ပြီးဘာကြောင့် မပါဝင်သင့်သလဲဆိုတာပါ ရှိရမှာပေါ့နော်။ အဲ့တော့ ဒီမေးခွန်းအပေါ်မှာ ဦးဇင်းအနေနဲ့က နိုင်ငံရေးဆိုတဲ့နေရာမှာ ဦးဇင်းတိုဘာသာရေးခေါင်းဆောင် ရဟန်းသံဃာတော်တွေအနေနဲ့ဆိုလိုရှိရင်တော့ ဦးဇင်းအနေနဲ့ နိုင်ငံရေးကို နှစ်မျိုးခွဲ ပြီးတော့ ပြောချင်တာပေါ့နော်။ နှစ်မျိုးကဘာလဲဆိုတော့ ဦးဇင်းတို့ ဘာသာရေးခေါင်းဆောင်တွေ အနေနဲ့ဆိုလိုရှိရင် အမျိုးသားနိုင်ငံရေးနဲ့ ပါတီနိုင်ငံရေးပေါ့နော်၊ အဲ့လိုနှစ်မျိုးခွဲ ပြီးတော့ ဦးဇင်းကတော့မြင်တယ်ပေါ့။ အမျိုးသားနိုင်ငံရေးကိုတော့ ဦးဇင်းတို့သံဃာတော်တွေအနေနဲ့ ပါဝင်သင့်တယ်။ ဘာလိုတုန်းဆိုတော့ မြတ်စွာဘုရားကိုယ်တိုင်ကလဲ ဟောထားတာရှိတယ်၊ လူသားတွေကောင်းကျိုးအတွက် ဘုရားပွင့်ခဲ့တယ် ဆိုတာမျိုးပေါ့နော်။ ဗုဒ္ဓေါ လောကေ သမုပ္ပန္နော ဟိတာယ သဗ္ဗပါဏိနံ။ လူသားတွေရဲ့ကောင်းကျိုးအတွက်ပေါ့၊ ဒါသည်လဲပဲ အမျိုးသားရေးလိုပြောလိုရတာပေါ့။ နောက်တခု ပါတီနိုင်ငံရေး ဆိုတာကကျတော့ ဦးဇင်းတို့ရဟန်းသံဃာတော်တွေနဲ့ မသက်ဆိုင်ဘူးဗျ။ ပါတီနိုင်ငံရေးဆိုတာကကျတော့ ဥပမာ မဲပေးတာတွေ နောက်ပြီးတော့ ဘယ်ပါတီကိုမဲပေးဖို၊ မပေးဖိုဆိုတာတွေရှိလာနိုင်တယ်။ အဲဒီတော့ ဒီလိုရွေးကောက်ခံတာတွေ၊ မဲပေးတာတွေ၊ အဲ့တာမျိုးတွေနဲ့ပက်သက်တဲ့ ပါတီနိုင်ငံရေးကိုကျတော့ ဦးဇင်းတိုရဟန်းသံဃာတော်တွေက မပါဝင်သင့်ဘူး ပေါ့နော်။ ဒီအမျိုးသားနိုင်ငံရေး ဆိုတဲ့ဟာမျိုးကျတော့ ပါဝင်သင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအတွက် ဦးဇင်းတို့ဘာသာရေးခေါင်းဆောင်တွေ ရဟန်းသံဃာတော်တွေအနေနဲ့ကတော့ ပါဝင်သင့်တယ်။ နောက်တခုက အမျိုးသားရေးဆိုတဲ့နေရာမှာ ဦးဇင်းအခုပြောတဲ့အမျိုးသားရေးက ဦးဇင်းတို့နိုင်ငံမှာ မဘသလိုအဖွဲအစည်းမျိုးကပြောနေတဲ့ အမျိုးသားရေးမဟုတ်ဘူး။ အမြင်ကျဥ်းတဲ့၊ ဘောင်ကျဥ်းတဲ့ အမျိုးသားရေးမဟုတ်ဘူး။ အမျိုးသားရေးဆို တဲ့နေရာမှာ ဦးဇင်းဆိုလိုတာက ဦးဇင်းတို့မြန်မာနိုင်ငံ နိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်ထားတဲ့သူ မှန်သမျှသည် ဒီနိုင်ငံသားလို့ ဦးဇင်းကခံယူတယ်။ ဒီနိုင်ငံသားမှန်သမျှရဲ့အရေးကို အမျိုးသားရေးလို ဦးဇင်းက ဖွင့်ဆိုချင်တယ်။ ဒီအတွက်ကြောင့်မလို့ ဦးဇင်းတိုရဟန်းသံဃာတော်တွေအနေနဲ့က အမျိုးသားနိုင်ငံရေးမှာ ပါဝင်သင့်တယ်။ စောစောကပြောတဲ့ ပါတီနိုင်ငံရေးပေါ့နော်၊ မဲဆွယ်စည်းရုံးတာမျိုး ရာထူးအာဏာယူ တာမျိုးပေါ့နော်။ ဘယ်ပါတီကိုမဲပေးပါ၊ ဘယ်ပါတီကိုတော့ မဲမပေးနဲ့ဆိုတာမျိုး ပါတီနိုင်ငံရေးမှာတော့ ဦးဇင်းတို လုံးဝပက်သက်ခွင့်မရှိဘူး၊ မပက်သင့်ဘူးလို ဦးဇင်းအနေနဲ့က တော့ယူဆတယ်။။ အဲ့တာကြောင့် ဒီနေ့ခေါင်းစဥ်အနေနဲ့ နိုင်ငံရေးမှာပါဝင်သင့်သလားဆိုလိုရှိရင် အမျိုးသားနိုင်ငံရေးမှာတော့ ဦးဇင်းတို့အနေနဲ့ ပါဝင်ရမှာပဲ။ ဘာလိုလဲဆိုတော့ ဘုရားဟောလဲရှိတယ်။ ပြီးတော့ သမိုင်းအဆက်ဆက်ကြည့်လိုက်လို့ရှိရင်လဲ ကိုလိုနီခေတ်ထဲက ဆရာတော်ဦးဥတ္တမတို့၊ ဦးဝိစာရတို့ဆိုတာ ကိုယ့်နိုင်ငံသူ့ကျွန်ဘဝလက်အောက်ကလွတ်အောင် ကိုယ့်အမျိုးသားတွေ၊ ကိုယ့်နိုင်ငံသားတွေကို အမျိုးသားရေးစိတ်ဓာတ်၊ သူတပါးကျွန်ပြုတာကို လက်မခံဖိုဆိုပြီးတော့မှ စပြီးတော့စည်းရုံးဟောပြောခဲ့တာ ဆရာတော်ဦးဥတ္တမပေါ့နော်။ အဲ့ဒီလိုမျိုး သမိုင်းအစဥ်အလာလဲရှိခဲ့တယ်။ အဲ့ဒီအတွက်ကြောင့်မလို ဦးဇင်းတိုအနေနဲ့ လက်ရှိအခြေအနေမှာပဲဖြစ်ဖြစ် အမျိုးသားနိုင်ငံရေးမှာတော့ ရဟန်းသံဃာတော်တွေအနေနဲ့ ပါဝင်သင့်တယ်လို ဦးဇင်းယူဆတယ်။ အဲ့တာကြောင့်မလို စောစောက Vote ပေးတဲ့နေရာမှာ ဦးဇင်းအနေနဲ့ အမျိုးသားနိုင်ငံရေးကိုဦးတည်ပြီးတော့မှ ပါဝင်သင့်တယ်ဆိုတာကို မဲပေးလိုက်တာပေါ့နော်။ အဲ့တာကြောင့် ဒီနေ့ အဓိကပြောချင်တာက အမျိုးသားနိုင်ငံရေးမှာ ရဟန်းသံဃာတော်တွေအနေနဲ့ ပါဝင်သင့်တယ်။ အခုလက်ရှိအခြေအနေဆိုလိုရှိရင် စစ်အာဏာရှင်လက်အောက်က ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး တမျိုးသားလုံးလွတ်မြောက်ဖိုအတွက် ဒီအရေးမှာလဲ ရဟန်းသံဃာတော်တွေအနေနဲ့ ပါဝင်သင့်တယ်လို ဦးဇင်းရဲ့အမြင်ကို ပြောပြခြင်းဖြစ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်နော်။

အရှင်ဝိသုဒ္ဓဝံသ (ပန်ဝါ) (0:12:00 – 0:20:00 ) ကိုယ်စားဖတ်ကြား

ဤကိစ္စကိုဆွေးနွေးမည်ဆိုက လောကကြောင်း ရာဇကြောင်း ဓမ္မကြောင်း ဘက်သုံးဘက်က ရှုမြင်သုံးသပ်ရန် လိုပါမည်။ အကြောင်းသုံးမျိုးတွင် ဓမ္မကြောင်းသည် အားအကောင်းဆုံး အခိုင်မာဆုံး ဖြစ်သည်ကိုလည်း သတိချပ်ထားရန် လိုပါသည်။ သမိုင်းကြောင်းသည် အဆိုပါအကြောင်းသုံးမျိုးတွင် အကျုံးဝင်ပြီး ဖြစ်သည်။ လောကကြောင်းအရ ရဟန်းတော်များ နိုင်ငံရေးတွင် ပါဝင်သင့်သည်ဆိုပါက သမိုင်းကို ကျေညက်ရန် ပြန်လည်သုံးသပ်ရန် လိုပါလိမ့်မည်။ မိမိအနေဖြင့် သမိုင်းကြောင်းကို ကောင်းစွာမကြေညက်ရကား စတိသဘောလောက်သာ ဆွေးနွေးပါမည်။

 မဝေးသေးသော ဒေါ်စုအစိုးရမှ ဦးသိန်းစိန်အစိုးရ ၂၀၀၇နှင့် ၈၈တို့အပြင် သာသနာရေးဝန်ကြီးဌာနပေါ်ပေါက်လာပုံ ၊ သာသနာဝင်ကဒ်ပြား ၊ သာသနာသန့်ရှင်းရေးနှင့် ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးများ ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဖွဲ့စည်းချိန်မူဝါဒ စသဖြင့် ချန်ထား၍ မရသော သင်္ခန်းစာများ တပုံတပင် ရှိသည်။ ရဟန်းတော်များတွင် ထိုသမိုင်းကြောင်းများကို ကောင်းစွာ လေ့လာသုံးသပ်ပြီးသူ ရှားလိမ့်မည်ထင်သည်။ အနော်ရထာနှင့် ရှင်အရဟံဇာတ်လမ်းကိုခင်းပြီး သမိုင်းကြောင်းအရ ပထမမြန်မာနိုင်ငံကို တည်ထောင်ကတည်းက နိုင်ငံရေးနှင့် သာသနာရေး တနည်းအားဖြင့် ရာဇာနှင့်သာသနာ တွဲဖက်တည်ထောင်ခဲ့သောကြောင့် နိုင်ငံရေးတွင် ပါဝင်သင့်သည်ဟု လွယ်လွယ်ပြောရန် သင့်မည်မထင်ပါ။ ရာဇကြောင်းအရ သာသနာတော်သန့်ရှင်းရေးကို အကြောင်းပြု၍ သူတော်ကောင်းဆရာတော်ကြီးများ ရာဇဒဏ်ထိပုံ ကိုလည်း မေ့ရန်မသင့်ပေ။ “သာသနာ ရာဇာ ပဓာနံ” ဟူသောစကားကို ယခုခေတ်တွင် တချို့သော အစုအဖွဲ့က တွင်တွင်သုံးနေကြသည်။ မြန်မာနိုင်ငံဗုဒ္ဓဘာသာ၏ ဒီဇိုင်းကာလာမှာ ထေရဝါဒကို ခိုင်ခိုင်မာမာ လက်ဆုပ်လက်ကိုင်ပြုထားသည်မှာ ထင်ရှားသည်။ ထေရဝါဒမဟုတ်သော မဟာယာန ဝဇီရာယာနတို့ကို မြန်မာပြည်တွင် ဘယ်အတိုင်းအတာအထိ လွတ်လပ်ခွင့်ပြုထားသည်ကို မသိပါ။ လွတ်လပ်ခွင့်ဆိုသည်မှာ တရားတော်များနှင့်ပတ်သက်သည့် ယူဆပြောပြောချက်များကို ဆိုလိုပါသည်။ ထေရဝါဒမူအရမူ ထေရဝါဒ အမည်ခံပြီး ထေရဝါဒပိဋကတ်နှင့် မလျော်ညီသောဟောပြောချက်များကိုမူ တစိုက်မတ်မတ် ထိန်းကွပ်ပေးနေသည်ဟု ယူဆရပါသည်။ 

လတ်တလောသာဓကမှာ အောင်လံဆရာတော်၏ ဝိနိစ္ဆယပြဿနာဖြစ်သည်။ ထိုသို့သော ဝိနိစ္ဆယများကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်ရေးအတွက် ရာဇာကိုအဘယ်မျှလိုအပ်ပါသလဲ။ ထိုမှတပါး ပါဠိပထမပြန် ဓမ္မာစရိယ တိပိဋကစာမေးပွဲများအတွက် ရာဇ၏ ပံ့ပိုးမှုအဘယ်မျှလိုအပ်ပါသလဲ။ သာသနာသမိုင်းအရ ပထမသံဂါယနာမှစ၍ ယနေ့အချိန်အထိ သာသနာကိုထိန်းသိမ်းရန် ရာဇာ၏အခန်းကဏ္ဍ မဖြစ်မနေလိုအပ်သည် ဟု တထစ်ချ မှတ်ယူနိုင်ပါသည်။ အခြားသော ဘာသာ သာသနာများကိုကြည့်လျှင်လည်း ရာဇာ၏ပံ့ပိုးမှု လိုအပ်သည်ကို ရှင်းရှင်းလင်းလင်း မြင်ပါလိမ့်မည်။ ထိုသို့ဆိုလျှင် ရာဇာ၏ ပံ့ပိုးကူညီမှုကို ရရင်ပြီးရောဟု လက်လွတ်စပါယ် ဆောင်ရွက်နေမည်လား။ စည်းတစ်ခုတော့ လိုပါလိမ့်မည်။ ထိုစည်းသည် မျှခြေမှန်မှန်ကန်ကန် ဖြစ်ရန်လိုအပ်ပါသည်။ သာသနာကား အောက် ရာဇာကား အထက်, ရာဇာကားအောက် သာသနာကားအထက် ဖြစ်နေလျှင် တိုင်းနိုင်ငံ မငြိမ်သက်ဟုယူဆနိုင်စရာ ရှိပါသည်။ ဘာသာတစ်ခုတည်းရှိလျှင်တော့ အဆင်ပြေကောင်း ပြေနိုင်ပါသည်။ ထိုစည်းကိုဥပဒေဟု ခေါ်ဆိုနိုင်ပါသည်။

ဥပဒေ၏သဘောမှာ ကျောသားရင်သား ခွဲခြားခြင်းမရှိပါ။ ဤသည်မှာ ရာဇဝတ်မှုများကို အထူးရည်ရွယ်သည်ဟု မှတ်ယူရမည်ဖြစ်သည်။ သမိုင်းကြောင်းအရ ကျေးဇူးရှိခဲ့သူများကို ကျေးဇူးပြုခြင်းသည် မင်္ဂလာဖြစ်ပါသည်။ လူသား၏အရည်အချင်းတွင် ကျေးဇူးသိခြင်းကို ထိပ်ဆုံးက ထားရပါမည်။ နောက်တစ်ချက်မှာ လူများစုအခွင့်အရေးဖြစ်သည်။ လူများစုကို ဦးစားပေးခြင်းသည် လူနည်းစုကို နှိပ်ကွပ်ခြင်းဟုမဆိုလိုပါ။ တန်းတူညီမျှမှုဟု အသံကောင်းဟစ်ပြီး နွားထီငါးကျပ် နွားမငါးကျပ်အချိုးချိုးလျှင် ထိုသို့လုပ်နေသည်ဟု ယူဆခြင်းခံရလျှင် ယနေ့ကဲ့သို့သောအခြေအနေက လွတ်မြောက်နိုင်မည် မထင်ပါ။ မဟာပါသာဏ လိုဏ်ဂူအစည်းအဝေးတွင် သီတဂူဆရာတော်ကြီးက “သာသနာတော်ဟာ ပါဠိပထမပြန်အက်ဥပဒေမရှိပဲ နိုင်ငံတော်အစိုးရရဲ့ အလွန်ရက်ရောသောသဒ္ဓါတရားဖြင့် ထောက်ပံ့လှူဒါန်းမှုကြောင့် သာသနာယန္တယား လည်ပတ်နေရတယ်”ဆိုသည့်အဓိပ္ပါယ်ရသော မိန့်ခွန်းတရပ်ကို မိန့်ကြားခဲ့ပါသည်။ 

ဒါကိုကြည့်ခြင်းအားဖြင့် အစိုးရခါးပိုက်ထဲ သာသနာ ရောက်နေသလားဆိုသည့် သံသယမေးခွန်းကို ဖြစ်စေပါသည်။ သေသေချာချာပြောနိုင်တာတခုကတော့ ရှည်လျားသော သမိုင်းကြောင်းတလျောက် သာသနာက ရာဇာကိုခြယ်လှယ်လွှမ်းမိုးနိုင်ခြင်းလည်းမရှိ၊ လွှမ်းမိုးခြယ်လှယ်လိုခြင်းလည်း မရှိခဲ့။ စိုးရိမ်သောကသာ ရှိခဲ့သည်ဟု ဆိုနိုင်ပါသည်။ ရာဇာကတော့ အာဏာရှိသောကြောင့် ခြယ်လှယ်လိုသော အစိုးရများက ခြယ်လှယ်ခဲ့ပြီး, သာသနာကိုရိုးရိုးကြည်ညိုသော ရာဇာများကတော့ ခြယ်လှယ်ခဲ့ခြင်း မရှိဟုယေဘုယျကောက်ချက်ချနိုင်ပါသည်။

ဓမ္မကြောင်းအရကတော့ ရှင်းသည်။ သာသနာတော်လမ်းစဉ်ဟာ လောကုတ္တရာလမ်းစဉ်ဖြစ်ပြီး တာဝန်မှာ ဂန္ထဓုရ(စာပေကျမ်းဂန်သင်ယူပို့ချခြင်း)၊ ဝိပဿနာဓုရ(ကမ္မဌာန်းတရားအားထုတ်ခြင်း) နှစ်မျိုးသာဖြစ်သည်။ တချို့က ဇာတကကျမ်းများနှင့် ရာဇောဝါဒသုတ်, မင်းကျင့်တရားစသည်ကို ကိုးကားပြီး ဗုဒ္ဓက နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခွင့်ပြုသယောင် ပြောဟောကြသည်။ တကယ်တမ်းမှာ ခရီးသွားဟန်လွဲ သဘောမျိုး ဟောကြားခဲ့ခြင်းသာ ဖြစ်သည်။ ဓုရနှစ်ဖြာကသာ မေဂျာဖြစ်သည်။ နိုင်ငံရေးမှာ မိုင်နာအဆင့်မျှပင် မရှိဟုပြောနိုင်သည်။ နိုင်ငံရေးတစိုက်မတ်မတ် လုပ်ကိုင်နေခြင်းကို ဂုဏ်ယူပြောဆိုနေခြင်းကို တချို့ရဟန်းတော်များအနေဖြင့် ပြန်လည်သုံးသပ်သင့်သည်။ ဗုဒ္ဓ၏ဒကာရင်း ဗိမ္ဗိသာရကို သားတော်အဇာတသတ် က အာဏာသိမ်းမှု၊ သာသနာ့ဒါယကာ ကောသလမင်းကို သားတော်ဝိဋပက အာဏာသိမ်းမှု၊ ဗုဒ္ဓ၏ ဆွေတော်မျိုးတော်၊ သကျသာကီဝင်များ လူမျိုးတုံးသတ်ဖြတ်ခံရမှု စသဖြင့် နိုင်ငံရေးအရှုပ်အထွေးများ ဗုဒ္ဓသက်တော်ထင်ရှား ရှိစဉ်ကပင် များစွာဖြစ်ပျက်ခဲ့ပါသည်။ ဗုဒ္ဓ ဘာများမိန့်တော်မူခဲ့ပါသနည်း။ ရာဇောဝါဒသုတ္တန်ကို ဟောကြားခြင်းသည် ပါမောက္ခက စာသင်ခန်းထဲ စာသင်ခြင်းမျိုးထက် မပိုပါ။ ထို့ကြောင့် ရဟန်းတော်များ၏ နိုင်ငံရေးပါဝင်ပတ်သက်မှုအတိုင်းအတာသည် ဗုဒ္ဓကဲ့သို့ ဓမ္မဓိဌာန်ကျကျ ရာဇကျင့်ဝတ်ကို ဟောကြားခြင်း၊ သကျများလူမျိုးတုံး သတ်ဖြတ်ခံရမှုတွင် “သစ်ပင်ရိပ်ထက် ဆွေမျိုးရိပ်က ပိုအေးမြတယ်” ဟု မိန့်ကြားခြင်းကဲ့သို့ အရိပ်အမြွက်မျှပြောကြားလျင် လုံလောက်ပြီဟု ယူဆနိုင်သည်။ 

သဘောမကျသောရာဇာကို ထိပ်တိုက်ရင်ဆိုင်ဆန့်ကျင်ခြင်း, သဘောကျသောရာဇာကို အလွန်အကျူး မြောက်ပင့်ပြောဆိုခြင်း ဟူသော အစွန်းနှစ်ပါးကို ရှောင်ရပါမည်။ သို့မဟုတ်ပါက နှစ်ပင်လိမ်ပါလိမ့်မည်။ နှစ်ပင်လိမ်ရုံမက သုံးပင်လိမ်ပြီဆိုပါက “သုံးလွန်းတင်တော့ ကြိုး”ဟူသော မြန်မာစကာပုံကို သတိချပ်ရန် လိုအပ်ပါလိမ့်မည်။

နိဂုံးချုပ်အားဖြင့် လတ်တလောအခြေအနေမှာ မြန်မာ့သမိုင်းတွင် မဖြစ်ဖူးသော နှစ်ပင်လိမ်မှုကြီး ထူးထူးကဲကဲ ဖြစ်နေသည်ဟု ယူဆရသည်။ ထို့ကြောင့် နိုင်ငံရေးမှာ ပါဝင်ပတ်သက်မည်ဆိုပါက “မစားရရင် အရှင်း၊ စားရမယ်ဆိုရင် ဆီထမင်း”ဆိုသကဲ့သို့ “မလုပ်ရင်လည်း မလုပ်ကြပါနဲ့ လုပ်မယ်ဆိုလည်းအမတ်ဖြစ်အောင် ဝန်ကြီးဖြစ်အောင် နောက်ဆုံး သမ္မတဖြစ်အောင်သာ လုပ်တော်မူကြပါ” ဟုသာ လျှောက်ထားလိုပါတော့သည်။

သက္ကမိုးညို ( 0:21:15 – 0:24:50)

 ဟုတ်၊ မင်္ဂလာပါခင်ဗျ။ ဆွေး‌နွေးတယ် ဆိုတာထက် ကျွန်တော့်အမြင်လေးကို နည်းနည်းလေးဝင်ပြောချင်လိုပါ။ အမှန်ကတော့ ရှေ့ကဆရာတော်တွေနဲ့ လူတွေကုန်မှ စဥ်းစားဖို့ ပေါ့လေ။ ဒါပေမဲ့ လူကကုန်သွားတော့လေ။ အဲ့တော့ သံဃာတော်တွေအနေနဲ့ နိုင်ငံရေးမှာပါဝင်ပက်သက်သင့်လားဆိုတာကို ကျွန်တော်က ပါဝင်သင့်ပါတယ်လို့ ဖြေထားတယ်ပေါ့လေ။ ဖြေထားတယ်ဆိုပေမဲ့လဲ စောစောကဆရာတော်နှစ်ပါးမိန့်သွားတာလဲ တော်တော်ကြီးကိုမှအဆင်ပြေပါတယ်။ အဆင်ပြေတယ်ဆိုတာက တော်တော်လဲ သဘောထားချင်းညီပါတယ်။

ဒါပေမဲ့ ကျွန်တော် ဒါကိုပဲ ပြန်ပြီးကာမှ တခြားသောနည်းနဲ့ပြန်ပြောတဲ့သဘောလို အောက်မေ့ကြပါ။ ဘာလိုလဲဆိုတော့ သံဃာတော်တွေ  နိုင်ငံရေးမှာ ပါဝင်တယ်ဆိုတာ စောစောကဆရာတော်ကတော့ ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေးဆိုပြီးတော့ မိန့်သွားတာပေါ့လေ။ နောက်တခုက ရာဇအကြောင်း၊ ဓမ္မအကြောင်း ဒီလိုလဲပြောသွားကြတာရှိတယ်။ ရှိတော့ ကျွန်တော့်အနေနဲ့ကျတော့ ဘယ်လိုများ Defination ဖွင့်မလဲပေါ့။ ကျွန်တော်က အမြဲတမ်း အဲ့လိုမျိုးပေါ့နော်၊ ဖွင့်ဆိုချက်ကိုအရင်စဥ်းစားရပါတယ်။ ဘာလို့ဆိုတော့ ဖွင့်ဆိုချက်ပြတ်သားမှသာလျှင် ကျွန်တော်တိုက ပြောရတာပိုပြီးကာမှ Grey Area ကို ပြန်ပြီးဖြတ်လိုရမှာကိုး။ နိုမိုဆိုလိုရှိရင် ကျွန်တော်တိုက အဖြူနဲ့အမဲ နှစ်ခုလိုဖြစ်နေတယ်။ ပါကွာ၊ မပါကွာဆိုတာမျိုး တော်တော်ကြီး ခုနကပြောသလို Clear မဖြစ်ဘူးပေါ့နော်။ ဘယ်ဟာမျိုးကျပါ၊ ဘယ်ဟာမျိုးကျမပါနဲ့ဆိုတာမျိုး ဖြစ်သွားမှာစိုးလိုပါ။ အဲ့တော့ ကျွန်တော်တွေးမိတာကလဲ ဘုရားရှင်လက်ထပ်မှာတောင် ဘုရားရှင်လဲ နိုင်ငံရေးမှာပါခဲ့တာပဲ။ ပါခဲ့တယ်ဆိုပေမဲ့ ဘယ်လိုမျိုးအနေအထားမှာပါခဲ့သလဲဆိုပြီး ပြန်ကြည့်လိုရတာပေါ့။ စောစောက ဆရာတော်မိန့်သွားသလိုပဲ ရောဟနီမြစ်မှာ ဘုရားရှင်ကနေဝင်ပြီးကာမှ တားမြစ်တယ်ပေါ့နော်။ တားမြစ်တယ် ဆိုတာ ဆွေမျိုးရိပ်ကအေးချမ်းဆိုတာမျိုး တားမြစ်တာရှိတယ်။ နောက်တခုက ဝေသာလီပြည်မှာဝင်ပြီးတော့ ပရိတ်ရွတ်ပေးတယ်ဆိုတာမျိုးရှိတယ်ပေါ့နော်။ အဲ့တော့ ပြန်တွေးမယ်ဆိုလိုရှိရင် ဘုရားရှင်က နိုင်ငံရေးမှာ ပါတော့ပါခဲ့တာပဲ။ သို့သော်လည်း ဘယ်လိုထိပါလဲဆိုတော့ ဓမ္မ၊ အဓမ္မပေါ့နော်၊ အဲ့လိုမျိုး ဓမ္မ၊ အဓမ္မလမ်းကြောင်း တိမ်းစောင်းသွားမဲ့အနေအထားမျိုးမှာပဲ ဝင်ပါတာမျိုးရှိမယ်။ ဘုရင်တွေနဲ့ စောစောကပြောတဲ့ ရာဇာ‌တွေနဲ့ ထွေးရောယှက်တင်ပြီးကာမှ တိုးတက်ကြောင်း၊ ကြီးပွားကြောင်းတော့ လုပ်တာမျိုးမရှိဘူး။ အဲ့လိုပဲတွေးမိပါတယ်။ အဲ့လောက်ပါပဲ အများကြီးတော့မပြောပါဘူး။ ကျွန်တော်တွေးမိတာက စောစောက ဆရာတော်တွေ မိန့်သွားတဲ့အတိုင်းပါပဲ၊ ပါတီနိုင်ငံ ရေးအနေနဲ့ တောက်လျှောက်ကြီးဝင်ပါတာထက် လောကဓမ္မကို တိမ်းစောင်းသွားမယ့် အနေအထားမျိုးမရှိဘူးဆိုရင်တော့ မပါသင့်ဘူးဆိုတာမျိုးတွေးမိပါတယ်။ ကျေးဇူးပါ။

အရှင်သရဏ ( 0:25:25 – 0:38:00)

 မင်္ဂလာပါ။ အရှင်ဘုရား တပည့်တော်က မြန်မာနိုင်ငံသားလည်း မဟုတ်ပါဘူး၊ မြန်မာနိုင်မှာ မိသားစုလဲမဟုတ်ပါဘူး၊ မြန်မာနိုင်ငံနဲ့ ပိုက်ဆံ၊ စီးပွားရေး ဘယ်ဟာမဆို ဘာဆိုဘာမှအဆက်အသွယ်မရှိပါဘူး။ အဲ့တာကြောင့် မြန်မာနိုင်ငံမှာ သံဃာတော်တွေဘယ်ဟာလုပ်သင့်တယ်၊ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ မြန်မာနိုင်ငံမှာ ပြည်သူပြည်သားတွေရဲ့ချမ်းသာမှု၊ သာသနာတော်နဲ့ ဘာသာရေးကိစ္စတွေကို အရှင်ဘုရားတို့ပဲ ဆုံးဖြတ်မှအဆင်ပြေမှာပါ။ 

တပည့်တော်ကတော့ အကြမ်းအားဖြင့် ရဟန်းတွေက နိုင်ငံရေးမှာပါဝင်သင့်လား၊ မပါဝင်သင့်ဘူးလားဆိုတဲ့ကိစ္စမှာ အမြင်ကိုပြောရမယ်ဆိုလိုရှိရင်တော့ တပည့်တော်ကတော့ စာပေကြည့်လိုက် မယ်ဆိုရင် ပိုပြီးသဘောကျပါတယ်။ အဲ့တော့ စာပေမှာမြတ်စွာဘုရားက နိုင်ငံရေးမှာ ပါဝင်ပါသလားလို ပထမမေးသင့်တယ်၊ ပြီးတော့ စာပေမှာပါဝင်ပါသလားလို ပြန်မေးသင့်တယ် ပေါ့နော်။ အဲ့တော့ မြတ်စွာဘုရားက ပါဝင်တယ်၊ ရဟန်းတာတွေကလဲပါဝင်တယ်ဆိုရင် အဲဒီမှာ မေးခွန်းတွေပေါ်ပေါက်ရမယ်။ ဟုတ်ပါပြီ ဒါဆိုရင် မြတ်စွာဘုရားက နိုင်ငံရေးမှာ ဘယ်လိုပါဝင်ပါသလဲ၊ ရဟန္တာတွေက ဘယ်လိုပါဝင်ပါသလဲ။ အဲ့တော့ မြတ်စွာဘုရားနဲ့ရဟန္တာတွေက တပည့်တော်တို့အတွက် အတုယူစရာဖြစ်ရမယ်။ ရဟန္တာတွေက တချို့ကိစ္စတွေ မလုပ်ဘူးဆိုရင် တပည့်တော်တို့လည်း မလုပ်သင့်ပါဘူး။ မြတ်စွာဘုရားကမလုပ်ဘူးဆိုရင် တပည့်တော်တို့လည်း မလုပ်သင့်ပါဘူး။ တပည့်တော်အတွက်တော့ မြတ်စွာဘုရားနဲ့ ရဟန္တာတွေက အတုယူစရာတွေဖြစ်နေတယ်။ အဲ့တာကြောင့် တပည့်တော်က သူတို့ကမိန့်တဲ့အတိုင်းလုပ်ချင်တယ်။ သူတိုလုပ်တဲ့အတိုင်း လုပ်ချင်တယ်။ မြတ်စွာဘုရားက စစ်ပွဲတိုက်တဲ့အခါမှာ မြတ်စွာဘုရားက စစ်ပွဲတိုက်ခြင်း မဖြစ်အောင် ကြိုးစားတော်မူပါတယ်။ တခါတလေ အောင်မြင်တယ်၊ တခါတလေ မအောင်မြင်ဘူး။ တခါတလေ မြတ်စွာဘုရားက စစ်ပွဲကိုရပ်အောင်ကြိုးစားတယ်၊ မအောင်ဘူး ရှုံးတယ်။ တပည့်တော်တို့က အဖြစ်အပျက်ကို ဖြစ်တဲ့အတိုင်း လက်ခံရမယ်။ လက်မခံဘူးဆိုလို့ရှိရင် ဘာမှမအောင်မြင်ဘူး ဒီဘဝမှာ။ လောကမှာ တပည့်တော်တို့က အမှန်အတိုင်းလက်ခံရမယ်။ အဲ့တော့ မြတ်စွာဘုရား တခါတလေရှုံးတယ်။ အရှင်ဘုရားတို့ အကုန်လုံး သိပါတယ်။ လက်ခံဖို့ပဲ လိုသေးတယ်။ ဒါပေမဲ့ ဒါက ဒီမှာအရေးမကြီးပါဘူး။ အရေးကြီးတာက မြတ်စွာဘုရားက ကြိုးစားတယ်။ မြတ်စွာဘုရား ကြိုးစားတယ်ဆိုရင် အဲ့ကြိုးစားမှုက ကောင်းတယ်။ တပည့်တော်ကထင်တယ် တပည့်တော်တို့ ကြိုးစားရမယ်။ 

ဒါပေမယ့် စစ်ပွဲတွေ ရပ်တဲ့ကိစ္စ မစသေးခင် အဲ့ဒီအချက်အလက်တွေ လေ့လာလို့ကောင်းလား၊ အဖြစ်ပျက်တွေ သိသင့်လား တပည့်တော်တို့က သတင်းစာ ဖတ်သင့်လားဆိုတာ ပထမမေးရမယ်။ တပည့်တော်တို့က ပါရာဇိကဏ် ပါဠိတော် မှာ မြတ်စွာဘုရားက ရှင်မောဂ္ဂလာန်မထေရ်ကြီးက အဲ့လိုစစ်ပွဲနဲ့ ပါတ်သတ်ပြီး စကားတွေပြောတယ်။ ဗိမ္ဗိသာရမင်းကြီးက ဦးဇင်းထင်တယ် ဝဇ္ဇီမင်းတွေနဲ့ ထင်တယ် စစ်ပွဲတိုက်ရတာ။ ဝဇ္ဇီမင်းတွေနဲ့ စစ်ပွဲတိုက်လိုက်တော့ တခါရှုံးတယ်။ အဲ့တော့ နောက်တခါ တိုက်လိုက်ပြီးတော့ နိုင်တယ်။ အဲ့ဒီကိစ္စကို ရဟန်းတွေက ဆွေးနွေးကြတယ်။ ဒါဆို ဗိမ္ဗိသာရမင်းကြီးက စစ်ပွဲမှာရှုံးတယ်၊ ပြီးတော့ ရှင်မောဂ္ဂလာန်မထေရ်ကြီးက လာပြီးတော့ မဟုတ်ပါဘူး နိုင်တယ်။ ဗိမ္ဗိသာရမင်းကြီးက စစ်ပွဲနိုင်တယ် ဆိုပြီးတော့ ပြောတယ် အဲ့တော့ ရဟန်းတွေက မကျေနပ်ဘူး။ ရှင်မောဂ္ဂလာန်က နိုင်ငံရေးပြောတဲ့အတွက် မကျေနပ်တာ မဟုတ်ဘူး။ ရှင်မောဂ္ဂလာန်က ဘယ်လိုသိလဲ ဆိုပြီးတော့ သူတို့က အံ့ဩကြတယ်ပေါ့။ ဪ ရှင်မောဂ္ဂလာန်က ဥတ္တရမနုဿဓမ္မ ဆိုတဲ့ ဈာန်တွေ၊ အဘိဉာဏ်တွေ ယောင်ဆောင်ပါသလားဆိုပြီး သူတို့တွေက အဲ့ဒီဟာကို ဆိုလိုတာ။ နိုင်ငံရေးပြောတယ်ဆိုတာက ဘာကိစ္စမှ မရှိပါဘူး။ အဲ့တော့ ဒီရဟန်းတွေက မြတ်စွာဘုရားဆီ သွားပြီးတော့ ‘အရှင်ဘုရား ရှင်မောဂ္ဂလာန်က ပြောတယ် ဗိမ္ဗိသာရမင်းကြီးက စစ်ပွဲနိုင်တယ်တဲ့ ဒါပေမယ့် တပည့်တော်တို့ အကုန်လုံးသိတယ် ဗိမ္ဗိသာရမင်းကြီးက စစ်ပွဲရှုံးတယ်’တဲ့။ အဲ့တော့ မြတ်စွာဘုရားက ဘာတွေမိန့်တာလဲ ‘ဟာ သင်တို့ရဟန်းတွေက နိုင်ငံရေးမပြောရဘူးလေ’ ဆိုပြီးတော့ မြတ်စွာဘုရားက မိန့်ထားလား။ မမိန့်ထားဘူးပေါ့။ ပြောင်းပြန်။ မြတ်စွာဘုရားကိုယ်တိုင်က နိုင်ငံရေးပြောဖြစ်တယ်။ ဟုတ်ပြီ ဒါဆို ဗိမ္ဗိသာရမင်းကြီးက တခါရှုံးသွားတယ် ပြီးတော့ သူ့ရဲ့စစ်သားတွေကို ပြန်စုထားလိုက်ပြီးတော့ နောက်တခါ တိုက်တဲ့အခါ နိုင်တယ်။ အရှင်မောဂ္ဂလာန်က မှန်တယ် အာပတ် မသင့်ဘူး။ အဲ့တော့ နိုင်ငံရေး မပြောတော့နဲ့ဆိုပြီး မပါဘူး။ ရဟန်းတွေလည်း နိုင်ငံရေးပြောတယ်။ ရှင်မောဂ္ဂလာန်လည်း နိုင်ငံရေးပြောတယ်။ မြတ်စွာဘုရားလည်း နိုင်ငံရေးပြောတယ်။ ဆိုတော့ အဲ့ဒီဟာကို ဉီးဇင်းတို့လည်း လက်ခံရမယ်။ စာပေအတိုင်း လက်ခံမယ်။ တခြားဟာကို အရှင်သရဏ က စိတ်မဝင်စားဘူး။ စာပေနဲ့ ညီလား မညီဘူးဆိုရင် စိတ်မဝင်စားဘူး။ ဒါက ဉီးဇင်းမကြိုက်ဘူး။ အဲ့တော့ ဟုတ်ပါပြီ ရဟန်းတွေက အဖြစ်အပျက်ကိုသိတယ်၊ သိခဲ့တယ် လုံးဝအဆင်ပြေပါတယ်။ 

ဒါကြောင့် တပည့်တော်တို့က သတင်းစာဖတ်လို့ ရပါတယ်၊ ကိစ္စအချက်အလက်ကို သိလို့ကောင်းပါတယ်။ မသိချင်ရင်လည်း ရတယ်။ သိချင်ရင်လည်း ရတယ်။ တရားအားထုတ်မယ်ဆိုရင်တော့ မရဘူးပေါ့ ကိုယ့်အာရုံ ကိုယ်စိုက်ရမယ်။ ဒါပေမဲ့ တရားအားမထုတ်တဲ့ ကိစ္စမှာ တရားအားမထုတ်တဲ့ အခြေအနေမှာ၊ ကျောင်းကိုတာဝန်ယူတဲ့ အခါမှာ၊ ကိုရင်တွေကိုဖြစ်စေ၊ တပည့်တွေကိုဖြစ်စေ၊ တရားစခန်း၊ တရားရိပ်သာကို တာဝန်ယူတဲ့အခါ ဖြစ်စေ အချက်အလက်တွေ သိရမယ်။ မသိဘဲ ဘယ်လိုလုပ်မလဲပေါ့။ ဆိုတော့ အဲ့ဒီဟာ သိလိုက်ပြီးတော့ နိုင်ငံတဝှမ်းမှာ ဥပဒေချထားတယ်၊ ဒီမှာ အန္တရာယ်ဖြစ်နေတယ် ဒီတော့ ကိုယ့်ကျောင်းကို စီစဉ်လို့ ရပါတယ်။ တပည့်တော်တို့က မဖြစ်မနေ အဲ့ဒီအခြေအနေကို သိရမယ်။ တပည့်တော်တို့ တာဝန်ယူတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ မဖြစ်မနေ လုပ်ရမယ်။ တပည့်တော်ကလည်း  ကျောင်းကိုတာဝန်ယူနေတဲ့ ပုဂ္ဂိုလ်အနေနဲ့ မဖြစ်မနေ သိရမယ်၊ နားလည်ရမယ်၊ သဘောပေါက်ရမယ်။ ဒါက ပထမအခြေခံ  သတင်းစာဖတ်ရမယ်၊ အချက်အလက်ကို သိရမယ်။ 

ဒါဆို ပြီးတော့ ဘာတွေလုပ်ရမလဲ။ ဟုတ်ပြီ မြတ်စွာဘုရားက စစ်ပွဲမတိုက်အောင် ကြိုးစားအားထုတ် ခဲ့ပါတယ်။ တခါတလေ အောင်မြင်တယ်၊ တခါတလေ ရှုံးတယ်။ တပည့်တော်တို့ကလည်း ကြိုးစားရမယ်။ ရဟန်းတွေက စစ်ပွဲမတိုက်အောင် ကြိုးစားရမယ်ဆိုတာ မြတ်စွာဘုရား အမိန့်တော်ရှိတယ်။ သက်သက်ရှိတယ်။ သတိထားရမယ် စာပေမှာ ရှိပါတယ်။ အဋ္ဌကထာ တွေမှာ မဟုတ်ဘူး မူရင်းစာပေတွေမှာ ရှိပါတယ်။ ဘယ်မှာလဲ သိင်္ဂါလောဝါဒသုတ်  မှာပေါ့။ ဒါဆို ရဟန်းတွေက ဒါယကာ၊ ဒါယိကာမတွေကို သင့်တော်တာဘာလဲ၊ သင့်တော်တာလုပ်ဖို့ နှိုးဆော်ပေးရမယ်။ မသင့်တော်တာ မလုပ်အောင် နှိုးဆော်ပေးရမယ်။ မေတ္တာပို့ပေးရမယ်။ သူတို့ကြားဖူးတဲ့ တရားဓမ္မကို၊ အမှန်တရားဓမ္မကို ပြန်သေချာမှတ်မိအောင် ထပ်ဟောရမယ်။ မကြားဖူးတဲ့ အမှန်တရားဓမ္မကို ဟောပေးရမယ်။ ပြီးတော့ သဂ္ဂဿ မဂ္ဂံ အာစိက္ခတိ။ နတ်ပြည်ကို လမ်းပြရမယ်။ ဉီးဇင်းတို့ရဟန်းတွေရဲ့ တာဝန်ဟာ ဒါယကာ၊ ဒါယိကာမတွေကို သင့်တော်တာလုပ်ဖို့ နှိုးဆော်ပေးရမယ်။ မသင့်တော်တာမလုပ်ဖို့ နှိုးဆော်ပေးရမယ်။ အဲ့တာကြောင့် ရဟန်းတွေက မဖြစ်မနေ စစ်ပွဲဖြစ်တဲ့အခါမှာ စစ်ပွဲမတိုက်အောင် ကြိုးစားပေးလို့ရမယ်ဆိုရင်၊ ကြိုးစားတတ်တယ်ဆိုရင်၊ ပြောစရာရှိတယ်ဆိုရင် မြတ်စွာဘုရားတဲ့ တရားတော်နဲ့အညီ မဖြစ်မနေ ပြောရမယ်။ ဒါတပည့်တော်တို့ရဲ့တာဝန်။ 

ရဟန်းတွေ ဒါမလုပ်ရဘူးဆိုရင် မြတ်စွာဘုရားကို ဖယ်တာဖြစ်သွားပြီ။ ဒါယိကာ၊ ဒါယိကာမတွေက အချင်းချင်း သတ်ဖြတ်တဲ့အခါမှာ၊ ပစ္စည်းတွေ ခိုးကြတဲ့အခါမှာ ရဟန်းတွေရဲ့တာဝန် အဲ့ဒီ ဒါယကာ၊ ဒါယိကာမတွေကို မခိုးနဲ့ မသတ်နဲ့ ပြောရမယ်။ ဦးဇင်းတွေရဲ့ သက်သက်တာဝန်။ ဒီတာဝန် မလုပ်ချင်ဘူးဆိုရင် ကိစ္စမရှိပါဘူး။ ဒါ မြတ်စွာဘုရား ချထားပေးတဲ့ တာဝန်ကိုမလုပ်တာဘဲ ဖြစ်နေတယ်။ ဒါပေမဲ့ ဒီတာဝန်ကို ရဟန်းတွေက မလုပ်ရဘူးဆိုတာကို ပြောမယ်ဆိုရင်တော့ အဲ့တာမှာ မိစ္ဆာဒိဋ္ဌိ ဖြစ်သွားပြီ။ အဆင်မပြေတော့ဘူး။ မဖြစ်မနေ ရဟန်းတွေက မသင့်တော်တာ မလုပ်အောင် နှိုးဆော်ပေးရမယ်၊ ဆုံးမပေးရမယ်၊ သင့်တော်တာလုပ်အောင် နှိုးဆော်ပေးရမယ်။ ဒါကြောင့် ဘုရင်မင်းကြီးတွေကို၊ အစိုးရတွေကိုလည်း မြတ်စွာဘုရားက ချပေးထားတဲ့ ဘုရင်မင်းကြီးလိုက်နာရမဲ့ အချက်(၁၀)ချက်တွေကို ဟောပေးရမယ်၊ နှိုးဆော်ပေးရမယ်၊ ရှင်းပြပေးရမယ်။ အဲ့တော့ စစ်ပွဲဖြစ်တဲ့ အခါမှာ၊ နိုင်ငံရေး ဖြစ်တဲ့အခါမှာလည်း တရားဓမ္မနဲ့မညီတဲ့ ဆုံးဖြတ်ချက် ဖြစ်တဲ့အခါမှာ ရဟန်းတွေက ပြောသင့်ပါတယ်။ ပါတီတွေ လုပ်ဖို့တော့ သိပ်အဆင်မပြေလောက်ပါဘူး။ စီးပွားရေးကိစ္စတွေလည်း သိပ်အဆင်မပြေပါဘူး။ တချို့ပါတီတွေက သီလ(၅)ပါး ကျူးလွန်တယ်။ တချို့ပါတီတွေက မကျူးလွန်ဘူး ဆိုရင် မဖြစ်မနေ ကျူးလွန်တဲ့ပါတီတွေကို ဆုံးမရမယ် ဒါမှားတယ်။ မကျူးလွန်တဲ့ ပါတီတွေကို နှိုးဆော်ပေးရမယ် ဟုတ်ပြီ ဒါမှန်တယ်။ အမှန်တရားက ပါတီတိုင်းမှာ တခါတလေ အခက်အခဲရှိမယ်။ ထားပါတော့ ဟိုပါတီက အရက်သောက်တယ် လူတွေကိုမသတ်ဖြတ်ဘူး။ ကောင်းပါတယ် လူတွေကို မသတ်လို့ကောင်းပါတယ်။ ဒါပေမဲ့ မရက်မသောက်ဖို့ကို နှိုးဆော်ပေးရမယ်။ ဒီပါတီက လူတွေကို သတ်ဖြတ်တယ် အရက်မသောက်ဘူး။ အရက်မသောက်တာ ကောင်းပါတယ် ဒါပေမဲ့လည်း ဉီးဇင်းတို့က လူတွေကို မသတ်ဖို့နှိုးဆော်ပေးရမယ်။ ရဟန်းတွေက စာပေနဲ့အညီ ကြည့်လိုက်မယ် ဆိုရင် မဖြစ်မနေ နိုင်ငံရေးမှာ စကားပြောရမယ်။ မဖြစ်မနေ ကျောင်းကိုတာဝန်ရှိတယ် ဆိုရင် အခြေအနေကို သိရမယ်။ စစ်ပွဲတွေတိုက်နေကြတဲ့ အခါမှာ မတိုက်အောင်၊ ငြိမ်းချမ်းမှုရှိအောင် အပတ်တကုတ် ကြိုးစားရမယ်။ 

ကိုရဲထက် ( 00.39.12 – 00.46.38)

  တခြားလူတွေစောင့်ရင်းနဲ့ပေါ့လေ ကျွန်တော်နည်းနည်းလေး အရှေ့က အရှင်ဘုရားတို့ ဆွေးနွေးခဲ့တာကို နားထောင်ရင်းနဲ့ပေါ့နော် စိတ်ကူးရတာလေးကို အရင်လျှောက်ထား ချင်ပါတယ်။ ဒီနေ့ စကားဝိုင်းကတော့ ‘သံဃာများ နိုင်ငံရေးတွင် ပါဝင်သင့်သလား’ ပေါ့။ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး မြန်မာ့သမိုင်းမှာလည်း တော်တော်ကို ဆွေးနွေးခဲ့ကြတယ်ပေါ့နော်။ ဒီနေရာမှာ အခုဆွေးနွေးခဲ့သလောက်မှာလည်း ‘နိုင်ငံရေး’ ဆိုတဲ့ဟာကို တော်တော်တိတိကျကျ အဓိပ္ပါယ်ဖွင့်ဖို့ ခက်နေတာပေါ့နော်။ ကျွန်တော်တို့မှာ ‘နိုင်ငံရေး’ ဆိုတာကို ‘နိုင်ငံ့အရေး’ လို့ဖွင့်လိုက်မယ်ဆိုရင် ဒါ.. လူတိုင်းနဲ့ ဆိုင်တာပေါ့။ ပြောကြတာရှိတယ် ဥပမာ ဆရာမတယောက်က ကျောင်းမှာစာသင်တာလည်း နိုင်ငံရေးလို့ ပြောရမှာပဲပေါ့လေ။ ဒါနိုင်ငံအရေး ဒီကျောင်းသားတွေက တချိန်မှာ ပညာတတ်လာရင်  နိုင်ငံအရေးကို ထမ်းဆောင်မှာပဲ ဆိုတော့ ဒါလည်း နိုင်ငံအရေး တခုပဲပေါ့နော်။ ဒါမဲ့ အခုကျွန်တော်တို့ ‘နိုင်ငံရေး’ ကိုပိုပြီးတော့ မြင်သာအောင် ဖွင့်ဆိုကြည့်ရမယ် ဆိုရင်တော့ မှန်တယ် ဒီလူမှုရေး၊ တခြားလူမှုဝန်းကျင်မှာဖြစ်တဲ့ တခြားအဖြစ်အပျက်တွေ အကုန်လုံးပေါ့ ပညာရေး၊ ကျန်းမာရေး ဒါတွေကလည်း နိုင်ငံ့ရေးထဲက ကိစ္စတခုပဲပေါ့။ ဒါမဲ့ ဒီနေရာမှာ ‘နိုင်ငံ့အရေး’ ကိုပိုပြီးတော့ တိတိကျကျ ဖြစ်ရင်တော့ နိုင်ငံ့အာဏာစက်ပေါ့နော် နိုင်ငံရေးအာဏာစက်ပေါ့။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး ဒီအာဏာစက်တွေမျာ ပါဝင်တဲ့သူတွေနဲ့ ဒီဘာသာရေးနဲ့က ဘယ်လောက် ယှက်နွယ်နေလဲပေါ့ ကျေးဇူးပြု၊ ကျေးဇူးခံပြီး ဘယ်လောက်ထိ ယှက်နွယ်နေလဲ ဘယ်လောက် တိုက်ရိုက်ပေါ့နော် အုပ်ချုပ်သူတွေရဲ့ တည်ရှိမှုကရော ဘာသာရေးရဲ့ အကျိုးကျေးဇူးကို ဘယ်လောက်ယူလဲ။ ပြီးတော့ ဘာသာရေးဘက်ကရော ဒီအုပ်ချုပ်ခံတွေ၊ အုပ်ချုပ်သူ ‘ရာဇာ’ တွေဆီကနေ အထောက်အပံ့ ဘယ်လောက်ထိ တိုက်ရိုက် ရယူလဲပေါ့နော်။ အဲ့ဒီအချက်က အဓိကဆွေးနွေးလိုတဲ့ အကြောင်းလို့ မြင်တယ်ပေါ့လေ။ ဒီမှာလည်း ခုနကဆွေးနွေးတဲ့ထဲမှာလည်း ပါတီနိုင်ငံရေးက မကောင်းဘူးပေါ့နော်၊ ပါတီနိုင်ငံရေးဆိုတာ ပါတီတခုခုကို ဉီးတည်တဲ့ နိုင်ငံရေးက မကောင်းဘူး ‘အမျိုးသားနိုင်ငံရေး’ လို့ပြောတယ်။ ဒါပေမဲ့ ‘အမျိုးသားနိုင်ငံရေး’ ဆိုတာကလည်း ထပ်ပြီးရှင်းရအုံးမယ် ထင်တယ်ပေါ့နော်။ 

ဘာလို့လဲဆိုတော့  ဗုဒ္ဓရဲ့ဓမ္မကကျတော့ အမျိုးသားဆိုတဲ့ နိုင်ငံတခုခု၊ ဒါမှမဟုတ် လူမျိုးတခုခုကိုပဲ ဉီးတည်တာမျိုး မဟုတ်တော့ သူကလူသားတိုင်း ကျင့်ကြံလို့ရတဲ့ တရားဖြစ်တယ်ပေါ့လေ။ ဆိုတော့ ဒီတိုင်းပြည်မှာရှိမှ၊ ဒီလူမျိုးဖြစ်မှ၊ ဒီမှတ်ပုံတင်ရှိမှ ဒီလိုမျိုး တားမြစ်လို့ရတဲ့ အုပ်စုပေါ်မှာ အခြေခံတဲ့ဟာမျိုး မဟုတ်ဘူး။ ဗုဒ္ဓဓမ္မကကြတော့ လွတ်မြောက်မှု၊ ကျင့်ကြံမှုနဲ့ အမှန်တရား သိမြင်မှုမှာပဲ အခြေခံတာဆိုတော့ အမျိုးသားနိုင်ငံရေးမှာ ပါဝင်သင့်တယ်ဆိုတာလည်း ဒါကိုထပ်ပြီးတော့ ‘အမျိုးသားနိုင်ငံရေး’ ဆိုတာ ဘာလဲထပ်ရှင်းဖို့လိုတယ်။ ဒီနေရာမှာ ဘာကြောင့် ဒါကိုထပ်ပြောရလဲဆိုရင် လက်ရှိပေါ့နော် ကျွန်တော်တို့က အာဏာသိမ်းမှုတို့၊ စစ်အာဏာရှင်တို့ ဒါတွေကို ပြောတဲ့အခါမှာ ကျွန်တော်တို့ကတော့ ဒီအာဏာသိမ်းမှုတွေ၊ အာဏာရှင်စနစ်တွေကို အကုန်လုံးကို မရှိစေချင်ဘူး ငြိမ်းချမ်းစေချင်တယ် ဒီတိုင်းပြည်ကို ဒီနေရာမှာ အကုန်လုံးကလည်း ဒီလိုမျိုး ဖြစ်ချင်ကြမယ်ပေါ့နော်။ ဒါပေမယ့် ဒီနေရာမှာ အုပ်ချုပ်သူမင်းတွေ ဒီလူတွေကိုပြောင်းလိုက်ရင် ဖြစ်သွားမလားပေါ့နော်။ ဒီမှာလည်း တချို့ကြည့်ကြတယ်ပေါ့ မင်းအောင်လှိုင်ဖြစ်ဖြစ် ဒီသူတွေမရှိတော့ရင်၊ ဒါမှမဟုတ် သူတို့တွေ ကျရှုံးသွားရင် အဆင်ပြေမလားပေါ့နော်၊ ဒီလိုမျိုး အများစုက တွေးကြတာပေါ့။ 

ဒါပေမယ့် တကယ်တမ်း တပည့်တော် အမြင်ကို ပြောရမယ်ဆိုရင် လက်ရှိစစ်အာဏာရှင်စနစ်ကို အများကြီး အထောက်အကူပြုထားတဲ့ အရာတွေထဲမှာ အဓိကကျတာတော့ အမျိုးသားရေး ဗုဒ္ဓဘာသာလို့ ပြောရမယ့်အရာပဲပေါ့နော်။ ဘာလို့ဆို စစ်တပ်က ဒါကိုအများကြီး အသုံးချနေတယ် ။ ဒီဟာကို  ကိုင်ထားတယ်။ ဆိုတော့ ဒီဟာကိုလည်း ရှင်းရှင်းလင်းလင်း ဆွေးနွေးပေးစေချင်တယ်ပေါ့နော်။ ခုနက ပြောတဲ့ အမျိုးသားနိုင်ငံရေးနဲ့ ဒီဘက်က ‘အမျိုးသားရေး’၊ ‘ဗုဒ္ဓဘာသာ’ နှစ်ခုမှာလည်း ဘယ်လိုရှင်းလင်းနိုင်လဲ။ လက်ရှိကတော့ တပည့်တော်အမြင်ကိုပဲ ပြောတာပေါ့။ တပည့်တော်အမြင်က ဗုဒ္ဓဘာသာက တကယ်ဆိုရင်တော့ ဗုဒ္ဓဓမ္မက အဖြေဖြစ်ရမှာ ဒီလူသားတွေရဲ့ ငြိမ်းချမ်းမှု၊ အမှန်တရား သိမြင်မှုအတွက် အဖြေဖြစ်ရမှာ၊ ဖြေဆေးလိုမျိုး ဖြစ်ရမှာ ဒီလိုမျိုးအခြေအနေမှာ။ ဒါမဲ့ လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့လက်ရှိ ဗုဒ္ဓဘာသာ ကျင့်ကြံမှုက အာဏာရှင်စနစ်အတွက် အထောက်အပံ့ဖြစ်တယ်၊ အကြောင်းရင်းခံ တခုလို့ဖြစ်တယ်ပေါ့နော်။ ကျွန်တော်တို့က စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းစေချင်တယ်လို့ ပြောတဲ့အခါမှာ သူရဲ့အကြောင်းအရင်းကိုလည်းပဲ ဒါ.. ဗုဒ္ဓဓမ္မရဲ့အယူအဆပေါ့နော် အကြောင်းအရင်းကိုသိမှ တပည့်တော်က ပယ်လို့ရမှာကိုး။ ဆိုတော့ အကြောင်းအရင်းခံထဲမှာ ဗုဒ္ဓဓမ္မကို ကျင့်သုံးတဲ့ပုံစံပေါ့ မြန်မာနိုင်ငံမှာလည်း ဗုဒ္ဓဓမ္မကိုကျင့်သုံးတဲ့ ပုံစံမှာလည်း အများကြီး သက်ဆိုင်နေတယ်။ ပြောရရင် ဗုဒ္ဓဘာသာ လက်ရှိမှာတော့ ပြဿနာတွေထဲက တခုဖြစ်နေတာပေါ့နော်။ တကယ်က ဗုဒ္ဓဓမ္မက အဖြေဖြစ်ရမှာကို လက်ရှိက အာဏာရှင်စနစ်ရဲ့ ပြဿနာတခုလိုမျိုး ဖြစ်နေတာပေါ့။ အဲ့ဒီဟာကို တပည့်တော်ဖြစ်စေချင်တာကတော့ လက်ရှိဒီလိုမျိုး အခြေအနေမှာ သံဃာတော်တွေအနေနဲ့ ဒါကိုအကျေအလည် ဆွေးနွေးပြီးတော့ ဗုဒ္ဓဓမ္မကို ဘယ်လိုမျိုး ထွန်းကားအောင်လုပ်မလဲ၊ ဒီလက်ရှိမှာ ဖြစ်နေတဲ့ ဗုဒ္ဓဘာသာထဲက အခြေအနေတွေကို ဘယ်လိုမျိုး ပြုပြင်နိုင်မလဲ ဒါကိုဆွေးနွေးစေချင်တယ်ပေါ့။ 

လက်ရှိကတော့ အကုန်လုံးက ခုနက ပါတီနိုင်ငံရေးကို မသွားကြဘူး ပြောပေမဲ့ နောက်ဆုံးမှာတော့လည်း ဒီမှာပဲ တဝဲလည်လည် ဖြစ်နေတယ်လို့ မြင်တယ် ဒါ.. တပည့်တော်အမြင်ကို ပြောတာပါ။ ဒီဘက် အမျိုးသားရေးဝါဒကလည်း စစ်ဘက်ကိုယိမ်းတယ်၊ ဒီဘက် တော်လှန်ရေးဘက်က ဘုန်းဘုန်းတွေ၊ သံဃာတွေကလည်း NUG တို့ဘာတို့ကို ယိမ်းတယ်။ ဒီနှစ်ဖွဲ့အားပြိုင်မှုပဲရှိတယ်။ တကယ့်တကယ်မှာ ဗုဒ္ဓဘာသာတခုလုံးကို ခြေခြေမြစ်မြစ် ပြောင်းလဲမယ်ဆိုတဲ့ ဆွေးနွေးချက်မျိုးတွေ၊ ဘယ်လိုပြောင်းလဲကြမလဲဆိုတဲ့ စဉ်းစားချက်မျိုးတွေ ဒါမျိုးမရှိတော့ အလယ်က ကြားနေလိုမျိုးဖြစ်တဲ့ ဘုန်းကြီးတွေပဲ ကျန်ခဲ့ပြီးတော့ ဒီဘက်က Strong ဖြစ်တဲ့ သံဃာနှစ်ဖွဲ့ကပဲ တွေ့ရတယ်။ အလယ်မှာ တကယ်သံဃာထုပေါ့၊ သံဃာပျိုတွေရဲ့ စဉ်းစားချက်တွေ၊ ဆွေးနွေးချက်တွေကိုလည်း ပိုပြီး တွင်တွင်ကျယ်ကျယ် ဖြစ်လာရင် ကောင်းမလားပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က စစ်အာဏာရှင်စနစ်ကို ဖြိုချချင်တာတော့ ဟုတ်တယ်။ ဒါမဲ့ ဒီတိုင်းတော့ ပြိုကျမှာတော့ မဟုတ်ဘူး။ သူရဲ့အကြောင်းရင်းခံကို ပယ်ဖို့ဆိုရင် ဗုဒ္ဓဘာသာလည်း တခုပဲပေါ့နော်။ ဒါကို ပြုပြင်ဖို့တော့ လိုအပ်တယ်လို့ မြင်တယ်။ နောက်ဆုံး ပြန်ချုပ်ရရင်တော့ ‘နိုင်ငံရေး’ လို့ပြောတဲ့အခါမှာ ခုဏကပြောတဲ့ သံဃာတော်တွေအနေနဲ့  ဒါက ‘ရာဇာ’ မှလည်းမဟုတ်ဘူးပေါ့နော်၊ ကိုယ့်ရဲ့တပည့်တွေကို ဆုံးမရမည့် တာဝန်ရှိတယ်။ ဒါလည်း ‘နိုင်ငံရေး’ ကို ‘နိုင်ငံ့အရေး’ လို့သတ်မှတ်ရင်တော့ တနည်းနည်းနဲ့တော့ သက်ဆိုင်တာပေါ့နော်။ တိုင်းပြည်ကို အုပ်ချုပ်တဲ့ အုပ်ချုပ်ရေး၊ နိုင်ငံရေးအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဗုဒ္ဓနဲ့ အတော်ကိုဝေးကွာတယ်လို့ ထင်ရတယ်ပေါ့။ ဒါတော့ တပည့်တော်ရဲ့အမြင်ကို ပြောတာပေါ့။ ပြန်ပြီးချုပ်ရရင်တော့ ဒီထက်ပိုပြီးတော့ပေါ့ ဗုဒ္ဓဘာသာကို ပြုပြင်ပြောင်းလဲဖို့ ဆွေးနွေးသင့်ပြီလားပေါ့။ ကျွန်တော်တို့က နိုင်ငံရေး၊ ဒါမှမဟုတ် စစ်တပ် ဒီဟာကိုပဲ ဉီးတည်ပြီးတော့ ပြောကြတာပေါ့ လက်ရှိဖြစ်တဲ့အခါမှာ။ သူရဲ့နောက်မှာရှိတဲ့ ဗုဒ္ဓဘာသာရဲ့ ပြုပြင်ရမဲ့အချက်တွေကိုရောပေါ့ ဒီအချိန်မှာ မဆွေးနွေးသင့်ဘူးလားပေါ့ ဒါကိုလည်း တပည့်တော်အနေနဲ့ လျှောက်ထားချင်တာပါ။ ကျေးဇူးတင်ပါတယ်။ 

ကိုပညာ (00.46.43 – 00.55.03)

ဒီကနေ့ ကြွရောက်လာတဲ့ ဆရာတော်၊ သံဃာတော်များအားလုံး တပည့်တော် ဦးတင်ပါတယ်ဘုရား။ တပည့်တော် ဆွေးနွေးတဲ့နေရာမှာလည်း အမှားအယွင်းရှိရင် အဂါဝရ ဖြစ်တာမျိုး ရှိရင်လည်း ကြိုတင်ပြီးတော့ တောင်းပန်ပါတယ်။ တချို့ဟာတွေကတော့ ဝေဖန်ဆန်းစစ်တဲ့ ပုံစံမျိုးနဲ့ စဉ်းစားကြည့်မှာ ဖြစ်ပါတယ်။ 

အရင်ဦးဆုံး ပြောချင်တာတော့ စောစောကလည်း ဆွေးနွေးသွားကြတာပေါ့ ‘နိုင်ငံရေး’ ဆိုတာ ဘယ်လိုမျိုး အဓိပ္ပါယ်ဖွင့်မလဲ၊ ဘယ်လိုဟာမျိုးဆို ပါသင့်လဲ မပါသင့်လဲပေါ့လေ။ ဒီနေ့ဒါကို ဆွေးနွေးရင်လည်း အချိန်တော်တော်ကုန်မဲ့သဘောရှိတယ်။ သို့သော်လည်းပဲ ကျွန်တော့အမြင်ကတော့ ဒီကိစ္စကို သံဃာတွေကြားထဲမှာပေါ့ အကျေအလည် ဆွေးနွေးတာ အခုထိမရှိဘူးလို့ နားလည်တယ်ပေါ့နော်။ ဒီနိုင်ငံရေးမှာ သံဃာတွေ ဘယ်လိုပုံစံနဲ့ ပါဝင်သင့်တာကတော့ ကောင်းတယ်၊ ဘယ်လိုပါဝင်တာတော့ မကောင်းဘူး စသည်ဖြင့် ခေတ်ရဲ့ပြောင်းလဲလာတဲ့ အလျောက်ပေါ့။ သံဃာတော်တွေ ခေတ်အဆက်ဆက် ပါဝင်ခဲ့တဲ့ ပုံစံရော ဒါတွေကို စနစ်တကျ လေ့လာဆန်းစစ်ပြီးတော့ ဆွေးနွေးတာတို့၊ နှီးနှောဖလှယ်တာတို့တွေ သိပ်မလုပ်ခဲ့ဘူးပေါ့လေ။ လုပ်ခဲ့ရင်လည်း လုပ်ခဲ့မယ် သို့သော်လည်း ကျယ်ကျယ်ပြန့်ပြန့် အများသိအောင် ဖြန့်ဝေတာ၊ ဗုဒ္ဓဘာသာဝင်တွေကော အမြင်ဘယ်လိုရှိမလဲ ဆိုတာပေါ့။ ပြောချင်တာကတော့ ဗုဒ္ဓဘာသာမှာ ဒီလိုမျိုးကိစ္စရပ်တွေ ဒီလိုမျိုးနိုင်ငံရေးမှာ ပါဝင်သင့်သလား၊ အမျိုးသားရေးမှာ ပါဝင်သင့်သလား ဆိုတာမျိုးနဲ့ ပါဝင်ပက်သတ်ပြီးတော့ အကျေအလည် ဆွေးနွေးတာမျိုးတွေ မရှိခဲ့ဘူး။ 

မရှိခဲ့လို့ ဒီလိုအစွန်းရောက်တဲ့ နိုင်ငံရေးပါဝင်မှုတွေ၊ လူမျိုးရေးလုပ်တာတွေ ဖြစ်လာတာလို့ ဒါလေးတော့ သုံးသပ်ချင်တယ်ပေါ့လေ။ အဲ့တာကတော့ အားနည်းချက်လို့ပဲ ပြောမလားပေါ့နော်။ ဒါတချက်ပေါ့။ နောက်တချက်ကျတော့ စောစောက သံဃာ့သမဂ္ဂဆရာတော်လည်း ဆွေးနွေးသွားတဲ့ ထဲမှာလည်း ပါတယ်ပေါ့လေ။ သံဃာတော်တွေ ကြားထဲမှာလည်း တော်တော်များများ တူညီတဲ့အမြင် ရှိတာကလည်း ‘အမျိုးသားရေး’ ပေါ့လေ၊ အမျိုးဘာသာ သာသနာ ‘မဘသ’ ကိုပြောတာမဟုတ်ဘဲနဲ့၊ ‘အမျိုးသားရေး’ ကိစ္စမှာ သံဃာတော်တွေက ဝိုင်းဝန်းတည့်မတ်ရမယ်၊ ထိန်းကျောင်းရမယ်ဆိုတဲ့အမြင် တော်တော်များများမှာ ရှိကြတယ်ပေါ့လေ။ 

ကျွန်တော့အနေနဲ့ ဒီအပေါ်မှာ ပါတီနိုင်ငံရေး မပါဘူးဆိုတဲ့ ကိစ္စမှာ အမျိုးသားရေးပါလာရင် နိုင်ငံရေးက ပါလာမယ်။ ဆိုတော့ ခုချိန်မှာ ခေတ်နဲ့အခြေခံတဲ့အလျောက် အမျိုးသားရေးကို အခြေခံတဲ့ နိုင်ငံရေးတွေ ဖြစ်လာတယ်ပေါ့။ အဲ့တော့ အမျိုးသားရေးကို သံဃာတော်တွေက ပါဝင်ဆောင်ရွက်ရမယ်၊ ဉီးဆောင်ရမယ်ဆိုတဲ့ အမြင်ရှိရင် နိုင်ငံရေးက အဲ့ဒီမှာ ဘက်လိုက်မှုတွေ ပါလာတဲ့သဘောမှာ ရှိတယ်။ နောက်တခုက ဒီအမြင်ကလည်း ဘယ်ကနေလာသလဲပေါ့နော်။ ကျွန်တော်နားလည်သလောက်ဆိုရင် သံဃာတွေနဲ့ အမျိုးသားရေးပေါ့လေ။ အမျိုးသားရေးကို မပျောက်ပျက်အောင် တည့်မတ်အောင် ဆောင်ရွက်ရမယ်ဆိုတာ ဗုဒ္ဓရဲ့လမ်းညွှန်ချက်ထဲမှာ မပါဘူးလို့ပဲ မြင်တယ်။ ဗုဒ္ဓကတော့ ဗဟုဇန ဟိတာယ၊ ဗဟုဇန သုခါယ ပေါ့။ ‘လောကအကျိုး အများအကျိုး’ ပေါ့ ဒါကိုပဲ ဦးတည်တယ် ဓမ္မကိုဦးတည်တယ်။ ဗုဒ္ဓကိုယ်တိုင်လည်း သာကီဝင်တွေကိစ္စ ဒါတွေကို ဉီးစားပေးပြီးတော့ ကိုယ့်အမျိုးမို့ ထိန်းကျောင်းဖို့သက်သက် လုပ်ခဲ့တာတွေ မရှိခဲ့ဘူး။ စောစောက ပြောသွားတဲ့ဟာမှာလည်း စစ်ပွဲဖြစ်တယ်ဆိုရင်လည်း စစ်ရဲ့ဆိုးကျိုးတွေကို ဆုံးမတဲ့သဘောပေါ့ ဒီလိုမျိုးရှိတယ်။ အဲ့တော့ အမျိုးသားရေးကို လုပ်ဆောင်သင့်တယ် ရှေ့ကဆရာတော်တွေ လုပ်ဆောင်ခဲ့တယ် ဆိုတဲ့ဟာတွေ ဘယ်ကနေလာလဲ။ ဒါလည်းတကယ်ရော ဓမ္မလမ်းကြောင်းနဲ့ ကိုက်ညီသလားဆိုတဲ့ ဟာပေါ့လေ မေးခွန်းထုတ်စရာရှိတယ်။ နောက် လက်ရှိအခြေအနေမှာ ပိုပြီးတော့ဒါက ပဋိပက္ခဖြစ်စေနိုင်တဲ့ကိစ္စဖြစ်နေတော့ နိုင်ငံရေးနဲ့အလိုလို နွှယ်သွားတဲ့ကိစ္စဖြစ်တဲ့ အတွက်ကြောင့်မလို့ ဒါလည်း လက်ရှိသံဃာတော်တော်များများထဲမှာ မြင်ရတဲ့ကိစ္စပေါ့။ နောက်တခုကတော့ နိုင်ငံရေးမှာ မြတ်စွာဘုရားကို၌လည်း အဲ့ခေတ်ကပေါ့လေ ရှင်ဘုရင်တွေနဲ့ ဆုံးမတယ် တိုင်းပြည်ရေးရာတွေမှာ ဝင်ပြီးတော့ အကြံပေးတာတို့၊ ဆုံးမတာတို့ ဒါတွေရှိတာပေါ့လေ။ ဒါပေမယ့် ပြန်စဉ်းစားဖို့ကောင်းတာက ပဒေသရာဇ်ခေတ် အခင်းအကျင်းနဲ့ နောက်ပိုင်းမှာ ခေတ်တွေပြောင်းလဲ သွားတဲ့အပေါ်မှာ နိုင်ငံရေးဆိုတာလည်း ပြောင်းလဲသွားတာပေါ့နော်။ သက်ဦးဆံပိုင် ပဒေသရာဇ်ဘုရင်ပုံစံကနေ ဒီမိုကရေစီစနစ်ပေါ့။ နောက် Nation state ပေါ့လေ Civilization မဟုတ်ဘဲနဲ့။ မြတ်စွာဘုရားက ပိုပြီးတော့ Civilization အကြီးကြီးတွေနဲ့ ဘုရင်တွေခေတ်မှာ ဖြစ်ခဲ့တာဆိုတော့ အဲ့ခေတ်မှာ မြတ်စွာဘုရားနဲ့ ရဟန်းသံဃာတော်မြတ်ကြီးတွေ ပါဝင်ခဲ့တဲ့ အနေအထားနဲ့။ ခေတ်ပြောင်းသွားတဲ့ အနေအထားမှာ ဘယ်လိုမျိုး ဖြစ်သင့်သလဲဆိုတဲ့ဟာကိုတော့ သိပ်ပြီးတော့ ပုံတူပေါ့လေ၊ မြတ်စွာဘုရားနဲ့ သံဃာတော်အရှင်မြတ်ကြီးတွေ ပါဝင်ခဲ့လို့ အခုလည်းပါဝင်ကောင်းတယ်ဆိုတာကို မေးခွန်းထုတ်သင့်တယ်ပေါ့။ စာပေကို အခြေခံတယ်ဆိုပေမဲ့ ပြောင်းလဲလာတဲ့ခေတ်နဲ့ မေးခွန်းထုတ်သင့်တယ်လို့ မြင်ပါတယ်။ 

နောက်တခုကတော့ ထေရဝါဒပေါ့လေ မြန်မာနိုင်ငံရဲ့ ထေရဝါရ Tradition မှာက သံဃာယနာစပြီးတော့ လုပ်ဆောင်တဲ့ဟာကနေပြီးတော့ ဖြစ်လာတဲ့ဟာပေါ့။ ဆိုတော့ ဒါက မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးမှ ဖြစ်လာတဲ့ Tradition ပုစံက ဘာဖြစ်လဲဆိုတော့ သံဃာယနာတင်တဲ့ မင်းရှိတယ်ပေါ့လေ။ အဲ့ကနေလာလိုက်တဲ့ဟာက ဘယ်လိုမျိုး Practice နဲ့ Culture တခုဖြစ်လာစေလဲဆိုတော့ ဒီထေရဝါရရဲ့ Tradition ကြီးတခုလုံးမှာ ဘုရင်တွေရဲ့ အခန်းကဏ္ဍပေါ့။ ရှင်ဘုရင်က အုပ်ချုပ်တဲ့လူက သာသနာတော်ကို ထောက်ပံ့ရမယ်ဆိုတဲ့ အယူအဆ။  ဒါက Practice ဖြစ်လာတာ။ မြတ်စွာဘုရားရဲ့ ဓမ္မထဲမှာလည်းမပါဘူး။ ဒီဟာကတဖြည်းဖြည်းနဲ့ ဒီအယူအဆ ခိုင်မာလာတာပေါ့။ ပြောချင်တာကတော့ သာသနာတော် တည်မြဲဖို့၊ တည်တံ့ဖို့၊ ခိုင်မြဲဖို့ဆိုရင် အစိုးရတွေရဲ့ ထိန်းကျောင်းမှု၊ သူဆို့ရဲ့ ထောက်ပံ့မှုက လိုတယ်ဆိုတဲ့ အယူအဆပေါ့။ အခုဆိုရင်လည်း ‘သံဃာ့နာယက’ ရှိတယ်။ ‘သံဃာ့နာယက’ ကသီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတခု ဖြစ်သင့်တယ်။ မဟုတ်ဘူး သာသနာရေး ဝန်ကြီးဌာနကနေပြီးတော့ ကြိုးကိုင်တဲ့ပုံစံမျိုး နောက်ကွယ်ကနေပြီး ထိန်းချုပ်တဲ့ပုံစံမျိုးတွေပေါ့။ သံဃာတွေကနေ လွတ်လွတ်လပ်လပ်  ရွေးကောက်တင်မြှောက်ပြီး သံဃာတွေက ဆုံးဖြတ်တယ်ဆိုတာမျိုးထက် အစိုးရဲ့ ယန္တရားတခုထဲမှာ ပါဝင်နေတာ။ ဒါတွေက ဘယ်ကနေပြန့်လာလဲဆိုတော့ ထေရဝါဒရဲ့ စောစောကပြောတဲ့ စတင်လာခဲ့တဲ့ သံဃာယနာတင်ခြင်းကနေ ဖြစ်လာတဲ့ဟာမျိုးပေါ့။ ပြန်ချုပ်ပြောရရင်တော့ စောစောက ဆရာတော်တွေလည်း ပြောခဲ့တယ်။ ပြောခဲ့တဲ့ထဲမှာ (၂)ချက်ပေါ့ ‘အမျိုးသားရေး’ ဆိုတဲ့ ကိစ္စကို မေးခွန်းထုတ်ချင်ပါတယ်။ နောက်တခုကတော့ အုပ်ချုပ်သူတွေ၊ အစိုးရတွေနဲ့ ဆက်စပ်တဲ့ ကိစ္စမှာ ပဒေသရာဇ်ခေတ်အမြင်နဲ့ ခုပြောင်းလဲလာတဲ့ အမြင်တွေကို အတူတူပဲ စဉ်းစားမလားပေါ့။ နောက်တခုက ရှုပ်ထွေးလာတဲ့ နိုင်ငံရေးပုံစံတွေကြားထဲမှာ ဘယ်လိုမျိုး လုပ်ဆောင်နိုင်မလဲ ဆိုတဲ့ဟာတွေကို သေချာကျကျနန စဉ်းစားဖို့လိုမလား။ အဲ့တော့ အဲ့အတွက် သံဃာတော်မျိုးဆက်သစ်တွေမှာရော၊ စာတတ်ပေတတ်တွေ ခုလိုတက်ရောက်လာတဲ့ ဦးဆောင်နေတဲ့ဆရာတော်တွေရော ဒါကိုအရေးကြီးတယ်လို့ မြင်လားပေါ့။ အရေးကြီးတယ်လို့ မြင်တယ်ဆိုလည်း ဒါကိုလက်ရှိအချိန်ထိ ဒီလိုမျိုးဆွေးနွေးတဲ့ဟာတွေ မဖြစ်လာသေးတာလည်း ဘာကြောင့်လဲ။ ကျွန်တော်ကတော့ ကျွန်တော့်အမြင်လည်း တင်ပြတယ်။ ဆရာတော်တွေလည်း ကျွန်တော့အမြင်ပေါ်မှာ တုံ့ပြန်ဖြေကြားဖို့ လျှောက်ထားပါတယ်ဘုရား။ 

ကိုရဲထက် (00.55.04 – 0.55.53)

ဟုတ်ကဲ့ ကိုပညာ ဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ်။ ကိုရန် မဆွေးနွေးခင်မှာ Comment လေးတခု အရင်ဖတ်ပြထားလိုက်ပါ့မယ်။ လက်ရှိအချိန်ထိ ဆရာတော်တွေကတော့ မြတ်ဗုဒ္ဓရဲ့ တရားဓမ္မနဲ့ယှဉ်ပြီး နိုင်ငံရေး၊ စစ်ရေးမှာ ပါဝင်သင့်၊ မသင့်အကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ယူဆမိပါတယ်။ တပည့်တော်က  Pragmatic ရှုထောင့်ကနေ လက်တွေ့မြေပြင်လုပ်ဆောင်တဲ့ ရှုထောင့်ကနေ မေးခွန်းထုတ်ချင်ပါတယ်။ ရဟန်းသံဃာများ လောကီရေးရာကိစ္စရပ်များ အထူးသဖြင့် နိုင်ငံရေးများမှာ ပါဝင်ခြင်းဖြင့် ဖြစ်လျှက်ရှိသော အကျိုးအပြစ်များနှင့် နောင်တွင်ရှိလာနိုင်သော အကျိုးအပြစ်များ ဘယ်လိုတွေ ရှိလာနိုင်သလဲ။ တပည့်တော် မေးခွန်းလျှောက်ထားအပ်ပါတယ်။ ဆရာတော်တွေမှ မဟုတ်ဘူး အဆင်ပြေတဲ့သူ ဖြေကြားပေးလို့ရပါတယ်။ 

ကိုရန် (00.55.54 – 1.00.00)

ဟုတ်ကဲ့ပါ အားလုံးပဲ မင်္ဂလာပါ။ ကြွရောက်လာတဲ့ အရှင်ဘုရားတို့ကိုလည်း ဂါဝရပြုပါတယ် ဒီနေရာကနေ။ တပည့်တော် ပြောမှားဆိုမှား ရှိတယ်ဆိုရင်လည်း အခုကတည်းက ကန်တော့ပါတယ်လို့ ကြိုပြီးပြောပါတယ်။ တပည့်တော်ကတော့ ဗုဒ္ဓဘာသာဝင် တယောက်ပါပဲ။ အခု နွေဦးတော်လှန်ရေးမှာ ဖြစ်လာတဲ့ အကြောင်းအရာနဲ့ ပါတ်သတ်ပြီးတော့လေ။ အခုဒီစကားဝိုင်းရဲ့ Topic က ‘သံဃာတော်များနိုင်ငံရေးမှာ ပါဝင်သင့်သလား၊ မပါဝင်သင့်သလား’ ဆိုပြီးတော့ မေးခွန်းပေါ့လေ။ ဒီနေရာမှာ တပည့်တော်အနေနဲ့ (၂)မျိုး ဖြေလို့ရပါတယ်။ တပည့်တော် ဗုဒ္ဓဘာသာဝင် တယောက်အနေနဲ့ အဖြေက တမျိုးပေါ့လေ။ ဒါမဲ့ ဒီမိုကရေစီ ဘက်တော်သားအနေနဲ့ အဖြေက နောက်တမျိုးပေါ့လေ။ ဗုဒ္ဓဘာသာတယောက်အနေနဲ့ ဖြေရမယ်ဆိုရင်တော့ တပည့်တော်တယောက်တည်းရဲ့ ခံယူချက်အရတော့ မပါသင့်ဘူးလို့ပဲ ဖြေရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဗုဒ္ဓဘာသာမှာ ဓမ္မဆိုတာ အမှန်တရားပါပဲ။ မြတ်စွာဘုရားကိုယ်တော်တိုင်လဲ တပည့်တော် ဖတ်ထားတာအရဆိုရင် လောကုတ္တရာ တရားတွေကိုပဲ ဟောတာများပါတယ်။ လောကီကိစ္စဟော အင်မတန်ရှားတယ်လို့ တပည့်တော် ဖတ်ဖူးပါတယ်။ တပည့်တော် ဖတ်ဖူးတာ မှားရင်လည်း မှားမယ်ပေါ့လေ။ လောကီကိစ္စတွေကို ဘယ်လိုအခါမျိုးတွေမှာမှ ဟောတတ်သလဲဆိုတော့ ပုထုဇဉ်လူတွေကနေပြီးတော့ အတင်းမေးတဲ့ အခါမျိုးမှသာ ဗုဒ္ဓမြတ်စွာဘုရားက မဖြေမဖြစ် ဖြေရတဲ့ဟာမျိုး ရှိပါတယ်။ ဥပမာ ငါးပါးသီလတို့ ဘာတို့ဆို လောကီတရားတွေပေါ့။ ပုထုဇဉ်တွေ လိုက်နာရမယ်၊ ကျင့်သုံးရမယ့် ဝိနည်းတွေပေါ့လေ။ အဲ့တော့ တပည့်တော် အနေနဲ့တော့ ဗုဒ္ဓဘာသာက ရှင်းရှင်းလေးပေါ့ ဓမ္မက အဓိကပေါ့။ မြတ်စွာဘုရား ကိုယ်တိုင်ကတည်း ငါဘုရားကို မယုံချင်နေ ဓမ္မကိုယုံ၊ ဓမ္မဆိုတာ အမှန်တရား၊ ရှိနေပြီးသား အမှန်တရား၊ လောကီ၊ လောကုတ္တရာ တရားတွေ။ အဲ့တော့ ဓမ္မမှာလည်း အခုဆိုလို့ချင်ရင် နွေဦးတော်လှန်ရေးမှာ ဓမ္မနဲ့ အဓမ္မလို့ ပြောတယ်ပေါ့။ တပည့်တော်တို့က ဓမ္မဘက်က ဟိုဘက် စစ်ကောင်စီဘက်ကတော့ အဓမ္မလို့ ပြောတယ်ပေါ့လေ။ ဟိုဘက်ကလည်း ပြန်ပြီးတော့ ပြောမယ်ဆိုရင် သူတို့ကတော့ ဘာသာရေးကို ကာကွယ်နေတယ်၊ သူတို့ဘက်မှာ ဘုရားရှိတယ်။ တပည့်တော်တို့ ဘက်ကလည်း မဟုတ်ဘူး တပည့်တော်တို့က ဓမ္မအဘက်က ကာကွယ်နေတယ်၊ မြတ်စွာဘုရား တပည့်တော်တို့မှာ ရှိတယ်ပေါ့။ ဒါပေမဲ့ တပည့်တော်တို့ ပြန်မေးရမဲ့မေးခွန်းက ဘုရားဘက်မှာ ဘယ်သူရှိသလဲ၊ ဓမ္မဘက်မှာ ဘယ်သူရှိသလဲ။ အဲ့တာကတော့ တပည့်တော်ရဲ့ ပထမ အဖြေပေါ့။ တပည့်တော် ဗုဒ္ဓဘာသာတယောက် အနေနဲ့ သံဃာတော်တွေ ဓမ္မတရားတွေ ဟောကြားတာပဲ ပိုပြီးတော့ သင့်တော်ပါတယ်။ နိုင်ငံရေးတို့၊ လူမှုရေးတို့က အင်မတန်ရှုပ်ထွေးပါတယ်။ ဒါတွေက ပြောပြစရာလည်း မလိုပါဘူး လူတိုင်းသိပါတယ် ဒီကိစ္စတွေက အရမ်းကို ရှုပ်ထွေးပြီးတော့ အရမ်းကို ကျယ်ပြန့်ပါတယ်။ တပည့်တော် ဗုဒ္ဓဘာသာတယောက်အနေနဲ့ကတော့ ရှင်းရှင်းလေးပါပဲ။ ဓမ္မတရားတွေကို သိအောင်လုပ်ဖို့ ဒါ.. တပည့်တော်အနေနဲ့ ဒီလိုယုံကြည်ထားပါတယ်။ ဒါမဲ့ တဖက်မှာ ပြန်ကြည့်မယ်ဆို ဒီမိုကရေစီ ဘက်တော်သားအနေနဲ့ ကြည့်မယ်ဆိုရင်လည်း သံဃာတော်တွေရဲ့ အခန်းကဏ္ဍက ဘာလဲပေါ့လေ။ သံဃာတော်တွေကတော့ နိုင်ငံရေးမှာ ဟိုးအရင်ကတည်းက ပါခဲ့တာပါပဲ ဒါအရှိတရားပဲ။ 

ကိုဝေယံ (01:00:00 – 01:03:56) 

နိုင်ငံရေးမှာကတော့ ဟိုးအရင်တုန်းကတည်းက ပါခဲ့တာ အရှိတရားပါပဲ။ အရှေ့က ဆရာတော် ပြောသွားတဲ့အတိုင်းပဲ၊ အရှိတရားကို ပယ်ချလို့ မရဘူး၊ အရှိတရားကို အရှိအတိုင်းပဲ မြင်ရမယ်”။ အရှိတရားကို ရန်ဖြစ်ရင် တပည့်တော်တို့ ရှုံးမှာပေါ့။ ကျွန်တော်တို့ စစ်ကောင်စီနဲ့ တိုက်လို့ ရတယ်၊ ရန်ဖြစ်လို့ ရတယ်၊ စစ်ကောင်စီကို တော်လှန်လို့ ရတယ်။ ဒါပေမယ့် အမှန်တရားကို တပည့်တော်တို့ ရန်ဖြစ်လို့ မရဘူး။ အမှန်တရားတို့၊ အရှိတရားတို့ကို အမှန်အတိုင်း အရှိအတိုင်း လက်ခံရမယ်။ အဲတော့ အရှိတရားက ဘာလဲဆိုတော့ သံဃာတော်တွေရဲ့ အခန်းကဏ္ဍပါ။ 

သံဃာတော်တွေရဲ့ ဩဇာ ကြီးစိုးမှုက မြန်မာပြည်မှာ တော်တော်ကို ကြီးမားတယ်။ ဒါဟာ လက်မခံလို့မရတဲ့ အရာ မဟုတ်ပါဘူး၊ လက်ခံရတဲ့ အရာပါ။ အရှေ့မှာ ပြန်ကြည့်မယ်ဆိုရင်လည်း ဒီအရှေ့ က ပြောသွားတဲ့ ဦးဥတ္တမတို့ဟာ ကိုလိုနီခေတ်တည်းက နယ်ချဲ့တွေကို တော်လှန်ရာမှာ ပါပါတယ်။ ဦးဥတ္တမဆိုရင် တပည့်တော် ၃တန်းလောက်တုန်းက သမိုင်းမှာ သင်ခဲ့ရပါတယ်။ သေချာတောင်မှ မသင်ခဲ့ရပါဘူး။ ဒါလည်း တမင်တကာ လုပ်ထားသလားတော့ မပြောတက်ပါဘူး။ ဦးဥတ္တမတို့ဆိုတာ နယ်ချဲ့ကို တော်လှန်တဲ့ နေရာမှာ အတော်လေးကို ထဲထဲဝင်ဝင် ပါဝင်ခဲ့တဲ့ ဆရာတော် တစ်ပါးပါ။ တပည့်တော် နောက်ပိုင်းမှာ ပြန်ပြီးတော့ ဖတ်ရတာသည် ဦးဥတ္တမက ဂန္ဓီနဲ့ တော်တော်ကို ဆက်နွယ်နေတဲ့ INC… ဦးဥတ္တမ ပညာသွားသင်ပြီးတော့ မြန်မာပြည် ပြန်လာပြီး ၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်မှာ စည်းရုံးရေးတွေ လုပ်ခဲ့ပါတယ်။ အဲဒီတုန်းကလည်း GCPA ဆိုတဲ့ အဖွဲ့မှာ သူပါဝင်ပြီးတော့ အမျိုးသားရေးကို ဦးဥတ္တမက လုပ်ခဲ့ပါတယ်။ ပင်နီတိုက်ပုံ ဝတ်တယ်တို့ ဆိုတာ INC ကနေ Inspiration ယူတာပါ။ INCကရော၊ ဂန္ဓီကရော ဒီအိန္ဒိယဝတ်စုံဝတ်တယ်၊ အင်္ကျီဝတ်တယ်။ ပြီးတော့ ဒီဘက် အမျိုးသားရေးမှာလည်း တိုက်ပုံဝတ်တာမျိုး၊ အင်္ဂလိပ် လူမျိုး၊ နယ်ချဲ့ လူမျိုး ဝတ်တာမျိုးကို ရှုတ်ချပြီးတော့ ကိုယ့် အမျိုးသားရေးကို အားပေးတာမျိုးတွေကို ဦးဥတ္တမတုန်းက လုပ်ခဲ့တာပါ။ အဲဒီကနေမှ တဆင့် တို့ဗမာ အစည်းအရုံးတို့၊ သခင်တို့ဆိုတာ ပေါ်လာတာပါ။ ပြန်ပြောရမယ်ဆိုရင် သံဃာတော်တွေက နွေဦးတော်လှန်ရေးမှာ ပါဝင်နေတယ်ဆိုတာကို ငြင်းလို့ မရပါဘူး။ ပါဝင်တယ်ဆိုရင်တော့ တပည့်တော်တို့က အတိုင်းအထက် အလွန်ပါပဲ။ ဒါပေမယ့် ပါဝင်တယ်ဆိုတဲ့ အခါမှာလည်း ဘယ်လိုမျိုး ပါဝင်တယ်ဆိုရင်တော့ တပည့်တော်က… ဗုဒ္ဓဘာသာ နည်းလမ်းအတိုင်းပဲ ပါဝင်သင့်တယ်လို့ ပြောချင်ပါတယ်။ အမှန်တရားကိုပဲ ရှင်းပြ၊ ပြောပြရုံပါပဲ။ တပည့်တော်တို့ အခု ဓမ္မနဲ့ အဓမ္မ တိုက်နေတဲ့ အချိန်မှာ တပည့်တော်တို့ အနေနဲ့ အထိရောက်ဆုံး တိုက်ခိုက်မှုကတော့ အမှန်တရားကို ရှင်းပြရုံပါ။ ဟိုဘက်က ဂျင်းတွေ ထည့်တာကိုး။ အမှန်တရားကို ဖွင့်ပြလိုက်ဖို့က အရေးကြီးတယ်လို့ ထင်ပါတယ်။ ဥပမာ – အရှေ့က ပြောသွားတယ်၊ မြတ်စွာဘုရားက စစ်မဖြစ်အောင် တိုက်တွန်းတယ် ဆိုတာက တပည့်တော် ပြန်စဉ်းစားကြည့်မယ်ဆိုရင် ဒီ ပါဏာတိပါတကံက ငါးပါးသီလထဲမှာ ရှေ့ဆုံးကနေ ပါပါတယ်။ စစ်ဖြစ်မယ်ဆိုရင် ဒီ ပါဏာတိပါတကံ မကျူးလွန်လို့ မရဘူး၊ ကျူးကို ကျူးလွန်မိမယ်။ အဲဒါကြောင့် ဒါတွေ မကျူးလွန်မိအောင် မြတ်စွာဘုရားက စစ်မဖြစ်အောင် ဒီပါဏာတိပါတာနဲ့ တားတယ်လို့တော့ တပည့်တော်ကတော့ ထင်ပါတယ်။ တပည့်တော် ပြောချင်တာကတော့ အဲဒီလောက်ပါပဲ။ အားလုံးကို ကျေးဇူးပါ။ 

ကိုကောင်းကင်ကို (01:04:17 – 01:06:15)

အားလုံး မင်္ဂလာပါ။ ရဟန်းသံဃာတွေ နိုင်ငံရေးမှာ ပါသင့်၊ မပါသင့်ဆိုတာကို တပည့်တော်ရဲ့ အမြင်ကတော့ လက်နက်ကိုင် တော်လှန်ရေးမှာ လုံးဝမပါသင့်တာက ကျိန်းသေတယ်။ လက်နက်ကိုင် တော်လှန်ရေးကို ထောက်ပံ့တဲ့ နေရာတို့၊ လက်ကိုင်တော်လှန်ရေးမှာ ဘာသာရေး Identity ကပ်သွားရင် … ဥပမာ – လက်နက်ကိုင် တော်လှန်ရေးမှာ အမှားအယွင်းတွေ၊ မှားယွင်းသတ်ဖြတ်မှုတွေလည်း ရှိနိုင်တယ်။ ထပ်ဥပမာ ပေးရရင် ISIS လိုမျိုး ဘာသာရေးနဲ့ လက်နက်ကိုင် တော်လှန်ရေး ရောသွားပြီးတော့ ဘာသာရေး Identity ဖြစ်သွားရင် ဘာသာရေးအတွက်ရော၊ နိုင်ငံအတွက်ရော အကျိုးလျော့မယ်လို့ ထင်တယ်။ 

နောက်တစ်ခုက အမျိုးသား နိုင်ငံရေးဆိုတာထက် Peace Living တို့နဲ့ ပတ်သက်တဲ့ နိုင်ငံရေးမှာ ဆိုရင်တော့ ရဟန်း သံဃာတွေ ပါကို ပါဝင်သင့်တယ်။ အမျိုးသား နိုင်ငံရေးကျတော့ တအားကျဉ်းမြောင်းတဲ့ အမျိုးသား နိုင်ငံရေး မဟုတ်ဘဲနဲ့ တစ်နိုင်ငံတည်းအတွက် ဆိုရင်တောင်မှ ဒါဟာ ကျဉ်းမြောင်းပါသေးတယ်။ အဲဒီတော့ အမျိုးသား နိုင်ငံရေးဆိုတာထက် မေတ္တာနိုင်ငံရေးမျိုး၊ ဒါမှမဟုတ် Peace Building ကို ဦးတည်တဲ့ နိုင်ငံရေးတို့ အဲလိုမျိုးမှာတော့ ရဟန်းသံဃာတွေ ပိုပါဝင်သင့်တယ်။ နောက်ပြီးတော့ အဲလိုပါဝင်တဲ့ နေရာမှာ တက်နိုင်သမျှ အနည်းဆုံးတော့ ဖြစ်သင့်တယ်။ ဘာလို့လဲဆိုတော့ ဓမ္မ အဓမ္မခွဲတဲ့ နေရာမှာ လူတွေဟာ … အခုမြန်မာနိုင်ငံ အခြေအနေဟာ ဓမ္မ အဓမ္မသိသာပါတယ်၊ တချို့ အခြေအနေကျတော့ မသိသာတဲ့ အခြေအနေတွေ ရှိတော့ ဟိုဘက်ကလည်း ဓမ္မလို့ ပြောမယ်၊ ဒီဘက်ကလည်း ဓမ္မလို့ ပြောမယ်။ အဲလိုမျိုး ပဋိပက္ခတွေ ဖြစ်နိုင်တဲ့အတွက် တက်နိုင်သမျှ၊ မတက်သာတဲ့ အခြေအနေမျိုးမှာ Peace Building ကိုဦးတည်တဲ့ မေတ္တာနိုင်ငံရေးကို ရဟန်းသံဃာတွေ ပါဝင်သင့်တယ်လို့ ထင်ပါတယ်။ ကျွန်တော်ပြောချင်တာတော့ အဲဒီလောက်ပါပဲ။ အားလုံးကို ကျေးဇူးပါ။

အရှင်အာစရ (01:06:43 – 01:17:20)

ဦးဇင်း ထပ်ပြီးတော့ ပြောချင်တာပါ။ ဒီနေရာမှာ ဦးဇင်းတို့ တော်တော်များများ ဖြစ်တာက … ဒီမိုကရေစီ ဆိုတာက ဒီဘက်ခေတ်ကျမှ ခေတ်စားလာတဲ့ စနစ်တစ်ခုပါ။ ဦးဇင်း အမြင် ပြောရရင် ဒီမိုကရေစီ စနစ်ဆိုတာကို ဦးဇင်းက ဘုရားလက်ထက်တည်းကိုက မြတ်စွာဘုရား ကိုယ်တိုင်ကျင့်သုံးခဲ့တဲ့ စနစ် တစ်ခုလို့ ဦးဇင်းက ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဦးဇင်းတို့ မြတ်စွာဘုရား သဗ္ဗေညုတ ဉာဏ်ရပြီးတော့ ဘုရားဖြစ်တဲ့ အခါမှာ သူသိခဲ့တဲ့ တရားဓမ္မတွေကို ပြန့်ပွားအောင် သာသနာပြုထွက်ခဲ့တယ်။ တရားလှည့်လည် ဟောဖို့ ထွက်တဲ့အခါမှာ တဖြေးဖြေးနဲ့ သူရဲ့ တရားဓမ္မတွေနဲ့ ကျေးဇူးဆပ်မယ်ဆို ပြီးတော့မှ ဓမ္မခရီးထွက်တဲ့အခါကျတော့ ရဟန်းသံဃာတွေ အပေါ်မှာ ဗုဒ္ဓရဲ့ အယူဝါဒပေါ်မှာ သက်ဝင်ယုံကြည် လာတဲ့အထိ အမျိုးသားတွေကို ရဟန်းပြုပေးခဲ့ပါတယ်။ ဒီလို ရဟန်းပြုပေးရင်းနဲ့ တဖြေးဖြေးနဲ့ ရဟန်း ပရိသတ်တွေ များလာတယ်။

အဲဒီလိုများလာတဲ့အခါ (ဦးဇင်း အမှတ်မှားချင်မှားမယ်ပေါ့နော်) ဒီသာသနာအစောပိုင်းမှာ ရဟန်းသံဃာတော်တွေ လိုက်နာရမယ့် ဝိနည်း စည်းကမ်းတွေကို မပညတ်ခဲ့ဘူးဗျ။ မပညတ်သေးဘူး။ ဘာလို့ မပညတ်သေးလဲဆိုရင် ဒီသိက္ခာပုဒ် အပြစ်တွေကို ကျူးလွန်တဲ့ ရဟန်းသံဃာတော်တွေ မပေါ်ပေါက်သေးဘူး။ မပေါ်ပေါက်သေးတဲ့အတွက် မပညတ်တာ။ နောက်ပိုင်း တဖြေးဖြေးနဲ့ ရဟန်းသံဃာတွေ များလာတဲ့အခါကျတော့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဆိုတာမျိုး အပြင် ပုထုဇဉ် ရဟန်းသံဃာတွေလည်း ပါလာတယ်။ ပုထုဇဉ် ရဟန်းသံဃာတွေ ပါလာတဲ့အခါကျတော့ အပြစ်တွေ ကျူးလွန်ကြတယ်။ အပြစ်တွေ ကျူးလွန်တဲ့ အခါကျမှ မြတ်စွာဘုရားက ဝိနည်း သိက္ခာပုဒ်တွေကို ပညတ်ခဲ့တယ်။ အဲဒီဝိနည်း သိက္ခာပုဒ်တွေကို မြတ်စွာဘုရားက ပညတ်တဲ့အခါတောင်မှ “ငါကဘုရားပဲ၊ ငါ့တပည့်တွေပဲ၊ ငါပြောတဲ့အတိုင်းပဲ လုပ်ရမယ်၊ ငါ့စကားပဲ နားထောင်ရမယ်” ဆိုတဲ့ ပုံစံမျိုး သူမလုပ်ခဲ့ဘူး။ အာဏာရှင်ဆန်ဆန် မလုပ်ခဲ့ဘူး။ ဘယ်လိုလုပ်လဲဆိုရင် ရဟန်း သံဃာတော်တွေကို အစည်းအဝေးခေါ်တယ်။ “ဒီရဟန်းကတော့ ဒီလိုအပြုအမူမျိုးတွေ လုပ်လို့၊ ဒီလို အပြစ်တွေ လုပ်တယ်၊ အဲဒီအတွက် ရဟန်း သံဃာတွေ လိုက်နာဖို့ စည်းကမ်းတွေ၊ ဥပဒေတွေ ချမှတ်မယ် ဆိုပြီးတော့မှ ကြေညာတယ်။ ကြေညာပြီးတော့မှ ဒီအပြစ်ကို ဒီလိုအပြစ်မျိုး ကျူးလွန်တဲ့ အခုလက်ရှိ ရဟန်းကိုတော့ အနာပတ္တိ အာပတ်မသင့်စေဘူး၊ အပြစ်လို့ မယူဆဘူး၊ နောက်နောင် ရဟန်းသံဃာတော်တွေ ဒီလိုဟာမျိုး ကျူးလွန်ရင် ဒီလိုအပြစ် အဖြစ် သတ်မှတ်မယ်” ဆိုပြီးတော့မှ ဝိနည်းဥပဒေ သတ်မှတ်ခဲ့တာပါ။ အဲဒီလို ပညတ်တဲ့ အချိန်မှာလည်း ရဟန်းသံဃာတွေရဲ့ သဘောထားကို ရယူတယ်။ ရဟန်း သံဃာတော်တွေကို ဒီလို အပြစ် ကျူးလွန်တဲ့သူကို ဒီလိုအပြစ် ပေးမယ်၊ အဲဒီအတွက် သဘောတူသလား” ဟု ၃ကြိမ် ၃ခါ မေးပါတယ်။ မေးပြီးတော့မှ ရဟန်းသံဃာတော်တွေက အားလုံးသဘောတူပါတယ် ဆိုပြီးတော့မှ အဲဒီ သိက္ခာပုဒ်ကို ပညတ်တာ။ ရဟန်းသံဃာတော်တွေ သဘောမတူရင် ဒီသိက္ခာပုဒ်ကို မပညတ်ဘူး ဆိုတဲ့ သဘော သက်ရောက်တယ်။ အဲဒီလိုပဲ ဦးဇင်းတို့ နှစ်ရာ့နှစ်ဆယ်ခုနှစ်သွယ် ဆိုတဲ့ သံဃာတော်တွေ လိုက်နာရမယ့် ဝိနည်း စည်းကမ်း ဥပဒေကို အဲဒီနည်းနဲ့ပဲ မြတ်စွာဘုရားက ပညတ်ခဲ့တာ။ 

အဲဒါကို ကြည့်ခြင်းအားဖြင့် ရဟန်း သံဃာတော်တွေကို အာဏာရှင်ဆန်ဆန် ပညတ်ခဲ့တာမဟုတ်ဘူး။ အားလုံးရဲ့ သဘောတူညီမှုကို ရယူပြီးတော့မှ ဒီဝိနည်း စည်းကမ်း ဥပဒေတွေကို ချမှတ်ခဲ့တာ။ ဝိနည်း စည်းကမ်း ဥပဒေ အားလုံးပေါ့။ အဲဒါကြောင့်မို့ ဒီမိုကရေစီ ဆိုတဲ့ စနစ်ကို ဘုရားရှင် လက်ထက်တည်းက ဘုရားရှင် ကိုယ်တော်တိုင် ကျင့်သုံးခဲ့တယ်လို့ အဲလိုယူဆတယ်။ အခုနောက်ပိုင်း ဦးဇင်းတို့ လက်ရှိ စောစောပိုင်းက ဒီမိုကရေစီ စနစ်ကို ရဟန်း သံဃာတော်တွေ အားလုံးက လက်ခံခဲ့တယ်။ လွတ်လပ်ရေး ရပြီး နောက်ပိုင်းဆိုရင် မဆလ စနစ်၊ အဲဒီနောက်က အာဏာရှင် တစ်ပါတီကနေပြီးတော့မှ စစ်အာဏာရှင်အထိ အဲလိုတွေ ဖြစ်ခဲ့တဲ့ အခါကျတော့ ပြောရရင် ဦးဇင်းတို့ သာသနာပိုင်းကလည်း အားနည်းခဲ့တယ်။ သုတေသန ပြုမှုတွေလည်း အားနည်းခဲ့တယ်။ အဲဒီလို အားနည်းရခြင်းရဲ့ အကြောင်းကလည်း ဦးဇင်းတို့ ဒီနိုင်ငံရေး စနစ်နဲ့ အများကြီး သက်ဆိုင်သွားတယ်။ ဘာလို့တုန်းဆိုရင် ဦးဇင်းနိုင်ငံဆိုရင် လူပုဂ္ဂိုလ်တွေတောင်မှ စာကြည့်တိုက်တွေ အားနည်းခဲ့တယ်။ လွတ်လွတ် လပ်လပ် စာပေတွေ လေ့လာခွင့်မရခဲ့ဘူး။ သင်ကြားခွင့်မရခဲ့ဘူး။ အဲဒါတွေနဲ့ တစ်ဆက်တည်း ဦးဇင်းတို့ သံဃလောကမှာလည်း ပိုဆိုးသွားတယ်။ ဘာလို့တုန်းဆိုတော့ ကိုယ့်ရဲ့ ပရိယတ္တိနဲ့ပဲ အခုချိန်အထိ လည်း နပန်းလုံး နေကြရတာ။ ပရိယတ္တိကနေ ကျော်လွန်ပြီးတော့ တခြား စာပေတွေ ဦးဇင်းတို့မှာ လေ့လာခွင့် မရခဲ့ဘူး။ အဲဒီလို လေ့လာခွင့် မရခဲ့တဲ့အတွက် အခုနောက်ပိုင်း ဘယ်လိုဖြစ်လာလဲ ဆိုတော့ အမျိုးဘာသာ သာသနာဆိုတဲ့ ဝါဒမှိုင်းအောက်မှာ သံဃာ တော်တော်များများက အဲဒီနောက်မှာ ပါသွားခဲ့တာ မျိုးတွေရှိတယ်။ အဲဒါကြောင့်မို့လို့ ဒီမိုကရေစီ သဘောတရားကို ကောင်းကောင်း နားမလည်ကြတာပါ။ နောက်ပြီးတော့ အုပ်ချုပ်ခဲ့တဲ့ လူတန်းစား၊ အစိုးရ အဆက်ဆက်ကလည်း သူတို့ အာဏာ တည်မြဲရေး အတွက် ဘာသာရေးကို ခုတုံး လုပ်တဲ့ သဘောပါပဲ။ အဓိကက ဒီဘာသာ သာသနာကို သူတို့ တကယ် တန်ဖိုး ထားလို့ လုပ်တာမျိုး မဟုတ်ဘဲနဲ့ သူတို့ရဲ့ ကိုယ်ကျိုးစီးပွား အတွက်လည်း ဒီဘာသာ သာသနာကို အသုံးချပြီး သူတို့ အာဏာ တည်မြဲရေးအတွက် ကြိုးစားခဲ့တဲ့ ရလဒ် တစ်ခုပါ။

စောစောက မေးသွားတဲ့ တစ်ယောက်ရယ်၊ Message နဲ့ မေးထားသူရယ်၊ စောစောက ပြောသွားသူရယ် သူတို့ရဲ့ မေးခွန်းတွေကို ပြန်ပြီးတော့ ချုံ့လိုက်မယ်ဆိုရင် တစ်ယောက်က ဒီနိုင်ငံရေးမှာ ရဟန်းသံဃာတော်တွေ အနေနဲ့ မပါဝင် သင့်ဘူး၊ ဒီလောကုတ္တရာဘက်ပဲ အာရုံစိုက်သင့်တယ်ဆိုတာမျိုးက တစ်ချက်။ Message နဲ့ ဆွေးနွေး ထားတာ တစ်ယောက်ကတော့ ဦးဇင်းတို့ နိုင်ငံရေးမှာ ပါဝင်ရင် ဘယ်လိုအကျိုးဆက် ဖြစ်မလဲ၊ မပါဝင်ရင်ရော ဘယ်လိုဖြစ်မလဲဆိုတာမျိုးပါ။ ဒီနေရာမှာ အားလုံးကို ချုံ့လိုက်မယ်ဆိုရင် ဦးဇင်တို့ ဘုရား ဟောထားတာက ဘုရားမဖြစ်ခင် သူပါရမီ ဖြည့်ကျင့်ခဲ့တာဟာ လောကတ္ထ စရိယ၊ ဉာတတ္ထ စရိယ၊ ဗုဒ္ဓတ္ထ စရိယ ဆိုပြီးတော့မှ ဗုဒ္ဓအဖြစ်ကို နောက်ဆုံးမှပဲ ဟောခဲ့တာ။ ပထမဆုံး ဟောခဲ့တာက လောကတ္ထ စရိယပါ။ လောကတ္ထ စရိယ ဆိုတာ လောကရဲ့ အကျိုးစီးပွားအတွက်ပဲ။ အဲဒါကို ဦးဇင်းအနေနဲ့ ဆီလျော်အောင် ပြောရမယ် ဆိုရင် လောကတ္ထစရိယ ဆိုတာ အများအကျိုးအတွက်ပဲ။ အများ အကျိုးအတွက် ဆိုတဲ့ နေရာမှာလည်း ထပ်ပြီးတော့ ပြောရရင် ကိုယ့်အမျိုးသားအရေးလို့ပဲ ဦးဇင်းကတော့ သတ်မှတ်ချင်တယ်။ အမျိုးသားရေးက ပြောရရင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအတွက် အဲဒီလောက်နဲ့ ပြောလို့တော့ မရဘူး။ အမျိုးသားရေး ဆိုတဲ့နေရာမှာ အမျိုးသား အကျိုးလို့ပဲ ဦးဇင်းက ပြောချင်ပါတယ်။ အဲဒီလို အဓိပ္ပါယ် ဖွင့်ချင်တဲ့အတွက် လူသားတွေရဲ့ အကျိုးနဲ့ ပတ်သက်ရင် ဦးဇင်းတို့ အနေနဲ့က ဓမ္မနဲ့ ထိန်းကျောင်းတာမျိုး၊ တားမြစ်တာမျိုး လုပ်ကို လုပ်ပေးရမှာဗျ။ အဲဒီအတွက် ဒါသည်ပင်လျှင် လောကီ ကိစ္စလို့လည်း ပြောချင် ပြောလို့ ရတယ်။ ဒီနိုင်ငံ့အရေးလို့လည်း ပြောချင် ပြောလို့ ရတယ်။ 

အဲဒါကြောင့် ဦးဇင်းအနေနဲ့က နိုင်ငံရေးတွေမှာ အမျိုးသားတွေအတွက် လောကကောင်းကျိုးအတွက်က ဓမ္မလမ်းကြောင်းကနေ ပါကိုပါသင့်တယ်၊ ပါဝင်ရမှာပါ။ နောက်တစ်ခုက နိုင်ငံရေးမှာ ပါရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်မယ် ဆိုတဲ့ နေရာမှာကကျတော့ ပါဝင်သင့်တဲ့ ပါဝင်တဲ့လူကို ရဟန်းသံဃာတော်တွေရဲ့ သဘောပေါ်မှာ မူတည်တယ်လို့ ဦးဇင်းအနေနဲ့က အဲဒီလိုပဲ ပြောချင်တယ်။ ဒီအကျိုးဆက်ဆိုတဲ့ နေရာမှာ တချို့က ပြောရရင် အကျိုးလိုလို့ ညောင်ရေလောင်းတဲ့ ပုံစံမျိုးပေါ့နော်။ စစ်အာဏာရှင် မကြိုက်လို့ တော်လှန်တယ်။ တက်လာတဲ့ အပေါ်မှာ အကျိုး မျှော်ပြီး လုပ်တာမျိုးဆိုရင် မကောင်းပါဘူး။ အဓိကက ပြောရရင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ တစ်မျိုးသားလုံး ကောင်းစားရေး အတွက် အဲဒီစိတ်နဲ့တော့ လုပ်ရလိမ့်မယ်။ အလုပ်လုပ်တဲ့ နေရာမှာပေါ့။ အဲဒါကြောင့် အကျိုး အပြစ်ဆိုတဲ့ နေရာမှာ ဦးဇင်းအနေနဲ့ အဲဒီလက်ရှိ… ဥပမာ နွေဦး တော်လှန်ရေးဆိုရင် နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ ရဟန်းသံဃာတော်တွေရဲ့၊ တစ်ပါးချင်းစီရဲ့ ခံယူချက်ပေါ်မှာ မူတည်တယ်လို့ ဦးဇင်းအနေနဲ့ကတော့ အဲဒီလိုပဲ သုံးသပ်ပါတယ်ဗျ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ 

အရှင်သရဏ (01:17:39 – 01:19:03)

ဦးဇင်းက တစ်ခုမေးချင်ပါတယ်။ အရှင်အာစာရ ပြောထားတာက မြတ်စွာဘုရားက … (ဦးဇင်း နားလည်တဲ့အတိုင်းနော်) မြတ်စွာဘုရားက ရဟန်းသံဃာတော်တွေ သဘောတူညီမှပဲ မြတ်စွာဘုရားက သိက္ခာပုဒ်တော်တွေကို ပညတ်ထားတယ်လို့ တပည့်တော် နားလည်သွားတာ မှန်ပါသလား။ တပည့်တော် ပါရာဇိက တစ်ကျမ်းလုံး ပါရာဇိက ပါဋ္ဌိတော် တစ်ကျမ်းလုံး ပါစိတ် ပါဋ္ဌိတော် စာအုပ် တစ်ဝက်လောက် တပည့်တော် အလွတ်ကျက်ထားတာ အဲလိုမျိုး အဖြစ်အပျက်ကို တစ်ခါမှ မတွေ့ဖူးလို့ပါ။ အမြဲတမ်း မြတ်စွာ ဘုရားကိုယ်တော်တိုင်  ချမှတ်ထားလိုက်ပြီးတော့ အဲလိုပဲဖြစ်သွားရမယ်။ မြတ်စွာဘုရားက သေသေချာချာ မိန့်ထားတဲ့အတိုင်းပဲ လုပ်ရမယ်၊ မြတ်စွာဘုရား မိန့်ထားတဲ့ သိက္ခာပုဒ်တွေ လိုက်နာရမယ်။ မြတ်စွာဘုရား လိုက်နာရမယ့် အတိုင်းပဲ တပည့်တို့ လိုက်နာရမယ်ပေါ့နော်။ အဲဒီဟာကတော့ တပည့်တော် ဖတ်ထားတယ်။ ဒါပေမယ့် ရဟန်းသံဃာတော်တွေ သဘောတူညီမှ မြတ်စွာဘုရားက သိက္ခာပုဒ် ပညတ်တော်မူတယ်လို့ တပည့်တော် မဖတ်ဖူးပါဘူး။ အရှင်ဘုရား အကိုးအကား ရှိတယ်ဆိုရင် အရှင်ဘုရား Chat Box ထဲမှာ ရေးပေးပါ ဘုရား။ 

အရှင်အာစရ (01:19:10 – 01:20:39)

တပည့်တော် ပို့ထားပေးပါမယ်ဘုရား။ ဘာလို့လဲဆိုတော့ ဘုရား ပညတ်ခဲ့တဲ့ သိက္ခာပုဒ်တော်တွေ ဝိနည်း စည်းကမ်းတွေ အားလုံးက မြတ်စွာဘုရား တစ်ပါးတည်းရဲ့ သဘောထားနဲ့ ပညတ်ခဲ့တာ မဟုတ်ဘူး။ အားလုံး သံဃ အစည်းအဝေးတွေမှာ ခေါ်ပြီးတော့ စနစ်တကျနဲ့ ချပြတယ်။ ဒါကလည်း ဒီ ရဟန်းကတော့ ဘယ်လို၊ ရပ်ရွာထဲမှာ ဘယ်လို ပြုမူနေထိုင်တယ်၊ ဘယ်လိုကျင့်ကြံနေတယ်ဆိုတာမျိုးတွေကို ပြန်သိရတဲ့အခါမှာ ဝိနည်း စည်းကမ်းတွေ ပညတ်ဖို့ တိုက်တွန်းခဲ့တာ။ အဲဒီလို တိုက်တွန်းတဲ့ နေရာမှာလည်း သူ့အတွက် တစ်ပါးတည်းရဲ့ သဘောထားနဲ့ လုပ်ခဲ့တာမျိုး မဟုတ်ဘဲ၊ သံဃာ အားလုံး ၃ကြိမ် ၃ခါ မေးမြန်းတယ်။ ဒီလို “သိက္ခာပုဒ်ကို ပညတ်မယ်၊ သံဃာတော်တွေရဲ့ သဘောမတူဘူးဆိုရင် မေးမြန်းလို့ ရပါတယ်၊ သဘောတူတယ်ဆိုရင်လည်း ဆိတ်ဆိတ် နေပေးပါ” ဆိုတာမျိုးပါ။  အဲဒီလိုမျိုး ရှိပါတယ်။ အဲဒါကြောင့် ဒါဟာ ဒီသိက္ခာပုဒ်တွေကို ပညတ်တာတောင်မှ အာဏာရှင်ဆန်ဆန်တွေ မလုပ်ဘဲနဲ့ ဒီမိုကရေစီ နည်းနဲ့ အားလုံးရဲ့ သဘော ဆန္ဒကို ရယူပြီးတော့မှ ပညတ်ခဲ့တယ် ဆိုတာမျိုးကို တပည့်တော် ပြောခြင်း ဖြစ်ပါတယ် ခင်ဗျာ။ 

အရှင်သရဏ (01:21:31 – 01:30:00)

ဦးဇင်းထင်တယ်၊ အခုထိ ပြောသွားတာ ကောင်းပါတယ်။ ဦးဇင်းတို့က… ဦးဇင်းကတော့ ဖတ်ထားတဲ့ အတိုင်းတော့ မြတ်စွာဘုရား ကွယ်လွန် ပရိနိဗ္ဗာန်စံပြီးရင် ရဟန်းတွေကတော့ အခက်အခဲ ဖြစ်ပေါ်လာရင် သူတို့ကတော့ စုလိုက်ပြီးတော့ အစည်းအဝေးမှာ သေသေချာချာ သူတို့ ဆုံးဖြတ်ရမယ်။ ဒီလို လုပ်မယ်၊ စည်းကမ်း ဒီလိုလုပ်မယ် ဆိုပြီးတော့ အဲဒါတော့ ဦးဇင်းတို့က စာပေမှာ ခဏခဏ တွေ့ရပါတယ်။ ဦးဇင်းတို့က ရဟန်းတွေမှာ ဒီမိုကရေစီ ပုံစံ ရှိတယ်ဆိုရင်တောင် အဲဒီဟာ လူ့လောကထဲကို အတုယူ အဖြေယူရမလားလို့ ဦးဇင်းက စဉ်းစားပါတယ်။ ဘာလို့လဲဆိုတော့ လူ့လောကက ပိုပြီး ရှုပ်ပါတယ်။ အဓိကကတော့ မြတ်စွာဘုရားက ဒီကိစ္စ အဓိကက ဒကာဒကာမတွေကို မိန့်ထားပါတယ်။ တခါတလေ သိက္ခာပုဒ်တွေကိုလည်း မြတ်စွာဘုရားက ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်တွေ တင်မက သေးဘူး၊ ရဟန္တာတွေရဲ့ အပြစ်တွေ အကြောင်းလည်း မြတ်စွာဘုရားက သိက္ခာပုဒ်တွေ ချထားပေးပါတယ်။ အပြစ်လား၊ မဟုတ်ဘူးလား။ အဲဒီအခါမှာတော့ အပြစ်မဟုတ်သေးဘူး။ ဒါပေမယ့် အခုတော့ အပြစ် ဖြစ်သွားပါပြီ။ ဆိုပါစို့၊ ရဟန်းတွေက ပါတိမောက်ပွဲ မသွားဘူးဆိုရင် အာပတ်သင့်တယ်။ ဒါပေမယ့် ပါတိမောက်ပွဲ မသွားဘူးဆိုရင် အာပတ်သင့်တယ်ဆိုတာက ရဟန္တာတစ်ပါးမှာ စပြီး အာပတ်ဖြစ်ပေါ်လာပါတယ်။ 

အဲဒီတော့ ဦးဇင်းတို့က ဒီငြိမ်းချမ်းရေး ကိစ္စကို ခဏခဏ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ဒီပဋိပက္ခတွေ ဖြစ်ပေါ်လာရင် ဒီရဟန်းတွေက တိတ်ဆိတ်သွားတယ်။ အဲတော့ ရဟန်းတွေက တိတ်ဆိတ်သွားတဲ့ ကိစ္စက အဆင်မပြေဘူး။ ဒကာ ဒကာမတွေအတွက် အဆင်မပြေဘူး။ ဒကာဒကာမတွေက ဒီတော့ ဘာလုပ်ရမလဲ မသိကြတော့ဘူး။ သူတို့ အမြဲတမ်း အားကိုးနေတဲ့ ရဟန်းတွေက ဘာမှမပြောတော့ ဒကာဒကာမတွေက မသိတော့ဘူး။ အဲတော့ အဲဒီအခါမှာ ဘာမှမသိတော့ ဘယ်ဟာမဆို အဆင်ပြေတယ်လို့ သူတို့က ယူဆကြတယ်။ ဟုတ်ပါပြီ၊ ဒါဆို ဒီအခြေအနေမှာ ရဟန်းတွေက သတ်လိုက်လို့ မပြောတာ ဘာကြောင့်လဲလို့၊ ငါတို့က သတ်ရမလို့၊ သူတို့က ပြောခွင့်မရှိလို့ အဲလိုလားဆိုပြီးတော့ သူတို့က ပန်ကြားတယ်လား။ ဦးဇင်းက သူတို့ရဲ့ စိတ်ကူး ဖြစ်နိုင်မယ်လို့ နည်းနည်းစိုးရိမ်မှု ရှိနေတယ်။ *(လူတွေက ငါတို့ လူသတ်ရမှာကို၊ ရဟန်းတွေအနေနဲ့ လူသတ်တဲ့ ကိစ္စကို လုပ်ခိုင်းခွင့် ပြောဆိုခွင့် မရှိလို့ ဘာမှ မပြောဘဲနေတာလား ဆိုပြီး သဘောပေါက်နေကြသလား။ ဖြည့်စွက်အနက်ကောက်ယူချက်)  ရဟန်းတွေက အစကနေ ဟုတ်ပါပြီ၊ အခု နိုင်ငံရေး ပြဿနာ ဖြစ်နေပြီ၊ ဘယ်သူမှ မသတ်ရဘူး ဆိုပြီးတော့ ခဏခဏ ထပ်ပြောမယ်ဆိုရင် ဦးဇင်း ထင်တယ်၊ အကျိုးများမယ်။ ဘာမှတွေပါ၊ ဘာမှ မပြောလိုက်တော့ ဒကာဒကာမတွေက အခု သတ်တာလည်း လုပ်ကြပါတယ်။ သတ်တာကိုလည်း သဘောကျတယ်။ မြတ်စွာဘုရားမှာ ခေါင်းကိုက်တာ ဖြစ်ဖူးတယ်။ မြတ်စွာဘုရားမှာ ခေါင်းကိုက်တာလား၊ ဗိုက်နာတယ်လား အခုပြန်မမှတ်မိတော့ဘူး။ မြတ်စွာဘုရား ဟိုးအရင်တုန်းက အရင်ဘဝမှာ ငါးတွေကို သတ်ဖြတ်ခြင်းကို သဘောကျလို့ မြတ်စွာဘုရားဖြစ်တဲ့အခါမှာ မြတ်စွာဘုရားမှာ အနာရောဂါတွေ ခံစားနေရတယ်။ အဲဒါ ငါးတွေကို သတ်ဖြတ်ခြင်းကို သဘောကျလို့။ အခု မြန်မာနိုင်ငံမှာ လူတွေကို သတ်ဖြတ်ခြင်းကို သဘောကျကြတယ်။ အဲဒါ ပိုဆိုးတယ် မဟုတ်ဘူးလား။ အဲတော့ အဲဒီဟာလိုမျိုး အဲလိုမျိုး ကိစ္စတွေက ရိုးရိုးစာပေအတိုင်း ဦးဇင်းတို့က အေးဆေး ရှင်းပြနိုင်တယ်။ အကျင့်မှန်တွေ ဖြစ်နေတယ်။ အဲဒီကိစ္စတွေကို ရဟန်းတွေက ဘာမှမဟောဘဲ ပြဿနာတွေ တက်နေတယ်။ 

အဲဒီ ပြဿနာတက်နေတဲ့ဟာက ဒကာဒကာမတွေကို သီလဘက်ကို ခေါင်းဆောင်မယ့် ပုဂ္ဂိုလ်တွေ မရှိတော့ဘူး။ ရှိရင် နည်းတယ်။ အဲဒီမှာ ဒကာဒကာမတွေက ကြောက်ကြတယ်။ အဆင်မပြေကြတော့ဘူး။ ဘယ်ဟာမဆို ဆုံးဖြတ်တယ်။ အဲတော့ စည်းကမ်းတွေ အဆင်မပြေတော့ဘူး။ “ဟုတ်ပြီ၊ ငါတို့က မဖြစ်မနေ သတ်ရမှာပေါ့”တဲ့။ “ဟာ ဘယ်လို၊ ဘယ်လို… ဗုဒ္ဓဘာသာဝင်တွေ သီလ ငါးပါးဆိုတာ မပတ်သက်ဘူးလား” လို့ ဦးဇင်း စဉ်းစားတယ်ပေါ့။ ဟုတ်ပါပြီ၊ ဦးဇင်းက D Day မှာ တရားအကြီးကြီးဟောတယ်။ အဲဒီဟာ ဟောလိုက်ပြီးတော့ ဒကာဒကာမတွေက “ဟာ အရှင်ဘုရား နားမလည်ဘူး”တဲ့၊ “ဟာ ဘာလဲ၊ ဦးဇင်း နားမလည်ဘူးလား” ၊ မသတ်ရဘူးဆိုတာ … ဦးဇင်းက အရမ်းအံ့ဩတယ်ပေါ့။ ဒီလိုမျိုး ဗုဒ္ဓဘာသာဝင် နိုင်ငံဆိုတော့ ဒီလို ဘယ်လိုဖြစ်နိုင်မလဲ စဉ်းစားတယ်။ ဒါပေမယ့် သဘာဝကျတယ်။ ရဟန်းတွေ အကုန်လုံး ထားလိုက်တော့၊ မသတ်ကြနဲ့ ဆိုပြီးတော့ မဆုံးဖြတ်လိုက်တာနဲ့၊ အား… သတ်လို့ရပြီပေါ့၊ ရဟန်းတွေက သတ်လို့ မပြောလိုက်ပေမယ့် ပြောချင်ကြတာပေါ့။ အဲလိုဆိုရင် ငါတို့တွေ သွားပြီးတော့ သတ်ကြမယ်။ ရဟန်းတွေက ဘာမှမပြောဘူးလို့ ပြောပြတယ်။ ( ရဟန်းတွေက မသတ်ကြနဲ့လို့ မဆုံးဖြတ်၊ မဟောပြောလိုက်တော့ လူတွေက ငါတို့ ဒီလိုဆို လူသတ်လို့ရပြီ။ ဘုန်းကြီးတွေက သတ်ပါလို့ ထုတ်မပြောကြ ပေမယ့် ထုတ်ပြောလို့ မရလို့သာ မပြောကြတာ၊ ပြောချင်နေကြတာ။ ငါတို့လူသွားသတ်လည်း သူတို့ ဘာမှ ပြောမှာမဟုတ်ဘူးလို့ သဘောပေါက်သွားတာ။  ဖြည့်စွက်အနက်ကောက်ယူချက် )  အဲဒါ ဒီမှာ မေးခွန်းလို ဖြစ်နေတယ်။ သူက မေးတယ်။ အကျိုးအပြစ်များနှင့် နောင်တွင် ရှိလာနိုင်သော အကျိုးအပြစ်တွေ ဘယ်လိုရှိနိုင်ပါသလဲ ဆိုပြီးတော့ မပါဝင်ရင်ရော ဘယ်လိုရှိနိုင်ပါသလဲ။ အဲဒီတော့ ရဟန်းတွေက မပါဝင်ဘူး။ အများစုက မသွားဘူး။ ဒါကြောင့် မပါဝင်ဘူးလို့ အတိုကောက်ပြောတာ။ ရဟန်းတွေက မပါဝင်တော့ ဒကာဒကာမတွေက ဘာတွေ ပြောလဲ၊ ဘာတွေ လုပ်လဲ၊ သတ်တယ်၊ ခိုးတယ်၊ လိမ်ပြောတယ်၊ အရက်သောက်ကြတယ်။ အဆင်မပြေဘူး။ အဲဒီဟာ ဖြစ်သွားတယ်။ ရဟန်းတွေက အကုန်လုံး ထားလိုက်ပြီးတော့ မရဘူး၊ သတ်လို့မရဘူး။ လုံးဝ အကြောင်းနဲ့မှ သတ်လို့ မရဘူး။ အဲဒါ ရဟန်းတွေက ပြောရမှာ။ အဲဒါ ရဟန်းတွေရဲ့ တာဝန်။ ဘယ်သူဘက်ကို တာဝန်လဲဆိုရင် ဗုဒ္ဓဘာသာတွေဘက်ကို တာဝန်ပါ။ ရဟန်းတွေက ဘာတွေပြောလဲ၊ မပြောဘူး။ တအားအဆင်မပြေဘူး။ တအားမှားတယ်။ ပြောရမယ်။ မဖြစ်မနေ ပြောရမယ်။ 

အရှင်သရဏက ပြောလိုက်တော့ ကျော်ကြားသွားတာ မကြိုက်ဘူး။ ရဟန်းတွေ အကုန်လုံး ပြောရမယ်။ အဲဒီလိုဆိုရင် သံဃာ ကျော်ကြားသွားတယ်။ ဘယ်လိုကျော်ကြားသွားလဲ၊ မသတ်ရဘူးဆိုတဲ့ စကားလုံး ဖြင့် ကျော်ကြားသွားတယ်။ အဆင်မပြေဘူး။ အရှင်သရဏက မသတ်ရဘူးလို့ ဟောလိုက်တော့ အရှင်သရဏကို တချို့ ဒကာဒကာမတွေက “ဪ အရမ်းကောင်းပါတယ်၊ ရှိခိုးပါတယ် ဘုရား၊ အရမ်း အားကိုးပါတယ်ဘုရား။” တချို့က ဘာပြောလဲ၊ အရူးပဲ” ဆိုပြီးတော့ မကောင်းတဲ့ စကားတွေကိုတော့ ဦးဇင်း မပြောတော့ဘူး၊ တော်တော်များများ ဆိုးရွားတဲ့ စကားလုံးတွေနဲ့ ဦးဇင်းကိုလည်း သူတို့က ရေးကြတယ်။ ဘာကြောင့်လဲ၊ သူတို့က ထင်တာ အရှင်သရဏ ပြောလို့ ထင်တာ။ မြတ်စွာဘုရား ပြောလို့ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ မြတ်စွာဘုရားရဲ့ စကားတော်ကို သံဃာတော်က မပြောဘူးဆိုရင် ဒကာဒကာမတွေ မကြားဘူး။ သံဃာတော်က မပြောဘူး။ အရှင်သရဏပဲ ပြောတယ်။ ဒါကြောင့် အင်မတန်ကြီး အဆင်မပြေဘူး။ တအား အဆင်မပြေဘူး။ မြန်မာနိုင်ငံတော်အတွက် အင်မတန်ကြီး အဆင်မပြေဘူး။ ရဟန်းတွေ အကုန်လုံးပဲ ထားလိုက်တော့။ “မသတ်နဲ့၊ အကြောင်းမဆိုင်ဘူး၊ မသတ်နဲ့။ မခိုးနဲ့၊ အကြောင်း မဆိုင်ဘူး၊ မခိုးနဲ့။ လိမ်မပြောနဲ့၊ အကြောင်းမဆိုင်ဘူး၊ လိမ်မပြောနဲ့။” ဟောရမယ်။ မဖြစ်မနေ ဟောရမယ်။ မဟောလို့ ပြဿနာတက်တယ်။ ပြဿနာကြီးသွားတယ်။ တော်လှန်ရေးမှာ အကြမ်းဖက်မှုဖြင့် တော်လှန်ရေး လုပ်ခြင်းဟာ ဦးဇင်းတို့က သမိုင်းအနေနဲ့ သိတယ်။ အဲဒီ တော်လှန်ရေးတွေ အများအားဖြင့် ချို့ယွင်းချက် ရှိတယ်၊ အများအားဖြင့် ရှုံးကြတယ်။ အဲတော့ ရဟန်းတွေက မထကြလို့။ ရဟန်းတွေက ဒကာဒကာမတွေကို “အကြမ်းဖက်မှု မလုပ်ရဘူး၊ အကြမ်းဖက်မှုဖြင့် တော်လှန်ရေး မလုပ်ရဘူး” ဆိုပြီးတော့ ရဟန်းတွေက မထကြလို့ ဒကာဒကာမတွေက ဘာလုပ်လဲ၊ တော်လှန်ရေးကို အကြမ်းဖက်မှုဖြင့် လုပ်ကြတယ်။ အကြမ်းဖက်မှုဖြင့် လုပ်လိုက်ပြီးတော့ အရှင်သရဏက ထလိုက်ပြီးတော့ မသတ်ရဘူးဆိုတော့ အရှင်သရဏက မှားတယ်။ ဟာ အရှင်သရဏကို မှားတယ်မလား၊ အဲဒီ အရှင်သရဏ ပြောတဲ့ စကားလုံးတွေ အကုန်လုံး ရဟန်းတွေ မပြောလို့ အဲဒါဟာ မှားတယ်။ အဲဒီ မြန်မာသံဃာတော်က မှားလိုက်တယ်။ အရှင်ဘုရားတို့က မှတ်လိုက်တယ်။ အကြီးကြီးမှားတယ်။ အဲတော့ မဖြစ်မနေ ပြောရမယ်။ မဖြစ်မနေ ငြိမ်းချမ်းမှု ကိစ္စမှာ မဖြစ်မနေ ပါဝင်ရမယ်။ မဖြစ်မနေ မသတ်ရဘူး၊ မခိုးရဘူး၊ လိမ်မပြောရဘူး၊ ဒီ၃ချက်ကို ခဏခဏ ဦးဇင်းတို့က ဒီမြန်မာနိုင်ငံမှာ အများကြီး အများကြီးတွေ့ရတယ်။  အဲသည့်ဟာ မလုပ်ရဘူးဆိုပြီးတော့ တားရမယ်။ ဘယ်သူမှ အဲ့သည်မှာ အပြည့်မတွက်နိုင်ဘူး။ တကယ်ကြီး တရားဓမ္မအနေနဲ့ သက်သက်ပဲ ဟောလိုက်ပြီးတော့ မသတ်နဲ့ဆိုပြီးတော့ ရဟန်းတွေက အကုန်လုံး ထလိုက်မယ်ဆိုရင် ဒကာဒကာမတို့က ကြားတယ်။ သေချာကြားတယ်။ အဲသည့်ဟာ ရဟန်းတွေက သဘောပေါက်ရင်… နော်… ဒါဆို အဲသည့်ဟာ ဦးဇင်းဘက်ကတော့ အင်မတန်ကြီး အဆင်မပြေ– ဒါပေမယ့် ဦးဇင်းနဲ့ မဆိုင်ဘူး၊ ဦးဇင်းက မြန်မာနိုင်ငံသားလည်း မဟုတ်ဘူး။ လုပ်ချင်သလိုလုပ်ကြ။ ဒါပေမယ့် အဖြစ်အပျက်ကို ပြောပြတာ။ သည်မှာ မေးခွန်းကို ဦးဇင်းက ဖြေပေးတာ။

ကိုပညာ (1:30:47 – 1:32:36)

ဟုတ်ကဲ့ ကျွန်တော်မေးခွန်းလေးမေးချင်လို့ပါ။ ဆရာတော် ရှင်အာစာရပေါ့လေ၊ သံဃာ့သမဂ္ ဆရာတော်ကို တပည့်တော် လျှောက်ချင်ပါတယ်ဘုရား။ ဆရာတော်တို့ကလည်း တော်လှန်ရေးမှာ တက်တက်ကြွကြွ ပါဝင်နေတယ်ပေါ့လေ။ တပည့်တော်အနေနဲ့တွေ့ရတယ်။ ဆိုတော့ သံဃာ့သမ္မဂ္ဂအနေနဲ့ လက်ရှိတော်လှန်ရေး ပေါ့လေ ဘယ်လိုပုံစံမျိုးနဲ့၊ ဘယ်လိုခံယူချက်နဲ့ ပါဝင်သလဲပေါ့လေ။ 

နောက်တစ်ခုက စောစောက ဆရာတော်လည်း မိန့်ကြားသွားတာပေါ့လေ၊ လူထုကို ဆရာတော် အရှင်သရဏ မိန့်ကြားသွားတဲ့ဟာပေါ့လေ၊ မသတ်ရင် မသတ်ရဘူးပေါ့လေ၊ သံဃာတော်တွေဆိုတော့ ဓမ္မလမ်းကြောင်းနဲ့  ငြိမ်းချမ်းရေး၊ အကြမ်းမဖက်ရေး သည်လမ်းကြောင်းကိုသွားကြဖို့ပေါ့နော်။ လက်ရှိမှာလည်း တော်တော်လေး စိတ်ခံစားချက်ပြင်းထန်တဲ့ အနေအထားတွေ ရှိတယ်ပေါ့လေ။ ဆိုတော့ တပည့်တော် ဟိုတလောကလည်း သံဃာသမ္မဂ္ဂရဲ့ facebook ပိုစ့်မှာလည်း အမြဲကြည့်တော့ တွေ့တယ်ပေါ့လေ၊ ဆရာတော်တွေ လက်သုံးချောင်းထောင်ပြီးတော့ပေါ့လေ၊ တပည့်တော်ဖတ်မိတာက “ ပြည်သူအားလုံးက ဒုက္ခတွေ တပွေ့တပိုက်ရင်းပြီးသား၊ ဆွေးနွေးစရာမရှိ၊ အဆုံးထိ ဆက်သွားမည်၊ သံဃာ့သမ္မဂ္ဂ” သည်လိုမျိုး ရေးသားထားတာ တွေ့တယ်။ သည်ပေါ်မှာ ဆရာတော့်အနေနဲ့ ဓမ္မလမ်းကြောင်းနဲ့ ဘယ်လိုမျိုးယူဆပြီးတော့ ဘယ်လိုမျိုး သံဃာ့တပ်မနဲ့ သွားလဲဆိုတာကို တပည့်တော်တို့ကို ရှင်းပြပေးပါဘုရား။

အရှင်အာစရ (1:32:38 – 1:38:10)

ဟုတ်ကဲ့ပါ။ ပထမ မေးခွန်းက ဦးဇင်းတို့ သံဃာ့သမ္မဂ္ဂ သံဃာထုအနေနဲ့ လက်ရှိ နွေဦးတော်လှန်ရေးမှာ ယုံကြည်ချက်နဲ့ သည်လို ပါဝင်နေသလဲ ဆိုတာထက်ပေါ့နော်၊ နောက်တစ်ခုက စောစောက ဦးဇင်းတို့ ညသပိတ်မှာ လက်သုံးချောင်းထောင်ပြီးတော့ လုပ်တဲ့သပိတ်က စာနဲ့ပတ်သက်ပြီးတော့ ပေါ့နော်။ မေးခွန်းက အဲနှစ်ခုနော်။

ပထမမေးခွန်းက ဦးဇင်းတို့ သည်နွေဦးတော်လှန်ရေးမှာ ဘယ်လိုယုံကြည်ချက်၊ ဘယ်လိုစိတ်ဓါတ်တွေနဲ့ ပါဝင်နေသလဲဆိုတာကျတော့ သည်နွေဦးတော်လှန်ရေးမှ မဟုတ်ဘူးပေါ့နော်၊ ဦးဇင်းတို့ ရဟန်းသံဃာတော်တွေ နိုင်ငံရေးမှာ အစဥ်တစိုက်ပေါ့နော်၊ ဟိုတုံးကလည်း ဦးဇင်းအနေနဲ့ဆိုရင်၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ဆိုရင်လည်း ပါဝင်ခဲ့တယ်။ အခု နွေဦးတော်လှန်ရေးမှာလည်း ဆက်ပြီးတော့မှ ပါဝင်နေတယ်။ ဘာလို့ပါဝင်နေလဲဆိုတော့ သည်ကာလက စောစောက ဦးဇင်းပြောခဲ့သလိုပေါ့၊ အမျိုးသားနိုင်ငံရေး၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး တွေပေါ့နော်။ ဒါကတော့ လက်ရှိအခြေအနေနဲ့မို့ ဦးဇင်းအနေနဲ့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးပေါ့နော် အဲလိုမျိုး ပြောခြင်းဖြစ်ပါတယ်။ အဲတော့ အဓိကက ဦးဇင်းတို့ ပြောရင် ဦးဇင်းတို့အနေနဲ့ ကိုယ့်တိုင်းပြည်ကို စည်ပင်ဝပြောတာမျိုး၊ တိုးတက်ဖွံ့ဖြိုးတာမျိုး ဦးဇင်းတို့လိုချင်တယ်။ 

ဘာလို့လဲဆိုတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရာတိုးတက်ကြောင်း စည်းကမ်းတွေ၊ ဥပဒေတွေနဲ့၊ တရားမျှတမှုရှိရှိနဲ့ပေါ့နော်၊ တရားဥပဒေစိုးမိုးမှုရှိရှိနဲ့ အုပ်ချုပ်နိုင်တဲ့ စနစ်တစ်ခု ပေါ်ပေါက်လာမှသာလျှင်၊ အဲသည့်စနစ်အတိုင်းကို အုပ်ချုပ်မယ့် အစိုးရတစ်ရပ် ပေါ်ပေါက်မှသာလျှင် ဦးဇင်းတို့ တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်မယ်၊ ပြီးရင် နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်မယ်။ ဟုတ်လား။ အဲသည်လို ဖွံ့ဖြိုးတိုးတက်လာဖို့ဆိုတာကလည်း စီးပွားရေးတွေ၊ ပညာရေးတွေ၊ ကျန်းမာရေးတွေ အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်လာမှ။ သည်လိုတိုးတက်ဖို့ဆိုရင် တိုင်းပြည်ကို နည်းမှန်လမ်းမှန်နဲ့ အုပ်ချုပ်နိုင်တဲ့ အစိုးရတစ်ရပ်၊ စနစ်တစ်ခု ပေါ်ပေါက်ဖို့ လိုအပ်တယ်လို့ ဦးဇင်းအနေနဲ့ ယူဆတယ်။ အဲလိုယူဆတဲ့ နေရာမှာ ဦးဇင်းတို့အနေနဲ့ NLD အစိုးရကို ကြိုက်တဲ့ အကြောင်းပေါ့။ တိုင်းပြည်ကို စနစ်ကောင်းတစ်ခုနဲ့ပေါ့နော်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့၊ တရားဥပဒေစိုးမိုးမှုရှိဖို့ စည်းကမ်းဥပဒေတွေ သတ်မှတ်ပြီးတော့မှ အုပ်ချုပ်နိုင်တဲ့ ဘယ်သူမဆို ဦးဇင်းတို့အနေနဲ့ လက်ခံတယ်။ အဲသည်လိုမျိုး ဘယ်သူအုပ်ချုပ်လို့၊ ဘယ်သူမို့လို့ဆိုတာမျိုး ဦးဇင်းတို့အနေနဲ့ အယူအဆမရှိဘူး။

အဓိကက ဦးဇင်းတို့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့၊ ဦးဇင်းတို့ တိုင်းပြည်မှာ နေထိုင်တဲ့ ပြည်သူလူထု၊ ပြီးရင် အေးအေးချမ်းချမ်းနဲ့ စားသောက်လုပ်ကိုင်နိုင်ဖို့ပေါ့နော်၊ အလုပ်အကိုင်ဖွံ့ဖြိုးဖို့ အဓိက ပညာရေးတွေကောင်းလာဖို့၊ စီးပွားရေးတွေကောင်းလာဖို့ အဲသည့်အတွက်ပဲ ဦးဇင်းတို့က ယုံကြည်တယ်။ အဲသည့်အတွက် ဦးဇင်းတို့တိုင်းပြည်မှာ စနစ်ကောင်းတစ်ခု လိုအပ်သလို အုပ်ချုပ်တဲ့ လူတန်းစားတစ်ရပ်ပေါ့နော် လိုအပ်တယ်။ အဲသည့်အတွက် ဦးဇင်းတို့အနေနဲ့ သည်တော်လှန်ရေးမှာပါဝင်တယ်။ ပြီးရင် NLD အစိုးရဆီက အာဏာလုသွားလို့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတာ မဟုတ်ဘူး။ စစ်တပ်က တက်ပြီး အုပ်ချုပ်နေလို့ ဦးဇင်းတို့အနေနဲ့ သည်တော်လှန်ရေးမှာ ပါဝင်နေတာ မဟုတ်ဘူး။ အဓိကက ဦးဇင်းတို့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့၊ တိုင်းသူပြည်သားတွေလည်း အေးအေးချမ်းချမ်းနဲ့ အသက်မွေးနိုင်ဖို့၊ စားသောက်နိုင်ဖို့ အဓိကပေါ့နော်။ အဲသည့်အတွက် ဦးဇင်းတို့က ရဟန်းသံဃာတွေအနေနဲ့ ဓမ္မလမ်းကြောင်းကနေပြီးတော့မှ ဦးဇင်းတို့ တတ်နိုင်တဲ့ဘက်က ရပ်တည်တယ်။ သည်နွေဦးတော်လှန်ရေးမှာဆိုရင် ဦးဇင်းတို့ ငြိမ်းချမ်းစွာနဲ့ လမ်းပေါ်ထွက် ဆန္ဒပြခဲ့တယ်။ နေ့ခင်းပိုင်းဆိုရင် ဦးဇင်းတို့ ပရိတ်ရွတ်တယ်၊ မေတ္တာပို့တယ်၊ ဆုတောင်းကြတယ်ပေါ့နော်။ ညပိုင်းမှာဆိုရင်တော့ ပြည်သူလူထုလည်း သည်စနစ်ပေါ်မှာ လက်မခံကြဖို့၊ ဆက်ပြီးတော့မှ အာဏာရှင်စနစ်ကို ဆက်တွန်းလှန်ဖို့ ဆိုပြီးတော့မှ အဓိကက သည်နွေဦးတော်လှန်ရေးသင်္ကေတဖြစ်တဲ့ လက်သုံးချောင်းထောင် ပြီးတော့မှ ပြည်သူကို သည်တော်လှန်ရေးမှာ ဆက်ပြီးတော့ ပါဝင်ကြဖို့၊ သည် မတရားမှုကြီးကို လက်မခံကြဖို့ ဆိုတာမျိုး ဦးဇင်းတို့ ပြည်သူကို စည်းရုံးတဲ့ သဘောပါပဲ၊ ဟုတ်လား။ 

ဦးဇင်းတို့ လက်နက်ကိုင်တာကျတော့ ဦးဇင်းတို့ ဝိနည်းစည်းကမ်းဥပဒေမှာဆိုရင် လက်နက်ကိုင်တာထက် စစ်ရေးပြတဲ့ အခမ်းအနားတွေတောင်မှ သွားကြည့်လို့မရပါဘူး။ အဲတော့ လက်နက်ကိုင်တဲ့ ကိစ္စတွေဆို ပိုပြီးတော့တောင်ဆိုပါတယ်။ အဲ့အတွက်ကြောင့် အဲဒါတွေကကျတော့ ဦးဇင်းတို့နဲ့ လုံးဝမသက်ဆိုင်ဘူး၊ ဦးဇင်းတို့လည်း အားမပေးဘူး၊ အဲသည့်အတွက်လည်း ရှုံ့ချတယ်ပေါ့နော်။ ဟုတ်ကဲ့ ကျေးဇူးပါပဲနော်။

ကိုဖြူးသစ် (1:38:221:43:00)

ဟုတ်ကဲ့ တက်ရောက်လာတဲ့ ဆရာတော်တွေရော ကျန်တဲ့လူတွေအကုန်လုံး မင်္ဂလာပါ။ တကယ်လို့ ကျွန်တော်ပြောတဲ့ထဲမှာ အမှားပါခဲ့ရင်၊ မသင့်တော်တာပါခဲ့ရင်လည်း ကျွန်တော့်ရဲ့ လေ့လာအားထုတ်မှု နည်းပါးလို့လို့ပဲ မှတ်ယူပေးပါ။ ကျွန်တော် အပိုင်းလေးသုံးပိုင်းကို နည်းနည်းလေး ပြောချင်ပါတယ်။ နံပါတ်တစ်အနေနဲ့ပြောချင်တာ၊ မေးချင်တာကတော့ သံဃာတော်တွေက နိုင်ငံရေးထဲ ပါဝင်သင့်လား၊ မပါဝင်သင့်လားဆိုတော့ ကျွန်တော်တို့ ငယ်ငယ်တုံးက ဗုဒ္ဓဘာသာဆိုတာ ဘာမှန်းမသိခင် မိရိုးဖလာ ဗုဒ္ဓဘာသာဘဝမှာ အမြဲတမ်း သူငယ်ချင်တွေ စနောက်ခဲ့တဲ့ စကားတစ်ခု ရှိတယ်၊ 

ဘုရားတွေဘာတွေသွားရင် ဘုရားရှင်မှာ ပန်းမန်နံ့သာတွေနဲ့ လှူပြီးတော့ ဆုတွေတောင်းနေကြတဲ့ လူတွေတွေ့ရင် သိဒ္ဓတ္ထမင်းသားက မင်းစည်းစိမ်တောင်စွန့်ပြီးတော့ တောထွက်သွားတဲ့လူကို သစ်သီးတွေနဲ့ ပန်းမန်နံ့သာတွေနဲ့ သွားလှူပြီး လိုချင်တာတွေ ထိုင်တောင်းနေတာကရော အဆင်ပြေပါ့မလားလို့ စနောက်နေတာမျိုးရှိနေတော့ ပြန်တွေးကြည့်ရင်တော့ သိဒ္ဓတ္ထက ပေါ့လေ နိုင်ငံရေးထဲပါချင်ခဲ့ရင် ဘုရင်ဖြစ်မယ့်လူ၊ နိုင်ငံရေးရဲ့ အဓိကဦးဆောင်ဖြစ်မယ့်လူအနေနဲ့ သူရှိနေခဲ့မှာပေါ့၊ အဲလိုတွေးမိတယ်။ နောက်ဆုံးသူက လောကုတ္တရာလမ်းကြောင်းကိုပဲ ပြတ်ပြတ်သားသား လျှောက်ခဲ့တယ်လို့တော့ မြင်တယ်ပေါ့နော်။ သည်ဟာက တပည့်တော်ရဲ့ အမြင်ပါ။ အပိုင်းနှစ်အနေနဲ့ ပြောမယ်ဆိုရင် ကျွန်တော်တို့ ကြုံခဲ့တဲ့ တစ်လျှောက် သံဃာတွေ နိုင်ငံရေးကို ပါခဲ့တယ်ဆိုတာက ပြည်သူ့ဘက်ကို ရပ်ခဲ့တယ်လို့ပဲ ပြောရမလားပေါ့နော်။ 

တပည့်တော်တို့ အမြင်က ပြည်သူ့ဘက်ကို ရပ်ရင် နိုင်ငံရေး– အမြင်ဆိုတာလည်း နည်းနည်းလေး ပြည်သူ့ဘက်ကိုယိုင်ရင် နိုင်ငံရေးပါပြီးတော့ စစ်တပ်ဘက်ကိုယိုင်ရင် နိုင်ငံရေးမဟုတ်ဘူးဆိုတဲ့ အမြင်လည်း  မဖြစ်စေချင်ဘူးပေါ့နော်၊ အဲတော့ တပည့်တော်တို့ မြင်ခဲ့တဲ့ အမြင်မှာ ရှေ့အရင်တစ်ခုမှာဆိုရင် အင်းဝခေတ်မှာဆိုရင် ရဟန်းတွေက ဘုရင်နဲ့ပေါင်းပြီး သေနုရည်သောက်တာတို့၊ နောက်ဆုံး အင်းဝအကျ ဟံသာဝတီအတက်ခါနီးမှာ ရဟန်းတွေက လက်နက်ကိုင်တာတွေ၊ ရွာတွေမှာ လက်နက်ကိုင်ပြီးတော့ တပ်မတော်ဖွဲ့တာတွေလည်း ဖတ်ခဲ့ရဖူးတယ်။ ပြီးတော့ အင်္ဂလိပ်လက်အောက်မရောက်ခင်မှာလည်း ရဟန်းတွေက နိုင်ငံရေးထဲ ဝင်ပါတာမျိုးတွေလည်း ကြုံခဲ့ရဖူးတယ်။ ဖတ်ခဲ့ရဖူးတယ်ပေါ့နော်။ လက်ရှိကာလတွေမှာလည်း ဗိုလ်သံမဏိတို့ကို ယင်းမာပင် ဗိုလ်သံမဏိတို့ကလည်း ရဟန်းလူထွက်ပေါ့နော်၊ သူတို့တွေဝင်ပါပြီးတော့ လက်ရှိ အပြစ်မဲ့တဲ့ လူဆယ်ဦးကို သတ်တယ်ဆိုပြီးတော့ NUG က လေ့လာစုံစမ်းနေတာတွေ ဖတ်ဖူးတယ်ဆိုတော့ တပည့်တော်မှာလည်း ရဟန်းသံဃာ နိုင်ငံရေးထဲ ဝင်ပါဖို့၊ မပါဖို့ဆိုတဲ့ပေါ်မှာလည်း တော်တော်လေးကို စိုးရိမ်စိတ်တွေ အရမ်းဝင်မိတယ်ပေါ့နော်။ 

ရံဖန်ခါ ကိုယ့်ပတ်ဝန်းကျင်မှာလည်း တစ်ချို့ရဟန်းသံဃာတွေကို မြင်ရတဲ့ အခါမှာ ကြောက်ပါပြီဘုရားလို့တောင် မြင်ကြတယ်ပေါ့နော်။ ပြည်သူ့ဖက်ကရပ်ရင် ရဟန်းကောင်းလို့ ပြောရမလား မသိဘူး။ သံဃာသမ္မဂ္ဂတွေမှာ တွေ့ရတော့လည်း သည်လိုရဟန်းတွေ ရှိသေးပါလားဆိုတဲ့ အားတက်မှုလည်း ဖြစ်ရတယ်ပေါ့နော်။ 

ဒါ အပိုင်းနှစ်ပေါ့နော်။ အဲတော့ ရဟန်းတွေ နိုင်ငံရေးထဲ ဝင်ပါခြင်းမပါခြင်းကရော ပြည်သူတွေကို ဘယ်လောက်ထိ သက်ရောက်မှုရှိလဲဆိုတာလေး သိချင်ပါတယ်။ အပိုင်းသုံးအနေနဲ့ကျတော့ ဓမ္မနဲ့ အဓမ္မဆိုတာလေး နည်းနည်း မေးချင်တယ်ပေါ့နော်။ အဓိကအားဖြင့် အရှင် သရဏတို့လိုမျိုး ခုဆိုရင် ရဟန်းတွေရဲ့ အမြင်မှာ ဘယ်လိုရှိမလဲ၊ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခကြီးပေါ်မှာ ဘယ်ဟာက ဓမ္မလဲ၊ ဘယ်ဟာက အဓမ္မလို့မြင်လဲ သိချင်တယ်။ ဘာလို့ဆိုတော့ — ကျွန်တော်က ကျောင်းဆရာပါ — ကျွန်တော်တို့ NLD လက်ထက်မှာလည်း အရှင်ဦးဥာဏိဿရတို့ကိုယ်တိုင် ငါးပါးသီလမလုံတဲ့သူတွေ၊ ဗုဒ္ဓဘာသာမဟုတ်တဲ့သူတွေဆို သတ်တာ အပြစ်မရှိဘူးလို့ဆိုပြီး စစ်တပ်ကို တရားဟောဖူးတယ်လို့ အဲခေတ်တုံးက အာဏာရပါတီအနေနဲ့လည်း ရခိုင်ပြည်နယ်က လူသတ်ပြီး ပြန်လာတဲ့ စစ်တပ်ကို တရားဝင်အခမ်းအနားတွေနဲ့ ကြိုတာတွေ ကြုံခဲ့ဖူးတော့လေ။

နောက်ပြီးတော့ တပည့်တော်တို့ ရခိုင်မှာ တိုင်းရင်းသားတွေကို သတ်ဖြတ်တာတွေ ရပ်ကြဖို့၊ အင်တာနက်ဖြတ်တာ ရပ်ဖို့ တပည့်တော်တို့တွေ ဆန္ဒတွေ ပြခဲ့ဖူးတဲ့အခါမှာ ပြည်သူလူထုယုံကြည်တဲ့ ပါတီကိုယ်တိုင်က လိုက်ဖမ်းပြီး ထောင်ချတာတွေ ကြုံခဲ့ဖူးတယ်။ နောက်တစ်ချိန် သည် အခုအချိန်ကျတော့ AA ကို အကူအညီတောင်းတာတွေ၊ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းတာတွေတော့ တပည့်တော်တို့ အများကြီးကြုံရတယ်။ ဓမ္မနဲ့ အဓမ္မဆိုတာ ဘယ်ပေါ်မှာ မူတည်ပြီး ရှိတာလဲ၊ ဘယ်လိုခွဲတာလဲ၊ ကိုယ့်ရဲ့ တစ်ကိုယ်ရည် ပိုင်းဖြတ်မှုပေါ်မူတည်ပြီးတော့ ဓမ္မနဲ့ အဓမ္မဆိုတာကို ခွဲတာလား။ ဒါမှမဟုတ် အများ၊ လူနည်းများစနစ်နဲ့ ဓမ္မနဲ့ အဓမ္မကို ခွဲတာလား။ ဒါမှမဟုတ် ဖြစ်နေတဲ့ လူအဝန်းအဝိုင်းတစ်ခုကို အခြားအဝန်းအဝိုင်းတစ်ခုက လှမ်းကြည့်ပြီးတော့ ဓမ္မနဲ့ အဓမ္မ ခွဲတာ ပိုကောင်းမလားဆိုပြီးတော့ တွေးမိပြီးတော့လေ နိုင်ငံရပ်သား ရဟန်းတော် ဆရာတော်ဘုရားကို မေးချင်တာပေါ့နော်။ ဓမ္မနဲ့ အဓမ္မရဲ့ လက်ရှိအမြင်မှာ ဆရာတော် ဘယ်လိုများခွဲလဲ၊ တပည့်တော် အဲဒါကို သိချင်ပါတယ်ဘုရား။ တင်ပါဘုရား တပည့်တော် မေးခွန်းတွေ အမှားပါတာရှိရင်လည်း တပည့်တော် လေ့လာညံ့ဖျင်းမှု၊ လေ့လာမှု အားနည်းလို့ကြောင့်ပဲ လျှောက်တင်ပါတယ်ဘုရား။ တင်ပါ့ဘုရား။

အရှင်ကလျာဏ (1:44:29 to 1:49:12)

ဦးဇင်းကတော့ ဦးဇင်းကလျာဏပါ။ လက်ရှိမှာတော့ သံဃာ့သမဂ္ဂနဲ့ အလုပ်လုပ်နေတဲ့ ဦးဇင်းပါ။ ဆိုတော့ နိုင်ငံရေးမှာ ရဟန်းသံဃာတွေ ပါဝင်သင့်လား၊ မပါဝင်သင့်ဘူးလားဆိုတဲ့ ကိစ္စမှာတော့ လက်ရှိဖြစ်နေတဲ့ အခြေအနေပေါ်မှာ ကြည့်ရင်တော့ ဦးဇင်းတို့ ပါဝင်သင့်လို့ကို ပါခဲ့တယ်ပေါ့၊ အခုထိလည်း ပါဝင်နေတယ်ပေါ့၊ အဲလိုပြောလို့ရပါတယ်။ အရင်တုံးကတော့ ဦးဇင်းတို့ဆိုရင် စာသင်စာချနဲ့ အေးအေးလူလူချနေကြတာပေါ့။ 

အခုလို အာဏာရူးတွေ အာဏာသိမ်းခဲ့လို့သာလျှင် မခံနိုင်လို့ ပြည်သူတွေဘက်ကနေမှ မားမားမတ်မတ်ရပ်တည် ပါဝင်ခဲ့ကြတယ် လို့ပြောရင်လည်း မှန်မယ်ထင်ပါတယ်။ ဆိုတော့ မြတ်စွာဘုရားတောင်မှပဲ သတ္တဝါအများအကျိုးထိခိုက်အောင် လုပ်မယ်ဆိုရင် လုပ်ခဲ့တဲ့လူကို သပိတ်မှောက်ခဲ့တဲ့ သာဓကတွေ၊ မြတ်စွာဘုရားကိုယ်တော်တိုင် လုပ်ခဲ့တဲ့ သာဓကတွေ ရှိတယ်ပေါ့။ သတ္တဝါအများအကျိုးကို ထိခိုက်အောင် လုပ်မယ်ဆိုရင် လုပ်ခဲ့တဲ့သူတွေကိုသပိတ်မှောက်ဖို့ ပတ္ထနိက္ကုဇ္ဇနကံ ဆောင်ခဲ့တယ်ပေါ့၊ ပြောရရင်တော့ သပိတ်မှောက်ခဲ့ကြတယ်။ အဲလိုသာဓကတွေလည်း ရှိခဲ့တယ်ပေါ့။ ဒါလည်းပဲ သတ္တဝါတွေအပေါ် မေတ္တာပျက်လို့တော့ မဟုတ်ဘူး။ ဘာဖြစ်လို့ လုပ်တာတုံး သတ္တဝါအများအကျိုးကို မထိခိုက်စေဖို့အတွက်သာ အဲသည့်ပုဂ္ဂိုလ်တွေကို အပြစ်ပေးတဲ့ သဘောပေါ့ သပိတ်မှောက်တယ်။ အဲသည့်နှလုံးကို မူပြီးတော့မှ ဦးဇင်းတို့သည် ယနေ့အချိန်ထိသာ ပြည်သူနှင့်အတူ သပိတ်တွေမှောက်တယ်၊ ဆန္ဒတွေပြတယ်၊ ဦးဇင်းတို့ရဲ့ အသံတွေကို ဖွင့်တယ်၊ ဟတယ်၊ ထုတ်ပြတယ်။ သည်ပုဂ္ဂိုလ်တွေနဲ့ မပူးပေါင်းဖို့ပေါ့နော်၊ သပိတ်မှောက်ပေးကြဖို့နှိုးဆော်တယ်၊ လုပ်တယ်ပေါ့။ အဲသည့်ထုံး နှလုံးမူပြီးမှ အဲလိုမျိုးလုပ်ခဲ့တယ်လို့ ဦးဇင်းတို့ကတော့– အဲဒါကြောင့်မို့လို့ ဦးဇင်းတို့ ယခုအချိန်မှာ ဒီမိုကရေစီစနစ်ကို သွားနေတာပေါ့နော်။ အရင်တုံးကတော့ ဘုရားရှင်လက်ထက်ကတော့ သက်ဦးဆံပိုင် ဘုရင်ခတ်တွေပေါ့။ အခုအခါကျတော့ ဒီမိုကရေစီခေတ်ကို သွားတယ်။ ဒီမိုကရေစီခေတ်မှာ ဆိုတာကတော့ ပြည်သူတွေဆီမှာ မင်းလောင်းရတဲ့ ခေတ်ပေါ့။ ပြည်သူ့မျက်နှာမှ မထောက်ပဲ မင်းလုပ်မယ်ဆိုရင် ဒါ အလုံးစုံ စီးပွားရေး၊ ကျန်းမာရေး ၊ သာသနာရေးက အစ အကုန်ု့လုံး ပစ္စည်းဆုံးရှုံးမှုတွေက များနိုင်ခြေရှိတာရော၊

အဲ့အတွက်ကြောင့် ဦးဇင်းတို့က လက်ရှိအချိန်အထိ နိုင်ငံရေးမှာ ပါဝင်နေတယ်၊ သပိတ်မှောက်ဖို့ ဆော်သြတယ်ပေါ့။ လက်ရှိ သပိတ်မှောက်နေတယ်ေပေါ့။ ပြည်သူတွေကိုလည်း နှိုးဆော်နေတယ်ပေါ့။ သပိတ်မှောက်ပေးကြဖို့၊ ထိုပုဂ္ဂိုလ်တွေ၊ ထိုလူတွေကိုပေါ့။ နောက် ပြည်သူတွေ မကြည်ဖြုပဲနဲ့ အခုလက်ရီအချိန်မှာ တစ်နေ့ကဆိုရင် ကြည့်ပါ။ အသက်တွေက ငါးဆယ်လောက်။ သူတို့ပြောတဲ့ တပ်မတော်နေ့လား၊ ဘုန်းကြီးတွေ သပြေပန်းတွေနဲ့ လုပ်တဲ့ကိစ္စတွေဆိုတာ သူတို့နဲ့ မအပ်စပ်၊ မပတ်သက်သင့်တဲ့ ဟာတွေ အဲလိုပုဂ္ဂိုလ်တွေဆိုရင် ပြည်သူတွေကလည်း မကြိုက်ဘူး၊ မနှစ်သက်ဘူး။ ပြည်သူမကြည်ဖြူတဲ့ ဘာသာရေးခေါင်းဆောင်ပဲဖြစ်ဖြစ်၊ ဘယ်လိုပုဂ္ဂိုလ်ပဲဖြစ်ဖြစ် သူတို့ဟာ ကြာရှည်ရပ်တည်လို့ မရဘူး။ ပြည်သူကသာလျှင် အဓိကဖြစ်တယ်ပေါ့နော်။ အကုန်လုံး သာသာယာယာနဲ့ ကိစ္စကို အာဏာသိမ်းလိုက်တာ စီးပွားရေး၊ လူမှုရေး၊ သာသနာရေးကအစ အကုန်လုံးကို အလုံးစုံ ပျက်စီးဆုံးရှုံးနေတဲ့ အချိန်မှာ အကုန်လုံး ရဟန်းသံဃာတွေ အနေနဲ့ကလည်း တာဝန်ရှိတယ်။ ပါဝင်သင့်တယ်ပေါ့နော်။ သာသနာအတွက်နဲ့ ပြောမယ်ဆိုရင် သာသနာမကွယ်ချင်ရင်တော့– သည်တိုင်းသွားရင် တော့ မလွယ်ဘူးပေါ့လေ။ ပြည်သူ့မျက်နှာကို မူရမယ်ပေါ့ ဘာသာရေး ခေါင်းဆောင်တွေကလည်း သူတို့တွေနဲ့ ပူးပူးတွဲတွဲ မလုပ်သင့်ဘူးလို့ ဦးဇင်းကတော့ မြင်တယ်။ ပြည်သူတွေရဲ့ ခံစားချက်တွေကိုလည်း ဘုန်းကြီးတွေအနေနဲ့ လိုက်နာရမယ်၊ နားလည်ခံစားတတ်ဖို့ပေါ့လေ။ အဲလိုမျိုးပုံစံတွေပေါ့။ ပြည်သူတွေရဲ့ အာဏာကို လုခဲ့တဲ့ အာဏာရူးတွေကို ဝေးဝေးရှောင်ကြဖို့ သည်ကနေပဲ ဦးဇင်ကတော့ အဲလိုပဲ ဝေးဝေးရှောင်ကြဖို့ ဆိုပြီး ဟောတယ်၊ သပိတ်မှောက်ခဲ့တယ်၊ အဲလိုတွေကြောင့်တော့ သည်လိုမျိုး ဦးဇင်းတို့ နိုင်ငံရေးမှာ ပါဝင်လာကြတယ်ပေါ့။ သည်ဘက်ဆိုရင်တော့ ဦးဇင်းတို့လည်း ကိုယ့်ဟာနဲ့ကိုယ် အသီးသီး ကိုရင်တွေကို စာဝါချလိုက်၊ အေးအေးလူလူ နေကြတာပဲ။ ဦးဇင်းတို့ဆိုရင် သည်ကိစ္စတွေမှာလည်း တစ်ခါမှ မပါခဲ့ပါဘူး။ အခုကတော့ မတရားမှုကြီး မဖြစ်အောင် ဖြစ်တဲ့အတွက်ကြောင့်သာလျှင် ဦးဇင်းတို့ ပါဝင်နေဆဲဖြစ်တယ်လို့ ဦးဇင်းကတော့ ဦးဇင်းရဲ့ အမြင်လေး၊ ဦးဇင်းရဲ့ ပါဝင်နေပုံလေးတော့ ပြောပြတာပါ။ ကျေးဇူးပါဗျ အားလုံး။

အရှင်သရဏ (1:49:30 to 2:00:31)

ဦးဇင်းတို့က သည်ကမ္ဘာမှာ ဦးဇင်းထင်တယ်၊ နိုင်ငံရေးပါတီ ဘယ်ဟာမဆို ရှာရမယ်ဆိုရင် ဥဿုံပြည့်စုံတဲ့ ပါတီဆိုတာ မတွေ့လောက်ပါဘူး။ နော်။ Chad နိုင်ငံကလူတွေကို အလုပ်မလုပ်တဲ့အခါမှာလည်း ပိုက်ဆံပေးတယ်။ အသက်ကြီးတဲ့အခါမှာလည်း ပိုက်ဆံပေးတယ်။ နေမကောင်းရင်လည်း ပိုက်ဆံပေးတယ်။ ကျောင်းတက်ရင်လည်း ဦးဇင်းတို့ဘက်က ပိုက်ဆံပေးစရာမလိုဘူး။ လင်နဲ့ခွဲလိုက်ရင်လည်း ပိုက်ဆံပေးတယ်။ ကလေးမွေးလိုက်ရင်လည်း ပိုက်ဆံပေးတယ်။ ဘာပဲဖြစ်ဖြစ် Chad လူတွေက အစိုးရကို မကြိုက်ဘူး။  တစ်ချို့ကပေါ့နော်။ အဲတော့ ဦးဇင်းတို့က သည်ကမ္ဘာမှာ ဥဿုံပြည့်စုံပါတီကို တွေ့မှာမဟုတ်ပါဘူး။ အဲတော့ ဦးဇင်းက ပါတီတွေ၊ အဖွဲ့တွေကို ဘယ်အဖွဲ့ကကောင်းလဲ၊ ဘယ်အဖွဲ့က ဆိုးလဲဆိုတာ အတိအကျ ခွဲခြားဖို့ မလွယ်ဘူး။ ဘာလို့လဲဆို သည်အဖွဲ့မှာလည်း အားနည်းချက်ရှိတယ်။ ဟိုအဖွဲ့မှာလည်း အားနည်းချက် ရှိပါတယ်။ အဲဒါကြောင့် ဦးဇင်းက အကြံပေးချင်တာက ဦးဇင်းတို့က အမြဲတမ်း သီလငါးပါးအနေနဲ့ ကြည့်လိုက်မယ်ဆိုရင် အကောင်းဆုံးပဲ။ ဒါဆို သည်အဖွဲ့မှာလည်း သီလငါးပါးကျူးလွန်တယ်။ ဟိုအဖွဲ့ကလည်း သီလငါးပါး ကျူးလွန်တယ်။ ဟုတ်ပါပြီ၊ အဲလိုဆိုရင် ဦးဇင်းတို့က ရွေးရမယ်ဆိုရင် ဘယ်သူက ကောင်းလဲလို့ မရွေးတော့ပဲ ဘယ်သူက ပိုကောင်းလဲလို့ ရွေးရမယ်။ သည်အဖွဲ့မှာ သူတို့က လမ်းမှားထွက်လိုက်ပြီးတော့ ဘယ်သူမဆိုကို သတ်ဖြတ်မယ်၊ လူတွေရဲ့အိမ်ထဲကို ဝင်လိုက်ပြီးတော့ မိဘတွေ့လည်း သတ်မယ်၊ သမီးအသက်က နှစ်နှစ်- သမီးကိုလည်း သတ်မယ်၊ ပြီးတော့ ကလေးတွေကို ထောင်ချမယ်၊ ဆရာဝန်တွေကို သတ်ဖြတ်လိုက်မယ်ဆိုပြီးတော့ အဲဒါက အဖွဲ့တစ်ဖွဲ့။ ပြီးတော့ နောက်အဖွဲ့က ရှိပါတယ်၊ အဲအဖွဲ့က သူတို့က ပြည်သူရင်ခွင် ဆိုတဲ့ဟာ လုပ်တယ်။ ဒါဆို စစ်သားတွေကို တပ်မတော်မှာ ပြည်သူကာကွယ်ရေးစစ်တပ်ကို ခေါ်ဆောင်ပေးတယ်၊ တပ်မတော်မှာ စစ်သားတွေက ထွက်ခွာမယ်ဆိုရင် သူတို့ကို အားပေးတယ်၊ ဆင်းရဲတဲ့ ပုဂ္ဂိုလ်တွေကို ပိုက်ဆံတွေပေးတယ်၊ စားဖို့ပေးတယ်၊ ဝတ်ဖို့ပေးတယ်၊ နေရာပေးတယ်၊ လုံခြုံမှုပေးတယ်၊ နိုင်ငံခြားမှာ Asylum — အဲဒါကို မြန်မာလိုတော့ မသိဘူး — သူတို့က နိုင်ငံခြားသွားလိုက်ပြီးတော့ အဲ့ဒီ့မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေနိုင်အောင် သူတို့က စီစဥ်ပေးတယ်ဆိုရင်တော့ အဲဒါ နောက်တစ်ဖွဲ့၊ အဲလိုဆိုရင်တော့ ဦးဇင်းတို့က ဘယ်သူကောင်းတယ်ဆိုပြီးတော့ ပြောလို့မလွယ်တဲ့အခါမှာ ဘယ်သူက ပိုကောင်းလဲဆိုပြီးတော့ ဦးဇင်းတို့က ကြည့်လိုက်မယ်။ 

အဲတော့ ဦးဇင်းက အမှန်တကယ် ဦးဇင်းက NUG ခေါင်းဆောင်တဲ့ သူတွေအိမ်မှာကို အပါတ်တိုင်း ဦးဇင်းကို ဆွမ်းပင့်တယ် ဖြစ်ပါတယ်။ အဲတော့ သူတို့နဲ့ သည်ကိစ္စတွေ အများကြီး အများကြီး ဆွေးနွေးရတယ်။ ဆိုတော့ သူအိမ်မှာရောက်ပြီးတော့ ဆွမ်းကပ်လိုက်ပြီးတော့ ကိစ္စတွေ၊ နိုင်ငံရေးကိစ္စတွေ အများကြီး ဦးဇင်းတို့က ဆွေးနွေးရမယ်၊ အသေးစိတ် ဆွေးနွေးရတယ်။ အဲတော့ အဲသည့်ဟာဆွေးနွေးလိုက်ပြီးတော့ ဦးဇင်းကတွေ့တယ်၊ သူတို့က မသတ်ချင်ဘူး၊ မသတ်နိုင်တဲ့ အကြောင်းတွေ ရှိတယ်ဆိုရင် နည်းလမ်းတွေရှိတယ်ဆိုရင် တစ်ရာရာခိုင်နှုန်း အပတ်တကုပ် ကြိုးစားအားထုတ်ကြတယ်။ အဲတော့ ဦးဇင်းက ထင်တယ်၊ အဲလိုမျိုးနေရာမှာ ဦးဇင်းတို့ရဟန်းတွေအနေနဲ့ ဒကာတို့ ဘယ်လိုလုပ်ရမယ်ဆိုတာ နည်းနည်း ပိုရှုပ်တယ်၊ ဒါပေမယ့် ဦးဇင်းတွေ၊ ရဟန်းတွေအနေနဲ့ ပိုကောင်းတဲ့ဘက်မှာ ဘာတွေလုပ်ရမလဲ၊ ပိုကောင်းတဲ့ဘက်က ကောင်းတယ်လို့လည်း ဦးဇင်းက သိပ်ပြောဖို့ အသေအချာနှိုးဆော်ပေးလို့ မရဘူး၊ ဒါပေမယ့် ပိုကောင်းတဲ့ဘက်မှာ ဘာကောင်းတာ လုပ်လဲဆိုပြီးတော့ အဲ့ဒီ့ ကောင်းတာလုပ်တာကို ဦးဇင်းတို့က သူတို့ကို ထပ်ခါ၊ ထပ်ခါ၊ ထပ်ခါ နှိုးဆော်ပေးရတယ်။ ဒါကြောင့် သူက ဦးဇင်းကို ဆိုပါစို့ ပြောတယ် ဟုတ်ပါပြီ၊ ဒါဆို ငါတို့က သည်လိုမျိုး လက်နက်တွေ စီစဥ်လိုက်တယ်၊ သည်လိုမျိုးလုပ်တယ်၊ ဟိုလိုမျိုးလုပ်တယ် ဆိုပြီးတော့ ဦးဇင်းကပြောတယ်၊ ဒါပေမယ့် တစ်ခြားနည်းလမ်းတွေလည်း ရှိတယ်နော်၊ မသတ်ဘဲ နည်းလမ်းတွေ ရှိတယ်၊ အဲတော့ သူကပြောတယ် ဟုတ်ပါတယ် တင်ပါ့ဆရာဆိုပြီးတော့ သည်နည်းလမ်းလည်း လုပ်တယ်၊ ဟိုနည်းလမ်းလည်း လုပ်တယ်၊ ဟိုဟာလည်း လုပ်တယ် ဆိုပြီးတော့၊ အဲတော့ ဦးဇင်းဘက်က ဘာပြောလို့ရမလဲ၊ ဦးဇင်းဘက်က ဟုတ်ပါပြီ ဘာမှမလုပ်တော့နဲ့၊ တော်တော်ဆိုးတယ် ဆိုပြီးတော့ မဟုတ်ပဲ ဒကာတို့က မသတ်ပဲ၊ မခိုးပဲ လုပ်နေတဲ့နည်းလမ်းတွေကို ဒကာတို့က ပိုများများလုပ်ကြပါ၊ ဦးဇင်းတို့က အဲဒါကို အများကြီး သာဓုခေါ်ပါတယ်ဆိုပြီးတော့ ဦးဇင်းဘက်က ကောင်းကောင်းမွန်မွန် ချမ်းချမ်းသာသာ တရားနဲ့အညီ အပြည့်အဝ အားပေးလို့ ရပါတယ်။ 

အဲတော့ ဒကာတို့ဘက်က ဘာတွေလုပ်နိုင်မလဲဆိုပြီးတော့ ဒကာတို့က ဟုတ်ပါပြီ သည်ပါတီက ဆိုးတယ်၊ သည်ပါတီက ပိုကောင်းတယ်ဆိုပြီးတော့– အဲတော့ ပိုကောင်းတာ ဘာကြောင့်ပိုကောင်းသလဲ၊ သူတို့လုပ်ပုံလုပ်နည်းတွေမှာ ကောင်းတဲ့အလုပ်တွေက ဘာလဲဆိုပြီးတော့ အဲသည့်ဟာ ရှာလိုက်ပြီးတော့ သည်ဟာ တရားဓမ္မနဲ့ ညီတဲ့ဟာ ရှာလိုက်ပြီးတော့ အဲသည့်ဟာ သူတို့ကို အားပေးရတယ်။ ဆိုတော့ ဒကာတို့က အဲသည့်မှာ အားပေးလိုက်ပြီးတော့ သူတို့က မကောင်းတာလုပ်မှာ သူတို့က အားမပေးဘူးဆိုရင် သူတို့က သဘောပေါက်တတ်တယ်၊ ဟုတ်ပါပြီ ငါတို့က သည်နည်းလမ်းဖြင့် အောင်မြင်တယ်၊ သည်နည်းဖြင့် သိပ်မအောင်မြင်ဘူး၊ အဲသည့်မှာ သူတို့က အောင်မြင်တဲ့ နည်းလမ်းကို ပိုပြီး အာရုံစိုက်မယ်။ ဒါက business စီးပွားရေးလိုပဲ အတူတူပါပဲ။ အဲတော့ business စီးပွားရေးမှာ လူတွေက ဆိုပါစို့ စက္ကူဘူးပိုကြိုက်တယ်၊ ပလတ်စတစ်ကို အဲလောက်မကြိုက်ဘူးဆိုရင် အဲလိုဆိုရင် စီးပွားရေးမှာ စက္ကူကို ပိုများများရမယ်၊ ပလတ်စတစ်ကို အဲလောက်မရဘူး၊ အဲလိုမျိုးပေါ့။ ဒါဆို ဒကာဒကာမတို့က ဆိုပါစို့ NUG မှာ ပြည်သူရင်ခွင်ကိစ္စတွေမှာသာ မဟုတ်၊ လုံခြုံရေးလုပ်ပေးတဲ့ လုံခြုံတဲ့နေရာတွေ စီစဥ်ပေးနေတာ၊ နိုင်ငံခြားသွားဖို့ အခွင့်အရေးတွေ တပ်မတော်စစ်သားတွေကို စီစဥ်ပေးတဲ့ နော် သူတို့က ထွက်ခွာလိုက်ပြီးတော့ နိုင်ငံခြားလည်း သွားကြပါ၊ အဆင်ပြေပါတယ်၊ ငါတို့ အကုန် ပေးလိုက်မယ်ဆိုပြီးတော့– အဲလိုမျိုးဟာလုပ်တဲ့အခါမှာ ဒကာ၊ ဒကာမတို့က အားပေးသင့်တယ်။ ဆင်းရဲတဲ့ ပုဂ္ဂိုလ်တွေကို စားစရာတွေ စီစဥ်ပေးတယ်။ ဆင်းရဲတဲ့ ပုဂ္ဂိုလ်တွေကို ဝတ်ဖို့စီစဥ်ပေးတယ်၊ နေဖို့ စီစဥ်ပေးတယ်။ လုံခြုံမှုဆိုတဲ့ အိမ်တွေစီစဥ်ပေးတယ်။ အဲတော့ အဲလိုမျိုး အခြေအနေတွေမှာ ဒကာ၊ ဒကာမတို့က အဲသည့်ပါတီကို အပြည့်အဝ အားပေးသင့်ပါတယ်။ အဲတော့ ဘယ်သူက ဓမ္မ၊ ဘယ်သူက အဓမ္မဆိုတာ အခု ဦးဇင်းရဲ့အဖြေမှာ ဒကာဒကာမတို့က သဘောပေါက်ရမယ်။ တစ်ရာရာခိုင်နှုန်း ဓမ္မပါတီ ဦးဇင်းထင်တယ် ကမ္ဘာမှာ မရှိဘူး၊ မရှိနိုင်ပါဘူး။ ဒါပေမယ့် တစ်ဝက်ရာခိုင်နှုန်း ဖြစ်တဲ့ ပါတီ၊ ပြီးတော့ ကိုးဆယ့်ရှစ်ရာခိုင်နှုန်း ရှိတဲ့ ပါတီ နှစ်ခုရှိတဲ့အခါမှာ ဦးဇင်းတို့က ကိုးဆယ့်ရှစ်ရာခိုင်နှုန်း ဓမ္မပါတီကို ရွေးလိုက်ပြီးတော့ အဲသည်မှာ သူတို့က ကိုးဆယ့်ရှစ်ရာခိုင်နှုန်းမှာ အားပေးရမယ်၊ နှစ်ရာခိုင်နှုန်းမှာ မလုပ်ရင်ပိုကောင်းပါတယ်၊ အဲဒါ မလုပ်ကြပါနဲ့၊ ဖြစ်နိုင်ရင် ဘယ်လိုပဲဖြစ်ဖြစ် မဖြစ်နိုင်ရင်လည်း မလုပ်ကြပါနဲ့၊ မဖြစ်မနေ ကိုးဆယ့်ရှစ်ရာခိုင်နှုန်းမှာ သာဓုခေါ်ပါတယ်၊ အားပေးပါတယ်၊ ဦးဇင်းဘက်က ဘာပဲလုပ်နိုင်လုပ်နိုင် လုပ်ပေးပါတယ်ဆိုပြီးတော့ ဦးဇင်းတို့က မဖြစ်မနေ အားပေးရမယ် ဆိုတာ ဦးဇင်းရဲ့အဖြေ။

ကိုရဲထက် (2:00:53 to 2:03:20)

ခုနတုံးက ဆရာတော်တွေ ဆွေးနွေးတာ အများစုကတော့ သည်လက်ရှိ ဖြစ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းမှာ ပြည်သူတွေရဲ့ မျက်နှာကို ထောက်ထားပြီးတော့ ဘယ်လောက်အတိုင်းအတာအထိ ပါဝင်သင့်လဲ၊ မပါဝင်သင့်ဘူးလဲပေါ့နော်။ သည်ရှုထောင့်ပေါ်မှာ အဓိကထားပြီး ဆွေးနွေးသွားတာပေါ့နော်။ တပည့်တော်ရဲ့ အမြင်ကတော့ ဟုတ်တယ်၊ သည်အခြေအနေမှာ ကျွန်တော်တို့ ပြည်သူတွေ တကယ်ကျဥ်းထဲကျပ်ထဲ ရောက်နေတယ်။ တကယ်ကို အခက်အခဲတွေ အများကြီးပေါ့နော်။ ကပ်ဘေးအမျိုးမျိုး တွေ့နေရတယ်ပေါ့နော်။ ဟုတ်တယ်။ တစ်ချိန်တည်းမှာပဲ တပည့်တော်အမြင်ကပေါ့နော် လက်ရှိက သံဃာထုမှာလည်း အုပ်စုသုံးစုလိုမျိုး ဖြစ်နေတာပေါ့နော် တစ်ဖက်ကတော့ အမျိုးသားရေးမှာ အရမ်း strong ဖြစ်တဲ့ အဖွဲ့ကတော့ စစ်ကောင်စီကို ထောက်ခံတယ်၊ တစ်ဖက်ကလည်း ပြည်သူတွေနဲ့ တစ်သားတည်းရှိပြီးတော့ပေါ့နော်၊ တော်လှန်ရေးထဲမှာလည်း ထဲထဲဝင်ဝင် ပါနေတဲ့ သံဃာတစ်ချို့ ရှိတယ်။ အလယ်မှာတော့ အများစုပေါ့နော် ကြားနေသံဃာတော်တွေ– ဒါပေမယ့် သည်အတိုင်းပေါ့နော် သည်ပုံစံအတိုင်း သည်ဘက်က အခုနကပြောတဲ့ အမျိုးသားရေးနဲ့ သည်ဘက်က တော်လှန်ရေး ဆိုကြပါစို့ နော် သည် သံဃာနှစ်စုက အားပြိုင်တယ်၊ အလယ်ကလည်း ဖြစ်နေတဲ့ အခြေအနေပေါ်မှာ သိပ်ပြီးတော့ မှတ်ချက်မပြုရဲဘူးပေါ့နော်၊ တစ်ခုခုပြောလိုက်ရင် လူတွေက အရမ်းခံစားချက်များတော့ အများစုက ငြိမ်ငြိမ်လေးနေပြီးတော့ ရှောင်နေကြတယ်ပေါ့နော်။ ပြောရင်တောင်မှ တိုးတိုးလေးပဲ ပြောတယ်ပေါ့လေ။ သည်အခြေအနေပေါ်မှာ ထိန်းကျောင်းဖို့က။ ဆိုတော့ သည်တိုင်းဆက်သွားရင် ခုနက နိုင်ငံရေးအကျပ်အတည်းဖြစ်တယ်၊ ပြည်သူတွေမှာ အခက်အခဲတွေ့နေရတယ်၊ ကပ်ဘေးအမျိုးမျိုး တွေ့နေရတယ်။ 

ဒါပေမယ့် တစ်ချိန်တည်းမှာ ဒီလိုမျိုးပေါ့နော် လက်ရှိဖြစ်နေတဲ့ အခင်းအကျင်းအတိုင်း ဆက်သွားမယ်ဆိုရင်ပေါ့နော်၊ ဗုဒ္ဓဘာသာကို ပြုပြင်ပြောင်းလဲရေးကို ထည့်မစဥ်းစားဘူးဆိုရင်တော့ သာသနာကိုပါ အများကြီး ထိခိုက်မယ်လို့ ထင်တယ်ပေါ့နော်။ သာသနာလည်း တကယ်တော့ ကျဥ်းထဲကျပ်ထဲ ရောက်နေပြီပေါ့နော်။ လက်ရှိမှာ သည်တိုင်းဆက်သွားမယ်ဆိုရင် အခုလက်ရှိမှာ လူငယ်တွေအများစုမှာ မေးခွန်းတွေအများကြီး ရှိတယ်။ ဗုဒ္ဓဘာသာက တကယ်ကော ငြိမ်းချမ်းတဲ့ ဘာသာဟုတ်ရဲ့လား။ ကျွန်တော်တို့က အမြဲတမ်း ကြုံးဝါးတာက မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ ထွန်းကားတယ်၊ အရမ်းအေးချမ်းတဲ့ နိုင်ငံပေါ့နော်၊ မေတ္တာတရား ရှေ့ထားတဲ့ နိုင်ငံ။ ဒါပေမယ့် သည်အချိန်မှာ အကုန်လုံးက တကယ်ကို လောင်မီးတောက်နေတယ်ပေါ့နော်။ အကုန်လုံးမှာ တစ်ယောက်နဲ့တစ်ယောက်က ခံစားချက်တွေ၊ အမုန်းတရားတွေ သည်လိုမျိုးတွေ အရမ်းများနေတော့ လူတွေကလည်း မေးခွန်းရှိတယ်။ ပြီးတော့ ဗုဒ္ဓဘာသာကရော တကယ်ရော ငြိမ်းချမ်းမှုကို — သံသရာ ခဏထားပေါ့နော် — မျက်မှောက်ဘဝမှာ တကယ်ငြိမ်းချမ်းမှုရော ရှိသေးရဲ့လားလို့ မေးခွန်းတွေ ထုတ်လာကြတယ်။ ဆိုတော့ သည်တိုင်းဆက်သွားရင်တော့ ကျွန်တော်က ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ပေါ့နော် ဘာသာရေးကို ပြန်စိုးရိမ်တယ်။ ဆရာတော်တွေ အခုလူတွေကို စိုးရိမ်သလိုပေါ့နော်။ တပည့်တော်ကလည်း သည်တိုင်းဆို သံဃာအရေးရာ ဗုဒ္ဓဘာသာအရေးကိုရော စိုးရိမ်ပါတယ်လို့ တပည့်တော်ရဲ့ အမြင်ကို လျှောက်ထားတာပါ။

အရှင်သရဏ (2:03:21 to 2:06:14)

ဦးဇင်းက လုံးဝ၊ လုံးဝ မစိုးရိမ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှာ ဘယ်လိုပဲဖြစ်ဖြစ် ထွန်းကားမလား မထွန်းကားဘူးလားတော့ သည်စကားလုံးတော့ ဦးဇင်းက မရွေးချင်ပါဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် တည်မှာပါလို့ ဦးဇင်းက လုံးဝ၊ လုံးဝ သေချာပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ ရဟန်းဆရာတော်တွေမှာ ဗဟုသုတလည်း ရှိပါတယ်။ ဒါဆို ဦးဇင်းတို့မှာ ပဋိပတ္တိလည်းပဲ ရှိပါတယ်။ ပရိယတ္တိလည်း ရှိပါတယ်။ ပဋိဝေဓလည်း ရှိပါတယ်။ အဲတော့ အဲသည့်ဟာ ရဟန်းတွေမှာ ရှိတဲ့ အပြင် စိုးရိမ်စရာမှာ လုံးဝမလိုအပ်ပါဘူး။ ဘယ်မင်းဘုရင် ဘယ်သူ့ပဲလာလာ၊ ဘယ်သူ့ကိုပဲ သတ်သတ် ဦးဇင်းကတော့ မြန်မာ့နိုင်ငံမှာ ဗုဒ္ဓဘာသာကို နည်းနည်းလေးမှ မစိုးရိမ်ပါဘူး။ လုံးဝ အဆင်ပြေပါတယ်။ စိုးရိမ်တာကတော့ တစ်ချို့ဒကာ၊ ဒကာမတွေမှာ — အကုန်လုံးမဟုတ်ပါဘူး — အယူမှားမယ်လို့ အဲသည့်ဟာတော့ နည်းနည်း စိုးရိမ်ပါတယ်။ ဘာလို့လဲဆိုတော့ အဲသည့်ဟာ အခု နိုင်ငံခြားတွေမှာ အခု အများကြီးတွေ့ရတယ်။ သူတို့ကထင်တယ် သြော် ဗုဒ္ဓဘာသာဆိုရင် တော်တော်ဆင်းရဲမှာပေါ့ ဆိုပြီးတော့ မြန်မာ့နိုင်ငံကို ကြည့်လိုက်တော့လေ၊ ဗုဒ္ဓဘာသာနိုင်ငံဆိုရင် တော်တော်ဆင်းရဲရမှာပေါ့ ဆိုပြီးတော့ ဗုဒ္ဓဘာသာကို တစ်နိုင်ငံလုံး ဘာသာကြီးအနေနဲ့ တော်တော်ကြောက်ကြတယ်။ ဆိုတော့ ကြည့်လိုက်ပါ မြန်မာ့နိုင်ငံမှာလည်း ဗုဒ္ဓဘာသာဖြစ်တော့ တော်တော်ဆိုးတယ်ပေါ့နော် ဆိုပြီးတော့။ အဲလို တစ်ချို့က စိုးရိမ်ကြတယ်။ သည်ဟာကို ဦးဇင်းတို့က ဘယ်လိုဖြေရှင်းမလဲတော့ မသိပါဘူး။ ဒါပေမယ့် ဦးဇင်းထင်တယ် သည်လိုမျိုး အစည်းအဝေးတွေ ဒကာတို့က အခုစီစဥ်ထားတယ် ဒကာတို့က အခုအစည်းအဝေးတွေ ဟုတ်ပါပြီ ဒါဆိုရဟန်းတွေဘယ်လိုလုပ်ရမလဲ၊ ဘယ်လိုလုပ်သင့်သလဲ၊ ဆရာတော့်တွေရဲ့ ဒကာ၊ ဒကာမတွေရဲ့ အမြင်တွေ၊ ယူဆမှုတွေ၊ ဗဟုသုတတွေ၊ အတွေ့အကြုံတွေကို အချင်းချင်း ဆွေးနွေးလိုက်ပြီးတော့ လုပ်နိုင်တယ်ဆိုရင် ဦးဇင်းထင်တယ် အင်မတန် အရေးကြီးပါတယ်။ ဆိုတော့ တော်တော်များများမှာ ဗဟုသုတလည်း မရှိဘူး၊ ခင်မင်တဲ့ ရဟန်းလည်း မရှိပါဘူး။ ဒါပေမယ့် မိမိထင်မြင်ချက်တွေ များတယ်။ အဲတော့ အဲသည့်ထင်မြင်ချက်တွေနဲ့ သူတို့က အယူမှားပြီးတော့ မိစ္ဆာတွေ ဖြစ်ဖြစ်လိုက်ပြီးတော့ ဗုဒ္ဓဘာသာကို သူတို့ မလေးစားတော့ဘူး၊ သဘောမကျတော့ဘူး။ သူတို့ တစ်ခြားဘာသာရေးကို မကူးချင်ပေမယ့် ဗုဒ္ဓဘာသာကို သူတို့မှာ ယုံကြည်မှုလည်း မရှိဘူး၊ ကျင့်ကြံမှုလည်း မရှိတော့ပါဘူး။ ဒါဆို ဦးဇင်းကတော့ ဗုဒ္ဓဘာသာကို လုံးဝမစိုးရိမ်ပါဘူး။ လုံးဝ ဦးဇင်းထင်တယ်။ သည်အချိန်မှာ အင်မတန် အဆင်ပြေပါတယ်။ ဒါပေမယ့် တစ်ချို့ဒကာ၊ ဒကာမတွေမှာတော့ အယူမှားတွေ ဖြစ်နိုင်ပါတယ်။ အဲသည့်ဟာကိုတော့ စိုးရိမ်ပါတယ်။ သည်လိုမျိုး အစည်းအဝေးတွေ အများကြီးလုပ်လိုက်မယ်ဆိုရင်၊ ခဏခဏ လုပ်လိုက်မယ်ဆိုရင် ဦးဇင်းထင်တယ် အကျိုးများပါတယ်။ ကျေးဇူးတင်ပါတယ်။

ကိုပညာ (2:06:27 to 2:08:35)

ကျွန်တော်ဆွေးနွေးတာကတော့ နည်းနည်းများနေပြီပေါ့လေ။ ဒါပေမယ့် ဆရာတော် အရှင်သရဏ ဆွေးနွေးတဲ့ပေါ်လေး ထပ်ပြီးတော့ပေါ့လေ လျှောက်ထားချင်တာပေါ့လေ၊ ကျန်တဲ့ ဆရာတော်တွေရောပေါ့လေ၊ တက်ရောက်လာတဲ့ ပုဂ္ဂိုလ်တွေရောပေါ့။ အဲတော့ ဆရာတော်ကတော့ အလွန်အကောင်းမြင်တာပေါ့လေ။ အလွန်အကောင်းမြင်တဲ့ စိတ်ဓါတ်နဲ့၊ အမြင်နဲ့ ပြောသွားတာပေါ့လေ။ ဒါပေမယ့် တပည့်တော် လျှောက်ချင်တာက လက်ရှိ တကယ်ပဲ မြန်မာပြည် ဗုဒ္ဓဘာသာစနစ်က ပြုပြင်ပြောင်းလဲစရာမလိုဘူးလားပေါ့။ အားလုံးကောင်းနေလားပေါ့။ 

ဆိုတော့ နောက်တစ်ခု စောစောက သံဃာ့သမဂ္ဂက ဆရာတော်လည်း ပြောသွားတာပေါ့လေ အာဏာရှင်စနစ်ရဲ့  ဒဏ်ဟာ ဘာသာရေးမှာလည်း ထိခိုက်တယ်ပေါ့လေ။ ဒါ နှစ်ပေါင်းများစွာ ကြုံခဲ့ရတဲ့ ကိစ္စဆိုတော့ ဗုဒ္ဓဘာသာ စနစ်ပေါ့လေ၊ နောက်ပြီး သံဃာ့အဖွဲ့အစည်း စနစ်တွေမှာ ဖိနှိပ်မှုနဲ့ပေါ့လေ၊ အစိုးရရဲ့ ယန္တရားတွေအောက်ကို သွင်းထားတဲ့ ပုံစံတွေပေါ့လေ။ ပြောချင်တာကတော့ သံဃာ့သမဂ္ဂအနေနဲ့ပဲဆိုလည်း ပြည်သူနဲ့အတူပေါ့လေ ပါဝင်တယ်ပေါ့လေ။ သို့သော်လည်း ပြည်သူနဲ့အတူ ပါဝင်တဲ့ သံဃာတွေကိုယ်၌ကရော ပြုပြင်ပြောင်းလဲရေးမှာ ပိုကောင်းတဲ့၊ ခေတ်နဲ့ ဆီလျော်တဲ့၊ နောက်ပြီး အာဏာရှင်စနစ်ရဲ့ ယန္တရားတွေ မပါဝင်တဲ့ ဗုဒ္ဓဘာသာစနစ်သစ်တစ်ခုကို တော်လှန်ဖို့ရော ဆန္ဒမရှိဘူးလား၊ အဲဒါကို မသွားသင့်ဘူးလား။ ပြည်သူတွေနဲ့ အတူတူ၊ ဒကာ၊ ဒကာမတွေနဲ့အတူတူ ရပ်တည်ပေးတာလည်း ကောင်းပါတယ်ပေါ့လေ။ သို့သော်လည်း သံဃာကိုယ်၌က ပြောင်းလဲဖို့ဆိုတဲ့ ကိုယ်ပိုင်စိတ်ကူးချက် ဒါတွေကိုရော မရှိသင့်ဘူးလားပေါ့နော်။ သည်ပေါ်မှာ ဆရာတော်တို့ အမြင်လည်း သိချင်ပါတယ်။ လာတက်တဲ့ ပုဂ္ဂိုလ်တွေလည်း သည်ပေါ်မှာ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ဒါမျိုး ရှိဖို့ပေါ့လေ သံဃာထုကိုရော တောင်းဆိုချင်လားပေါ့နော်၊ ဒါလေးလည်း လျှောက်ထားချင်ပါတယ်။ မေးမြန်းချင်ပါတယ်။ ဟုတ် ကျေးဇူးတင်ပါတယ်။

အရှင်အာစရ (2:08:44 – 2:14:06)

ဟုတ်ကဲ့ပါ။ သည်ပေါ့ ဦးဇင်းတို့ သည်လွတ်လပ်ရေးရပြီးနောက်ပိုင်း ဦးဇင်းတို့ သံဃာ့အဖွဲ့အစည်းပေါ့နော်၊ နိုင်ငံတော်သံဃာ့နာယကပေါ့၊ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးဆိုပြီးတော့မှ သံဃာ့အဖွဲ့အစည်း ပေါ်ပေါက်လာတာက မဆလ လက်ထက်ပေါ့နော်၊ မဆလ တစ်ပါတီ အာဏာရှင်ပေါ့။ ဦးနေဝင်းကနေပြီးတော့မှ ဖွဲ့ပေးခဲ့တာပေါ့နော်။ ဖွဲ့ပေးခဲ့တယ်ဆိုတာကလည်း သူ့ရဲ့ ရည်ရွယ်ချက်က သာသနာတော် စည်ပင်တိုးတက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်မျိုး မဟုတ်ဘူး။ အဓိကက သံဃာတော်တွေကို အုပ်ချုပ်ဖို့၊ ဖိနှိပ်ဖို့ ဆိုတဲ့ ဟာမျိုးပေါ့နော်။ အဲသည့်ပုံစံမျိုးနဲ့ သံဃာ့လုပ်ထုံးလုပ်နည်းတွေ၊ စည်းမျဉ်းတွေကို ချမှတ်ပေးခဲ့တယ်။ အဲ့သည့်ကတည်းက အခုချိန်ထိက အဲသည့် စည်းမျဉ်း၊ ဥပဒေတွေနဲ့ပဲ သွားနေရတာပေါ့။ အဲတော့ အာဏာရှင်စနစ် အောက်ကနေပြီးတော့မှ သတ်မှတ်ပေးလိုက်တဲ့ စည်းကမ်းဥပဒေဆိုတာ ဘယ်လိုမျိုးဖြစ်မလဲ ဆိုတာ– ပြောလို့ရှိရင် ကောင်းကျိုးဖြစ်မလား၊ ဆိုးကျိုးဖြစ်မလားဆိုတာက လွယ်လွယ်လေးနဲ့ နားလည်သဘောပေါက် နိုင်တယ်ပေါ့နော်။ အဲသည့်တော့ ဦးဇင်းတို့ သံဃာ့အဖွဲ့အစည်းဆိုတာကလည်း တိုင်းပြည်ကို အုပ်ချုပ်တဲ့ အစိုးရတွေကပဲ ပြောရလို့ရှိရင် သူတို့ပြောတဲ့အတိုင်းပဲ သံဃာ့အဖွဲ့အစည်းတွေက လိုက်နာခဲ့ရတာကိုး။ လိုက်နာခဲ့ရတဲ့အတွက် ဦးဇင်းတို့ အခု စောစောပိုင်းက ဦးဇင်းပြောသလိုပေါ့နော်။ သည်တိုင်းပြည်မှာ စနစ်တစ်ခုမကုန်ရင် ဘာမှမကောင်းနိုင်ဘူး။ ပညာရေး၊ စီးပွားရေး၊ လူမှုရေး မကောင်းနိုင်သလို သည်ဘာသာရေးလည်း ဘယ်ဘာသာမှ မကောင်းနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အုပ်ချုပ်တဲ့စနစ်ကိုက ကိုယ်ကျိုးအတွက် အဓိကထားပြီးတော့မှ အုပ်ချုပ်ခဲ့ကြတာကိုး။ တစ်ပါတီ အာဏာရှင်မှာလည်း အဲ့အတိုင်းပဲ၊ အဲသည့်နောက်ပိုင်း စစ်အာဏာရှင်အဆက်ဆက်လည်း သည်လိုပဲ အုပ်ချုပ်ခဲ့ကြတာ။ အဲသည့်အတွက် ဦးဇင်းတို့က စနစ်ကို ကောင်းဖို့ရာအတွက် ဦးဇင်းတို့က အခုလို မတရားမှုတွေကို ဆန့်ကျင်ခဲ့ကြတာ။ သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်လို့ ပြောရလို့ရှိရင် ဦးဇင်းတို့ကိုယ်တိုင်ကလည်း ယုံကြည်တယ်။ တိုင်းပြည်ရဲ့စနစ် ကောင်းသွားပြီဆိုတာနဲ့ ကျွဲကူးရေပါဆိုသလိုပဲ ကျန်တဲ့အရေးကိစ္စတွေ မှန်သမျှ ပြုပြင်ပြောင်းလဲသွားမယ်။ ဘယ်အရာမှ ချန်ခဲ့လို့မရဘူး။ စောစောက CDM ကျောင်းဆရာတစ်ယောက် ဆွေးနွေးသွားသလိုပေါ့နော်၊ ဦးဇင်းတို့ မြတ်ဗုဒ္ဓရဲ့ တရားတော်တွေ အနေနဲ့က ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး၊ ဟုတ်လား။ အခု လူငယ်တွေဟာလည်း ဝေဖန်ပိုင်းခြားနိုင်တဲ့ အရည်အချင်း ရှိကြတယ်။ အဲသည့်အတွက် ဘာသာရေးအပေါ်မှာတော့ သူတို့ မေးခွန်းထုတ်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြတ်ဗုဒ္ဓဟောထားခဲ့တဲ့ တရားတွေကို မေးခွန်းထုတ်လို့မရဘူး။ တကယ်တော့ သူတို့မေးခွန်းထုတ်လာနိုင်တာက ဘာသာရေးခေါင်းဆောင်တွေ။ အဲတော့ ဘာသာတရားနဲ့ ဘာသာရေးခေါင်းဆောင်ကို  ကွဲကွဲပြားပြားသိဖို့ လိုမယ်၊ ဟုတ်လား။ အဲသည့်တော့ မြတ်ဗုဒ္ဓဟောထားခဲ့တဲ့ ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ ပိဋိကတ်သုံးပုံ တရားတော်တွေဟာ ဘယ်လိုမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ ဘယ်သူမှလည်း ပြောင်းလဲလို့ မရဘူး။ အဲဒါကို ကိုယ်လိုရာဆွဲတွေးပြီးတော့မှ တစ်ချို့ဘာသာရေးခေါင်းဆောင်တွေဟာ ဟောပြောနေတဲ့ပေါ်မှာ မေးခွန်းထုတ်ကြ လိမ့်မယ်၊ ဟုတ်လား။ မကြာသေးခင်က ကိစ္စတစ်ခုနဲ့ ဦးဇင်း ဥပမာပြောရလို့ရှိရင် သီတဂူဆရာတော်ကြီး ပြောသွားတဲ့ သဒ္ဒါပညာ အားကောင်းတဲ့ မင်းဟာ– သဒ္ဒါပညာအားကောင်းတယ်လို့ သူက သုံးတယ်၊ ပြောသွားတယ်၊ ချီးမွမ်းသွားခဲ့တယ်။ 

ဒါပေမယ့် သူပြောသွားတဲ့ သဒ္ဒါပညာတရားက အကျိုးလိုလို့ ညောင်ရေလောင်းတဲ့ သဒ္ဒါတရားမျိုး ဖြစ်နေတယ်၊ ဟုတ်လား။ ထောင်မြင်ရာစွန့်တဲ့ သဒ္ဒါတရားမျိုး ဖြစ်နေတယ်။ ငါ့ကို လှူတန်းတယ်ဆိုရင် ငါ့ဒကာပဲ၊ ငါ့ကိုမလှူရင် ငါ့ဒကာမဟုတ်ဘူးဆိုပြီး ကိုယ်လိုရာ ဆွဲပြောသွားတာ၊ နော်။ အဲသည့်လို ဟောပြောချက်မျိုး၊ အယူအဆမျိုးပေါ်မှာတော့ လူငယ်တွေ မေးခွန်းထုတ်ကြလိမ့်မယ်။ ဘာသာရေးခေါင်းဆောင် ဘုန်းကြီးတွေလည်း အဲသည့် မေးခွန်းထုတ်တာတွေကို ခံနိုင်ရည်ရှိအောင် ကြိုးစားကြဖို့ လိုလိမ့်မယ်။ ဒါက ဦးဇင်းက ဘာသာတရားနဲ့ ဘာသာရေးခေါင်းဆောင်တွေကို ခွဲပြီးတော့ မြင်ဖို့ပေါ့နော်။ ဒါကိုလည်း ဦးဇင်းတို့အနေနဲ့ သဘောပေါက်တယ်။ အဲသည့်အတွက် ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ ဓမ္မ၊ အဓမ္မမှာ အဓမ္မဘက်က မရပ်တည်ကြဖို့ ဦးဇင်းတို့က ဆော်သြပေးနေတာပေါ့။ စောစောက ဓမ္မနဲ့ အဓမ္မဆိုတဲ့ နေရာမှာလည်း ဦးဇင်းအမြင်ပေါ့နော် ဘုရားဟောထားခဲ့တာက မကောင်းမှုရှောင် ကောင်းမှုဆောင်- လူမိုက်ကို မပေါင်းနဲ့၊ လူလိမ္မာနဲ့ပဲ ပေါင်းရမယ်။ အဲဒါနှစ်ခုကို စဥ်းစားပြီးတော့ ဟိုဟာလုပ်လိုက်လို့ရှိရင် ဘယ်လိုဟာတွေကို ဓမ္မ၊ ဘယ်ဟာ အဓမ္မဆိုတာကို သိပါလိမ့်မယ်။ ကျေးဇူးတင်ပါတယ်။

ကိုရဲထက်

တင်ပါ့ဘုရား။ တစ်ခြားဆွေးနွေးချင်တာ၊ မေးချင်တာမျိုး မရှိတော့ရင်တော့ ကျွန်တော်တို့ သည်နေ့ဆွေးနွေးပွဲကို သည်လောက်နဲ့ပဲနားကြတာပေါ့။ နောက်လည်း ကျွန်တော်တို့ ဆက်ပြီးတော့ သည်ပေါ်မှာ ဆက်ပြီးဆွေးနွေးပြီးတော့ သည်လိုမျိုး ခဏခဏတော့ ဆွေးနွေးတိုင်ပင်ဖို့ လိုမယ်လို့ ထင်ပါတယ်။ သည်နေ့ပါဝင်ပေးတဲ့ ဆရာတော် အရှင်ဘုရားတို့ရော၊ တစ်ခြားလူပုဂ္ဂိုလ်တွေ အကုန်လုံးကို ကျေးဇူးအများကြီး တင်ပါတယ်။

Share on facebook
Share on twitter
Share on telegram

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်