စီးပွားပျက်ကပ် တော်လှန်ရေးပေါ်ကို ဘယ်လိုအကျိုးသက်ရောက်မလဲ

Contents

ကိုစိုင်းကြည်ဇင်စိုး (00:07:21-00:17:46)

ကျွန်တော့်ကို ဖိတ်ပြီးတော့ ပြောခိုင်းမယ်ဆိုတာ မသိလိုက်ဘူး။ ဒါပေမယ့် ကျွန်တော်လည်း စိတ်ဝင်စားတဲ့ ခေါင်းစဉ်ဆို‌တော့ ကောင်းတော့ကောင်းပါတယ်။ ပထမတစ်ချက်က စီးပွားပျက်ကပ်ကြောင့် ဘာတွေဖြစ်လာနေလဲ ဆိုတာ အရှေ့အစောပိုင်းက ကျွန်တော် သုတေသန လုပ်ထားတာလေးတွေရှိတယ်။ အဲ့သုတေသန တွေ့ရှိချက်လေးတွေ အကြမ်းပြောပြလို့ရတယ်။ 

ဘာတွေ့ရလဲဆိုတော့ တော်လှန်ရေးတွန်းအား‌ကြောင့် လုပ်ငန်းတွေ တော်တော်များများ ရပ်ကုန်တယ်။ ငွေကြေးမတည်ငြိမ်မှုကြောင့် ရင်းနှီးမြှုပ်နှံမှု တော်တော်များများ ရပ်ကုန်တယ်။ ငွေတန်ဖိုးက တော်တော်သိသိသာသာကျကြတယ်။ တချို့ဆို ပိုက်ဆံရှိတဲ့သူတွေကအစ သားသမီးအတွက် တစ်လကို ဘယ်လောက်သွင်းတယ် ဆိုပြီး အေးဂျင့်တွေဆီမှာ နှစ်ရှည်ထားကြတဲ့ဟာမျိုး savings တွေနဲ့ life insurance တို့၊ education insurance အတွက် (၁) လ ကို (၅) သိန်းတို့၊ (၅) နှစ် ကို သိန်း (၃၀၀) သိမ်းမယ်တို့ပေါ့ အခုထည့်ထားတဲ့ပိုက်ဆံက ဒီလပိုင်းအတွင်းမှာတင် ထက်ဝက်ကျော်တန်ဖိုးလောက် လျော့သွားတယ်ပေါ့။ ဒေါ်လာ (၁) သောင်းလောက် ရင်းထားတဲ့သူတွေက သူတိုရဲ့ ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ (၄) ထောင် တောင် မပြည့်ချင်တော့ဘူး ဖြစ်သွားတယ်။ အဲ့ဒီတော့ ပိုင်ဆိုင်မှုကလည်း ရှုံ့သွားတဲ့သဘောတွေ့ရတယ်။ အလုပ်အကိုင် အခွင့်အလမ်းနည်းသွားတယ်။ ရင်းနှီးမြှုပ်နှံမှု ကျသွားတယ်။ လုပ်ငန်းလည်ပတ်ဖို့အတွက် အခြေခံလိုအပ်တဲ့ လျှပ်စစ်မီးအားကအစ၊ bank လုပ်ငန်း ချိတ်ဆက်ရမှု ပျက်စီးဆုံးရှုံးသွားတဲ့အတွက် လုပ်ငန်းဆုံးရှုံးမှုအပြင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှု ဆိုတာတွေ့ရတယ်။ 

ခုနကမေးခွန်းမှာတွေ့ရသလို တော်လှန်ရေးမှာ အကျိုးဖြစ်စေသလားဆိုတဲ့မေးခွန်းက ဖြေရခက်တယ်လို့ ပြောလို့ရတယ်။ ပထမတစ်ချက်က တော်လှန်ရေးကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ကြမလဲ၊ တော်လှန်ရေးတိုင်းက ကောင်းတာလားဆိုတဲ့ မေးခွန်းကလည်းရှိတယ်။ တော်လှန်ရေးတိုင်းက ကောင်းတယ်လို့လည်း ယူဆလို့မရဘူး၊ တကယ်ပြောင်းလဲမှုဆိုတာ လူသားအကျိုးဖြစ်ထွန်းမှု၊ သဘာဝပတ်ဝန်းကျင် လူ့လောကအသိုင်းအဝိုင်း အကျိုးဖြစ်ထွန်းမှု၊ လူ့ပတ်ဝန်းကျင်တွေ အကျိုးဖြစ်ထွန်းမှု အဲ့ဒါတွေ ဦးတည်ရင် အဲ့ဒါဟာ ကောင်းတယ်လို အဓိပ္ပါယ်ဖွင့်ဆိုချက်အားဖြင့် ကျွန်တော်တို့ သိရတယ်။ တချို့တော်လှန်ရေးကျ class struggle ဆင်းရဲချမ်းသာကွာဟမှု ပေါ်မှာ ဖြစ်ကြတဲ့ဟာမျိုးပေါ့။ မြန်မာနိုင်ငံမှာဆို တရုတ်-ဗမာ အရေးအခင်းဖြစ်ဖူးတယ်၊ ဆန်ရှားတဲ့အချိန်ပေါ့နော်၊ ၁၉၇၀ ပတ်လည်လောက်က၊ အဲ့လို ပုန်ကန်မှုမျိုး ဖြစ်တဲ့ဟာတွေကျ by definition မကောင်းဘူးလို့ သိထားကြတယ်။ 

ဒီဆင်းရဲမှုစီးပွားပျက်ကပ်က တော်လှန်ရေးအတွက် ကောင်းလာနိုင်လားဆိုရင် (၂) ခုလုံးမှာ အကျိုးသက်ရောက်မှု ရှိသွားနိုင်တယ်။ မြန်မာနိုင်ငံရဲ့တော်လှန်ရေးသမိုင်းကို ကြည့်လိုက်မယ်ဆိုရင် လူမျိုးစုတွေအနေနဲ့ကတော့ အစောဆုံး အင်္ဂလိပ်ဆီက ၁၉၄၈  လွတ်လပ်ရေးရပြီးတည်းက ဧပြီလမှာတည်းက ကရင်နဲ့ ဗကပ နဲ့ ပေါင်းပြီး ပဲခူးမှာ ပထမဆုံးစစ်ဖြစ်ကြတာပေါ့။ တော်လှန်‌ရေးက ကရင်အတွက်ဆိုရင်တော့ ၁၉၄၈ တည်းက စတယ်လို့ ပြောလို့ရတယ်။ ကချင်ဆိုရင် ၁၉၆၀ ကစတယ်။ ရှမ်းဆိုရင် ၁၉၆၂ ကစတယ်။ အဲ့လိုမျိုး ခုနှစ်အလိုက် စတာတွေ ဒီဘက်မှာ ကျောင်းသားလူငယ်တွေ အရေးအခင်းကတော့ ၁၉၆၂ ဖုန်းမော်အရေးအခင်းတို့ ဗကသအဆောက်အအုံကြီးကို ဖြိုခွဲရာကနေစပြီးတော့ တော်လှန်ရေးစတယ်။ ခေတ်အဆက်ဆက် လူမျိုးစုတွေ ပုံစံမျိုးစုံနဲ့ တော်လှန်ခဲ့တဲ့ တော်လှန်ရေးတွေရှိခဲ့တယ်။ ဒီနေ့ဆိုရင်တော့ လူမျိုးစုအားလုံးပါဝင်တဲ့ တော်လှန်ရေးအသွင်မျိုး ပြောင်းလာတယ်။ ပြောင်းလာပြီးတော့ ကျွန်တော်တို့ အသိအမြင်အားဖြင့် gender အကြောင်း၊ အကျိုးအပြစ်အကြောင်း၊ ဘာသာရေးအကြောင်းကအစ ဆွေးနွေးမှုတွေ ငြင်းခုံမှုတွေနဲ့ တွန်းလှန်နေတဲ့ တော်လှန်ရေးအသွင်မျိုး ရောက်လာတဲ့အချိန်မှာ ဒီလိုမျိုးဆင်းရဲနွမ်းပါးမှုက အဲ့လို ပြောင်းလဲတိုးတက်တဲ့ တော်လှန်ရေးမျိုး ဆက်ပြီးအားပြုနိုင်မလား ဆိုတာကတော့ အများကြီးသတိထားဖို့လိုတယ်။ 

အခုဆိုရင် စဉ်းစားရတာက တော်လှန်ရေးအချိန်မှာ တစ်ဖက်ကလည်း ဖိနှိပ်မှုပြင်းထန်တဲ့အချိန်၊ ပြီးရင် အပြည်ပြည်ဆိုင်ရာပြောဆိုချက်တွေ၊ ‘စံ’သတ်မှတ်ချက်တွေကို စည်းကမ်းအောက်မှာမနေပဲနဲ့ နိုင်ငံကို တည်ဆောက်ဖို့ ကြိုးစားနေတယ်၊ အာဏာကိုတည်ဆောက်ဖို့ ကြိုးစားနေတယ်ဆိုတာကို ရင်ဆိုင်နေရတဲ့အချိန်၊ တစ်ဖက်မှာလည်း ဖိနှိပ်မှု ရက်စက်မှုတွေကို ရင်ဆိုင်နေရတဲ့အချိန် ကြားထဲက စီးပွားရေးကျဆင်းမှုကြောင့် ခုနက ကျွန်တော်တွေ့ရှိရတဲ့ သုတေသနတွေအရ အလုပ်အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတဲ့ဟာ နေဖို့၊ ထိုင်ဖို့၊ စားဖို့၊ သောက်ဖို ခက်ခဲလာတဲ့ Maslow’s theory ရဲ့ လူတွေရဲ့ basic needs ကို ပြည့်ဖို ခက်ခဲလာတဲ့အချိန်မျိုး ခံစားချက်မပါဘဲ ယထာဘူတာကျကျ နိုင်ငံရေးပြောင်းလဲဖို့ ကောင်းတဲ့ပြောင်းလဲမှုကို စဉ်းစားတွေးခေါ်နိုင်မှုကို တော်လှန်နိုင်ဖို့ဆိုတာ ကြာလာရင် ခက်လာနိုင်တယ်လို့ ကျွန်တော့်အနေနဲ့ အခြေခံအားဖြင့် ယူဆတယ်။ 

ဘာဖြစ်လို့လဲဆိုတော့ Aristotle လည်းပြောခဲ့ဖူးတယ်၊ Poverty ဆိုတဲ့ဟာက ဒုစရိုက်မှုနဲ့ တော်လှန်မှုကို အဓိကဖြစ်စေနိုင်တဲ့ အကြောင်းအချက်ဖြစ်တယ်လို ပြောခဲ့ဖူးတယ်။ ဆင်းရဲနွမ်းပါးမှုဆိုတာက crime ဆိုတဲ့ဟာကို ပြုလုပ်ဖို့အတွက် မီးမွှေးပေးတဲ့ အကြောင်းအချင်းအရာဖြစ်တယ်။ Crime ပါသွားတဲ့ အနေအထား ရှင်သန်မှုမျိုး ကျော်လွှားမှုမျိုးနဲ့ တော်လှန်ရေးဆက်သွားဖို့က အန္တရာယ်အများကြီးရှိသွားနိုင်တယ် ဆိုတဲ့ဟာကို ကျွန်တော်တို့ နားလည်လို့ရတယ်။ ဖြစ်မယ်လို့တော့ ပြောတာမဟုတ်ဘူး။ ဖြစ်လာနိုင်စရာ အကြောင်းအရာတွေကို အများကြီးချင့်ချိန်ဖိုဆိုရင် လူဆိုတာကလည်း basic needs တွေ လုံခြုံပြည့်စုံမှလည်း actualization တို့ belongingness တို့ တခြားအရာတွေ စဉ်းစားနိုင်မယ်ဆိုတဲ့ ယူဆချက်ကလည်း ရှိထားတယ်။ အခြေခံလိုအပ်ချက်အတွက် ရပ်တည်ဖို့ ခက်ခဲလာတဲ့အချိန်မှာ စိတ်သွားတိုင်းကိုယ်ပါဖို့ ခက်လာလိမ့်မယ်။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာလူမှုအသိုင်းအဝိုင်းမှာ မြင်နေရတဲ့ဟာက မိသားစုထဲမှာ အချင်းချင်း ချိတ်ဆက်မှုနဲ့ တစ်ယောက်နဲ့တစ်ယောက် အမှီသဟဲပြုနေရတဲ့ လူမှုစနစ်ကြီးနဲ့ ရှင်သန်နေရတဲ့အချိန်မှာ ဒီလိုမျိုးခက်ခဲလာတဲ့အခါမှာ အထူးသဖြင့် ကိုယ့်တစ်ယောက်တည်း ခက်ခဲတယ်ဆိုတဲ့ဟာက ကိုယ့်တစ်ယောက်တည်းက ခံနိုင်ရည်ရှိပေမယ့် ကိုယ့်ပေါ်မှာ တစ်ယောက်ယောက် မှီခိုနေတဲ့ဟာရှိတဲ့အခါကျတော့ တစ်ခုခုဆုံးဖြတ်ဖို့၊ တစ်ခုခုစွန့်လွှတ်ဖို့ ဆိုတာက ဆုံးဖြတ်ရ ပိုပြီးတော့ ခက်သွားနိုင်စရာရှိတယ်။ 

အဲ့ဒါကြောင့် စီးပွားပျက်ကပ်မျိုးကို ဦးတည်နေတဲ့ဟာက ရေရှည်မှာ ကောင်းတဲ့တော်လှန်မှုမျိုးကို အားဖြစ်စေတာထက် ကောင်းတဲ့တော်လှန်မှုအပေါ်မှာ ဖိအားတစ်ခုခု ဖြစ်လာနိုင်စရာရှိတယ်။ ဖိအားဖြစ်လာနိုင်တာနဲ့အမျှ နောက်တစ်ခု စိုးရိမ်စရာရှိတာကလည်း Stockholm Syndrome လို့ ခေါ်တာပေါ့နော်။ ဖိနှိပ်မှုတွေ ဖြစ်လာတဲ့ အခါမှာ ရှေ့အဆက်ဆက် စစ်အစိုးရတွေ ကျင့်သုံးနေတဲ့ဟာပေါ့၊ ကျွန်တော်တို့ ဖြေလျှော့ပေးနေပါပြီဆိုတဲ့ဟာ အရမ်းကျပ်နေတဲ့အချိန်မှာ တဖြည်းဖြည်း ဖြေလျှော့ပေးလိုက်တဲ့ အသက်ရှုပေါက်ချောင်သွားတဲ့ဉစ္စာကလည်း လူတွေရဲ့ Human psychology အရ Stockholm Syndrome ရသွားနိုင်စရာ ရှိတယ်။ ရသွားတဲ့အချိန်မှာ ကျေးဇူးတင်တတ်တဲ့ အကျင့်တွေ ပေါ်ထွန်းလာမယ်၊ ဆက်ပြီးတော့ ပြောင်းလဲမှုကိုအာရုံစူးစိုက်ရမယ့်၊ target ထားရမယ့် ကိုယ့်ရဲ့vision ကို သွေဖယ်သွားနိုင်တယ်။ သွေဖယ်သွားတယ်ဆိုတာ မြန်မာ့တော်လှန်ရေးတစ်လျှောက်မှာ ရှိခဲ့ဖူးတယ်ဆိုတဲ့ သာဓကတွေလည်း တွေ့ရတယ်။ 

ဆွေးနွေးပွဲဖြစ်တဲ့အတွက် နှစ်ဖက်စလုံး ဒါဖြစ်နိုင်တယ်လို့ ကျွန်တော့်အနေနဲ့ မပြောရဲဘူး။ ဖြစ်သွားနိုင်စရာ Myanmar culture society အရ အမှီသဟဲပြုနေတဲ့ သဘောအရ အမှန်တကယ် စစ်မှန်တဲ့ပြောင်းလဲမှုကို တွန်းအားပေးနေတဲ့ တော်လှန်အားပေါ်မှာတော့ negative အကျိုးသက်ရောက်မှု ရှိနိုင်တယ်။ ဒါပေမယ့် တစ်ဖက်ကယူဆနေကြသလိုမျိုး ချောင်ပိတ်ရိုက်ပြီဆိုရင် အဆုံးစွန်ထိလက်မရွံတဲ့ အနေအထားမျိုး ရောက်သွားနိုင်တယ်ဆိုတာလည်း မှားတယ်လို့ ပြောလို့မရဘူး။ လက်မရွံ့တဲ့တုံ့ပြန်မှုက တကယ်မှန်ကန်တဲ့ တော်လှန်ရေး အသွင်ရောက်ပါ့မလားဆိုတဲ့ မေးခွန်းဆက်မေးဖို့ စဉ်းစားစေချင်ပါတယ်။ ကျွန်တော် ဒီလောက်နဲ့ပဲ အစဖွင့်ချင်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။

Lizzy (00:17:47-00:19:30)

ဟုတ်ကဲ့ ဆရာ။ တော်လှန်ရေးက အမုန်းတရားတွေ အခြေခံတဲ့ တော်လှန်ရေးမျိုးလား လူမျိုးစုံအကုန်လုံး တော်လှန်တဲ့ တော်လှန်ရေးတော့ဖြစ်တယ်ပေါ့နော်။ ဒီတော်လှန်ရေးမှာ ကျပ်တည်းမှုကနေပြီးတော့ ဖိအားလည်း ဖြစ်စေနိုင်သလို ကျပ်တည်းမှုကနေပြီးတော့ crime တွေကိုလည်း မျှော်လင့်ထားရမယ်။ လက်မရွံ့ချောင်ပိတ်ရိုက်တာမျိုးကျတော့လည်း မကောင်းတဲ့ဘက်ကို ပြန်ရောက်သွားမှာ စီစဉ်စရာတွေကတော့ အများကြီးရှိတယ် ပေါ့နော်။ ပြည့်ပြည့်စုံစုံ ဖြေကြားပေးသွားတဲ့ ဆရာ့ကို ကျေးဇူးတင်ပါတယ်။ အခုချိန်ကစပြီး လက်ထောင်ပြီး ဝင်ရောက်ဆွေးနွေးလို့ရပါတယ်။ စီးပွားရေးက တကယ်ပဲ ကျပ်တည်းတာကို ရင်ဆိုင်နေရပြီ၊ တကယ်ပဲအလုပ် လက်မဲ့တွေ ဖြစ်နေပြီဆိုတော့ တွန်းအားဖြစ်သွားမှာလား အမှီသဟဲပြုနေတဲ့ မြန်မာနိုင်ငံမှာဆိုရင် Stockholm Syndrome ဖြစ်သွားမှာလား။ အဲ့လို ဖြစ်ခဲ့တယ် ကျေးဇူးတင်တတ်တဲ့ သာဓကတွေကလည်း ခေတ်အဆက်ဆက် မှာ ရှိခဲ့ဖူးတယ်၊ ‌ဆွေးနွေးမယ်ဆို လက်ထောင်ပြီး ဆွေးနွေးလို့ရပါတယ်။ ဟုတ်ကဲ့ ကိုရန် ပြောလို့ရတယ်နော်။

ကိုရန် (00:20:15-00:22:15)

ဟုတ်ကဲ့ ကျွန်တော် စဉ်းစားထားတာကျတော့ ကြပ်တည်းလာတာဟာ လက်နက်ကိုင်တော်လှန်ရေး ပိုပြီးကြီးမားလာနိုင်တယ်လို့ ထင်တယ်ပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ ခုက လက်နက်ကိုင်တော်လှန်ရေးက ဖြစ်နေတယ် ဒါအရှိတရားပေါ့လေ။ လူတွေ ကြပ်တည်းလာလို့ရှိရင် လက်နက်ကိုင်တော်လှန်ရေးထဲကို စား၀တ်နေရေးအရ ပါလာနိုင်တာရှိနိုင်တယ်ပေါ့။ တစ်ဖက်မှာလည်း ကြပ်တည်းတဲ့အတွက်ကြောင့် မခံချင်လို့ လက်နက်ကိုင်တပ်ထဲ ၀င်တဲ့လူတွေ ပိုများလာနိုင်တယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီဘက်က ငွေပေးပြီးတော့ လူစုရတာလည်း သူတို့အတွက် ပိုလွယ်လာနိုင်တယ် ကျွန်တော်စဥ်းစားမိတာပေါ့လေ။ အဲ့ဒါကြောင့်မလို့ ဒီလက်နက်ကိုင် တော်လှန်ရေးဟာ ပိုပြီးကြီးမားလာနိုင်တယ်လို့ထင်တယ်ပေါ့။ 

နောက် ရှေ့ကဆရာ ပြောသွားသလိုပေါ့လေ ဒီဖက်က လူထုအုံကြွမှုတွေ ဖြစ်လာနိုင်ဖို့ဆိုတာ ကျွန်တော်လည်း စဥ်းစားမရတော့ ပြောရခက်တယ်ပေါ့လေ။ မသေချာဘူး။ ဘယ်လိုအခြေအနေမျိုးရောက်ရင် လူတွေက အုံကြွလာနိုင်လည်းဆိုတာ ပြောရခက်တယ်။ အခြေအနေအရမ်းပြောင်းလဲတာ ရုတ်တရက်ကြီး ထပြောင်းလဲတာ ဥပမာထားပါတော့ ဆီစျေးတွေ မတန်တဆအရမ်းကြီးတွေ တက်လာရင်တော့ အုံကြွမှုတွေ ဖြစ်လာနိုင်ဖို့ရှိတယ်၊ တဖြေးဖြေးတက်လာတာမျိုးဆိုရင် လူတွေက ဒါကို သည်းခံနိုင်လိုက်မယ်။ တက်လိုက်ကျလိုက် ဖြစ်လာတယ်ဆိုလို့ရှိရင် ရေရှည်အချိန်ကြာကြာသာ တက်လိုက်ကျလိုက် ဖြစ်ပြီးတော့ တဖြေးဖြေး တက်လာတယ်ဆိုရင်တော့ အုံကြွမှုက ဖြစ်လာချင်မှ ဖြစ်လာမယ်ပေါ့လေ။ နောက်ပြီးတော့ ကျွန်တော် စဥ်းစားကြည့်တာ ဖြစ်လာလို့ရှိရင်ရော ချက်ချင်းကြီးနှိမ်နှင်းခံလိုက်ရပြီးတော့ ပြန်ငြိမ်သွားကျမလား ဒါမှမဟုတ် လိုချင်တဲ့ ပြောင်းလဲမှုတွေရအောင် အာဏာရှင်ပြုတ်ကျအောင် ဖြုတ်ကျတဲ့အထိရအောင် လူထုအုံကြွမှုတွေက တွန်းပေးနိုင်မလား အဲ့ဒီဟာတွေ ပေါ်မှာလည်းမူတည်တယ်။ အဲ့ဒါကလည်း မသေချာဘူးလေ ဘယ်လိုဖြစ်မလဲဆိုတာတော့၊ အဲ့လောက်ပါပဲလေ။ 

ကိုစိုင်းကြည်ဇင်စိုး (00:23:00-00:26:01)

ဟုတ်ကဲ့ ဖြေတာတော့မဟုတ်ဘူးပေါ့။ ပထမဆုံး ကျွန်တော်ပြောတုန်းက ကျန်သွားတာပေါ့။ ကျွန်တော်လည်း လောလောလောလောနဲ့ ပြောလိုက်ရတာဆိုတော့။ ကျွန်တော်တို့ လက်နက်ကိုင်တော်လှန်ရေးကို ပထမဆုံး စ ကြိုးစားတာက ကရင်ပေါ့နော်။ ကရင်တွေ ၁၉၄၈ ဧပြီလ (၂) ရက်နေ့မှာ ပထမဆုံးတိုက်ပွဲဖြစ်ပြီး စလိုက်တယ်။ သူတို့ရဲ့ ကော်သူးလေအိပ်မက်ကို ၁၉၄၉ ခုနှစ် ဇန်နဝါရီလမှာ စ ကြေညာတယ်ပေါ့။ သူတို့ရဲ့ ကော်သူးလေအိပ်မက် ကရင်ပြည်ထောင်စု သူတို့လုပ်ဖို့။ ဒါပေမဲ့ အဲ့ဒီမှာ နောက်ဆက်တွဲ လက်နက်ကိုင်တော်လှန်ရေးက Sustain ဖြစ်နေဖို့က စီးပွားရေးက ပြန်လိုသွားပြန်ရော။ အခုဆိုလည်း ကျွန်တော်ထင်ပါတယ်။ ကြားကြလိမ့်မယ် ထင်ပါတယ်။ ပြီးခဲ့တဲ့အပတ်က Synergy က လုပ်ခဲ့တဲ့ Talk Show တစ်ခုမှာဆိုရင် ပြောကြတယ်ပေါ့။ တစ်နာရီတိုက်ပွဲ ဖြစ်ဖို့ဆိုရင် သိန်း (၂၀၀) လောက်ကုန်တယ်ဆိုတဲ့ဟာတွေ။ အဲ့ဒီဟာတွေ စဥ်းစားဖို့လိုတယ်။ အဲ့ဒီဟာတွေက တော်လှန်ရေးလုပ်တဲ့အချိန်မှာ Violent နည်းပဲဖြစ်ဖြစ် Non-violent နည်းပဲဖြစ်ဖြစ် တော်လှန်ရေးဖြစ်ပြီ ဆိုကတည်းက အကုန်အကျကရှိနေပြီ။ အဲ့ဒီအကုန်အကျနဲ့ ကျွန်တော်တို့တွေ တကယ် sustain ဖြစ်ဖို့ ဘယ်လို လုပ်ကြမလဲဆိုတဲ့ဟာက မေးခွန်းကြီးဖြစ်နေပြီ။ သမိုင်းတွေမှာတော့ များသောအားဖြင့် တော်လှန်ရေးနဲ့ ပတ်သက်လာပြီဆိုရင် အရင်တုန်းက ကျွန်တော်တို့က resource  exploitation ပေါ့ ရှိထားတဲ့ Natural resources ဒါမှမဟုတ် illicit drug trade ဆေးဝါးရောင်း၀ယ်ဖောက်ကားတာတွေနဲ့ မူးယစ်ဆေးဝါးရောင်း၀ယ်ဖောက်ကားမှုလိုဟာတွေနဲ့ သူတို့က ရှာကြလေ့ရှိတယ်။ အဲ့လိုမျိုးမှာလည်း များသောအားဖြင့် လက်နက်ကိုင်တော်လှန်ရေးကို sustain ဖြစ်ဖို့အထောက်အကူပြုသလို ရှိကောင်းရှိနေပေမဲ့ များသောအားဖြင့် အဲ့လိုနည်းနဲ့ ပိုက်ဆံရှာလိုက်ပြီးသွားတဲ့ စီးပွားရေး ဥပမာဗျာ ဘယ်လိုခေါ်မလဲ very  simple sentence နဲ့ပြောရရင် တော်လှန်ရေးသမား တစ်ယောက်က ပိုက်ဆံကောင်းကောင်းရှာတတ်သွားတဲ့အချိန်မှာ တော်လှန်ရေးလုပ်ဖို့ မေ့သွားတတ်ကြတယ်ဆိုတာ သမိုင်းလည်း ရှိခဲ့တယ်။ အဲ့ဒီအန္တရာယ်ကိုလည်း ကြောက်ရတယ်။ ကြောက်ရတယ်ဆိုတာလည်း များသောအားဖြင့် power grasp people ဆိုတာက တကယ်တမ်းကျတော့ တကယ်သမာဓိခိုင်ပြီးတော့ passion ကောင်းကောင်း နောက် vision ခိုင်ခိုင်မာမာနဲ့ ဦးတည်ချက်မပျောက်အောင် အမြဲတမ်းပံ့ပိုးပေးနိုင်တဲ့ Institution ပေါ့နော် တော်လှန်ရေးသမားတွေအတွက် ဒါမှမဟုတ် တော်လှန်ရေးအင်အားစုတွေ စုဖွဲ့ထားတဲ့  Institutional System ကြီး ရှိနေတယ်ဆိုရင်တော့ ပြဿနာမရှိဘူး။ အဲ့လို System မရှိပဲနဲ့ ကျွန်တော်တို့ ငွေရှာဖွေမှုပုံစံအောက်ထဲမှာ ရောက်သွားပြီဆိုရင် ငွေရပေါက်များလာတဲ့တချိန်ချိန်မှာ ကျွန်တော်တို့ corruption ဆိုတာကြောင့် တော်လှန်ရေးဦးတည်ချက် ပြောင်းသွားတတ်တယ်ဆိုတာလည်း သတိထားဖို့လိုသေးတယ်ပေါ့နော်။ အဲ့တာလေး ဖြည့်ပြောချင်တာပါ။ ဟုတ်ကဲ့ ကျေးဇူးပါ။

Lizzy (00:26:02-00:27:40)

ဟုတ်ကဲ့ ဆရာကျေးဇူးပါ။ ကျွန်တော်တို့က ခေါင်းဆောင်တွေရော၊ ပြည်သူလူထုအများစုက တင်မြှောက်ထားတယ်လို့ ယုံကြည်ထားတဲ့ ခေါင်းဆောင်တွေ ကိုယ်တိုင်ကရော မူဝါဒရှင်းရှင်းလင်းလင်း မရှိဘူးလို့ထင်ရတယ် ကျွန်တော့အမြင်ပေါ့။ ပြည်သူလူထုမှာ အခုဆိုလို့ရှိရင် ပိုပြီးတော့မှ ဝေဝါးလာတယ်။ မူဝါဒတွေက ဘယ်လိုဖြစ်မှန်း မသိဘူး။ ခုချိန်ထိ ကျွန်တော်မြင်သလောက်ဆိုရင် မူဝါဒထက် ခံစားချက်နဲ့ တော်လှန်နေကြတာဖြစ်တယ်။ ခံစားချက်ကလည်း ပြင်းထန်ရမဲ့ပုံစံမျိုးကလည်း မရိုးရအောင် အမြဲတမ်း ဖြစ်နေတယ်ဆိုတော့လေ ခံစားချက်နဲ့ တော်လှန်ပြီး မူဝါဒမရှိတဲ့အချိန်မှာ ပြည်သူလူထုကို သတင်းစကားပေးတာ ပြောတာကျတော့လည်း တော်လှန်ရေးအောင်ဖို့အတွက် လက်နက်၊ လက်နက်အတွက်ဆို ငွေလိုတယ်ဆိုတော့ ငွေရှာရတဲ့နည်းလမ်းကို မျိုးစုံငွေရှာနေတဲ့အချိန်မှာ ခုနက ဆရာပြောသလိုမျိုး ငွေကလည်း ကြပ်တည်းလာတယ်၊ ငွေကလည်း ပိုရှာနေရတယ်၊ ငွေရှာနေတာကို သိသွားပြီဆိုလို့ရှိရင် အရင်က စကားဝိုင်းတွေမှာတွေလိုပေါ့နော်  warlord ပေါ့နော် စစ်ရေးကနေပြီးတော့ ဒီလိုမျိုးပဲဖြစ်သွားမလားဆိုတာ မြင်နေရတယ်။ အတိတ်ကိုလည်း ကြည့်လိုက်ရင် မြန်မာနိုင်ငံမှာ drug trade တွေနဲ့ပေါ့နော် လက်နက်ကိုင်တဲ့ နေရာတွေမှာ ဖြစ်နေတဲ့ဟာလည်း မြင်တယ်ဆိုတော့ ဒါကလည်း စိုးရိမ်စရာနည်းနည်းတော့ ဖြစ်တာပေါ့နော်။ ပြန်ပြီးစဥ်းစားကြည့်လိုက်တော့ ကျွန်တော်တို့ဟာ တော်လှန်ရေးအကြောင်းပြန်ပြောရရင် ခုနက ဆရာပြောသလိုပဲ ကျွန်တော်တို့ လိုချင်တာ ကောင်းတဲ့တော်လှန်ရေးနဲ့ တော်လှန်ဖို့ဆိုရင် ဘယ်လိုပုံစံနဲ့သွားမလဲ စီးပွားပျက်ကပ်ကို တကယ့်ကို ဖိအားအနေနဲ့ ဘယ်လိုသွားမလဲ ဆိုတာ သေချာတော့ ပြန်သုံးသပ်ဖို့လိုတာပေါ့နော်။ တခြားဆွေးနွေးချင်တဲ့လူတွေရှိရင်လည်း လက်ထောင်ပြီး ဆွေးနွေးလို့ရပါတယ်ဗျ။ ဟုတ်ကဲ့ ဟုတ် ဆရာသက္ကဆွေးနွေးလို့ ရပါတယ်။

ကိုသက္ကမိုးညို (00:27:41:-00:29:47)

ဆွေးနွေးမလို့ မဟုတ်ဘူးဗျ။ ဆရာ့ကို မေးစရာရှိလို့။ ခုနက ဆရာပြောထားတာတွေကလည်း ကျွန်တော်တွေးထားတာနဲ့ အကိုက်ပါပဲ၊ အိုင်ဒီယာချင်း အတူတူပေါ့နော်။ ကျွန်တော် ဆရာ့ကို စီးပွားရေးပညာရှင်တစ်ယောက်အနေနဲ့ အကြံတောင်းချင်တာပေါ့နော်။ ကျွန်တော်တို့ ခုမှာ Local PDF တွေလည်း ရှိတယ်ပေါ့နော်၊ NUG လည်းရှိတယ်။ ဒီနေရာမှာ ကျွန်တော်တို့က တော်လှန်ရေးမှာ အဓိကကျတာ ခုနပြောသလို ငွေဝင်ဖို့က အဓိကဖြစ်လာလို့ရှိရင် ဒီငွေရပေါက်ရလမ်းကို sustainable ဖြစ်ဖို့ဆိုတာ တော်တော်ခက်တယ်။ ခက်ခဲတယ်ဆိုတဲ့ သဘောတရားက ပြောရမယ်ဆိုလို့ရှိရင် ခုလောလောဆယ် တော်လှန်ရေးထဲဝင်လာတဲ့ ငွေကို ကြည့်မယ်ဆိုရင် နံပါတ်တစ်က ပြည်သူဆီက ရတဲ့ငွေဖြစ်တယ်။ နံပတ်နှစ်က Click တာတွေ YouTube ကြည့်တာတွေက ရတာတွေ၊ နောက် Application တွေက ရတာတွေလည်းရှိတယ်။ လောလောဆယ်တော့ ဘယ်သူကမှ ဆရာပြောသလိုမျိုး ဒီမူးယစ်ဆေးဝါးလိုဟာမျိုးကနေ ဘယ်သူမှ ငွေမရှာကြသေးဘူး။ ဒါပေမဲ့လည်း ဘာဖြစ်လာလဲဆိုတော့ တစ်ချို့ Local PDF တွေကျတော့ ငွေကြေးရန်ပုံငွေလိုလာတဲ့အခါမှာ ကိုယ့်အိမ်ကို ရောင်းတာက ရောင်းတာ ရောင်းပြီးမှ လုပ်တာတွေလည်းရှိတယ်။ နောက်ပြီး ဘာဖြစ်လာလဲဆိုတော့ လမ်းအသုံးပြုခကောက်ခံတာတို့ အခွန်ကောက်တာမျိုးပေါ့၊ သစ်လုံးတွေကို ခိုးထုတ်ယူခိုင်းပြီးမှ ရန်ပုံငွေရှာတာမျိုး တွေ ရှိတယ်ပေါ့နော်။ အဲ့လိုမျိုးတွေရှိတဲ့အခါကျ ကျွန်တော်တို့က စဥ်းစားတာကျ ဒီ NUG ကတော့ Bond ရောင်းတာတွေရှိတယ်၊ Click to donate ကနေ ရတာတွေရှိတယ်၊ ပြည့်သူ့အလှူငွေတွေ ရှိတယ်ပေါ့နော်။ အဲ့တော့ ဒါတွေက တဖြေးဖြေးနဲ့  resource က limited ရှိတယ်။ နောက်ပိုင်းကျလို့ရှိရင် Sustainable ဖြစ်အောင်လို့ ဘယ်ကနေပြီးတော့မှ ဝင်ငွေရလမ်းတွေဖြစ်နိုင်လဲ၊ တခြားသော တော်လှန်ရေးလုပ်တဲ့နိုင်ငံတွေမှာရော ဘဏ္ဍာငွေက ဘယ်နေရာကနေ ရရှိအောင် ကြိုးစာကြသလဲ၊ ဒါ NUG အစိုးရနဲ့ ပတ်သက်ပြီးမေးတာပေါ့။ နောက်တစ်ခုက Local PDF တွေအနေနဲ့ ဘယ်လိုနည်းလမ်းတွေနဲ့များ ငွေကြေးရှာရင် အဆင်ပြေနိုင်လောက်မလဲ ဆိုတာ ဆရာ အကြံပေးနိုင်တာလေးများ ရှိမလားသိချင်လို့ပါ။ ဟုတ် ကျေးဇူးပါဗျ။

ကိုစိုင်းကြည်ဇင်စိုး (00:29:48-00:38:10)

ဟုတ်ကဲ့ အကြံပေးတာထက် ဘယ်လိုပြောရမလဲ ကျွန်တော်တို့ရဲ့ အခု ၂၀၂၁ နောက်ပိုင်း တော်လှန်ရေးအစမှာ မှန်းထားတဲ့ဥစ္စာက လပိုင်းလောက်နဲ့ ပြီးမယ်ပေါ့နော်။ ပြီးမယ်ဆိုတဲ့နေရာမှာ များသောအားဖြင့် ပုံအောပြီးတော့ ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့သဘောမျိုး အဲ့ဒီအမူအရာမျိုး အစောပိုင်းမှာတွေ့ရတယ်။ နောက်တစ်ခုက အဲ့လိုမျိုးဖြစ်အောင်လည်း ကျွန်တော်တို့က လှုံ့ဆော်မှုက ရှိတယ်၊ နက်ဖြန်ပဲ ကျွန်တော်တို့ တော်လှန်ရေးကြီး အောင်နေပြီတို့ ဒါမှမဟုတ် နယ်မြေဘယ်လောက်သိမ်းပြီးပြီတို့ အဲ့လို motivate ဖြစ်အောင်လှုံဆော်တဲ့ လှုံဆော်မှုတွေကို ပေးတဲ့ဟာမျိုးတွေ ရှိထားတော့ အဲ့ဟာရဲ့နောက်ဆက်တွဲမှာ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှုပေါ့၊ ဒီဟာလေး ရင်းလိုက်ရင် နိုင်ပြီဆိုတော့ ဟာမျိုးပေါ့နော်။ အဲ့ဟာက ကျွန်တော်တို့ realization က ပြန်လာအုံးမှာ တကယ်တမ်းမဟုတ်ဘူး။ တကယ်တမ်းမှန်းထားတဲ့အချိန် တကယ်လူတွေရဲ့ expect ပေါ့နော် တောင့်ခံနိုင်တဲ့ ကာလတစ်ခုလွန်သွားတဲ့ အချိန်ကျရင် လူတွေရဲ့စဥ်းစားမှုကို နောက်တစ်ခါ Psychology  အားဖြင့် Test အလုပ်ခံရမယ်။ ကျွန်တော်တို့လူတွေရဲ့ စဥ်းစားမှုက ခုနတုန်းက ကျွန်တော်ပြောတဲ့ အန္တရာယ်တွေရှိတယ်၊ အဲ့ဒီအန္တရာယ်ကို မရောက်သွားအောင် ဘာ System တွေနဲ့ ဘယ်လိုမျိုး ကာကွယ်ကြမလဲ၊ အချင်းချင်းကြားထဲမှာ ဘယ်လိုမျိုးပေါ့နော်၊ ကျွန်တော်တို့က ထိန်းကျောင်းမှုပုံစံတွေ နားလည်မှုပုံစံတွေကို ဘယ်လိုလုပ်ထားရမလဲဆိုတာ အရေးကြီးတယ်လို့ ကျွန်တော်ထင်တယ်။ အဲ့ဟာက ကျွန်တော်တို့ ရေရှည်သွားဖို့အတွက်  စဥ်းစားကြတဲ့ဟာပေါ့။

နောက်တစ်ခုက ကျွန်တော်တို့ အစောပိုင်းမှာ အဲ့လိုမျိုး မနက်ဖြန်အောင်ပြီ၊ သန်ဘက်ခါအောင်ပြီ ဆိုတဲ့ ယူဆချက်တွေနဲ့ ကျွန်တော်တို့ကို တွန်းပို့လိုက်တဲ့အချိန်ကျတော့ ပိုက်ဆံရှာနိုင်တဲ့ လူတော်တော်များများ ကလည်း ရှာဖို့ မဝံ့မရဲဖြစ်သွားတာ ကျွန်တော်တို့တွေ့ကြရတယ်။ အရင်တုန်းက ထောက်ခံပါတယ်ဆိုတဲ့ ငါတို့ဘက် ပါတယ်ဆိုတဲ့လူတွေ သူတို့ဘာသူတို့ ပိုက်ဆံပြန်ရှာရတဲ့အချိန်မှာ တော်လှန်ရေးကို စိတ်မဝင်စားတဲ့အခါ Boycott လုပ်မယ် ဒါမှမဟုတ် Social Punishment နောက်ဆုံး သတ်မယ်ဖြတ်မယ်အထိပေါ့၊ ရန်ရှာတဲ့ဟာမျိုးထိ ဖြစ်လာတဲ့အချိန်မှာ ဘယ်လိုပုံစံနဲ့ ပိုက်ဆံရှာမလဲဆိုတာက တော်လှန်ရေးကို အားပြုဖို့အတွက် ကန့်သတ်မှု ပိုများသွားတယ်။ အဲ့တော့ လက်ရှိအစိုးရဝန်ထမ်းလုပ်ပြီးတော့ သူ့ဘာသူ ဝန်ထမ်းလခရပြီးတော့ ကျွန်တော်တို့ကို ဒီတော်လှန်ရေးကို ထောက်ပံ့ဖို့ လမ်းကြောင်းဖောက်မလား၊ အဲ့လို အစိုးရဝန်ထမ်းဆက်လုပ်နေတဲ့ လူတွေကို Punish လုပ်မလားဆိုတာ ကျွန်တော်တို့ရဲ့လက်ရှိဆုံးဖြတ်ချက်က Punish လုပ်ဖို့အတွက်ကို ပိုအားသန်တယ်။ အဲ့အတွက်ကြောင့်မလို့ Source of income မှာ တဖြေးဖြေးနဲ့ ကြာလေနည်းလေ ဖြစ်ဖြစ်လာတယ်။ အဲ့လိုနဲ့ နောက် ကျွန်တော်တို့က ဘယ်လိုခေါ်မလဲ စီးပွားရေးရပ်တဲ့ကိစ္စတွေမှာ ကျွန်တော်တို့က အရင်တုန်းက အရမ်းတွန်းကြတယ်၊ အစောပိုင်းမှာတုန်းက ဟုတ်တယ် ပထမဆုံးဆန္ဒပြတဲ့ကိစ္စမှာ အလုပ်သမားသမဂ္ဂရဲ့ ဦးဆောင်မှုနဲ့ ရန်ကုန်မြို့ လမ်းပေါ်မှာ လူတွေထွက်လာတယ်။ အဲ့လိုဟာမျိုးရှိတယ် နောက်ဆက်တွဲ လှိုင်သာယာမှာရှိတဲ့ စက်ရုံတွေ ရပ်သွားတယ်။ ရပ်သွားတဲ့အချိန်မှာ အဓိက အရင်ဆုံးထိခိုက်တဲ့ဟာက အဲ့စက်ရုံမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတော်တော်များများ အရင်ဆုံး နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရတယ်။ ကာလ အကန့်အသတ်တစ်ခု အတွင်းမှာဆိုရင် လူတွေက အချင်းချင်းရိုင်းပင်းကူညီမှုနဲ့ ကူညီစောင့်ရှောက်မှုမျိုး ပုံစံမျိုးနဲ့ ကျွန်တော်တို့က ဝိုင်းကူနိုင်ကြတယ်။ အဲ့လိုကနေ တဖြေးဖြေးနဲ့ ရွေးချယ်စရာ လမ်းကြောင်း ရှုံ့လာတယ် စီးပွားရေးအရလည်း ရှုံ့လာတဲ့အချိန်မှာ ကူတဲ့လူကလည်း တဖြေးဖြေးအားနည်းလာတယ်။ 

အခုဆိုလည်း ကျွန်တော်တို့ Click လုပ်တယ် ဆိုတဲ့ဟာကလည်း အမှန်တိုင်းပြောရင် အင်တာနက်ဖိုးက တတ်နိုင်အုံးမှ၊ အဲ့တော့ အင်တာနက်ဖိုးက ကျွန်တော်တို့ Click လုပ်ဖို့အတွက် ဘယ်လောက်တတ်နိုင်ကြအုန်းမလဲ ဆိုတဲ့ဟာလည်း ကျွန်တော်တို့က ကြာလာတာနဲ့အမျှ အဖြေက ထပ်ထွက်လာတယ်။ အဲ့လိုမျိုး တကယ့်ကိုမှ paradoxical problem ကြီးထဲကို ကျွန်တော်တို့ ရောက်သွားသလို ဖြစ်သွားတယ်။ အဲ့တော့ ဒီချိန်မှာ ကျွန်တော်တို့ ပြန်မေးလာစရာရှိတဲ့ဟာ CDM လုပ်တဲ့ကိစ္စတွေ ဆက်ပြီးလုပ်ခိုင်းအုန်းမလား ဒါမှမဟုတ် CDM လို့ မသတ်မှတ်ပဲနဲ့ သူတို့ရဲ့ရှာဖွေမှုတွေနဲ့ ဒီဘက်ထဲမှာ ဘယ်လိုခေါ်မလဲ တော်လှန်ရေးအတွက် contribution ဘယ်လိုပုံစံမျိုးနဲ့ ရအောင်ရှာကြမလဲ ဆိုတဲ့ဟာမျိုး ပြောင်းစဥ်းစားမလား ဆိုတဲ့ဟာတွေလည်း စဥ်းစားဖို့ ရှိလာတယ်။ ဒါက ကိုရဲထက်တို့ ရှေ့မှာ တစ်ခါပြောတာလည်း ကျွန်တော်နားထောင်ဖူးတယ်။ အဲ့ဟာတွေ အကုန်လုံးက ချိတ်ဆက်နေတာပေါ့နော်။ လူတစ်ဦးချင်းစီရဲ့ income နဲ့ လူတစ်ဦးချင်းစီရဲ့ စီးပွားရေးပြေလည်မှုက သူတို့လက်ရှိ ရှိနေတဲ့ တော်လှန်ရေးအပေါ်မှာ ဘယ်လောက်ထိထောက်ပံ့နိုင်မလဲ ဆိုတဲ့ဟာက ကျွန်တော်တို့က အချိုးကျနေတယ်။ 

နောက်တစ်ခုက အရှေ့ပိုင်းမှာ တော်လှန်ရေးပေါ်မှာ အာရုံရနေတဲ့ဟာ ဒါမှမဟုတ် နာကြည်းမှုက ကြာလာတာနဲ့ တဖြေးဖြေးနဲ့ ကျလာတဲ့ဟာလည်း ကျွန်တော်တို့က တွေ့ရတယ်။ အထူးသဖြင့် မြို့ကြီး မှာနေတဲ့ လူတွေပေါ့နော်၊ အစောပိုင်းမှာ တက်ကြွပြီးတော့ ပါဝင်နေတဲ့လူတွေ တော်တော်များများ ကြာလာတာနဲ့အမျှ ကိုယ့်ရဲ့နေထိုင်စားသောက်မှုအတွက် လိုအပ်ချက်အတွက် ကျွန်တော်တို့ ရုန်းကန်ရတဲ့ဟာတွေမှာ ဒီတော်လှန်ရေးအတွက်ကို အချိန်အများကြီးမပေးနိုင်တော့ဘဲနဲ့ ပါဝင်မှုနည်းနည်းနဲ့ တဖြေးဖြေးလျော့လာတယ်၊ စိတ်ပါဝင်မှုလျော့လာတယ် ဆိုတဲ့ဟာ ကျွန်တော်တို့ တွေ့လာတယ်။ တွေ့ပေမဲ့ ဒီရက်ပိုင်း ကိုဖြိုးဇေယျာသော်တို့ ကိုဂျင်မီတို့ကို execute လုပ်တဲ့ဟာ နောက်ပိုင်းမှ အခုပြန်ပြီးတော့ အာရုံပြန်ရကြတယ်ပေါ့နော်၊ ပြန်မုန်းတီးမှု ပြန်လာတယ်။ ပြီးတော့ ဒီတော်လှန်ရေး မြန်မြန်ပြီးမှရမယ်ဆိုတဲ့ ယူဆချက်တွေရတယ်၊ ရတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုက ခုနတုန်းက ကိုယ့်ရဲ့ တော်လှန်ရေးကို အားနည်းစေမယ့် တုံ့ပြန်မှုမျိုးနဲ့ လက်ရှိ,ရှိနေတဲ့ စီးပွားရေး၊ အခုရပ်မလိုနဲ့ တေးတေးလေးဖြစ်နေတဲ့ စီးပွားရေး အခု ကျွန်တော်တို့ သိသလောက်ဆိုရင် World Bank ရဲ့ report ထဲမှာလည်းပါတယ်၊ ရပ်သွားတဲ့ဟာတွေရှိပေမဲ့ ခုပြန်လည်စပြုတဲ့ဟာက အထည်ချုပ်စက်ရုံပေါ့၊ အဲ့လိုမျိုးဟာတွေပေါ်မှာ ကျွန်တော်တို့ Target ထားပြီးတော့ ဒီ Investment တွေ ထွက်သွားအောင် ဆက်ပြီးတော့ push လုပ်တာဟာ တကယ်တမ်း တော်လှန်ရေးအတွက်ကို အားဖြစ်စေလား။ ခုနတုန်းက ကျွန်တော်ပြောတဲ့ Click လုပ်ဖို့အတွက် ဖုန်းဘေလ်တောင် မတတ်နိုင်တော့မယ့် အခြေအနေမျိုးကို ရောက်သွားစေနိုင်လား ဆိုတဲ့ဟာမျိုးတွေလည်း ကျွန်တော်တို့က အများကြီးဆွေးနွေးဖို့ရှိလိမ့်မယ်။ စဥ်းစားဖို့ရှိလိမ့်မယ်။ အကုန်လုံးက ချိတ်ဆက်နေတယ်။ 

နောက်တစ်ခုက သေချာတာကတော့ တကယ် Leadership ကောင်းကောင်းပေါ့၊ ကျွန်တော်တို့ တကယ့် Political Leadership ကောင်းကောင်းက အရမ်းအရေးကြီးတယ်။ အထူးသဖြင့် အကုန်လုံးက consensus နားလည်မှု ရနေပြီးတော့ သဘောတူညီမှုတွေ မဟုတ်ရင်တောင်မှ သူဘာလုပ်မလဲ ကိုယ်ဘာလုပ်မလဲ အကုန်လုံး rational ကျကျ တိုင်ပင်လို့ရမယ်၊ ဆွေးနွေးလို့ရမယ် သဘောမတူရင်တောင်မှ နားလည်မှုယူပြီးတော့ ဒီကိစ္စကို မင်းနဲ့ ငါနဲ့ ဒီကိစ္စမှာ သဘောမတူဘူးကွာလို့ ပြောလို့ရတဲ့ လူမှုအသိုင်းအဝိုင်းမျိုး ခေါင်းဆောင်မှုအသိုင်းအဝိုင်းမျိုးရှိနေဖို့ ဒီအချိန်မှာ အရေးကြီးတယ်လို့ထင်တယ်။ မဟုတ်လို့ရှိရင် ကြာလာတာနဲ့ အမျှ ဆင်းရဲမှုတွေ နောက်တစ်ခု အဲ့ပိုက်ဆံကိစ္စ ကြာလာတာနဲ့အမျှ အဲ့ဆွေးနွေးမှုတွေ တိုင်ပင်မှုတွေမရှိဘူးဆိုရင် နားလည်မှုလွဲနိုင်စရာ အကြောင်းအများကြီးရှိတယ်။ သံသယဖြစ်စေစရာ အကြောင်းအများကြီးရှိတယ်။ အခု ဒီကလူတွေလည်း အကုန်လုံး သိလိမ့်မယ်။ ကျွန်တော်တို့ အလှူငွေတွေနဲ့ ဝယ်မယ်၊ ခြမ်းမယ်၊ ဝေမယ်၊ မျှမယ်ဆိုတဲ့ဟာတွေ၊ ဒီရဲ့ နောက်ကွယ်မှာ ကျွန်တော်တို့ သံသယက ပါလာတယ်။ သံသယရဲ့ နောက်ဆက်တွဲက တကယ်တမ်းကျတော့ တော်လှန်ရေးကို အားဖြစ်စေတာထက် အားယုတ်စေတယ်ဆိုတာလဲ ကျွန်တော်တို့က လက်တွေ့ သင်ခန်းစာတွေ တော်တော် များများရှိနေပြီ ပေါ့နော်။ 

အဲ့ဒီအတွက်ကြောင့်မလို့ ကျွန်တော်တို့ စဥ်းစားရမှာတွေ အများကြီးရှိတယ်ပေါ့နော်၊ အကုန်လုံးက တော်လှန်ရေးအတွက် လုပ်နေကြတာပဲ၊ အဲ့တော်လှန်ရေးအတွက်က ရေရည်ကို sustain လုပ်ဖို့ တွန်းအားဖြစ်စေတာလား ဒါမှမဟုတ် ဒီအချိန်မှာ ကျွန်တော်တို့ ဆုံးဖြတ်တဲ့ဆုံးဖြတ်မှုဟာ မနက်ဖြန်မှာ အဲ့ Click လုပ်ဖို့ အတွက် ဖုန်းဘေလ်မရှိတော့မယ့် အခြေအနေမျိုးကို ဖန်တီးနေကြတာလား ဆိုတဲ့ဟာလည်း ကျွန်တော်တို့ သေချာစဥ်းစားဖို့ လိုတယ်။  Sorry ဆရာသက္ကမေးတဲ့ဟာ ကျွန်တော် ဒဲ့တော့မဖြေဘူး၊ မဖြေရဲတာလည်း ပါတာပေါ့နော်၊ မဖြေနိုင်ဘူး။ ဒါပေမဲ့ အဲ့လိုစဥ်းစားစရာ အများကြီးရှိတယ်။ လက်ရှိအချိန်မှာတော့ ကျွန်တော်အမြင်နဲ့ မြင်နေတဲ့ဟာက လူမှုအသိုင်းအဝိုင်းကြီးက ဒေါသအခြေခံတယ်၊ စိတ်ခံစားမှုများနေတယ်၊ နောက်ပြီးတော့ အာဃာတတွေ များနေတယ်၊ ကလဲ့စားချေချင်တဲ့ ဆုံးဖြတ်ချက်တွေ ဆုံးဖြတ်မိကြတာများတယ်။ အဲ့တွက်ကြောင့်မလို့ ကျွန်တော်တို့က ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ကိုယ့်ရဲ့တော်လှန်ရေးအားကို ထိမိစေတဲ့ ဆုံးဖြတ်မှုမျိုးတွေ လုပ်မိနေတာများတယ်။ အဲ့ဟာကို ကျွန်တော်အနေနဲ့ကတော့ အန္တရာယ်ရှိတယ်လို့မြင်ပါတယ်။

Lizzy (00:38:11-00:40:52)

ဟုတ်ကဲ့ အပြည့်အစုံ ဖြေပေးလို့ ကျေးဇူးပါဆရာ။ အခု စီးပွားပျက်ကပ်က တကယ်ကို တွန်းအားဖြစ်သွားမယ်ဆိုရင် ပထမဆုံး မူကဘာလဲ။ ပြီးရင် တော်လှန်ရေးကို တွန်းလှန်မယ့်ပုံစံနဲ့ဆို စိတ်ခံစားချက်နဲ့ တွန်းလှန်နေကြတာကိုတော့‌ ဖျောက်သင့်တယ်။ ဒါပေမယ့် ဆရာပြောသလို အလုံးစုံ Sanction (ပိတ်ဆို့မှု) တွေ လုပ်ရမယ်ပေါ့။ နိုင်ငံတကာကနေ အလုံးစုံပိတ်ဆို့မယ်ဆိုပီး တောင်းဆိုနေတဲ့ အဖွဲ့တွေလည်းရှိတယ်။ ဒါပေမယ့် အလုံးစုံ ပိတ်ဆို့တယ်ဆိုတာကျတော့ ပြန်စဉ်းစားလိုက်ရင် စစ်တပ်နဲ့ စစ်တပ်ရဲ့အနွယ်ခရိုနီတွေပဲ သူတို့တွေကျန်ခဲ့ပြီးတော့ တကယ်ထိတော့ အောက်ခြေကပြည်သူ တွေပဲထိတယ်။ သူတို့ကို ထိတာနည်းတယ်။ အဲဒါကြောင့် နောက်ပိုင်း Targeted Sanction လုပ်တယ်ဆိုပေမယ့် မြန်မာနိုင်ငံမှာကျတော့ အကုန်လုံးနေသာသလို နေနေရင်းနဲ့ တော်လှန်ရေးကကြာနေတယ်။ ပျက်ပြီးမှ ငါတို့ အကုန်ပြန်တည်ဆောက်မယ်ဆိုတဲ့ စိတ်တွေ အရမ်းဝင်နေတယ်။ တော်လှန်ရေးကာလ ခဏလေးအတွင်းမှာ အကုန်လုံးပျက်လိုက်။ တော်လှန်ရေးပြီးသွားမှ အကုန်ပျက်သုဉ်းပြီးမှ အစကနေ ပြန်တည်ထောင်မယ်ဆိုတာ ယုံနေတဲ့လူတွေလည်း ရှိနေသေးတယ်။ အဲ့တော့ ဘယ်လိုပြောင်းလဲရမယ်ဆိုတာ ကျွန်တော်လည်း မေးတော့မေးလိုက်တယ်။ ဒါပေမယ့် ဆရာ့မှာလည်း အဖြေလည်းရှိမယ်လို့တော့ မထင်ဘူး။ 

အကုန်လုံးက ဘယ်လောက်ပဲပြောပြော ပြည်သူတွေ ပြောင်းလဲမယ်ထင်ပြီး မူနဲ့အလုပ်လုပ်ရတော့မှာ ထင်တဲ့ အချိန်မှာ စစ်တပ်က အစွမ်းကုန်ယုတ်မာလိုက်တယ်။ လူတွေကို သတ်ပြလိုက်တယ်။ ကိုဖြိုးဇေယျာသော်တို့ ဦးဂျင်မီတို့လို လူတွေကို သတ်ပြလိုက်တော့ လူတွေက ပြန်ပြီး နာကြည်းတဲ့ဘက်ကို ပြန်ရောက်သွားရော။ ပြီးရင် နာကြည်းပြီးတော့ သူတို့ တကယ်တွန်းလှန်လာမလားဆိုတော့လည်း ကျွန်တော်တို့မျှော်မှန်းထားသလို ဖြစ်လာ သလား ဆိုတော့လည်း ကလစ်တွေက တကယ်များမနေဘူး။ ပြန်စဉ်းစားလိုက်ရင် တဖြည်းဖြည်း လူကပို အားလျော့သွားမယ့် ကောင်းမယ်ထင်လို့ လုပ်လိုက်တဲ့ဟာတွေက ပိုအားလျော့သွားတာတွေဖြစ်နေတယ် ဆိုတော့ ဘယ်လိုမျိုးလုပ်သင့်လဲ။ ဒီထဲမှာ တကယ်တွန်းအားဖြစ်လာမယ်လို့ ယုံကြည်ကြလား။ ခုနကမေးတဲ့ လုံးဝဖြစ်လာမယ်လို့ ယုံကြည်တဲ့သူတွေက မသေချာဘူးနဲ့ မဖြစ်နိုင်ဘူးနဲ့ ဖြေတဲ့လူတွေထက်တော့ နည်းနည်း များတယ်။ တစ်ယောက်စ နှစ်ယောက်စပဲပေါ့။ တကယ်တွန်းအားဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။ ကျွန်တော် စဉ်းစားပြီး ပြောမိတာပေါ့။ ကျွန်တော်ပြောတာကို ထပ်ပြီး ဖြည့်စွက်ဆွေးနွေးချင်လည်းရတယ်။ ကိုယ့်အမြင်အနေနဲ့ ဆွေးနွေးချင်လည်းရတယ်။ ဆရာသက္ကကလည်း ဘယ်လိုပုံစံနဲ့လုပ်ရမလဲဆိုတာ မေးပြီးသွားတယ် ဆိုတော့ ဆရာကိုယ်တိုင်လည်း ဘယ်လိုပုံစံနဲ့ ပြောရမလဲဆိုတာ ဖြေဖို့လည်း ခက်တယ်ဆိုတော့ ကျန်တဲ့သူတွေရော ဘယ်လိုအမြင်ရှိလဲ။ ဟုတ်ကဲ့ဆရာ ပြောလို့ရရင်ပြောပေးပါအုံး။ 

ကိုစိုင်းကြည်ဇင်စိုး (00:40:54-00:49:30)

အခုဟာကတော့ တကယ်ကို ဖြေရခက်တဲ့မေးခွန်း။ နောက်ပြီးတော့ အရေးလည်း အရမ်းကြီးတဲ့မေးခွန်း။ ကျွန်တော်တို့ ဘာလုပ်သင့်လဲ။ ဘယ်လိုနိုင်အောင် လုပ်ကြမလဲ။ အဲဒီနိုင်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာမှာ တစ်ဖက်နဲ့ တစ်ဖက် သူသေကိုယ်သေ အကုန်လုံးသတ်ရင် ပြီးမလားဆိုတာကလည်း ကျွန်တော်တို့က မေးခွန်းအများကြီးထုတ်စရာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက်နဲ့တစ်ဖက် သူသေကိုယ်သေသတ်ဖို့ဆိုတာကလည်း အမှန်တိုင်းပြောရရင် ကျွန်တော်တို့က အဲလောက် လွယ်မနေဘူးလေ။ လွယ်မနေဘူးဆိုတာကလည်း လူတွေက ကြည့်လိုက်ရင် အနည်းဆုံး First Cousin မဟုတ်ရင် Second Cousin, Third Cousin လောက်ရောက်သွားရင် စစ်မျိုးတွေကလည်း ရှိနေတော့ မြန်မာနိုင်ငံထဲမှာရှိနေကြတဲ့ လူတော်တော်များများက စစ်တပ်အသိုင်းအဝိုင်းနဲ့ လုံးဝကင်းတယ် ဆိုတာမျိုးက တော်တော်ငြင်းရခက်တဲ့ကိစ္စပေါ့နော်။ ကျွန်တော့်ကို အခုချိန် လာမေးမယ်ဆို ကျွန်တော်ဘာသာနေပေမယ့် ဆွေမျိုးတွေစပ်မယ်ဆို အဖိုးတုန်းကဘာတို့၊ ဘယ်သူကဘာတို့ အဲဒါတွေက ထွက်လာအုံးမှာ။ 

အဲဒီလိုမျိုး လူမျိုးတုံးသတ်ဖြတ်ဖို့ ကြံစည်သင့်လား ဆိုတဲ့မေးခွန်း။ နောက်တစ်ခုက တောက်လျှောက် တော်လှန်ကြတယ်ဆိုတဲ့အခါမှာ တော်လှန်ရေးသမိုင်း အတွေ့အကြုံ ကျွန်တော်အစမှာပြောခဲ့သလို လူမျိုးစုတစ်စုချင်းစီရဲ့ သမိုင်းအတွေ့အကြုံအရ အထူးသဖြင့် အင်္ဂလိပ်ခေတ်မှာဖြတ်သန်းခဲ့တဲ့ သမိုင်းအတွေ့အကြုံ၊ အင်္ဂလိပ်မသိမ်းခင်အချိန်မှာ သူတို့ရှိခဲ့တဲ့ လူမျိုးစု သမိုင်းအတွေ့အကြုံ၊ အဲဒီအချိန်ကတည်းက အခြေအနေပေါ်မှာ မူတည်ပြီးတော့ လွတ်လပ်ရေးရပြီးတဲ့အချိန်အထိ သူတို့ရဲ့ခံစားခဲ့ရတဲ့ အတွေ့အကြုံတွေ မတူကြဘူး။ အထူးသဖြင့် ဒုတိယကမ္ဘာစစ် အတွင်းမှာ ဒီခေတ်မှာ စဉ်းစားကြသလိုပဲ ဓမ္မနဲ့ အဓမ္မ စဉ်းစားမှုမျိုးတွေရှိတယ်။ ဖက်ဆစ်နဲ့ နာဇီဆို အဓမ္မလို့ ယူဆကြတာကိုး အင်္ဂလိပ်လွှမ်းမိုးတဲ့ခေတ်မှာ။ ဖက်ဆစ်၊ နာဇီ လွှမ်းမိုးတဲ့ခေတ်မှာ သူတို့ရဲ့ယုတ်မာတဲ့အရာတွေကို တုံ့ပြန်မှရမယ်ဆိုတဲ့ ယူဆချက်တွေက ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာကိုက စလာတဲ့သမိုင်းကိုက ဖက်ဆစ်နဲ့ပေါင်းပြီးတော့ အင်္ဂလိပ်ကိုတွန်းလှန်ဖို့ လုပ်တယ်ဆိုတာက တကယ့်ကို နာဇီကိုတွန်းလှန်နေတဲ့ အင်္ဂလိပ်တွေကို ဆန့်ကျင်ဖို့အတွက်၊ ပုန်ကန်ဖို့အတွက် ဖက်ဆစ်ဂျပန်နဲ့သွားပေါင်းပြီးတော့ စစ်တပ်ကို တည်ထောင်ခဲ့တာ။

အဲဒီအချိန်မှာတည်းက အယူအဆက တော်တော်ကွဲလွဲမှုရှိနေတယ် ပြည်တွင်းမှာကိုက။ တိုင်းရင်းသားတွေက ခရစ်ယာန်ဖြစ်ကြတဲ့ တိုင်းရင်းသားတွေ တော်တော်များများက အမေရိကန်လွှမ်းမိုးမှုကြောင့် မြန်မာနိုင်ငံမှာ အများဆုံးက Baptist ခရစ်ယာန်တွေ အများဆုံးဖြစ်ကြတယ်။ ခရစ်ယာန်တော်တော်များများက ခရစ်ယာန်ချင်း ဘာသာတူကြတဲ့ အင်္ဂလိပ်တွေနဲ့ နည်းနည်း နားလည်မှု ပိုနီးစပ်ကြတယ်။ အဲတော့ အုပ်ချုပ်မှုပုံစံကလည်း Frontier Burma နဲ့ Proper Burma ဆိုပြီးခွဲပြီးတော့ အုပ်ချုပ်တယ်ဆိုတာ တွေ့ရတယ်။ အဲလိုမျိုးပုံစံကတည်းက နားလည်မှုတွေ ကွဲလာကြတယ်၊ ကွဲလာတာကနေ တကယ်လွတ်လပ်ရေးရတဲ့အခါမှာ ပုန်ကန်မှု၊ တော်လှန်မှုပုံစံကလည်း ကရင်တွေ ဘာကြောင့်တော်လှန်လဲ ဗမာတွေ နားမလည်ခဲ့ဘူး။ ကချင်တွေ ဘာကြောင့်ပုန်ကန်လဲ ဗမာတွေ နားမလည်ခဲ့ဘူး။ အဲဒီအတွက်ကြောင့်မို့ ပြီးခဲ့တဲ့ ဒီမိုကရေစီအစိုးရသက်တမ်းမှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွေ သွားပြီးတည်တဲ့အချိန်မှာ လူမျိုးစုတွေကနေပြီးတော့ ဆန့်ကျင်ကြတာကို ကျွန်တော်တို့ အများကြီးနားမလည်ခဲ့ကြဘူး။ ဘာကြောင့်မို့ အဲဒီလိုမျိုး ငါတို့နိုင်ငံတည်ထောင်ထားတဲ့ ဖခင် (Hero) ကြီးရဲ့ ရုပ်ပုံကို ဆန့်ကျင်တယ်ဆိုတဲ့ နာကြည်းမှုက တစ်ဖက်နဲ့တစ်ဖက် နားလည်မှုလွဲတာတွေ ဖြစ်လာတဲ့အခါမှာ တကယ့်ဘုံရန်သူကို တော်လှန်ကြတဲ့အားကြီးက တစ်စုတစ်စည်းတည်း မဖြစ်သွားဘူး။ မဖြစ်သွားတဲ့အတွက်ကြောင့် အဲဒီအကျိုးဆက်က ဘာတွေ့ရလဲဆိုတော့ ၁၉၈၈ နောက်ပိုင်းမှာ စုမိသလိုမျိုး ခံစားရတယ်။ အဲဒီအတွက်ကြောင့်မို့ တော်လှန်ရေးအင်အားစုကြီးက အဲဒီတုန်းကလည်း တော်လှန်ရေးက မနက်ဖြန်နိုင်မယ်။ သဘက်ခါနိုင်မယ်ပေါ့။ အထူးသဖြင့် မ.ဆ.လ ကြီးပြုတ်ကျသွားတဲ့နောက်မှာ တော်လှန်ရေး အောင်ပြီလို့ ယူဆ ကြုံးဝါးခဲ့တဲ့ အချိန်တစ်ခုရှိခဲ့ဖူးတယ်။ နောက် စစ်အာဏာသိမ်းပြီးတော့ ရွေးကောက်ပွဲ ဖြစ်တယ်။ အဲဒီဟာနောက်မှာ အောင်ပြီ ဆိုတာမျိုးရှိလာပြီး နောက်ပိုင်းမှာမဟုတ်တော့ဘူး ရွေးကောက်ပွဲ (၉၀) ကို ဖျက်သိမ်းပြီးတော့ စစ်အုပ်ချုပ်ရေး အတည်တကျ ဖြစ်သွားတဲ့အချိန်မှာ ကျွန်တော်တို့ ဒီလိုပဲ ရရင်ရ မရရင်ချဆိုတဲ့ မြေအောက်တော်လှန်ရေး ဖြစ်လာကြတယ်။ စုဖွဲ့မှုတွေ လုပ်လာကြတယ်။ အဲဒီစုဖွဲ့မှုတွေနဲ့ လုပ်လာရင်းနဲ့ နှစ်ရှည်ကြာလာတဲ့အချိန်မှာ ခုနတုန်းက စစချင်းမှာပြောခဲ့တဲ့ လူမျိုးစုတစ်စုစီမှာ ရှိနေတဲ့ တော်လှန်ရေးသမိုင်းကြောင်းကို နားလည်အောင် မကြိုးစားလိုက်နိုင်ဘူး။ မကြိုးစားနိုင်တဲ့အတွက် ၂၀၀၈ နောက်ပိုင်းပြောင်းလဲမှု၊ ရွေးကောက်ပွဲနဲ့ ပြန်စုစည်းတယ်။ Seven-Steps Roadmap ကြီးနဲ့ ပြန်စုစည်းတဲ့ အချိန်မျိုးမှာ အဲဒီအချိန်မှာ (၈၈) မှာပေါင်းပြီလို့ ထင်ထားရတဲ့အုပ်စုတွေက ၂၀၁၀ ထိ စုစုစည်းစည်းနဲ့ ပေါင်းနေကြတယ်ဆိုတဲ့ သမိုင်းတွေ့ရလိမ့်မယ်။ အဲဒီအချိန်မှာ NUG လိုပဲ NCGUB ရှိတယ်။ NCGUB ထဲမှာလည်း နိုင်ငံခြားတွေ ရောက်သွားကြပြီး စုရင်းစည်းရင်းနဲ့ သူတို့အချင်းချင်းကြားထဲမှာလည်း အချင်းပွားတဲ့ကိစ္စနဲ့ နောက်တစ်ခုထပ်ဖွဲ့ဖို့ ဖြစ်လာတယ်။ အထူးသဖြင့် NCGUB ကနေ NUG ထပ်ဖွဲ့မယ်ဆိုတဲ့အဖွဲ့လည်း ထပ်ဖြစ်လာသေးတယ်၊ ၂၀၁၀ ပတ်ဝန်းကျင်မှာ။ အဲတော့ ၂၀၁၀-၂၀၁၁ လောက်အထိက ကြည့်လိုက်ရင် လူမျိုးစုတွေအနေနဲ့ အချင်းချင်းကြားထဲမှာ (၈၈) အခြေခံတဲ့ တော်လှန်ရေး Vision ကြီးကို ဆက်အိပ်မက် မက်ကြပြီးတော့ အဲဒီဟာကို ဦးတည်နေကြသေးတာကို တွေ့ရတယ်။ တွေ့ပြီး ၂၀၁၀၊ ၂၀၁၂ ရောက်တဲ့ အချိန်မှာ စပြီးတော့ ပြဿနာဖြစ်တာ။ အဲတော့ ၂၀၀၈ အောက်မှာ ရွေးကောက်ပွဲမလုပ်ကြဘူးဆိုတဲ့ ရည်ရွယ်ချက် No Vote ပေါ့။ အဲဒါနဲ့နေရင်း နောက်ပိုင်း ရုတ်တရက် Vote လုပ်မယ်ဆိုတာထဲ ဝင်သွားကြတဲ့အခါမှာ တော်လှန်ရေးအင်အားစုက ကွဲသွားတယ်။ (၈၈) တည်းက စုစည်းလာတဲ့ တော်လှန်ရေးအင်အားစုကြီး ကွဲသွားတဲ့အချိန်မှာ အားပြန်ပျော့သွားတယ်။ အထူးသဖြင့် ၂၀၁၂ နောက်ပိုင်း ရွေးကောက်ပွဲနဲ့ ပြန်ရောက်လာတဲ့အချိန်မှာ တော်လှန်ရေးကို ဆက်တော်လှန်နေရမယ့်အစား ဒီမိုကရေစီရသွားပြီဆိုတာ။ အထူးသဖြင့် ၂၀၁၅ နောက်ပိုင်းမှာ ဒီမိုကရေစီရသွားပြီဆိုတဲ့ ယူဆချက်နဲ့ ကျွန်တော်တို့ လူတွေအကုန်လုံးရဲ့ စဉ်းစားမှုပုံစံ နောက်ပြီးတော့ အချင်းချင်း နားလည်ပေးရမယ့် နားလည်မှုပုံစံ လျော့သွားတဲ့အချိန်မှာ တော်လှန်ရေးကြီး ပြန်ပျက်သွားတယ်လို့ ကျွန်တော့်အနေနဲ့ ယူဆတယ်။ 

အဲတော့ အဲလိုဟာမျိုး ဖြစ်ခဲ့ဖူးတဲ့အတွက် ဒီနေ့ဒီအချိန်အခါမျိုးမှာ ဘာလုပ်သင့်လဲဆိုတာ အဲဒီသမိုင်းကို သင်ခန်းစာယူပြီးတော့ ကျွန်တော်တို့ လက်ရှိရှိနေတာ အခု NUCC လည်း အလုပ်မဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ အချင်းချင်းကြားထဲမှာ အများကြီးနားလည်တယ်လို့တော့ ပြောလို့မရသေးဘူး။ ဒါပေမယ့် ဒီလို လိုနေသေးတဲ့ အရာတွေအပေါ်မှာ အချင်းချင်းကြား ဆက်ပြီး နားလည်မှုတည်ဆောက်ဖို့ လိုသေးတယ်။ တော်လှန်ရေး Vision ကို ကြေကြေညက်ညက်နဲ့ မြင်တတ်စဉ်းစားတတ်ထားဖို့လိုတယ်။ ပြီးသွားရင် ဘယ်သူ ဘာလုပ်မယ်ဆိုတာရယ်၊ နောက်တစ်ခု တစ်ဖက်နဲ့တစ်ဖက် လူမျိုးစု အချင်းချင်းကြားထဲမှာ သူတို့ရဲ့ အိပ်မက်တွေ မတူကြဘူးဆိုတာ နားလည်ဖို့လိုတယ်။ ပြီးတော့ သူ့အိပ်မက် ကိုယ်အိပ်မက် အကောင်အထည်ဖော်မှုတွေမှာလည်း အချင်းချင်း ကူညီပံ့ပိုးမှုမျိုး အမူအကျင့်၊ သူ့အိပ်မက်မို့ ငါနဲ့မဆိုင်ဘူး အဲဒါကြောင့် လုပ်ချင်လုပ် မလုပ်ချင်နေ။ ငါကတော့ ငါ့ဘာငါ လုပ်ချင်တာလုပ်မယ်ဆိုတာမျိုးက တကယ်တမ်းကျတော့ သွေးသောက်စိတ်ဓါတ်မဟုတ်ဘူး။ အဲတော့ အဓိက,က ကျွန်တော့အနေနဲ့မြင်တာကတော့ မြန်မာနိုင်ငံတော်လှန်ရေး ဒီလောက်နှစ်အများကြီး ကြာတဲ့အချိန်အထိ ဘာလို့မအောင်မြင်လဲဆိုတော့ သွေးသောက်စိတ်ဓါတ်မရှိလို့။ ပြီးတော့ အချင်းချင်းကြားထဲမှာ နားလည်မှုတည်ဆောက်ဖို့လိုတာကို Platform ကို သေချာမစီစဉ်နိုင်လို့။ ပြီးသွားရင် ရှိနေတဲ့ Resources တွေကြားထဲမှာ ဘယ်လို Share လုပ်မလဲဆိုတာ အများကြီး မစဉ်းစားထားနိုင်တဲ့အတွက် ဒီအချိန်ထိ မအောင်မြင်ဘူးပေါ့။ ဒါပေမယ့် အခုချိန်မှာ ပြန်အားရစရာကောင်းတာက PDF တွေကို ထောက်ပံ့ပေးတဲ့ EAOs တွေ၊ EROs တွေရှိလာတယ်။ ပြီးတော့ အချင်းချင်းကြားထဲမှာ တော်လှန်မှုလမ်းကြောင်း အရင်ကတည်းရှိလာတဲ့ လမ်းကြောင်းပေါ်မှာ ပူးပေါင်းလိုတဲ့ ဆန္ဒသဘောထားတွေနဲ့ ပူးပေါင်းနေတာတွေ့ရတယ်။ ဆိုတော့ အဲဒီပူးပေါင်းမှုတွေကို ကျွန်တော်တို့က ဘယ်လိုမျိုး Strengthen လုပ်မလဲ။ ပြီးသွားရင် အစပိုင်းမှာ ပြောခဲ့သလို အချင်းချင်းကြားထဲမှာ သံသယမရှိစေဖို့၊ သံသယမဖြစ်ထွန်းစေဖို့ ဘယ်လိုစနစ်မျိုးနဲ့ လုပ်မလဲ။ အချင်းချင်းချိတ်ဆက်မှုကြားထဲမှာ နားလည်မှုအမြဲတမ်းရှိနေဖို့၊ ပြီးရင် သွေးသောက်စိတ်ဓါတ် သူ့ Vision ကို ကိုယ် လေးစားမယ်၊ ကိုယ့် Vision ကို သူ လေးစားမယ်။ အချင်းချင်းကြားထဲမှာ မကူညီနိုင်ရင်နေ၊ အချင်းချင်း ပျက်စီးအောင်မလုပ်ကြနဲ့ဆိုတဲ့ အမူအကျင့်တွေကို ကျွန်တော်တို့ ဘယ်လိုဖြစ်ထွန်းအောင် ကြိုးစားကြမလဲဆိုတာ ဆက်ထိန်းသိမ်းမယ်ဆိုရင် ရေရှည်သွားဖို့အတွက် ဖြစ်နိုင်စရာကောင်းလောက်တယ်လို့ ကျွန်တော်မြင်မိပါတယ်။ 

Lizzy (00:49:32-00:49:48)

ဟုတ်ကဲ့ဆရာ။ အပြည့်အစုံပြောပေးလို့ ကျေးဇူးတင်ပါတယ်။ အချင်းချင်းယုံကြည်မှုပေါ့ ခေါင်းဆောင်ပိုင်းမှာလညး လိုသလို ကျွန်တော်တို့ ပြည်သူအချင်းချင်းမှာလည်း လိုတယ်လို့ ကျွန်တော်လည်း ယုံကြည်မိတယ်။ ကိုပြည့်စုံ လက်ထောင်ထားလို့ ဆွေးနွေးပါအုံးခင်ဗျ။ 

ကိုပြည့်စုံ (00:49:50-00:54:20)

ကျွန်တော်က ဆွေးနွေးတာထက် ဆရာကို မေးချင်တာလေးပါ။ ခုနက ပြောသွားတဲ့ထဲမှာ ကျွန်တော် စဉ်းစားမိတာလေး ဆရာ ပြောသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလိပ်ကို တော်လှန်ဖို့အတွက် ဖက်ဆစ်ဂျပန်နဲ့ ပေါင်းခဲ့တယ်ပေါ့။ အဲဒါနဲ့ပတ်သက်ပြီးတော့ ဆရာ့ကိုလည်း မေးချင်တယ်။ နေ့လယ်တုန်းက တွေးမိတဲ့ ဗိုလ်ချုပ်က ဖက်ဆစ်ဂျပန်တွေနဲ့ ပူးပေါင်းပြီးတော့ အင်္ဂလိပ်ကို တော်လှန်ပြီးတော့ လွတ်လပ်ရေးယူခဲ့တယ်ဆိုတာက မြန်မာနိုင်ငံအတွက် မှားသွားလားပေါ့။ ကျွန်တာ် အဲဒီအတွေးလေး ဝင်ခဲ့တာပေါ့။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံက ဖက်ဆစ်ဂျပန်ဆီက စစ်ပညာသင်ပြီးတော့ တပ်မတော် ပေါ်ပေါက်လာတယ်ပေါ့။ မြန်မာ့တပ်မတော်လို့ပဲ ပြောပြော။ အဲလိုမျိုးပေါ်ပေါက်လာပြီးတော့ လွတ်လပ်ရေးကို ယူခဲ့တာပေါ့နော်။ ပြီးတော့ ပင်လုံကတိကဝတ်တွေကို အကောင်အထည်မဖော်နိုင်ခဲ့တဲ့အတွက် မှားသွားလားပေါ့။ အဲဒါကြောင့် နိုင်ငံရေးသမိုင်းကိုလည်း နားလည်ဖို့ လိုလာမလား။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဆရာ့အနေနဲ့ ဆွေးနွေးပေးစေချင်တာ။ နောက် ဒုတိယအချက်က စီးပွားပျက်ကပ်ဆိုတဲ့နေရာမှာ ကျွန်တော်တို့ အရင်က ကရင်လူမျိုးတော်လှန်ရေး အဖွဲ့အစည်းတွေမှာဆို စစ်တပ်ဘက်ကနေပြီးတော့ ကျွန်တော်တို့ကြားဖူးတာဆို ကရင်ရိုးရာ တာလဘောဟင်းဆိုတာ ဖြတ်လေးဖြတ်ကြောင့် စစ်ဘေးရှောင်ဒေသခံ တိုင်းရင်းသားတွေ စားဝတ်နေရေး အခက်အခဲကြောင့် ဖြတ်လေးဖြတ်ရဲ့ဒဏ်ကိုခံပြီး ဒီအစားအသောက်က ပေါ်လာခဲ့တယ်လို့ ကြားဖူးတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း Share ထားတဲ့ သမိုင်းကြောင်းကို တင်ပေးတဲ့ လူတွေကြောင့် သိခွင့်ရခဲ့တာ။ 

အဲဒီအပေါ်မှာ အခြေခံပြီးတော့ အခု စီးပွားပျက်ကပ်က စစ်အကြမ်းဖက်ကနေပြီးတော့ ပြည်သူလူထုနဲ့တကွ ပြောရရင် ပြည်သူလူထုနဲ့ တိုင်းရင်းသားဒေသတွေမှာ စီးပွားပျက်ကပ် ဖန်တီးခြင်းအားဖြင့် အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးခြင်းအားဖြင့် ဒီတော်လှန်ရေးကို အားပိုပြီး ယုတ်စေမလားပေါ့။ တမင်ကို ဖန်တီးနေတာလား။ ဒီအတိုင်း နိုင်ငံတကာကနေ Sanction တွေ လုပ်တဲ့အခါမှာလည်း အခြေခံလူတန်းစားတွေကိုပဲ ပိုပြီးတော့ ထိခိုက်စေနိုင်လားပေါ့။ စစ်တပ်ဘက်ကတော့ သူတို့မှာ အင်အားတွေ တည်ဆောက်ထားတာပေါ့။ ဆရာပြောသလိုပဲ ပတ်သက်ဆက်နွယ်မှုတွေရှိတဲ့ မိသားစုတွေရှိတယ်။ အင်အားတွေက ရှိနေတော့ ဒီစီးပွားပျက်ကပ်နဲ့အတူ ပိတ်ဆို့မှုတွေက ပြည်သူကိုပဲ ပိုထိစေမလားဆိုတဲ့အချက်ရယ် အခုတော်လှန်ရေး အင်အားစုတွေအနေနဲ့ ဘယ်လို နားလည်မှုပေါ့ EROs တွေနဲ့ နားလည်မှု ယုံကြည်မှု တည်ဆောက်တာပဲဖြစ်ဖြစ်၊ ရှေ့မှာဦးဆောင်နေတဲ့ Leader တွေနဲ့ ပြည်သူလူထုနဲ့ နားလည်မှု တည်ဆောက်ပြီးတော့ တော်လှန်ရေးအင်အားစု အားကောင်းဖို့ စီးပွားရေးပျက်ကပ် အခက်အခဲကို ဘယ်လို ကျော်လွှားနိုင်မလဲပေါ့။ အခြေအနေလေးကို ဆွေးနွေးစေချင်ပါတယ်။ အဓိကပြောချင်တာက သမိုင်းကြောင်းနဲ့ ပတ်သက်လို့ တော်လှန်ရေးမှာ ဖက်ဆစ်ဂျပန်နဲ့ ပူးပေါင်းပြီးယူခဲ့တာက နိုင်ငံရေးအရ မှားသွားလားဆိုတာ သမိုင်းနဲ့ ပြောပြဖို့ရယ်။ တော်လှန်ရေးအင်အားစုတွေအနေနဲ့ စီးပွားရေးအကျပ်အတည်းကို ဘယ်လိုကျော်လွှားနိုင်မလဲပေါ့။ ပြည်သူနဲ့ ဦးဆောင်တဲ့ NUG ပဲဖြစ်ဖြစ်၊ ဦးဆောင်တဲ့လူတွေမှာ နားလည်မှု ဘယ်လိုတည်ဆောက်မလဲပေါ့။ EROs တွေ အနေနဲ့ရော တော်လှန်ရေးတပ်ပေါင်းစုတွေ အနေနဲ့ရော  ဘယ်လို နားလည်မှု၊ ယုံကြည်မှု တည်ဆောက်ပြီးတော့ တော်လှန်ရေးကို အားကောင်းအောင်လုပ်ပြီး အခက်အခဲကို ကျော်လွှားနိုင်မလဲဆိုတာ ဆရာ ဆွေးနွေးပေးစေချင်ပါတယ်။ 

ကိုစိုင်းကြည်ဇင်စိုး (00:54:36-00:59:04)

ကျွန်တော်မမေ့ခင် ဆရာပြည့်စုံ မေးတဲ့ ပထမတစ်ချက် သမိုင်းမှာ လွတ်လပ်ရေးမယူခဲ့ရင် ဘယ်လိုဖြစ်မလဲဆိုတာ။ အဲဒါက ကျွန်တော် ဘယ်လိုမှ ဖြေပေးလို့မရဘူး။ သမိုင်းဖြစ်စဉ်က ဒီလို ဖြစ်ထားတယ်ဆိုတော့။ တကယ်လို့ လွတ်လပ်ရေးမယူခဲ့ရင် ဘယ်လိုဖြစ်မလဲဆိုရင် ကျွန်တော်တို့ Speculate လုပ်လို့ပဲ ရမှာပေါ့နော်။ တပ်အပ်ကြီး ဘယ်လိုဖြစ်မယ်ဆိုတာ ပြောဖို့ခက်လိမ့်မယ်။ ကြိမ်းသေတာကတော့ ဘာသိရလဲဆိုတော့ ဒုတိယကမ္ဘာစစ်ပြီးသွားတဲ့အခါမှာ Atlantic Charter ဆိုတာ ပေါ်လာတယ်။ အဲဒါကတော့ ကိုလိုနီပြုထားတာတွေကို သူ့ရဲ့နဂို Sovereign State ပေါ့ သူ့ရဲ့နဂိုရှိထားတဲ့ပုံစံအတိုင်း ပြန်ပေးမယ်ဆိုတဲ့ သဘောတူညီချက် ရှိထားတယ်။ အဲဒီဟာပေါ်မှာ အကျိုးစီးပွားစဉ်းစားမှုတွေနဲ့ လွှမ်းမိုးမှုတွေရှိပြီးတော့ ချက်ချင်းလွတ်လပ်ရေးရတဲ့နိုင်ငံမျိုးလည်း ရှိတယ်။ မရဘဲနဲ့ အချိန်တစ်ခုကြာပြီးမှ ပြန်ပြီးရတာမျိုးလည်းရှိတယ်။ နောက်ဆက်တွဲအနေနဲ့ နိုင်ငံရှုပ်ထွေးတွေနဲ့ ဒီနေ့ဒီအချိန်ထိ နိုင်ငံရေးပြဿနာရှိနေတဲ့ နိုင်ငံတွေလည်းရှိတယ်။ အဲဒီအတွက်ကြောင့် လွတ်လပ်ရေး ယူလိုက်ခြင်း၊ မယူလိုက်ခြင်းပေါ့၊ ဂျပန်နဲ့ပေါင်းတာက ကောင်းလား၊ မပေါင်းတာက ပိုကောင်းလား၊ လွတ်လပ်ရေး ယူလိုက်တာက ပိုကောင်းလားဆိုတာ အဲဒါကတော့ ကျွန်တော် အတိအကျ ဖြေလို့မရဘူး။ ဒါပေမယ့် အဲ့လိုလုပ်လိုက်တဲ့အတွက် နိုင်ငံအတွင်းမှာရှိနေတဲ့ မတူတဲ့ နိုင်ငံရေးသဘောထားအမြင်၊ လူမျိုးတွေရဲ့ သဘောထားအမြင်၊ ဘာသာရေးအမြင်ရှိနေတဲ့ အစုအဖွဲ့တွေရဲ့ အချင်းချင်းကြားထဲမှာ မတူညီတဲ့ နားလည်မှုတွေ ဖြစ်သွားတယ်ဆိုတာကတော့ ကျွန်တော်တို့ ပြောလို့ရတယ်။ အဲဒါကတော့ ကျွန်တော်တို့ သမိုင်းဖြစ်စဉ်အရ သိရတယ်။ 

ခုနက ကျွန်တော်ပြောသလို ကချင်တွေရဲ့ ရှိနေတဲ့အုပ်ချုပ်ရေး အထူးသဖြင့် အင်္ဂလိပ်လက်အောက် ရှိနေတဲအချိန်မှာ ကချင်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားတယ်။ ပြီးရင် အင်္ဂလိပ်လက်အောက်ခံ အုပ်ချုပ်ရေးယန္တရားအောက်မှာမပါဘဲနဲ့ လွတ်လပ်တဲ့နိုင်ငံအဖြစ် ပြဌာန်းခံထားရတဲ့ ကယားပေါ့။ အခုဆို ကရင်နီပေါ့။ ဆိုတော့ အဲဒီ State မျိုးတွေ ရှိထားခဲ့တယ်။ အဲဒီလိုမျိုး ရှိနေခဲ့တဲ့အတွက်ကြောင့် သူတို့ဆီမှာ ရှိနေတဲ့ပုံစံနဲ့ သူတို့အဲဒီအချိန်မှာ ရှိနေတဲ့ ယုံကြည်ကိုးကွယ်တဲ့ ဘာသာအရသော်လည်းကောင်း၊ သူတို့ရဲ့အုပ်ချုပ်မှုစနစ်အရသော်လည်းကောင်း ပြီးရင် သူတို့ရဲ့ယဉ်ကျေးမှု၊ ပြောဆိုတဲ့ ဘာသာစကား၊ သူတို့နဲ့ အုပ်ချုပ်တဲ့ ကိုလိုနီအင်္ဂလိပ်တွေနဲ့ ရင်းနှီးမှုအတိုင်းအတာ၊ ချိတ်ဆက်နိုင်မှုအတိုင်းအတာ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ခုနတုန်းက ဂျပန်တွေနဲ့ပေါင်းပြီး ခေါ်သွင်းလာတဲ့အခါမှာ သူတို့ရဲ့အမြင်ထဲမှာ နားလည်မှု ဆန့်ကျင်ဘက် ဖြစ်သွားတဲ့ သဘောမျိုးရှိခဲ့ဖူးတဲ့ သာဓကတွေတော့ရှိတယ်။ ဆိုတော့ အဲလို နားလည်မှု လွဲခဲ့ဖူးတယ်။ ဒါပေမယ့် အဲလိုနားလည်မှုတွေ လွဲခဲ့တာတွေကို အခုချိန်မှာ နားလည်မှု ပြန်တည်ဆောက်ပြီးပြီလားဆိုတော့ ဒီနေ့ ဒီချိန်ထိ ပြန်မတည်ဆောက်ရသေးဘူး။ အဲဒါကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အဓိကအားနည်းချက် ဖြစ်တယ်။ 

ဆိုတော့ ခုနတုန်းက မေးခွန်းထဲမှာ သမိုင်းဖြစ်စဉ်ထဲမှာ တကယ်လို့ ဒီလိုမဖြစ်ခဲ့ရင် ဘာဖြစ်မလဲတော့ မသိဘူး။ ဒါပေမယ့် ဒီလိုဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေကြောင့်မို့လို့ အချင်းချင်းကြားထဲမှာ နားလည်မှုလွဲခဲ့တယ်။ ပြီးတော့ အချင်းချင်းကြားထဲမှာ သွေးသောက်မဆန်တဲ့ သူ့အကျိုးကို ပျက်စီးစေတဲ့၊ ထိခိုက်နစ်နာစေတဲ့ ဆုံးဖြတ်မှုမျိုးကို တစ်ဖက်က လုပ်ခဲ့ဖူးတယ် ဆိုတာမျိုးကို အပြန်အလှန် ခံစားမှုမျိုးတွေ၊ အပြန်အလှန် သုံးသပ်ရှုမြင်မှုတွေရှိနေတယ် ဆိုတာ ကျွန်တော်တို့က အမြဲတမ်းသတိထားဖို့လိုတယ်။ အဲဒီလို သမိုင်းပေးထားချက်တွေကို မူတည်ပြီးတော့ ဒီနေ့ဒီချိန် နိုင်ငံရေးကိုဆွေးနွေးမယ်ဆိုရင် ပိုပြီးတော့ နားလည်နိုင်စရာရှိတယ်။ အဲဒီဟာတွေကို မေ့ပြီးတော့ အရင်တုန်းက ဖြစ်ခဲ့တာ ငါတို့နဲ့မဆိုင်ဘူး၊ မင်းတို့ဘာမင်းတို့ ဖြစ်ချင်သလိုဖြစ်၊ အခုက စာမျက်နှာအသစ်ပဲ ဆိုပြီးတော့ ကျွန်တော်တို့က ပြန်စမယ်ဆိုရင် ခုနတုန်းက Justice ဆိုတဲ့ တရားမျှတမှု ကိုယ်ကဖိနှိပ်ခံထားရတယ်၊ သမိုင်းကြွေးမှာ ဆွေးနွေးစရာမရှိဘူးလို့ အော်ထားတဲ့အချိန်ကြီးမှာ အချင်းချင်းကြားထဲမှာ သူ့အမျိုးအသတ်ခံရလို့ ကိုယ့်အမျိုးအသတ်ခံရလို့ နာကြည်းနေရတဲ့အချိန်မျိုးမှာ ရုတ်တရက်ကြီး ထပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ရွေးကောက်ပွဲဝင်မယ်ဟေ့လို့ ကြေညာတာမျိုးက သွေးသောက်အချင်းချင်းကြားထဲမှာ အချင်းချင်း မလေးစားမှု ဖြစ်စေတာလား။ ဒါမှမဟုတ် အချင်းချင်းကြားထဲမှာ သစ္စာဖောက်မှု ဖြစ်သွားလားဆိုတာ နားလည်တတ်ဖို့လိုတယ်။ အဲဒီ နားလည်မှုရှိမှ ကျွန်တော်တို့ ထပ်ဆွေးနွေးရမယ့်၊ နားလည်မှုထပ်တည်ဆောက်ရမယ့်ဟာတွေကို ပိုပြီးတော့ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးဆွေးနွေးလို့ရမှာ။ အတိတ်မှာ ခံထားဖူးတဲ့အရာတွေကို လစ်လျူရှုပြီး အခုမှ စာမျက်နှာသစ်မှာ ငါမခံရတိုင်း မင်းတို့ခံရတာ မေ့လိုက်ဆိုတာမျိုးတော့ ပြောလို့မရဘူး။ အဲဒီသဘောလေးတော့ ကျွန်တော်တို့ စဉ်းစားပေးဖို့လိုတယ်။ နောက် စီးပွားရေးကိစ္စတော့ ကိုရဲထက် ပြောမယ်ထင်တယ်။ ကိုရဲထက် မပြောဘူးဆိုရင် ကျွန်တော်ထပ်ပြောမယ်လေ။ 

ကိုရဲထက် (00:59:06-00:10:44)

ကျနော့်အယူအဆကို ပြောရင်တော့ ဖြစ်စဉ်တွေက တခုနဲ့တခု ဆက်စပ်နေတယ်။ ဒီအာဏာသိမ်းတဲ့ အချိန်ထိမှာ ကျွန်တော်တို့က အာဏာသိမ်းမှုတစ်ခုထဲကို ကြည့်လို့မရဘူး။ တောက်လျှောက် လွတ်လပ်ရေး ကြိုးပမ်းမှု ကာလရော၊ လွတ်လပ်ရေး ရပြီးနောက်ပိုင်းကာလရော ဖြစ်စဉ်တွေမှာ တခုနဲ့တခု အတိတ်သဘောအရ လွှမ်းမိုးမှုတွေ၊ သက်ရောက်မှုတွေရှိတယ်။ အဲ့တာတွေကို ကြည့်မယ်ဆို ကျနော်တို့နိုင်ငံရဲ့ ပြဿနာ အတိမ်အနက်ကိုလည်း မြင်နိုင်မယ်ထင်တယ်။ ခုနက ပြောသလို ကျနော်တို့မှာက စစ်ဝါဒက အင်မတန် အားကောင်းတယ်။ ဗမာလူမျိုးတွေအနေနဲ့က အမြဲတမ်း တိုင်းပြည်ကို စစ်လက်နက်နဲ့ အင်အားကို အသုံးပြုပြီး တည်ထောင်ခဲ့တာကို အမြဲတမ်း ဂုဏ်ယူလေ့ရှိတယ်။ ပြီးတော့ ဒီပြည်ထောင်စုလိုဟာမျိုး တိုင်းရင်းသားတွေကိုလည်း ဒီနည်းနဲ့ပဲ လက်နက်ကို အင်အားသုံးပြီး ဖိနှိပ်ပြီးတော့ တနည်းအားဖြင့် နယ်ချဲ့တဲ့သဘောပဲပေါ့ အဲ့ဒီလိုမျိုး လုပ်တာကို ဂုဏ်ယူလေ့ရှိတယ်။ ဒါပြီးခဲ့တဲ့ တစ်နှစ်ခွဲမတိုင်ခင်ကာလအထိကို ကျနော်တို့ တော်တော်များများမှာ သိလျှက်နှင့်ဖြစ်စေ၊ မသိလျှက်နှင့်ဖြစ်စေ ဂုဏ်ယူလေ့ရှိတယ်။ တစ်ဖက်က ဒီ ဗုဒ္ဓဘာသာ သနားကြင်နာတယ်ဆိုတဲ့ ပုံစံမျိုးရှိတယ်ဆိုပေမဲ့ တစ်ဖက်မှာလည်း ဒီဟာမျိုးကို ကျနော်တို့က သိလျက်နဲ့ မျက်ကွယ်ပြုပြီးတော့ အားပေးတယ်ဆိုတဲ့ ပုံစံမျိုးရှိတယ်လို့တော့ ကျနော်ကတော့ မြင်တယ်။ ဒါကြောင့်လည်း ဒီစစ်တပ်က ဒီလောက်ထိ တန်ခိုးထွားနေတာပေါ့နော်။ ကျနော်တို့က စစ်တပ်ကို မကြိုက်ရင်တောင်မှ ဒီစစ်တပ်ရဲ့အယူအဆတွေ တော်တော်များများကို လွှမ်းမိုးမှုခံရတယ်။ ဒါကြောင့်မို့ ကျနော်တို့ကိုယ်တိုင် ကြိုက်တယ်လို့ ကျနော်ကတော့မြင်တယ်။ 

ဒီသမိုင်းကြောင်းအရ ပြန်ကြည့်မယ်ဆိုရင် ဒီအမြစ်ထဲမှာ ခုန မကြေလည်မှုတွေ၊ နာကြည်းမှုတွေ ယုံကြည်မှုမတည်ဆောက်နိုင်တာတွေ အများကြီးရှိတဲ့အခါမှာ ကျနော်တို့က ဒီတနှစ်ခွဲမှာဖြစ်တဲ့ ပြဿနာကိုပဲ ကြည့်လို့မရဘဲနဲ့ ဒီအနှစ် (၆၀)၊ အနှစ် (၇၀) ဖြစ်ခဲ့တဲ့ ပြဿနာတွေကို ပြန်ကြည့်လိုက်ရင် ဒီတိုင်းပြည်တည်ဆောက်ရေးအတွက်က လုပ်ရမဲ့ကိစ္စတွေ အများကြီးရှိတယ်။ ကျနော်ကတော့ အဲ့ကနေ စချင်တယ်ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ လက်ရှိစီးပွါးရေးနဲ့ ပြန်ချိတ်မယ်ဆိုရင် လက်ရှိကျနော်မြင်ရတဲ့ ပြဿနာကတော့ ကျနော်တို့မှာ အဓိကအားဖြင့် ဒီစီးပွါးရေးပဲဖြစ်ဖြစ်၊ အခြားသော မဟာဗျူဟာတွေ၊ စုဖွဲ့မှုတွေ မလုပ်နိုင်မှုတွေမှာ အခြေခံအားဖြင့် အဓိကအတားအဆီးတွေ ရှိတယ်လို့ထင်တယ်။ တစ်ခုကတော့ ဒီ false hope ပေါ့နော်၊ အမြဲတမ်း ကျနော်တို့က ဒီပြဿနာကို ဘယ်လိုဖြေရှင်းမယ်၊ ဘယ်လိုလမ်းကြောင်းနဲ့ ဖြေရှင်းမယ်ဆိုတာမျိုးပေါ့၊ အဲ့လိုမျိုးဖြေရှင်းဖို့အတွက် ဘယ်လိုအရင်းအနှီး၊ ဘယ်လိုအရင်းအမြစ်တွေလိုတယ်၊ ဘယ်လိုမျိုးအခြေအနေတွေလိုတယ်၊ အဲ့ကနေမှ ကျနော်တို့ ဘာတွေ ပြင်ဆင်ဖို့လိုတယ်၊ ပြီးတော့မှ ဘယ်လောက်အချိန်လိုမယ်ဆိုတာ အချိန်ကတော့ အသေတော့တွက်လို့မရဘူး။ အဲ့လိုမျိုး ကျနော်တို့က တွက်တာမျိုးမဟုတ်ဘဲနဲ့ ကျနော်တို့က အရင်ဆုံး အချိန်က စတွက်တယ်ပေါ့လေ။ တော်လှန်ရေးမှာ အခုဖြစ်နေတဲ့ ပုံစံကပေါ့နော်၊ အမြဲတမ်း နှစ်ပတ်နေပြီးမလား၊ နှစ်လနေပြီးမလား၊ ခြောက်လနေပြီးမလား၊ တစ်နှစ်နေပြီးမလားဆိုတဲ့ အချိန်နဲ့ပဲ လူတွေကိုတွန်းတင်သွားတယ်။ အဲ့ဒါက ကျနော်တို့ မျက်ကွယ်ပေါ့နော်၊ ရေရှည် မတွေးနိုင်အောင် အမှောင်ဖုံးစေတယ်၊ ဒီဟာက ပြဿနာတစ်ခုပေါ့။ 

နောက်တစ်ခုက Social Media culture ပေါ့နော်။ Social media မှာကျတော့ အမြဲတမ်း social media ရဲ့သဘောက ရေတိုဆန်တယ်၊ ပြီးခဲ့တဲ့တစ်ပတ်ဟာဆို နောက်တစ်ပတ်ကြရင် မေ့သွားမှာပဲပေါ့နော်။ ဒီလိုဟာမျိုးနဲ့ social media ပေါ်မှာ အဓိက တော်လှန်ရေး လုပ်ကြတယ်၊ ချိတ်ဆက်မှုတွေကလည်း social media ကလုပ်တယ်၊ နောက်ဆုံး ဒီလှူတန်းမှုပုံစံက အစပေါ့နော်။ ကျနော်တို့က ဒီ social media မှာ ပြောနိုင်တဲ့သူက ပိုပြီးတော့ အလှူငွေရတယ်၊ အဲ့တော့ လက်နက်ကိုင်အင်အားစုတွေကလည်း social media မှာ ပြနိုင်အောင် ကြိုးစားတယ်။ လူတွေကလည်း တော်လှန်ရေးလုပ်ပြနိုင်မှ တော်လှန်ရေးလုပ်မပြရင်ဘဲ ဒီလူက တော်လှန်ရေးမလုပ်ဘူး ဆိုတဲ့ပုံစံမျိုးနဲ့ အဓိကစဉ်းစားတယ်။ အကုန်လုံးက social media ဆိုတဲ့ dimension တွေ ကြည့်တော့ အင်မတန်ဘောင်ကျဉ်းပြီးတော့ ရေတိုဆန်တယ်ပေါ့နော်။ လျှပ်တစ်ပြတ်ဆန်တယ်၊ ပေါ်ပင်ဆန်တယ်ပေါ့ အဲ့လိုမျိုးပြောရမလား။  Social media culture ဖြစ်နေတော့ အဲ့ကိစ္စနှစ်ခုဆက်စပ်သွားတော့ ခံစားချက်များတယ်၊ ကျနော်တို့ ပြည်သူတွေက နာကြည်းချက်များတယ်။ ဒါပေမယ့် အဲ့ကနေတော့ အဖြေမရှာနိုင်ဘူး။ လက်ရှိဖြစ်နေတဲ့ ပြဿနာက နာကြည်းတယ် ပေါက်ကွဲတယ်ဆိုတဲ့ အဆင့်များတယ်၊ ဒီသုံးခုပေါင်းလိုက်တဲ့အခါမှာ ပြဿနာတိုင်းက အဖြေမရှာနိုင်ဘူးပေါ့နော်။ ခေါင်းဆောင်တွေကအစ ခုနက ညီညွတ်ရေးလိုဆိုတာမျိုး ပြောမယ်ဆိုရင် ညီညွတ်ရေး မဖြစ်မနေတည်ဆောက်မယ်ဆိုတဲ့ အဖြေရှာနည်းဆိုတာထက်စာရင် စစ်ကောင်စီကို အပြုတ်တိုက်မှပဲ ငါတို့က ညီညွတ်ရေး ဒီကိစ္စတွေက စကားပြောလို့ရမှာ ပုံစံမျိုးတွေ ပြောလာတယ်ပေါ့နော်။

ဆိုတော့ စီးပွါးရေးဆိုလည်း အဲ့အတိုင်းပဲ၊ အကုန်လုံးပြိုကျသွားရင် လူတွေအုံကြွမယ်ဆိုတဲ့ ဒီအတွေးအခေါ်တွေ ကအစ ရေတိုဆန်တဲ့ အတွေးအခေါ်တွေ အရမ်းများတယ်၊ ရေရှည်ဖြေရှင်းရမယ့် ပြဿနာဆိုပြီး ထုနဲ့ထည်နဲ့ အင်မတန်နက်နဲတဲ့ နိုင်ငံရေးပြဿနာကြီးကို ဖြေရှင်းမယ်ဆိုတဲ့ပုံစံနဲ့ စဉ်းစားတာမျိုး အားနည်းတယ်လို့ ကျနော်ကတော့ မြင်တယ်။ အဲ့ကနေ စ စဉ်းစားမှပဲ အဖြေထွက်မယ်။ အခုက ဘောင်တွေနဲ့ချုပ်ထားတာ၊ မဖြစ်မနေ နောက်ခြောက်လနေပဲ အနိုင်ရတော့မလို နိုင်ပဲနိုင်တော့မလို ဒီဖြစ်နေတဲ့ အချိန်နဲ့ အခြေအနေတွေက တွန်းပို့ထားတော့ ကျွန်တော်တို့မှာ ရွေးချယ်စရာမရှိဘူးဆိုတဲ့ ပုံစံမျိုးဖြစ်လာတယ်။ အဲ့တာတော့ ကျနော်က မထောက်ခံဘူးပေါ့နော်။  အဲ့လိုမျိုးစဉ်းစားကြည့်ရင် ကျနော်တို့ ဒီလိုအခြေအနေအရပ်ရပ်ကို ဘောင်ကျဉ်းပြီးတော့ ပြည်သူတွေရဲ့လုပ်နိုင်စွမ်း နည်းလာမယ်လို့ ထင်တယ်။ 

စစ်တပ်ကလည်း ခုနက မေးခွန်းထဲမှာလည်းပါသလို စစ်တပ်က ဒါမျိုးဖြစ်စေချင်တာလား ဆိုတော့ ဒါမျိုး ဖြစ်စေချင်တယ်လို့ ထင်တယ်။ စီးပွါးရေးလည်း ကျပ်တည်းစေချင်တယ်၊ ပြီးတော့ ခံစားချက်လည်း များစေချင်တယ်။ အခုဆို ဒီလို တမင်လုပ်ပြနေတဲ့ ကိစ္စတွေမှာ ခံစားချက်ကို ဆွပေးတယ်လို့ ထင်တယ်။ ဘယ်လိုမျိုး ရည်ရွယ်ချက်ရှိလဲတော့ မသိဘူးပေါ့နော်။ တချို့နေရာတွေမှာ စ သုံးသပ်နေတာကတော့ စစ်တပ်က နှစ်ဆင့်ထားတာပေါ့နော်။ အရင်ဆုံး ဒီနှစ်နှစ်ကို အာဏာထိန်းတယ်ဆိုတဲ့ ပုံစံမျိုးနဲ့သွားပြီးတော့ လူတွေ ခံစားမှုတွေ အုံကြွလာတဲ့အခါမှာ အဲ့တာကို ထပ်ဖိပြီးတော့ နောက်ထပ် အာဏာသိမ်းမှုတစ်ခု ထပ်လုပ်မယ်ပေါ့လေ။ ဒါသူ့ရဲ့ အကွက် ဖြစ်မှာပေါ့လေ။ တပ်မတော်ကို ဒီတစ်နှစ်ခွဲအတွင်းမှာ ပြည်သူတွေရဲ့ တွန်းကန်မှုရှိလာတဲ့အခါ ပိုပြီး စုစည်းနိုင်မယ်။ နောက်ထပ် ဒီနှစ်နှစ် ကြာသွားတဲ့အချိန်မှာ ထပ်ပြီးတော့ တကယ့်အာဏာသိမ်းမှုတစ်ခုနဲ့ အခြေခံဥပဒေကို ဖျက်တာမျိုးလည်း ဖြစ်နိုင်တယ်ပေါ့လေ။ ဒါက သူ ဘယ်လို ရွေ့ကွက်ရွေ့မလဲ မသိဘူးလေ။ သူ့မှာတော့ ပုံမှန်အားဖြင့် စစ်တပ်ကသူတွေကို ကျွန်တော်လျှော့မတွက်ဘူး။ သူတို့က အမြဲတမ်းဗျူဟာနဲ့ စဉ်းစားတာ အမြဲတမ်း step 1, step 2 အဲ့လိုမျိုး စဉ်းစားတယ်။ ကျွန်တော်တို့ကတော့ အဲ့လိုမျိုး စဉ်းစားတာသိပ်မရှိဘူး။ ခံစားချက်နဲ့ လုပ်မယ်ဆိုတာပဲ စဉ်းစားတာပေါ့နော်။ ဖြစ်မယ်ဆိုပြီးပဲ စဉ်းစားတယ်။ ဘယ်လိုဖြစ်မလဲ မေးလို့မရဘူး။ ဒါ ကျွန်တော်တို့ရဲ့ ပြဿနာ ပြည်သူအများစု လူအုပ်ကြီးရဲ့ ပြဿနာပေါ့လေ။ ဒါလည်း စဉ်းစားရမဲ့ကိစ္စပေါ့နော်။

တချို့အတွင်းရေးတွေ ပြောတဲ့အခါမျိုး တစ်ချို့စစ်ဗိုလ်ကြီးတွေကိုယ်တိုင်က သူတို့ ဒီဘဏ်တွေ ပိတ်ဆို့မယ်ဆိုပြီး သူတို့ ကြိုတွက်ထားတယ်။ မြန်မာနိုင်ငံက လုံးဝ အလုံးစုံပိတ်ဆို့မှုတွေ ပြင်းထန်တော့မယ်လို့ ကြိုတွက်ပြီးတော့ သူတို့ဘက်က ပြင်ဆင်မှုတွေလုပ်နေပြီ။ သူတို့ကတော့ ဆင်ပိန်ကျွဲလောက်ဆိုသလိုပေါ့နော်။ သူတို့ကတော့ ခံနိုင်ရည်ရှိပေမယ့် ဒီတိုင်းပြည်ကြီးမှာလာတဲ့ ပိတ်ဆို့မှုဒဏ်တွေက နောက်တလ၊ နှစ်လမှာ လာတော့မယ်လို့ သူတို့ကတော့ ကြိုတွက်နေတာတွေ ရှိတယ်။ အဲ့လိုဖြစ်အောင်လည်း သူတို့တွေ တမင်ပဲရည်ရွယ်ထားသလား။ လုံးဝကို တိုင်းပြည်က ကျဉ်းထဲကျပ်ထဲရောက်ပြီးတော့ အမှောင်ဖုံးတဲ့အထိ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေက အဲ့လောက်ထိကို ပြန်သွားဖို့ သူတို့ ပြင်ကောင်းပြင်ထားမှာပေါ့။ သူတို့က အသက်နဲ့ရင်းထားရတဲ့ ကစားပွဲဆိုတော့။ ဒါက ဖြစ်နေတဲ့အခင်းအကျင်းကို ကျနော် ပြောကြည့်တာပေါ့။ ဒီကနေ ကျနော်တို့ ဘယ်လို အဖြေရှာမလဲဆိုတော့ ကျနော်ကတော့ False Hope ကို ကျော်နိုင်ဖို့ လက်ရှိအရှိတရားကို လက်ခံနိုင်မှရမယ်။ လက်ရှိက အရှိတရားမဟုတ်ဘဲ အလိမ်တွေထဲမှာ တယောက်နဲ့တယောက်က ပြန်လိမ်ပေးနေရတာ တော်လှန်ရေးသမား အချင်းချင်း၊ ခေါင်းဆောင်တွေအချင်းချင်းကိုမှ တယောက်နဲ့ တယောက်က ပြန်လိမ်ပေးနေတော့ ကျနော်တို့က ဘယ်လိုမှ အဖြေရှာလို့မရဘူး။ အဲ့လိမ်နေတဲ့သူတွေကိုလည်း မေးခွန်းထုတ်လို့မရဘူး။ မေးခွန်းထုတ်ရင်ကိုပဲ ကျနော်တို့က ပြဿနာရှာသလို ဖြစ်တယ်။ ဒါကပဲ သွေးကွဲအောင်လုပ်သလိုလို။ အဲ့တော့ အဲ့အလိမ်တွေကို ကျနော်တို့က အရှိတရားကို အမှန်တရားကို ပြည်သူတွေလက်ခံနိုင်အောင် လက်ခံပြီးတော့ တော်လှန်ရေး လမ်းကြောင်းတခုကို ဖော်နိုင်ရင်တော့ အဖြေဖြစ်မယ်။ 

တော်လှန်ရေးကို အမျိုးမျိုး ပြောလို့ရပေမယ့် လက်ရှိစီးပွားရေးနဲ့ အသက်ဆိုင်ဆုံးကို ပြောရင်တော့ အတူတကွတည်ရှိမှု Solidarity ပေါ့၊ အဲ့ဒီ Value ကိုတော့ ရှိသင့်တယ်လို့ ကျနော်ထင်တယ်။ ပြည်သူတွေအားလုံး ဘယ်လိုလက်တွဲပြီးတော့ အဖြေရှာမလဲဆိုတဲ့ မူစံနှုန်းနဲ့ ကျနော်တို့စဉ်းစားမယ်ဆို အဖြေအများကြီး ထွက်နိုင်တယ်။ နေရာတိုင်းမှာ နိုင်ငံရေးရှုထောင့်ကပဲ စဉ်းစားလို့လည်းမရဘူး။ လူ့အဖွဲ့အစည်းထဲမှာ စီးပွားရေး ကျပ်တည်းလာတဲ့အခါ ရာဇဝတ်မှုတွေ ပြင်းထန်လာနေတဲ့ အခြေအနေမျိုးမှာ ကျနော်တို့ကြားထဲမှာ ပိုက်ဆံဆိုတဲ့ နဂို Capital ပေါ့လေ၊ နဂိုအရင်းအနှီး Economic Capital စီးပွားရေး အရင်းအနှီးမဟုတ်ဘဲနဲ့ Social Capital ပေါ့၊ လူသားတယောက်နဲ့ တယောက်ကြားက ယုံကြည်မှုတွေ၊ ရိုင်းပင်းမှုတွေနဲ့ ဘယ်လိုလူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မလဲပေါ့နော် ကျနော်တို့မှာ ထူးခြားတဲ့အခွင့်အရေးကတော့ အရင်တုန်းကမရှိတဲ့ ပြည်မနဲ့ တိုင်းရင်းသား နားလည်မှုတွေ ရလာတယ်။ ဒီလိုဟာမျိုးကို ပိုပြီးခိုင်မာလာအောင် ဘယ်လိုလုပ်မလဲ ပြည်တွင်းလိုမျိုး စဉ်းစားတာပေါ့နော်။ အဲ့ကနေမှ ကျနော်တို့ရဲ့ တော်လှန်ရေးတန်ဖိုးတွေ၊ စံနှုန်းတွေ ကျနော်တို့သွားချင်တဲ့ အနာဂတ်က ရှင်းလင်းပြီဆိုရင် တကမ္ဘာလုံးနဲ့ချိတ်ဆက်လို့ ရမယ်လို့ထင်တယ်။ အခုမြန်မာနိုင်ငံမှာရှိတဲ့ ပညာတတ်တွေ၊ လူငယ်တွေ တော်တော်များများက နိုင်ငံခြားထွက်ကုန်ကြပြီ။ အဲ့ဒါကြီးကို ကျနော်တို့က ဒီနိုင်ငံခြားထွက် သွားတဲ့လူတွေရဲ့ ပါဝင်မှုကိုလည်း ဆက်ပြီးတော့ ပါဝင်နိုင်အောင်လုပ်ရမယ်။ အခုဟာက အရမ်းခွဲခြားတယ်။ နယ်မှာရှိတဲ့လူက မြို့မှာရှိတဲ့လူကို ကြည့်လို့မရဘူး။ မြို့မှာရှိတဲ့လူက နိုင်ငံခြားရောက်သွားတဲ့လူကို ကြည့်မရဘူး။ Social media ပေါ်တင်တဲ့လူတွေကို ကြည့်မရဘူး။ အဲ့လိုမျိုး အမျိုးမျိုးဖြစ်နေတာ။ အဲ့တော့  ဒီပုံစံအတိုင်းသွားရင် အဖြေမရှိဘူးလို့ထင်တယ်။ 

တယောက်နဲ့တယောက်ကြားမှာ ပြမှမဟုတ်ဘဲ ကျနော်တို့ကြားထဲမှာ နားလည်မှုတခုရှိတယ်၊ ပြည်သူတွေအားလုံးက ဖိနှိပ်ခံတွေပဲ၊ ပိုကောင်းတဲ့ အနာဂတ်ကိုလိုချင်တဲ့ဆိုတဲ့ ရည်မှန်းချက်အပေါ်မှာ ကျနော်တို့အားလုံးက ကြိုးစားနေတယ်ဆိုတဲ့ စိတ်ဓာတ်ကို ကျနော်တို့အားလုံးမှာရှိသွားရင် အနှေးနဲ့အမြန်ပဲ ကျနော်တို့တော်လှန်ရေး ပြန်ပြုတ်ကျသွားစရာလမ်းမရှိဘူး။ အဲ့ဟာကို ကျနော်ကတော့ မျှော်လင့်တယ်။  နိုင်ငံခြားရောက်သွားတဲ့လူတွေ အနေနဲ့လည်း အခုချိန်မှာကြည့်လိုက်ရင် အများစုက မြန်မာဖြစ်တယ်ဆိုတာကို ဂုဏ်ယူလေ့မရှိဘူး။ အထူးသဖြင့် အာဆီယံနိုင်ငံတွေမှာဆိုရင် မြန်မာဖြစ်တယ်ဆိုတာကို ကြောက်လေ့ရှိတယ်။ ဖုံးထားကြတယ်။ မြန်မာဆိုတဲ့ identity က မဖြစ်လာသေးဘူး။ တကယ်တော့ တိုင်းပြည်တည်ဆောက်ရေးဆို တာက ပြည်တွင်းမှာ ထုနဲ့ထည်နဲ့ ဖြစ်လာမှမဟုတ်ဘဲ ပြည်ပမှာရောက်နေတဲ့သူတွေအနေနဲ့လည်း ကိုယ့်တိုင်းပြည်ကို ဘယ်လောက်ဂုဏ်ယူလဲ။ တိုင်းပြည်အသစ်တည်ဆောက်ရေးအတွက် ငါတို့တွေအတူ ဘယ်လိုလုပ်နေကြလဲ၊ ဘယ်လောက်စုဖွဲ့နိုင်လဲဆိုတဲ့ ကွန်ရက်ပုံစံမျိုးတွေ အချိတ်အဆက်တွေ အားကောင်းတဲ့ပုံစံမျိုးတွေ အများကြီး ဖြစ်လာဖို့ တော်လှန်ရေးလမ်းကြောင်းအတွက် ပြည်တွင်းပြည်ပ မခွဲခြားဘဲ ရှိသမျှအင်အားတွေအားလုံးကို စုစည်းပြီးတော့ အသုံးချနိုင်ရင် ကောင်းမယ်လို့တော့ ကျနော်ထင်တယ်။ လုပ်ရမှာတွေကတော့ အများကြီးပဲ။ ဒီနေ့ တထိုင်ထဲနဲ့ ပြောလို့ပြီးတဲ့ ကိစ္စလည်းမဟုတ်ဘူး။ စီးပွားရေးပိုင်းက အင်မတန်ကျယ်ပြန့်တယ်။ ဒါပေမယ့် အခြေခံအားဖြင့် ရေရှည်ဖြစ်မယ်ဆိုတာကို နားလည်မယ်။ ကျနော်တို့ တယောက်နဲ့တယောက်ကြားထဲမှာလည်း အပြန်အလှန်နားလည်မှုတွေနဲ့ အတူလက်တွဲနေကြတယ်ဆိုတာကို ယုံကြည်ကြမယ်ဆိုရင် အဖြေရှိမယ်လို့ ကျနော်ကတော့ထင်တယ်။ 

အခုလိုမျိုးခံစားချက်နဲ့ Social Media ပေါ်ကနေပဲ သွားမယ်ဆိုရင် ပြည်သူတွေမှာတင်ပဲ ပြုတ်ကျနိုင်ချေရှိတယ်။ ခုနကပြောခဲ့တဲ့အတိုင်း အမှန်တရားဆိုတာ အချိန်တန်ရင်ပေါ်လာမှာပဲ။ ပြည်သူတွေလည်းအခုဆိုရင် စခံစားလာရပြီ၊ တော်လှန်ရေးက ရေရှည်သွားမယ်ဆိုတာ သိလာကြပြီ။ ဆိုတော့ အလိမ်ဆိုတာ ဘယ်လိုမှ ရေရှည်သွားလို့မရဘူး။ ကျနော်တို့လို ဝေဖန်တဲ့သူတွေမပြောလည်း ပြည်သူတွေက နောက်နှစ်လ၊ သုံးလနေရင် သိလာမှာပဲ။ ဆိုတော့ အဲ့အချိန်မှာ လမ်းကြောင်းမရှိဘူးဆိုရင် တော်လှန်ရေးက ပြန်ပြီးပြုတ်ကျတာဖြစ်ဖြစ် ခုနက ဘေးထွက်ဆိုးကျိုးပုံစံတွေ အများကြီး ဖြစ်နိုင်လာချေရှိတယ်။ ဒီအချိန်ထဲက တော်လှန်ရေးလမ်းကြောင်းအစစ်ကို ချနိုင်မယ်။ တော်လှန်ရေးရဲ့ အမြုတေဓါတ်ကို ပြည်သူတွေရဲ့ ရင်ထဲမှာရှိနေမယ်ဆိုရင် ကျနော်တို့ရဲ့တော်လှန်ရေးက ပြန်ပြုတ်ကျစရာ အကြောင်းမရှိဘူး။ ကျနော်တို့ကြားထဲမှာ တည်ဆောက်ရင်းနဲ့ တော်လှန်သွားလို့ရမယ်ဆိုရင် တော်လှန်ရေးက ရေရှည်လည်း သွားနိုင်မယ်။ ဒါကတော့ ကျနော့်အမြင်ကို ပြောတာပါဗျ။ ကျေးဇူးတင်ပါတယ်။

Lizzy (01:10:45- 01:12:32)

ကိုရဲထက် ကျေးဇူးပါ။ ပြောသွားတာတွေကတော့ စီးပွားရေးတွေရော Politics identity တွေရော ကျနော်တို့ မူတွေ အကုန်လုံး ခိုင်ခိုင်မာမာရှိရမယ့် အကြောင်းအကုန်လုံးကို ဆက်စပ်ပြီးတော့ ခြုံပြီးတော့ကို ပါသွားတာပေါ့နော်။ တကယ်တမ်းဆို အခုဖြစ်ရမှာက ဘယ်မူဝါဒကို ချမှတ်မယ်ပေါ့နော်။ အခုချိန်မှာ ပြည်သူနဲ့ကိုက်ညီတာက ခံစားချက်တွေ ပြင်းထန်လိုက် အဲ့ခံစားချက်ပေါ်မူတည် ပြီးတော့ click ခိုင်းလိုက် အချင်းချင်းဘလိန်းလိုက် ဆဲဆိုလိုက် ဒါတွေပဲ ဖြစ်နေတယ်ဆိုတော့ ချပြပေးမယ့် ခေါင်းဆောင်ဆိုတာကလည်း သူတို့ကိုယ်တိုင်မချပြနိုင်ဘဲ တော်လှန်ရေးအတွက်ဆို ငွေကအရေးကြီးတယ်၊ ငွေကူရမယ်၊ လှူရမယ်ဆိုတာမျိုး သွေးကြွေးမှာ ဆွေးနွေးစရာမရှိပေါ့နော်၊ ဘယ်လိုပုံစံမျိုးဆိုတာတွေ မပြောဘဲ ဒီလိုမျိုးတွေပဲ ပြောပြနေတာဆိုတော့ ကိုရဲထက် ပြောသလိုမျိုး အများကြီးတော့ လုပ်ရမှာတွေရှိတယ်။ ကျန်တဲ့လူတွေလည်း ပွင့်ပွင့်လင်းလင်း ဝင်ရောက်ဆွေးနွေးလို့ရပါတယ်။ ဒီနေ့ ကျနော်ပြောနေတဲ့ ခေါင်းစဉ် စီးပွားပျက်ကပ်ကနေ လူထုတော်လှန်ရေးကို တွန်းအားပေးနိုင်မယ့်အရာတွေ၊ အဟန့်အတားဖြစ်စေမယ့်အရာတွေက ဘယ်ဟာမျိုးဆိုပြီး အများကြီးပြောသွားခဲ့ပြီဆိုတော့ ဘယ်လိုမျိုးနဲ့ တော်လှန်ရေးကို တွန်းအားဖြစ်စေမယ်လို့ ထင်လဲ ဆိုတာလည်း ဝင်ရောက်ပြီးတော့ ဆွေးနွေးလို့ရပါတယ်။ 

ကိုရဲထက် (01:12:45-01:14:50)

ကျနော် တခု စဉ်းစားမိလို့ ဆွေးနွေးကြည့်ချင်ပါတယ်။ ကျနော်တို့မှာ စီးပွားရေးသမားတွေနဲ့ ပတ်သက်ပြီး တော်လှန်ရေးမှာ ဘယ်လိုပါသင့်တယ်ဆိုတဲ့ မူဝါဒမျိုးမရှိဘူးလို့ ထင်တယ်။ မူဝါဒဆိုတာရှိလားလဲ မေးခွန်းပြန်ထုတ်ရမှာပေါ့။ စီးပွားရေးသမားတွေအပေါ်မှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဘယ်လိုအမြင်မျိုး ရှိလဲပေါ့။ စီးပွားရေးသမားဆိုရင် သေချာတာကတော့ စစ်တပ်နဲ့ပတ်သက်တယ်ဆိုရင် blacklist လုပ်မယ်၊ Boycott လုပ်မယ်၊ ဒီလိုမျိုးတော့ ကျနော်တို့ စဉ်းစားချက်ရှိတယ်။ ဒါပေမယ့် ပိုပြီးကျယ်ပြန့်တဲ့ စီးပွားရေးသမားတွေ အများကြီးရှိတယ်။ ပြည်သူကိုအခြေခံတဲ့ စီးပွားရေးအင်အားစုတွေ၊ အလယ်အလတ်တန်းစားတွေ ပြီးတော့ ပြီးခဲ့တဲ့ (၁၀) နှစ် အတွင်းမှာ အသစ်ထွက်လာတဲ့ ခရိုနီမဟုတ်တဲ့ စီးပွားရေးအင်အားစုတွေရှိတယ်။ ဝန်ဆောင်မှုကို အခြေခံတာ၊ အသိပညာကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေအများစုဟာ ခရိုနီလိုမျိုး Resource, Permit ကို အခြေခံတာမျိုးမဟုတ်တဲ့ စီးပွားရေးသမားတွေ အများကြီးရှိတယ်။ သူတို့လည်း ဒီမိုကရေစီကို လိုချင်တယ်။ တိုင်းပြည်ပွင့်လင်းမှလည်း သူတို့အတွက်လည်း အကျိုးရှိမှာဆိုတော့။ စီးပွားရေးသမားတွေက ပိုပြီး အကျိုးအမြတ်တွက်လေ့ရှိတယ်ဆိုတော့ တိုင်းပြည်ပိတ်တာက သူတို့အတွက်လည်း သေကြောင်းကြံတယ်ဆိုတာ သူတို့သိတာပေါ့။ 

ဒါပေမယ့် သူတို့ ပါနိုင်မယ့် အခင်းအကျင်းမျိုး သေချာချပြစည်းရုံးတာမျိုး မတွေ့ရဘူး။ စီးပွားရေးသမားဆို နည်းနည်းလေး မကြိုက်လိုက်တာနဲ့ပဲ စစ်တပ်နဲ့ပေါင်းတယ်ထင်တာနဲ့ပဲ ဒီလူကို Boycott လုပ်မယ်။ ဒီလိုမျိုးတော့ ပြောတာရှိတယ်။ ဒါပေမယ့် စီးပွားရေးသမား ကိုယ်တိုင်ပါဝင်အောင် ဘယ်လိုလုပ်မလဲ။ ကျနော်တို့ နိုင်ငံတကာ လေ့လာမယ်ဆိုရင် အရှေ့တီမော Case တို့၊ ဆူဒန် Case မှာ ဆိုလည်း စီးပွားရေးသမားတွေ၊ အဲ့နိုင်ငံမှာရှိတဲ့ အနုပညာရှင်တွေကအစ သိုသိုသိပ်သိပ်နဲ့ တော်လှန်ရေးအတွက် လှူဒါန်းငွေထည့်တဲ့ပုံစံတွေ၊ ပါဝင်နိုင်တဲ့ အခင်းအကျင်းတွေရှိတယ်။ ဒါမှမဟုတ် စဉ်းစားချက်တွေရှိတယ်။ ကျနော်တို့မှာတော့ အဲ့လိုစဉ်းစားချက်တွေ မရှိဘူး။ ဒီတိုင်းပဲ လာလှူဆိုတာမျိုးပဲ ထိုင်ပြောနေတာရှိတယ်။ အရမ်းလည်း Risk များတယ်ပေါ့နော်။ လက်ရှိမှာ စီးပွားရေးသမားတွေအတွက်ကလည်း သူတို့လှူတာထိသွားရင် သူတို့စီးပွားရေးတခုလုံး ပျောက်သွား နိုင်တယ်ဆိုတဲ့ဟာမျိုးတွေ ရှိတယ်ဆိုတော့ ဒါလည်း ကျနော် သိချင်တာပါ။ ဒီမှာရှိနေတဲ့သူတွေလည်း ဘယ်လိုမျိုး မြင်မိလဲ။ စီးပွားရေးလုပ်ငန်းရှင်တွေ စီးပွားရေးသမားတွေအနေနဲ့ကရော တော်လှန်ရေးမှာ ဘယ်လိုပုံစံနဲ့ပါဝင်ဖို့ လမ်းကြောင်းဖွင့်ပေးလို့ရနိုင်မလဲဆိုတာ တွေးထားတာရှိရင် ဆွေးနွေးပေးစေချင်ပါတယ်။ 

ကိုစိုင်းကြည်ဇင်စိုး (01:14:53-01:20:00)

ကျနော် နည်းနည်း ဆွေးနွေးကြည့်ပါမယ်။ အခု အာဏာသိမ်းလိုက်တဲ့ကာလက တော်တော်များများ ခုနက ကိုရဲထက်ပြောတဲ့ SME က ကိုဗစ်ကြောင့် နည်းနည်းလေးချိနေတဲ့ အခြေအနေမျိုးဖြစ်သွားတယ်။ အဲ့ဒီ Small, medium enterprise လေးတွေ၊ Service industry မှာ ရှိနေတဲ့ဟာတွေ တော်တော်များများက ချိနေကြတယ်။ အဲ့အချိန်မှာ သူတို့က အာဏာသိမ်းလိုက်တယ်။ သိမ်းလိုက်ပြီးတဲ့နောက် စစ်တပ်ဘက်က လုပ်တဲ့ဟာက အရင်ဆုံး First call of order business ပေါ့၊ ဒါက UMFCCI မှာ ခေါ်ပြီးတော့ စီးပွားရေးသမားတွေနဲ့ တွေ့တယ်။ သူတို့က အဲ့ဟာ သာတယ်ပြောရမယ်။ အဲ့တော့ ဆွဲစိလိုက်တယ်။ ဆွဲစိပြီးတော့ အဲ့ထဲမှာ သူတို့ရဲ့ ရပ်တည်ချက် ဘာညာ သူတို့ရဲ့ဖြစ်ချင်တဲ့ဟာတွေ အကုန်လုံးကို ဆွေးနွေးလိုက်ပုံရတယ်။ ပြီးတော့ အချင်းချင်းကြားထဲမှာ နင်ဘာလဲ ငါဘာလဲဆိုတဲ့ဟာ သူတို့ တည်ဆောက်လိုက်တယ်။ ဒါပေမယ့် ကိုရဲထက် ပြောသလို ဒီဘက်မှာက လက်ရှိအခြေအနေမှာ စီးပွားရေးဆက်လုပ်နေသေးတယ်ဆိုရင်တောင်မှ ရန်သူလူမျိုးသဘောထားချင်တဲ့လူတစုက ရှိနေတယ်။ အကုန်လုံးမဟုတ်ဘူးဆိုရင်တောင်မှ နည်းနည်းများတဲ့လူစု၊ အသံကျယ်ကျယ်နဲ့ အထိနာနာ လုပ်နိုင်လောက်တဲ့ အင်အားရှိတဲ့လူစုကြီးကရှိနေတယ်။ အဲ့ဒါကို ကျနော်တို့တော်လှန်ရေး တော်လှန်ရေး ပြောတဲ့ဟာကလဲ Negative sense ကြီးပါနေတယ်။ တကယ်ပြောင်းလဲမှုဖြစ်စဉ်ပေါ့နော် ပြောင်းလဲမှုဖြစ်စဉ်မှာ ပါဝင်ဖို့အတွက် Space က တကယ်ကို ရှိနေပါတယ်။ 

အခုစီးပွားကူးသန်း NUG အောက်မှာ ဝန်ကြီးဌာနဖွဲ့ထားတဲ့အချိန်မှာ သူတို့အနေနဲ့ စီးပွားရေးသမားတွေနဲ့ ဘယ်လိုချိတ်ဆက်လဲ ဆိုတဲ့ဟာ ကျနော်တို့ သေချာမသိနေဘူး၊ ချိတ်ဆက်တယ်လို့လည်း ကျနော် အများကြီးမကြားမိဘူး။ အဲ့လိုပဲ စီးပွားရေးမှမဟုတ်ဘူး။ အခုကြည့်ရင် international organization တွေ အခုမြန်မာနိုင်ငံထဲမှာ အထူးသဖြင့် စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုသဘောဆောင်တဲ့ နိုင်ငံခြားငွေ စီးဆင်းမှုအကြီးဆုံး Industry လို့ ပြောရင် အခုချိန်မှာတော့ NGO အုပ်စုတွေဖြစ်လိမ့်မယ်။ အဲ့တော့ Bilateral, Multilateral နဲ့ စီးဝင်နေတယ်။ စီးဝင်နေတဲ့အချိန်မျိုးမှာ မြန်မာနိုင်ငံထဲမှာ operate လုပ်ဖို့အတွက် တော်တော်များများ MOU ပြန်ယူကြတယ်။ ပြီးရင် သူတို့ရဲ့ Organization ရော registration အတွက် ဘာအတွက်ညာအတွက်ပေါ့နော် သူတို့ရဲ့ဝင်သမျှပိုက်ဆံ တော်တော်များများက MFTB လိုမျိုး နိုင်ငံခြားငွေဘဏ်ကနေတဆင့် ၁၈၅၀ အစိုးရဖြတ်တဲ့နှုန်းနဲ့ ဒေါ်လာတွေ ဝယ်နေသေးတယ်။ အဲ့တော့ ဝန်ထမ်းလခပေးဖို့ပဲဖြစ်ဖြစ် တခြား operational costs တွေအတွက် သူတို့ပိုက်ဆံ အဝင်ပြပြီးတော့ ဒီမြန်မာနိုင်ငံထဲမှာ မြန်မာငွေပြန်ထုတ်တဲ့အခါမှာ အဲ့လိုမျိုးဟာမျိုးနဲ့ စစ်အစိုးရဆီမှာလည်း စီးဝင်နေသေးတယ်။ 

အဲ့လိုစီးဝင်မှုတွေရှိနေတဲ့ဟာမျိုးတွေကို ဒီတော်လှန်ရေးအင်အားစုတွေဘက်မှာ စီးဝင်နေတဲ့ဟာတွေကို အကြောင်းအရာအရ  သူတို့ရှိဖို့အတွက် existential အရ NGO မှာ လုပ်နေတဲ့ဝန်ထမ်းတွေ  ဆက်ပြီး click ဖို့အတွက် ဖုန်းဘေလ်ရဖို့အတွက် ဇာတ်လမ်းတခုဖြစ်တယ်ဆိုတာကို နားလည်ပေးရမယ့်အစား အခုချိန်မှာတော့ အစိုးရနဲ့ဆက်စပ်နေတဲ့  NGO တွေအပေါ်မှာ အပြစ်တင်ကဲ့ရဲ့ boycott လုပ်မယ်ဆိုတဲ့ဟာတွေ ရှိလာတယ်။ သူတို့ဆီမှာ အဲ့လိုမျိုး Registration မလုပ်ဘူး၊ ဒါမှမဟုတ် စစ်တပ်နဲ့မပတ်သက်ဘဲနဲ့ နယ်စပ်မှာပဲနေတဲ့ Organization တွေ၊ အထူးသဖြင့် မဲဆောက်တို့၊ ထိုင်း Border ဘက်မှာ Active ဖြစ်နေတဲ့ Organization လောက်ကိုပဲ သူတို့က အသိအမှတ်ပြုတယ်ဆိုတဲ့ List တခုနဲ့ ပေါင်းသင်းဆက်ဆံတယ်ဆိုတာ အဲ့ဒါက ပြဿနာရှိတယ်။ ခုနက ကိုရဲထက်ပြောသလိုပဲ every community၊ ရှိနေတဲ့ community၊ အင်အားစုဖြစ်လာမယ့် community တိုင်းကို ကျနော်တို့ရဲ့ တော်လှန်ရေးဆိုတဲ့ခေါင်းစဉ်ကြီးနဲ့ ကိုယ့်ဘာသာထိုးခွဲနေသလို ဖြစ်တယ်။ ကျနော်တို့ရဲ့တော်လှန်ရေး အင်အားစုက ပေါင်းစည်းစုစည်းစေတဲ့အားမဖြစ်ဘဲနဲ့ တော်လှန်ရေးလို့ပြောလိုက်တာနဲ့ နင်ဘာလုပ်လဲ ငါဘာလုပ်လဲ နင်ဘယ်လိုယုံတယ် ငါဘယ်လိုယုံတယ် ဆိုတဲ့အပေါ်မှာမူတည်ပြီး ရန်/စည်း ခွဲလိုက်တယ်ဆိုတဲ့ စကားအတိုင်း အချင်းချင်းခွဲပြီးသားဖြစ်တယ်။ Every incident မျိုးမှာ အဲ့လို သူ့ဘက်ကိုယ့်ဘက်ဆိုပြီးခွဲပြီးတော့ အကုန်လုံးကို ရန်သူအဖြစ်သွားတိုင်းနေတဲ့ဟာက တကယ်တမ်းကျတော့ ကျနော်တို့တော်လှန်ရေးအတွက် အားဖြစ်ဖို့ Long-term မှာ income တွေရနိုင်စရာ source တွေ ပိုပြီးတော့ ချဲ့ထွင်တာထက် ကိုယ့်ဘာကိုယ် ဘောင်ခတ်ပြီးတော့ ချုံ့နေတယ်လို့ ကျနော် မြင်နေရတယ်။ စီးပွားရေးအရ ပေါင်းသင်းဆွေးနွေးတဲ့ဟာမျိုး ကျနော်မကြားမိဘူး။ 

စီးပွားရေးသမားတွေထဲမှာ တချို့ very actively အရင်ကတည်းက ပြုပြင်ပြောင်းလဲရေးထဲမှာ တွန်းတွန်း တိုက်တိုက်ပါခဲ့တဲ့လူတွေရှိတယ်။ ပါတဲ့အချိန်မှာလည်း စီးပွားရေးသမားတွေကို ကျနော်တို့က နားမလည်ပေးနိုင်တဲ့ တခု စီးပွားရေးလုပ်တဲ့အချိန်မှာ များသောအားဖြင့် ပတ်သက်မှု ပေါင်းသင်းမှုတွေ ရှိလာတယ်။ ခရိုနီတွေတင် မဟုတ်ဘူး။ ခရိုနီမဟုတ်ဘဲနဲ့ တဖြည်းဖြည်းနဲ့ သူတို့ဘာသာသူတို့ ကြိုးစားရုန်းကန်ရင်းနဲ့ နေရာတခု အောင်မြင်မှုတခု ရလာတဲ့ စီးပွားရေးသမား၊ စီးပွားရေးခေါင်းဆောင် အထူးသဖြင့် Tourism တို့၊ Service Industry တွေမှာ အောင်မြင်လာတဲ့ စီးပွားရေးသမား တော်တော်များများဟာ ဗိုလ်ချုပ်တွေနဲ့ တည့်အောင်ပေါင်းတယ်။ ပြီးရင် ဒီဘက်က NLD အစိုးရအချိန်မှာဆိုရင်လည်း အမေစုနဲ့ တည့်အောင်ပေါင်းတယ်။ အမေစုလိုတဲ့ဟာဆိုရင် သူတို့ကူညီဖို့အတွက် အမြဲတမ်းအဆင်သင့်ဖြစ်နေကြတာမျိုးရှိသလို တဖက်မှာ အဘတွေ ခေါ်တယ်ဆိုရင်လည်း Golf သွားရိုက်ပြီး‌တော့ အရက်သွားသောက်တဲ့သူတွေလည်းရှိတယ်။ ဒါသူတို့ စီးပွားရေးသမားရဲ့ယူဆချက်မှာ သူတို့က neutrality က အရေးကြီးတယ်။ သူတို့အနေနဲ့ ဒီနိုင်ငံရေးကို ပါ၀င်ပတ်သက်မှုကို ဘက်ခွဲခြားပြီးတော့ သူတို့နေလို့မရဘူးဆိုတဲ့ ခံယူချက်ရှိနေတဲ့အချိန်မျိုးမှာ ကျနော်တို့ဒီဘက်က တော်လှန်ရေးလို့ပြောကြတဲ့ ခေါင်းစဉ်အောက်မှာ စုမိကြတဲ့လူမျိုး‌တွေကျတော့ အဲ့လို neutral ကျနေတဲ့လူမျိုးကိုတောင်မှ ကျနော်တို့ရန်သူ အဖြစ် သတ်မှတ်နေကြတယ်။ အဲ့တာ ကျနော်တို့ရဲ့အင်အားစုကို ကိုယ့်အင်အားကို ပြန်ဖျက်ဆီးတဲ့လူလို့ ယူဆတယ်။ အဲ့ဒီတော့ အဲ့လိုဟာမျိုးတွေကို ကျနော်က‌တော့ အများကြီး ပြန်စဉ်းစားစေချင်တယ်။ 

နောက်ပြီးရင်အဲ့လို neutral ကျနေတဲ့ နောက် ကိုရဲထက်ပြောသလို တကယ် exploit ဖြစ်တဲ့ industry မဟုတ်ဘူး။ တကယ့် human rights တို့ ဘာတို့ အရင်တုန်းက ကျနော်တို့ တောက်လျှောက်ကို တကယ်ကြိုးစားလာကြတဲ့ industry တွေရှိတယ်။ တကယ် human rights လိုအပ်ချက်တွေ၊ UN က ချထားတဲ့ အဲ့ standard တွေကို လိုက်နာဖို့ သဘောတူထားတဲ့ စာချုပ်ချုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေ အဲ့လိုဟာမျိုးက ကျွန်တော်တို့က အခုချိန်မှာ engage လုပ်ဖို့လိုတယ်။ သူ့ဟာသူ နောက်ဆုံးစစ်တပ်နဲ့ ပတ်သတ်ပေါင်းသင်းနေတယ် ဆိုရင်တောင်မှ သူရဲ့ လုပ်ငန်းလိုအပ်ချက်အရ ရပ်တည်မှုလိုအပ်ချက်အရ စစ်တပ်နဲ့အနည်းဆုံးပေါင်းသင်းနေပြီး သူ့ရဲ့လုပ်ငန်းလည်ပတ်အောင်လုပ်နေတဲ့အချိန်မျိုးမှာ ကျနော်တို့ သူ့တို့ကို ဘယ်လိုနားလည်ပေးပြီးတော့ ကိုယ့်ဘက်မှာ contribute လုပ်နိုင်အောင် ဘယ်လို လမ်းကြောင်းဖန်တီးပေးမလဲဆိုတဲ့ဟာ ကျွန်တော်တို့ စ စဉ်းစားသင့်ပါတယ်။ အခုချိန်ထိတော့ အဲ့လိုစဉ်းစားတာမျိုး၊ ဆွေးနွေးတာမျိုး မတွေ့မိသေးဘူး။ အဲ့တာက ကျနော်တို့အတွက် အင်အား ဆုတ်ယုတ်စေတယ်လို့ ကျနော့်အနေနဲ့မြင်မိတယ်။

Lizzy (01:22:09-01:23:35)

ဟုတ်ကဲ့ဆရာ အကုန်လုံးကပေါ့နော်၊ စီးပွားရေးဆိုရင်လည်း စီးပွားရေး၊ တခြားဘယ်အရာမဆိုမှာ ကျနော်တို့က ကိုယ့်ဘက်ပါအောင် ဆွဲယူရမယ့်အစား ပိုပိုပြီး ဆုတ်ယုတ်သွားတာတော့ ဟုတ်တယ်။ ဆရာပြောသလိုပါပဲ ကျနော်လည်း အဲ့ဒါကိုတော့ ထောက်ခံတယ်။ ဘယ်ဘက်ကိုလုံးဝခိုင်ခိုင်မာမာ လုံးဝရပ်တည်မှပေါ့နော် အခု နောက်ပိုင်းမှာဆိုလို့ရှိရင်လည်း ကိုဖြိုးဇေယျာသော်နဲ့ ဦးဂျင်မီကိစ္စ နောက်ပိုင်းမှာဆိုလို့ရှိရင်လည်း ပြန်ပြီးတော့ ဥပမာ ကျောင်းသွားတက်တဲ့သူတွေကြောင့် သူတို့အသတ်ခံလိုက်ရတာပါ ဆိုတဲ့ အာဃာတနဲ့ နာကျည်းမှုတွေပဲ ပိုများအောင်လုပ်သလိုဖြစ်နေတယ်။ အခုနောက်ပိုင်းမှာဆိုရင်လည်း ပိုပြီးတော့ပေါ့နော် social punishment တွေက ပိုပြီးဖြစ်လာတယ်ပေါ့နော်။ အကုန်လုံးကပေါ့နော် သူတို့နောက်ဆုံး ထင်မြင်မိတာကကျတော့ တော်လှန် ရေး မြန်မြန်အောင်ဖို့ဆိုရင် SP ကို များများလုပ်ကြ အတူတူ အကုန်လုံးခဏလေးနဲ့ အချိန်နဲ့ပဲ သတ်မှတ်ပြီးတော့ လုပ်နေကြသလိုမျိုး ဖြစ်နေတယ်။ ကျနော်တို့အနေနဲ့ ဒီဥစ္စာကို ပြုပြင်ပြောင်းလဲဖို့ ဘယ်ကနေစရမှန်းမသိ ဖြစ်နေတယ်ဆိုတာကတော့  ကျနော်တို့လည်း စဉ်းစားနေတယ်ပေါ့နော်။ တက်ရောက်လာသူတွေထဲမှာရော ဘယ်လိုမျိုး လုပ်သင့်တယ်ဆိုတာ မြင်မိလဲပေါ့နော် ယူဆမိတဲ့အတွက် အကြံဉာဏ်လေးများရှိလားပေါ့နော်။ ကျွန်တော်တို့က ဟိုဘက်ကို ပြန်ပင်းနေရတဲ့၊ ဝေဖန်သူများလို့ ပြန်သတ်ခံနေရတဲ့ အခြေအနေမျိုး ရောက်နေတယ်ပေါ့နော်။ ဟုတ် ဆရာသက္က ဘာများပြောဦးမလဲ။

ဆရာသက္ကမိုးညို (01:23:36-01:26:15)

အကြံရှိလို့တော့မဟုတ် အကြံပြောမလို့မဟုတ်ဘူး တိုင်မလို့။ အဲ့လိုပါ ခုနက စဉ်းစားမိတာ ဘာလဲဆိုတော့ ပြဿနာက ခုနက ကျနော်တို့ပြောတဲ့ limited resource ဖြစ်တဲ့ ငွေကြေးပေါ့နော်။ ငွေကြေးက resource ဖြစ်နေတာ ပြဿနာ။ အဲ့ငွေကြေး resource ဖြစ်တဲ့အခါကျရင် ဘာဖြစ်လာသလဲဆိုတော့ ရှိသမျှ ငွေကြေးတွေအားလုံးကို NUG ဆီကိုပဲ NUG က သူ့ဆီကိုပဲ ဝင်စေချင်တယ်။ သူ့ဆီကိုပဲ ဝင်စေချင်တဲ့အခါကျတော့ တော်လှန်ရေးမှာ ပြဿနာကဘာလဲဆိုတော့ Local PDF တွေရှိတယ်၊ UG ကလည်းရှိတယ်၊ တစ်ခါ တိုင်းရင်းသား ဘာညာတွေလည်း အကုန်ရှိတယ်ပေါ့နော်။ Local PDF (UG) ကပေါ့၊ အဓိက သူတို့က ဘာလဲဆိုတော့ ပြည်သူရဲ့ ထောက်ပံ့ငွေနဲ့ ရပ်တည်နေကြရတာ ရပ်တည်နေတဲ့ကိစ္စမှာ ခုနက NUG က သူက ငွေကြေးရန်ပုံငွေလိုချင်တဲ့ အခါကျရင် ထိပ်ကနေ ဆည်ပိတ်ဆောက်လိုက်သလို လုပ်လိုက်တဲ့ဟာမျိုးတွေ ရှိတယ်။ သူဆည်ပိတ်ဆောက်တာက ပြဿနာမရှိဘူးပေါ့နော်။ ဒီလောက်အထိ ကျနော်တို့က ဘာပဲပြောပြော လက်ခံလို့ရတယ်ပေါ့နော်။ 

အခုနောက်ပိုင်းကျတော့ ဘယ်လိုဖြစ်လာလဲဆိုတော့ သူတို့က ဒီ third party ပေါ်လာမှာကို စိုးတယ်ဆိုတဲ့ အိုင်ဒီယာမျိုးရှိလာတယ်။ တော်လှန်ရေးသည် ဘယ်သူပဲတော်လှန်တော်လှန် ကျွန်တော် ဆိုလိုတာက ဒီစစ်ကောင်စီကို တော်လှန်တဲ့နေရာမှာ လမ်းချင်းတူရင် လူချင်းတူတယ်ဆိုတဲ့ အိုင်ဒီယာမျိုး မထားတော့ဘူး၊ မထားတော့ဘဲ ဒီ NUG ကို ဝေဖန်တဲ့သူတွေ အထူးသဖြင့် ကျွန်တော်ပေါ့ NUG ကို ဝေဖန်သောသူတွေ တခြားသော အိုင်ဒီယာရှိသူတွေဆိုရင် သူတို့က ရိုက်ချလိုက်တာ။ ရိုက်ချလိုက်တဲ့ သဘောက နှစ်ပိုင်းပေါ့၊ တစ်ပိုင်းက သူတို့ဆီကို ငွေကြေးဝင်လာဖို့ရယ်၊ နောက်တစ်ခုက သူတို့ Trust building မတည်ဆောက်နိုင်ဘူးပေါ့နော်။ အဲ့တာကို သူတို့က ချေဖျက်ဖို့ရာအတွက် သူတို့က ရန်သူလို သဘောထားလိုက်တာမျိုးတွေရှိတယ်။ အဲ့လိုမျိုး ဖြစ်လာတဲ့အခါကျ ကျနော်တို့မှာ လုပ်ရခက်တယ်။ လုပ်ရခက်တယ်ဆိုတာက ဒီလေးမျက်နှာစကားဝိုင်းမှာ ခဏခဏ ပြောနေကြ ပြည်သူလူထုရဲ့ရှုံးမှာကြောက်တဲ့စိတ်ကို သူတို့က manipulate  လုပ်လိုက်တာ အဲ့ဒါက ကျွန်တော့် အနေနဲ့ တော်တော်ဆိုးတယ်လို့ထင်တယ်။ ပြည်သူလူထုက ရှုံးမှာကြောက်တဲ့အခါကျတော့ ဒီကောင်ကနေ သွေးခွဲနေတာ။ ဒီကောင်ကနေ တော်လှန်ရေးကို နှောင့်နှေးအောင်လုပ်နေတာဆိုတာမျိုး အသာလေး ပြည်သူရဲ့ရှေ့မှာ ချပေးလိုက်တဲ့အခါ ပြည်သူက အစိမ်းလိုက်ကိုက်ဖျက်ဝါးစားကြတာပေါ့။ 

ကျနော်ပြောချင်တာ ခုနကပြောသလို limited resource တွေရှိတာရယ်၊ နောက်တစ်ခုကဘာလဲဆိုတော့ ပြိုင်ဘက်ရယ်လို့ ပေါ်လာလို့ရှိရင် ထိုးချတာမျိုး။ ဒါမျိုးက ကျနော် သက်သေအထောက်အထားနဲ့ ပြောမယ်ဆိုရင် ဗိုလ်နဂါးလိုဟာမျိုးဆိုရင်လည်း သူတို့ ထိုးချလိုက်တာပဲ။ မောင်ဆောင်းခ ဆိုရင်လည်း ထိုးချလိုက်တာပဲ၊ ကို zero တို့ ဆိုရင်လည်း ထိုးချလိုက်တယ်ဆိုတာမျိုးကလည်းရှိတယ်။ ထိုးချလိုက်တယ်ဆိုတာကလည်း NUG ကိုယ်တိုင်က ထိုးချတာမဟုတ်ဘဲ ဘာလဲဆိုတော့ တစ်ဖက်က social media မှာ influencer အကြီးကြီးတွေပေါ်မူတည်ပြီး ထိုးချလိုက်တာမျိုးရှိတယ်။ အဲ့တာကြောင့် ကျနော်တို့ ခုနကပြောသလို ဟိုတခြားသောအရွေ့ကို ရွှေ့ဖို့ တော်တော်ခက်သွားပြီလို့ ကျနော် ခံစားမိတယ်၊ ဟုတ် ကျေးဇူးပါ။ 

Lizzy (01:26:22-01:27:11)

ဟုတ်ကဲ့ ဆရာ ကျေးဇူးပါ။ နောက်ဆုံးတော့ ဘယ်လိုပြောရမလဲ ဦးတည်သွားပြီပေါ့နော် ကျနော်တို့က အခုအချိန်ထိ တော်လှန်ရေးရဲ့ mission နဲ့ မူဝါဒအတူချထားနိုင်တဲ့ မူဝါဒကို မဟုတ်ပဲနဲ့ ခံစားချက်တွေနဲ့ပေါ့နော်။ ဒီ နာကျည်းမှုတွေ အာဃာတတရားတွေနဲ့ပဲ အတင်းကြီးကို လုပ်နေတဲ့ ပုံစံမျိုးဖြစ်နေတယ်။ အဆုံးသတ်လိုက်တဲ့အချိန်ကျရင် ကိုယ့်ဘက်ဆိုကိုယ့်ဘက် သူ့ဘက်ဆိုသူ့ဘက် အရမ်းကို အဖြူအမည်း ခွဲခြားထားတဲ့ပုံစံမျိုး တွေ့နေရသေးတယ်။ ဝေဖန်တာကို မခံတော့တဲ့ ပုံစံမျိုးဖြစ်နေတယ်။ ဒါပေမယ့် ကြာလာလို့ရှိရင် ဒီ ကျနော်တို့ တော်လှန်ရေးအတွက်ကိုပဲ ထိခိုက်လာနိုင်တာပေါ့နော်။ ဟိုဘက် စစ်ကောင်စီကကြ တော့ သူတို့ကို ထိခိုက်တာ မဟုတ်ဘူး ဖြစ်နေတာပေါ့။

ကိုဝေ (01:27:12-01:29:03)

ဟုတ်ကဲ့ လေးမျက်နှာစကားဝိုင်းမှာ ကျနော် ပါဝင်ခဲ့တာ တော်တော်ကြာပြီပေါ့။ ကျန်တဲ့ စကားဝိုင်းတွေဆိုရင် ကျွန်တော် သွားသွားကြည့်ဖြစ်တယ်ပေါ့။ ဒါပေမယ့် ကျနော်တို့ ဘယ်အဖွဲ့အစည်းမဆို ပျမ်းမျှပြောရမယ်ဆိုရင် ဘယ်အဖွဲ့အစည်းမဆို မူက ရှိမနေဘူးဗျာ။ အခုလက်ရှိထိက လုံးဝကို ဘယ်အဖွဲ့အစည်းမဆို မူက ရှိမနေဘူး။ အဲ့ဒီမူတခုကို ဘာလို့အခုထိ တည်ဆောက်ဖို့ မဖြစ်နိုင်သေးတာလဲ? ကျနော်ဆိုလိုချင်တာက မူတခုသာရှိကြည့်ဗျာ။  ပြည်သူကလည်း ဒီမူနောက်ကိုလိုက်ရမယ် ဘယ်သူကမှားတယ်၊ ဘယ်သူကမှန်တယ်ဆိုတာ ကွဲကွဲပြားပြား သိသွားမယ်။ အခုကျတော့ဗျာ ကိုယ့်အချင်းချင်းတွေ ဟိုဘက်ကိုမကြိုက်ဘူး၊ ဒီဘက်ကိုမကြိုက်ဘူး ကိုယ့်အချင်း ချင်းပဲ စကားတွေများနေတယ်။ ဒါပေမယ့် ဟိုဘက်ကျတော့ စကစကျတော့ သူတို့လုပ်စရာကို သူတို့ကွက်တိပဲ ဘယ်အချိန်ဘာလုပ်မလဲဆိုတာကို သူတို့ဖြစ်အောင်လုပ်သွားတယ်။ ကျနော်တို့ဘက်မယ် ဘာဖြစ်လို့ သူတို့ဘက်မယ် မူရှိနေတယ်ဗျာ ဘယ်သူပြောင်းပြောင်း အခုတယောက် ဟို မင်းအောင်လှိုင် ပြောင်းသွားလည်း နောက်တယောက်က ဒီမူအတိုင်းပဲ ရှိနေမှာပဲ။ နောက်တယောက် ထပ်ပြောင်းလည်း ဒီမူအတိုင်းပဲ။ ဟိုးအောက်က ပေါက်စနတက်လာလည်း ဒီမူအတိုင်းပဲသွားမှာပဲ။ သူတို့ဆီမယ် ဒီမူရှိပြီးသားပဲ၊ ကြိုက်တဲ့လူပြောင်း ဘယ်လောက်အရည်အချင်းရှိတဲ့သူဖြစ်ဖြစ် အရည်အချင်းမရှိတဲ့သူပဲဖြစ်ဖြစ် ဒီမူအတိုင်းပဲသွားမှာပဲ။

လက်ရှိမှာ ကျနော် ခံစားလာရတာတော့ ကျနော်တို့ ဘက်မှာကျတော့ လူသာမရှိဘူးဆိုရင် ဘာမှမလုပ်တတ်တော့ဘူး။ ဒီလူ နောက်လိုက်မယ်၊ ဒီလူ ကောင်းတယ်၊ ဒီလူက တော်တယ်၊ ဒီလူ နောက်လိုက်မယ်၊ အဲ့ဒီလူက ငြိမ်သွားပြီဆိုရင် ကျနော်တို့ ဘာဆက်လုပ်ရမှန်းမသိတော့ဘူး၊ မတွေး‌တတ်တော့ဘူး။  ဘယ်အဖွဲ့အစည်းမဆို ကြည့်လိုက်၊ ဘယ်နေရာမဆို ကြည့်လိုက်၊ ကျနော်တို့က မူက ပေါ်မလာသေးဘူး။ အဲ့ဒါဆို ကျနော်တို့က မူပေါ်လာဖို့အတွက် ဘယ်လောက်အထိ စောင့်ရဦးမလဲ။ အခုလက်ရှိထိ စီးပွားပျက်ကပ်တာတွေ ဘာတွေ ဘယ်အဖွဲ့အစည်းတွေ၊ ခေါင်းစဉ် ဘယ်လို‌ပဲ ပြောင်းသွားပြောင်းသွား ကျနော် ကြည့်ရ‌သလောက်တော့ ခေါင်းစဉ်တခုက မူဆိုတဲ့ တခုကို ကျနော်တို့မ ဆွေးနွေးနိုင်သေးဘူး။ ဘယ်မူနောက်ကို လိုက်ရမလဲ၊ အဲ့ဒီမူကို ဘယ်လိုချမှတ်မှာလဲ၊ အဲ့တာကို ကျနော် သိချင်တာဗျ။ 

ကိုစိုင်းကြည်ဇင်စိုး (01:29:18-01: 36:07)

ဟုတ် ကျနော်က မူဆိုတာထက် အခုအချိန်မှာ ကျနော်ရှေ့ကပြောခဲ့တဲ့ဟာတွေနဲ့ ဆက်စပ်ပြီးပြောရမယ်။ ကျနော်တို့ အချင်းချင်းကြားထဲမှာ အခုဖြစ်နေတဲ့ အဓိကပြဿနာက ခုန ဆရာသက္က ပြောတဲ့ကိစ္စနဲ့ ဆိုင်မယ်ထင်တယ်။‌ တဖြေးဖြေးနဲ့ ပိုက်ဆံရှာတဲ့ဟာ ပါလာတယ်။ နောက်ပြီးတော့ ပိုက်ဆံရှာတဲ့ဟာမှာ အောင်မြင်မှု၊ မြန်မာလူထုအသိုင်းအဝိုင်းက များသောအားဖြင့် ကိုယ့်ဘာသာကိုယ်ဆုံးဖြတ်ပြီးတော့ မှန်တယ်၊ မှားတယ် ဆုံးဖြတ်တာထက် လူအများစုထောက်ခံတာကို မှန်တယ်လို့ လွယ်လွယ်ယူဆတတ်တဲ့ အကျင့်က ပါနေတာကိုး။ အကျင့်က ပါနေတော့ လူများရင် တရားနိုင်တယ်ဆိုတဲ့ စကားအတိုင်း လူများရင်နိုင်တဲ့ အသိုင်းအဝိုင်းဖြစ်နေတော့ လူများစုနောက်ကို ကျွန်တော်တို့ လိုက်နေကြတဲ့ဟာ ရှိနေတယ်။ အဲ့ဒီအတွက်ကြောင့် လူအများစု ဆုံးဖြတ်ချက်၊ လူများစုရဲ့ ဆုံးဖြတ်လိုက်တယ်ဆိုတဲ့ဥစ္စာဟာ လူနည်းစုအပေါ် ဆိုးကျိုးသက်ရောက်စေသလားဆိုတဲ့ သံသယအပေါ် ဖြေရှင်းပေးနိုင်တဲ့အာမခံချက်မျိုး ဘယ်လူမှု အသိုင်းအဝိုင်းမှာမှ အာမမခံဖူးသေးဘူး။ 

ကျနော်တို့  မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ ဥပမာဆိုရင် ဒီ NUG ဖြစ်လာတယ် CRPH ဖြစ်လာတယ်။ အဲ့လို ခေါင်းဆောင်မှု တစ်ခုခုဖြစ်လာတယ်။ အဖွဲ့တစ်ခုခု ဖြစ်လာတယ်ဆိုရင် အဲ့ဒီဖြစ်လာတဲ့အဖွဲ့ မတူညီတဲ့ အဖွဲ့အချင်းချင်း ကြားထဲမှာ သူက တစ်ခုခုဆုံးဖြတ်တဲ့အခါ ငါ့အကျိုးစီးပွား၊ ငါ့အကျိုးနစ်နာမယ့်၊ လူမျိုးစုတစ်စုရဲ့ အကျိုးနစ်နာစေမယ့် ဆုံးဖြတ်ချက်မျိုး သူတစ်ချိန်ချိန်မှာ လုပ်သွားမလားမသိဘူးဆို‌တဲ့ စိုးရိမ်စိတ်ကြီးက အဖွဲ့တိုင်းမှာရှိနေတယ်။ အဲ့ဟာက ကျနော်တို့ အရှေ့မှာ ကိုရဲထက်ပြောသွားသလို ကျနော်တို့ ဟိုးရှေးကတည်းက ရှိခဲ့တဲ့ ဖြစ်တည်ခဲ့တဲ့ သမိုင်း​အတွေ့အကြုံတွေရဲ့အပေါ်မှာ မူတည်ပြီးတော့ ခုနက ကျနော်လည်းပြောသွားသလို ဂျပန်တွေနဲ့ သွားပေါင်းတယ်၊ လွတ်လပ်ရေးရမယ်လို့ ယူဆပြီးတော့ ဂျပန်နဲ့ ပူးပေါင်းပြီးတော့ အင်္ဂလိပ်ကို တိုက်မယ်လို့ ယူဆတယ်။  ဂျပန်က ဂျင်းထည့်ခံရတဲ့အချိန်ကျတော့မှ ဟိုဟာ ကယ်ပါဦး ကချင် ကယ်ပါဦး၊ ချင်း ကယ်ပါဦးဆိုပြီး  ဂျပန်တွေကို ပြန်တိုက်ဖို့ မနည်းရုန်းကန်ခဲ့ရပြီး အင်္ဂလိပ်နဲ့ ပေါင်းခဲ့ရတာ။ အဲ့ဒီ သမိုင်းအတွေ့အကြုံမှာကတည်းက သူ့ဘာသာ တော်လှန်မယ်လို့ပြောပြီး ထ လုပ်လိုက်တယ်။ ထ လုပ်ပြီးမှ ကူညီမယ်လို့ ရှိသေးတယ်၊ ကူညီပြီးတော့မှ သူက ဂျင်းပြန်ထည့်တယ်၊ ဒါမှမဟုတ် သူက လိမ်သွားတယ် ဒါမှမဟုတ် သူက နောက်ကျောကို ဓားနဲ့ထိုးသွားတယ် အဲ့လိုမျိုး ဖြစ်စဉ်က ကျနော်တို့ လူမှုအသိုင်းအဝိုင်း တော်တော်များများမှာ ခံစားခဲ့ရတယ်။ အဲ့လို မူလို့ ပြောလိုက်တဲ့ အချိန်မှာ ကျနော်က အဲ့ဒီမူတွေ ဘာတွေကို ဦးတည်ချက်တွေကို မဆွေးနွေးခင် ကြားထဲမှာ တစ်ယောက်နဲ့ တစ်ယောက် ငါက မင်းရန်သူ မဟုတ်ဘူး၊ မင်းရဲ့ အကျိုးစီးပွားကို ပျက်စီးစေဖို့ကိစ္စမျိုးကို  ဘယ်လိုကိစ္စမျိုးပဲ ဖြစ်လာ ဖြစ်လာ မင်းရဲ့အကျိုးစီးပွား ဒါမှမဟုတ် မင်းရဲ့အသက်အန္တရာယ်ကို ဒါမှမဟုတ် လူမျိုးစုရဲ့ ဂုဏ်သိက္ခာတစ်ခုခုကို ထိခိုက်နစ်နာစေတဲ့ ဖြစ်လာနိုင်တဲ့ အဲ့လိုကိစ္စမျိုးတွေကို ငါက လုံးဝရှောင်တယ်ဆိုတဲ့ ယုံကြည်ရတဲ့လူမျိုး ဘော်ဒါမျိုး လိုတာပေါ့။

ကျနော်တို့ သူငယ်ချင်းကြားထဲမှာ ဆိုရင်လည်း ပေါင်းကြသင်းကြ ကိုယ့်ရဲ့တကယ် vulnerable ဖြစ်တဲ့ ကိုယ့်ရဲ့ အကြောင်း အတွင်းရေးကို ရင်ဖွင့်ပြီးတော့ ပြောတယ်ဆိုကတည်းက အဲ့လိုကိုယ်ပြောလိုက်တဲ့ သတင်းအချက်အလက်နဲ့ တချိန်မှာ ကိုယ့်ကိုပြန်ပြီး ဒုက္ခမပေးဘူးဆိုတာကို ယုံကြည်လို့ပြောကြတယ်၊ ဆိုကြတယ်၊ ပေါင်းသင်းကြတယ် ဆိုတော့ အဲ့လို အမူအကျင့်မျိုး အဖွဲ့အစည်းတွေမှာ ရှိမနေဘူး။ ရှိနေတဲ့ လူမှုအသိုင်းအဝိုင်းမှာ များသောအားဖြင့်က လမ်းကြုံလို့ ဆုံကြတယ်ပေါ့။ ခုနက ဆရာသက္ကပြောသလို လမ်းကြုံလို့ဆုံကြတယ် ဆုံကြတဲ့အချိန်မျိုးမှာ ကိုယ်လုပ်ချင်တဲ့ဟာ ကိုယ်လိုချင်တဲ့ဟာ လုပ်သွားမယ် လုပ်တဲ့အချိန်မှာလည်း တစ်ယောက်နဲ့ တစ်ယောက် ခြေထိုးမိသွားရင်  ကျနော်တို့က Sorry မပြောဘူး၊ နစ်နာမှုကို ကိုယ်ချင်းမစာဘူး၊ ဒါပြီးရင် ကိုယ့်လမ်းကို ဆက်သွား၊  သူ့လမ်းသူ ဆက်သွား၊ မင်းနဲ့ငါ ဒီဟာပြီးရင် ဆက်မပေါင်းတော့ဘူးဆိုတဲ့ တပွဲတိုး စိတ်ဓာတ်မျိုး ကျနော်တို့ ရှိနေတဲ့ဟာက ပြည်ထောင်စုဆိုတဲ့ အယူအဆနဲ့ ဆန့်ကျင်နေတယ်လို့ ကျနော်ကမြင်တယ်။ 

အဲ့အတွက်ကြောင့် ကျနော်တို့ တကယ်ပြည်ထောင်စု ခုနတုန်းက social cohesion ကျကျ harmony ကျကျ ပေါင်းသင်းနိုင်တဲ့ လူမှုအဖွဲ့အစည်းကို ကျနော်တို့ တည်ဆောက်ချင်တယ်ဆိုရင် အဲ့လို ယုတ်မာရိုင်းစိုင်းတဲ့ စိတ်ဓာတ်မျိုး ကျွန်တော်တို့ဆီမှာ မရှိဘူးဆိုတဲ့ ယုံကြည်မှုမျိုး ကျနော်တို့က ပြန်တည်ဆောက်ဖို့လိုတယ်။ အခု နေရာရရုံ၊ အစိုးရဖြစ်ရရုံ ဒါမှမဟုတ် ဒီဝန်ကြီးလေးဖြစ်ရရုံ လုပ်တာမျိုးမဟုတ်ပဲနဲ့ တကယ် မင်းအကျိုးကောင်းစားဖို့ ငါ့အကျိုးကောင်းစားဖို့ ဒီမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လူအများစုတွေရဲ့ အကျိုးကောင်းစားဖို့  ဒါလူအားလုံးကို ကောင်းစားအောင် ကျနော်တို့ မလုပ်နိုင်ဘူးဆိုရင်တောင်မှ အကျိုးနည်းစေမယ့်သူမရှိတဲ့ ဆုံးဖြတ်ချက်မျိုး ဆုံးဖြတ်နိုင်အောင် ဆုံးဖြတ်ဖို့အတွက် ငါတို့ ကြိုးစားကြမယ်ဆိုတဲ့ သဘောတူညီမှုမျိုး နားလည်မှုမျိုးမရှိသေးဘူး။ မရှိတဲ့အခါကျ အခုချိန်မှာ ကျနော်တို့ တော်လှန်ရေးအကြောင်း ဆွေးနွေးလို့မရဘူး၊ ကျနော်တို့ Federal charter ဆွေးနွေးတယ်ဆိုရင်တောင်မှ  Part 1, Part 2 ကြားထဲမှာ ကျနော်တို့က တိုင်တွေပတ်နေတာ။ အဲ့ဒီဟာ တစ်ယောက်နဲ့ တစ်ယောက်  ကျနော်တို့ ယုံကြည်မှုမရှိတော့ သူ ဒီစကားလုံးကြီးကို ဘာသဘောနဲ့ထည့်တာလဲ မသိဘူး၊ အဲ့ဟာက တစ်ချိန်ချိန်ကျရင် ငါ့ကို ဒုက္ခပေးမယ့်ဟာလားမသိဘူးဆိုတဲ့ သံသယတွေများတယ်၊ ဒီသံသယတွေ ဖြစ်တတ်တဲ့ဟာက မကောင်းတဲ့အကျင့်တော့မဟုတ်ဘူး၊ ဒါပေမယ့် ဒီသံသယနဲ့ကြည့်တာက တချို့သံသယ ဖြစ်စရာမရှိတဲ့ ကိစ္စတွေမှာပါ ကျနော်တို့က သံသယတွေ ပွားနေရသလိုဖြစ်တယ်။ 

အဲ့ဒီတော့ ကျနော်တို့ရဲ့ စဥ်းစားရမယ့်ဥစ္စာက စစ်တပ်လောက် ရှင်းမနေတော့ဘူး။ စစ်တပ်က ခုနက ကိုရဲထက် ပြောတဲ့ မဟာဗျူဟာကျကျ အဆင့် ၁၊ ၂၊ ၃ တန်းစီပြီး နောက်ဆုံး သူတို့ရဲ့ နေရာတည်နေဖို့၊ သူတို့ရဲ့အချုပ်အခြာအာဏာတည်နေဖို့၊  အကုန်လုံး ငြိမ်ဝပ်ပိပြားနေဖို့၊ သူတို့ရဲ့ Vision အရ ရှင်းနေတယ်။ သူတို့ အချင်းချင်း ကြားထဲမှာ ဖောက်ပြန်မှု ရှိလာတယ်၊ တယောက်နဲ့ တယောက် နင်းမယ် ခွမယ်ဆိုရင် သူတို့က သတ်မယ် ဆိုတာမျိုးတွေ အဲ့ဒီအတွက်ကြောင့် တစ်ယောက်နဲ့တစ်ယောက် ကျော်တာခွတာမျိုးမလုပ်နဲ့၊ သစ္စာဖောက်တာမျိုးမလုပ်နဲ့၊ လုပ်လို့ကတော့ မျိုးတုန်းသွားအောင် အကုန်လုံးကို သတ်ပစ်လိုက်မယ်ဆိုတဲ့ နားလည်မှုမျိုး သူတို့က တည်ဆောက်ထားပြီးသား။ ကျနော်တို့ ဘက်မှာကတော့ အဲ့လိုမျိုးမရှိဘူး။ တစ်ယောက်နဲ့တစ်ယောက် ကျော်မယ်ခွမယ်၊ တစ်ယောက်နဲ့တစ်ယောက် အကျိုးနည်းအောင်လုပ်မယ်၊ အထူးသဖြင့် အရင်တုန်းကတောက်လျှောက် နိုင်ငံပြုပြင်ရေးအတွက် ပေါင်းလာပြီးတော့မှ အကြောင်းအရာတခုခု CDM ကြောင့်ပဲဖြစ်ဖြစ် ဒါမှမဟုတ် Non-CDM, CDM ဒါမှမဟုတ် တော်လှန်ရေးနဲ့ဆိုင်တဲ့ လမ်းကြောင်းအရ သဘောထားကွဲလွဲတယ် ဆိုရင်တောင်မှ တယောက်နဲ့ တယောက် ရန်သူသဖွယ်ဆက်ဆံပြီးတော့ သူအသေ ကိုယ်အသေ ထိုးချမယ်ဆိုတဲ့ အမူအကျင့်တွေက အလွှာတိုင်းမှာ မြင်နေရတာပေါ့။ အဲ့ဟာ မကျော်ဘဲနဲ့တော့ ခုနကတုန်းက ဆရာပြောတဲ့ မူအဆင့်ရောက်မှာမဟုတ်ဘူး။ မူဆိုရင်လဲ ကျနော်တို့က ပင်လုံစာချုပ်ဆိုရင်လည်း တကယ်တော့ မူပဲလေ။ ဒါပေမယ့် စာချုပ်သာချုပ်လိုက်တာ အဲ့စာချုပ်ထဲမှာ သူ့ဟာသူ ဘာရေးရေး ပြီးရင် လုပ်ချင်ရာလုပ်မယ်ဆိုတဲ့ အမူအကျင့်တွေကရှိနေတော့ လူမှုအသိုင်းအဝိုင်းထဲမှာကိုမှ လူအချင်းချင်း ယုံကြည်စရာရှိရဲ့လားဆိုတဲ့ဟာက မေးခွန်းအကြီးကြီးဖြစ်နေတယ်လို့ ထင်တာပဲ။

Lizzy (1:36:14-01:37:01)

တော်တော်တော့ အရေးကြီးတာပေါ့နော်။ ကျနော်တို့က နှစ် ၆၀ ကျော်  ယုံကြည်မှု တည်ဆောက်ဖို့ကလည်း အရမ်းကို ပျက်ကွက်ခဲ့တယ်။ ယုံကြည်မှုတည်ဆောက်ထားတယ်လို့ ထင်ရတဲ့အရာတွေကိုလည်း အကြိမ်ကြိမ် ပျက်ကွက်ခဲ့တယ်ဆိုတော့ပေါ့နော်။ အခုတော်လှန်ရေးမှာ ဆိုလို့ရှိရင်လည်း တခုလေး နည်းနည်းလေးဖြစ်ပြီ ဆိုတာနဲ့ သံသယက အရမ်းကြီးတယ်။ သံသယကြီးအောင်လို့လည်း အကြိမ်ကြိမ်အခါခါ လုပ်သလို ဖြစ်နေတာဆိုတော့လေ။ 

တခြားဆွေးနွေးချင်တာများရှိ‌သေးလားဗျ။

ကိုစိုင်းကြည်ဇင်စိုး (01:37:06-01:42:02)

ဘယ်သူမှမပြောရင် ကျနော် နည်းနည်း ထပ်ပြောချင်ပါတယ်။ ကျနော် ပြောတာ နည်းနည်း များတော့များနေတယ်။ စိတ်ဓာတ်ကျစရာတွေ များနေတော့လေ။ သမိုင်းအရ ကျနော်တို့ လူတွေရဲ့ မတရားမှုကို မုန်းတီးတဲ့ စိတ်ဓာတ်နိုးကြွမှု awareness ရသွားတာ။ တကယ်မတရားမှုဆိုတာ ဒါမျိုးပါလား၊ ဒီလိုမျိုးဟာက ငါတို့ လူ့အသိုင်းအဝိုင်းမှာ မရှိသင့်ဘူးဆိုတဲ့ awareness ကတော့ ကျနော့်ရဲ့သုံးသပ်ချက်အရ သမိုင်းဖြစ်စဉ်မှာ ဒီတခေါက်ကတော့ အမြင့်ဆုံးလို့ပြောလို့ရတယ်။ အဲ့ဟာက ကျနော်တို့အတွက် အားဖြစ်တယ်လို့ ကျနော် ထင်တယ်။ နောက်တခုက ဖြစ်တဲ့အချိန် ၁၉၈၈ တုန်းက မရှိခဲ့တဲ့ အဖြေတွေ၊ စဉ်းစားလို့မရနိုင်သေးတဲ့ အဖြေတွေ တော်တော်များများက ဒီဘက်ခေတ် ၂၀၂၀ နောက်ပိုင်းမှာ ရှိနေကြပြီ။ အထူးသဖြင့် Feminism နဲ့ ပတ်သက်တဲ့ကိစ္စ‌တွေ ကျနော်တို့ ပိုနားလည်လာတယ်။ Racial differentiation ဒါမှမဟုတ် discrimination, Human rights, ethnic identity နဲ့ ပတ်သက်တဲ့ကိစ္စတွေ ကျနော်တို့ ပိုနားလည်လာတယ်။ နောက်တခုက ကျနော်တို့ Information Access ပေါ့နော် အခုအခြေအနေအထိ internet access ရနေတဲ့ အတွက်ကြောင့်မို့ ကျနော်တို့အချင်းချင်း ကြားထဲမှာ ဒီလိုမျိုး Knowledge Sharing ပဲဖြစ်ဖြစ် ဒါမှမဟုတ် awareness ပိုရဖို့ နောက် နားလည်မှု တည်ဆောက်နိုင်ဖို့အတွက် စကားပြောလို့ရတဲ့ platform တွေ တည်ဆောက်လို့ရတဲ့ အခွင့်အရေးတွေ အဲ့ဒါက ကျနော်တို့ ကျန်တဲ့ခေတ်တွေနဲ့ လုံး၀မတူပဲနဲ့ ဒီဘက်ခေတ်မှာ ရှိနေတဲ့အရာတွေ။ အဲ့ဒါတွေက ကျနော်တို့အတွက် opportunity လည်း ဖြစ်နိုင်တယ်။ resources လည်းဖြစ်နိုင်တယ်။ အရင်တုန်းက လူမျိုးစုအစုအဖွဲ့တွေ လက်နက်ကိုင်တော်လှန်ခဲ့တဲ့အချိန်မှာ သူတို့ရဲ့ရွေးစရာအနေနဲ့ ဆေးမှောင်ခိုကူးတာတို့ ဒါမှမဟုတ် တခြား exploited industry တွေ သစ်ခုတ်၊ ရွှေတူး ဘာလုပ်ညာလုပ်ပေါ့နော်။ အဲ့လိုမျိုးဟာတွေပဲ ရွေးချယ်စရာရှိတဲ့အ‌ချိန်မှာ ကျနော်တို့ ဒီဘက်ခေတ်တော်လှန်ရေးဟာ တကယ်ကို digital platform ပေါ်မှာ click လုပ်ပြီးတော့ ပိုက်ဆံရှာလို့ ရတယ်ဆိုတဲ့ဟာမျိုးတွေ။ အဲ့တော့ ကျနော်တို့ရဲ့ ဒီတခေါက်ဖြစ်တဲ့ ဖြစ်စဉ်မှာ ကျနော်တို့ဘက်မှာ တော်လှန်ရေးကြီးကို ပိုပြီးတော့အားသာစရာဖြစ်စေတဲ့ အားတွေလည်းရှိနေတယ်။ Platform အားဖြင့် ကျနော်တို့ သမိုင်းမှာမရှိခဲ့ဖူးတဲ့ Digital platform ကြီး ရှိလာတယ်။ Accessible အရမ်းဖြစ်လာတယ်။ အခုအချိန်ဆို ကျနော်တို့ တော်ရုံတန်ရုံ Language barrier ပေါ့နော် အင်္ဂလိပ်လိုရေးထားတဲ့ article တို့ ဘာတို့ဆိုရင်တောင် Google Translation နဲ့ နီးနီးစပ်စပ်နားလည်လို့ရတဲ့ အဓိပ္ပါယ်မျိုး ထွက်လောက်‌အောင် information တွေ ရှာလို့ရလာတယ်။ အဲ့ဟာတွေကို ကျနော်တို့က ဘယ်လိုမျိုး utilize လုပ်ကြမလဲ။ အဲ့အပေါ်မှာ မူတည်ပြီးတော့ အခု ဒီလိုမျိုး click တွေဖြစ်လာတယ်။ ဂိမ်းတွေဆော့လာတယ်။ ဂိမ်းတွေအားဖြင့် ပိုက်ဆံရှာလာတယ်။ အဲ့လိုမျိုး တခြားဘယ်လိုနည်းနဲ့ Fundraise လုပ်လို့ရမလဲ။ နောက်အရေးကြီးဆုံးကတော့ ကျနော်တို့ရှိနေတဲ့ opportunity, ရှိနေတဲ့ Knowledge ရှိနေတဲ့ infrastructure ကြားထဲမှာ အချင်းချင်းကြားထဲမှာ နားလည်မှုတွေ ပိုပြီးတော့ ခိုင်မာလာအောင် ဘယ်လိုပုံစံတွေ ဘာတွေလုပ်လို့ရတယ်ဆိုတဲ့ ဟာတွေ ကျနော်ထင်တယ် အဲ့ဒါက ဒီခေတ်မှာမှ အများကြီးရှိလာတဲ့ဟာ။ ကျနော်တို့အတွက် opportunity ဖြစ်လာတယ်လို့ ကျနော်ကတော့မြင်တယ်။ 

အဲ့ဟာကို ကျနော်တို့ များများ utilize လုပ်ဖို့ သံသယပွားရမည့်အစား သံသယတွေကိုတားဆီးနိုင်မယ့် platform တွေ များများ ပေါ်လာအောင် ဖန်တီးတည်ဆောက်လို့ရမယ့် opportunity အဖြစ် ကျနော်က ပြန်မြင်မိသေးတယ်။ အဓိက ကျနော်တို့ ဘယ်လိုလုပ်ကြမလဲ ဘယ်လိုပေါင်းကြမလဲပေါ့။ အခုက ခက်တာက တယောက်နဲ့ တယောက်က ကတောက်ကဆဖြစ်ပြီးသွားရင် အမြင်စောင်းသွားရင် သူကဘာလဲ ဥပမာ ကျနော်ဆိုရင် အရင်က CDM လုပ်တဲ့ ဟာတွေကို ရပ်သင့်တယ်လို့ ပြောမိလိုက်တဲ့အချိန်မှာ ကျနော့်ကို ဝိုင်းပြီးတော့ social punishment လုပ်ကြတာ မျိုးလည်းခံဖူးတယ်။ အဲ့ဒီတော့ အဲ့လိုမျိုးဟာ ပြောလိုက်တဲ့ သူတို့သဘောနဲ့ မတွေ့တဲ့ဟာ ပြောပြီးသွားတဲ့အချိန်မျိုးမှာ နောက်ပြောသွားတဲ့ဟာတွေကို သူတို့က ဆက်နားထောင်စရာ မလိုတော့ဘူးဆိုတဲ့ ယူဆချက်တွေလည်း ရှိနေတယ်။ အဲ့လိုမျိုးရှိနေတဲ့ အသိုင်းအဝိုင်းထဲမှာ မဟုတ်ဘူး ဒီလိုဟာတွေက ကျနော်ပြောတဲ့ဥစ္စာက မှားရင်လည်း မှားသွားလိမ့်မယ် မှန်ရင်လည်း မှန်လိမ့်မယ် အဲ့ဒီမှန်ခြင်း၊ မှားခြင်းဆိုတဲ့ဥစ္စာတွေက လူတစ်ယောက်ကို cancel လုပ်လိုက်တယ် ဒါမှမဟုတ် သူ့ပါးစပ်ကို သွားပိတ်လိုက်တာနဲ့ ပြီးသွားမယ့်ကိစ္စ မဟုတ်ဘူး။ တစ်ဖက်နဲ့တစ်ဖက် နားလည်မှု တည်ဆောက်ပြီး သူ့အမြင်ကိုယ့်အမြင်  အဲ့ကြားထဲမှာမှ လက်ခံလာတဲ့ အမှန်တရားမျိုး နှစ်ဦးနှစ်ဖက် လက်ခံလို့ရတဲ့နားလည်မှုမျိုး ဘယ်လိုမျိုး တည်ဆောက်ကြမယ်ဆိုတဲ့ Culture ကျနော်တို့ ပိုပြီးလုပ်လာနိုင်တဲ့ အခြေအနေတွေလည်း ရှိသေးတယ်ဆိုတာ ကျနော် နည်းနည်းပြောချင်တယ်။ Positive comment ပေါ့။ ကျနော်တို့ ဒီညတညလုံးက negative တွေပဲများလာလို့ လူတွေ ငြီးငြူသွားမယ်ထင်တယ်၊ ဟုတ်ကဲ့ ကျေးဇူးပါ။

Share on facebook
Share on twitter
Share on telegram

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်