ကျောင်းမတက်သပိတ်တိုက်ပွဲ ဘယ်လိုရှေ့ဆက်ကြမလဲ

လေးမျက်နှာစကားဝိုင်း ကောက်နုက်ချက်

၂၀၂၁ အာဏာသိမ်းစက စစ်ကောင်စီကိုဆန့်ကျင့်သည့်အနေဖြင့် လုပ်ဆောင်ခဲ့ကြသော ကျောင်းသားလူငယ်တို့၏ကျောင်းမတက်သပိတ်သည်  ယခုအခါတော်လှန်ရေးကာလ အချိန်ကြာမြင့်လာသည်နှင့်အမျှ တဖြည်းဖြည်းအင်အား ယုတ်လျော့လာခဲ့ပြီဖြစ်သည်။ ကိုဗစ်ကာလပညာရေးဆုံးရှုံးထားမှု၊ အလုပ်အကိုင်ရရှိရေးအတွက် ဘွဲ့လက်မှတ်၏အရေးပါမှု၊ မိသားစုအသိုင်းအဝိုင်းတို့၏ ဖိအားများ များပြားလာမှု အစရှိသည့်အကြောင်းအရင်းများသည် သပိတ်မှောက်ကျောင်းသားများကို စာသင်ခန်းများဆီသို့ ပြန်လည်ဝင်ရောက်ရန် တိုက်တွန်းဆွဲခေါ်နေကြသည်။ ထို့ကြောင့် ဤမလွှဲသာမရှောင်သာအခြေအနေများကိုငဲ့လင့်၍ ကျောင်းနှင့်တက္ကသိုလ် ပြန်တက်ရောက်သူဦးရေ တစတစများပြားလာနေပြီဖြစ်သည်။ ထိုကဲ့သို့ ကျောင်းသားလူငယ်တို့ခံစားနေရသော အခက်အခဲအခြေအနေများကိုနားထောင်ပြီး ကျောင်းမတက်သပိတ်တိုက်ပွဲကို ရှေ့ဆက်မည်ကဲ့သို့ အကောင်အထည် ဖော်သင့်သလဲဆိုသည်ကို အောက်တိုဘာ ၂၆ ရက် ၂၀၂၂ တွင် ဆွေးနွေးခဲ့ကြပါသည်။

စကားဝိုင်းတွင် တကသဟောင်း ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုနန်းလင်းက ” ကျောင်းတက်ရေး၊မတက်ရေးကိစ္စက အတော်လေးစဉ်းစားရခက်ပါတယ်။ ပထမအနေနဲ့ လက်ရှိကျောင်းသားသမဂ္ဂရဲ့အခန်းကဏ္ဍကို အရင်သုံးသပ်ပြချင်ပါတယ်။ ကျောင်းသားလှုပ်ရှားမှုတွေဆိုတာ တက္ကသိုလ်နယ်မြေတွေကနေ ပေါ်ထွက်လာကြတာဖြစ်ပါတယ်။ အခုကျောင်းမတက်ရေးလုပ်လိုက်တဲ့အခါမှာ ကျောင်းသားတွေရဲ့စုဖွဲ့မှုကြီးကို ထိခိုက်ခဲ့တယ်။ တကယ်ဆို ကျောင်းသားထုကြီးက လူထုနဲ့စုရုံးပြီးလှုပ်ရှားမှုတွေကိုလုပ်သင့်တာ။ အခုကျ တောထဲ‌ရောက်သူတွေနဲ့ တခြားအပြင်မှာနေနေရတဲ့သူတွေနဲ့ဆိုတော့ ကျောင်းသားနဲ့လူထုနဲ့က မဟပ်မိတော့ဘူး။ နောက်ပြီး ကျွန်တော်တို့က ကျောင်းမတက်ရေးကမ်ပိန်းစလုပ်ကတည်းက အယူအဆကိုမကြေညက်ခဲ့ဘူး။ ပညာရေးစနစ်ကိုပြောင်းလဲဖို့မဟုတ်ဘဲ စစ်အာဏာရှင်ဖြုတ်ချ‌ရေးအတွက်ဆိုပြီးရည်ရွယ်လိုက်တော့ concept တွေက အကုန်လွဲကုန်ရော။ နောက်တစ်ချက်အနေနဲ့ Alternative Education ကိုအကောင်အထည်ဖော်တဲ့နေရာမှာ ကျောင်းတက်နေတဲ့သူတွေကို ဖယ်ကြဉ်လိုက်တာလည်း မှားတာပဲ။ ကျွန်တော်တို့က ကျောင်းတက်သူရော၊မတက်သူရော အကုန်ရည်ရွယ်ပြီးလုပ်မှ Formal Education ကိုတိုက်ချေပြီး ပညားရေးစနစ်အပြောင်းအလဲကို ဖော်ဆောင်နိုင်မှာဖြစ်တယ်။ အချုပ်အားဖြင့်ပြောချင်တာကတော့ ပညာရေးကဏ္ဍနဲ့ပတ်သတ်ပြီးတော့ လုပ်ဆောင်သင့်တဲ့ အချက်သုံးချက်ကိုပြောချင်ပါတယ်။ အဲဒါတွေကတော့ (၁)Alternative Education ကိုအချိတ်အဆက်မိမိနဲ့ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ဖို့ (၂)ကျောင်းမတက်ရေးကမ်ပိန်းရဲ့ အခြေခံသဘောတရားကို ကျေကျေလည်လည်သိမြင်ဖို့(၃)ကျောင်းသားသမဂ္ဂတွေအနေနဲ့ ကျောင်းတွေထဲမှာပြန်စိမ့်၀င်ပြီး လှုပ်ရှားကြဖို့ ဖြစ်ပါတယ်” ဟု ဆွေးနွေးခဲ့သည်။

တော်လှန်ရေးစကတည်းကပင် ဝန်ထမ်း CDM အတွက်ရော ကျောင်းသား CDM အတွက်ပါ အယူအဆများကို ရေရေရာရာမကျေလည်ခဲ့ကြချေ။ ထို့ကြောင့် မျှော်လင့်သည့်ပန်းတိုင်သို့ မရောက်ခဲ့ကြခြင်းဖြစ်သည်။ ယခုအခါတွင်လည်း “ ကျောင်းမတက်နဲ့ ကျောင်းတက်ရင်ဒလန်” ဟုပြောရုံဖြင့်တော့ ပြဿနာကိုဖြေရှင်းနိုင်မည်မဟုတ်ပေ။ ကျောင်းတက်သည့်သူများတွင်လည်း အကြောင်းပြချက်အမျိုးမျိုး၊ အခက်အခဲအမျိုးမျိုး ရှိသည်။ ကျောင်းတက်သူတွေကို တော်လှန်ရေးတွင်နိုင်သည့်နေရာက ဝင်ပါဖို့မစည်းရုံးဘဲ အမုန်းတရားများဖြင့်အပြစ်တင်နေပါက တော်လှန်ရေးအတွက်အလွန်အရေးပါသော ကျောင်းသားထုအင်အားကို ယုတ်လျော့ဆုံးရှုံးရမည်သာဖြစ်သည်။ အရေးအကြီးဆုံးမှာ ကျောင်းမတက်ရေးသပိတ်သည် နိုင်ငံ‌ရေးလိုအပ်ချက်တွက်လုပ်ဆောင်ခြင်းမဟုတ်ဘဲ ပညာရေးလိုအပ်ချက်အတွက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိကြဖို့လိုအပ်သည် ဟု တကသ ကျောင်းသားခေါင်းဆောင် ကိုမင်းဟန်ထက်က သုံးသပ်ပြခဲ့သည်။

“ အခြေခံပညာရေးမှာကျောင်းမတတ်တဲ့အတွက် ကလေးတွေမှာ အခက်အခဲတွေအများကြီးရှိပါတယ်။ စာမဖတ်တတ်တာ၊ စကားပြောအဆင်မပြေတာတို့ပေါ့။ အဲလိုပဲ တက္ကသိုလ်မတက်ရတဲ့ကလေးတွေမှာလည်း အခက်အခဲဖိအားတွေအများကြီးရှိတာပဲ။ မိဘကအဆင်ပြေထောက်ပံ့နိုင်တဲ့ သူတွေမှာကိစ္စသိပ်မရှိပေမဲ့ အဆင်မပြေမထောက်ပံ့နိုင်တဲ့သူတွေကျတော့ ဒုက္ခတော်တော်ရောက်ကြရတယ်။ အဲဒါကတော့ အခုလောလောဆယ်ဖြစ်နေတာပေါ့နော်။ ကျွန်တော်တို့ ၈၈အ‌ရေးအခင်းပြီးလို့ကျောင်းတက်ရတော့ ကျောင်းတွင်းမှာပဲ နိုင်ငံ‌ရေးလှုပ်ရှားမှုလေးတွေလုပ်ခဲ့ကြတယ်။ နိုင်ငံရေးနဲ့ဆိုင်တဲ့ စာရွက်တွေဝေတာတို့၊ အပြင်ကနိုင်ငံရေးလှုပ်ရှားသူ‌တွေရဲ့ လုပ်ရပ်တွေကိုအချင်းချင်းတီးတိုး‌ဆွေးနွေးတာတို့ ‌ပေါ့။ ဒါတွေက အသေးအမွှားလေးတွေဆိုပေမဲ့ အချင်းချင်းညီညွတ်စည်းလုံးမှုကိုဖြစ်စေတယ်။ အခုလည်း ကျောင်းတက်၊မတက်ကိစ္စကြောင့် စုဖွဲ့မှုပြိုကွဲနေကြမယ့်အစား တက်တဲ့သူတွေကို ကျွန်တော်တို့တုန်းကလို တတ်နိုင်တဲ့ဘက်ကနေလှုပ်ရှားမှုလေးတွေလုပ်ဖို့ စည်းရုံးသင့်တယ်။ စစ်တပ်ရဲ့ယန္တရားကတော့ ရှောင်နိုင်ရင်တော့ကောင်းတာ‌ပေါ့နော်။ ဒါပေမဲ့ ရှောင်လို့မရတဲ့အခြေအနေမှာဆိုရင် တက်တဲ့သူတွေကို ဒလန်လို့စွတ်စွဲပြီး ရန်သူသတ်မှတ်လို့တော့မရဘူး။ ကိုယ့်ဖက်ကအင်အားတစ်ခုဖြစ်လာအောင် စည်းရုံးရမယ်။ နောက်ပြီး တာဝန်ရှိတဲ့သူတွေက တော်လှန်ရေးဒီနေ့ပြီးမယ် ဟိုနေ့ပြီးမယ် ဆိုတဲ့စကားတွေနဲ့ချွေးသိပ်နေမယ့်အစား ကျောင်းသားလူငယ်တွေအတွက် ဒီကာလမှာ လိုအပ်တဲ့လေ့လာသင်ယူမှုတွေကို လမ်းစဖွင့်ပေးရမယ်။ တော်လှန်ရေးဟာ  Education မပါဘဲ အောင်မြင်ဖို့ခဲယဉ်းပါတယ်” ဟု မူဝါဒရေးရာလေ့လာသုံးသပ်သူတစ်ဦးဖြစ်သူ ကိုစိုင်းကြည်ဇင်စိုးက ဝေဖန်ထောက်ပြခဲ့သည်။

ကျောင်းတက်သူတွေကို social punishment လုပ်ခြင်းသည်လက်ခံနိုင်ဖွယ် မရှိပေ။ အရေးအကြီးဆုံးမှာ ပညာရေးဟုဆိုရာတွင် မည်သည်ကိုဆိုလိုသည်ကို  ကွဲကွဲပြားပြားသိရန်လိုအပ်ပေသည်။ ဘွဲ့လက်မှတ်ပညာရေးကို ဖြိုချပြီး ‌ဝေဖန်ဆန်းစစ်နိုင်သော၊ အကြောင်းအကျိုးဆင်ခြင်နိုင်သော ပညာရေးတစ်ခု‌ပေါ်ပေါက်လာအောင် လုပ်ဆောင်သင့်သည်။ မေခွန်းမထုတ်ဘဲ နောက်ကနေသာလိုက်တတ်သည့် brain wash ခံပညာရေးစနစ်ကိုခြေဖျက်နိုင်မှ Alternative Education အားကောင်းလာမည်ဖြစ်ကြောင်း မနုဿဗေဒလေ့လာသူ ဆရာမ မခြင်္သေ့က အကြံပြုခဲ့သည်။

“ တကယ်တော့ ပညာရေးနဲ့တော်လှန်ရေးဆိုတာ ခွဲလို့မရပါဘူး။ အခုက အယူအဆထက် လူပုဂ္ဂိုလ်ကို ပိုတိုက်ခိုက်နေကြတယ်။ နောက်ပြီး ဘာမဆိုယာယီပဲ စဉ်းစားခဲ့ကြတယ်။ အဲဒါကြောင့် Alternative Education အားနည်းတာပဲ။ ကျွန်တော်တို့က တော်လှန်ရေးကို ဟိုနေ့ပြီးမယ်ဒီနေ့ပြီးမယ်နဲ့ Alternative Education ကို ဒီကာလအတွက် ထိန်းရုံပဲဆိုပြီး ယာယီအဖြစ်တည်ဆောက်ခဲ့ကြတာ။ အခုကျွန်တော်တို့ ကျောင်းသားတွေရဲ့ မှန်ကန်စူးရှတဲ့အမြင်တွေနဲ့ တော်လှန်ရေးပုံစံသစ်တစ်ရပ်လိုအပ်နေပြီ။ နိုးထဖို့လိုနေပြီပေါ့နော်။ ဒီအတိုင်းသာဆက်သွားနေရင် တော်လှန်ရေးကနောက်နှစ်ပြီးဖို့လည်းမလွယ်ကူဘူး။ ကျောင်းတက်၊မတက်ကိစ္စနဲ့ ပြန်ချိတ်ရရင် ကျောင်းမတက်တဲ့သူတွေကလည်း ငါတို့ကျောင်းမတက်ရုံနဲ့လုံလောက်ပြီလို့သဘောထားရင် ဒါမှားတာပေါ့နော်။ တကယ်ဆို ငါတို့ကကျောင်းမတက်ဘဲ ပေးဆပ်ထားရတယ်၊ တောင့်ခံထားရတယ် ဆိုတဲ့စိတ်ကြီးနဲ့ဆိုရင် ရေရှည်မှာအဆင်မပြေနိုင်ဘူး။ ဖြစ်သင့်တာက ကျောင်းမတက်ပေမဲ့ ကိုယ့်အတွက်လိုအပ်မယ့် အရည်အချင်းတွေကို မြှင့်တင်နေရမယ်။ နောက်ပြီး တော်လှန်ရေးလုပ်နေရင်းနဲ့လည်း တကယ့်လက်တွေ့ဘဝမှာ လိုအပ်တဲ့ပညာတွေ ရရှိနေတယ်ဆိုတာလည်းသတိချပ်သင့်တယ်။ ကျောင်းမတက်တဲ့သူတွေကို အပြစ်ပဲတင်နေရင်တော့ ကိုယ့်ဘက်ကအင်အားစု တစ်ဖက်ကိုရောက်သွားလိမ့်မယ်။ နိုင်ငံရေးနဲ့ပညာရေးကို ခွဲခြားသင့်နေပြီ။ အကုန်လုံး ပါဝင်လှုပ်ရှားနိုင်တဲ့ တော်လှန်ရေးလမ်းစကိုဖွင့်ပေးဖို့ လိုအပ်နေပြီ” ဟု Freedom Fighter အဖွဲ့သားတစ်ဦးဖြစ်သူ ကိုရဲထက်ကလည်း ဝင်ရောက်ဆွေးနွေးခဲ့သည်။

ဤသို့လျှင် တော်လှန်ရေး၏အခရာအကျဆုံးအစိတ်အပိုင်းဖြစ်သည့်ကျောင်းသားလူငယ်များအတွက် ကျောင်းတက်ရေး၊မတက်ရေး ဝိဝါဒကွဲပြားနေမှုများကို “ ကျောင်းမတက်သပိတ်တိုက်ပွဲ ဘယ်လိုရှေ့ဆက်ကြမလဲ” ဟူသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးအဖြေရှာခဲ့ကြရာ မိမိတို့၏ထင်မြင်ယူဆချက်များကို အသီးသီးပါဝင်ဆွေးခဲ့ကြသည်။ ဆွေးနွေးချက်များကို ခြုံငုံသုံးသပ်ရလျှင် ကျောင်းပြန်တက်သည့်သူများကို အပြစ်တင်၊ရန်သူသတ်မှတ်နေမည့်အစား ၎င်းတို့တတ်နိုင်သည့်ဘက်က ပါဝင်လှုပ်ရှားကြရန်ဆွဲဆောင်စည်းရုံးသင့်သည်ဟု တင်ပြခဲ့ကြသည်။ ထို့ပြင် တဖက်ကလည်း Alternative Education အားကောင်းလာအောင် အားထုတ်သင့်ကြောင်းအကြံပြုခဲ့ကြသည်။ အရေးအကြီးဆုံးမှာ ကျောင်းမတက်ကမ်ပိန်း၏ အခြေခံအယူအဆသဘောတရားကို ကျေကျေလည်လည်သိရန်လိုအပ်သည် ဟုလည်း တိုက်တွန်းဆွေးနွေးခဲ့ကြသည်။

  Freedom Fighter အဖွဲ့အနေဖြင့် တော်လှန်သူပြည်သူများအကြား ဝိဝါဒကွဲပြားနိုင်သော ဆွေးနွေးအဖြေရှာသင့်သည့် အကြောင်းအရာများကို အဟန့်အတားမရှိဘဲ လွတ်လပ်စွာထုတ်ဖော်ဆွေးနွေးနိုင်ရန်  အပတ်စဉ်ဗုဒ္ဓဟူးနေ့ည ၇ နာရီတိုင်းတွင် လေးမျက်နှာစကားဝိုင်းများကို ပြုလုပ်ကျင်းပလျက်ရှိသည်။ စိတ်ပါဝင်စားသူ မည်သူမဆို မိမိတို၏ထင်မြင်ယူဆချက်များကို ပါဝင်ဆွေးနိုင်ပါကြောင်း သတင်းစကားပါးအပ်ပါသည်။

Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

One Response

  1. ပညာရေးစနစ်ပြုပြင်ပြောင်းလဲဖို့ဆိုတာကျောင်းသားတေနဲ့ချည်းပဲဆိုင်တာတော့မဟုတ်ညူးထင်တယ် အစိုးရတစ်ရပ်ပညာရေးကိုအထောက်အကူပြုပေးန်ုတဲ့အစိုးရတစ်ရပ်လည်းလို‌‌ပါတယ်ဗျကျောင်းမတက်တဲ့သူတေဘက်ကကြည့်ပြန်ရင်လည်း သူတို့မမှားသလိုတက်နေတဲ့သူတေက လည်းမမှားပါဘူးဗျ ကျွန်တော်ထင်တာကတော့အခုကCDM လုပ်စေချင်တာဆိုရင် ကျောင်းတက်နေတဲ့သူတေကnon CDM ဆိုတော့စိတ်တိုကြတာလို့မြင်တယ်ဗျ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်