အကြမ်းမဖက်လှုပ်ရှားမှုကို အကြမ်းဖက်ဖိနှိပ်ရင် ငြိမ်ခံနေရမှာလား။

အကြမ်းမဖက်လှုပ်ရှားမှုကို အကြမ်းဖက်ဖိနှိပ်ရင် ငြိမ်ခံနေရမှာလား။

ဤနေရာတွင် အကြမ်းမဖက်လှုပ်ရှားမှုနှင့်ပတ်သတ်၍ လွဲမှားနေသော အယူအဆတစ်ခုကို ဦးစွာဖြေရှင်းလိုပါသည်။ ယင်းမှာ အကြမ်းမဖက်နည်းလမ်းဟူသည် ငြိမ်ခံသော၊ ပြုသမျှနုသော၊ ပျော့ညံ့သော နည်းလမ်းဖြစ်သည်ဆိုသော အယူအဆဖြစ်၏။ ထိုအယူအဆသည် အကြမ်းမဖက်နည်းလမ်းအပေါ် လွန်စွာကျဉ်းမြောင်းသောရှုထောင့်မှ မြစ်ဖျားခံလာခြင်းဖြစ်ပါသည်။ ထိုသို့ယူဆလိုက်ခြင်းမှာ သမိုင်းအဆက်ဆက် ရက်စက်ကြမ်းကြုတ်သောဖိနှိပ်သူများကို အကြမ်းမဖက်နည်းလမ်းဖြင့်တော်လှန်နိုင်ခဲ့သည့်လှုပ်ရှားမှုများအား မျက်ကွယ်ပြုရာ‌ရောက်သည့်အပြင် ထိုလှုပ်ရှားမှုများတွင်ပါဝင်ခဲ့သူများကိုလည်း ‌‌ရွှေပြည်အေးသမားသတ္တိကြောင်သူများအဖြစ် တံဆိပ်ကပ်လိုက်ရာရောက်ပါသည်။ ထို့ကြောင့် အကြမ်းမဖက်လှုပ်ရှားမှုဟူသည် ဖိနှိပ်သူလုပ်သမျှငြိမ်ခံခြင်းသဘောမဟုတ်ဘဲ ထိခိုက်မှုနည်းနည်းဖြင့် များပြားကျယ်ပြန့်သောနည်းနာနိဿယများစွာကို လူထုပါဝင်မှုအားကောင်းစွာ လုပ်ဆောင်နိုင်သော တော်လှန်‌ရေးနည်းလမ်းတစ်ရပ်ဖြစ်ကြောင်း သတိချပ်စေလိုပါသည်။

အကြမ်းမဖက်လှုပ်ရှားမှုဖြစ်စေ၊ လက်နက်ကိုင်လှုပ်ရှားမှုဖြစ်စေ အာဏာရှင်အစိုးရကိုဆန့်ကျင်သော မည်သည့်လှုပ်ရှားမှုမဆို ၎င်းအစိုးရ၏အကြမ်းဖက်ဖိနှိပ်မှုကို အနည်းနှင့်အများ ခံကြရသည်မှာထုံးစံပင်။ သို့သော် ထိုကဲ့သို့ဖိနှိပ်လိုက်တိုင်း လှုပ်ရှားမှုူမှာကျရှုံးသွားရရိုးမှန်လျှင်လည်း သမိုင်းတွင် အောင်မြင်သောတော်လှန်ရေးဟူ၍ ရှိခဲ့မည်မဟုတ်‌‌ပေ။ သို့ဖြစ်၍ ရက်စက်သောအာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေသော အကြမ်းမဖက်လှုပ်ရှားမှုတစ်ရပ်အနေနှင့် အကြမ်းဖက်ဖိနှိပ်မှုနှင့်ရင်ဆိုင်ရသည့်အခါ ပြိုလဲပျက်ပြား၍ အဟောသိကံဖြစ်မသွားစေဘဲ ဘယ်လိုဘယ်ပုံအံတုကျော်လွှားနိုင်ကြောင်းကို သမိုင်းဆိုင်ရာဥပမာများစွာက လမ်းညွှန်ပြသနေပါသည်။

အာဏာရှင်အစိုးရများသည် လှုပ်ရှားမှုက ၎င်းတို့အပေါ်များစွာခြိမ်းခြောက်နိုင်လေ ပို၍ဖိနှိပ်လေဖြစ်သည်။ ထိုသို့ဖိနှိပ်ရာတွင် တိုင်းပြည်အတွင်း ဒီမိုကရေစီစနစ်ကင်းမဲ့လျှင်ကင်းမဲ့သလောက် (သို့မဟုတ်) တရားဥပဒေစိုးမိုးမှုဆိတ်သုန်းလျှင်ဆိတ်သုန်းသလောက် ဖမ်းဆီးနှိပ်စက်မှုများမှ လူမျိုးတုံးသတ်ဖြတ်မှုများအထိ ကျူးလွန်ကြလေ့ရှိပါသည်။ ထိုသို့သောအခြေအနေများတွင် အကြမ်းမဖက်လှုပ်ရှားမှုများအနေနှင့် ဆန့်ကျင်တော်လှန်ရခြင်းမှာ များစွာခက်ခဲကြမ်းတမ်းလှသော်လည်း လုံးဝမအောင်မြင်နိုင်သည်တော့မဟုတ်ပေ။ အဓိကအရေးကြီးဆုံးမှာ မိမိတို့၏ ကြံ့ကြံ့ခံနိုင်မှုစွမ်းရည်နှင့် နည်းဗျူဟာကြွယ်ဝမှုသာ ဖြစ်ပါသည်။

အကြမ်းမဖက်လှုပ်ရှားမှုများသည် ကနဦးအစတွင် လမ်းပေါ်ထွက်ဆန္ဒပြခြင်းဖြင့် အာဏာရှင်အစိုးရကို ဆန့်ကျင်လေ့ရှိကြပါသည်။ ဤနည်းလမ်းသည် အကြမ်းမဖက်နည်းလမ်းတစ်ခုဖြစ်သော်လည်း ထိုနည်းလမ်းတစ်ခုတည်းကို ဖန်တစ်ရာတေအောင် လုပ်ဆောင်ရန်မသင့်ပေ။ ထိုသို့ဆန္ဒပြနေစဉ်အတွင်း အကြမ်းဖက်ဖိနှပ်ဖြိုခွင်းမှုနှင့်ရင်ဆိုင်ရလျှင် လူအများစုမှာ အကြမ်းမဖက်နည်းလမ်းမှာ အလုပ်ဖြစ်နိုင်တော့ဟုယူဆကာ လက်နက်ကိုင်နည်းလမ်းကိုရွေးချယ်သူကရွေးချယ်သွားတတ်ကြသည်။ တော်လှန်‌ရေးကိုလုံးဝစွန့်ခွာသူက စွန့်ခွာသွားတတ်ကြသည်။ အဖိနှိပ်ခံတော်လှန်သူများအနေနှင့် ထိုဖြစ်စဉ်ကို အောင်အောင်မြင်မြင်ကျော်လွှားနိုင်ရန်အတွက် အထိအခိုက်အကျအဆုံးများနိုင်သောဆန္ဒပြနည်းလမ်းအစား အထိအခိုက်အကျအဆုံးနည်း၍ ကလေးသူငယ်မှအစသက်ကြီးရွယ်အိုများထိ ထဲထဲဝင်ဝင်ပါဝင်လှုပ်ရှားနိုင်သော အခြားနည်းလမ်းများစွာကို ကျယ်ကျယ်ပြန့်ပြန့်အသုံးချသင့်ပါသည်။ ထိုများပြားလှသော နည်းလမ်းများထဲမှ ဥပမာသုံးခုကိုသာ ကောက်နုက်ဖော်ပြသွားပါမည်။ ၎င်းတို့မှာ စင်ပြိုင်အဖွဲ့အစည်းများတည်ထောင်ခြင်း၊ အစိုးရနှင့်မပူးပေါင်းမဆောင်ရွက်ခြင်း၊ အစိုးရထောက်တိုင်များအား ဘွိုင်းကောက်လုပ်၍ဖိအားပေးခြင်း စသည်တို့ဖြစ်ပါသည်။

စင်ပြိုင်အဖွဲ့အစည်းများတည်ထောင်ခြင်းနည်းလမ်းသည် ခေတ်အဆက်ဆက်အာဏာရှင်အစိုးရကို ဖိအားပေးနိုင်သော နည်းလမ်းဖြစ်သည်။ စင်ပြိုင်အဖွဲ့အစည်းတည်ထောင်ခြင်းဆိုသည်မှာ အစိုးရ၏ယန္တရားပြင်ပမှနေ၍ မိမိတို့အဖိနှိပ်ခံလူ့အဖွဲ့အစည်းကိုအကျိုးပြုသော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်မာရေး စသည့် ကဏ္ဍများစွာကို ဖြည့်ဆည်းပေးခြင်းဖြစ်သည်။ ဥပမာ-ကိုလိုနီခေတ်မြန်မာနိုင်ငံတွင် ဗြိတိသျှတို့၏ ပညာရေးဆိုင်ရာဖိနှပ်မှုကိုဆန့်ကျင်သည့်အနေနှင့် နိုင်ငံတဝှမ်း အမျိုးသားကျောင်းများ တည်ထောင်ခြင်းမျိုးဖြစ်သည်။ ထို့ပြင် နာဇီတို့၏ဖိနှိပ်မှုများကြားမှ ဆန့်ကျင်တော်လှန်သူများက တရားမဝင်စာသင်ကျောင်းများ တည်ထောင်ခြင်း၊ သတင်းစာများထုတ်ဝေခြင်း၊ လူမှုစောင့်ရှောက်ရေးအသင်းများ ဖွဲ့စည်းခြင်းများလုပ်ဆောင်ခဲ့ကြသည်။ ထိုကဲ့သို့ စင်ပြိုင်အဖွဲ့အစည်းများတည်ထောင်ခြင်းသည် အာဏာရှင်အစိုးရကိုဆန့်ကျင်တော်လှန်ရာရောက်သလို တစ်ဘက်တွင်လည်း အဖိနှိပ်ခံလူ့အဖွဲ့အစည်းအတွက် အကျိုးပြုရာရောက်ပါသည်။

မပူးပေါင်းမဆောင်ရွက်ခြင်း နည်းလမ်းသည် အလွန်ပင်ထိရောက်သော အကြမ်းမဖက်နည်းလမ်းဖြစ်ပါသည်။ မပူးပေါင်းခြင်းဆိုရာ၌ အစိုးရ၏အုပ်ချုပ်ရေးယန္နယားတွင် မပူးပေါင်းဘဲ အလုပ်ထွက်ခြင်းအပါအဝင် အစိုးရ၏လုပ်ငန်းဆောင်တာမှန်သမျှတွင် ဗြောင်ကျကျငြင်းဆန်၍ဖြစ်စေ၊ မသိကျိုးကျွံပြု၍ဖြစ်စေ အစိုးရဝန်ထမ်းများသာမက သာမာန်အရပ်သားများပင်ပါဝင်နိုင်ပါသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် အစိုးရ၏ယန္ယားများကို ကောင်းစွာဒုက္ခပေးနိုင်ပါသည်။

အာဏာရှင်အစိုးရဟူသည် ထောက်ခံသူထောက်တိုင်များမရှိဘဲ ရပ်တည်နိုင်မည်မဟုတ်ပေ။ ထိုထောက်တိုင်များတွင် အုပ်ချုပ်‌ရေးအရာရှိများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်ပမဟာမိတ်များ စသဖြင့်ပါဝင်ပါသည်။ ထိုသူများသည် အာဏာရှင်စနစ်ကိုသဘောကျ၍ထောက်ခံနေခြင်းမျိုးမဟုတ်ဘဲ မိမိတို့အကျိုးစီးပွားအတွက် ထောက်ခံနေကြခြင်းဖြစ်သည်။ ထို့ကြောင့် ထိုအကျိုးစီးပွားလုပ်ငန်းများကို မဝယ်ယူမသုံးစွဲဘဲ သပိတ်မှောက်လိုက်ခြင်းသည် အစိုးရအပေါ်၎င်းတို့၏သစ္စာခံထောက်ကန်ပေးနေမှုအား ယိမ်းယိုင်ဝေဝါးသွားစေနိုင်ပါသည်။ သာဓကအားဖြင့် တောင်အာဖရိကနိုင်ငံ၏ လူမျိုးခွဲခြားမှုတိုက်ဖျက်ရေးလှုပ်ရှားမှုတွင် လူမည်းများသည် ၎င်းတို့အပေါ်ခွဲခြားဆက်ဆံသော အစိုးရနှင့်အကျိုးတူလူဖြူလုပ်ငန်းရှင်များကို သပိတ်မှောက်ခဲ့ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့၏စီးပွားရေးလုပ်ငန်းများ ထိခိုက်လာလေရာ နောက်ဆုံးတွင် အစိုးရ၏ထောက်တိုင်လူဖြူလုပ်ငန်းရှင်များသည် လူဖြူလူမည်းခွဲခြားဆက်ဆံမှုကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ရတော့သည်။

အဆိုပါနည်းလမ်းများမှာ အကြမ်းဖက်ဖိနှိပ်မှုကိုအံတုကျော်လွှားနိုင်သော အကြမ်းမဖက်နည်းလမ်းများထဲမှ အချို့သာဖြစ်ပြီး အခြားသောနည်းဗျူဟာများစွာလည်းရှိပါသးသည်။ ထို့ကြောင့် မေးခွန်းအားပြန်ကောက်ရလျှင် အကြမ်းမဖက်လှုပ်ရှားများသည် အကြမ်းဖက်ဖိနှိပ်မှုနှင့်ရင်ဆိုင်ရလျှင် ငြိမ်ခံနေရမည်မဟုတ်ဘဲ ဖိနှိပ်မှုခံရနိုင်ချေနည်းသော အခြားသောနည်းဗျူဟာပေါင်းများစွာကို စုဖွဲ့မှုကောင်းကောင်းဖြင့် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရမည်ဖြစ်ပါသည်။ သို့မှသာ အာဏာရှင်အစိုးရအပေါ် မိမိတို့ဘက်မှ ထိခိုက်မှုနည်းနည်းဖြင့် ထိထိရောက်ရောက်ဖိအားပေးနိုင်မည်ဖြစ်ပါသည်။

(အကြမ်းမဖက်တော်လှန်ရေးလှုပ်ရှားမှုဆိုင်ရာ “ သိလိုရာမေး” ကဏ္ဍ)
Freedom Fighter Myanmar အဖွဲ့သည် အကြမ်းမဖက်လမ်းစဉ်နှင့် အာဏာရှင်စနစ်ကိုတော်လှန်နေခြင်းဖြစ်သည့်အားလျှော်စွာ အာဏာရှင်စနစ်ဆိုးကိုဆန့်ကျင်လိုသူတိုင်း တော်လှန်သူများဖြစ်လာစေရန်အတွက် အကြမ်းမဖက်အယူအဆများ၊ နည်းနာနိဿယများစွာကို လူထုအကြားဖြန့်ဝေပေးလျှက်ရှိပါသည်။ ယခုလည်းအကြမ်းမဖက်လှုပ်ရှားမှုဆိုင်ရာအယူအဆများ အားကောင်းလာစေရန်အလို့ငှာ ယင်းနှင့်ပတ်သတ်၍ ဝိဝါဒကွဲပြားနေမှုများ၊ ချိတုံချတုံဖြစ်နေမှုများ၊ အဖြေရှာလိုသည်များကို ကောင်းစွာသိရှိနားလည်စေရန်အတွက် သိလိုရာမေးကဏ္ဍကို စတင်ခဲ့ပါသည်။ ထို့ကြောင့် အကြမ်းမဖက်လှုပ်ရှားမှုဆိုင်ရာမေးခွန်းများကို မည်သူမဆို အပြုသဘောဆောင်ကာ comment မှဖြစ်စေ Facebook chat box မှဖြစ်စေ လွတ်လွတ်လပ်လပ်မေးမြန်းနိုင်ပါကြောင်း သတင်းစကားပါးအပ်ပါသည်။

#သိလိုရာမေး#CivilResistance#PeoplePower
#NonViolentResistance
#freedomfightermyanmar
#FAQ

See less

Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်