မြန်မာနိုင်ငံတွင် အကြမ်းမဖက်လှုပ်ရှားမှုကို ဘယ်ချိန်က စတင်လုပ်ဆောင်ခဲ့ကြတာလဲ၊ ဘယ်လောက်ထိအောင်မြင်ခဲ့ကြလဲ။

မြန်မာနိုင်ငံတွင် အကြမ်းမဖက်လှုပ်ရှားမှုကို ဘယ်ချိန်က စတင်လုပ်ဆောင်ခဲ့ကြတာလဲ၊ ဘယ်လောက်ထိအောင်မြင်ခဲ့ကြလဲ။

မြန်မာနိုင်ငံ၏ အတိတ်သမိုင်းကိုခြေရာကောက်ကြည့်လျှင် တော်လှန်ရေးဖြစ်ရပ်များနှင့် ဒင်းကြမ်းပြည့်နေကို တွေ့ရပါလိမ့်မည်။ တော်လှန်ရေးဟူသည် စနစ်ဆိုးတစ်ခုကို တွန်းလှန်ခြင်းဖြစ်ပေရာ မြန်မာနိုင်ငံကဲ့သို့ ပဒေသရာဇ်စနစ်၊ကိုလိုနီစနစ်၊စစ်အာဏာရှင်စနစ်များကြီးဆိုးခဲ့၊ကြီးဆိုးဆဲနိုင်ငံတစ်ခုတွင် တော်လှန်ရေးဖြစ်ရပ်များ အမြောက်အမြားပေါ်ထွက်ခဲ့ခြင်းမှာ ထူးတော့မထူးဆန်းပေ။ အမှန်တကယ်ထူးဆန်းသည်မှာကား ထိုကဲ့သို့ရက်စက်ယုတ်မာသောစနစ်ဆိုးများကို အကြမ်းမဖက်လှုပ်ရှားမှုများဖြင့် ဆန့်ကျင်တော်လှန်ကာ အုပ်ချုပ်သူများအပေါ် ထိထိရောက်ရောက်ဖိအားပေးနိုင်ခဲ့ခြင်းဖြစ်သည်။

ပြည်သူလူထုသည် ကိုလိုနီခေတ်မှယနေ့ခေတ်တိုင် ဗြိတိသျှဆန့်ကျင်ရေးလှုပ်ရှားမှု၊ ၈၈ဒီမိုကရေစီအရေးလှုပ်ရှားမှု၊ ရွှေဝါရောင်တော်လှန်ရေးလှုပ်ရှားမှု၊ မြစ်ဆုံစီမံကိန်းဆန့်ကျင်ရေးလှုပ်ရှားမှု၊ ကြေးနီတောင်စီမံကိန်းဆန့်ကျင်ရေးလှုပ်ရှားမှု၊ ယခုအာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု စသဖြင့် အခြေအနေအမျိုးမျိုး၊ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် အကြမ်းမဖက်လူထုလှုပ်ရှားမှုများကို အင်တိုက်အားတိုက်လုပ်ဆောင်ခဲ့ကြသည်။

ကိုလိုနီခေတ်ဗြိတိသျှဆန့်ကျင်ရေးလှုပ်ရှားတွင် မြန်မာပြည်သူလူထုသည် အင်္ဂလိပ်မျက်နှာဖြူများနှင့်သခင်အားရကျွန်ပါးဝနေသူများကို အကြမ်းမဖက်နည်းလမ်းများဖြင့် ဆန့်ကျင်တော်လှန်ခဲ့ကြသည်။ တိုင်းတပါးထုတ်ကုန်များကို သပိတ်မှောက်ခြင်း၊ ပြည်တွင်းထုတ်ကုန်များကိုသာ သုံးစွဲခြင်း၊ အမျိုးသားကျောင်းများတည်ထောင်ခြင်း စသည့်အကြမ်းမဖက်နည်းလမ်းများကို ခေတ်ပညာတတ်ကျောင်းသားများဦးဆောင်ကာ အများပြည်သူများသို့ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေခဲ့ကြသည်။ ထို့ပြင် ကျောင်းသားသပိတ်များ၊ အလုပ်သမားသပိတ်များလုပ်ဆောင်ကာ ဗြိတိသျှအုပ်ချုပ်ရေးယန္တရားကို အလုံးစုံပျက်သုဉ်းခြင်းအထိ မဖြိုဖျက်နိုင်ခဲ့သော်လည်း အတိုင်းအတာတစ်ခုထိ ချည့်နဲ့သွားစေခဲ့ပါသည်။

၈၈ဒီမိုကရေစီရေးလှုပ်ရှားမှုနှင့် ရွှေဝါရောင်တော်လှန်ရေးလှုပ်ရှားများသည်လည်း စစ်အာဏာရှင်ကိုဆန့်ကျင်သော အကြမ်းမဖက်လှုပ်ရှားမှုများဖြစ်ပါသည်။ မြန်မာပြည်အနှံ့ လှည်းနေလှေအောင်းမြင်းဇောင်းမကျန် အာဏာရှင်ကို အလိုမရှိကြောင်း ထုတ်ဖော်ပြသခဲ့ကြသည်။ ထို့အတူ မြစ်ဆုံစီမံကိန်းဆန့်ကျင်ရေးလှုပ်ရှားမှု၊ ကြေးနီတောင်စီမံကိန်းလှုပ်ရှားမှုတို့တွင်လည်း ပြည်သူလူထုသည် တိုင်းပြည်၏သယံဇာတများအား လူတစ်စု၏လက်ဝါးကြီးအုပ်မှုကို လက်မခံကြောင်း အကြမ်းမဖက်နည်းလမ်းဖြင့် ဆန့်ကျင်ဆန္ဒပြခဲ့ကြပါသည်။
ဤနေရာတွင် အကြမ်းမဖက်လှုပ်ရှားမှုတစ်ခု၏ အောင်မြင်ခြင်းအကြောင်းတရားများကို ရှင်းပြလိုပါသည်။ အကြမ်းမဖက်လှုပ်ရှားမှုတစ်ခုအောင်မြင်နိုင်ရန် အကြောင်းအရင်း(၄)ချက်ရှိပါသည်။ ပထမအချက်မှာ လှုပ်ရှားမှုတွင် လူ့အလွှာအသီးသီးမှ လူတန်းစားပေါင်းစုံပါဝင်ခြင်းဖြစ်သည်။ လှုပ်ရှားမှုများသည် လူထုပါဝင်မှုအားကောင်းလေလေ ဆန့်ကျင်ဘက်အဖွဲ့အစည်းကို ဖိအားပေးနိုင်လေလေဖြစ်သည်။

ဒုတိယအချက်မှာ အစိုးရထောက်ခံသူထောက်တိုင်းများကို ဘက်ပြောင်းလာအောင် လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။ မည်သည့်အစိုးရအဖွဲ့အစည်းမဆို ထောက်ခံသူထောက်တိုင်များမရှိဘဲ ရပ်တည်နိုင်မည်မဟုတ်ပေ။ သို့သော် ထိုထောက်ခံသူများကို ဘက်ပြောင်းလာအောင် လုပ်ဆောင်ရတွင်လည်း စည်းစနစ်ကျဖို့လိုအပ်ပေသည်။ လက်ရှိနွေဦးတော်လှန်ရေးအကြမ်းမဖက်လှုပ်ရှားမှု၏ အဓိကအားနည်းချက်များထဲတွင် ထိုအချက်လည်းပါဝင်ပေသည်။ တော်လှန်ရေးဘက်တော်သားများသည် အာဏာရှင်ထောက်ခံသူများကို ဘက်ပြောင်းအောင်လုပ်ဆောင်ရာတွင် အမုန်းတရားကိုသာအခြေခံနေကြသည်။ တစ်ဦးတစ်ယောက်ချင်းစီ၏ပကတိအခြေအနေကိုမျက်ကွယ်ပြု၍ ကိုယ့်ဘက်သို့ခြေစုံရပ်လာအောင် ခြိမ်းခြောက်လိုက်ခြင်းသည် ပြောင်းပြန်သက်ရောက်မှုကို ဖြစ်သွားစေတတ်သည်။

တတိယအချက်မှာ ဆန္ဒပြခြင်းသက်သက်မဟုတ်ဘဲ အခြားကျယ်ပြန့်သောနည်းဗျူဟာများကို အသုံးချခြင်းဖြစ်သည်။ ကမ္ဘာ့သမိုင်းရှိ အောင်မြင်ခဲ့သောအကြမ်းမဖက်လှုပ်ရှားမှုများကိုလေ့လာကြည့်လျှင် ၎င်းတို့သည် ဆန္ဒပြခြင်းသက်သက်မဟုတ်ဘဲ အခြားနည်းဗျူဟာများဖြစ်သော သပိတ်မှောက်ခြင်း၊ မပူးပေါင်းမဆောင်ရွက်ခြင်း၊ အစားထိုးလူမှုရေး၊စီးပွားရေး၊ပညာရေးစနစ်များတည်ဆောက်ခြင်း စသည်တို့အား အခြေအနေအလိုက် စနစ်တကျအသုံးပြုခဲ့ကြသည်ကို တွေ့ရပါသည်။ နွေဦးတော်လှန်ရေး၏အစောပိုင်းကာလ ဆန္ဒပြလှုပ်ရှားမှုများကို စစ်တပ်ကအကြမ်းဖက်ဖြိုခွဲလိုက်သောအခါ အများစုက အခြားအကြမ်းမဖက်နည်းဗျူဟာများကို မလုပ်ဆောင်ကြတော့ဘဲ အကြမ်းမဖက်နည်းလမ်းကအလုပ်မဖြစ်ဟုသတ်မှတ်ကာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်သွားခဲ့ကြသည်။ ထိုသို့ဖြစ်သွားရခြင်း၏ ဇစ်မြစ်ကိုသုံးသပ်ကြည့်လျှင် ထိရောက်သောခေါင်းဆောင်မှုကင်းမဲ့ခြင်း၊ အကြမ်းမဖက်နည်းဗျူဟာများကိုမကြေလည်ခြင်း၊ ရေတိုသာစဉ်းစားခြင်း ဟူသော အကြောင်းတရားများကို တွေ့ရပါသည်။

စတုတ္ထအချက်အမှာ ဖိနှိပ်မှုနှင့်ကြုံရသည့်အခါ ကျင့်ဝတ်လိုက်နာခြင်းနှင့် ကြံ့ကြံ့ခံနိုင်ခြင်းဖြစ်သည်။ ဤအချက်သည် စနစ်တကျတည်ဆောက်ယူရသော သဘောတရားဖြစ်သည်။ ဆန့်ကျင်လှုပ်ရှားမှုတစ်ခုဖြစ်ပြီဆိုသည်နှင့် အစိုးရ၏ဖိနှိပ်မှုကို အနည်းနှင့်အများခံရမည်မှာ ထုံးစံပင်။ ထိုအခြေအနေကို မိမိတို့ဘက်မှ ကြံ့ကြံ့ခံရင်ဆိုင်နိုင်ဖို့အတွက် ရေရှည်စဉ်းစားကာ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်ထားရမည်ဖြစ်သည်။ ဥပမာအားဖြင့် နွေဦးတော်လှန်ရေးတွင် လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှုကို ထိပ်ပေါင်းခေါင်းဆောင်များအပါအဝင် ပြည်သူလူထုအပေါင်းတို့က ထောက်ခံအားပေးခဲ့ကြသည်။ သို့သော် ထိုလုပ်ငန်းစဉ်တွင်ပါဝင်၍လက်ရှိအစိုးရအလုပ်မှထွက်လိုက်ရသူတို့၏ ရေရှည်စားဝတ်နေရေးအပေါ် ထည့်သွင်းစဉ်းစားပေးမှုအတော်ပင်နည်းပါးခဲ့သည်။ ထို့ကြောင့် နွေဦးတော်လှန်ရေး လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှုသည် အောင်မြင်သင့်သလောက်မအောင်မြင်ဘဲ မလိုလားအပ်သော ပြဿနာရပ်များ ပေါ်ထွက်လာခြင်းဖြစ်သည်။

အချုပ်အားဖြင့်ဆိုရလျှင် မြန်မာနိုင်ငံတွင် အကြမ်းမဖက်လူထုလှုပ်ရှားမှုများ ခေတ်အဆက်ဆက်ပေါ်ပေါက်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရားအပေါ် အတော်ပင်ထိထိရောက်ရောက်ဖိအားပေးနိုင်ခဲ့သည်။ သို့ရာတွင် လုံးလုံးလျားလျားအောင်မြင်ဖို့အတွက်မူ အထက်ဖော်ပြပါ အခြေအနေအရပ်ရပ်များဖြစ်ပေါ်လာအောင် ကြိုးစားလုပ်ဆောင်ရဦးမည်ဖြစ်သည်။ ထို့ကြောင့် ယခင့်ယခင်လူထုလှုပ်ရှားမှုများထဲမှ အမှားများကိုသင်ခန်းစာယူ၍ နည်းစနစ်ကျကျပြည်လည်တည်ဆောက်မှသာလျှင် အကြမ်းမဖက်လှုပ်ရှားမှုဖြင့် အာဏာရှင်စနစ်ကို အလုံးစုံပျက်သုဉ်းခြင်းအထိ တော်လှန်နိုင်မည်ဖြစ်ပါသည်။

(အကြမ်းမဖက်တော်လှန်ရေးလှုပ်ရှားမှုဆိုင်ရာ “ သိလိုရာမေး” ကဏ္ဍ)
Freedom Fighter Myanmar အဖွဲ့သည် အကြမ်းမဖက်လမ်းစဉ်နှင့် အာဏာရှင်စနစ်ကိုတော်လှန်နေခြင်းဖြစ်သည့်အားလျှော်စွာ အာဏာရှင်စနစ်ဆိုးကိုဆန့်ကျင်လိုသူတိုင်း တော်လှန်သူများဖြစ်လာစေရန်အတွက် အကြမ်းမဖက်အယူအဆများ၊ နည်းနာနိဿယများစွာကို လူထုအကြားဖြန့်ဝေပေးလျှက်ရှိပါသည်။ ယခုလည်းအကြမ်းမဖက်လှုပ်ရှားမှုဆိုင်ရာအယူအဆများ အားကောင်းလာစေရန်အလို့ငှာ ယင်းနှင့်ပတ်သတ်၍ ဝိဝါဒကွဲပြားနေမှုများ၊ ချိတုံချတုံဖြစ်နေမှုများ၊ အဖြေရှာလိုသည်များကို ကောင်းစွာသိရှိနားလည်စေရန်အတွက် သိလိုရာမေးကဏ္ဍကို စတင်ခဲ့ပါသည်။ ထို့ကြောင့် အကြမ်းမဖက်လှုပ်ရှားမှုဆိုင်ရာမေးခွန်းများကို မည်သူမဆို အပြုသဘောဆောင်ကာ comment မှဖြစ်စေ chat box မှဖြစ်စေ လွတ်လွတ်လပ်လပ်မေးမြန်းနိုင်ပါကြောင်း သတင်းစကားပါးအပ်ပါသည်။
#သိလိုရာမေး#CivilResistance#PeoplePower
#NonViolentResistance
#freedomfightermyanmar
#FAQ#FreedomFighter

Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်