စားဝတ်နေရေးအကျပ်အတည်းနဲ့ရင်ဆိုင်နေရတဲ့ အခြေခံလူတန်းစား ပြည်သူတွေအနေနဲ့ တော်လှန်ရေးမှာဘယ်လိုပါဝင်ရမလဲ

Freedom Fighter ရဲ့ ဒီတစ်ပတ် သိလိုရာမေးကဏ္ဍမှာတော့ အမေးအဖြေ Conversation ပုံစံဖြင့် တင်ဆက်ထားပါတယ်။ စားဝတ်နေရေးအကျပ်အတည်းနဲ့ရင်ဆိုင်နေရတဲ့ အခြေခံလူတန်းစားတွေအနေနဲ့ တော်လှန်ရေးမှာဘယ်လိုပါဝင်ရမလဲဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီး ကိုသီဟနှင့် ကိုငြိမ်းချမ်းတို့ ဆွေးနွေးထားတာလေးတွေ ဖတ်ကြည့်ပါဦးနော်။

သီဟ။ ။ ဒီတစ်ခါမေးခွန်းကတော့ အခုအခါ အခြေခံလူတန်းစားတွေဟာ ကုန်ဈေးနှုန်းကြီးမှု၊ ဝင်ငွေနည်းပါးမှု၊ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် စားဝတ်နေရေးအဆင်ပြေဖို့ပဲ လုံးပန်းနေရတယ်။ တော်လှန်ရေးကိုတောင် သူတို့အာရုံမစိုက်နိုင်ကြတော့ဘူး။ အဲလိုလူတွေအနေနဲ့ စားဝတ်နေရေးပြဿနာတွေကိုဘယ်လိုကျော်လွှားကြပြီး တော်လှန်ရေးမှာ ဘယ်လိုပါဝင်လို့ ရသေးလဲဆိုပြီး မေးထားတယ်ဗျ။

ငြိမ်းချမ်း။ ။ ဒါသိပ်ကောင်းတဲ့မေးခွန်းပဲ။ အခုလက်ရှိမှာ ပြည်သူတွေက အခြေအနေပေါင်းစုံမှာ အကျပ်အတည်းပေါင်းစုံကို ခံစားနေရတယ်။ အဓိကကတော့ စားဝတ်နေရေးပြဿနာပေါ့။ ဒီလိုအခြေအနေမှာ ပြည်သူလူထုကို တော်လှန်ရေးမှာထဲထဲဝင်ဝင်မပါရကောင်းလားဆိုပြီး ကျွန်တော်တို့က လိုက်ပြီးအပြစ်တင်နေလို့မရဘူးဗျ။ ကိုယ့်ဝမ်းနာကိုယ်သာသိဆိုသလိုပဲ ကိုယ့်ရဲ့အခက်အခဲတွေကို ကိုယ့်လောက်ဘယ်သူကမှ နားလည်နိုင်မှာမဟုတ်ဘူးလေ။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ သူတို့ရဲ့အခက်အခဲတွေကို တတ်နိုင်သမျှစာနာနားလည်ငဲ့ကွက်ပြီး သူတို့ပါဝင်နိုင်လောက်တဲ့ တော်လှန်ရေးလမ်းကြောင်းတွေကိုဖွင့်ပေးရမှာဗျ။

သီဟ။ ။ အဲဒါဆို စားဝတ်နေရေးအတွက်လုံးပန်းနေရတဲ့ အခြေခံလူတန်းစားတွေအနေနဲ့ တော်လှန်ရေးမှာပါဝင်နိုင်တဲ့ လမ်းကြောင်းတွေရှိသေးတာပေါ့နော်။

ငြိမ်းချမ်း။ ။ ရှိတာပေါ့။ အဲဒီအကြောင်းကိုမပြောခင် အရင်ဆုံးသူတို့ရဲ့စားဝတ်နေရေးပြဿနာကို ကိုယ်ထူကိုယ်ထဖြေရှင်းခြင်းဟာလည်း တော်လှန်ရေးမှာအရေးကြီးကြောင်း ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ အခုတော်လှန်ရေးလုပ်နေတာက တိုင်းပြည်ကိုလူတစ်စုက ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်နေတာကိုဆန့်ကျင်ပြီး ပြည်သူကအာဏာကိုဆုပ်ကိုင်ခွင့်ရရှိရေးအတွက်ပဲလေ။ ဒီလိုရရှိဖို့အတွက်ဆိုရင် အောက်ခြေကနေ စပြီးပြောင်းလဲပစ်မှရမယ်။ ပြည်သူတွေအနေနဲ့ အခုကတည်းက အာဏာရှင်အစိုးရပေါ်မမှီခိုဘဲ ကိုယ့်ကံကြမ္မာကိုယ်တိုင်ဆုံးဖြတ်ခွင့်ကို တည်ဆောက်မှသာဒီတော်လှန်ရေးဟာ စစ်မှန်တဲ့အသွင်းကူးပြောင်းရေးဖြစ်လိမ့်မယ်။ ဒီနေရာမှာ ပြည်သူအချင်းချင်း သွေးစည်းညီညွတ်မှုကလည်း အလွန်ပဲအရေးကြီးတယ်။ ဥပမာ စားဝတ်နေရေးအတွက်အရေးကြီးတဲ့ ဈေးကွက်စီးပွားရေးစနစ်ကို အစိုးရနဲ့ခရိုနီအမြတ်ကြီးစားတွေအပေါ်မမှီခိုဘဲ ကိုယ်ထူကိုယ်ထတည်ဆောက်ကြတာမျိုးပေါ့။ ကျွန်တော်တို့က တစ်လုပ်အားခ ငါးထောင် ရတယ်ဆိုပါတော့ဗျာ။ အဲဒီငါးထောင်နဲ့ မိသားစုရဲ့တစ်နေ့တာစားဝတ်နေရေးအတွက် လောက်ငှအောင်ဝယ်ယူနိုင်မယ့် ကုန်ပစ္စည်းတွေကို ပြည်သူအချင်းဖေးမပြီး ထုတ်တဲ့သူကထုတ်၊ ဝယ်တဲ့သူကဝယ်ပေါ့။ နောက်ပြီး ဒီအချိန်မှာငွေကြေးအကုန်အကျနည်းမယ့် လက်မှုပစ္စည်းလေးတွေ၊ စားသောက်ကုန်လေးတွေကို များများပေါ်ထွက်လာအောင် လုပ်ဆောင်ကြရမယ်။ ဒါမှသာ ရောင်းချသူလည်းအဆင်ပြေ၊ ဝယ်ယူသူလည်းအဆင်ပြေပြီး တစ်ဦးတစ်ယောက်၊တစ်စုတစ်ဖွဲ့ကချုပ်ကိုင်ထားတဲ့ ဈေးကွက်စီးပွားရေးစနစ်ကို ဖြိုဖျက်နိုင်မှာဖြစ်တယ်။ အဲဒီကနေ ပညာရေးစနစ်၊အုပ်ချုပ်ရေးစနစ်တွေအထိပါ တစ်တစ်ဆင်ဆင့်တိုးပြီး ပြည်သူ့အာဏာကို တည်ဆောက်နိုင်မှာဖြစ်တယ်။ အဲလိုကိုယ့်လူမှုပတ်ဝန်းကျင်ကပြဿနာလေးတွေကို ကိုယ်ထူကိုယ်ထဖြေရှင်းကြတာဟာ အစိုးရကိုဆန့်ကျင်တော်လှန်ရာရောက်တဲ့အပြင် ကိုယ့်ရဲ့အခွင့်အာဏာကို တပြိုင်တည်းတည်ဆောက်ရာလည်းရောက်တယ်။ ဒါတင်မကဘဲ သူတို့အနေနဲ့ ထပ်ပြီးတော့ တော်လှန်ရေးမှာ ပါဝင်ချင်ကြသေးတယ်ဆိုရင် အဓိကအားဖြင့် boycottဆိုတဲ့သပိတ်မှောက်ခြင်းတွေမှာ ဒါမှမဟုတ် noncooperation ဆိုတဲ့ တစ်ဘက်အဖွဲ့နဲ့ မပူးပေါင်းမဆောင်ရွက်ခြင်းတွေမှာ ထဲထဲဝင်ဝင်ပါဝင်လှုပ်ရှားလို့ရတယ်လေ။ အဲဒီနည်းလမ်းတွေက အကြမ်းမဖက်တော်လှန်ရေးရဲ့ အခရာကျတဲ့နည်းလမ်းတွေဖြစ်တော့ ဒီတော်လှန်ရေးမှာ သူတို့အနေနဲ့ အဓိကအခန်းကဏ္ဍကပါဝင်လို့ရတယ်လို့တောင် ဆိုရင်ဆိုနိုင်သေးတယ်ဗျာ။

သီဟ။ ။ ဟုတ်၊ အဲဒီနည်းလမ်းတွေအကြောင်းနဲ့ ဘယ်လိုပါဝင်နိုင်တယ်ဆိုတာ ရှင်းပြပေးပါဦးဗျ။

ငြိမ်းချမ်း။ ။ ပထမအချက် boycott ဆိုတဲ့ သပိတ်မှောက်ခြင်းမှာ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့စီးပွားရေးလုပ်ငန်းတွေ၊ထုတ်ကုန်တွေကို မဝယ်ယူ၊မသုံးဆွဲဘဲ တော်လှန်ရေးမှာပါဝင်လို့ရတယ်။ ခေတ်အဆက်ဆက်စစ်တပ်က သူတို့အကျိုးအမြတ်အတွက် စီးပွားလုပ်ငန်းတွေကို မတော်မတရားလုပ်နေကြတာ။ ဒီကရတဲ့ငွေရဲ့အထောက်အပံ့နဲ့ပဲ ပြည်သူတွေကို အနိုင်ကျင့်ချင်တိုင်းကျင့်နေကြတာ။ ဒါ့အပြင် စစ်တပ်နဲ့အကျိုးတူပူးပေါင်းပြီးစီးပွားရေးလုပ်နေကြတဲ့ လုပ်ငန်းရှင်တွေရဲ့ ထုတ်ကုန်တွေ၊လုပ်ငန်းတွေကိုလည်း သပိတ်မှောက်နိုင်တယ်။ ဒီလိုလူတွေဟာ ကိုယ်ကျိုးစီးပွားကိုပဲပဓာနထားတဲ့လူတွေ။ သူတို့စီးပွားရေးထိခိုက်လာရင် စစ်တပ်ကိုဖယ်ခွာသွားကြမှာပဲ။ တောင်အာဖရိကရဲ့လူဖြူလူမည်းခွဲခြားမှုဆန့်ကျင်ရေးလှုပ်ရှားမှုတုန်းကဆို အခွဲခြားခံရတဲ့လူမည်းတွေက အစိုးရနဲ့အကျိုးတူလူဖြူစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ထုတ်ကုန်တွေကို မဝယ်ယူ၊မသုံးဆွဲကြဘဲ သပိတ်မှောက်လိုက်ကြတယ်။ တဖြည်းဖြည်းစီးပွားရေးထိခိုက်လာတော့ အဲဒီလူဖြူတွေက လူဖြူလူမည်းခွဲခြားမှုစနစ်ကို အဆုံးသတ်လိုက်ကြရတော့တယ်။ ဒါကြောင့် သပိတ်မှောက်တယ်ဆိုတာ ဘယ်သူမဆို ပါဝင်လှုပ်ရှားနိုင်တဲ့ အလွယ်ဆုံးနည်းလမ်းနဲ့ အန္တရာယ်အကင်းဆုံးနည်းလမ်းပဲ။ နောက်ပြီး စိတ်ဓာတ်ပြတ်သားရင်ပြတ်သားသလောက် အတော်လေးထိရောက်တယ်။

သီဟ။ ။ ဟုတ်ကဲ့၊ noncooperation အကြောင်းနဲ့ အခြေခံလူတန်းစားပြည်သူတွေ ဘယ်လိုပါဝင်နိုင်တယ်ဆိုတဲ့ အကြောင်းလည်း ရှင်းပြပေးပါဦးဗျ။

ငြိမ်းချမ်း။ ။ noncooperation ဆိုတဲ့ မပူးပေါင်းမဆောင်ရွက်ရေးကတော့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ယန္တရားမှာ မပါဝင်ကြခြင်းဘဲ။ အဲဒီယန္တရားထဲမှာ ဝန်းထမ်းအဖြစ်ဝင်ရောက်အလုပ်မလုပ်ရုံတင်မဟုတ်ဘဲ ဘယ်အခြေအနေ၊ ဘယ်ပုံစံမျိုးနဲ့ဖြစ်ဖြစ် မပူးပေါင်းကြခြင်းဖြစ်တယ်။ ဥပမာ- တော်လှန်ရေးသမားတွေကို ဖမ်းဆီးဖို့စုံစမ်းလာရင် မသိဘူးလို့ဖြေတာ၊ စစ်တပ်ရဲ့ကားတစီးစီးလမ်းမှာပျက်နေတာတွေ့ရင် မသိချင်ယောင်ဆောင်သွားတာ၊ အကူအညီလာတောင်းရင်တောင် ကျန်မာရေးမကောင်းဘူလို့အကြောင်းပြပြီး ငြင်းလွှတ်တာ၊ ကိုယ့်ရဲ့ဈေးဆိုင်မှာ ဈေးလာဝယ်ရင် မရှိဘူးလို့ငြင်းတာ ဒါမှမဟုတ် ဈေးတင်ရောင်းတာ၊ စစ်တပ်ကစီစဉ်တဲ့လူစုလူဝေးတွေကိုရှောင်တာ စသဖြင့်ပေါ့ ကိုယ့်အန္တရာယ်ကိုလည်းကြည့်ရှောင်ပြီး အဆင်ပြေသလိုမပူးပေါင်းဘဲနေလို့ရတယ်။

သီဟ။ ။ စစ်ကောင်စီကိုမကြိုက်ပေမဲ့ သူ့ရဲ့ယန္တရားမှာ စားဝတ်နေရေးစတဲ့ အကြောင်းကြောင်းကြောင့် ပါဝင်အလုပ်လုပ်နေရတဲ့သူတွေအနေနဲ့ရော ဒီnoncooperationမှာ ပါဝင်လို့ရလားဗျ။

ငြိမ်းချမ်း။ ။ သိပ်ရတာပေါ့။ ရုံးဝန်ထမ်းတွေဆိုရင် ကွန်ပြူတာတွေအလုပ်မလုပ်အောင်လုပ်ထားတာ၊ ဆက်သွယ်ရေးကြိုးတွေဖြုတ်ထားတာ၊ စာတွေတမင်မှားယွင်းပြီးပို့တာ၊ အရေးကြီးတဲ့သတင်းတွေကို ကြာအောင်အချိန်ဆွဲထားတာ၊ တော်လှန်ရေးသမားတွေဆီ ပေါက်ကြားအောင်လုပ်တာ၊ အစိုးရကလုပ်တဲ့ပွဲတွေကို ရှောင်တာ စသဖြင့်လုပ်လို့ရတယ်။ ရဲတွေ၊စစ်သားတွေဆိုရင်လည်း လုံခြုံရေးသတင်းတွေကို တော်လှန်ရေးသမားတွေဆီပေးပို့တာ၊ အမိန့်ကို ထိထိရောက်ရောက်မလုပ်တာ၊ ပစ်မှတ်တွေကို တမင်ရှောင်ပစ်တာ စသဖြင့်ပေါ့ noncooperation နည်းလမ်းတွေနဲ့ ပါဝင်လို့ရတယ်။

သီဟ။ ။ ဒါဆိုရင် အခြေခံလူတန်းစားတွေကလည်း တော်လှန်ရေးမှာထိထိရောက်ပါဝင်နိုင်တာပဲ။

ငြိမ်းချမ်း။ ။ ဒါပေါ့၊ အဓိကက ကိုယ့်မှာတော်လှန်ချင်တဲ့စိတ်ရှိဖို့ပဲလိုတယ်။ ဘယ်သူမဆို ဆင်းရဲချမ်းသာ၊ကျားမ မရွေးတော်လှန်ရေးမှာ ပါဝင်လို့ရတဲ့နည်းလမ်းတွေအများကြီးရှိတယ်။

သီဟ။ ။ ဟုတ်ကဲ့၊ ဒီလောက်ဆို စားဝတ်နေရေးအကျပ်အတည်းနဲ့ရင်ဆိုင်နေရတဲ့ အခြေခံလူတန်းစားတွေအနေနဲ့ တော်လှန်ရေးမှာဘယ်လိုပါဝင်ရမလဲဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီး တော်တော်လေးရှင်းရှင်းလင်းလင်းနားလည်သွားလောက်ပြီထင်ပါတယ်။ အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ဗျ။

ငြိမ်းချမ်း။ ။ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။

(အကြမ်းမဖက်တော်လှန်ရေးလှုပ်ရှားမှုဆိုင်ရာ “ သိလိုရာမေး” ကဏ္ဍ)
Freedom Fighter Myanmar အဖွဲ့သည် အကြမ်းမဖက်လမ်းစဉ်နှင့် အာဏာရှင်စနစ်ကိုတော်လှန်နေခြင်းဖြစ်သည့်အားလျှော်စွာ အာဏာရှင်စနစ်ဆိုးကိုဆန့်ကျင်လိုသူတိုင်း တော်လှန်သူများဖြစ်လာစေရန်အတွက် အကြမ်းမဖက်အယူအဆများ၊ နည်းနာနိဿယများစွာကို လူထုအကြားဖြန့်ဝေပေးလျှက်ရှိပါသည်။ ယခုလည်းအကြမ်းမဖက်လှုပ်ရှားမှုဆိုင်ရာအယူအဆများ အားကောင်းလာစေရန်အလို့ငှာ ယင်းနှင့်ပတ်သတ်၍ ဝိဝါဒကွဲပြားနေမှုများ၊ ချိတုံချတုံဖြစ်နေမှုများ၊ အဖြေရှာလိုသည်များကို ကောင်းစွာသိရှိနားလည်စေရန်အတွက် သိလိုရာမေးကဏ္ဍကို စတင်ခဲ့ပါသည်။ ထို့ကြောင့် အကြမ်းမဖက်လှုပ်ရှားမှုဆိုင်ရာမေးခွန်းများကို မည်သူမဆို အပြုသဘောဆောင်ကာ comment မှဖြစ်စေ chat box မှဖြစ်စေ လွတ်လွတ်လပ်လပ်မေးမြန်းနိုင်ပါကြောင်း သတင်းစကားပါးအပ်ပါသည်။
#သိလိုရာမေး#CivilResistance#PeoplePower
#NonViolentResistance#Boycott#noncooperation
#freedomfightermyanmar
#FAQ#FreedomFighter

Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်