အမျိုးသမီးတွေအနေနဲ့ အကြမ်းမဖက်လူထုလှုပ်ရှားမှုရဲ့ ဘယ်လိုအခန်းကဏ္ဍတွေမှာ ပါဝင်တော်လှန်နိုင်သလဲ(၂)

အမျိုးသမီးတွေအနေနဲ့ အကြမ်းမဖက်လူထုလှုပ်ရှားမှုရဲ့ ဘယ်လိုအခန်းကဏ္ဍတွေမှာ ပါဝင်တော်လှန်နိုင်သလဲ(၂)

သီဟ။ ။ ဒီအပတ်တော့ ကျွန်တော်တို့သိလိုရာမေးစကားဝိုင်းလေးမှာ ဆွေးနွေးမယ့်သူတစ်ယောက်တိုးလာတယ် ကိုငြိမ်းချမ်း။ သူ့နာမည်က နှင်းရည်တဲ့။ ကျွန်တော့သူငယ်ချင်းပဲ။ ကျွန်တော်တို့ အရင်အပတ်ကရော အခုအပတ်ရော အမျိုးသမီးလှုပ်ရှားမှုတွေအကြောင်းဆွေးနွေးနေတာဆိုတော့ သူလည်းစိတ်ဝင်စားတယ်၊ဆွေးနွေးချင်တယ်ဆိုလို့ ကျွန်တော်ခေါ်လာတာ။

နှင်းရည်။ ။ ဟုတ်၊ တွေ့ရတာဝမ်းသာပါတယ်။ ကျွန်မကလည်း အကိုတို့အရင်အပတ်ကဆွေးနွေးခဲ့သလိုပဲ ဒီတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးတင်မဟုတ်ဘူး၊ အတွေးအခေါ်တော်လှန်ရေးအထိပါသွားနေကြတာဖြစ်တယ်ဆိုတာကို အကြွင်းမဲ့ထောက်ခံတယ်ပေါ့နော်။ အခုအမျိုးသမီးအရေးကို ဆွေးနွေးနေကြတာဆိုတော့ ကျွန်မမှာလည်းဆွေးနွေးချင်တာ အဓိကတော့ ရင်ဖွင့်ချင်တာတွေရှိတော့ အကိုတို့စကားဝိုင်းလေးကို သီဟနဲ့အတူလိုက်လာခဲ့တာ။

ငြိမ်းချမ်း။ ။ ဟုတ်ကဲ့ မနှင်းရည်၊ အမျိုးသမီးလှုပ်ရှားမှုအကြောင်းဆွေးနွေးတဲ့နေရာမှာ အမျိုးသားတွေချည်းပဲဆိုတော့ စကားဝိုင်းရဲ့အရသာက နည်းနည်းပေါ့ပျက်ပျက်ဖြစ်နေမလားတွေးနေတာ။ အခုမနှင်းရည် ပါလာပြီဆိုတော့ တော်တော်လေးအဆင်ပြေသွားပြီ။ ဒီအကြောင်းအရာတင်မဟုတ်ဘဲ နောက်ထပ်အကြောင်းအရာတွေမှာလည်း မနှင်းရည်စိတ်ဝင်စားရင် ဝင်ရောက်ဆွေးနွေးလှဲ့ပါဦးလို့လည်း ဖိတ်ခေါ်ပါတယ်ဗျာ။

နှင်းရည်။ ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ရှင့်။ ဦးဆုံး လိင်ခွဲခြားဆက်ဆံမှုနဲ့ပတ်သတ်ပြီး ကျွန်မရဲ့အတွေ့အကြုံလေးကို ပြန်လည်မျှဝေချင်ပါတယ်။ ကျွန်မက ဆယ်တန်းလောက်အထိ နယ်ကမြို့ငယ်လေးမှာနေတာပါ။ ကျွန်မတို့မိသားစုဝင် ငါးယောက်ရှိပြီး အဖေရယ်၊ အမေရယ်၊ ကျွန်မရယ်၊ မောင်လေးနှစ်ယောက်ရယ်ပေါ့။ အဓိကပြဿနာကဘာလဲဆိုရင် အဖေကနေ့ရှိသရွေ့အရက်သောက်ပြီး အမေ့ကိုမူးရူးဆဲဆိုရိုက်နှက်တာပါပဲ။ အိမ်ရဲ့စီးပွားရေးကိုလည်း အမေကပဲဦးဆောင်လုပ်ရတယ်။ အမေက အိမ်ရှေ့မှာ ကုန်စုံဆိုင်သေးသေးလေးဖွင့်ထားတယ်။ အဲဒီဆိုင်ကရတဲ့ ဝင်ငွေလေးနဲ့ ကျွန်မတို့မိသားစုရပ်တည်ကြရတာပဲ။ အဖေကတော့ ဘာအလုပ်မှဟုတ်တိပတ်တိမလုပ်ဘူး။ သူ့အရက်ဖိုးတောင် အမေကပုံမှန်ပေးနေရတယ်။ ဒီကြားထဲ နောက်နေ့စာဆိုင်အတွက်ဈေးအရင်းပိုက်ဆံပါယူယူသုံးပစ်လို့ အမေ့မှာပိုက်ဆံလိုက်လိုက်ချေးရတာ အခါပေါင်းမနည်းဘူး။ အဆိုးဆုံးကတော့ ရိုက်တာပဲ။ အကြောင်းမရှိအကြောင်းရှာပြီး အမေ့ကိုအော်ဆဲလိုက်ရိုက်လိုက်လုပ်တာပဲ။ ဟင်းမကောင်းရင်လည်းမကောင်းလို့၊ ပိုက်ဆံများများမပေးရင်လည်းမပေးလို့၊ ဆိုင်မှာဈေးဝယ်လာတဲ့ယောက်ျားတွေနဲ့ စကားပြောရင်လည်းပြောလို့ အမျိုးမျိုးကိုစွပ်စွဲပြီးရိုက်တာပဲ။ အမေ့မျက်နှာဆို ဒဏ်ရာတွေနဲ့ကင်းတယ်ကိုမရှိဘူး။ ကျွန်မတို့မောင်နှမတွေကလည်း အဖေ့ကိုတော်တော်မုန်းတယ်၊ အမေ့ကိုအရမ်းသနားတယ်။ ကျောင်းတက်ရတဲ့ရက်ဆို ကျောင်းဆင်းမှာကိုကြောက်နေတယ် အဖေ့ကိုမတွေ့ချင်လို့။ အမေ့ကိုလည်းပြောတယ် သမီးတို့အဖေ့ကိုထားခဲ့ပြီး အဖွားအိမ်သွားနေရအောင်လို့။ အမေကတော့ ပြုံးရုံပဲပြုံးပြတယ်။ အမေ အဖေ့ကိုယူလိုက်ကတည်းက အမေ့အိမ်ကသဘောမတူလို့ မခေါ်မပြောဘဲနေတာ အခုထိပဲ။ အဖေကလည်း ရခါစတော့အလုပ်ကြိုးစားပြပါသေးတယ်။ ဒါပေမယ့် နောက်တော့လည်း ဒုံရင်းကဒုံရင်းပါပဲ။ အမေ့မှာသာ ကိုယ့်လုပ်ခဲ့တဲ့ကိစ္စ ဘာဖြစ်ဖြစ်ခံရမှာပဲဆိုတဲ့စိတ်နဲ့ ကြိတ်မှိတ်ခံနေရရှာတယ်။ ဒါကတော့ ကျွန်မဘဝမှာ လိင်ခွဲခြားဆက်ဆံမှုနဲ့ပတ်သတ်ပြီး အကြီးမားဆုံးရခဲ့တဲ့ထရော်မာကြီးပါပဲ။ ကျွန်မလို အခြားကလေးတွေစိတ်ဒဏ်ရာမရအောင် ဒီလိုလိင်ခွဲခြားဆက်ဆံတာကြီးကို ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ဒီတော်လှန်ရေးနဲ့အတူ အခုအချိန်မှာ ဆွေးနွေးအဖြေရှာသင့်နေပြီလို့ထင်ပါတယ်။

သီဟ။ ။ နှင်းရည်ပြောတာကို ကျွန်တော်လည်းသဘောပေါက်တယ်။ အဲလိုမျိုးယောက်ျားက အနိုင်ကျင့်နှိပ်ဆက်ရိုက်နှက်တာခံနေရတဲ့ အဒေါ်တစ်ယောက်ကျွန်တော့မှာရှိတယ်။ ကျွန်တော်သူ့ကိုပြောဖူးတယ်။ “ အဒေါ်ရယ် ဒီလောက်မကောင်းတဲ့သူကို ကွာလိုက်ပါလားလို့၊ အခုလည်း သူ့ကိုမှီခိုနေရတာမှမဟုတ်တာ၊ ဝန်ထုတ်ဝန်ပိုးတောင်ဖြစ်နေသေးတယ်လို့။” အဲ့တော့သူကပြန်ပြောတယ်။ “ ငါ့တူ၊ လင်မယားချင်းကွာတယ်ဆိုတာ ယောက်ျားဘက်ကတော့ အဆင်ပြေပေမဲ့ မိန်းမတွေဘက်ကအဆင်ပြေတာမဟုတ်ဘူး။ အဲလိုကွဲလိုက်ရင် ယောက်ျားကဆိုးလို့ဆိုတာကို နားလည်ပေးမယ့်သူကနည်းနည်းရယ်၊ ဒီမိန်းမအသုံးမကျလို့၊ အကျင့်မကောင်းလို့ တစ်ခုလပ်၊တစ်လင်ကွာဖြစ်တာလို့ ဝိုင်းလက်ညှိုးထိုးမယ့်သူက ဒုနဲ့ဒေးပဲ။ နောက်ပြီး အိမ်ထောက်အသစ်ပြုရင်တောင် ဒီမိန်းမဒီယုံမြင်လို့ဒီခြုံထွင်တာလို့ ခေါင်းမဖော်ဝံ့အောင် ပြောကြမှာ။ အဲတော့လည်း ဝဋ်ရှိလို့ ခံရတယ်သဘောထားပြီး ကြိတ်မှိတ်ခံနေရတာပါပဲ။” တဲ့။ ကျွန်တော်ကတော့ ဘာပြောလို့ပြောရမှန်းမသိအောင် စွန့်အသွားတယ်။ ဒီလို လိင်ခွဲခြားပြီးကြီးနိုင်ငယ်ညှင်းလူ့အသိုင်းအဝိုင်းကိုလည်း တော်တော်လေးစက်ဆုပ်သွားတယ်။

ငြိမ်းချမ်း။ ။ အင်း ဟုတ်တယ်။ ဒါတွေက အနာဂတ်လူ့အဖွဲ့အစည်းမှာမရှိသင့်တဲ့ လိင်ခွဲခြားဆက်ဆံမှုတွေပဲ။ တစ်နည်းပြောရရင်တော့ အိမ်တွင်းအကြမ်းဖက်မှုတွေပေါ့။ အဲတာကိုပြောင်းလဲပစ်ဖို့ဆိုရင် တစ်ဦးတည်းတစ်ယောက်တည်းနဲ့တော့ မရဘူး။ အမျိုသမီးထုကြီးအပါအဝင် လူ့အသိုင်းအဝိုင်းတစ်ခုလုံးက ပြုပြင်ပြောင်းလဲမှပဲရမယ်။ အဲလိုပြုပြင်ပြောင်းလဲဖို့ဆိုရင် ဆေးပညာစကားလိုပဲ ကာကွယ်ခြင်းနဲ့ကုသခြင်းဆိုတဲ့ကဏ္ဍနှစ်ရပ်ရှိတယ်။ အရင်ဆုံးကာကွယ်ခြင်းအကြောင်းပြောကြတာပေါ့။ ဒီလိုလိင်ခွဲခြားဆက်ဆံပြီးကြီးနိုင်ငယ်ညှင်းကိစ္စတွေကို မဖြစ်အောင်ကာကွယ်ဖို့ဆိုရင် ဦးဆုံးသမိုင်းအဆက်ဆက်အရိုးဆွဲလာခဲ့တဲ့ ဖိုဝါဒကြီးစိုးတဲ့အတွေးအခေါ်တွေ၊ အယူအဆတွေကို တော်လှန်ပြောင်းလဲပစ်ရမယ်။ ယောက်ျားတွေဆိုတာ မြင့်မြတ်တယ်၊ စိတ်သဘောထားပြည့်ဝတယ်၊ ဖောက်လွဲဖောက်ပြန်စိတ်မရှိဘူး ဆိုတဲ့ အတွေးအခေါ်တွေ။ အဲလိုမျိုးပဲ မိန်းမတွေဆိုတာ ယုတ်နိမ့်တယ်၊ စိတ်သဘောထားသေးသိမ်တယ်၊ ဖောက်ပြန်ကောက်ကျစ်တတ်တယ် ဆိုတဲ့အယူအဆမျိုးတွေပေါ့။ ဒါတွေကို အမျိုးသမီးတွေကစလို့ လူထုတစ်ရပ်လုံးက မဟုတ်မမှန်ကြောင်း၊ ယုတ္တိယုတ္တာကင်းမဲ့ကြောင်း ဖော်ထုတ်ပြရမယ်။ ယောက်ျားတိုင်းမမြင့်မြတ်သလို မိန်းမတိုင်းလည်း မယုတ်နိမ့်ပါဘူး။ ယောက်ျားတွေမှာလည်း စိတ်ဓာတ်အောက်တန်းကျပြီးယုတ်နိမ့်တဲ့သူတွေရှိသလို၊ မိန်းမတွေမှာလည်း စိတ်ဓာတ်မြင့်မြတ်တဲ့သူတွေအများကြီးပါ။ လူတစ်ယောက်ရဲ့ ခန္နာကိုယ်ဖြစ်တည်မှုက အတွင်းစိတ်ဓာတ်ကို ပြဋ္ဌာန်းပေးတယ်ဆိုတာ ဘယ်လိုမှယုတ္တိမရှိတဲ့အပြင် လက်ခံနိုင်စရာလည်းမရှိဘူး။ ဒါကို လူထုတစ်ရပ်လုံးသိအောင် ချပြရမယ်။ ဒါကတော့ ကြိုတင်ကာကွယ်ခြင်းနည်းလမ်းတွေထဲက အရေးအကြီးဆုံးတစ်ခုပေါ့။ နောက်ထပ်လည်းအများကြီးကျန်ပါသေးတယ်။ ဒါပေမဲ့ အချိန်အခါကိုငဲ့ရတော့ နောက်အပတ်မှပဲ ဒီအကြောင်းကိုဆက်ပြောကြတာပေါ့။

#သိလိုရာမေး#CivilResistance#PeoplePower#အမျိုးသမီးလှုပ်ရှားမှု#အိမ်တွင်းအကြမ်းဖက်မှု#FAQ#FreedomFighter

Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်