အကြမ်းမဖက်လှုပ်ရှားမှုဆိုတာ ဒီမိုကရေစီနိုင်ငံတွေမှာပဲ အလုပ်ဖြစ်တာလား

အကြမ်းမဖက်လှုပ်ရှားမှုဆိုတာ ဒီမိုကရေစီနိုင်ငံတွေမှာပဲ အလုပ်ဖြစ်တာလား

နှင်းရည်။  ။ အရင်အပတ်က အကြမ်းမဖက်သမားတွေက သူရဲဘောကြောင်ရွှေပြည်အေးသမားတွေမဟုတ်ကြောင်း ကျွန်မတို့ဆွေးနွေးခဲ့တယ်။ အဲဒီထဲမှာ ဂန္ဒီဟာလည်းအကြမ်းမဖက်လှုပ်ရှားမှုနဲ့ပဲ ဗြိတိသျှတွေကိုတော်လှန်ခဲ့တာဖြစ်ကြောင်း ထည့်ပြောခဲ့ကြတယ်။ အဲဒါနဲ့ပတ်သတ်ပြီးတော့ ကျွန်မတို့ကို တုံ့ပြန်မှတ်ချက်ပေးခဲ့တာတစ်ခုရှိပါတယ်။ အဲဒါကတော့ ဂန္ဒီက ဗြိတိသျှတွေမို့ အကြမ်းမဖက်တော်လှန်လို့ရတာပါ၊ ဒီလို ကြမ်းတမ်းရက်ဆက်တဲ့ စစ်အာဏာရှင်မျိုးဆိုရင်တော့ အကြမ်းမဖက်တော်လှန်လို့ ရမှာမဟုတ်ပါဘူးတဲ့။ ဒီအပတ်တော့ အဲဒီမှတ်ချက်ကိုလည်း ခြုံငုံမိအောင် “ အကြမ်းမဖက်လှုပ်ရှားဆိုတာ ဒီမိုကရေစီနိုင်ငံတွေမှာပဲ အလုပ်ဖြစ်တယ်” ဆိုတဲ့ ထင်မြင်ချက်ကို ဆွေးနွေးကြည့်ချင်ပါတယ်ရှင့်။ ပထမဆုံး ကိုငြိမ်းချမ်းအနေနဲ့ ဒီထင်မြင်ချက်နဲ့ပတ်သတ်ပြီး ဆွေးနွေးကြည့်ပေးပါဦးရှင့်။

ငြိမ်းချမ်း။  ။ ဒီထင်မြင်ချက်ကတော့ အကြမ်းမဖက်လှုပ်ရှားမှုနဲ့ပတ်သတ်ပြီး လူတွေဝိဝါဒအကွဲပြားဆုံး ထင်မြင်ချက်ဖြစ်ပါတယ်။ အခုအကြမ်းမဖက်လမ်းစဉ်ကိုလိုက်နေတဲ့သူတွေဟာလည်း အနည်းနဲ့အများတော့ ဒီထင်မြင်ချက်မျိုးကို အကြမ်းမဖက်အကြောင်းမလေ့လာခင်တုံးက ရှိခဲ့ကြဖူးမှာပါ။ ဒီထင်မြင်ချက် မှန်မမှန်မဆွေးနွေးခင်မှာ အကြမ်းမဖက်လူထုလှုပ်ရှားမှုရဲ့ သဘောသဘာဝကို အကျဉ်းချုပ်ပြောပြချင်ပါတယ်။ အကြမ်းမဖက်လူထုလှုပ်ရှားမှုဆိုတာ တရာမျှတမှုမရှိ၊လွတ်လပ်မှုမရှိတဲ့အခြေအနေတွေကိုတော်လှန်ရင်း တစ်ဖက်မှာလည်းတရားမျှတလွတ်လပ်မှုကိုတည်ဆောက်ဖို့ အောက်ခြေကနေစပြီး လူထုတစ်ရပ်လုံးကပြုပြင်ပြောင်းလဲကြတာ ဖြစ်ပါတယ်။ နောက်ပြီးဒီလှုပ်ရှားမှုဟာ ခုရေတွင်းတူး၊ခုရေကြည်သောက် ချင်လို့မရပါဘူး။ အချိန်ယူပြီး မဟာဗျူဟာတွေချမှတ်ပြီး နည်းစနစ်ကျကျလုပ်ဆောင်ကြရတာဖြစ်ပါတယ်။ ကဲ ဟုတ်ပြီ။ “ အကြမ်းမဖက်လှုပ်ရှားမှုဟာ ဒီမိုကရေစီနိုင်ငံတွေမှာပဲအလုပ်ဖြစ်တယ်” ဆိုတဲ့ထင်မြင်ချက်ကို တုံ့ပြန်မှတ်ချက်ပေးထားတဲ့ဂန္ဒီရဲ့အကြောင်းနဲ့ပဲ ဥပမာပေးပါရစေ။ လူအတော်များများက ဂန္ဒီတော်လှန်ခဲ့တဲ့ ဗြိတိသျှနယ်ချဲ့တွေကို ဒီမိုကရေစီကိုတန်ဖိုးထားတဲ့သူတွေလို့ ထင်ကြတယ်ဗျ။ တကယ်တော့ သူတပါးတိုင်းပြည်ကို ကျူးကျော်နယ်ချဲ့တယ်ဆိုကတည်းက သူတစ်ပါးရဲ့လွတ်လပ်မှု၊အချုပ်အခြာအာဏာကို မလေးစား၊ ဒီမိုကရေစီကိုတန်ဖိုးမထားလို့ဆိုတာ သိသာနေတာပါပဲ။ ဗြိတိသျှတွေဟာလည်း ဒီမိုကရေစီကိုမျက်ကွယ်ပြုပြီး အာဏာရှင်စနစ်နဲ့ သူတို့ကိုဆန့်ကျင်တဲ့သူမှန်သမျှကို ဖမ်းဆီးနှိပ်ဆက်မှုတွေ ကုန်ကုန်ပြောရရင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေပါ ကျူးလွန်ခဲ့ကြပါတယ်။ ဥပမာ အိန္ဒိယနိုင်ငံ ပန်ဂျက်ဘ်ပြည်နယ်မှာ ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့လူအုပ်ကြီးကို ဗြိတိသျှတွေက သေနတ်နဲ့ပစ်ခတ်ပြီး ဖြိုခွဲခဲ့ပါတယ်။ လူရာနဲ့ချီသေဆုံးခဲ့ပြီး ထောင်နဲ့ချီကာထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ ဒါတွေကို ထောက်ချင့်ကြည့်ရင် ဂန္ဒီအနေနဲ့ အကြမ်းမဖက်လမ်းစဉ်ကိုကိုင်ဆွဲခဲ့တာဟာ ဒီမိုကရေစီကိုလေးစားတဲ့ ဗြိတိသျှတွေနဲ့ရင်ဆိုင်ရလို့ဆိုတဲ့ ထင်မြင်ချက်ဟာ မမှန်ကန်ကြောင်း သိသာလှပါတယ်။

သီဟ။  ။ ဟုတ်ကဲ့၊ ကျွန်တော်ကိုယ်တိုင်လည်း အစက ဒီထင်မြင်ချက်ကို အမှန်တရားလို့ထင်ခဲ့တယ်။ အကြမ်းမဖက်လူထုလှုပ်ရှားမှုနဲ့ တော်လှန်ရေးအောင်မြင်ခဲ့တာတွေကိုတောင်မှ “ ဒီလိုလက်နက်ကိုင်မထားတဲ့သူတွေကိုတောင် မဖိနှိပ်နိုင်တာဟာ ဒီအစိုးရညံ့ဖျင်းလို့၊နုံလို့၊အလို့ပဲ” လို့ထင်မိတယ်။ နောက်မှ အကြောင်းကြောင်းကြောင့် အကြမ်းမဖက်လှုပ်ရှားမှုတွေအကြောင်းလေ့လာမိမှ ဒီအမြင်တွေ ပျောက်သွားခဲ့တယ်။ ခုနက အကြမ်းမဖက်လူထုလှုပ်ရှားမှုရဲ့သဘောသဘာဝကို ကိုငြိမ်းချမ်းလည်းပြောသွားတယ်ဆိုတော့ ကျွန်တော်ကနည်းနည်းထပ်ဖြည့်ပြောချင်ပါတယ်။ လူထုက အကြမ်းမဖက်လူထုလှုပ်ရှားမှုဆိုတာ ဆန္ဒပြတာ၊ သပိတ်မှောက်တာတွေလောက်ပဲလို့ ထင်ကြတာများပါတယ်။ တကယ်တော့ဗျာ အကြမ်းမဖက်လူထုလှုပ်ရှားမှုဆိုတာ အရမ်းကျယ်ပြန့်ပါတယ်။ အဲသလိုပဲ လူမျိုးဘာသာမရွေး၊ အသက်အရွယ်မရွေး၊ ကျားမမရွေး ဘယ်သူမဆို ပါဝင်လှုပ်ရှားလို့ရတဲ့နည်းလမ်းလည်းဖြစ်ပါတယ်။ နောက်ပြီးတော့ ကိုငြိမ်းချမ်းပြောသလို လွတ်လပ်မှုမရှိတရားမျှတမှုမရှိတဲ့အခြေအနေတွေကိုတော်လှန်ရင်း တစ်ဖက်မှာလည်း လွတ်လပ်မျှတဲ့အခြေအနေတွေကို ကိုယ်တိုင်ဖန်တီးကြရတာဖြစ်ပါတယ်။ ဥပမာဗျာ ကျောင်းသားတွေဆိုရင် စာတွေကိုအလွတ်ကျက်တဲ့စနစ်ကြီးကနေဖောက်ထွက်ပြီး တကယ်တတ်သိနားလည်အောင်လေ့လာကြမယ်ဆိုရင် ဒါဟာလည်း လူထုလှုပ်ရှားမှု(Civil Resistance)ပါပဲ။ အမျိုးသမီးတွေဆိုရင်လည်း သူတို့အပေါ်လိင်ခွဲခြားဆန့်ကျင်မှုတွေကို ဆန့်ကျင်ပြလိုက်တာဟာလည်း အကြမ်းမဖက်လူထုလှုပ်ရှားမှုပါပဲ။ ကုန်ကုန်ပြောရရင် အခုအာဏာရှင်လက်အောက်မှာ အခြေအနေအကြောင်းကြောင်းကြောင့် လုပ်ငန်းခွင်ဝင်နေရတဲ့ ဝန်ထမ်းတွေအနေနဲ့ ကိုယ်တိုင်ကအာဏာရှင်စနစ်ကိုမကျင့်သုံးဘဲ ကိုယ့်အောက်ကဝန်ထမ်းတွေ၊ အရပ်သားပြည်သူတွေကို ကိုယ့်ရဲ့မိဘမောင်ဘွား၊ညီရင်းနှမလို ချစ်ချစ်ခင်ခင်ဆက်ဆံကြမယ်ဆိုရင်လည်း ဒါဟာ အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့ အကြမ်းမဖက်တော်လှန်ရေးပါပဲ။ ဆိုတော့ ဒီလိုသာ လူထုကနေအောက်ခြေကစပြီး လွတ်လပ်မျှတတဲ့လူ့အသိုင်းအဝိုင်းကို တည်ဆောက်လိုက်ကြမယ်ဆိုရင် ဘယ်လောက်ရက်ဆက်တဲ့ အာဏာရှင်ဖြစ်ဖြစ် ရေရှည်ရပ်တည်နိုင်မှာမဟုတ်ပါဘူး။

နှင်းရည်။  ။ ဟုတ်ကဲ့၊ ကျွန်မကတော့ အခုကျွန်မတို့ရဲ့နွေးဦးတော်လှန်ရေးအနေနဲ့ ဘာကိုဆန့်ကျင်တော်လှန်နေသလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိဖို့လိုမယ်ထင်ပါတယ်။ ကျွန်မတို့တော်လှန်နေကြတာဟာ မင်းအောင်လှိုင်ကို မဟုတ်သလို၊ စစ်တပ်ကိုလည်း မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာကြာ နာတာရှည်ရောဂါတစ်ခုလိုစွဲကပ်လာခဲ့တဲ့ အာဏာရှင်စနစ်ဆိုးကြီးကို တော်လှန်နေကြတာဖြစ်ပါတယ်။ အဲဒီလို စနစ်ဆိုးကြီးကို အောက်ခြေကနေစပြီးပြုပြင်ပြောင်းလဲဖို့ဆိုရင် အကြမ်းမဖက်လူထုလှုပ်ရှားမှုနဲ့သာ ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ ဒီသဘောတရားကို ပြန်ပြီးတော့ ကျွန်မတို့ဆွေးနွေးတဲ့ ခေါင်းစဉ်နဲ့ပြန်ချိတ်ကြည့်ရရင် ဒုတိယကမ္ဘာစစ်ကနေစပြီး အခုထိဖြစ်ပွားခဲ့တဲ့ အကြမ်းမဖက်လှုပ်ရှားမှုအားလုံးရဲ့ ၂၅ရာခိုင်နှုန်းလောက်ပဲ ဒီမိုကရေစီနိုင်ငံတွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဲဒါကဘာကိုပြနေသလဲဆိုတော့ ဒီမိုကရေစီအားနည်းလေ အဲဒီစနစ်ကြီးကိုပြုပြင်ဖို့လိုအပ်လေ၊ အကြမ်းမဖက်လူထုလှုပ်ရှားမှုကြီးကိုအသုံးချသင့်လေ ဆိုတာကိုပါပဲ။ ကမ္ဘာထိပါ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ အိုမာအယ်ဘာရှားတို့လို အာဏာရှင်ကြီးတွေတောင်မှ ဆူဒန်ပြည်သူတွေရဲ့ အကြမ်းမဖက်လူထုလှုပ်ရှားမှုကြီးကြောင့် အာဏာကိုစွန့်လွှတ်ခဲ့ရဲ့တဲ့ ဥပမာမျိုးတွေ သမိုင်းမှာ ဒုနဲ့ဒေးပါပဲ။ အဲဒါကြောင့် အကြမ်းမဖက်လှုပ်ရှားမှု အလုပ်ဖြစ်၊မဖြစ်ဆိုတာ သူတို့ဖြစ်ပွားတဲ့တိုင်းပြည်ဒေသရဲ့ ဒီမိုကရေစီအားကောင်း၊မကောင်းဆိုတဲ့ အချက်နဲ့ သတ်ဆိုင်ခြင်းမရှိပါဘူး။ လှုပ်ရှားမှုရဲ့နည်းဗျူဟာကြွယ်ဝမှု၊ လူထုပါဝင်မှုအားကောင်းမှု၊ စည်းကမ်းသေဝပ်မှု စတဲ့အချက်တွေနဲ့ပဲ သက်ဆိုင်ပါတယ်။ 

Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်