လူထုလှုပ်ရှားမှုမှာ တော်လှန်ရေးခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍကဘာလဲ။

လူထုလှုပ်ရှားမှုမှာ တော်လှန်ရေးခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍကဘာလဲ။

ငြိမ်းချမ်း။ ။လွန်ခဲ့တဲ့ရက်ပိုင်းက အညာဒေသစစ်ကိုင်းတိုင်းထဲမှာ စစ်တပ်က လေးကြောင်းနဲ့တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့် ကလေးသူငယ်တွေအပါအဝင် ပြည်သူတွေရာနှင့်ချီပြီး ထိခိုက်သေဆုံးခဲ့တာ အာလုံးလည်းသိကြပြီးဖြစ်မှာပါ။ တကယ့်ကို လူမဆန်တဲ့၊ရက်ဆက်ယုတ်မာလွန်းတဲ့ လုပ်ရပ်ပါပဲ။ စစ်ကောင်စီကတော့ အာဏာတည်မြဲဖို့ကလွဲ ဘာကိုမှဂရုမစိုက်ဘူးဆိုတာကို ထပ်ပြီးအသိပေးတပ်လှန့်လိုက်တာပါပဲ။ တစ်ဖက်မှာလည်း တော်လှန်ရေးအင်အားစုတွေက ဒီလိုလေကြောင်းအန္တရာယ်များလွန်းတဲ့အချိန်မျိုးမှာ အခုလိုလူစုလူဝေးလုပ်ရပါ့မလားဆိုပြီး ထိပ်ပိုင်းခေါင်းဆောင်တွေကို ဝေဖန်နေကြပါတယ်။ ဆိုတော့ကာ တော်လှန်ရေးရဲ့ခေါင်းဆောင်ပိုင်းမှာနေကြတဲ့သူတွေရဲ့ ကျင့်ဝတ်တွေ၊တာဝန်တွေကဘာလဲ၊ဘယ်လိုလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ဆိုတော့ ဒီအပတ်တော့ ကျွန်တော်တို့အနေနဲ့ အဲဒီအကြောင်းအရာနဲ့ဆက်စပ်နေတဲ့ “ လူထုလှုပ်ရှားမှုမှာ တော်လှန်ရေးခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍကဘာလဲ” ဆိုတဲ့ မေးခွန်းကို ဆွေးနွေးကြည့်ရအောင်လားဗျာ။

နှင်းရည်။ ။အကြမ်းမဖက်တော်လှန်ရေးဖြစ်ဖြစ်၊ လက်နက်ကိုင်တော်လှန်ရေးဖြစ်ဖြစ် ဘယ်တော်လှန်ရေးမှာမဆို ဦးဆောင်သူခေါင်းဆောင်ဆိုတာကတော့လိုအပ်ပါတယ်။ တွဲတိုင်းမှာစက်ခေါင်းပါတယ်ဆိုပြီး တော်လှန်ရေးကိုပေါ့ပေါ့တွေးလို့မရပါဘူး။ စက်ခေါင်းတော့ပါပါရဲ့၊ ဦးတည်ချက်မရှိ၊နည်းလမ်းမရှိ၊စုစည်းညီညွတ်မှုမရှိဘဲ ကိုယ်ထင်ရာကိုရှောက်မောင်းနေမယ်ဆိုရင် ပန်းတိုင်ကိုရောက်မှာမဟုတ်ပါဘူး။ ခေတ်အဆက်ဆက်မှာ ပေါ်ပေါက်ခဲ့တဲ့အောင်မြင်တဲ့တော်လှန်ရေးတွေမှာလည်း အရည်အချင်းရှိတဲ့ခေါင်းဆောင်တွေ ဦးဆောင်ခဲ့ကြတာပဲ။ ဒီတော့ တော်လှန်ရေးတစ်ရပ်အောင်မြင်ဖို့ ခေါင်ဆောင်ပိုင်းပုဂ္ဂိုလ်တွေမှာ ဘယ်လိုအရည်အချင်းတွေရှိသင့်သလဲဆိုတာကို အနည်းငယ်ဆွေးနွေးကြည့်ချင်ပါတယ်။

၁။အနာဂတ်မျှော်မှန်းချက်နှင့်မဟာဗျူဟာချမှတ်နိုင်စွမ်း
ခေါင်းဆောင်တွေအနေနဲ့ တိကျပြတ်သားတဲ့အနာဂတ်မျှော်မှန်းချက်တွေရှိသင့်ပါတယ်။ တော်လှန်ရေးကိုဘာအတွက်လုပ်နေတာလဲ အာဏာရှင်ပြုတ်ကျရုံပဲလား၊ ဖက်ဒရယ်ဒီမိုကရေစီရအောင်လား စသဖြင့်ပေါ့လေ ရည်မှန်းချက်ခိုင်ခိုင်မာမာရှိရပါမယ်။ အဲလိုမျှော်မှန်းချက်တိတိကျကျရှိပြီဆိုရင် အဲဒါကိုထိထိရောက်ရောက်အကောင်အထည်ဖော်နိုင်တဲ့ မဟာဗျူဟာတွေချမှတ်နိုင်ရမှပါမယ်။ အာဏာရှင်လုပ်သမျှ ဆန့်ကျင်ဘက်လိုက်လုပ်ဆိုတဲ့နည်းလောက်နဲ့ကတော့ လူထုလိုချင်နေတဲ့ပန်းတိုင်ကို ရောက်နိုင်မှာမဟုတ်ပါဘူး။

၂။စုစည်းနိုင်စွမ်း
တော်လှန်ရေးခေါင်းဆောင်ဆိုတာ ကိုယ့်ကိုထောက်ခံနေသူတွေ၊ ကိုယ်နဲ့ရည်မှန်းချက်တူတဲ့တွေ၊ မဟာမိတ်အဖွဲ့တွေကို စုစည်းပြီးစည်းလုံးညီညွတ်မှုတည်ဆောက်နိုင်ရပါမယ်။ အဲလိုစုစည်းတဲ့နေရာမှာလည်း သူတို့ဆီကို ဘယ်လိုသတင်းစကားပို့မယ်၊ ဘယ်လိုစိတ်ခွန်အားပေးမယ် အစရှိတာတွေကို စနစ်တကျလုပ်ဆောင်တတ်ရပါမယ်။

၃။အစီအစဉ်ချမှတ်နိုင်စွမ်း
ခေါင်းဆောင်တွေအနေနဲ့ တစ်ဖက်အဖွဲ့အစည်းကိုဆန့်ကျင်ရမှာလည်း ထိရောက်အောင်၊ တက်ကြွလှုပ်ရှားသူတွေကိုလည်း အန္တရာယ်ကင်းအောင် ဘယ်အချိန်မှာ ဘယ်လိုလှုပ်ရှားမှုကမ်ပိန်းလုပ်မယ်၊ ဘယ်နည်းလမ်းကိုအသုံးချမယ် စသဖြင့်ဆုံးဖြတ်စီစဉ်တတ်ရပါမယ်။

၄။စည်းကမ်းများချမှတ်နိုင်စွမ်း
အကွပ်မဲ့သောကြမ်းဗရမ်းဗတာဆိုသလို ဘယ်လိုတော်လှန်ရေးမျိုးမှာမဆို လိုက်နာသင့်လိုက်နာအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေရှိရပါမယ်။ အဲဒီစည်းကမ်းတွေကိုလည်း တော်လှန်ရေးမှာဦးဆောင်နေတဲ့သူတွေက တောလှန်သူပြည်သူလူထုတွေ လိုက်နာကျင့်သုံးမှုရှိအောင် ချမှတ်နိုင်ရပါမယ်။

၅။နိုင်ငံတကာထောက်ခံမှုကို ရယူနိုင်စွမ်း
တော်လှန်ရေးတစ်ရပ်ဆင်နွှဲရာမှာ ပြည်ပအထောက်အပံ့တွေကလည်း အတိုင်းအတာတစ်ခုထိလိုအပ်ပါတယ်။ အဲဒီအတွက်လည်း ခေါင်းဆောင်တွေအနေနဲ့ တော်လှန်ရေးကို ပြည်ပနိုင်ငံတွေထောက်ခံလာအောင်၊ အားပေးကူညီလာအောင်၊ အာဏာရှင်နဲ့မပတ်သတ်တော့အောင် ကြိုးစားလုပ်ဆောင်နိုင်စွမ်းရှိရပါမယ်။

၆။ကြံ့ကြံ့ခံနိုင်စွမ်း
အာဏာရှင်တွေကိုဆန့်ကျင်တော်လှန်လိုက်တာနဲ့ သူတို့ရဲ့ဖိနှိပ်ရက်ဆက်မှုတွေကို အနည်းအများကြုံရခံစားရမှာပါပဲ။ အဲလိုကြုံလာတဲ့အခါတိုင်း ခေါင်းဆောင်တွေအနေနဲ့ လူထုရဲ့ရှေ့ကမားမားမတ်မတ်ရပ်တည်ပြီး တာဝန်ယူမှု၊တာဝန်ခံမှုအပြည့်နဲ့ ဖိနှိပ်မှုတွေကိုကြံ့ကြံ့ခံနိုင်စွမ်းရှိရပါမယ်။

ဒါတွေကတော့ တော်လှန်ရေးခေါင်းဆောင်တွေမှာရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေထဲက တချို့အချက်တွေပဲဖြစ်ပါတယ်။ ခေါင်းဆောင်တွေအနေနဲ့ ဒီအချက်တွေနဲ့ပြည့်စုံအောင်ကြိုးစားပြီး လူထုနဲ့တစ်သားတည်း တော်လှန်ကြမှသာ ပြည်သူတွေလိုလားတောင့်တနေတဲ့ ပန်းတိုင်ကိုရောက်ရှိမှာဖြစ်ပါတယ်။

သီဟ။ ။နှင်းရည်ပြောသွားတာ တော်တော်လေးပြည့်စုံပါတယ်။ ကျွန်တော်တို့ရဲ့နွေးဦးတော်လှန်ရေးမှာလည်း အဲဒီလိုအရည်အချင်းတွေနဲ့ပြည့်စုံတဲ့ တာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိတဲ့ တော်လှန်ရေးခေါင်းဆောင်တွေ များများပေါ်ပေါက်ဖို့လိုပါတယ်။ အဲလိုမဟုတ်ရင်တော့ ကျွန်တော်တို့ရဲ့တော်လှန်ရေးဟာ အောင်မြင်မှုမရဘဲ လူတွေသေတာပဲအဖက်တင်မယ့် ဗရမ်းဗတာတော်လှန်ရေးကြီးပဲဖြစ်နေပါလိမ့်မယ်။ ပြည်သူတွေရော၊ တော်လှန်ရေးအင်အားစုတွေရော၊ ခေါင်းဆောင်တွေရော ကိုယ့်တာဝန်ကိုယ်ကျေပါမှ ကျွန်တော်သွားနေတဲ့ခရီးက ချောချောမွေ့မွေ့နဲ့ လိုရာရောက်မှာပါ။ ဆိုတော့ တော်လှန်ရေးမှာခေါင်းဆောင်နေတဲ့သူတွေအနေနဲ့လည်း ကိုယ့်မှာခေါင်းဆောင်နိုင်တဲ့အရည်အချင်းရှိရဲ့လား၊ တာဝန်တွေရောကျေပြီလားဆိုတာကို ကိုယ့်ကိုယ်ကိုပြန်သုံးသပ်ဆင်ခြင်သင့်နေပြီဖြစ်ပါတယ်။

#သိလိုရာမေး#အကြမ်းမဖက်လူထုလှုပ်ရှားမှု#အကြမ်းမဖက်လမ်းစဉ်
သိလိုရာမေးကဏ္ဍမှ အခြားသော မေးခွန်းနှင့် ဆွေးနွေးချက်များကို ပိုမိုဖတ်ရှုလေ့လာလိုပါက အောက်ပါ လင့်ခ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://freedomfightermm.org/q_and_a/

Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်