ပဇီကြီးဖြစ်ရပ်မှ ဆင်ခြင်မိသမျှ

ပဇီကြီးကျေးရွာမှာ တွေ့ကြုံရတဲ့ သေကြေပျက်စီးမှု အနိဌာရုံတွေက အွန်လိုင်းပေါ်က ကြည့်ရှုသူပင် တုန်လှုပ်ခြောက်ခြားဖို့ ကောင်းပါတယ်။ မြေပြင်မှာတွေ့ကြုံခံစားရသူတွေအတွက် ဒီဖြစ်ရပ်ဆိုးက နှစ်ပေါင်းများစွာတိုင်အောင် ခြောက်လန့်နှိပ်စက်နေမှာဖြစ်ပါတယ်။ ပြန်ပြီးဆန်းစစ်ကြည့်ရင်တော့ ဒါမျိုး အဖြစ်ဆိုးတွေက ပဇီကြီးကျေးရွာမှာမှ မဟုတ်ဘဲ မြန်မာပြည်အနှံမှာရှိနေတဲ့ ပြည်သူတွေအနေနဲ့ မလုံခြုံမှုကို နေ့စဉ်နဲ့အမျှ ထိခိုက်ခံစားနေရတာဖြစ်ပါတယ်။ ဒီလိုမျိုး  အရပ်သားထိခိုက်မှုတွေ၊ ကလေးသူငယ်ထိခိုက်မှုတွေ ဆက်လက်မဖြစ်ရအောင်  ပါဝင်ပက်သက်သူအသီးသီးက နည်းလမ်းရှာဖွေလုပ်ဆောင်ရမှာဖြစ်ပါတယ်။
ဒီလိုမျိုးပါဝင်ပက်သက်သူတွေထဲမှာမှ လက်ရှိနွေဦးတော်လှန်ရေးကို ဦးဆောင်တဲ့အခန်းကဏ္ဍမှာ တာဝန်ယူထားတဲ့ NUG အနေနဲ့ ဘယ်လိုမျိုးဆက်လက်လုပ်ဆောင်သွားမလဲဆိုတာ ဂရုပြုလေ့လာရမှာဖြစ်ပါတယ်။ လတ်တလောမှာတော့ ပြည်သူတွေအနေနဲ့ NUG ရဲ့ ပဇီကြီးဖြစ်ရပ်နောက်ဆက်တွဲ ကိုင်တွယ်မှုတွေအပေါ် အားမလိုအားမရဖြစ်မှုတွေရှိပါတယ်။ ဒီလိုမျိုး ရင်ထဲမှာ တခုခုလိုအပ်နေသလို ခံစားရပေမယ့် ဒါကို အလုံးအထည်လိုက် ထုတ်ပြောတာ၊ ခွဲခြမ်းစိတ်ဖြာမှုတွေလုပ်တာတွေ နည်းသေးတယ်လို့ မြင်ရပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာတော့ ပဇီကြီးရွာဖြစ်ရပ်နောက်ပိုင်း NUG ရဲ့ ဆောင်ရွက်မှုတွေကို ဆန်းစစ်သုံးသပ်ပြီး ရှေ့ဆက် အရပ်သားထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆင်ခြင်သင့်သည်များကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ပဇီကြီးရွာဖြစ်စဉ်ကို NUG ဘယ်လိုကိုင်တွယ်ခဲ့သလဲ

ပဇီကြီးရွာပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီအနေနဲ့  NUG ရုံးဖွင့်ပွဲမှာ PDF တွေကို ဦးတည်တိုက်ခိုက်တယ်ဆိုပြီး ဝါဒဖြန့်ချိရေးကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်ပါတယ်။ ဒါကို တုံ့ပြန်ဖို့ NUG လော်ဘီများအနေဖြင့် ရုံးဖွင့်ပွဲမဟုတ်ကြောင်း၊ ပအဖ ပလဖမဟုတ်ကြောင်း အမျိုးမျိုး ငြင်းဆန်ကြပါတယ်။ ဒါကို မီဒီယာတွေကလည်း ပါဝင်အားဖြည့်ပေးကြပါတယ်။

ဥပမာပြရရင် RFA ရဲ့ ဧပြီလ ၁၁ ရက်နေ့သတင်းမှာ “ကန့်ဘလူမြို့နယ် NLD တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ်ကတော့ ဒီနေ့မနက် ၇ နာရီကျော်က ဒေသခံ ၈၀၀ ကျော် ရပ်ရွာ သာရေး၊ နာရေးကိစ္စတွေကို ဘယ်လို စုပေါင်းဆောင်ရွက်ကြမလဲဆိုတာ ဆွေးနွေးစဉ် စစ်တပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးနှစ်လုံး ဆက်တိုက် ကြဲချခဲ့သလို Mi-35 စစ်ရဟတ်ယာဉ် တစ်စီးကနေ စက်သေနတ်နဲ့ အချက်ပေါင်း ၂၀၀ ကျော် လူစုလူဝေးပေါ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။”  ဆက်လက်ပြီး RFA ရဲ့ ဧပြီလ ၁၅ ရက် စကားဝိုင်းတခုမှာတော့ “ကျေးရွာလူထုစုဝေးပွဲ” ဟုသုံးနှုန်းပါတယ်။

တခြားသောမီဒီယာကြီးတွေဖြစ်တဲ့ ဧရာဝတီနဲ့ BBC မှာတော့ ပြည်သူ့အုပ်ချုပ်ရေးရုံးခန်းသစ်ဖွင့်ပွဲလို့ ပြောဆိုထားပါတယ်။ မီဒီယာတွေအနေနဲ့ ဒီလိုမျိုး ပြည်သူ့အုပ်ချုပ်ရေးရုံးခန်းက NUG နဲ့သက်ဆိုင်တာမျိုး ထုတ်ဖော်ရေးသားထားတာမျိုး မတွေ့ရပါဘူး။ ခြွင်းချက်အနေနဲ့ Myanmar Now ရဲ့ ဧပြီ ၁၁ Website ပေါ်မှာတင်တဲ့ သတင်းဆောင်းပါးမှာပဲ “အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပလဖရုံးနေရာ” ဆိုတာမျိုးထုတ်ဖော်ရေးသားထားမျိုး တွေ့ရပါတယ်။

မီဒီယာတွေအနေနဲ့ ဒီလိုမျိုးပုံစံအမျိုးမျိုး ကွဲပြားစွာရေးသားရခြင်းက NUG တာဝန်ရှိသူများရဲ့ သတင်းထုတ်ပြန်မှုနဲ့ သက်ဆိုင်နေပါတယ်။

ဧပြီလ ၁၄ ရက်နေ့ ဧရာဝတီရဲ့သတင်းအင်တာဗျူးမှာ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က “ပဇီကြီးရွာ ဒေသခံများမှာ စစ်အုပ်ချုပ်ရေးကို လက်မခံဘဲ ကိုယ့်ရွာကိုယ်အုပ်ချုပ်ပြီး ကိုယ့်လုံခြုံရေးကို တာဝန်ယူထားကြကြောင်း ၊ ပဇီကြီးကျေးရွာဖြစ်စဉ်မှာ ရွာထဲတွင် ခေတ်အဆက် ဆက်ရှိခဲ့သည့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို မြေကွက် လပ်ရှိသည့် ရွာအစွန်၌ ရွှေ့ဆောက်လုပ်ပြီး အညာဓလေ့၊ ရွာဓလေ့အတိုင်း ရွာနီးချုပ်စပ်ကို ဖိတ်၍ ဧည့်ခံကျွေးမွေးခဲ့ခြင်းဖြစ်ကြောင်း” ပြောကြားခဲ့ပါတယ်။

ဧပြီလ ၁၆ ရက်နေ့ NUG ရဲ့သတင်းစာရှင်းလင်းပွဲမှာ “ပဇီကြီးကျေးရွာသည် ၂၀၂၁ ခုနှစ် စကစ အာဏာသိမ်းချိန်မှစ၍ စကစ၏ အုပ်ချုပ်ရေးယန္တရား မရှိတော့ပါ။ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ချိတ်ဆက်လျက် ပြည်သူ့အုပ်ချုပ်ရေးပုံစံဖြင့် ရပ်ရွာကိစ္စအဝဝကို ရပ်ရွာပြည်သူလူထုကိုယ်တိုင် စီမံဆောင်ရွက်လုပ်ကိုင်နေသည့် ရွာတစ်ရွာဖြစ်ပါသည်။”ဟု‌ ထုတ်ပြန်ခဲ့ပါတယ်။ 

ဒီသတင်းစာရှင်းလင်းပွဲမှာပဲ NUG အစိုးရ ၊ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “ပြည်သူက ပြည်သူကိုအုပ်ချုပ်ဖို့ ပြည်သူ့အုပ်ချုပ်ရေးယန္တယား ဖော်ဆောင်ဖို့ ကြိုးစားနေတယ်။ အဲလိုပဲ ပြည်သူက ပြည်သူကို လုံခြုံရေးယူထားရတဲ့ အနေအထားပါ။ ပြည်သူက ပြည်သူကိုကာကွယ်ဖို့ ကျွန်တော်တို့ NUG နဲ့အတူ ပေါင်းစပ်ပြီးတော့ ကာကွယ်နေရတဲ့အနေအထားပါ။ အဲဒီအတွက်ကြောင့်မို့ ပြည်သူက အများစုပါ။ အဲဒီနေရာမှာ ကျွန်တော်တို့ ပြည်သူ့လုံခြုံရေး၊ ပြည်သူ့အုပ်ချုပ်ရေးသ​ဖြင့် တာဝန်ယူထားရတဲ့သူ ၁၅ ဦးခန့်ပါဝင်ပါတယ်” ဆိုပါတယ်။

ဒီဖြေကြားချက်တွေကို ကောက်နုက်ဆင်ခြင်ရလျှင် NUG အနေနဲ့ ပဇီကြီးရွာကို တိုက်ရိုက်စိုးမိုးခြင်း၊ တာဝန်ယူ/တာဝန်ခံခြင်းမရှိဘဲ ပြည်သူများကသာ ကိုယ်ထူကိုယ်ထ ပြည်သူ့အုပ်ချုပ်ရေး (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ရေးအသွင်  လုပ်ဆောင်နေခြင်းဖြစ်ပြီး NUG နဲ့ချိတ်ဆက်သည့် အနေအထားသာရှိကြောင်း သတင်းထုတ်ပြန်သွားတာဖြစ်ပါတယ်။

ဒါကမြေပြင်အခြေအနေကို မသိတဲ့အတွက် တပ်အပ်မပြောနိုင်ပေမယ့် ပြီးခဲ့တဲ့ကာလတစ်လျှောက် ကျောင်းဖွင့်ပွဲ၊ ကျောင်းကပွဲ၊ ရုံးဖွင့်ပွဲစသဖြင့် လုပ်ဆောင်ချက်တိုင်းမှာ NUG အနေနဲ့လုပ်ဆောင်တာလို့ နာမည်ယူ ဝေဝေဆာဆာဖော်ပြခဲ့ပြီး နိုင်ငံတကာ အသိအမှတ်ပြုမှုရအောင် အစဉ်အဆက်ကြိုးစားနေခဲ့တာဖြစ်ပါတယ်။  အခုပြည်သူအများ ထိခိုက်သေကြေမှုဖြစ်တဲ့အချိန်မှာ ပြည်သူကသာ ပြည်သူတွေကို အုပ်ချုပ်တာပါလို့ ပြာပြာသလဲပြောဆိုနေခြင်းက တော်လှန်ရေးခေါင်းဆောင်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုကို မေးခွန်းကြီးကြီး ပြန်ထုတ်ရမယ့်အနေအထားပါ။

NUG အနေနဲ့ အခုတစ်ခေါက်ဖြစ်စဉ်ကို ပြန်လည်သုံးသပ်ဆင်ခြင်တာ ၊ သင်ခန်းစာယူတာမျိုးမတွေ့ရဘဲ အခင်းဖြစ်ပွားရာကို NUG ဝန်ကြီးဌာနများအနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ကောင်းမွန်စွာလုပ်ဆောင်နေတယ်ဆိုတဲ့ အင်တာဗျူးဖြေဆိုမှုတွေကို တွေ့မြင်နိုင်ပါတယ်။

ဆက်လက်ပြီး သတင်းစာရှင်းလင်းပွဲမှာပဲ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က PDF များ စိုးမိုးသည့် နေရာတွင် ယခုကဲ့သို့ နိမ့်နိမ့်ပျံသန်းခြင်းမျိုး မလုပ်ရဲဘဲ အမြင့်မှသာ ပျံသန်းခြင်းတို့ လုပ်ဆောင်ကြောင်း ရှင်းပြပါတယ်။ ဒီလိုပြောရခြင်းက ပြီးခဲ့တဲ့ Panel Discussion တခုမှာ ကာကွယ်ရေးအတွင်းဝန်ရဲ့ရှင်းပြမှုကို အခြေခံကြောင်း ထည့်ပြောသွားပါတယ်။ ဒီနေရာမှာ စဉ်းစားရတာကတော့ ပဇီကြီးဖြစ်စဉ်အတွက် အခြေအနေကို အဲလိုမျိုး ယေဘုယျအယူအဆတခုကို အခြေခံပြောရလောက်အောင် မြေပြင်အခြေအနေသတင်းအချက်အလက်တွေကို NUG တာဝန်ရှိသူများအချင်းချင်း ဖလှယ်ဆွေးနွေးထားရဲ့လားလို့ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

နိုင်ငံတကာကို ရှေ့တန်းတင်

ပဇီကြီးရွာဖြစ်စဉ်အပြီးမှာ NUG တာဝန်ရှိသူများအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်း၊ UN နဲ့အနောက်နိုင်ငံတွေကို တိုင်တည်ပြီး ပြောကြပါတယ်။ တစ်ဖက်ကလည်း မျှော်ကိုးတောင်းဆိုသလို တစ်ဖက်ကလည်း စာရွက်တွေမှာလမ်းဆုံးလို့ အပြစ်တင်ဝေဖန်ကြပါတယ်။ (ဒီနေရာမှာ ဆက်စပ်ဆင်ခြင်မိတာကတော့ NUG အနေနဲ့ ကိုယ်တိုင်က ဘယ်လိုမျိုးပြဿနာမျိုးဖြစ်ဖြစ် အဖြေရှာဖို့ထက် စစ်ကောင်စီကို ပြစ်တင်ရှုတ်ချဖို့ကိုပဲ အဓိကအာရုံထားလေ့ရှိပေမယ့် တစ်ဖက်က နိုင်ငံတကာကိုတော့ ပြစ်တင်ရှုတ်ချတာနဲ့ လမ်းဆုံးနေတာကို ပြန်ပြီးရှုတ်ချနေတာက စဉ်းစားဖို့ကောင်းတဲ့အချက်ပါပဲ) အထင်ကရခေါင်းဆောင်ဖြစ်တဲ့ ၈၈ ကျောင်းသားမျိုးဆက် ဦးမင်းကိုနိုင်ဆိုရင် Global Campaign လုပ်ပြီး ပြည်သူတွေအနေနဲ့ နည်းလမ်းအမျိုးမျိုးကနေ တောင်းဆိုကြဖို့ ၊ ဓာတ်ပုံတွေ သက်သေအထောက်အထားတွေကို ပေးပို့ဖို့ လှုံ့ဆော်တိုက်တွန်းတာကို တွေ့ရမှာပါ။

ဒီနေရာမှာ နိုင်ငံတကာရဲ့ အကူအညီထောက်ပံ့ရနိုင်ခြေ အကန့်အသတ်ကို တိတိကျကျ သတ်မှတ်ထုတ်ဖော်ပြောဆိုတာမျိုးမရှိဘဲ မကြာခင်ပဲ စစ်ရေးအကူအညီ၊ လေကြောင်းပစ်ခွင်းလက်နက်တွေ ရတော့မလို့ စကားလုံးအကြီးတွေနဲ့ ပြည်သူတွေစိတ်ဓာတ်ကြွအောင်လုပ် ၊ နောက်ထင်သလိုမရတဲ့အခါ နိုင်ငံတကာကို အပြစ်တင်နေတာက ပြီးခဲ့တဲ့နှစ်နှစ်ကျော်တစ်လျှောက် လမ်းလွဲနေတဲ့အမှားကို ဒီတခါမှာလည်း ထပ်မံ့လုပ်ဆောင်နေခြင်းသာဖြစ်ပါတယ်။

သေချာတာတခုက နိုင်ငံတကာအနေနဲ့ မြန်မာပဋိပက္ခဖြေရှင်းရာမှာ လူသားချင်းစာနာထောက်ထားမှုနဲ့ တခြားသော အထောက်အပံ့တချို့သာ ပေးနိုင်မှာဖြစ်ပြီး စစ်ရေးအကူအညီပေးနိုင်စရာ အခြေအနေမရှိကြောင်း လေ့လာသုံးသပ်သူတွေက အကြိမ်ကြိမ် ပြောကြားထားပြီးဖြစ်ပါတယ်။ နောက်ပြီးအနောက်ကမ္ဘာကနေ အခုလိုမျိုး ကလေးသူငယ်နဲ့ အရပ်သားပြည်သူတွေ ထိခိုက်သေကြေတဲ့အခါ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဝင်ရောက်ဖြေရှင်းပေးမယ်လို့ မျှော်လင့်နေတာကလည်း ကမ္ဘာ့အခင်းအကျင်းကို မလေ့လာထားရာ ရောက်ပါတယ်။ ဘယ်လောက်ပဲ လူ့အခွင့်အရေးပဲပြောပြော သက်ဆိုင်ရာအင်အားကြီးနိုင်ငံက ပြည်သူမဟုတ်ဘူးဆိုရင် အနောက်ကမ္ဘာနိုင်ငံရေးသမားတွေအနေနဲ့ တကယ်တမ်းအလေးထားလေ့မရှိဘဲ စာရွက်ပေါ်က ရှုပ်ချပြစ်တင်ကြောင်းသာ လုပ်နိုင်ကြောင်းကို ပြီးခဲ့တဲ့ ရိုဟင်ဂျာအရေးလူမျိုးတုန်းသတ်ဖြတ်မှုတွေမှာ အထင်းသားတွေ့မြင်ရပြီးဖြစ်ပါတယ်။ ပြောရရင် အမေရိကန်နဲ့ နေတိုးအဖွဲ့အစည်းတွေအနေနဲ့ ဗီယက်နမ်၊ အာဖကန်နစ္စတန်၊ အီရတ်၊ ဆီးရီးယားနိုင်ငံတွေမှာ သူတို့ရည်ရွယ်တဲ့ စစ်ရေးပစ်မှတ်ကို လုပ်ကြံနိုင်ဖို့အတွက် အရပ်သားထိခိုက်မှုတွေ၊ ကလေးသူငယ်မကျန် လုပ်ကြံမှုတွေကို ဒုနဲ့ဒေးလုပ်ခဲ့ကြပြီး ဒါတွေကို အခုချိန်ထိလည်း ကင်းလွတ်ခွင့်ရဆဲသာဖြစ်ပါတယ်။

ဒီလိုပြောလို့ နိုင်ငံတကာနဲ့ အနောက်နိုင်ငံတွေနဲ့ ပူးပေါင်းမှုမလုပ်ရဘူးလို့ ပြောချင်တာမဟုတ်ပါဘူး။ တော်လှန်ရေးသတင်းစကားနဲ့ အနာဂတ်မျှော်လင့်ချက်ကို စစ်မှန်ရိုးသားမှုအခြေခံပြီး တပါးတည်း ပြသစည်းရုံးသွားရမှာဖြစ်ပါတယ်။ အခုပဇီကြီးကျေးရွာကိစ္စမှာ NUG အနေနဲ့ နိုင်ငံတကာအကူအညီလိုချင်လို့ သတင်းစကားကို အမျိုးမျိုးပြောင်းလွှဲပေးခြင်းရဲ့ နောက်ဆက်တွဲက နိုင်ငံတကာမီဒီယာတွေအနေနဲ့ စစ်ကောင်စီရဲ့ ဇာတ်လမ်းကို ပိုမိုယုံကြည်ရှေ့တန်းတင်ပေးနေတာဆိုတာကို အလွတ်တန်းသတင်းထောက် ကိုမရတ်ကျော်သူရေးထားတဲ့ ဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။

အရပ်သားထိခိုက်မှုကို အမှန်တကယ်တားဆီးဖို့ စိတ်ဆန္ဒရှိသလား

စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ အကြမ်းမဖက်ဆန္ဒပြပွဲမှာတွေမှာတောင် ပစ်ခတ်သတ်ဖြတ်မှုတွေလုပ်တာကို ထောက်ရှုခြင်းဖြင့် အရပ်သားထိခိုက်မှုကို အလေးမထားတာ ရှင်းလင်းပါတယ်။ ဒါက စစ်အာဏာရှင်ရဲ့ အသွင်သဏ္ဍာန်ဖြစ်ပြီးတော့ တပ်တွင်းထောက်ခံမှုနဲ့ အမိန့်နာခံမှုရှိသ၍ ပြည်သူတွေကို ဆက်လက်လုပ်ကြံသတ်ဖြတ်နေဦးမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း NUG အနေနဲ့ အရပ်သားပစ်မှတ်တွေထိခိုက်တဲ့အတွက် စစ်ကောင်စီကို ရှုတ်ချပြစ်တင်ပေမယ့် တကယ်တမ်း အရပ်သားထိခိုက်မှုအားလုံးကို ငြင်းဆန်တားဆီးဖို့ စိတ်ဆန္ဒရှိနေသလားဆိုတာ မသေချာပါဘူး။ ဘာကြောင့်ပြောရသလဲဆိုရင် အရပ်သားလို့ သတ်မှတ်နိုင်တဲ့ Non-CDM တွေ ၊ အုပ်ချုပ်ရေးမှူးတွေ၊ ရုံးစာရေး၊ မီတာစာရေးတွေ၊ အငြိမ်းစားအရာရှိတွေ၊ သာသနာဝန်ထမ်းတွေ၊ အခြားသောဒလံစွပ်စွဲသတ်ဖြတ်မှုတွေမှာ NUG အနေနဲ့ မူဝါဒအရ စာရွက်ပေါ်မှာသာ ငြင်းဆန်ပေမယ့် ဒီလိုမျိုးဖြစ်ရပ်တွေကို တားဆီးဖို့ ၊ ပြစ်တင်ရှုတ်ချဖို့ အားစိုက်ထုတ်မှု လုံလုံလောက်လောက် မလုပ်ခဲ့ပါဘူး။ ဒီလိုဖြစ်ရပ်တွေကို မီဒီယာတွေကိုယ်တိုင် ဝိုင်းဝန်းဖုံးဖိပေးတာကြောင့် အရပ်သားထိခိုက်မှုအဖြစ် ဂရုစိုက်ခံရလေ့မရှိပေမယ့် တချိန်မှာတော့ ကျူးလွန်သူအပေါင်းက တာဝန်ခံရမှာသာဖြစ်ပါတယ်။ ဒါတွေကို တာဝန်ယူဖို့ ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနနဲ့ တရားရေးဝန်ကြီးဌာနတွေဆိုရင်လည်း စစ်ကောင်စီဘက်က ကျူးလွန်မှုတွေကိုသာ နိုင်ငံတကာပေးပို့တိုင်ကြားဖို့သာ အာရုံစိုက်နေပြီး တော်လှန်ရေးအင်အားစုတွေဘက်ကဖြစ်တဲ့ အရပ်သားထိခိုက်မှုတွေကို လက်ရှောင်လေ့ရှိပါတယ်။ လောလောလတ်လတ် ဥပမာတခုပေးရမယ်ဆိုရင် စစ်ကိုင်းတိုင်း ကြွယ်ပုံရွာ အလယ်တန်းကျောင်းရှိ ကျေးရွာရေကစားမဏ္ဍပ်ကို ဧပြီလ၁၃ရက်က ဒရုန်းနဲ့ဗုံးကြဲမှုကြောင့် လူရှစ်ဦးသေဆုံးခဲ့တယ်လို့ RFA သတင်းမှာဖော်ပြထားပါတယ်။ ဒီလိုမျိုး ဗုံးကြဲတိုက်ခိုက်မှုကိုလည်း ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လုပ်ဆောင်ခဲ့ကြောင်း ဝန်ခံထားပါတယ်။ RFA အနေနဲ့ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူအများစုဟာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ရေးပေမယ့် ဒါကို အတည်ပြုနိုင်ခြင်းမရှိပါဘူး။ မည်သို့ပင်ဖြစ်စေ ကျေးရွာရေကစားမဏ္ဍပ်ကို ဗုံးကြဲခြင်းက ပဇီကုန်းရွာသတ်ဖြတ်မှုကဲ့သို့ အရပ်သားပစ်မှတ်ထိခိုက်မှုတွေရှိတာဖြစ်တဲ့အတွက် ရှုတ်ချကန့်ကွက်ရမှာ တရားမျှတမှုရှာဖွေရမှာဖြစ်ပါတယ်။

ဒါကြောင့် အရပ်သားထိခိုက်မှုတွေကို နိုင်ငံရေးလက်နက်အဖြစ်အသုံးချခြင်း၊ သူ့ဘက်ကိုယ့်ဘက်ခွဲခြားလုပ်ဆောင်ခြင်းများကို ရပ်တန့်ပြီး ပြည်သူအားလုံးအတွက် လုံခြုံတဲ့ အနာဂတ်အသစ်ကို ဖန်တီးတည်ဆောက်ရေးနဲ့ တရားမျှတမှုရှာဖွေဖော်ဆောင်ရေးကို ရှေးရှုဖို့ ပဇီကြီးဖြစ်စဉ်က ခေါင်းလောင်းထိုးလိုက်တာဖြစ်ပါတယ်။  

အခု ပဇီကြီးကျေးရွာဖြစ်စဉ်ကနေ သင်ခန်းစာယူဆင်ခြင်သင့်တာတွေက

၁။ အကျပ်အတည်းဖြစ်တဲ့အချိန်မှာ ခေါင်းဆောင်တွေရဲ့ အရည်အချင်းအစစ်အမှန်ကို တွေ့မြင်ရတယ်လို့ ပြောကြပါတယ်။ နိုင်ငံရဲ့  ၅၀% – ၆၀% စိုးမိုးပြီလို့ ကြွေးကြော်ထားတဲ့ NUG အစိုးရအနေနဲ့ အခုပဇီကြီးကျေးရွာကိစ္စဖြစ်တဲ့အခါမှာတော့ ပြည်သူက ပြည်သူအုပ်ချုပ်ပါတယ်လို့ ခေါင်းရှောင်သွားတဲ့အပေါ် ဦးဆောင်သူတွေရဲ့ အရည်အချင်းကို အလေးအနက်ဆင်ခြင်သင့်ပါတယ်။ ဒါက တာဝန်မခံတဲ့ ခေါင်းဆောင်မှုမြင်နိုင်သလို အခြားတစ်ဖက်မှာတော့ NUG အနေနဲ့ အကန့်အသတ်များနှင့် လုပ်ဆောင်နေရကြောင်းနဲ့ တော်လှန်ရေးကို ဦးဆောင်တာဝန်ခံဖို့ စွမ်းဆောင်ရည်မလုံလောက်ကြောင်း ဝန်ခံလိုက်တာလို့ သုံးသပ်ရပါတယ်။ ဒါကိုအလေးအနက်ဆင်ခြင်ပြီး တော်လှန်ရေးခရီးရှည်အတွက် မြေပြင်အစုအဖွဲ့တော်လှန်ရေးအင်အားစုအသီးသီးအနေနဲ့ ပြည်ပရောက်ဗဟိုအစိုးရရဲ့ အခန်းကဏ္ဍကို တိတိကျကျသတ်မှတ်ပြီးတော့ အခြေမှအထက်သို့ စုဖွဲ့မှုတွေ၊ ဘေးတိုက်ပေါင်းစည်းမှုတွေနဲ့ စစ်မှန်တဲ့ စုပေါင်းခေါင်းဆောင်မှုကို ကိုယ်ထူကိုယ်ထ တိုးမြှင့်လုပ်ဆောင်သွားဖို့ လိုအပ်နေပါပြီ။

၂။ လက်ရှိမှာကျင့်သုံးနေတဲ့ ပြည်သူ့စစ်မဟာဗျူဟာဆိုတဲ့နောက်ဆက်တွဲအနေနဲ့ ပြည်သူနဲ့ လက်နက်ကိုင်ကို‌ ရောထွေးဖော်ဆောင်တဲ့တိုက်ပွဲပုံစံကို ပြန်လည်ဆင်ခြင်သုံးသပ်သင့်ပါတယ်။ ဒီလိုမျိုး စစ်ပွဲကို ပြည်သူတွေရှိတဲ့နေရာမှာအခြေပြုခြင်းက အရပ်သားထိခိုက်သေဆုံးမှု ပိုမိုများပြားစေမှာဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံတကာကို ပြသဖို့အတွက် ရည်ရွယ်ပြီးလုပ်ဆောင်နေတဲ့ နယ်မြေစိုးမိုးမှုပြရုပ်တွေ ၊ ဗျူဟာမပါဘဲ အလံလွှင့်ချင်တဲ့ စဉ်းစားတွေးခေါ်မှုတွေကို ပြန်ပြီးဆင်ခြင်ဖို့ လိုအပ်ပါတယ်။

၃။ အရပ်သားထိခိုက်မှုအားလုံးလျော့နည်းဖို့အတွက် ပါဝင်ပက်သက်သူအသီးသီးကို တိုက်တွန်းဖိအားပေးတဲ့ ယန္တရားအသစ်ရှိလာဖို့ အရေးတကြီးလိုအပ်နေပါတယ်။ ပုံမှန်လုပ်ရိုးလုပ်စဉ်ဖြစ်တဲ့ နိုင်ငံတကာကို ဖိုင်တွဲပေးပို့ရုံမဟုတ်ဘဲ ပြည်သူအားလုံး အရပ်သားထိခိုက်မှုနဲ့ တရားမဲ့မှုတွေကို ကိုယ်တိုင်ဆန့်ကျင်လာပြီး တရားမျှတမှုဖော်ဆောင်ရေးမှာပါဝင်နိုင်တဲ့ အရွေ့တခုဖြစ်လာဖို့ လိုနေပါတယ်။ ဒါကိုလုပ်ဆောင်ဖို့ လက်ရှိအပြုတ်တိုက်ရေးမူကိုစွဲကိုင်တဲ့ လှုံ့ဆော်စည်းရုံးနေသူများ၊ ဆိုရှယ်မီဒီယာအင်ဗလူရန်ဆာများ၊ ဂျာနယ်လစ်လမ်းကြောင်းကနေ သွေဖီပြီး ဝါဒဖြန့်ချိရေးကိုကူးပြောင်းသွားတဲ့ မီဒီယာများ၊ လက်နက်ကိုင်အဖွဲ့အစည်းများက လုပ်ဆောင်နိုင်မည်မဟုတ်ဘဲ အခြားသော တိုင်းရင်းသားအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပညာရှင်များ ၊ ဘာသာရေးခေါင်းဆောင်များ၊ ကျေးရွာလူထုခေါင်းဆောင်များကနေ သီးခြားလွတ်လပ်သော လှုပ်ရှားမှုပုံစံအသစ်များ ပေါ်ထွက်လာဖို့ အချိန်တန်နေပါပြီ။

ရဲထက် (Freedom Fighter)

Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

4 Responses

  1. အောက်ခြေလူထုက လုပ်ဆောင်မှု မှန်သမျှကို NUG ခေါင်းစဥ်အောက်ထဲသွင်းတယ်…အဲဒီအောက်ခြေအဖွဲ့တွေက တခုခု အမှားအယွင်းဖြစ်တဲ့အခါ တိုက်ရိုက်အုပ်ချုပ်တာမဟုတ်ဘူးလို့ ပြောမယ်။ NUG အနေနဲ့ ပြည်တွင်း မြေပြင်မှာ ဖြစ်နေတဲ့အရာတွေအားလုံးကို တိုက်ရိုက် စီမံခန့်ခွဲနိုင်စွမ်းမရှိတာ အားလုံးနားလည်ကြပါတယ်။ သို့သော် ပအဖ၊ ပကခတွေကို NUG က တာဝန်ခံမှုနဲ့ နယ်မြေခံအမတ်တွေကိုယ်တိုင်ကိုင်တွယ်တာဝန်ယူတာမျိုး သို့မဟုတ် သူတို့ရဲ့ တင်ပြချက်အပေါ်မှာ တာဝန်ပေးတာမျိုး ဆိုတာ အားလုံးသိတာပါပဲလေ။ ပအဖတွေကို လူထုနည်းနဲ့ ရွေးချယ်တင်မြှောက်တာမျိုးတောင် တခါမှ လုပ်ခဲ့တာမှ မဟုတ်တာ။ ဒါ့အပြင် PDF တွေဆိုတာ MoD ရဲ့ တာဝန်ခံမှုအောက်မှာ ပါဝင်ဖွဲ့စည်းထားပြီး PDF Army တောင် လုပ်နေတာမလား။
    ကိုယ်ကိုယ်တိုင် အနီးကပ်ရှိမှ မဟုတ်ပါဘူး။ ကျင့်သုံးရမယ့် လုပ်ထုံးလုပ်နည်းတွေ လုပ်ပေးရမယ်။ ဥပမာ စခန်းဆောက်ရင်၊ ရုံးလုပ်ရင်၊ စစ်ဆင်ရေးထွက်ရင် ဘာတွေလုပ်ရမယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်း လမ်းညွှန်ချက်တွေ စည်းမျဥ်းတွေ သတ်မှတ် ပြဌာန်းပေးသင့်တယ်လို့ အကြံပြုချင်ပါတယ်။

  2. NUG ကို ထောက်ပြဝေဖန်လာကြတဲ့ကိစ္စတွေ နောက်ပိုင်း တော်တော်များများတွေ့လာရတာ ပြည်သူတွေအတွက် အလွန်ကောင်းတဲ့ အရာပါ။
    ခက်တာက ဒီလောက်ထောက်ပြနေကြတာတောင်မှ ဒီ၂နှစ်ကျော်လာတဲ့အထိ ဘယ်ကိစ္စ တခုမှ နိုင်ငံရေးအရ ဦးဆောင်လမ်းပြချမှတ်နိုင်တာ မတွေ့ရသေးပါ။ ရန်သူရဲ့အခင်းအကျင်း အပေါ်လိုက်မျှောနာမည်ယူယုံကလွဲလို့ ဘာတခုမှ မလုပ်တာ တွေ့ရပါတယ်။ ဒီလို မရိုးသားတဲ့ အဖွဲ့ထဲ ရောက်နေကြတဲ့ လူတော်အချို့လဲ အဖွဲ့အစည်းမပျက်သုန်းသွားဖို့သက်သက်သာ ဦးစားပေးမိနေကြရင် အားလုံးပျက်စီးသွားမှ သမိုင်းမလှပဲ ဖြစ်သွားနိုင်ပါတယ်။ ဒီလူတော်သဘောထားမှန်တဲ့ ပုဂ္ဂိုလ်တွေက စပြီး အစိုးရကိုတဲ့မှတ်ပေးတာ၊ ပြည်သူကိုသတင်းစကားပါးတာ၊ ရာထူးကနုတ်ထွက်ပြတာ စတာလို တခုခု လုပ်ပြလိုက်တာကမှ ဒီအစိုးရအဖွဲ့ဝင်တွေ လှန့်ဖြတ်အလုပ်လုပ်လာကြလိမ့်မယ်လို့ ထင်တာပါပဲ။ ဝေဖန်ထောက်ပြရုံလောက်နဲ့ ဒီပုဂ္ဂိုလ်တွေဟာ နည်းနည်းမှ တုန်လှုပ်သွားကြမဲ့လူတွေ မဟုတ်လောက်ပါ။ မရိုးသားတဲ့လူတွေမှာ ဆင်ခြေအမြဲတမ်းရှိပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်