ရေရှည်တော်လှန်ရေး ဘယ်လိုတည်ဆောက်မလဲ။

ရေရှည်တော်လှန်ရေး ဘယ်လိုတည်ဆောက်မလဲ။

နှင်းရည်။ ။အခုဆိုရင် ကျွန်မတို့ရဲ့တော်လှန်ရေးဟာ ၂ နှစ်ကျော်လာခဲ့ပါပြီ။ ဒီ၂ နှစ်အတွင်းမှာ တစ်တိုင်းပြည်လုံး ငရဲကျသလို ဒုက္ခပေါင်းများစွာကို ခါးစီးခံခဲ့ရပါတယ်။ ကြာလာတော့ ဒီဖိစီးမှုတွေကြောင့် လူထုဟာ တော်လှန်ရေးကိုလည်း တဖြည်းဖြည်းစိတ်အားပျက်လာကြပါတယ်။ အစက ဒီတော်လှန်ရေးဟာခဏလေးနဲ့ပြီးသွားမှာလို့ထင်ခဲ့ကြတော့ အခုကျ အချိန်ကလည်းကြာလာ၊ ဒုက္ခတွေကလည်းများလာတော့ ပြည်သူတွေမှာ စိတ်ဒဏ်ရာတွေအပြည့်နဲ့ သိမ်ငယ်စိတ်တွေလည်းပိုပိုပြီးကြီးထွားလာနေကြပါတယ်။ ဆိုတော့ကာ ဒီအပတ်တော့ ကျွန်မတို့အနေနဲ့ ပြည်သူတွေစိတ်အားတက်တက်ကြွကြွနဲ့ စဉ်ဆက်မပြတ်ပါဝင်တော်လှန်နိုင်တဲ့ ရေရှည်တော်လှန်ရေး ဘယ်လိုတည်ဆောက်မလဲ ဆိုတာကို ဆွေးနွေးကြည့်ရအောင်လားရှင်။

သီဟ။ ။ဟုတ်ပါတယ်၊ ကျွန်တော်တို့ပြည်သူတွေအတော်များများဟာ ဒီတော်လှန်ရေးကို အချိန်တိုတိုနဲ့မြန်မြန်ပြီးသွားမှာလို့ ထင်ခဲ့ကြပါတယ်။ ဘာလို့တော်လှန်ရေးကိုရေတိုပဲထင်ခဲ့ကြတာလဲဆိုတာနဲ့ ပတ်သတ်ပြီး ကျွန်တော်ကောက်ချက်ဆွဲကြည့်ရသလောက်တော့ အချက်သုံးချက်တွေ့ရပါတယ်။ ပထမအချက်ကတော့ လူထုက အခုလိုပွင့်လင်းမြင်သာတိုးတက်နေတဲ့ခေတ်ကြီးမှာ အာဏာသိမ်းတာဟာ ဘယ်လိုမှအလုပ်မဖြစ်နိုင်ဘူးလို့ထင်ခဲ့ကြတဲ့အတွက် ဒီအာဏာသိမ်းမှုကိုလျှော့တွက်ပြီး ခဏလေးနဲ့ပြီးသွားမယ်လို့ထင်ခဲ့ကြတာပါပဲ။ တကယ်တော့ အာဏာရှင်တွေဆိုတာ ဘယ်လိုခေတ်အခြေအနေမှာမဆို ပေါ်လာနိုင်တာပါပဲ။ နောက်ပြီး ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ အယူအဆအတွေးအခေါ်ယဉ်ကျေးမှုအမှားတွေအစ အခြေခံဥပဒေတွေအဆုံး အကုန်လုံးက ်စစ်အာဏာရှင်ပေါ်လာအောင် အားပေးနေကြတာပါပဲ။ ဒါ့အပြင် စစ်တပ်ကအုပ်ချုပ်မှ အမျိုး၊ဘာသာ၊သာသနာတိုးတက်မယ်လို့ ယူဆနေကြတဲ့ ဘာသာရေးအစွန်းရောက် အမျိုးသားရေးသမားတွေကလည်း နည်းမှမနည်းပဲ။ အဲဒါမျိုးတွေ တိုင်းပြည်မှာအမြစ်တွယ်နေသမျှတော့ ဘယ်ခေတ်ဘယ်အခြေအနေရောက်ရောက် အာဏာရှင်တွေခေါင်းထောင်လာဦးမှာပါပဲ။ ဒုတိယအချက်ကတော့ စစ်တပ်ကိုအထင်သေးပြီးလျှော့တွက်လွန်းတာပါပဲ။ ဒီစစ်တပ်လောက်ကတော့ တို့တွေခဏလေးနဲ့တော်လှန်နိုင်ပါတယ်ဆိုပြီး ပြည်သူအများစုက တွေးကြတယ်။ တကယ်တော့ ဗမာ့စစ်တပ်ဆိုတာ နှစ်၇၀ကျော်လောက် တိုင်းပြည်ရဲ့ဂုတ်ပေါ်ခွစီးလာကြတာ။ သူတို့မှာ သူတို့အဖွဲ့အစည်းကို ဘယ်လိုအားကောင်းနေအောင်လုပ်ရမယ်ဆိုတဲ့ နည်းဗျူဟာတွေ၊ဝါဒမှိုင်းတွေ အများကြီးရှိတယ်။ နောက်ပြီး ခေတ်အဆက်ဆက် တပ်မတော်သာအမိ၊တပ်မတော်သာအဖဆိုပြီး ဦးနှောက်ဆေးခံထားကြရတဲ့အတွက် ပြည်သူ့ဘက်ကိုမျက်နှာမူဖို့ဆိုတာ အချိန်ခဏလေးနဲ့တော့ ဖြစ်နိုင်မှာမဟုတ်ဘူး။ ဒီအဖွဲ့အစည်းကြီးရဲ့ အယူအဆအတွေးအခေါ်တွေကို မပြင်နိုင်ဘဲနဲ့ လက်နက်နဲ့အပြတ်ရှင်းရုံလောက်နဲ့ကတော့ နောက်ထပ်လည်း သူတို့ရဲ့ကယ်တင်ရှင်ဇာတ်လမ်းတွေ ထပ်ပေါ်လာဦးမှာပဲ။ တတိယအချက်ကတော့ တော်လှန်ရေးမှာဦးဆောင်နေတဲ့ ခေါင်းဆောင်တွေရဲ့မျှော်လင့်ချက်အမှားတွေကြောင့်ပဲ။ အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ ခေါင်းဆောင်တွေနဲ့ပြည်သူတွေဟာ ဆရာမင်းသုဝဏ်ရဲ့ “ ဘကြီးအောင်ညာတယ်” ဝတ္ထုထဲက ဇာတ်လိုက်တွေဖြစ်တဲ့ ဘကြီးအောင်နဲ့မောင်ချစ်လို ဖြစ်နေတယ်။ ဘကြီးအောင်က ဆင်စွယ်မင်းသမီးရုပ်ကလေးထုနေရင်း မောင်ချစ်က လိုချင်မှန်းသိတော့ ငွေတစ်ကျပ်ရရင်ရောင်းမယ်ဆိုပြီး အမှုမဲ့အမှတ်မဲ့ပြောလိုက်တယ်။ မောင်ချစ်လေးခမျာ အဲဒီအရုပ်လေးလိုချင်တော့ ငွေတစ်ကျပ်ပြည့်အောင် မစားရက်မသောက်ရက်စုလိုက်ရတာ။ ပိုက်ဆံလည်းပြည့်ရော ဘကြီးအောင်က အရုပ်ကလေးကို သူများကိုရောင်းပစ်လိုက်ရော။ မောင်ချစ်ခမျာ အရုပ်ကလေးကို လိုချင်တဲ့စိတ်၊ ဘကြီးအောင်ကိုနာကြည်းတဲ့စိတ်နဲ့ မစားနိုင်မသောက်နိုင်ဖြစ်ပြီးသေပါလေရော။ အဲဒီကြမှ ဘကြီးအောင်က သူ့ကြောင့်မောင်ချစ်ကလေးသေတာဆိုပြီး ယူကျုံးမရဖြစ်တာပေါ့။ အခုလည်း တော်လှန်ရေးမှာခေါင်းဆောင်နေကြတဲ့သူတွေက ပြည်သူတွေကို နောက်တစ်လတောင့်ခံပါ၊ နောက်ခြောက်လရုန်းလိုက်ပါဦး၊ နောက်တစ်နှစ်ဆိုပွဲသိမ်းပဲ အဲသလိုတွေပြောပြီး မသေချာမရေရာတဲ့မျှော်လင့်ချက်တွေပေးနေကြတယ်။ ပြည်သူတွေကတော့ စစ်အာဏာရှင်လက်အောက်မှမနေချင်ကြဘဲ ဒီမိုကရေစီကိုလိုချင်ကြတော့ ခေါင်းဆောင်တွေပြောတဲ့အတိုင်း ဒီတစ်လပါပဲကွ၊ဒီတစ်နှစ်ပါပဲကွ ဆိုပြီး ငွေအားဆိုလည်းငွေအား၊ လူအားဆိုလည်းလူအား အားတက်တရောထည့်လိုက်ကြတယ်။ တကယ်ရော သူတို့ပြောတဲ့အတိုင်းဖြစ်လာလားဆိုတော့လည်း ဖြစ်မလာဘူး။ အဲတော့ ပြည်သူတွေက တဖြည်းဖြည်းစိတ်ပျက်လာကြတယ်။ ဆိုတော့ ခေါင်းဆောင်တွေအနေနဲ့ ဒီတော်လှန်ရေးဟာရေတိုမဟုတ်ဘူး၊ရေရှည်ဆိုတာ နာလည်သဘောပေါက်သင့်ပါပြီ။ နောက်ပြီး အဲဒီရေရှည်တော်လှန်ရေးအတွက်လည်း စနစ်တကျမဟာဗျူဟာတွေချပြီး လူထုကို နည်းမှန်လမ်းမှန်အရှိကိုအရှိအတိုင်း ပြောဆိုစည်းရုံးသင့်ပြီ။ အဲလိုမှမဟုတ်ရင်တော့ လိုတာမရဖြစ်ပြီး မောင်ချစ်သေသွားရသလို ပြည်သူတွေရဲ့တော်လှန်လိုစိတ်လုံးဝသေဆုံးသွားခါမှ ဘကြီးအောင်လိုယူကျုံးမရ ဖြစ်နေကြရလိမ့်မယ်။

ငြိမ်းချမ်း။ ။ဟုတ်ကဲ့၊ ပြည်သူလုထုက တော်လှန်ရေးကိုဘာကြောင့်ရေတိုပဲ စဉ်းစားခဲ့ကြတာလဲဆိုတာကို ကိုသီဟထောက်ပြသွားတာ တော်တော်လေးကောင်းပါတယ်။ ဆိုတော့ ရေရှည်တော်လှန်ရေးကိုစဉ်းစားသင့်ပြီဆိုတာကိုသိပြီဆိုတော့ ဘယ်လိုတည်ဆောက်မလဲဆိုတာကိုလည်း နည်းနည်းလောက်အဖြေရှာကြည့်ချင်ပါတယ်။ ရေရှည်တော်လှန်ရေးကိုတည်ဆောက်တဲ့အခါမှာ ကျွန်တော်တို့က ပြည်သူလူထုရဲ့ နေ့တစဉ်လူနေမှုဘဝကိုပါထည့်စဉ်းစားရပါမယ်။ အခုအခါမှာ အမျိုးမျိုးသောပြဿာနာတွေကြောင့် လူထုအနေနဲ့ စားဝတ်နေရေးကို ခဲခဲယဉ်းယဉ်းဖြေရှင်းနေရပါတယ်။ တစ်နေ့တစ်နေ့ဝမ်းမီးမငြိမ်းနိုင်ပဲ အိပ်ရာဝင်နေကြရတဲ့ ပြည်သူတွေဆိုတာ ဒုနဲ့ဒေးဖြစ်နေပါပြီ။ ကျွန်တော်တို့က ဒါတွေကိုထည့်မတွက်ဘဲ တော်လှန်ရေးကိုပဲလုပ်၊ တခြားဘာမှမလုပ်နဲ့ဆိုရင် အရမ်းကိုအတ္တဆန်လွန်းပါတယ်။ တကယ်တော့ ဒီလိုစားဝတ်နေရေးဖြေရှင်းရင်း နေ့စဉ်ဘဝမှာတော်လှန်ရေးကို ဘယ်လိုအသက်ဆက်ရမလဲဆိုတာကို စဉ်းစားကြရမှာဖြစ်ပါတယ်။ အဲလိုရေရှည်တော်လှန်ရေးကိုတည်ဆောက်တဲ့အခါမှာ အဓိကအားဖြင့် အပိုင်း၂ပိုင်း ပါဝင်ရပါမယ်။ အဲဒါကတော့ ဆန့်ကျင်တဲ့တော်လှန်ရေးနဲ့ တည်ဆောက်တဲ့တော်လှန်ရေးပါပဲ။ အခုက ဆန့်ကျင်တဲ့တော်လှန်ရေးပဲအားကောင်းပြီး တည်ဆောက်တဲ့တော်လှန်ရေးကတော်တော်ကြီးအားနည်းနေတယ်။ စစ်ကောင်စီကဖွင့်တဲ့ကျောင်းတွေကို မတက်နဲ့လို့သာပြောနေတယ်၊ အဲဒီကျောင်းကိုမတက်ဘဲ ပညာသင်ကြားနိုင်တဲ့ ပညာရေးအခန်းကဏ္ဍတွေကျလည်း မတည်ဆောက်နိုင်ဘူး။ ဆိုတော့ တော်လှန်ရေးနိုင်မှ အကုန်ပြန်တည်ဆောက်မယ်ဆိုတဲ့ စဉ်းစားချက်က ရေရှည်တော်လှန်ရေးကိုသွားရင် ဘယ်လိုမှအဆင်မပြေပါဘူး။ ဒီတော့ ပြည်သူတွေအနေနဲ့ နေ့စဉ်ဘဝမှာ အာဏာရှင်ကိုဘယ်လိုဆန့်ကျင်ရမယ်၊ ကိုယ်လိုချင်တဲ့ဒီမိုကရေစီစနစ်ကို ဘယ်လိုတည်ဆောက်ရမယ်ဆိုတာကို စဉ်းစားကြရပါမယ်။ ခုနကပြောသလို စစ်ကောင်စီရဲ့ကျောင်းတွေမှာသင်ပေးတဲ့အတွေးအခေါ်မပါတဲ့ပညာရေးစနစ်ကိုဆန့်ကျင်မယ်၊ တစ်ဖက်မှာလည်း လွတ်လပ်တဲ့တွေးခေါ်နိုင်စွမ်းကိုအားပေးတဲ့ ပညာရေးစနစ်ကိုတည်ဆောက်ကြမယ်၊ ကိုယ်ထူကိုယ်ထကျောင်းတွေဖွင့်မယ်၊ စာကြည့်တိုက်တွေဖွင့်မယ်၊ ပညာရေးဆွေးနွေးပွဲတွေလုပ်မယ်၊ ကလေးတွေရဲ့ဝါသနာကိုအထောက်အကူပြုမယ့် ပညာရပ်တွေကိုလေ့လာဖို့ အားပေးကူညီကြမယ် စသဖြင့်ပေါ့လေ။ နောက်ထပ် စစ်တပ်ကထုတ်တဲ့ထုတ်ကုန်တွေ၊ စစ်တပ်နဲ့အကျိုးတူစီးပွားရေးသမားတွေရဲ့ထုတ်ကုန်တွေကို သပိတ်မှောက်မယ်။ တစ်ဖက်မှာလည်း ပြည်သူတွေရဲ့ဝင်ငွေနဲ့မျှတတဲ့ထုတ်ကုန်တွေ၊ စီးပွားရေးလုပ်ငန်းတွေကိုထူထောင်ပြီး ပြည်သူအချင်းအချင်းဝယ်ကြ၊ရောင်းကြမယ်။ အုပ်ချုပ်ရေးမှာဆိုရင်လည်း ကိုယ့်ရပ်ရွာ၊ကိုယ့်အသိုင်းအဝိုင်းအသီးသီးမှာ လူမှုအဖွဲ့အစည်းတွေထူထောင်မယ်၊ ပြည်သူ့အကျိုးအတွက် စစ်မှန်တဲ့မေတ္တာနဲ့ ဦးဆောင်အလုပ်လုပ်ကြမယ်၊ ကိုယ့်ရပ်ရွာ စည်ပင်ဝပြောဖို့အတွက် ကိုယ်ထူကိုယ်ထစီမံဆောင်ရွက်ကြမယ်။ အဲသလို တစ်ဖက်မှာလည်း စစ်အာဏာရှင်စနစ်ကိုတော်လှန်၊ တစ်ဖက်မှာလည်း အောက်ခြေကစပြီး ကိုယ်လိုချင်တဲ့လွတ်လပ်မျှတတဲ့ဒီမိုကရေစီစနစ်ကို တည်ဆောက်ကြမှသာ ရေရှည်တော်လှန်ရေးတစ်ရပ်အောင်မြင်မှာဖြစ်ပါတယ်။ ဒီနေရာမှာနောက်ဆုံးပြောချင်တာကတော့ ကျွန်တော်တို့အနေနဲ့ နှစ်ပေါင်းများစွာကြာအမြစ်တွယ်လာခဲ့တဲ့စနစ်ကြီးကို ရေတိုခဏလေးနဲ့ပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ပြည်သူတစ်ရပ်လုံးက အောက်ခြေကစပြီး စနစ်တကျပြုပြင်ပြောင်းလဲရတဲ့ ရေရှည်တော်လှန်ရေးနဲ့မှပဲ စစ်မှန်တဲ့ဒီမိုကရေစီပန်းတိုင်ကို သားရွှေအိုးထမ်းသလို ရောက်နိုင်မှာဖြစ်ပါတယ်။

Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်