လမ်းမဘေး ခပ်အေးအေးလမ်းလျှောက်နေစဉ် နံပတ်ပြားအဝါနှင့်ကားတစ်စီး အနားမှကပ်၍ ဝေါခနဲအပြင်းမောင်နှင်သွား၏။ လမ်းတစ်ဖက်တွင် စာသင်ကျောင်းလည်းရှိသည်ဖြစ်ရာ အခုလိုအရမ်းကာရောမောင်းရပါ့မလားဆိုပြီး ဒေါသထွက်နေစဉ်မှာပင် မျက်နှာချင်းဆိုင်မှ နောက်ထပ်ကားတစ်စီး ဝေါခနဲမောင်းလာပြန်သည်။ ကားမှာနောက်ဆုံးပေါ် တန်ဖိုးကြီးဇိမ်ခံကားဖြစ်ပြီး ကားရှေ့မှန်တွင် “ …ကျောင်းတိုက်” ဟုရေးထားသည်။ ကားမောင်းနေသူမှာ အနီရောင်ဝတ်ရုံကိုရုံးထားပြီး မျက်မှန်အမည်းကိုတပ်ထားကာ ဦးပြည်းခေါင်းတုံးကိုပြောင်နေအောင်တုံးထားသူဖြစ်သည်။
ယနေ့ခေတ် မြန်မာနိုင်ငံရှိပြည်သူများသည် အာဏာရှင်စနစ်အောက်တွင် ဒုက္ခပေါင်းစုံကိုခါးစီးခံနေကြရသည်။ တချို့ မိသားစုနှင့် သေကွဲ၊ရှင်ကွဲ ခွဲခွာကြရသည်။ တချို့ ကိုယ်လက်အင်္ဂါဆုံးရှုံးရသည်။ တချို့ ပစ္စည်းဥစ္စာဆုံးရှုံးရသည်။ တချို့ အနာဂတ်ရည်မှန်းချက်များဆုံးရှုံးရသည်။ တစ်နေ့တစ်နေ့ဝမ်းမီးမငြိမ်းနိုင်ဘဲ ဆာလောင်မိတ်သိပ်စွာ အိပ်ရာဝင်ကြရသည့် ကလေးငယ်များလည်း ဒုနှင့်ဒေးပင်။ မြန်မာပြည်၏ ဘယ်နေရာကြည့်ကြည့် ကြေကွဲစရာအနိဋ္ဌာရုံအတိဖြစ်သည်။ သို့သော် ထိုတစပြင်အတွင်းမှာပင် ငြိမ်းအေးချမ်းသာစွာဖြင့် နတ်တို့၏စည်းစိမ်မျိုးကို မသေခင်ကတည်းကခံစားနေရသည့် အသိုင်းအဝိုင်းတစ်ခုလည်းရှိပေသည်။ ယင်းကား အလဇ္ဇီဒုဿီလ(အရှက်မရှိအကျင့်ပျက်သူ)တို့၏ မှီခိုပျော်မွေ့ရာ ဘာသာရေးအသိုင်းအဝိုင်းပင်ဖြစ်သည်။
ဗုဒ္ဓသည် မိမိတို့ရည်မှန်းချက်ပန်းတိုင်၏ မဟာရန်သူကြီးဖြစ်သည့် လိုချင်တပ်မက်မှုလောဘကို ပယ်သတ်ဖို့ ဆုံးမတော်မူခဲ့၏။ ထို့ပြင် ထိုလောဘတရားတို့ကင်းဝေးကာ ကိုယ်ကျင့်သီလနှင့်အညီ သာသနာတော်အရှည်တည်တံ့ရန်အတွက်လည်း ဝိနည်းစည်းကမ်းများကို ပညတ်တော်မူခဲ့၏။ ယနေ့ခေတ် ဗုဒ္ဓ၏သားတော်များကား ဝိနည်းဆိုသည်ကို ဖုတ်လေသည့်ငပိရှိသည်ဟုပင်မထင်ဘဲ ပစ္စည်းဥစ္စာငွေကြေးဂုဏ်ဒြပ်တို့နှင့်ပတ်သတ်၍ လိုချင်တပ်မက်မှုများနေသည်မှာ လူသာမန်တို့ကပင်ဩချရလောက်ပေသည်။ လောဘအရာမှာတော့ တစ်ပါးနှင့်တစ်ပါးအကျောမခံဗိုလ်မထားဘဲ ဧတဒတ်ရအောင်ကြိုးစားနေကြလေသည်။
ထိုဘာသာရေးအသိုင်းအဝိုင်းရှိ တက်ဘုန်းကြီးများသည် စည်းစိမ်ချမ်းသာအတွက် စီးပွားရှာရာတွင် လူဝတ်ကြောင်တို့ထက်ပင် ဆယ်ပြန်မကအကွက်မြင်တတ်၏။ တချို့ဆိုလျှင် အဆင့်မြင့်တန်ဖိုးကြီးဇိမ်ခံကားများပင်စီးနိုင်ပြီး နန်းတော်သမျှခမ်းနားသောတိုက်တာအဆောက်အအုံများနှင့်ပင် နေနိုင်၏။ ဤတွင် ၎င်းတို့၏ စီးပွာရှာနည်းနိဿရည်းများကို အနည်းငယ်တင်ပြပါရစေ။
၁။ဆွယ်တရားဟော၍ စည်းပွားရှာခြင်း
တတ်ဘုန်းကြီးအချို့သည် “ မရှိလို့မလှူ၊ မလှူလို့မရှိ” ဟူသည့် ဆည်ကိုဖောက်ကာ အသိဉာဏ်နုံနဲ့သည့်လူထုဆီမှ လာဘ်လာဘများကို သဲ့ယူကာစီးပွားရှာကြ၏။ ထိုသူများသည် ဦးစွာအစိုးရထံမှ ဘွဲ့လက်မှတ်များကို ဖြစ်သည့်နည်းနှင့် ရနိုင်သလောက်များများယူကြလေ့ရှိ၏။ ထို့နောက် ဇာတ်မင်းသားများပင် အရှုံးပေးရလောက်သည့် အဆို၊အငို၊အပြောများကိုလေ့ကျင့်ကာ တရားပလ္လင်ထက်တွင် ထိုင်နိုင်ဖို့အားထုတ်ကြ၏။ ဘွဲ့နာမည်၏နောက်တွင် အမြီးရှည်ရှည်ကြီးလည်းပါ၊ အပြောကောင်းအဆိုကောင်းဖြစ်သွားလျှင် ဓမ္မကထိကအဖြစ် နယ်တကာလှည့်ကာ လာဘ်လာဘပေါများကြောင်းဆွယ်တရားဟောလေ၏။ ထိုသူတို့၏တရားပွဲတစ်ညတစ်ညဝင်ကြေးကား သာမန်ပြည်သူတစ်ယောက် တစ်နှစ်ပတ်လုံးအလုပ်လုပ်၍ရသည့်လုပ်အားခထက်ပင် ပိုများနေတတ်၏။
၂။ဘုရားတည်ကျောင်းဆောက်၍ စီးပွားရှာခြင်း
“ ဘုရားကိုစေတီကွယ်” ဆိုသည်ကိုပင် ဂရုမပြုဘဲ ရဟန်းအချို့သည် သာသနိကအဆောက်အအုံများကို မိုးဦးကျမှိုများပွင့်သကဲ့သို့ ပေါချင်းသောချင်းတည်ဆောက်နေကြ၏။ ထိုသို့တည်ဆောက်ရာတွင် လူထုအား ရခဲထိုက်သော ဘုရားဒကာ၊ကျောင်းဒကာဟူသောဘွဲ့ထူးဖြင့် မက်လုံးပေးကာ မိမိကိုယ်တွင်ဝတ်ဆင်ထားသော လက်ဝတ်တန်ဆာများပါမကျန် အလှူခံကြလေ၏။ သို့နှင့်မပြီးသေး။ ထိုဘုရားတန်ဆောင်းများ တည်ဆောက်ပြီးသွားသောအခါတွင်လည်း အလှူခံပုံးများကို ဟိုတစ်ပုံးဒီတစ်ပုံးထားကာ အလှူခံလိုက်ကြသေး၏။
၃။မျောက်ပြဆန်တောင်း၍ စီးပွားရှာခြင်း
တချို့အလဇ္ဇီရဟန်းများသည် မိမိတို့အပေါ်ကြည်ညိုလာအောင်(အမှန်တော့ လူတွေစိတ်ဝင်စားလာအောင်) ကျောင်းပရိဝုဏ်တွင် တိရစ္ဆာန်အမျိုးမျိုးကိုမွေးမြူကာ မျောက်ပြဆန်တောင်း၍ အလှူခံကြ၏။ တချို့ဆိုလျှင် ထိုတိရစ္ဆာန်များကို မိမိ၏တရားပွဲများသို့ပင် ခေါ်ဆောင်သွားကာ ဆက်ကပ်သမားများနည်းတူ အမျိုးမျိုးခိုင်းစေပြီး တရားနာပရိသတ်ဆီမှငွေချူကြ၏။ ဗုဒ္ဓသည် သတ္တဝါဝေနေယျတို့အပေါ် မေတ္တာထားကာ သံသရာလွတ်မြောက်ကြောင်းကို လမ်းညွှန်၏။ ၎င်းတို့သည်ကား သတ္တဝါဝေနေယျတို့အတွက် သံသရာလွတ်မြောက်ကြောင်းကို မဆိုထားနှင့်၊ ယခုဘဝတွင်ပင် အစာရေစာဝဝလင်လင်မကျွေးဘဲ သံဆန်ကာခတ်ပိတ်လှောင်ထားပြီး ကိုယ်ကျိုးစီးပွားအတွက် အသုံးချကြ၏။
၄။ပရဟိတဗန်းပြ၍ စီးပွားရှာခြင်း
ဗုဒ္ဓသည် ရဟန်းအလုပ်ကိုအနှောင့်အယှက်ဖြစ်စေမည့် တခြားဗာဟီရကိစ္စများကိုမလုပ်ကြဖို့ တားမြစ်ခဲ့သည်။ ဗုဒ္ဓ၏သားတော်ဆိုသူများသည်ကား ရဟန်းအလုပ်ကလွဲလျှင် တခြားဗာဟီရကိစ္စအကုန်လုပ်သည်ဟုပင် ဆိုရမလောက်ပေ။ တချို့သည် မိမိတို့နှင့်မအပ်စပ်သည့် ပရဟိတအလုပ်များကိုပါ လူဝတ်ကြောင်တို့နှင့်အပြိုင်လုပ်ကိုင်ကြကာ အလှူငွေရှာကြလေသည်။
၅။လောကီပညာဖြင့် စီးပွားရှာခြင်း
တချို့အလဇ္ဇီများသည် အင်း၊အိုင်၊လက်ဖွဲ့၊ဗေဒင်နက္ခတ် စသည့်လောကီအလုပ်တို့ဖြင့်စီးပွားရှာကြသည်။ မြန်မာပြည်သူတို့သည် ခေတ်အဆက်ဆက်စနစ်ဆိုးများကြောင့် အယုံလွယ်တတ်၏။ အကြောက်တရားလွန်ကဲ၏။ ဆင်ခြင်သုံးသပ်မှုနည်း၏။ အချို့ရဟန်းတို့သည် ထိုအားနည်းချက်များကိုအခွင့်ကောင်းယူကာ ခြောက်လုံးဟန့်လုံးများဖြင့် လောကီပညာရပ်များကိုသုံး၍ လူထုဆီမှ ငွေညှစ်ကြသည်။
၆။လောင်းကစားဖြင့် စီးပွားရှာခြင်း
ပြည်သူလူထုသည် ဆင်းရဲနွမ်းပါးလာသည်နှင့်အမျှ ပိုက်ဆံကိုလွယ်လွယ်ရနိုင်မည့် ဖြတ်လမ်းနည်းများကို
လိုက်နေကြသည်။ သို့သော် ထိုဖြတ်လမ်းနည်းများမှာ အဆင်ပြေချမ်းသာမှုပန်းတိုင်ကိုရောက်သည်ထက် ထိုနွံအတွင်းတွင်တဖြည်းဖြည်းနစ်ဝင်ရင်း နောက်ဆုံးဆင်းရဲမွဲတေမှုဆီကိုသာ မရှုမလှရောက်ကြသည်သာများသည်။ ထိုသို့ ပြည်သူများလမ်းမှားရောက်သည်ကို တစ်ဖက်တစ်လမ်းမှအချွန်နှင့်မကာ မြှောက်ထိုးပင့်ကော်လုပ်ရင်း ကိုယ်ကျိုးစီးပွားရှာနေကြသည့်သူများထဲတွင် အလဇ္ဇီရဟန်းအချို့လည်း ပါဝင်နေသည်။ ၎င်းတို့သည် ပြည်သူများကို နှလုံးဂဏန်း၊ချဲဂဏန်းများပေးရင်း အလှူခံကြလေ့ရှိသည်။ ၎င်းတို့ပေးလိုက်သည့် နှလုံးဂဏန်း၊ ချဲဂဏန်းများကြောင့် ပြည်သူများအဆင်ပြေမပြေကိုမပြောတတ်သော်လည်း ထိုရဟန်းများကတော့ ကြီးပွားပြီးရင်းကြီးပွားနေကြလေသည်။
၎င်းနည်းလမ်းများသည် အကျင့်ပျက်ရဟန်းတို့၏ စီးပွားရှာနည်းများစွာထဲမှ အချို့ကိုသာတင်ပြထားခြင်းဖြစ်သည်။ နောက်ထပ်များစွာရှိသေးသည်။ “ ဘုန်းကြီးလောဘ ပင်လယ်ဝ” ဆိုသည့်အတိုင်း ထိုလိုချင်တပ်မက်မှုဆန္ဒများလွန်ကဲမှုကြောင့် တစ်နေ့တစ်နေ့ မကြားဝံ့မနာသာအမင်္ဂလာပြဿနာများစွာကို ကြားနေရသည်မှာလည်း နားနှင့်ပင်မဆံ့တော့ပေ။ ကျောင်းလုသည့်ရဟန်း၊ မြေလုသည့်ရဟန်း၊ ငွေတိုးချေးသည့်ရဟန်း၊ ခရိုနီရဟန်း စသဖြင့် ငါးပွက်ရာငါးစာချကာ ကိုယ်ကျိုးရှာနေကြသည့် ဒုဿီလသံချေးတို့ကား သာသနာသံစိုင်သံခဲကို တတိတိတိုက်စားဖျက်ဆီးလျက်ရှိပေသည်။
ဤတွင် ထိုကဲ့သို့ရဟန်းသံဃာများ အကျင့်ပျက်ကာလောဘဇောတိုက်နေသည်ကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးကရော ဒီအတိုင်းလက်ပိုက်ကြည့်နေတာလားဟု မေးစရာရှိပါသည်။ အနှီပုဂ္ဂိုလ်များသည်လည်း ထိုကိစ္စများကိုပြောရဲသည်မထင်ပါ။ ၎င်းတို့မှာလည်း အုပ်ချုပ်သူလူတန်းစားများနှင့်ပနံသင့်အောင်ပေါင်းရင်း စည်းစိမ်ယဇ်နေသူများပင်ဖြစ်သည်။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်း၊ ကိုယ်ထမင်းအိုးကိုယ်ရိုက်ခွဲသည့် အလုပ်များကို ၎င်းတို့လုပ်မည်မဟုတ်ပေ။ ပိုဆိုးသည်မှာ ယခုဆိုလျှင် အာဏာရှင်ကိုထောက်ခံနေကြသည့်သင်္ကန်းခြုံကိုယ်တော်အချို့မှာ ရဟန်းအလုပ်နှင့် လားလားမျှမအပ်စပ်သည့် လက်နက်ကိုင်စစ်သွေးကြွအလုပ်ထိပင် ပြောင်ပြောင်တင်းတင်းလုပ်နေကြလေသည်။ ထိုအပြုအမူမျိုးကိုပင် အာဏာရှင်ငြိုငြင်မှကြောက်၍ ရေငုံနှုတ်ပိတ်နေသောမဟနဗြူရိုကရက်အဖွဲ့အစည်းအနေနှင့် သံဃာတော်များငွေနောက်လိုက်နေသောကိစ္စကို မပြောဆိုမဆုံးမသည်မှာ အံ့ဩစရာတော့မဟုတ်ပေ။
ထိုအကျင့်ပျက်အလဇ္ဇီဒုဿီလများပေါများနေစဉ်မှာပင် တစ်ဖက်မှာလည်း ဝိနည်းစည်းကမ်းကို လေးစားလိုက်နာ၍ ပရိယတ်ပဋိပတ်ကိုကြိုးစားအားထုတ်နေကြသော လဇ္ဇီပေသလရဟန်းများလည်း ကြိုကြားကြိုကြားပေါ်ပေါက်နေပါသည်။ ယင်းမှာ ဗုဒ္ဓသာသနာအတွက် ကောင်းသောလက္ခဏာဖြစ်၍ ဗုဒ္ဓဘာသာကို အမှန်တကယ်ကြည်ညိုသူများအတွက်လည်း ခွန်အားဖြစ်စေပါသည်။ ထိုရဟန်းတော်များအနေနှင့် ဗုဒ္ဓ၏ဝိနည်းစည်းကမ်းများကို ကိုယ်တိုင်လည်းကျင့်ကြံ၊ လူထုပရိသတ်ကိုလည်းဟောပြောမျှဝေခြင်းဖြင့် အတုအယောင်ရဟန်းတို့၏ဂုတ်သွေးစုတ်မှုအောက် ယဲ့ယဲ့သာကျန်တော့ကာ နောက်ဆုံးအသက်ပါပျောက်တော့မည့် ပြည်သူလူထုကိုဉာဏ်အလင်းဖွင့်ပေးသင့်ပေသည်။
ထို့အပြင် ပြည်သူများအနေနှင့်လည်း ဗုဒ္ဓ၏ဝိနည်းစည်းကမ်းများအားချိုးဖောက်ကာ သသနာတော်ကိုအိုးမည်းသုတ်နေသော အလဇ္ဇီရဟန်းတို့ကို ဆည်းကပ်ပူဇော်နေခြင်းသည် အဆိပ်ပင်ရေလောင်းခြင်းသာဖြစ်ကြောင်း သတိချပ်သင့်တယ်။ “ အသေဝနာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ။ ပူဇာ စ ပူဇနေယျာနံ ဧတံ မင်္ဂလမုတ္တမံ” ၊ “ လူမိုက်ကို မမှီဝဲမဆည်းကပ်ခြင်း၊ ပညာရှိသူတော်ကောင်းကို မှီဝဲဆည်းကပ်ခြင်း၊ ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မင်္ဂလာမည်၏” ဟု ဗုဒ္ဓက လမ်းညွှန်ခဲ့သည်။ မိမိတို့လိုက်နာသင့်သောကျင့်ဝတ်များကိုမလိုက်နာသည့်အပြင် ယုတ်ညံ့သိမ်ဖျင်းသောလုပ်ရပ်များကို လွန်ကျူးနေသူများသည် သင်္ကန်းခြုံထားသူပင်ဖြစ်လင့်ကစား ပညာရှိသူတော်ကောင်းမဖြစ်နိုင်။ လူမိုက်လူအန္ဓသာဖြစ်ပေလိမ့်မည်။ သို့ဖြစ်၍ ထိုသူများသည် ဆည်းကပ်ပူဇော်ထိုက်သူလည်း ဖြစ်မည်မဟုတ်ပေ။ ထိုသူများကိုဆည်းကပ်ပူဇော်သူများသည်လည်း ဗုဒ္ဓ၏အဆုံးအမကို သွေဖည်နေသူများပင် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့အနေနှင့် မိမိတို့ကိုးကွယ်ဆည်းကပ်နေသူများသည် ဝိနည်းစောင့်ထိန်းမှုမရှိသော အလဇ္ဇီဒုဿီလ ပေလား၊ ဝိနည်းစောင့်ထိန်းသော လဇ္ဇီပေသလ ပေလားဆိုသည်ကို ဉာဏ်ဖြင့်ပိုင်းခြား၍ ဗုဒ္ဓအလိုကျ မှီဝဲဆည်းကပ်သင့်လှပေသည်။ ။
ညိုထွန်း