(ဒီဆောင်းပါးကတော့ မသီတာ(စမ်းချောင်း) ရဲ့ “စစ်လား တော်လှန်ရေးလား” ဆောင်းပါးအပေါ် ဝေဖန်ပြီး ပြန်လည်ဆွေးနွေးထားတာဖြစ်ပါတယ်။ မသီတာ(စမ်းချောင်း)က “စစ်လား တော်လှန်ရေးလား” ဆောင်းပါးကို ပြီးခဲ့တဲ့ ဇန်နဝါရီလက ရေးသားခဲ့ပါတယ်။ ဆောင်းပါးကို ဖတ်ရှုလိုက်ရတဲ့အချိန်မှာ ပြန်ပြီးဆွေးနွေးချင်ခဲ့တာတွေရှိပေမယ့် စာရေးဖို့ အချိန်မရတာရယ်၊ နောက်ပြီး စိတ်လိုက်မာန်ပါ ဖြစ်နေမှာ စိုးတာရယ်ကြောင့် မရေးသားဖြစ်ခဲ့ပါဘူး။ အခုတော့ ရေးရမယ့် အကြောင်းအရာတွေနဲ့လည်း တိုက်ဆိုင်နေလို့ ဒီစာကို ရေးသားဖြစ်ပါတယ်။ ဒီနေရာမှာ ဆရာမ မသီတာ(စမ်းချောင်း) ရဲ့ ရပ်တည်ချက်ခိုင်မာတာ၊ အကြမ်းမဖက်လမ်းစဉ်အပေါ် တစိုက်မတ်မတ်လုပ်ဆောင်ခဲ့တာတွေနဲ့ နှစ်ပေါင်းများစွာ ကလောင်စွဲပြီး တက်ကြွလှုပ်ရှားခဲ့တဲ့ သမိုင်းကြောင်းတွေကို လေးစားတန်ဖိုးထားကြောင်းနဲ့ ဒီဝေဖန်ချက်က လူပုဂ္ဂိုလ်ထက် နောက်ကွယ်က စဉ်းစားချက်တွေကို ဦးတည်လိုကြောင်းသာ ဦးစွာပြောလိုပါတယ်။)
ဆောင်းပါးအကျဉ်းကတော့ “ဂျာမာန်” တယောက်ရဲ့ “နွေဦးတော်လှန်ရေးသည် တော်လှန်ရေးမဟုတ် ၊ စစ်ပွဲသာဖြစ်တယ်”ဆိုတဲ့ ထောက်ပြချက်ကို မသီတာကနေ ဆန့်ကျင်ကာ နွေဦးသည် တော်လှန်ရေးဖြစ်ကြောင်း ခုခံထားတာပါ။ မသီတာက တော်လှန်ရေးနဲ့ စစ်ပွဲကို ဘယ်လိုခွဲခြားသလဲဆိုတဲ့ အမြင်ကို အခုလိုရေးထားပါတယ်။
“စစ်နဲ့ တော်လှန်ရေးကို ဘယ်လိုခွဲသလဲဆိုတော့ လူထုရဲ့ အာခံမယ်၊ ဆန့်ကျင်မယ်ဆိုတဲ့ ငြင်းဆန်မှုကို ဘယ်တုန်းကနဲ့ ဘယ်လောက်ထိ ထင်သာမြင်သာ တွေ့ခဲ့ရလဲဆိုတဲ့အပေါ် မူတည်မယ်လို့ ယူဆပါတယ်။ တချို့’စစ်ပွဲ’တွေ ဖြစ်နေတာမှာ အဲဒီဒေသက လူထုရဲ့ ငြိမ်းချမ်းစွာ ငြင်းဆန်အာခံဆန့်ကျင်မှု ဘယ်လောက်ထိ ပီပီပြင်ပြင် ဖြစ်ခဲ့၊ ဖြစ်ခွင့်ရခဲ့ပြီး အဲဒီကနေမှ ရွေးချယ်စရာ မရှိတော့လို့ လက်နက်ကိုင်စစ်ရေးနည်းကို လုပ်ခဲ့ရတာလား၊ နဂိုကတည်းက လူထုရဲ့ သဘောဆန္ဒဟာ အဲဒီဒေသတွင်း ရှိနှင့်တဲ့ လက်နက်ကိုင်များရဲ့ အရိပ်အကဲအရ မီးစင်ကြည့်ကပြီး စစ်ထဲ ပါလာရတာလားဆိုတာမျိုး နှစ်ပိုင်း ရှိနေပါတယ်။”
အခြေခံအားဖြင့်တော့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဖိအားပေးမှုမပါဘဲ ပြည်သူလူထုရဲ့ ထောက်ခံမှု၊ အုံကြွမှုကနေ ဖြစ်တဲ့ လှုပ်ရှားမှုတွေက တော်လှန်ရေးဖြစ်တယ်ဆိုတဲ့အမြင်ပါ။ ဒါကတော့ “တော်လှန်ရေး”ဆိုတဲ့စကားလုံးကို မြန်မာစာမှာပဲဖြစ်ဖြစ် ၊ အင်္ဂလိပ်စာမှာပဲဖြစ်ဖြစ် ပုံစံအမျိုးမျိုးနဲ့အဓိပ္ပာယ်ဖွင့်ဆိုကြတော့ မသီတာရဲ့အမြင်ကို “မှားတယ်/မှန်တယ်” မပြောနိုင်ပါဘူး။ ဒေါက်တာစိုင်းလတ်ရဲ့ “ခုခံရေးလား တော်လှန်ရေးလား” စာစဉ်မှာဆိုရင် “စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး” စနစ်တွေကို အခြေခံကျကျပြောင်းလဲတာကို တော်လှန်ရေးအဖြစ် ရည်ညွှန်းပြီး အစိုးရအပြောင်းအလဲနဲ့ အပေါ်ယံအုပ်ချုပ်ရေး အစိတ်အပိုင်းပြောင်းလဲမှုကိုတော့ “တော်လှန်ရေးမဟုတ်တဲ့ တော်လှန်ရေးလှုပ်ရှားမှု”လို့ ဖွင့်ဆိုထားပါတယ်။ တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြားထဲမှာတောင်မှ တော်လှန်ရေးကို ဖွင့်ဆိုချက် မတူညီလှပါဘူး။ ဒါကြောင့် ဒီစာမှာတော့ တော်လှန်ရေးအဓိပ္ပာယ်ဖွင့်ဆိုချက်သတ်မှတ်ဖို့ထက် ဒီလိုမျိုး မသီတာဆောင်းပါးထဲမှာပါတဲ့ တော်လှန်ရေးဇာတ်ကြောင်းတွေရဲ့ သက်ရောက်မှုတွေကို တူးဆွဆန်းစစ်သွားဖို့ရည်ရွယ်ပါတယ်။
၁။ “ရွေးချယ်စရာမရှိ” တော်လှန်ရေး
ပထမဆုံးထောက်ပြချင်တာကတော့ “ရွေးချယ်စရာမရှိ” ဆိုတဲ့အယူအဆပါ။ ဒီနေရာမှာ မသီတာကတော့ ပြည်သူတွေက ရွေးချယ်စရာမရှိလို့ စစ်ရေးနည်းလမ်းကို ရွေးချယ်ရတယ်ဆိုတဲ့ ဇာတ်ကြောင်းကို အခြေပြုစဉ်းစားထားတာပါ။ ပြည်သူတွေရဲ့ စိတ်ပိုင်းဖြတ်မှု၊ ငြင်းဆန်လိုမှုကြောင့် တနည်းအားဖြင့် လူထုရဲ့ ရွေးချယ်မှုဖြစ်တဲ့အတွက် တော်လှန်ရေးဖြစ်လာတယ်ဆိုတဲ့ သဘောကိုလည်း မီးမောင်းထိုးထားပါတယ် ။ ဒါပေမယ့် ဝိရောဓိဖြစ်စရာကတော့ တခြားရွေးစရာမရှိလို့ တခုခုကိုမျက်စိမှိတ်ရွေးချယ်လိုက်ရတာက ရွေးချယ်မှုလို့ကော ခေါ်နိုင်ရဲ့လားဆိုတာပါ။
ပိုပြီးထူးခြားတာက မသီတာအနေနဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဖိအားပေးမှုကို ထည့်သွင်းစဉ်းစားပေမယ့် အခြားသောနိုင်ငံရေးအဖွဲ့အစည်းတွေ၊ ပညာရှင်/တက်ကြွလှုပ်ရှားသူ/ဆယ်လီလော်ဘီအသီးသီးရဲ့ “စစ်ပွဲမှတပါး ရွေးချယ်စရာမရှိ” “တော်လှန်ရေးကအချိန်ပိုင်းအတွင်းနိုင်တော့မယ်” “နိုင်ငံတကာအကူအညီလာတော့မယ်” ဆိုတဲ့ဝါဒဖြန့်ချိမှုတွေ၊ ပုံသွင်းမှုတွေကိုတော့ လွှမ်းမိုးမှုလို့ ထည့်သွင်းမစဉ်းစားထားတာပါပဲ။
ဒါ့အပြင်မသီတာရဲ့ ဆောင်းပါးထဲမှာဆိုရင်လည်း ဒီလိုမျိုး လွတ်လပ်စွာ ရွေးချယ်ခွင့်မပေးတာ၊ တနည်းအားဖြင့် တော်လှန်ရေးမှတပါး အခြားရွေးချယ်တဲ့လူတွေကို တံဆိပ်တပ်ဖိအားပေးတဲ့အသွင်တွေ တွေ့နိုင်ပါတယ်။ ဥပမာအားဖြင့် ပြည်ပရောက်သုတေသီတဦးက သူရဲ့ဒေသမှာ လူတွေခြေကုန်လက်ပန်းကျနေပြီဆိုပြီးပြောတဲ့အပေါ် မသီတာက အခုလိုပြန်ပြောခဲ့ပါတယ်။
“အဲဒီသုတေသီ နေထိုင်ရာဒေသက လူတွေဟာ ကိုယ့်သဘောဆန္ဒနဲ့အညီ မဟုတ်တဲ့ အုပ်ချုပ်သူအပေါ် ဆန့်ကျင်ငြင်းဆန်အာခံဖို့ အားထုတ်ခဲ့တာမျိုး လုံလုံလောက်လောက် မရှိခဲ့တဲ့အတွက် ‘စစ်’ပွဲတွေရဲ့ သက်ရောက်မှုကို မခံနိုင်ဖြစ်နေတာမျိုးပေါ့။ တခြားဒေသတွေမှာ နေရပ်စွန့်ခွါနေရသူတွေ စစ်ပွဲတွေရဲ့ သက်ရောက်မှုကို ခံနေရသူတွေ အများအပြား ရှိပေမဲ့ အံကြိတ်ခံနေကြတာကိုလည်း အံ့ဩလေးစားစွာ တွေ့မြင်နေရပါတယ်။”
ဒီစာမှာဆိုရင် စစ်ပွဲတွေရဲ့ သက်ရောက်မှုဒါဏ်ကို ခံနေရတဲ့လူတွေအပေါ် လေးစားတယ်လို့မြင်နိုင်သလို တဖက်မှာလည်း ဒါက အဲလိုမျိုး အံကြိတ်မခံဘဲ စစ်ပွဲအပေါ် ညည်းညူမယ်ဆိုရင် အပေါ်က “မခံနိုင်”ဖြစ်နေတဲ့ အမျိုးအစားထဲ သွတ်သွင်းခံရမယ်လို့ အနုနည်းနဲ့ စည်းတား၊ ခြိမ်းခြောက်လိုက်တာပါပဲ။ အဲဒီသုတေသီရဲ့ ဒေသကို မသိရှိရပေမယ့် အခုစစ်ပွဲဖြစ်နေတဲ့နေရာတိုင်းက စစ်ဘေးကိုခံတဲ့ပြည်သူတွေထဲမှာ စစ်ပွဲကို မကျေနပ်ချက်တွေ၊ လက်နက်ကိုင်အဖွဲ့တွေကို မကြိုဆို မနှစ်မြို့တဲ့အသံတွေ ဒုနဲ့ဒေးပါပဲ။ ဒါတွေကို သိမ်းကြုံးပြီး “သူရဲကောင်း”နဲ့ “မဆန့်ကျင်သူ” အုပ်စုနှစ်စုခွဲလိုက်တာကိုလည်း သတိပြုရပါတယ်။ ဘယ်စစ်ပွဲမှာပဲဖြစ်ဖြစ် မိဘတွေက သူတို့ရဲ့ သားသမီးတွေကို မထိခိုက်စေချင်ပါဘူး၊ မြို့ခံလူတွေက သူတို့မြို့ကို အထိမနာစေချင်ကြပါဘူး။ မြေပြင်မှာ တိုက်ခိုက်သတ်ဖြတ်မှုတွေနဲ့ သေဆုံးမှုတွေကို နေစဉ်နဲ့အမျှထိတွေ့နေရတဲ့ ဘက်အသီးသီးက စစ်သည်ရဲဘော်တွေကလည်း စစ်ပွဲအပေါ် စိတ်ပျက် ခြေကုန်လက်ပုန်းကျနေကြတတ်တာ သဘာဝပါပဲ။ ရွေးချယ်စရာမရှိလို့ဆိုပေမယ့် လက်တွေ့မှာတော့ ငွေကြေး/အဆက်အသွယ်/အာဏာ ကွာခြားမှုအပေါ်မူတည်ပြီး ရွေးချယ်စရာအမျိုးမျိုးနဲ့ အကျိုးခံစားခွင့်တွေမတူညီကြတာကို မကွယ်မဝှက်တန်း တွေ့မြင်နေရတာပါပဲ။ တွဲစပ်ပြီးမြင်ကြည့်မယ်ဆိုရင် ဒီလိုမျိုး တသီးပုဂ္ဂလအသံတွေကို ပိတ်ဆို့ပြီး တခုတည်းသော “ရွေးချယ်စရာမရှိ” ဇာတ်လမ်းကို ဖန်တီးဖို့က စစ်ခေါင်းဆောင်တွေရဲ့ အာဏာရှင်စနစ်ဖြစ်သလို တစ်ဖက်မှာလည်း ယန္တရားအထက်က အီလစ်တွေနဲ့ ဆိုရှယ်မီဒီယာက လူအုပ်ကြီးရဲ့ “တော်လှန်ရေး” ဖြစ်နေပြီလား မေးခွန်းထုတ်စရာပါပဲ။ ဒါကြောင့်ဒီနေရာမှာ “ရွေးချယ်စရာမရှိလို့လုပ်ရတာက တော်လှန်ရေးလား”၊ “ဘယ်သူတွေက ရွေးချယ်စရာမရှိဘဲ တော်လှန်ရေးလုပ်လိုက်ရလဲ” “ ဒီလိုမျိုး ရွေးချယ်စရာမရှိဇာတ်လမ်းကို ဘယ်သူတွေက ရွေးချယ်ပြီး ဖန်တီးနေကြတာလဲ”ဆိုတဲ့ မေးခွန်းတွေကို လေးလေးနက်နက် ပြန်ပြီးဆင်ခြင်သင့်ပါတယ်။
၂။ မျက်နှာနှစ်ဖက် တော်လှန်ရေး
မသီတာအနေနဲ့ ဒီဆောင်းပါးမှာ တဖက်က ချေပတဲ့လူတွေကို ရည်ညွှန်းတဲ့အခါ “ဂျာမာန်” “ပြည်ပရောက်သုတေသီ” ဆိုတဲ့အသုံးတွေကို ရည်ရွယ်ချက်ရှိရှိ သုံးနှုန်းတာလို့ အောက်မေ့ပါတယ်။ စာရဲ့တနေရာမှာလည်း “အပြင်လူရဲ့ မျက်လုံးမှာ တော်လှန်ရေး လုပ်နေတာလား၊ စစ်သက်သက် ဖြစ်နေတာလားဆိုတာ မသဲကွဲရတာလို့လည်း ဆင်ခြင်မိပါတယ်။” လို့ပြောထားပါတယ်။ ဆက်စပ်ကြည့်ရင် ဒါက “အတွင်းလူ ၊ အပြင်လူ” ဆိုတဲ့သရုပ်လက္ခဏာတွေအပေါ်မှာ အခြေပြုစဉ်းစားထားတယ်လို့ ကောက်ချက်ချရပါတယ်။
ဒီ အတွင်းလူ/အပြင်လူ အကွဲအဟ တနည်းအားဖြင့် “အပြင်ကလူတွေက အတွင်းလူတွေရဲ့အခြေအနေကို နားမလည်ပါဘူး”ဆိုတဲ့ဇာတ်ကြောင်းဟာ အခုမှဖြစ်လာတဲ့ ဇာတ်ကြောင်းတော့ မဟုတ်ပါဘူး။ ခေတ်အဆက်ဆက် မြန်မာလူ့အဖွဲ့အစည်းအနေနဲ့ ကိုယ့်ပြဿနာကို ကိုယ်မဖြေရှင်းနိုင်၊ နိုင်ငံတကာကို အကူအညီတောင်း၊ နိုင်ငံတကာရောက်တဲ့လူတွေကို ပိုပြီးအထင်ကြီး၊ ဘိုတွေပြောမှ သို့မဟုတ် ဘိုလိုပြောမှ မှန်ကန်တယ်လို့ သတ်မှတ်ကြတဲ့ အခြေအနေမှာ ပြည်တွင်းမှာကျန်ခဲ့တဲ့လူတွေ (ပြည်ပရောက်တဲ့လူတွေလည်းပါနိုင်ပါတယ်) အတွက် သူတို့ရဲ့ အစုအဖွဲ့အလိုက် သိမ်ငယ်စိတ်၊ အငုံ့စိတ်၊ အထီးကျန်စိတ်တွေကို ဖြေသိမ့်ဖို့ ဆန့်ကျင်ဘက်ဇာတ်ကြောင်းလိုလာပါတယ်။ ဒါကတော့ အပြင်ကလူတွေ နားမလည်ဘူးဆိုတာပါပဲ။ ဒီနေရာမှာ အဓိကထောက်ပြချင်တာကတော့ တဖက်ကတော့ အထင်ကြီးပြီး တဖက်ကတော့ ဘာမှမဟုတ်ပါဘူးဆိုတဲ့ ဆန့်ကျင်ဘက်အမြင်နှစ်ခုက တကယ်တမ်းမှာတော့ အပြန်အလှန်အားဖြည့်ပံ့ပိုးနေတဲ့ ဇာတ်ကြောင်းတခုတည်းရဲ့ အစိတ်အပိုင်းနှစ်ခုပါပဲ။ (ဒါက ပြည်တွင်းပြည်ပဆိုပြီး အလွှာနှစ်ခုပဲရှိနေတာတော့မဟုတ်ပါဘူး။ ကျေးလက်မြို့ပြ၊ သာမာန်ပြည်သူနဲ့ ပညာရှင်၊ လက်နက်ကိုင်သူနဲ့ လက်နက်မကိုင်သူ စသဖြင့် အလွှာအဆင့်ဆင့်၊ အသွင်အမျိုးမျိုးမှာလည်း ထိုနည်းလည်းကောင်း အတွင်းအပြင် ကွဲဟမှုတွေကို တွေ့မြင်ရမှာပါ)
ဒီလိုမျိုး “အတွင်းလူ/အပြင်လူ” ဇာတ်ကြောင်းကနေ ဦးတည်နေတာကတော့ မျက်နှာနှစ်ဖက် တော်လှန်ရေးပါပဲ။ အပြင်ဘက်ခြမ်းမှာတော့ နိုင်ငံတကာရဲ့ ထောက်ခံမှု၊ ပံ့ပိုးမှုရအောင် နိုင်ငံတကာစံနှုန်းတွေကို စာရွက်တွေ၊ ထုတ်ပြန်ချက်တွေ၊ မီဒီယာတွေမှာ တွင်တွင်ကျယ်ကျယ်သုံးပေမယ့် ကိုယ့်သက်ဆိုင်ရာ အတွင်းအစုအဖွဲ့တွေမှာတော့ မြန်မာနည်းမြန်မာဟန်နဲ့ လုပ်ရမယ်ဆိုတဲ့အမြင်မျိုးက အရှိန်အဟုန်နဲ့ ရေပန်းစားလာပါတယ်။ ဒီလိုမျိုး မျက်နှာနှစ်ဖက်ဖြစ်ရတာက မတူညီတဲ့အာဏာအခြေအနေတွေကြောင့်ပါပဲ။ တော်လှန်ရေးကိုဦးဆောင်သူတွေ၊ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံတကာရဲ့ စောင့်ရှောက်မှု၊ ထောက်ပံ့မှုတွေနဲ့ မှီခိုလုပ်ဆောင်မှုများလာတဲ့အခါမှာ အရှေ့မှာတော့ ခေါင်းညိတ်လက်ခံပြီး နောက်ကွယ်မှာတော့ သူတို့တွေ နားမလည်ပါဘူးဆိုတဲ့ အလေ့အထ ကောင်းလာတာပါပဲ။ မသီတာရဲ့စာမှာပါတဲ့ “နွေဦးကာလအတွင်းမှာ ‘စစ်’နဲ့ ‘တော်လှန်ရေး’ ရောထွေးနေတယ်လို့ အပြင်လူက မြင်နေတာတွေကိုလည်း နားလည်ပေးလိုက်ပါတယ်။” ဆိုတဲ့ရေးသားချက်မှာဆိုရင်လည်း ဒီကိစ္စအပေါ် အပြန်အလှန်ဆွေးနွေးနားထောင်(ဒိုင်ယာလောခ့်)လုပ်ဖို့ထက် သူတို့ကို နားမလည်သေးပါဘူးဆိုပြီး “နားလည်ပေး”ပြီး အတွင်းလူတွေကြားထဲပဲ ပြောကြတာပေါ့ ဆိုတာကလည်း ဒီ မျက်နှာနှစ်ဖက်သဘောတရားပါပဲ။
ပြောရရင် ပြည်တွင်းရှိ/ပြည်ပရောက် ၊ နိုင်ငံသား/နိုင်ငံခြားသား၊ အတွင်းလူ/အပြင်လူ – ခွဲခြားမှုတွေက မတူညီတဲ့ တည်ရှိမှု၊ အခွင့်ခံစားမှုတွေနဲ့ အတွေ့အကြုံတွေကို နားလည်ဖို့ ထည့်သွင်းစဉ်းစားရမှာမှန်ပါတယ်။ ဒါပေမယ့် ဒီတခုတည်းပဲ စဉ်းစားလို့လည်းမရနိုင်ပါဘူး။ ဥပမာအားဖြင့် နိုင်ငံခြားသားဆိုတဲ့အထဲမှာ မြန်မာ့အရေးကို သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်း သို့မဟုတ် မဲဆွယ်ဖို့ ဓာတ်ပုံတခုအဖြစ် မြင်တဲ့လူတွေရှိမှာဖြစ်သလို တစ်ဖက်မှာလည်း စိတ်ရင်းစေတနာနဲ့ အတူရပ်တည်လိုသူတွေ၊ အတွင်းကျကျလေ့လာနားလည်ထားသူတွေရှိနေနိုင်ပါတယ်။ (တကယ်တမ်းကတော့ လူတယောက်ထဲမှာကို ရည်ရွယ်ချက်အမျိုးမျိုးက အချိန်နဲ့အမျှ ပြောင်းလဲဖြစ်တည်နိုင်သေးတာပါပဲ) နောက်ပြီး “ပြည်တွင်းရှိ၊ နိုင်ငံသား၊ အတွင်းလူ”စတဲ့ဗဟိုပြုချက်တွေရဲ့လားရာကို ကြည့်လိုက်ရင် စစ်တပ်နဲ့ အမျိုးသားရေးအစွန်းရောက်တို့ရဲ့ အပိတ်စဉ်းစားချက်ဆီကို ပြန်ရောက်သွားမှာပါပဲ။ ဥပမာတခုအနေနဲ့ စဉ်းစားကြည့်မယ်ဆိုရင် မသီတာဆိုရင်လည်း လက်ရှိပြည်ပရောက်နေတာဖြစ်တဲ့အတွက် မိမိကိုယ်ကို ပြည်ပရောက်စာရေးဆရာ/ ပြည်ပရောက်တက်ကြွလှုပ်ရှားသူဆိုတဲ့ အမှတ်သရုပ်ကိုင်စွဲသလား။ အဲဒီကနေမှ အတွင်းလူလား ၊ အပြင်လူလား ဘယ်လိုသတ်မှတ်သလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဒါကြောင့် အမှတ်သရုပ်ကနေ ကိုင်စွဲပြီး သိမ်းကြုံးကောက်ချက်ချတာထက် အာဏာပါဝါတွေရဲ့ လွှမ်းမိုးမှုအတားအဆီးနဲ့ အမှတ်သရုပ်တွေရဲ့ စည်းတားမှုတွေကို ကျော်လွန်ပြီး မတူညီတဲ့ဖြစ်တည်မှု၊ ထောက်ပြချက်အယူအဆတွေကို အပြန်အလှန် ဆွေးနွေးနားထောင်တဲ့အလေ့အထ တည်ဆောက်ဖို့လိုပါတယ်။ ဒါမှသာ ကွဲဟမှုထက် အတူတကွလက်တွဲပေါင်းစည်းမှု (solidarity) ကိုရှေးရှုစေမှာပါ။
၃။ နာဇီတော်လှန်ရေး
မသီတာရဲ့ဆောင်းပါးမှာ စစ်နဲ့တော်လှန်ရေးကိုခွဲခြားတဲ့ ဥပမာအနေနဲ့ ဂျာမနီက နာဇီဟစ်တလာအကြောင်းကို ထည့်သွင်းထားပါတယ်။ ဆိုလိုရင်းကတော့ အဲကာလမှာ ဂျာမာန်ပြည်သူတွေရဲ့ အာဏာရှင်ဆိုးကို ဖြုတ်ချမယ်ဆိုတဲ့ တော်လှန်ရေးဝိညာန်မရှိတဲ့အတွက်ကြောင့် ဟစ်တလာကို အနိုင်ယူသွားတာက မဟာမိတ်တပ်တွေရဲ့ စစ်ရေးသက်သက်နည်းလမ်းသာဖြစ်ကြောင်း ဆိုတာပါ။
ဒါကတော့ ရိုးရှင်းတဲ့အမြင်တခုနဲ့ချည်းကပ်တာဖြစ်ပါတယ်။ ဒီနာဇီဖြစ်စဉ်ကိုပဲ ပိုမိုကျယ်ပြန့်တဲ့အမြင်တခုနဲ့ ချည်းကပ်လို့လည်းရပါသေးတယ်။ အဲဒီကာလ ဂျာမာန်ပြည်သူတွေရဲ့ အခြေအနေနဲ့ ဘာကြောင့် ဟစ်တလာကို ထောက်ခံမှုက အရှိန်အဟုန်ကြီးနေသလဲဆိုတဲ့အကြောင်းရင်းကလည်းရှိနေပါတယ်။ ဒါကတော့ ဂျာမာန်ပြည်သူတွေအနေနဲ့ ပထမကမ္ဘာစစ်မှာစစ်ရှုုံးတဲ့အချိန်မှာ စစ်နိုင်မဟာမိတ်နိုင်ငံတွေရဲ့ ဖိနှိပ်မှုကို အလူးအလဲခံနေရပါတယ်။ အဲဒါကြောင့် သူတို့အပေါ် ဖိနှိပ်၊ ခေါင်းပုံဖြတ်တဲ့ “အာဏာရှင်”တွေကို ပုန်ကန်ဖို့လုပ်ဆောင်ရင်းနဲ့ ဟစ်တလာရဲ့ နာဇီအယူအဆကို ပြည်သူတွေက တခဲနက်အားပေးလာတာပါပဲ။ ဒီတော့ နိုင်ငံတခုဆိုတဲ့ ဘောင်ကိုကျော်လိုက်ပြီး ဥရောပတခုလုံးရဲ့ နိုင်ငံရေးစနစ်အနေနဲ့ကြည့်မယ်ဆိုရင် နာဇီတွေရဲ့လှုပ်ရှားမှုက ပြည်သူအများစုရဲ့ထောက်ခံမှု၊ အုံကြွမှုကနေ လာတာဖြစ်တဲ့အတွက် မသီတာဖွင့်ဆိုတဲ့ တော်လှန်ရေးထဲအကျုံးဝင်ပါလိမ့်မယ်။
ဒီနေရာမှာ နာဇီတွေရဲ့ ရက်စက်မှု၊ အကျည်းတန်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေကို ဂျာမာန်ပြည်သူတွေက ဘာကြောင့် မတားဆီးနိုင်ရတာလဲ။ အကြောင်းကတော့ သူတို့ဦးတည်ထားတဲ့ လူ့ဘောင်သစ်ကိုသွားဖို့အတွက် ဆန့်ကျင်သူ/ဝေဖန်သူတွေကို ဖိနှိပ်ရမယ်၊ တခုတည်းသော ရွေးချယ်စရာမရှိတဲ့ တော်လှန်ရေးဇာတ်ကြောင်းသာလျှင် ဂျာမာန်အားလုံးရဲ့ အမှတ်သရုပ်ဖြစ်ရမယ်ဆိုတဲ့အမြင်က ဂျာမာန်လူ့အဖွဲ့အစည်းထဲမှာ ကျယ်ကျယ်ပြန့်ပြန့်အားကောင်းနေလို့ပါပဲ။ ဒီအယူအဆတွေ စတင်သန္ဓေတည်တဲ့အချိန်မှာ မျှတတဲ့အမြင်ရှိတဲ့ ဂျာမာန်တွေအနေနဲ့ တားဆီးဖို့အခွင့်အရေးရှိခဲ့ပေမယ့် လုံလုံလောက်လောက်ဝေဖန်ထောက်ပြမှုမလုပ်ခဲ့ဘဲ နှုတ်ဆိတ်နေခဲ့တာကလည်း နာဇီတွေကို မထိန်းကျောင်းနိုင်ခဲ့တဲ့ အဓိကအကြောင်းအရင်းဖြစ်ပါတယ်။
ထို့နည်းလည်းကောင်းပဲ နောက်ဆုံးပိတ်ရလဒ်ရဖို့ နည်းလမ်းမရွေးသုံးရမယ်ဆိုတဲ့အယူအဆက နွေဦးတော်လှန်ရေးမှာလည်း တွေ့နိုင်ပါတယ်။တော်လှန်ရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေအနေနဲ့ နိုင်ငံတကာနဲ့မီဒီယာထက်မှာ “အာဏာရှင်စနစ် အလုံးစုံပပျောက်ရေး”လို့ပြောပေမယ့် လက်တွေ့မှာတော့ “ဘုံရန်သူအရင်တိုက်” ဆိုတဲ့ကြွေးကြော်သံအောက်မှာ မင်းအောင်လှိုင်ဦးစီးတဲ့ စစ်အုပ်စုကလွဲရင် အခြားသော တိုင်းရင်းသား+ အရပ်သား+ ထွန်းသစ်စ – စစ်အာဏာရှင်တွေ၊ အာဏာရှင်စနစ်နဲ့ အာဏာရှင်အပြုအမှုတွေကို တော်လှန်ရေးအကျိုးစီးပွားထောက်ထားပြီး မျက်နှာလွှဲထားတာ၊ ဖုံးဖုံးဖိဖိ ထိန်ချန်ပေးထားကြတာကိုလည်း သတိပြုမိပါတယ်။ နွေဦးတော်လှန်ရေးမတိုင်ခင် မကြာသေးတဲ့အချိန်က ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုတွေမှာဆိုရင်လည်း ပြည်သူတွေအများစုက နာဇီဂျာမာန်တွေအလားတူ ထောက်ပြသူကို ရန်သူအဖြစ်သတ်မှတ်တာ၊ ထောက်ပြသူတွေကို ပုံစံအမျိုးမျိုးနဲ့ ဖိနှိပ်ခြိမ်းခြောက်ကြတာကို အထင်းသား တွေ့မြင်ရမှာပါ။
ဒီနေရာမှာ ဂျာမာန်တွေးခေါ်ပညာရှင် Karl Jaspers ရေးတဲ့ “The question of German guilt” နဲ့ ချိတ်ဆက်ဆွေးနွေးချင်ပါတယ်။ ဒီစာအုပ်မှာဆိုရင် နာဇီခေတ်ဂျာမနီကို “Criminal State- ရာဇဝတ်သားနိုင်ငံ” လို့သုံးထားပါတယ်။ တနိုင်ငံလုံးကပြည်သူတွေအနေနဲ့ နာဇီတွေရဲ့ ကျူးလွန်မှုတွေကို မတားဆီးနိုင်တဲ့အတွက်ကြောင့် အားလုံးက အပြစ်မကင်းမှု ရှိနေတာကြောင့်ပါ။ ဒါကို ဘယ်လိုဖြေရှင်းကြမလဲဆိုရင်တော့ ဂျာမာန်တွေရဲ့ အမှတ်သရုပ်ကို နက်နက်ရှိုင်းရှိုင်း ပြန်လည်ဆင်ခြင်မှုပြီးတော့ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ဒီလိုမျိုးဖြစ်ရပ်နဲ့တွေ နောက်မဖြစ်အောင် သင်ခန်းစာယူဖို့ တိုက်တွန်းထားပါတယ်။ ဒီလိုမျိုးဆင်ခြင်တဲ့အခါမှာလည်း အာဏာပါဝါရဲ့ လွှမ်းမိုးမှုအတားအဆီးတွေကို ကျော်လွန်ပြီး အပြန်အလှန် ရိုးသားပွင့်လင်းစွာ ဆွေးနွေးခြင်းကနေပဲ အတိတ်ကနေ လွတ်မြောက်နိုင်မယ်လို့ Karl ကရေးထားတာပါ။
ဆက်စပ်ပြီးစဉ်းစားမယ်ဆိုရင် လက်ရှိမြန်မာနိုင်ငံအခြေအနေကလည်း ရာဇဝတ်သားနိုင်ငံပါပဲ။ လူမျိုးတုန်းသတ်ဖြတ်မှု၊ ဥပဒေမဲ့သတ်ဖြတ်မှု၊ မူးယစ်ဆေးဖြန့်ချိမှု၊ အွန်လိုင်းလိမ်လည်မှုစသဖြင့် ပြည်တွင်းမှာဖြစ်စေ၊ ကမ္ဘာကိုဖြစ်စေ ရာဇဝတ်မှုတွေကို ဖန်တီးထုတ်လုပ်တဲ့နိုင်ငံ ရောက်ရှိနေပါပြီ။ ပြန်ပြီးပြောစရာရှိတာက ဒီလိုမျိုးလုပ်ရပ်တွေကို လုပ်ဆောင်နေတာက ဗမာစစ်တပ် ဒါမှမဟုတ် တခြားလက်နက်ကိုင်အဖွဲ့နဲ့ အာဏာပါဝါရှိကြသူတွေမဟုတ်လားလို့ စောဒကတက်နိုင်ပါတယ်။ ဒီနေရာမှာ ထောက်ပြချင်တာက ဒီအဖွဲ့တွေက စတင်ချိန်မှာ သူတို့ရဲ့ တော်လှန်ရေးရပ်တည်ချက်တွေကို ပြည်သူတွေကို ထောက်ခံအားပေးခဲ့ကြလို့ အခုလိုမျိုး အင်အားကြီးလာနိုင်တာပဲဖြစ်ပါတယ်။ ဒီတော့ ပြည်သူတွေအနေနဲ့ ဘာကြောင့်ဒီလိုမျိုး အာဏာရှင်တွေဖြစ်လာအောင် မွေးမြူထောက်ပံ့ကြတာလဲ။ ဘာကြောင့် အထိန်းအကွပ်မဲ့ဖြစ်နေကြတာလဲဆိုတာကို စဉ်းစားသင့်ပါတယ်။
ဒါပေမယ့် နွေဦးတော်လှန်ရေးကြီးအနေနဲ့ ဂျာမာန်တွေလုပ်ဆောင်ခဲ့သလို ပြန်လည်ဆင်ခြင်မှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုတွေပါဝင်တဲ့ တရားမှုတမှုနဲ့ ပြန်လည်ပေါင်းစည်းရေးကို ရှေးရှုနေသလားဆိုတာကလည်း ရတတ်မအေးစရာပါပဲ။ NUG ဝန်ကြီးချုပ်ဆိုရင် ရိုဟင်ဂျာကိစ္စမှာ NLD ဦးဆောင်သူများအနေနဲ့ မသိလို့လုပ်ဆောင်ခြင်းသာဖြစ်တယ်လို့ ရယ်ကာမောကာ ဖြေဆိုသွားတာကို တွေ့ရမှာပါ။ နောက်ပြီး NUG ထုတ်ပြချက်တခုမှာဆိုရင် စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေမှာ ပူးပေါင်းပါဝင်သူအားလုံးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖြစ် အရေးယူသွားမယ်ဆိုပြီး ထုတ်ပြန်တာကလည်း စိုးရိမ်စရာပါပဲ။ ဟန်ချက်ညီညီပါပဲ မကြာသေးခင်က ကရင်နီပြည်နယ်ကောင်စီကလည်း လွိုင်ကော်တက္ကသိုလ်က ပညာရေးဝန်ထမ်းနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို မတရားအသင်းဆက်သွယ်မှုပုဒ်မနဲ့ လူအများရှေ့မှောက် ကြားနာစစ်ဆေးခြင်းမရှိဘဲ ဖိနှိပ်အရေးယူသွားတာကိုလည်း တွေ့မြင်နေရပါတယ်။ (မတရားအသင်းဆက်သွယ်မှုပုဒ်မဆိုတာ လိုရင်လိုသလို အဓိပ္ပာယ်ဖွင့်ဆိုပြီး အရေးယူနိုင်တာမဟုတ်ပါလား)
တော်လှန်ရေးက မွေးမြူပေးလိုက်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ ပြီးခဲ့တဲ့အာဏာရှင်တွေအတိုင်း လိုရာဥပဒေနဲ့ ငါတို့ဘက်မဟုတ်သူတွေကို အကြမ်းဖက်တံဆိပ်ကပ် အရေးယူအပြစ်ပေးခြင်းကိုပဲ တရားမျှတမှုလို့ထင်လာတဲ့အခြေအနေဟာ နောက်တချိန်ဒီမိုကရေစီလူ့အဖွဲ့အစည်းကို ရောက်ရှိစေပါ့မလား။ ဒီလိုမျိုး ပဋိပက္ခတွေ၊ စိတ်ဒါဏ်ရာတွေ၊ မယုံကြည်မှုတွေပြည့်နှက်နေတဲ့ လူ့အဖွဲ့အစည်းမှာ အပြစ်ပေးခြင်းကိုဦးတည်တဲ့ တရားမျှတမှု(Retributive Justice) ကတော့ တစ်ဖက်သားကို နာကျင်လိုမှုတွေ၊ လက်စားချေမှုတွေနဲ့ အာဏာရှင်ဖြစ်တည်မှုတွေကိုပဲ အားကောင်းစေမှာပါပဲ။
ဒါကြောင့် တော်လှန်ရေးလို့ပြောတာနဲ့ ပိုပြီးလွတ်လပ်မျှတတဲ့ပြောင်းလဲမှုကို ဦးတည်ဖော်ဆောင်နေကြတယ်လို့ မျက်လုံးမှိတ်ပြီး ယုံကြည်လို့မရနိုင်ပါဘူး။ နာဇီတွေလိုပဲ မြန်မာနိုင်ငံက အာဏာရှင်အမျိုးမျိုးကလည်း တော်လှန်ရေးခေါင်းစဉ်နဲ့ အာဏာရယူခဲ့ကြတာပါပဲ။ ဒီနေရာမှာ တခါထပ်ပြီး တော်လှန်ရေးဆိုတဲ့ ဇာတ်ကြောင်းတည်ဆောက်မှုအောက်ထဲက ဖိနှိပ်မှု၊ ခွဲခြားပုံသွင်းမှုတွေကို ဦးတည်စေနိုင်တဲ့ “တခုတည်းသော” “ရွေးချယ်စရာမရှိ” “အတွင်းလူ/အပြင်လူ” “မျက်နှာနှစ်ဖက်” စတဲ့တော်လှန်ရေးဇာတ်ကြောင်းတွေရဲ့ သက်ရောက်မှုအတိုင်းအတာကိုလည်း သတိပြုဖို့လိုပါတယ်။
ပြန်ခြုံရမယ်ဆိုရင် တခြားနိုင်ငံတွေက ဖြစ်ရပ်တွေနဲ့ နှိုင်းယှဉ်လေ့လာတဲ့အခါ မင်းတို့က တော်လှန်ရေးမဟုတ်၊ ငါတို့သာ တော်လှန်ရေးဖြစ်တယ်ဆိုတာထက်ကို ပိုပြီးစဉ်းစားသင့်ပါတယ်။ ဘာကြောင့် ဒီလိုမျိုး အဲအချိန်က အကျည်းတန်တဲ့ ဖြစ်ရပ်ဆိုးတွေဖြစ်ခဲ့ရတယ်၊ ဒါတွေကို လူ့အဖွဲ့အစည်းတခုလုံးကို ဘယ်လိုမျိုး ပြန်လည်ဆင်ခြင်ပြီး အနာဂတ်သစ်ကိုတည်ဆောက်ကြတယ်ဆိုတာအထိ ဆင်ခြင်ပြီး သင်ခန်းစာယူနိုင်မယ်ဆိုရင်တော့ နွေဦးတော်လှန်ရေးအတွက် အကျိုးများပါလိ့မ်မယ်။ ရှေ့ကဆိုခဲ့တဲ့ မြန်မာ့လူအဖွဲ့အစည်းရဲ့ လက်ရှိမှာတွေ့ကြုံနေရတဲ့ အဆိုးကျော့သံသရာကို ဖြတ်တောက်နိုင်ဖို့က ပြည်သူတွေအနေနဲ့ ဒီအာဏာရှင်တွေကို ဖြစ်တည်လာအောင် မိမိတို့ပါဝင်ထောက်ခံခဲ့တဲ့အပိုင်းတွေကို တာဝန်ယူမှုအသိနဲ့ ပြောင်းလဲပြင်ဆင်နိုင်မှပဲ အာဏာရှင်တွေကို ဖြိုချဖို့ အာဏာရှင်အသစ်တွေကို ဖန်တီးပေးနေရတဲ့ “သမင်းမွေးရင်း ကျားစားရင်း” အဖြစ်တွေကနေ လွတ်မြောက်နိုင်ပါလိမ့်မယ်။
ကိုးကား
- မသီတာ(စမ်းချောင်း) “စစ်လား တော်လှန်ရေးလား”
- မသီတာ(စမ်းချောင်း) “ဘယ်လိုလူ့အဖွဲ့အစည်းမျိုးကို တကယ် နေချင် ထူထောင်ချင်ကြတာလဲ”
- Sai Latt “ခုခံရေးလား တော်လှန်ရေးလား”
- Karl Jaspers “The Question of German Guilt”
- RFA “လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် အပါအဝင် ငါးဦး ထောင်ဒဏ်နဲ့ ငွေဒဏ်ချမှတ်ခံရ”
- Myanmar Now – “ရန်၊ ငါ ပြတ်အောင် သူ(ဒေါ်အောင်ဆန်းစုကြည်) လုပ်လိုက်တာ”− မန်းဝင်းခိုင်သန်း
- NUG – “ အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်းလုပ်ငန်းများတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းမပြုရန်တားမြစ်မိန့် “