၂၀၂၃ ကိုပြန်လည်အောက်မေ့ခြင်း

မကြာခင်မှာ ၂၀၂၃ ကုန်ကာ ၂၀၂၄ ရောက်ရှိတော့မှာဖြစ်ပါတယ်။ ဒီလိုနှစ်သစ်ကူးကာလမှာ Freedom Fighter Myanmar ရဲ့ ၂၀၂၃ အတွင်းလုပ်ဆောင်ခဲ့တာတွေအပေါ် ပြန်လည်ဆန်းစစ်ချက်တွေနဲ့ ရှေ့ဆက်လုပ်ဆောင်ဖို့ စီစဉ်ထားတဲ့အရာတွေကို FFM ရဲ့စာဖတ်ပရိသတ်တွေကို ဆွေးနွေးတင်ပြချင်ပါတယ်။

၂၀၂၃ အတွက် FFM ရဲ့ အဓိကဦးတည်ချက်ကတော့ ဒိုင်ယာလောခ့်နှင့်ဒီဘိတ် ယဉ်ကျေးမှုထွန်းကားရေး ဖြစ်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ ခေတ်အဆက်ဆက် “အကြမ်းဖက်နိုင်စွမ်းသည်သာ အင်အား၊ အင်အားသာလျှင် အမှန်တရား” ဆိုတဲ့ စစ်ဝါဒ၊ ဖိုဝါဒထွန်းကားခြင်းအောက်မှာ အကျည်းတန်လှတဲ့ အကြမ်းဖက်မှုသံသရာတွေ အာဏာရှင်အလေ့အထတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ဒါကိုကုစားဖို့ဆိုရင် စကားလုံး၊ အတွေးအခေါ်၊ အမှန်တရားစတဲ့ အင်အားပုံစံသစ်နဲ့ ရင်ဆိုင်တိုက်ခိုက်တဲ့ အလေ့အထအားကောင်းဖို့ လိုအပ်ပါတယ်။ ဒါကြောင့် FFM အနေနဲ့ ဒိုင်ယာလောခ့်နဲ့ ဒီဘိတ်ယဉ်ကျေးမှုထွန်းကားဖို့အတွက် ၂၀၂၃ ရဲ့ ဦးစားပေးကဏ္ဍများအဖြစ် လုပ်ဆောင်ခဲ့ပါတယ်။ ဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် FFM ကနေ အမြင်အမျိုးမျိုး အယူအဆအမျိုးမျိုးကို ဆွေးနွေးနိုင်တဲ့ လေးမျက်နှာစကားဝိုင်းတွေကို ၂၀၂၂ ကနေ စတင်ပြီး အပါတ်စဉ်တိုင်းနီးပါး ပြုလုပ်ခဲ့ပါတယ်။ ၂၀၂၃ မှာ လေးမျက်နှာအတွက် စိန်ခေါ်မှုကတော့ အမြင်မတူသူတွေ အထူးသဖြင့် ရာထူးနေရာရရှိထားသူများ၊ လူထုထောက်ခံမှုရထားသူများကို အရင်ကထက် ဖိတ်ကြားရခက်ခဲလာတာပါပဲ။ တိုးတက်မှုကတော့ ပင်မရေစီးကြောင်းမှာ မြင်ရကြားရခက်တဲ့အယူအဆတွေကို တက်ရောက်သူအမျိုးမျိုးကနေ ဝင်ရောက်ဆွေးနွေးခဲ့ကြတာကို တွေ့ရပါတယ်။ နောက်ထပ်အောင်မြင်မှုတခုကတော့ တော်လှန်ရေးကာလမှာ တွေ့ရမြင်ရခက်တဲ့ ဒီဘိတ်ပွဲတချို့ကို စီစဉ်နိုင်ခဲ့တာပါ။ ထိပ်တိုက်ပြောဆိုဖို့ ခက်မယ်လို့ ယူဆရတဲ့ ဗမာပြည်နယ်ဖွဲ့သင့်/မဖွဲ့သင့်၊ Manels တွေကို ရှုတ်ချသင့်/မသင့် စတဲ့အကြောင်းအရာတွေကို ဒီဘိတ်ပွဲအဖြစ်စီစဉ်နိုင်ခဲ့တဲ့အပေါ်မှာ ပါဝင်ဆွေးနွေးပေးသူတွေကိုလည်း အသိအမှတ်ပြုကျေးဇူးတင်ရှိရပါတယ်။ FFM အနေနဲ့ ဒိုင်ယာလောခ့်/ဒီဘိတ်ယဉ်ကျေးမှု အားကောင်းဖို့အတွက် တခြားသောအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်တာတွေလည်း ရှိခဲ့ပါတယ်။ အားလုံးကို ထုတ်ဖော်မပြောနိုင်ပေမယ့် ထင်ရှားတဲ့ဥပမာတခုကတော့ ပြည်သူ့ပန်းတိုင်အဖွဲ့နဲ့ ပူးပေါင်းပြီး ဘက်ကူးပြောင်းမှုဖိုရမ် (Defection Forum) ကို ဇူလိုင်လထဲမှာ ကျင်းပနိုင်ခဲ့ပါတယ်။

၂၀၂၃ အတွက်နောက်ထပ်ဦးစားပေးကဏ္ဍကတော့ အကြမ်းမဖက်လမ်းစဉ်နဲ့ပက်သတ်တဲ့ အယူအဆမျှဝေရေးဖြစ်ပါတယ်။ ဒီအတွက် FFM ကနေ အကြမ်းမဖက်စည်းရုံးရေးမှူးသင်တန်းကို နှစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ တက်ရောက်ခဲ့သူတွေထဲမှာ တော်လှန်ရေး/နိုင်ငံရေး အတွေ့အကြုံမရှိသေးတဲ့ သာမာန်ပြည်သူတွေ၊ ကျောင်းသားလူငယ်တွေကနေ တော်လှန်ရေးအဖွဲ့အစည်းတွေမှာ ပါဝင်လုပ်ကိုင်နေသူတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေမှာ ပါဝင်လုပ်ဆောင်ကြသူပါ ပါဝင်ခဲ့ကြပါတယ်။ အကြမ်းမဖက်လမ်းစဉ်နဲ့ပက်သက်ပြီး အသိပညာပေးရေးအတွက် နောက်ထပ်လုပ်ဆောင်ဖြစ်တာကတော့ ဘာသာပြန်စာအုပ်ထုတ်ဝေခြင်းပါ။ ၂၀၂၃ မှာ “လူထုတော်လှန်ရေးသမိုင်းဖြစ်ရပ်များ”နဲ့ “လူထုလှုပ်ရှားမှုအဖွင့်ဋီကာ” ဆိုတဲ့စာအုပ်နှစ်အုပ် ဖြန့်ချီနိုင်ခဲ့ပါတယ်။ ဒီစာအုပ်နှစ်အုပ်လုံးက အကြမ်းမဖက်လမ်းစဉ်ကို လေ့လာကြမယ့် အခုမျိုးဆက်ကနေ နောက်မျိုးဆက်များအထိ အကျိုးဖြစ်ထွန်းနိုင်မယ်ဆိုတာကို အောက်မေ့ဆင်ခြင်ရင်းနဲ့ ဘာသာပြန်၊ စာစစ်၊ အကြံပေး၊ တည်းဖြတ်ပေးခဲ့ကြတဲ့ ပါဝင်ခဲ့သူအသီးသီးကိုလည်း အသိအမှတ်ပြု ကျေးဇူးတင်ပါတယ်။

နောက်ထပ်လုပ်ဆောင်နိုင်ခဲ့တာတခုကတော့ ဖွဲ့စည်းပုံကို အတည်ပြုပြီး ရွေးကောက်ပွဲပြုလုပ်နိုင်တာပါ။ ဒါက လူပုဂ္ဂိုလ်အပေါ် မမူတည်ဘဲ မူဝါဒအပေါ်အခြေခံတဲ့ အဖွဲ့အစည်းအဖြစ် ပြောင်းလဲဖို့အတွက် ခြေလှမ်းတရပ်ဖြစ်ပါတယ်။

ဒါတွေကတော့ FFM ရဲ့ တစ်နှစ်တာလုပ်ဆောင်ခဲ့မှု အနှစ်ချုပ်ဖြစ်ပါတယ်။ ၂၀၂၃ မှာ ထူးခြားချက်တခုကတော့ အကြမ်းမဖက်လမ်းစဉ်အပေါ် စိတ်ဝင်စားမှုတွေ အရှိန်မြင့်တက်ခဲ့တာပါပဲ။ GSC ရဲ့ ပထမအကြိမ် ညီလာခံမူဝါဒစာတမ်းမှာ လက်နက်မဲ့လူထုလှုပ်ရှားမှုကို အဓိကတိုက်ပွဲအဖြစ် အသိအမှတ်ပြုထားသလို NUCC ကနေ အကြမ်းမဖက်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုမူဝါဒတွေကို ထုတ်ပြန်ခဲ့တာတွေက တော်လှန်ရေးအင်အားစုတွေကြားထဲမှာလည်း လူထုလှုပ်ရှားမှုလမ်းစဉ်ကို စိတ်ဝင်စားမှုတွေ ပိုမိုမြင့်တက်ခဲ့တာကို တွေ့ရှိနိုင်ပါတယ်။ တော်လှန်ရေးအင်အားစုတွေအပြင် သာမာန်ပြည်သူတွေ၊ လူငယ်တွေကြားထဲမှာ အကြမ်းမဖက်လမ်းစဉ်အပေါ် စိတ်ဝင်စားမှုတွေ ပိုမိုအားကောင်းလာတာကိုလည်း တွေ့ရှိရပါတယ်။

၂၀၂၃ ကိုခြုံငုံကြည့်ရင်တော့ FFM အနေနဲ့ လုပ်ဆောင်ခဲ့နိုင်တာတွေ အတိုင်းအတာတခုရှိပေမယ့် လိုအပ်ချက်တွေများစွာရှိတာကိုလည်း ပြန်ပြီးသုံးသပ်ရပါတယ်။ FFM ရဲ့ ၂၀၂၃ အတွက် အဓိကအားနည်းချက်ကတော့ လုပ်ရိုးလုပ်စဉ်ကိစ္စတွေထဲမှာပဲ ပိတ်မိတာ၊ ဒါမှမဟုတ် အနည်ထိုင်လာတာဖြစ်ပါလိမ့်မယ်။ FFM အဖွဲ့အနေနဲ့ ၂၀၂၃ မတိုင်ခင်ကလုပ်ဆောင်နေခဲ့တဲ့ လေးမျက်နှာ၊ သင်တန်း၊ ဘာသာပြန်စတဲ့ အစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်နိုင်ရေးအတွက်ကိုပဲ အာရုံစိုက်ခဲ့သလိုပဲဖြစ်ခဲ့ရတယ်။ တော်လှန်ရေးနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကို ပြည်သူအများဆီကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးတာတွေ၊ ဝေဖန်သုံးသပ်တာတွေ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ဒါကလည်း လုပ်ဆောင်လက်စတွေကို အာရုံစိုက်ရတယ်ဆိုတဲ့ အကြောင်းတခုတည်းတော့မဟုတ်ပါဘူး။ တည်ဆောက်လက်စ မိတ်ဖက်ဆက်ဆံရေးတွေကို ထိန်းသိမ်းလိုတာ၊ ရန်မများလိုတာကြောင့် ပြောဆိုဆွေးနွေးရမယ့်ကိစ္စတွေကို အတွင်းစည်းထဲမှာ ပြောဆိုတာနဲ့ ပြီးသွားခဲ့တာတွေ များပါတယ်။ ဒါတွေကို ဆန်းစစ်ပြီး ပြင်ဆင်ပြောင်းလဲသွားပါမယ်။

၂၀၂၄ မှာ ဘာတွေလုပ်ဆောင်ဖို့ရှိမလဲ

၂၀၂၄ မှာ FFM အနေနဲ့ ဦးစားပေးလုပ်ဆောင်သွားဖို့ စီစဉ်ထားတာကတော့ အကြမ်းမဖက်လူထု လှုပ်ရှားမှုလမ်းစဉ်အပေါ် ပြည်သူအများ ကျယ်ကျယ်ပြန့်ပြန့် နားလည်လုပ်ဆောင်ဖို့ပါပဲ။ ပြီးခဲ့တဲ့ ၂၀၂၁ ၊ ၂၀၂၂၊ ၂၀၂၃ ဒီသုံးနှစ်လုံးမှာ FFM အနေနဲ့ ပင်မရေစီးကြောင်းမှာရှိတဲ့ အင်အားစုတွေကို ဝေဖန်အကြံပြုတယ်၊ ပံ့ပိုးကူညီတယ်ဆိုတဲ့ အခြေအနေမှာပဲရှိခဲ့ပြီး FFM ရဲ့ ယုံကြည်လက်ခံထားတဲ့ အယူအဆတွေ၊ လုပ်ဆောင်သွားမယ့် ဗျူဟာလမ်းစဉ်တွေကို ထိထိရောက်ရောက် ချပြဖို့ အားနည်းခဲ့ပါတယ်။ ၂၀၂၄ မှာတော့ FFM အဖွဲ့တွင်းမှာရှိတဲ့ စဉ်းစားပြောဆိုမှုတွေ၊ ရှေ့လျှောက်လုပ်ဆောင်သွားဖို့ရှိတာတွေကို တတ်နိုင်သလောက် ပွင့်ပွင့်လင်းလင်းနဲ့ ပြည်သူအများလေ့လာနိုင်အောင် ချပြသွားဖို့ လုပ်ဆောင်သွားပါမယ်။

၂၀၂၄ မှာ FFM အနေနဲ့ အထူးအလေးပေးလုပ်ဆောင်သွားမယ့် နောက်ထပ်ကဏ္ဍတခုကတော့ အဖွဲ့တွင်းလုပ်ဆောင်နိုင်စွမ်းနဲ့ စုဖွဲ့မှုပုံစံတွေကို တိုးမြှင့်တည်ဆောက်ဖို့ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ FFM နဲ့ပူးပေါင်းလုပ်ဆောင်လိုတဲ့ လူငယ်တွေ၊ ပညာတတ်တွေ၊ ဒေသအသီးသီးက တော်လှန်ပြည်သူတွေ တိုးပွားလာပေမယ့် ဒါတွေကို စနစ်တကျပူးပေါင်းလုပ်ဆောင်နိုင်တဲ့ အခြေအနေမရှိသေးဘူးဆိုတာကို ဝန်ခံရမှာပါပဲ။ ဒီလိုမျိုး နေရာဒေသအသီးသီးက အင်အားစုတွေနဲ့ ပေါင်းစပ်လုပ်ကိုင်နိုင်ဖို့ FFM ရဲ့ စုဖွဲ့လုပ်ဆောင်မှုပုံစံကို အခုထက်ပိုပြီး စနစ်တကျနဲ့ လည်ပတ်နိုင်အောင် ကြိုးပမ်းသွားဖို့ ရည်ရွယ်ထားပါတယ်။ ဒါကြောင့်ပဲ အဖွဲ့ဝင်သစ်တွေကို ပိုမိုစည်းရုံးကြိုဆိုနိုင်ရေး၊ အဖွဲ့ဝင်များကို စဉ်ဆက်မပြတ်လေ့လာဆန်းစစ်မှုပြုလုပ်နိုင်ရေး ၊ မူဝါဒခိုင်မာသော ဖွဲ့စည်းပုံရေးဆွဲရေး၊ ရှင်းလင်းတဲ့ ဖွဲ့စည်းပုံ+(မူဝါဒ+လမ်းပြမြေပုံ)နှင့်အညီ လည်ပါတ်ဆောက်ရွက်ရေးတွေကို လုပ်ဆောင်သွားဖို့ ဦးစားပေးလုပ်ငန်းစဉ်များအဖြစ် ပြင်ဆင်ထားပါတယ်။

၂၀၂၃ မှာ ဒီဘိတ်ကဏ္ဍကို ဦးစားပေးလုပ်ဆောင်ချက်အဖြစ် ဖော်ဆောင်ခဲ့သလို ၂၀၂၄ ရဲ့ ဦးစားပေးလုပ်ဆောင်ချက်ကို စာရေးခြင်းအဖြစ် ရည်ရွယ်ထားပါတယ်။ ဒီမှာတော့ ကလောင်ကိုင်စွဲပြီး တော်လှန်နိုင်မယ့် နည်းနာအမျိုးမျိုးကို ရှာဖွေဖော်ထုတ်ပြီး လေ့လာလုပ်ဆောင်တဲ့ ရပ်ဝန်းများအဖြစ် တည်ဆောက်သွားမှာဖြစ်ပါတယ်။ ဒီလိုမျိုး စာရေးသားတဲ့ရပ်ဝန်းတွေကို အွန်လိုင်းအခြေပြုတည်ဆောက်နေချိန်မှာ သက်ဆိုင်ရာမြေပြင်အစုအဖွဲ့တွေကို ချိတ်ဆက်ပူးပေါင်းပြီး စာအုပ်၊ မဂ္ဂဇင်း၊ စာစဉ်၊ လက်ကမ်းစာစောင်တွေကို ဖြန့်ဖြူးသွားဖို့ ရည်ရွယ်ထားပါတယ်။ ဒီကနေ အတွေးအခေါ်ပိုင်းစည်းရုံးသွားမှာဖြစ်သလို ဒီလိုမျိုးချိတ်ဆက်ဖြန့်ဖြူးခြင်းကနေ စုဖွဲ့လုပ်ဆောင်မှုပုံစံကွန်ရက်တွေကို တည်ဆောက်သွားနိုင်ဖို့ ဖြစ်ပါတယ်။

ဒါကတော့ FFM ရဲ့ ၂၀၂၃ ခရီးကို ပြန်လည်သုံးသပ်ဆင်ခြင်ကာ ၂၀၂၄ အတွက် စဉ်းစားချက်များကို အကျဉ်းချုပ်တင်ပြချက်ဖြစ်ပါတယ်။ FFM ရဲ့ စာဖတ်ပရိသတ်များ၊ အားပေးထောက်ခံသူများအနေနဲ့လည်း လာမယ့် ၂၀၂၄ မှာ အကြမ်းမဖက်လမ်းစဉ်အယူအဆ ပြန့်ပွားပြီး ပြည်သူတွေရဲ့ အင်အားနဲ့ ရေရှည်တည်တံ့တဲ့အပြောင်းအလဲတွေဖြစ်ထွန်းဖို့ လုပ်ဆောင်ချက်တွေမှာ FFM နဲ့ ပူးပေါင်းချိတ်ဆက်မှုတွေ၊ ထောက်ပံ့အားဖြည့်မှုတွေကို မိမိတို့တတ်စွမ်းတဲ့နေရာကနေ ပါဝင်သွားဖို့ တိုက်တွန်းဖိတ်ခေါ်လိုက်ပါတယ်။

ချစ်ခြင်းမေတ္တာထုံလွှမ်းသော ၂၀၂၄ ဖြစ်ပါစေ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Email Updates Subscription

Freedom Fighter ရဲ့ update တွေကို သိရှိနိုင်ဖို့ email subscribe လုပ်ထားပါ