မြန်မာ့လူ့အဖွဲ့အစည်းတွင် “ဒီမိုကရေစီ”ဟူသော စကားလုံးမှာ ပြည်သူအများနှင့် ရင်းနှီးပြီးသားဖြစ်သည်။ 88 အရေးတော်ပုံမှ စတင်၍ ယနေ့နွေဦးတော်လှန်ရေး ကာလအထိ ဒီမိုကရေစီရရှိရေးသည် မြန်မာပြည်သူလူထု၏ မျှော်မှန်းချက်ပန်းတိုင်ဖြစ်သည်။ သို့သော်လည်း ဒီမိုကရေစီအကြောင်းကို အပေါ်ယံမည်ကာမတ္တပြောရုံမျှသာရှိပြီး ၎င်း၏ အခြေခံသဘောတရားများကိုမူ အတွင်းကျကျ လေ့လာဆင်ခြင်မှုများ၊ ဆွေးနွေးပြောဆိုမှုများ အားနည်းနေဆဲဖြစ်သည်။ သို့ဖြစ်ရာ မြန်မာလူ့အဖွဲ့အစည်းအတွင်း ဒီမိုကရေစီခရီးလမ်းကို မြဲမြံခိုင်ကြည်စွာ လျှောက်လှမ်းနိုင်ရန်အတွက် ဦးစွာ ဒီမိုကရေစီ၏ သဘောသဘာဝများကို နက်နက်ရှိုင်းရှိုင်း နားလည်သိရှိရန် လိုအပ်နေသည်။

ဒီမိုကရေစီဆိုတာ ဘာလဲ။ ဒီမိုကရေစီမှာ ဘယ်လိုအားသာချက်တွေ၊ ဘယ်လိုအားနည်းချက်တွေ ရှိသလဲ စသည့် မေးခွန်းများအား စစ်အာဏာရှင်စနစ်ကို တော်လှန်နေသူတိုင်း မသိမဖြစ်သိရှိနေရမည်ဖြစ်သည်။ တဆက်တည်းတွင် ဒီမိုကရေစီစနစ် ဖြစ်ပေါ်အားကောင်းစေဖို့ လိုအပ်ချက်များ၊ ဒီမိုကရေစီအပေါ် မတူညီသည့် ချည်းကပ်မှုကိုလည်း လေ့လာသွားရန် လိုအပ်သည်။ သို့မှသာ ကျန်းမာသန်စွမ်းသော ဒီမိုကရေစီစနစ်နှင့် ယဉ်ကျေးမှုများကို တည်ဆောက်နိုင်ပေလိမ့်မည်။ ထို့ကြောင့် ဒီမိုကရေစီကို နိုင်ငံရေးသိပ္ပံလေ့လာချက်များဖြင့် နှိုင်းယှဉ်သုံးသပ်ကာ ပြည်သူလူထုအကြား နားလည်မှု မြှင့်တင်နိုင်ရန်အတွက် ဤသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်သည်။