လူသားများသည် ပုံပြင်ဇာတ်လမ်းများကို နှစ်သက်ခုံမင်ကြသည်။ ပုံပြင်များသည် အတိတ်၏လွှမ်းမိုးမှုကို ဖော်ပြသည်။ ပစ္စုပ္ပန်တွင် မိမိတို့၏ တည်ရှိမှုသရုပ်လက္ခဏာကို ယုတ္တိတန်စေသည်။ တချိန်တည်းမှာပင် ရှေ့ဆက်အနာဂတ်အတွက် လှုပ်ရှားပြုကျင့်မှု၊ တွေးခေါ်စဉ်းစားမှုများကိုလည်း ကိုယ်စီလက်ခံထားသော ပုံပြင်များက ထိန်းကျောင်းပဲ့ကိုင်ထားကြသည်။
၂၀၂၁ မှ အစပြုလာသည့် နွေဦးတော်လှန်ရေးတွင် အဖွဲ့အစည်းအမျိုးမျိုး၊ ရပ်တည်ချက်အထွေထွေရှိ ကြသော်လည်း အခြေခံအားဖြင့် ပင်မရေစီးကြောင်း(mainstream) ပုံပြင်နှစ်ခု အားပြိုင်မှုအဖြစ် ရှုမြင်နိုင်သည်။
ပထမပုံပြင်သည် အကြမ်းဖက်အင်အားသုံးပြီး အတင်းအကြပ်တည်ဆောက်သည့် စဉ်းစားချက်ဖြစ်သည်။ ဤ ‘အကြမ်းဖက်’ ပုံပြင်တွင် မြန်မာလူ့အဖွဲ့အစည်းသည် မတူညီမှုများကို အတင်းအကြပ် ဖိအားပေးခြင်း၊ အကြမ်းဖက်ခြင်းဖြင့် စုစည်းတည်ဆောက်ခဲ့ခြင်းဟု ဂုဏ်ယူစွာလက်ခံထားကြသည်။ သမိုင်းကြောင်းတလျှောက် ဗုဒ္ဓဘာသာနှင့် ပြည်ထောင်စု(နယ်မြေစိုးမိုးထိန်းချုပ်နိုင်စွမ်း)ကို တည်ထောင်ရာတွင် လက်နက်အင်အား၊ စစ်အင်အားဖြင့်သာ တည်ဆောက်ခဲ့ကြသည်ဟု ယုံကြည်ကြသည်။ သမိုင်းတလျှောက် အကြမ်းဖက်မှုကို မှီခိုအားထားခဲ့သည့်အတွက် ထိုအကြမ်းဖက်နိုင်စွမ်းမရှိပါက ဗုဒ္ဓဘာသာနှင့် ပြည်ထောင်စုကို လက်လွတ်ရမည်ဟူသော အကြောက်တရားများဖြင့် ပြည့်နှက်နေသည်။ ဤသည်မှာ စစ်တပ်ထောက်ခံသူများနှင့် အစွန်းရောက်အမျိုးသားရေးဝါဒီများ ကိုင်စွဲထားသည့် ပုံပြင်ဖြစ်သည်။
ဒုတိယပုံပြင်မှာ ပထမပုံပြင်၏ဖိနှိပ်မှုအပေါ် ပြန်လည်တုံ့ပြန်မှုဖြစ်သည်။ ပြန်လည်တုံ့ပြန်မှုတွင် လက်ရှိဖြစ်နေသော ပြဿနာအရပ်ရပ်သည် ဖိနှိပ်သည့်အဖွဲ့အစည်း တနည်း စစ်တပ်ကြောင့်သာဖြစ်သည်ဟု ခိုင်မာစွာယုံကြည်ကြသည်။ ထို့ကြောင့် စစ်တပ်ကိုဖြိုခွဲတိုက်ခိုက်ပြီး ၎င်းတို့အာဏာရမှသာ ပိုမိုကောင်းမွန်သည့်လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြသည်။ အဖြူအမည်းစဉ်းစားချက်ကို အခြေခံထားပြီး ရန်သူ(စစ်တပ်)သည် အဓမ္မဖြစ်၍ ၎င်းတို့သည် ဓမ္မဖြစ်သည်ဟု လက်ခံထားကြသည်။ ပြန်လည်တုံ့ပြန်မှုပုံပြင်တွင် မကျေနပ်ချက်၊ နာကြည်းချက်၊ မုန်းတီးချက်များသည် အဓိကတွန်းအားဖြစ်သည်။ ခံစားချက်များကို များများပေါက်ကွဲနိုင်လေ၊ အင်အားကြီးလေဟု မှတ်ယူကြသည်။ ပြန်လည်တုံ့ပြန်မှုပုံပြင်သည် ပထမအကြမ်းဖက်ခြင်းပုံပြင်၏ ဇာတ်လမ်းအဆက်ဖြစ်သောကြောင့် အခြေခံစဉ်းစားချက်များစွာ တူညီကြသည်။ တဖက်ရန်သူကို ချေမှုန်းရန်အတွက် ‘လိုအပ်ပါက’ လိမ်လည်နိုင်သည်။ အကြမ်းဖက်နိုင်သည်။ မျှော်လင့်ချက်အမှားများပေးနိုင်သည်။ အမုန်းတရား၊ အကြောက်တရားများပေးနိုင်သည်။ အပြန်အလှန်ထိန်းကျောင်းမှုမရှိဘဲ အာဏာရှင်ဆန်ဆန်ပြုမှုနိုင်သည်ဟူသည့် စဉ်းစားချက်များကို အခြေခံသည်။ ဤသည်မှာ လူအများထောက်ခံမှုနောက် မိန်းမောလိုက်ပါသည့် ပေါ်ပြူလစ်လှိုင်းနှင့် ‘ငါနှင့်မတူရန်သူ’ သတ်မှတ်ထားသည့် ခေါင်းမာဂိုဏ်းတို့၏ ပေါင်းစည်းမှုဖြစ်သည်။ ခံပြင်းမှုနှင့်နာကြည်းချက်တို့၏ ပေါက်ကွဲမှုဖြစ်သောကြောင့် မတူညီမှုများကို ပေါင်းစည်းနိုင်ရန်အတွက် လိုအပ်သော သည်းခံမှုနှင့် နားလည်မှုတို့တည်ဆောက်နိုင်ရန် ခက်ခဲလှသည်။ မတူညီသော အင်အားစုများသည် ဘုံရန်သူအပေါ်အခြေခံကာ အပေါ်ယံမိတ်ဖွဲ့နေကြသော်လည်း အတွင်းတွင်ကား အာဏာပါဝါပြိုင်ဆိုင်မှု၊ မယုံကြည်မှု၊ လှည့်စားမှုများဖြင့် ပြည့်နှက်နေကြသည်။
ဤပုံပြင်နှစ်ခုသည် အပြန်အလှန်တိုက်ခိုက်အားပြိုင်နေကြသည်ဟု အပေါ်ယံမြင်နိုင်သော်လည်း အတွင်းကျကျဆန်းစစ်ကြည့်ပါက ဆန့်ကျင်ဘက်အင်အားများ အပြန်အလှန်ထောက်ပံ့နေကြခြင်းသာဖြစ်သည်။ ပုံပြင်နှစ်ခုလုံးသည် အကြမ်းဖက်ခြင်း၊ စစ်ဝါဒ၊ အာဏာရှင်အတွေးအခေါ်များကို အခြေခံထားသောကြောင့် ၎င်းတို့မှထွက်ပေါ်လာသည့် အသီးအပွင့်များအနေဖြင့် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အာဏာရှင်စရိုက်၊ အကြမ်းဖက်မှုသံသရာ၊ အမုန်းတရားအာဃာတများကို ပြန့်နှံ့စေသည်။ မြန်မာ့လူ့အဖွဲ့အစည်းအား အကြပ်အတည်း၊ ပဋိပက္ခများဖြင့် အခက်အခဲ အမှောင်မိုက်ဆုံး အချိန်တခုကို ရောက်ရှိစေသည်။ ပြည်တွင်း၌ စစ်ဘေး၊ အကြမ်းဖက်မှု၊ စီးပွားရေးကြပ်တည်းမှုဒါဏ်များကို ခံနေရသလို ပြည်ပရောက် ရွေ့ပြောင်းမြန်မာများမှာလည်း သိမ်ငယ်စွာဖြင့် ဖြတ်သန်းကြရသည်။ မြန်မာနိုင်ငံသည် အကြမ်းဖက်မှု၊ စစ်ပွဲများဖြင့် နာမည်ကျော်ပြီး လွယ်လွယ်ကူကူ ခေါင်းပုံဖြတ်အမြတ်ထုတ်နိုင်သည့် အလုပ်သမားများတင်ပို့ရာ နိုင်ငံဖြစ်လာသည်။
ဤအမှောင်ထုမှ ဖောက်ထွက်ပြောင်းလဲရန် ပြည်သူအများက ဆန္ဒရှိကြသော်လည်း စုပေါင်းပါဝင်နိုင်သည့် အနာဂတ်အိပ်မက်တခု တိတိပပမရှိသလို ပါဝင်လုပ်ဆောင်သည့် လမ်းကြောင်းကလည်း စစ်ပွဲများမှတပါး ခိုင်ခိုင်မာမာမရှိကြသေးပေ။ ပုံပြင်နှစ်ခုလုံးတွင် ပါဝင်နေကြသူများအနေဖြင့် အခြေအနေအရပ်ရပ်ကို အားမလိုအားမရမှုများ ၊ စိတ်ပျက်အားကုန်မှုများ တစတစမြင့်တက်နေကြသော်လည်း ရှေ့ဆက်ရန် လမ်းပျောက်နေသည်။ အများစုမှာ တုံ့ပြန်မှုအပေါ် ပြန်လည်တုံ့ပြန်ခြင်း ဝဲဂယက်တွင် ပိတ်မိနေကြသည်။
မာတင်လူသာကင်းက “အမှောင်ထုကို အမှောင်ဖုံးပြီး တားဆီးလို့မရ ၊ အမုန်းတရားကို အမုန်းတရားဖြင့် မရှင်းပစ်နိုင်”ဟု ဆိုခဲ့သည်။ မြန်မာ့လူ့အဖွဲ့အစည်း၏ ပြဿနာအရပ်ရပ်ကို ဖြေရှင်းကုစားရန်မှာလည်း အလင်းရောင်ဟုဆိုသော နက်ရှိုင်းသည့် ထိုးထွင်းသိမြင်မှုနှင့် ချစ်ခြင်းမေတ္တာတို့၏ စွမ်းအားလိုအပ်နေပေသည်။ ဤအရာများကိုဖြည့်ဆည်းကာ အတွေးအခေါ်ဦးဆောင်သော တော်လှန်ရေးတစ်ရပ် ထွက်ပေါ်လာစေရန် အတွက် အလင်းခေတ်မဂ္ဂဇင်းကို ထုတ်ဝေလိုက်ခြင်းဖြစ်ပါသည်။
‘အလင်းခေတ်’တွင် အာဘော်သုံးရပ်ကို အဓိကထားတင်ပြသွားပါမည်။
၁) လူ့အဖွဲ့အစည်းသစ်အတွက် ရှေ့သို့ချီ စဉ်းစားချက်များ
ရှေ့ကဆိုခဲ့သည့် ပုံပြင်နှစ်ပုဒ်သည် တစ်ဖက်ရန်သူကို အခြေပြုထားသည့် စဉ်းစားချက်ဖြစ်သည်။ ရန်သူကို ချေမှုန်းရန်သာ ဦးတည်သည့်အတွက် မြင်ကွင်းအားဖြင့်လည်း ကျဉ်းမြောင်းလှသည်။ အနာဂတ်တွင် စဉ်းစားချက်များကို မဖြေရှင်းနိုင်သလို အတိတ်မှ ပြဿနာများကိုလည်း ဖြေရှင်းနိုင်သည့် စွမ်းရည်မရှိကြ။ တစ်ဖက်က တစ်ဖက်ကို အမြစ်ဖြတ်မည်ဟု ကြုံးဝါးရင်း ပြည်တွင်းစစ် သက်တမ်းကိုသာ နှစ်အကန့်အသတ်မရှိ ကြာမြင့်စေပြီး ပြည်သူများအား ဒုက္ခပင်လယ်ကိုသာ ဖြတ်သန်းစေမည်ဖြစ်သည်။
‘အလင်းခေတ်’တွင်မူ မြန်မာလူ့အဖွဲ့အစည်းသစ်အတွက် အတိတ်မှ ဖြေရှင်းရန်လိုအပ်နေသည့်ပြဿနာများနှင့် အနာဂတ်တွင် ထည့်သွင်းစဉ်းစားရမည့် စိန်ခေါ်မှုများ၊ မျှော်မှန်းချက်များကို ပေါင်းစပ်ကာ ကဏ္ဍစုံလွှမ်းခြုံသော အမြင်သစ်များ ပွင့်လင်းလာစေရန် ကြိုးပမ်းသွားမည်။ အတိတ်မှနှစ်ပေါင်းကြာမြင့်စွာ တည်ရှိလာသည့် ပဋိပက္ခ၊ လူမျိုးရေး၊ စစ်ဝါဒ၊ လူမျိုးကြီးဝါဒ၊ အာဏာရှင်စရိုက်များကို ကုစားအဖြေရှာရမည်ဖြစ်သလို ဆင်းရဲချမ်းသာကွာဟမှု၊ လူသားအဓိပ္ပာယ် ကျဆင်းလာမှု၊ သဘာဝပါတ်ဝန်းကျင်အကျပ်အတည်း၊ နည်းပညာသစ်များ၏ စွမ်းပကားစသော ပြောင်းလဲလာသည့် အနာဂတ်ခေတ်အခြေအနေများကိုလည်း မျက်ခြေပြတ်မသွားရန် လိုအပ်သည်။ မြန်မာနိုင်ငံ၏ တွေ့ကြုံနေရသည့်နာကျင်မှုနှင့် ပြဿနာအခြေအနေအရပ်ရပ်ကို အားငယ်စရာ၊ စိတ်ပျက်စရာအမြင်မှသည် လူ့အဖွဲ့အစည်းအကြား ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းမြှင့်တင်နိုင်မည့် အရင်းအမြစ်များအဖြစ် အသုံးပြုသွားရန်ဖြစ်သည်။ ဤနည်းဖြင့် မြန်မာ့လူ့အဖွဲ့အစည်းသည် ကိုယ်တိုင်တွေ့ကြုံနေရသော ပြဿနာများကို ဖြေရှင်းနိုင်ရုံမက ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးကိစ္စများတွင်လည်း တပါတည်း ဝင်ရောက်ဖြေရှင်းနိုင်လာစေမည်။
၂) ပြည်သူများ၏ အခန်းကဏ္ဍ
လက်ရှိနွေဦးတော်လှန်ရေး၏ အဓိကအတားအဆီးတခုမှာ ပြည်သူများ ပါဝင်လုပ်ဆောင်ရန် နိုးကြားဆန္ဒရှိကြသော်လည်း ပါဝင်နိုင်သည့်အခင်းအကျင်းနည်းပါးခြင်းဖြစ်သည်။ လက်နက်ကိုင်စစ်ရေး နည်းလမ်းကို တော်လှန်ရေး၏ အဆုံးအဖြတ်အဖြစ် ပုံဖော်ခြင်းက သာမာန်အရပ်ဘက်ပြည်သူများ၏ ပါဝင်မှုကို အကန့်အသတ်များစွာရှိစေသည်။ ကလစ်နှိပ်ရုံ၊ ငွေလှူရုံသာတတ်နိုင်ပြီး ပြည်သူ့အသံ၊ ပြည်သူ့အင်အားဦးဆောင်သော လှုပ်ရှားမှုပုံစံ မဟုတ်ချေ။
ဤသို့ဖြစ်ရခြင်းမှာလည်း ယခုအချိန်တွင် လွှမ်းမိုးမှုအကောင်းဆုံး ပုံပြင်နှစ်ပုဒ်လုံးသည် အထက်မှအောက်သို့ ပြောင်းလဲမှုကို အခြေခံသည့် စဉ်းစားချက်ဖြစ်သောကြောင့်ဖြစ်သည်။ တစ်ဖက်ရန်သူကို ချေမှုန်းပြောင်းလဲပြီး အာဏာလက်ဝယ်ရမှသာ တခြားသော ကဏ္ဍအသီးသီးကို ဦးဆောင်သူများက ပြောင်းလဲပေးနိုင်မည်။ အခုအချိန်တွင် ဦးဆောင်သူအဖွဲ့အစည်းများ အာဏာရရှိရေးသာ အဓိကဖြစ်သည်ဟူသောကြောင့် တခြားသော ပညာရေး၊ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး၊ အတွေးအခေါ်စသည့် ပြည်သူများကိုယ်တိုင်ပါဝင်နိုင်သော နယ်ပယ်အသီးသီးကို အလေးအနက်မထားဘဲ လုပ်ဆောင်နေကြခြင်းဖြစ်သည်။ လက်နက်ကိုင်လမ်းစဉ်သည် ပြည်သူလူထု၏ အခွင့်အာဏာထက် လက်နက်ကိုင်အဖွဲ့အစည်းများ၏အခွင့်အာဏာကို ရှေ့တန်းတင်ထားသည်။ ထို့ကြောင့် လက်နက်ကိုင်လမ်းစဉ်သည် ဒီမိုကရေစီကိုသာ ရရန်ခက်ခဲသည်မဟုတ်ဘဲ ဖက်ဒရယ် သို့မဟုတ် မတူညီသော လူအဖွဲ့အစည်းများအကြား အတူတကွယှဉ်တွဲနေထိုင်ရေးကိုပါ အတားအဆီးများစွာဖြစ်စေသည်။ လက်နက်ကိုင်အင်အားတောင့်တင်းသော လူမျိုးစုများသည်သာ နယ်မြေနှင့် အရင်းအမြစ်များကို ထိန်းချုပ်နိုင်ပြီး လက်နက်အင်အားနည်းပါးလှသည့် လူမျိုးစုနဲ့ အခြားသောအစုအဖွဲ့များ၏ အခွင့်အရေးအတွက် အာမခံချက်မရှိချေ။
‘အလင်းခေတ်’က ရည်ရွယ်သည့်ဒီမိုကရေစီသည် ဖိနှိပ်မှုအခြေခံသည့် အာဏာရှင်ဒီမိုကရေစီ မဟုတ်သလို ငါတို့ကို ပြည်သူများက မဲပေး (Like ပေး) ခြင်းကြောင့် ငါတို့ကသာ အုပ်ချုပ်ရမည်ဟူသည့် ပေါ်ပြူလစ်ဒီမိုကရေစီလည်း မဟုတ်ပေ။ ပြည်သူများသိရမည့် သတင်းအချက်အလက်များကို မှန်ကန်စွာရရှိစေကာ ပြည်သူများ၏ ပါဝင်မှုကို မြှင့်တင်စေသည့် ဒီမိုကရေစီဖြစ်သည်။ ဦးဆောင်သူနှင့် နောက်လိုက်ပြည်သူများ အလွှာအလိုက် တာဝန်ယူမှု၊ တာဝန်ခံမှု မျှဝေထားသည့် လူ့အဖွဲ့အစည်းသစ်တရပ်ကို တည်ဆောက်ရန် ရည်ရွယ်သည်။
အလင်းခေတ်မှ ရည်ရွယ်သည့် ဖက်ဒရယ်သည် ထိပ်ပိုင်းခေါင်းဆောင်(အာဏာပိုင်အီလစ်)များ အချင်းချင်းသာ သက်ဆိုင်သည့် အာဏာခွဲဝေရေးမဟုတ်။ မတူညီသည့် လူသားအသိုင်းအဝိုင်းများအကြား အတိတ်မှဒါဏ်ရာများကို ကုစားအဖြေရှာပြီး အနာဂတ်တွင် အတူတကွချစ်ခင်ယုံကြည်မှု တည်ဆောက်သွားရန်ဖြစ်သည်။ လူ့အသိုင်းအဝိုင်းများ၏ အစုအဖွဲ့အလိုက်သရုပ်သဏ္ဍာန်များကို လေးစားအသိအမှတ်ပြုကာ တချိန်တည်းတွင် အားလုံးပါဝင်နိုင်သည့် သရုပ်လက္ခဏာများကို ပုံဖော်တည်ဆောက်သွားရန်ဖြစ်သည်။
သို့ဖြစ်ရာ ‘အလင်းခေတ်’တွင် မတူကွဲပြားသည့်ပြည်သူများအနေနှင့် မိမိတို့တယောက်ချင်းဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ ပါဝင်လုပ်ဆောင်နိုင်မည့် လှုပ်ရှားဆောင်ရွက်မှုအခန်းကဏ္ဍကို ထုတ်ဖော်သွားမည်။ လူ့အဖွဲ့အစည်းသစ်အတွက် တည်ဆောက်ပြောင်းလဲရာတွင် ကိုယ်တိုင်ပါဝင်နိုင်မည့်အခန်းကဏ္ဍများ၊ ပြည်သူများ၏ စုဖွဲ့လုပ်ဆောင်နိုင်စွမ်းအားကောင်းစေရန် ဆန်းစစ်ချက်များကို ဦးစားပေးတင်ပြသွားမည်။ ပြည်သူ့အင်အားကို အသုံးပြုကာ အခြေမှအထက်သို့ပြောင်းလဲမှုကို ဦးတည်စေသည့် အသိပညာ၊ စဉ်းစားတွေးခေါ်မှုများနှင့် လုပ်ငန်းဆောင်တာနည်းလမ်းများကို ဝေမျှသွားမည်။
၃) အလယ်အလတ်လမ်းစဉ် ၊ ရက်ဒီကယ်အမြင်
လက်ရှိလူအများအပေါ် လွှမ်းမိုးထားသော ပုံပြင်နှစ်ခုလုံးသည် လုပ်ဆောင်ချက်အားဖြင့် အစွန်းရောက် ပြင်းထန်သည့်အပြင် အတွေးအမြင်အားဖြင့်လည်း ကျဉ်းမြောင်းလှသည်။ စစ်တပ်သည် အကြမ်းဖက်နိုင်စွမ်းအားဖြင့် မြန်မာ့လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မည်ဟု ယုံကြည်သလို နွေဦးတော်လှန်ရေးအင်အားစုများကလည်း စစ်တပ်မရှိပါက တော်လှန်ရေးအောင်မြင်ကာ မြန်မာ့လူအဖွဲ့အစည်းကို တည်ဆောက်နိုင်မည်ဟု ယုံကြည်နေကြသည်။ ထို့ကြောင့် “ဘုံရန်သူအရင်တိုက်”၊ “စစ်ပွဲပြီးမှ ဆွေးနွေးကြ” ဟူသည့် အာဘော်များ ပြည့်နှက်နေသည်။ တခြားတစ်ဖက်မရှိပါက ပြဿနာကို ဖြေရှင်းနိုင်မည်ဟု အလွယ်စဉ်းစားခြင်းသည် ပြဿနာများ၏ အခြေအမြစ်အထိ စဉ်းစားတွေးခေါ်မှုကို ပိတ်ဆို့ထားပြီး အနာဂတ်လူ့အဖွဲ့အစည်းအတွက် လိုအပ်နေသော ပုံပြင်အသစ်ကိုလည်း မဖန်တီးနိုင်ချေ။
အလင်းခေတ်တွင်မူ ပြင်းထန်မာကြောသော အစွန်းရောက်မှုများကိုပစ်ပယ်ပြီး အလယ်အလတ်လမ်းစဉ်ဖြင့် အနာဂတ်သစ်ကို ပုံဖော်သွားမည်ဖြစ်သည်။ ဤနေရာတွင် ရက်ဒီကယ်အမြင်နှင့် အလယ်အလတ်လမ်းစဉ်သည် ခွဲခြားမရဘဲ အယူအဆတခုတည်းအဖြစ် ဆက်စပ်တည်ရှိနေကြသည်။ ရက်ဒီကယ်အမြင်သည် အများစုနားလည်ထားသလို အစွန်းရောက်ခြင်း၊ ပေါက်ကွဲခြင်း၊ အသေဆုပ်ကိုင်ခြင်း၊ ခက်ထန်မာကြောခြင်း သဘောတရားများကို ရည်ညွှန်းခြင်းမဟုတ်ဘဲ ပြဿနာတခုကိုချည်းကပ်ရာတွင် အကြောင်းရင်းခံအထိ လေးလေးနက်နက် ဆန်းစစ်ကာ ပင်မပြဿနာကို ဖော်ထုတ်ကုစားစေသည်။ အလယ်အလတ်လမ်းစဉ်သည် ဂိုဏ်းဂဏအစွဲများ၊ ပြန်လည်တုံပြန်မှုလုပ်ဆောင်ချက်များကို ဖယ်ခွာသည့်နည်းလမ်းဖြစ်သည်။ အမှန်အမှားကိုခွဲခြမ်းလေ့လာရာတွင် အဖြူနှင့်အမည်း၊ လူကောင်းနှင့်လူဆိုး စသဖြင့် တခုမဟုတ်တခုဖြစ်ရမည်ဟူသည့် (Binary) အမြင်ကိုကျော်ဖြတ်ကာ မတူညီသော အယူအဆသဘောတရားများ၏ ဆက်စပ်တည်ရှိမှု၊ အကျိုးအပြစ်၊ အကန့်အသတ် စသော ရှုထောင့်အမျိုးမျိုးကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာဆန်းစစ်စေသည်။ ရက်ဒီကယ်မြင်ကွင်းကိုဦးတည်သော အလယ်အလတ်လုပ်ဆောင်ချက်သည် ပြဿနာများကို ဖြေရှင်းရာတွင် အခြေအမြစ်အထိ ချိတ်ဆက်ဆန်းစစ်ပြီး မတူညီသောသဘောတရား၊ အယူအဆများ၏ပေါင်းစပ်ထိန်းညှိခြင်းဖြင့် ငြိမ်းချမ်းသာယာသော လူ့အဖွဲ့အစည်းသစ်ကို ဖန်တီးတည်ထောင်နိုင်မည်ဖြစ်သည်။
အလင်းခေတ်သည် မဂ္ဂဇင်းသက်သက်မဟုတ်
အလင်းခေတ်သည် ဖတ်ရှုလေ့လာရုံသက်သက်မဟုတ်ဘဲ လူထုလှုပ်ရှားမှုတခုဖြစ်ပေါ်လာစေရန် ရည်ရွယ်သည်။ ပထမဦးစွာ အတွေးအခေါ်တော်လှန်ရေး၊ သို့မဟုတ် အတွေးအခေါ်များအကြား ပွတ်တိုက်မှုကို ဖြစ်စေရန်ရည်ရွယ်သည်။ အလယ်အလတ်လမ်းစဉ်သည် မတူညီသော အယူအဆများကို လေ့လာဆန်းစစ်ရန် အထူးကြိုဆိုသည်။ ဝေဖန်ရေး၊ သရော်စာ၊ အတွေးအမြင်၊၊ ဘာသာပြန်၊ သုတနှင့် ရသစာပေစသဖြင့် မည်သည့်စာပေအမျိုးအစားမဆို အလင်းခေတ် အယ်ဒီတာအဖွဲ့သို့ ပေးပို့နိုင်သည်။
အလင်းခေတ်ကို တဦးတည်းဖတ်ရှုသည်သာမဟုတ်ပဲ အုပ်စုဖွဲ့ဖတ်ရှုလေ့လာသည့် စာဖတ်ဝိုင်းများအဖြစ် လုပ်ဆောင်သွားမည်။ အွန်လိုင်းတွင် ဖတ်ရှုသည်သာမဟုတ်ဘဲ ပုံနှိပ်ဖြန့်ချိမှုကိုပါ လုပ်ဆောင်သွားမည်။ ပြည်တွင်းဖြစ်စေ၊ ပြည်ပဖြစ်စေ မိမိတို့ပါဝင်နိုင်သည့် လမ်းကြောင်းများအတိုင်း လူအားငွေအားစသဖြင့် ကြိုဆိုဖိတ်ခေါ်သွားမည်။ ထိုသို့ ဖတ်ရှုလေ့လာသည့်ရပ်ဝန်းများ၊ ဖြန့်ချိထုတ်ဝေသည့်လမ်းကြောင်းများမှသည် စုဖွဲ့မှုပုံစံများကို တည်ဆောက်သွားရန်ရည်ရွယ်သည်။ မဂ္ဂဇင်းတွင် အတွေးအခေါ်၊ အယူအဆများသာမကဘဲ လက်တွေ့လုပ်ဆောင်နိုင်သည့် နည်းနာများ၊ ကိုယ်တိုင်ပါဝင်လုပ်ဆောင်နိုင်သည့် အရာများကို ထည့်သွင်းသွားမည်။ ဤနည်းဖြင့် လူထူလှုပ်ရှားမှုတစ်ရပ်ဖြစ်ပေါ်လာစေရန် အခြေခံလိုအပ်ချက်များဖြစ်သည့် “အတွေးအခေါ်”၊ “စုဖွဲ့မှု”၊ “ပြုမူလှုပ်ရှားမှု” သုံးမျိုးစလုံးကို ပေါင်းစပ်လည်ပတ်စေကာ အနာဂတ်အလင်းခေတ်ကို ပြည်သူများ၏ ပါဝင်မှုအင်အားဖြင့် ရှေ့သို့ချီ တက်လှမ်းသွားမည်ဖြစ်သည်။
အယ်ဒီတာအဖွဲ့ ၊ အလင်းခေတ်မဂ္ဂဇင်း