လက်ရှိမြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ပဋိပက္ခများ၏ဇစ်မြစ်ကို အဖြေရှာကြည့်သည့်အခါ အများစုက စစ်အာဏာရှင်စနစ်ကြောင့်ဟု ဖြေကြလိမ့်မည်ထင်ပါသည်။ သို့သော် ထိုအဖြေသည် တစိတ်တပိုင်း မှန်ကောင်းမှန်နိုင်သော်လည်း ပြဿနာ၏အရင်းအမြစ်ကို အနုလုံပဋိလုံခြုံငုံမိသည်တော့မဟုတ်ချေ။ တကယ့်လက်တွေ့တွင် စစ်အာဏာရှင်စနစ်တင်မကဘဲ ထိုပစ္စက္ခပြဿနာများအား လောင်စာမပြတ်ထည့်ပေးနေသည့် အယူဝါဒများ၊ အတွေးအခေါ်များ၊ ယုံကြည်မှုများ ဒုနှင့်ဒေးရှိနေသေးသည်။ ဥပမာအားဖြင့်ဆိုရလျှင် လူမျိုးကြီးဝါဒအားကောင်းခြင်း၊ ဖိုဝါဒကြီးစိုးခြင်း၊ ဘာသာရေးအစွန်းရောက်ခြင်း၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုလွန်ကဲခြင်းတို့ကဲ့သို့ ဖြစ်သည်။ ထိုအရာများထဲမှ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုအကြောင်း ဤဆောင်းပါးတွင် အနည်းငယ်ဆွေးနွေးတင်ပြသွားမည်ဖြစ်ပါသည်။
ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဟူသည် လူတစ်ဦးတစ်ယောက်အပေါ် ၎င်း၏အကောင်းအဆိုး၊ အကြောင်းအကျိုးအားလုံးကို လျစ်လျှူရှုမျက်ကွယ်ပြုကာ အလွန်အကျွံလေးစားခြင်း၊ ယုံကြည်ခြင်း၊ သစ္စာစောင့်သိခြင်းစသဖြင့် တရားသေမျက်ကန်းကိုးကွယ်မှုကိုဆိုလိုသည်။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုသည် အများအားဖြင့် လူအများကို စွမ်းဆောင်စည်းရုံးနိုင်သော (သို့) လူအများ၏စိတ်အာရုံကို ဆွဲကိုင်လှုပ်ယမ်းပစ်နိုင်သော ကိုယ်ရည်ကိုယ်သွေးရှိသည့် ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်ဆောင်များ၊ အခြားထင်ရှားကျော်ကြားသူများနှင့်ဆက်စပ်ကာ ပေါ်ပေါက်လာလေ့ရှိသည်။
ပုဂ္ဂိုလ်ရေးကိုးကွယ်မှု အဘယ်ကြောင့်လွန်ကဲလာသနည်း။ အဓိကအားဖြင့် နိုင်ငံရေးမတည်ငြိမ်မှု၊ ဒီမိုကရေစီစနစ်ကင်းမဲ့မှု၊ ပညာရေးစနစ်အားနည်းမှု၊ ဆင်းရဲမွဲတေမှု၊ အမျိုးသားရေးဝါဒအားကောင်းမှု၊ သဘောထားကွဲလွဲခြင်းကို ခြိမ်းခြောက်ဖိနှိပ်ခံရမှု၊ သတင်းအချက်အလက်များ ထိန်းချုပ်ခံရမှုနှင့် သမိုင်းကြောင်းဆိုင်ရာ(သို့)ယဉ်ကျေးမှုဆိုင်ရာ အချက်အလက်များကြောင့် ဖြစ်သည်။ ထိုအချက်များသည် လူအများ၏ စဉ်းစားတွေးခေါ်နိုင်စွမ်းကို ကန့်သတ်လိုက်ပြီး တစ်စုံတစ်ယောက်(သို့)တစ်စုတစ်ဖွဲ့၏ စေညွှန်ရာအတိုင်း မျက်ကန်းကိုးကွယ်ယုံကြည်မှုများကို ဖြစ်ပေါ်လာစေသည်။
သမိုင်းတွင် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုများစွာရှိခဲ့သည်။ အဒေါ့ဖ်ဟစ်တလာသည် ထင်ရှင်းသောဥပမာတစ်ခုဖြစ်သည်။ ဟစ်တလာသည် သူ့ကိုယ်သူ အာရိယန်လူမျိုးတို့၏ပြယုဂ်၊ ဂျာမဏီတို့၏ကယ်တင်ရှင်တစ်ယောက်အဖြစ် အကွက်ကျကျဝါဒဖြန့်ကာ လူထုကိုအယုံသွင်းခဲ့သည်။ အကျိုးဆက်အနေနှင့် သူ့အပေါ်လူထု၏ပုဂ္ဂိုလ်ရေးကိုးကွယ်မှု ကြောက်ခမန်းလိလိမြင့်တက်လာခဲ့ပြီး ဒုတိယကမ္ဘာစစ်ကြီး၏ သမိုင်းတရားခံတစ်ယောက်ပါ ဖြစ်ခဲ့ရသည်။ နောက်ဥပမာတစ်ခုမှာ ဆိုဗီယက်ယူနီယံခေါင်းဆောင် ဂျိုးဆက်စတာလင်ဖြစ်သည်။ စတာလင်သည်လည်း သူ့ကိုယ်သူ “ တိုင်းပြည်များ၏ဖခင်(Father of the Nations)” (သို့) “ ခေါင်းဆောင်ကြီး(Great Leader)” ဟူ၍ ကိုယ်ရည်သွေးကာ သူ့အပေါ်လူထု၏ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို စနစ်တကျတည်ဆောက်ယူခဲ့သည်။ လူထုထောက်ခံမှုများပြားစွာရရှိ၍ အာဏာလက်ဝယ်ဆုပ်ကိုင်နိုင်ချိန်တွင်မူ သူသည် အာဏာရှင်စနစ်ကျင့်သုံးကာ မိမိကိုဆန့်ကျင်သူမှန်သမျှကို ရက်ရက်စက်စက် သုတ်သင်သတ်ဖြတ်ခဲ့လေသည်။
ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဆိုင်ရာသမိုင်းကြောင်းများကို ခြေရာခံကြည့်လျှင် အမြဲတမ်း တွေ့ရလေ့ရှိရသည်မှာ အထက်တွင်ဖော်ပြသကဲ့သို့ အကျည်းတန်အရုပ်ဆိုးမှုများဖြင့် နိဂုံးချုပ်သွားလေ့ရှိခြင်းဖြစ်သည်။ အဘယ်ကြောင့်နည်း။ အာဏာခွဲဝေမှုမရှိခြင်း၊ သဘောထားကွဲလွဲမှုကိုနှိပ်ကွပ်ခြင်း၊ မူထက်လူကိုကြည့်ခြင်း စသည့် အကြောင်းပြချက်များစွာကြောင့်ဖြစ်သည်။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုလွန်ကဲသော လူ့အဖွဲ့အစည်းတွင် အလုံးစုံသောအာဏာအား တစ်ဦးတစ်ယောက်တည်းကိုသာ အပ်နှင်းထားလေ့ရှိသည်။ ဆွေးနွေးတိုင်ပင်မှုမရှိ၊ အပြန်အလှန်ထိန်းကျောင်းမှုမရှိဘဲ ဆုံးဖြတ်ချက်မှန်သမျှကို ထိုပုဂ္ဂိုလ်ကသာ အမြဲတမ်းချမှတ်လေ့ရှိသည်။ ထို့ကြောင့် ယင်းအမိန့်များ၊ဆုံးဖြတ်ချက်များသည် သင့်လျော်မှန်ကန်မှုအားနည်းကာ လူ့အဖွဲ့အစည်းကို ထိခိုက်ဆုံးရှုံးမှုများပင် ဖြစ်စေနိုင်သည်။
အလုံးစုံသောအာဏာကို မောင်ပိုင်စီးထားနိုင်သူသည် တပါးသူတို့၏အမြင်များ၊ သဘောထားများက သူ့အမြင်သဘောထားနှင့်မတိုက်ဆိုင်လျှင် ထိုသူကို နှိပ်ကွပ်ပစ်တတ်သည်။ အကျိုးဆက်အနေနှင့် သင့်လျော်ကောင်းမွန်သောအကြံဉာဏ်များဆုံးရှုံးသွားကာ အကြောင်းအရာ ပြဿနာတစ်ခုအပေါ်သုံးသပ်နိုင်မှု ဘောင်ကျဉ်းသွားသည်။ ပုဂ္ဂိုလ်ရေးကိုးကွယ်ခံရသူများသည် လက်အောက်ငယ်သားဝန်ထမ်းများကို ကျွမ်းကျင်မှုနှင့်အရည်အသွေးထက် သူ့အပေါ် သစ္စာရှိမှုနှင့်ကျိုးနွံမှုကိုကြည့်၍သာ ခန့်အပ်လေ့ရှိသည်။ သို့ဖြစ်ရာ တာဝန်ထမ်းဆောင်ရသူများမှာ ထိုပုဂ္ဂိုလ်နှင့်အလွမ်းသင့်အောင် မျက်နှာချိုသွေးခြင်း၊ တံစိုးလက်ဆောင်ပေးခြင်း များ လုပ်ဆောင်ရတော့သည်။ ထို့ကြောင့် အဂတိလိုက်စားမှုများ ပေါ်ပေါက်လာသည်။ အဆိုးဆုံးမှာ ဖြောင့်မတ်မှန်ကန်သော၊ အရည်အချင်းရှိသောသူများမှာ ဘေးရောက်သွားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း ပုဂ္ဂိုလ်ရေးကိုးကွယ်မှုလွန်ကဲခြင်းကြောင့် ဖြစ်ပေါ်ခဲ့ရသော သမိုင်းအမည်းစက်များစွာ ရှိခဲ့သည်။ ဥပမာအနေနှင့် မဝေးသောအတိတ်တွင်ဖြစ်ပျက်ခဲ့သော နိုင်ငံရေးဖြစ်ရပ်အချို့ကိုကြည့်လျှင် သိနိုင်ပါသည်။ ပြည်သူလူထုသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးကိုးကွယ်မှု အလွန်အားကောင်းခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သည်ကတကြောင်း၊ များစွာစွန့်လွှတ်အနစ်နာခံခဲ့ရသည်ကတကြောင်းကြောင့် ဒေါ်စုကိုလေးလည်းလေးစားကြသည်။ ချစ်လည်းချစ်ခင်ကြသည်။ သနားလည်းသနားကြသည်။ ကြည်လည်းကြည်ညိုကြသည်။ ထို့ကြောင့် ဒေါ်စုနှင့်ပတ်သတ်ဆက်နွှယ်သမျှ(NLDပါတီအပါအဝင်)ကိုလည်း အကြွင်းမဲ့ယုံကြည်ကိုးစားခဲ့ကြသည်။
ထိုသို့သော မျက်စိမှိတ်တရားသေကိုးကွယ်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLDပါတီအာဏာရစဉ်အတွင်း မဖြစ်သင့်မဖြစ်ထိုက်သော ပဋိပက္ခအချို့ဖြစ်ပွားခဲ့ရသည်။ ဥပမာ – ကရင်နီပြည်နယ်တွင်ဖြစ်ပွားခဲ့သော ဗိုလ်ချုပ်ကြေးရုပ်ကိစ္စမျိုးဖြစ်သည်။ ထိုကြေးရုပ်ကိုတည်ဆောက်လိုက်သော တာဝန်ရှိသူတို့သည် ဒေသခံတိုင်းရင်းသားတို့၏အသံကိုနားမထောင်၊ ခံစားချက်ကိုနားမလည်ဘဲ မိမိကိုးကွယ်ယုံကြည်နေသောပုဂ္ဂိုလ်၏ မျက်နှာသာပေးမှုကို လိုချင်စိတ်တစ်ခုတည်းကြောင့် မလုပ်သင့်မလုပ်ထိုက်သည့်အရာကို လုပ်ဆောင်ခဲ့ကြသည်။ ပိုဆိုးသည်မှာ ဗိုလ်ချုပ်ကြေးရုပ်ကိုကန့်ကွက်ခဲ့သော တိုင်းရင်းသားဒေသခံများကိုပင် ဗမာလူမျိုးကြီးဝါဒစွဲကပ်နေသော (ဝါ) NLD အစိုးရဘာလုပ်လုပ်အမှန်ထင်နေသာ လူအုပ်ကြီးက “ ကြေးရုပ်လုပ်တာမကြိုက်ရင် ဗိုလ်ချုပ်ပုံပါတဲ့ပိုက်ဆံကိုလည်း မသုံးနဲ့” စသဖြင့် ထိုးနှက်တိုက်ခိုက်ခဲ့ကြသေးသည်။ ရလာဒ်အနေနှင့် တိုင်းရင်းသားများနှင့်အကွဲအပြဲဖြစ်ကာ ၎င်းတို့၏ဖက်ဒရယ်အိပ်မက်ကို ပျက်ရယ်ပြုလိုက်သလို ဖြစ်သွားတော့သည်။
အမှန်မှာ NLD ပါတီသည်ပင် ပုဂ္ဂိုလ်စွဲအားကြီးလွန်းပြီး အပြန်အလှန်ထိန်းကျောင်းမှု အားနည်းခဲ့သည်ကိုတွေ့ရသည်။ ဒေါ်စုအပေါ်သာ ပါတီကမှီခိုနေရပြီး ဒေါ်စုမရှိလျှင် ပါတီမှာ ကသောင်းကနင်းဖြစ်သွားသည်။ လူထုကိုဦးဆောင်ဖို့အသာထား၊ သူတို့ကိုယ်၌ပင် လမ်းပျောက်သွားတတ်ကြသည်။ အခုထိလည်း ဒေါ်စုအလွန်နိုင်ငံရေးအခြေအနေကို ရှင်းလင်းသောစဉ်းစားချက်ရှိပုံမရ။ ဒေါ်စုကိုသာ မင်းလောင်းမျှော်သလို မျှော်နေကြသည်။ ထိုကဲ့သို့သော ဦးဆောင်မှုမျိုးနှင့်တော့ ဖက်ဒရယ်ဒီမိုကရေစီကို မျှော်လင့်၍မရနိုင်ပေ။
မျက်မှောက်ကာလ စစ်တပ်ဘက်ကိုကြည့်လျှင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည်လည်း ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို အသေအချာတည်ဆောက်နေပုံရသည်။ မိမိအပေါ်သစ္စာရှိမည့်သူ၊ မိမိကိုမဖီဆန်ဝံ့သူများကိုသာ ရားထူကြီးကြီးပေးကာ အနားခေါ်ထားသည်။ ဘာသာရေးသည် လူထု၏ပျော့ကွက်ဖြစ်သည်ကို သူသိသည်။ ထို့ကြောင့် သာသနာပြုမင်းကြီးဟုအထင်ခံရအောင် ဘုရားများတည်ပြသည်။ ဘာသာရေးခေါင်းဆောင်ကြီးများကို အပိုင်ချုပ်ထားသည်။ သူ့အပေါ် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုမြင့်လာလေ အာဏာကိုဆက်လက်ကိုင်စွဲထားနိုင်လေဖြစ်သည်။
တော်လှန်ရေးအင်အားစုများဘက်တွင်လည်း ပုဂ္ဂိုလ်ရေးကိုးကွယ်မှုများ အာဏာမသိမ်းခင်ကလောက် အားမကောင်းသော်လည်း အလုံးစုံကင်းစင်ခြင်းမျိုးတော့ မဟုတ်ချေ။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုနှင့်ဆက်နွှယ်နေသော မင်းလောင်းမျှော်ဝါဒနှင့် အစွန်းရောက် ဗဟိုချုပ်ကိုင်မှုစနစ်များ အားကောင်းနေသေးသည်။ မူကိုမကြည့်၊ လူကိုသာကြည့်နေသေးသည်။ သဘောထားကွဲလွဲမှုများကို နှိပ်ကွပ်ချင်နေကြသေးသည်။ အာဏာခွဲဝေဖို့ တွန့်ဆုတ်နေကြသေးသည်။ ထို့ပြင် တော်လှန်ရေးကာလအတွင်း မကြာခဏဆိုသလို ကြုံတွေ့နေရသည့်ပြဿနာမှာ တော်လှန်ရေးခေါင်းစဉ်အောက်မှ ကိုယ်ကျိုးရှာသမားများအား ပုဂ္ဂိုလ်ရေးကိုးကွယ်မှုပုံစံ အလွန်အကျူးယုံကြည်နေကြခြင်းဖြစ်သည်။ ဥပမာဆိုရလျှင် နွေဦးတော်လှန်ရေးဆရာတော်ဆိုသော သံဃာတော်တစ်ပါးကျူးလွန်ခဲ့သည့် ကိစ္စမျိုးဖြစ်သည်။ သူသည် တော်လှန်ရေးကိုအကြောင်းပြကာ လူအများ၏ယုံကြည်မှုကိုရယူ၍ onlineမှတဆင့် တော်လှန်ရေးတက်ကြွလှုပ်ရှားသူအမျိုးသမီးများကို လိင်အမြတ်ထုတ်ခြင်းများလုပ်ဆောင်ခဲ့သည်။ ထိုဖြစ်စဉ်အတွင်း အသက်ပြည့်ပြီးသူအမျိုးသမီးများသာမက အသက်မပြည့်သေးသူ အမျိုးသမီးလူငယ် များလည်း ပါဝင်ခဲ့သည်။ ထိုကိစ္စရပ်ကို ကျူးလွန်ခံရသူအမျိုးသမီးများကိုယ်တိုင် လူမှုကွန်ယက်စာမျက်နှာတွင် သက်သေများနှင့်တကွ ထုတ်ဖော်ခဲ့ကာ ထိုရဟန်းအား ဝန်ခံတောင်းပန်ရန်တိုက်တွန်းခဲ့သော်လည်း အခုထိတောင်းပန်ဝန်ခံခြင်းမရှိဘဲ ဟန်ဆောင်ဖုံးကွယ်ကာ ပြည်သူလူထုကို လိမ်ညာလှည့်စားနေဆဲဖြစ်သည်။ လူထုသည် တော်လှန်ရေးဟူသော ခေါင်းစဉ်တပ်လိုက်လျှင် မည်သူ့ကိုမဆို ယုံကြည်သွားတတ်ကြသည်။ ကြည်ညိုသွားတတ်ကြသည်။ လူအား၊ငွေအား လှူဖို့တန်းဖို့လက်မနှေးကြတော့။ ထိုအချက်ကိုအခွင့်ကောင်းယူကာ အခွင့်အရေးသမားများသည် လူထုကို လှည့်စားကြသည်။ မတော်တရော်အပြုအမူများ လုပ်ဆောင်ကြသည်။ ထိုကဲ့သို့သောဖြစ်ရပ်များ တော်လှန်ရေးကာလတွင် မကြာခဏဆိုသလိုဖြစ်ပွားလေ့ရှိရာ လူထုအနေနှင့် တော်လှန်ရေးအယောင်ဆောင် အခွင့်အရေးသမားများကိုလည်း မျက်စိမှိတ်မယုံကြည်မိစေဖို့ သတိမူသင့်သည်။
အချုပ်အားဖြင့်ဆိုရလျှင် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုလွန်ကဲခြင်းသည် အာဏာရှင်စနစ်ကို အသက်သွင်းပေးသည်။ ဒီမိုကရေစီကို ဆိတ်သုဉ်းသွားစေသည်။ ဗဟိုချုပ်ကိုင်မှုကို ကြီးထွားစေသည်။ အာဏာခွဲဝေမှုကို ယုတ်လျော့စေသည်။ လူသားတိုင်း၏စံတန်ဖိုးများကို မှေးမှိန်သွားစေသည်။ ကိုယ်ကျင့်သိက္ခာများကို ပျက်ပြားသွားစေသည်။ အထက်အောက်စနစ်ကို ကြီးထွားစေသည်။ ထို့ကြောင့် ယနေ့ စစ်အာဏာရှင်ကိုတော်လှန်နေသူများအနေနှင့် တော်လှန်ရေးကာလတွင်ရော တော်လှန်ရေးအလွန်ကာလတွင်ပါ အစွန်းရောက်ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို အမြစ်ဖျက်ပယ်ရှားပစ်ဖို့လိုအပ်သည်။ သို့မဟုတ်လျှင် တော်လှန်ရေးကြောင့် လက်ရှိစစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားစေကာမူ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုလွန်ကဲခြင်းကဲ့သို့သော အစွန်းရောက်ဝါဒများ အမြစ်တွယ်နေသေးသ၍ အနာဂတ်တွင် အာဏာရှင်လက်သစ်များ ပေါ်ထွက်မလာနိုင်တော့ဟု တထစ်ချယုံကြည်လို့ရနိုင်ဦးမည်မဟုတ်ချေ။