လက်ရှိမြန်မာနိုင်ငံမှာ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ၊ ဆုံးရှုံးမှုတွေနဲ့ လူအချင်းချင်းကြား ယုံကြည်မှုပျက်စီးမှုတွေကြောင့် လူတဦးချင်းစီရဲ့ ဘဝတွေသာမက မိသားစုတွေနဲ့ လူမှုအသိုင်းအဝိုင်းတွေမှာပါ ဆိုးရွားတဲ့ ထိခိုက်နစ်နာမှုတွေ နေရာအသီးသီးက အလွှာအသီးသီးမှာ နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရပါတယ်။
Howard Zehr ရေးသားတဲ့ The Little Book of Restorative Justice စာအုပ်က တရားမျှတမှုကို အခြားရှုထောင့်တခုကနေ ဆင်ခြင်တွေးဆဖို့ရာ ဖိတ်ခေါ်ထားပါတယ်။ ဒီရှုထောင့်က ကြည့်တဲ့အခါ ပြစ်မှုတခုကို ဥပဒေချိုးဖောက်မှုတခုအဖြစ် ရှုမြင်ခြင်းမှာပဲ လမ်းဆုံးမသွားပါဘူး။ လူအချင်းချင်းအကြားက ဆက်ဆံရေးတွေကို ပျက်စီးစေတဲ့ ဖြစ်ရပ်တခုအဖြစ်လည်း ရှုမြင်မှတ်ထင်ပါတယ်။ ဒါကြောင့် ပြစ်ဒဏ်ပေးခြင်းအပြင် နစ်နာသူတွေရဲ့ လိုအပ်ချက်တွေကို နားလည်ဖို့၊ သူတို့ရဲ့အသံကို နားထောင်တတ်ဖို့နဲ့ ကျူးလွန်သူတွေက မိမိတို့ရဲ့ လုပ်ရပ်အတွက် တာဝန်ယူပြီး ပြန်လည်ကုစားဖို့ကိုလည်း အလေးထား ဆွေးနွေးထားပါတယ်။ ဒီအယူအဆဟာ ပြစ်ဒဏ်ပေးခြင်းကို အလုံးစုံငြင်းပယ်တာ မဟုတ်ပါဘူး။ ပြစ်ဒဏ်ပေးခြင်းတခုတည်းနဲ့ တရားမျှတမှုကို အပြည့်အဝ ဖော်ဆောင်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းအပေါ် ပြန်ပြောင်းဆင်ခြင်ကြည့်ဖို့ရာ တိုက်တွန်းချက်သာ ဖြစ်ပါတယ်။
ဒီစာအုပ်ကနေ ရရှိလာတဲ့ အတွေးအခေါ်တွေဟာ မြန်မာနိုင်ငံရဲ့ တရားမျှတမှုဆိုင်ရာ စိန်ခေါ်မှုတွေကို ပိုမိုနားလည်သုံးသပ်နိုင်ဖို့၊ တာဝန်ယူမှုနဲ့ အပြန်အလှန်နားလည်မှုကို အခြေခံတဲ့ ဆွေးနွေးမှုတွေ ပိုမိုဖြစ်ထွန်းလာဖို့ရာ တထောင့်တနေရာကနေ အကျိုးပြုနိုင်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ ထိခိုက်နစ်နာမှုတွေကို အသိအမှတ်ပြုခြင်း၊ တာဝန်ယူမှုနဲ့ ပြန်လည်ကုစားခြင်းတို့ကနေတဆင့် အဆိုးကျော့ သံသရာရပ်တန့်ပြီး ပိုမိုမျှတငြိမ်းချမ်းတဲ့ လူ့ဘောင်အသိုက်အမြုံတခုကို အတူတကွ တည်ဆောက်နိုင်ကြပါစေကြောင်း ဦးတည်ဆန္ဒပြုရင်း ကုစားသင့်မြတ်ရေး တရားမျှတမှုမိတ်ဆက်စာအုပ်ကို ဘာသာပြန်ဆို ထုတ်ဝေလိုက်ရပါတယ်။