အကြမ်းမဖက်တော်လှန်ရေးတိုက်ပွဲ

အကြမ်းမဖက်တော်လှန်ရေးတစ်ခုအောင်မြင်ရန် ပြည်သူများနှင့် လူမှုအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုက အခရာကျပေသည်။ ထို့ပြင် ပြည်သူတစ်ဦးချင်းစီ၏ မဆုတ်မနစ်သောတော်လှန်ရေးစိတ်ဓာတ်နှင့် မှန်ကန်သောခံယူချက်များက တော်လှန်ရေးကိုမောင်းနှင်နိုင်မည့်အင်အားများဖြစ်သည်။ ထိုအင်အားများကို မည်ကဲ့သို့ရရှိ၊ စုဆောင်းရန်မှာ Freedom Fighter အဖွဲ့၏ရည်ရွယ်ချက်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ထို့ကြောင့် ဤစာမျက်နှာတွင်မိတ်ဆက်ထားသည့် အရေးပါသောတော်လှန်ရေးသဘောတရားများက အကြမ်းမဖက်တော်လှန်ရေးတွင် ပါဝင်လိုသူတိုင်းကို အထောက်အကူပြုနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

အကြမ်းမဖက်တိုက်ပွဲ
ဘာကြောင့် အရေးကြီးသလဲ

  • အကြမ်းမဖက်တော်လှန်ရေးသည် လက်နက်ကိုင်တော်လှန်ရေးနှင့်မတူပဲ အသက်မရွယ်မရွေး၊ ကျား/မ မရွေးပါဝင်နိုင်သော လှုပ်ရှားမှုဖြစ်သည်။
  • သမိုင်းအထောက်အထားများအရ အကြမ်းမဖက်တော်လှန်ရေးသည် လက်နက်ကိုင်တော်လှန်ရေးထက် ပျှမ်းမျှအောင်မြင်နိုင်ခြေ နှစ်ဆရှိသည်။ *
  • လူထုပါဝင်နိုင်သော အရေအတွက်နှင့် ရေရှည်တည်တံ့နိုင်စွမ်းတွင် အားသာချက်များရှိသည်။
  • အနာဂတ် ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးအတွက် အဓိကကျသည့် အတွေးအခေါ်၊ ယဉ်ကျေးမှု ပြောင်းလဲရေးကို အကြမ်းမဖက်တော်လှန်ရေးက တပါတည်း ဆောင်ချည်းပေးသည်။

အကြမ်းမဖက်တော်လှန်ရေး
အယူအဆအမှားများ

  • အကြမ်းမဖက်တော်လှန်ရေး ≠ ဆန္ဒပြပွဲ/သပိတ်မှောက်ပွဲ
  • အကြမ်းမဖက်တော်လှန်ရေး ≠ ဘာသာရေးနည်းလမ်း/ သူတော်စင်နည်းလမ်း
  • အကြမ်းမဖက်တော်လှန်ရေးဟူသည် ဆန္ဒပြပွဲ၊ သပိတ်မှောက်ပွဲများကိုသာဆိုလိုသည်မဟုတ်ပေ။ လက်နက်ကိုင်တိုက်ခိုက်သည့်နည်းမှအပ ကျန်နည်းလမ်းအားလုံးပါဝင်သည်။
  • အကြမ်းမဖက်နည်းလမ်းဟူသည်မှာ လူထုအင်အားဖြင့် နိုင်ငံ‌ရေး အာဏာကို သိမ်းယူခြင်း/ တစ်ဖက်အင်အားကို ပြိုကွဲစေခြင်းပင်ဖြစ်သည်။

နိုင်ငံရေးအာဏာဘယ်ကလာ

အာဏာဆိုသည်မှာ လူအများကို တိုက်တွန်းခြင်း၊ လွှမ်းမိုးစေခိုင်းခြင်း၊ ဖိအားပေးခြင်း၊ ဆုပေးခြင်း၊ ဒဏ်ပေးခြင်း စသည့်ပုံစံအမျိုးမျိုးတို့ဖြင့် အာဏာရရှိထားသူ၏ ရည်ရွယ်ချက်ပြည့်မြောက်အောင် လုပ်ဆောင်နိုင်သည့်နည်းလမ်းများပင်ဖြစ်သည်။ နိုင်ငံတစ်ခုကိုလွှမ်းမိုးချုပ်ကိုင်နိုင်သော နိုင်ငံရေးအာဏာတည်ရှိပုံကိုရှင်းပြသည့် ပုံစံနှစ်မျိုးရှိသည်။ 

အာဏာပိုင်ပုံစံ (monolithic) နှင့် အများပိုင်ပုံစံ (pluralistic) တို့ဖြစ်သည်။

အာဏာပိုင်ပုံစံ (အပေါ်မှအောက်သို့)

  • အာဏာသည် အထက်အာဏာပိုင်မှလာသည်ဟုယူဆ
  • အထက်ပိုင်း အာဏာရှိသူများသာ အပြောင်းအလဲလုပ်နိုင်
  • လူအပြောင်းအလဲ ရှိနိုင်သော်လည်း စနစ်အပြောင်းအလဲဖြစ်ရန် ခက်ခဲ
  • အာဏာသည် အရင်းအမြစ်များ၊ အချက်အလက်များနှင့် အကြမ်းဖက်အင်အားများမှ လာသည်

အများပိုင်ပုံစံ (အောက်မှအပေါ်သို့)

  • အာဏာသည် ဘုရားကပေးထားခြင်းမဟုတ်၊ လူအများပေးအပ်ထားခြင်းဖြစ်သည်
  • လူအများ လက်ခံပူးပေါင်း ၊ နာခံမှုကြောင့်သာ စနစ်ရပ်တည်နိုင်
  • အာဏာသည် လူအများနှင့် သက်ဆိုင်နေ
  • အာဏာ၏ အရင်းအမြစ်များစွာရှိ
  • အာဏာတည်ဆောက်ပုံကို လူအများမှ ပြောင်းလဲနိုင်

နိုင်ငံရေးအာဏာကို ဘုရင်စသည့် အထက်အာဏာရှင်မှပိုင်ဆိုင်ထားသည်ဟူသည့် အာဏာပိုင်ပုံစံသည် မှားယွင်းသောယူဆချက်ဖြစ်သည်

အုပ်ချုပ်ခံပြည်သူများက အာဏာပိုင်ထံတွင် အာဏာကိုပေးအပ်ထားသောကြောင့်သာ အာဏာရနေခြင်းဖြစ်သည်။ 

ပြည်သူများက အာဏာကို လိုလိုချင်ချင်ပေးအပ်ထားခြင်းလည်းဖြစ်နိုင်သလို၊ 

ဖိအားပေးခံရ၍သော်လည်းကောင်း၊ မည်သူအာဏာရရ စိတ်ဝင်စားမှုမရှိ၍သော်လည်းကောင်း၊ မိမိတို့တွင် အပြောင်းအလဲကိုဖော်ဆောင်ရန် အင်အားမရှိဟုထင်၍သော်လည်းကောင်း မိမိ၏မူလအခွင့်အာဏာကို လက်လွှတ်လိုက်ရခြင်းလည်းဖြစ်နိုင်သည်။

အာဏာဖြစ်တည်ရာ ရေသောက်မြစ်ခြောက်ခု

အကြမ်းမဖက်တိုက်ပွဲသည် နိုင်ငံရေးအာဏာကို မတရားသဖြင့်လုယူထားသူထံမှ မူလပိုင်ရှင်ဖြစ်သောလူထုက ပြန်လည်ရယူခြင်းပင်ဖြစ်သည်။ ထို့ကြောင့် တိုက်ပွဲဝင်ရဲဘော်များသည် နိုင်ငံရေးအာဏာ မည်ကဲ့သို့ဖြစ်တည်လာသည်ကို သိရှိရန်လိုသည်။ အာဏာဟူသည် လူထုကိုလွှမ်းမိုးနိုင်သောစွမ်းအားဖြစ်ကြောင်းနှင့် အာဏာပိုင်ဟူ၍မရှိကြောင်း အထက်တွင်ဖော်ပြခဲ့ပြီးဖြစ်သည်။ ဤသို့ဆိုလျှင် အာဏာဘယ်ကလာသနည်း။ အာဏာဖြစ်တည်ရာ ရေသောက်မြစ် (၆) ခုရှိသည်။

၁။ တရားဝင်ရာထူးနေရာ

ပြည်သူလူထုက တရားဝင်သည်ဟု အသိအမှတ်ပြုထားသော အမိန့်ပေးနိုင်သည့် ရာထူးတစ်ခု

၂။ လူ့စွမ်းအားအရင်းအမြစ်များ

ဖိအားပေးခံရသောကြောင့်ဖြစ်စေ၊ မိမိအလိုဆန္ဒအလျောက်ဖြစ်စေ အုပ်ချုပ်သူကို လိုက်နာ၊ ကူညီ၊ ဆောင်ရွက်ပေးနေသော အလွှာအသီးသီးမှ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ

၃။ အသိပညာနှင့် အတတ်ပညာ

မည်သည့်အုပ်ချုပ်သူမှ အသိပညာရှင်၊ အတတ်ပညာရှင်တို့၏ ပူးပေါင်းဆောင်ရွက်မှု မပါဘဲ မရပ်တည်နိုင်။ ဆရာဝန်၊ အင်ဂျင်နီယာ၊ နည်းပညာရှင်စသော နယ်ပယ်အလိုက် ကျွမ်းကျင်သူများထံမှ အသိပညာ၊ အတတ်ပညာတို့ကို အမြဲတစေလိုအပ်

၄။ သယံဇာတအရင်းအမြစ်များ

အုပ်ချုပ်သူတို့၏အင်အားသည် ၎င်းတို့လက်အောက်တွင် မြေ၊ သစ်၊ တွင်းထွက်၊ ရေနံ၊ ငွေကြေး၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး စသည့် သယံဇာတမည်မျှကို ထိန်းချုပ်ထားနိုင်သနည်း ဟူသောအချက်နှင့်ဆက်နွယ်နေ

၅။ အကောင်အထည်မမြင်ရသောအချက်များ

ဘာသာရေး၊ ရိုးရာ၊ ထုံးတမ်းစဉ်လာ၊ ယဉ်ကျေးမှုနှင့်သက်ဆိုင်သော အယူဝါဒများနှင့် မိရိုးဖလာ အစွဲအလန်းတို့ကိုအသုံးချပြီး အာဏာရှင်ကို နာခံစေနိုင်။ ဥပမာ ဘုန်းကြီးတရား ဆိုလျှင် လိုက်နာရမည်၊ ကျောင်းဆရာ၊ ဆရာမယူနီဖောင်းဝတ်ထားလျှင် ရိုသေရမည်

၆။ ပြစ်ဒဏ်ပေးခြင်း

အုပ်ချုပ်သူခိုင်းသမျှ နာခံလုပ်ဆောင်စေရန် လိုအပ်သူများကို ခြိမ်းခြောက်ခြင်း၊ အပြစ် ပေးခြင်း။ မိမိနှင့်တခြားသူများကို ပြစ်ဒဏ်ပေးခံရနိုင်သည်ဟူသော အကြောက်တရား သည် အမှန်တကယ် ပြစ်ဒဏ်ပေးခံရခြင်းထက်ပင် ပို၍သက်ရောက်မှုရှိ

အထက်ပါအချက်တို့ကို လေ့လာကြည့်ပါက အာဏာ၏မူလဖြစ်တည်ရာသည် ပြည်သူလူထုပင်ဖြစ်ကြောင်း သိသာနိုင်သည်။ ထိုအသက်သွေးကြော (၆) ခုသာမရှိပါက အာဏာသည် မတည်တံ့နိုင်ပေ။

အာဏာရှင်၏ ထောက်တိုင်များ

အာဏာရှင်တို့သည် အင်အားကြီးဟန်ဆောင်ထားသော်လည်း သူတို့ချည်းမရပ်တည်နိုင်ပေ။ အာဏာရှင်တည်မြဲရန် ထောက်ပံ့ပေးထားသော အဓိကထောက်တိုင် (၆) ခုရှိသည်။

Pillars of support

အာဏာရှင်မီခိုထားသော ထောက်တိုင်များအင်အားချိနဲ့လာချိန်တွင် အာဏာရှင်စနစ်ပြုတ်ကျရမည်မှာ ဧကန်ဖြစ်သည်။

အကြမ်းမဖက်တော်လှန်ရေး တိုက်ကွက်အမျိုးအစားများ

အကြမ်းမဖက်တော်လှန်ရေးကို ဆင်နွဲခြင်းအားဖြင့် မည်ကဲ့သို့သောရလာဒ်နှင့် အပြောင်းအလဲများကို ဖန်တီးနိုင်သနည်း။ တော်လှန်ရေးဘက်တော်သားများ အနိုင်ရစေမည့်နည်းလမ်းများ၊ (တနည်း) တော်လှန်ရေးတိုက်ကွက်များကို လေ့လာရမည်။ ယေဘူယျအားဖြင့် အာဏာအပြောင်းအလဲဖြစ်စေသော တိုက်ကွက် (၄) ချက်ရှိသည်။

Mechanisms of change

ဖော်ပြပါတိုက်ကွက်ပုံစံများကို အမြဲတစေအသုံးပြုရမည်မဟုတ်ပဲ တဖက်လူကို မည်သည့်အချိန်တွင် မည်သည့်နည်းစနစ်ဖြင့် တိုက်ရမည်ဆိုသည်ကို အလေးအနက်စီစဉ်ထားရမည်။

အကြမ်းမဖက်နည်းလမ်းအုပ်စုသုံးခု

အကြမ်းမဖက်နည်းလမ်းများကို အုပ်စုအားဖြင့် (၃) ခုခွဲခြားနိုင်သည်။

Nonviolent method categories

နည်းလမ်းများစွာထဲမှ မည်သည့်နည်းလမ်းကို မည်သည့်အချိန်တွင် မည်သူတို့ပြုလုပ်ရမည့် အစီအစဉ်ကို အဘက်ဘက်မှသုံးသပ်၍ ကြိုတင်ရေးဆွဲထားရမည်။

အကြမ်းမဖက်တိုက်ပွဲဝင် မဟာဗျူဟာ

တိုက်ရမည့်အချိန်နှင့် မတိုက်ရမည့်အချိန်ကိုသိသူ၊ သာလွန်အင်အားရော လျော့နည်းအင်အားပါစီမံနိုင်သူ၊ တပ်တစ်ခုလုံး ရည်တူမျှတူစိတ်အားထက်သန်နေသော တပ်ရှိသူ အနိုင်ရလိမ့်မည်။

ဆောင်ဇူး (The Art of War)

နိုင်ငံရေးအာဏာဖြစ်ပေါ်လာပုံ၊ အာဏာရှင်၏ထောက်တိုင်များနှင့် တော်လှန်ရေးတိုက်ကွက်အမျိုးအစားများကို လေ့လာပြီးပါက အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက်တိုက်ပွဲဆင်နွှဲရန် စတင်နိုင်ပြီဖြစ်သည်။ သို့သော် တိုက်ပွဲတို့မည်သည် တယောက်တပေါက်နှင့် အကွဲကွဲအပြားပြားတိုက်၍မဖြစ်နိုင်ချေ။ ကောင်းနိုးရာရာ လျှောက်လုပ်ပါကလည်း ထိရောက်မှုမရှိပဲ မိမိအင်အားကို ဖြုန်းတီးရာကျပေမည်။ အင်အားကိုစုစည်းကာ အချိန်တိုတိုအတွင်း မိမိဘက်မှဆုံးရှုံးမှုအနည်းဆုံးနှင့် တဘက်မှအထိအခိုက်အများဆုံးဖြစ်အောင် တိုက်ပွဲကိုကြိုတင်စီစဉ်ရန် အထူးလိုအပ်သည်။ 

တော်လှန်ရေးတိုက်ကွက်များ၊ နည်းဗျူဟာများ၊ နည်းလမ်းများ၊ လူနှင့်ကုန်ပစ္စည်းအရင်းအမြစ်များ၊ အန္တရာယ်အနေအထား၊ မျှော်မှန်းထားသောရလာဒ် စသည်တို့ကို ထည့်သွင်းစဉ်းစား၍ အချိန်၊ နေရာ၊ တိုက်ပွဲဖော်ဆောင်မည့်နည်းလမ်းတို့ကို တဆင့်ခြင်းအစီအစဉ်ချထားရမည်။ တော်လှန်ရေးရဲဘော်များနှင့် ကြီးကြပ်သူများမှ ထိုကဲ့သို့အစီအစဉ်များကိုရေးဆွဲရာတွင် မီငြမ်းရမည့် အမြင့်ဆုံးအဆင့်ရှိသော တော်လှန်ရေးဗျူဟာကို အဂ္ဂမဟာဗျူဟာဟုခေါ်သည်။ ထို့ကြောင့် အဂ္ဂမဟာဗျူဟာသည် အကြမ်းမဖက်တော်လှန်ရေးတစ်ခုအောင်မြင်ရန် အလွန်အရေးပါသည်။

Congratulations!

အကြမ်းမဖက်တော်လှန်ရေးတိုက်ပွဲအကြောင်းကို စိတ်ဝင်တစားဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အစအဆုံးဖတ်ပြီးပြီဆိုရင် ပြည်သူ့အာဏာကိုပြန်ယူတဲ့ လူထုတိုက်ပွဲသဘောတရားကို တီးခေါက်မိသွားပါပြီ။ ဒါပေမယ့် ဒီစာမျက်နှာမှာပါတဲ့ အကြောင်းအရာတွေက မိတ်ဆက်ပဲဖြစ်တာကြောင့် တော်လှန်ရေးတိုက်ပွဲမှာ ကိုယ်တိုင်ပါဝင်ဆင်နွှဲလိုတယ်ဆိုရင် ထပ်မံလေ့လာဖို့၊ ဆန္ဒရှိရင် ကျွန်ုပ်တို့နဲ့အတူတကွလက်တွဲချီတက်ဖို့ ဖိတ်ခေါ်ပါတယ်။

အရေးတော်ပုံအောင်ရမည်