သမိုင်းထဲက သင်ခန်းစာ (သို့မဟုတ်) အကြမ်းမဖက် ဘာလွဲခဲ့သလဲ – အပိုင်း (၂)

ဒီဆောင်းပါးရဲ့ အပိုင်း (၁) မှာတော့ ပြီးခဲ့တဲ့ အကြမ်းမဖက်တော်လှန်ရေးရဲ့ အဓိကလိုအပ်ချက်နှစ်ခုကို သုံးသပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဆောင်းပါးကတော့ နာမည်ပေးထားတဲ့အတိုင်း အလွဲတွေကိုဦးတည်ပြီးရေးမှာဖြစ်ပါတယ်။
what went wrong Myanmar revolution 2

အပိုင်း (၁) မှာ ပြီးခဲ့တဲ့အကြမ်းမဖက်တော်လှန်ရေးရဲ့ အဓိကလိုအပ်ချက်နှစ်ခုကို သုံးသပ်ခဲ့ပါတယ်။

၁။ တော်လှန်ရေးလှုပ်ရှားမှု လမ်းစဉ်၊ လုပ်ရပ်တိုင်းအတွက် ရည်ရွယ်ချက် တိတိကျကျချနိုင်ဖို့ (အဂ္ဂ ဗျူဟာ နဲ့ မဟာဗျူဟာ ရှိဖို့လိုပါတယ်)
၂။ လမ်းပေါ်မှာ ပေါင်းစည်းတာ အရေအတွက်အားဖြင့် အောင်မြင်ပါတယ်။ နှလုံးသားချင်းပေါင်းစည်းဖို့ကိုလည်း အလေးအနက်ထားဖို့ လိုပါတယ်။ ဒီနှစ်ခုကတော့ အကြမ်းမဖက်တော်လှန်ရေး အောင်မြင်ဖို့အတွက် အဓိက လိုအပ်ချက်တွေပါ။

ဒီနေ့တော့ ဖေဖော်ဝါရီလကုန်နီးလောက်က လူထုကို လွှမ်းမိုးမှုများခဲ့တဲ့ တော်လှန်ရေးဖြစ်ရပ်တခုရဲ့ ရိုက်ခတ်မှုတွေကို သုံးသပ်ချင်ပါတယ်။ တော်တော်များများလည်း အမှတ်ရကြမှာပါ။ ယူကရိန်းတော်လှန်ရေး ဖြစ်ပါတယ်။

ယူကရိန်းတော်လှန်ရေးကနေ ပြည်သူတွေရခဲ့တဲ့ ကောင်းကျိုးတွေအများကြီးရှိပါတယ်။ အဓိက လူထုက အကြမ်းမဖက်တော်လှန်ရေးကို ပိုပြီးယုံကြည်ခဲ့တယ်။ အားလုံးက မကြာခင်အနိုင်ရတော့မယ်ဆိုပြီး အောင်စိတ်ကိုယ်စီနဲ့ပေါ့။ အဲအချိန် တော်လှန်ရေးရဲဘော်တွေ ဖမ်းဆီးခံရတယ်ဆိုရင်တောင် မကြာခင် တော်လှန်ရေးပြီးဆုံးတော့မယ်ဆိုပြီး မျှော်လင့်ချက်အပြည့်နဲ့ပေါ့။

ဒါပေမယ့် ဒီဆောင်းပါးကတော့ နာမည်ပေးထားတဲ့အတိုင်း အလွဲတွေကိုဦးတည်ပြီးရေးမှာဖြစ်ပါတယ်။

၃။ နေရာသိမ်းပိုက်တာထက် အာဏာရှင်စနစ် ထောက်တိုင်တွေကို ဖြိုခွဲရန်လို

ပြန်စဉ်းစားကြည့်ပါ။ ဖေဖော်ဝါရီလအဆုံး မတ်လအစကနေစပြီးတော့ Defense Team တွေစပြီးအားကောင်းလာပါတယ်။ ဒိုင်းတွေ ၊ အကာတွေ၊ အတားအဆီးတွေ၊ မိုလိုတော့ဗ်တွေနဲ့ လမ်းတွေကို သိမ်းပိုက်ရမယ်ဆိုတဲ့ အယူအဆအားကောင်းလာပါတယ်။ ယူကရိန်းဖြစ်ရပ်ကို အားကျပြီးလုပ်ကျတာဖြစ်ပေ့မယ့် ယူကရိန်းနဲ့ မြန်မာနဲ့ မတူညီတဲ့ အခြေအနေကို ဆင်ခြင်ဖို့လိုပါတယ်။

ယူကရိန်းရဲ့ ၂၀၁၄ တော်လှန်ရေးကို “Euromaidan” လို့အသိများပါတယ်။ Maidan ဆိုတာက ယူကရိန်းမှာ‌တော့ ရင်ပြင်ကိုခေါ်တာပါ။ ဘာကြောင့်ဒီလိုခေါ်ရလဲဆိုတော့ ယူကရိန်းမြိုတော်ရဲ့ လွတ်လပ်ရေးရင်ပြင်မှာဖြစ်ခဲ့လို့ပါ။ တော်လှန်ရေးသမားတွေအနေနဲ့ လွတ်လပ်ရေးရင်ပြင်မှာ သပိတ်စခန်းတည်ဆောက်ပြီး အစိုးရယန္တရားရဲ့ အချက်အခြာဖြစ်တဲ့ လွှတ်တော်နဲ့ သမ္မတအိမ်တော်ကို အဓိကထားပြီး ဆန္ဒပြကြပါတယ်။ ယူကရိန်းရဲ့ အခြေအနေက အဲအချိန်မှာ ဒီမိုကရေစီအစိုးရလည်းဖြစ်တယ်၊ သမ္မတအနေနဲ့ကလည်း စစ်တပ်ကို ဆန္ဒပြပွဲတွေဖြေရှင်းဖို့ အမိန့်ပေးနိုင်ခြင်းမရှိသလို လွှတ်တော်မှာလည်း အတိုက်အခံအင်အားစုက အားကောင်းပါတယ်။ ဒီလိုအချက်တွေ စုပေါင်းမှုကြောင့် ရုရှားဘက်ယိမ်းတဲ့ သမ္မတ Viktor Yanukovych သုံးလအကြာ ဖြုတ်ချခံရတယ်။

မြန်မာနိုင်ငံမှာက အုပ်ချုပ်ရေးယန္တယားကို နေပြည်တော်ကနေ ထိန်းချုပ်တယ်။ နေပြည်တော်အနေနဲ့ကလည်း လူနေတဲ့ မြို့မဟုတ်ဘူးလို့ ပြောရလောက်အောင် စစ်ရေးလှုပ်ရှားမှု လွယ်ကူအောင် လူထုလှုပ်ရှားမှုတွေကို လွယ်လွယ်ကူကူ ဖြေရှင်းလို့ရအောင်ပြင်ဆင်ထားတယ်။ (ဒါကစာဖတ်နေသူကြီးရဲ့ အမျှော်အမြင်ကြွယ်မှုလို့လည်း ပြောကြတယ်။)

အဲအချိန်က မြန်မာနိုင်ငံအနှံ့ လမ်းတွေကိုသိမ်းပိုက်ဖို့ လုပ်ကြတဲ့အခါမှာ ရည်ရွယ်ချက်က ဘာဖြစ်မလဲဆိုတာ မရှင်းလင်းခဲ့ဘူး။ ယူကရိန်းတော်လှန်ရေးကို ကြည့်ကြတဲ့အခါမှာ လူအုပ်ကြီးက လမ်းတွေကို သိမ်းပိုက်လို့နိုင်တယ်လို့ အပေါ်ယံသာမြင်ကြပြီး တကယ်အနှစ်သာရဖြစ်တဲ့ ဒီမိုကရေစီယဉ်ကျေးမှု ထွန်းကားမှု၊ စစ်တပ်က ပြည်သူဘက် ရပ်တည်မှု၊ အတိုက်အခံအင်အားစုတွေရဲ့ အင်အား၊ ပြည်သူတွေတသားတည်းရှိမှု၊ တော်လှန်ရေးဦးတည်ချက်ရှင်းလင်းမှု ဒါတွေကိုလည်း မြင်နိုင်ဖို့လိုတယ်။

သေချာတာကတော့ မြန်မာနိုင်ငံလိုမျိုး နောက်ကွယ်က လူမျိုးရေး၊ ဘာသာရေး ပြဿနာတွေ မကျေလည်ဘဲ ၊ ဒီမိုကရေစီယဉ်ကျေးမှုကို မတည်ဆောက်နိုင်သေးဘဲ လမ်းတွေကို သိမ်းပိုက်တဲ့ဗျူဟာက အောင်ပွဲရစေတဲ့အထိတော့ မျှော်မှန်းလို့မရပါဘူး။ လမ်းတွေကို သိမ်းပိုက်တဲ့နေရာမှာ ပေးဆပ်ရတာနဲ့ ပြန်ရတာနဲ့ မထိုက်တန်ဘူးလို့ သုံးသပ်ပါတယ်။ အကြမ်းမဖက်တော်လှန်ရေးနဲ့ပက်သက်တဲ့ ရေးသားချက်တွေမှာတော့ လမ်းတွေ၊ အဆောက်အအုံတွေသိမ်းဖို့ထက် လူတွေရဲ့ စိတ်နှလုံးကို သိမ်းဖို့က အဓိကဖြစ်တယ်လို့ ထောက်ပြကြပါတယ်။

၄။ မိမိကိုယ့်ကို ခုခံပိုင်ခွင့် (သို့မဟုတ်) စစ်ကောင်စီရဲ့ အရက်စက်ဆုံးနေ့များ

အဲကာလတွေမှာ လူထုကြားထဲ အပြောများလာတာက မိမိကိုယ်ကို ခုခံပိုင်ခွင့် (Self-defense) ဟာ အကြမ်းမဖက်အယူအဆကို မဆန့်ကျင်ဘူး။ လူသားတိုင်းရဲ့ ရပိုင်ခွင့်ပဲဆိုပြီး ပြောလာကြတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း လူထုက စစ်သားတွေကို ပြန်မချဘူးဆိုပြီး အယူအဆနှစ်ခုအားပြိုင်ခဲ့တယ်။

ဒီအချက်ကို အလှည့်အပြောင်းဖြစ်စေတယ်လို့ပြောနိုင်တာကတော့ CRPH ရဲ့ မတ်လ ၁၄ ရက်နေ့ ကြေညာစာဖြစ်တယ်။ ဒီကြေညာစာက အကြမ်းဖက်လုပ်ရပ်တွေမှာ ပြည်သူများအနေဖြင့် မိမိကိုယ်ကိုကာကွယ်နိုင်ခွင့်ရှိတယ် ဆိုပြီး ထုတ်ပြန်တယ်။ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို အဲအချိန်က စစ်ကောင်စီက လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်းစတဲ့ ရန်ကုန်မှာရှိတဲ့ အင်အားအကြီးဆုံး သပိတ်စခန်းတွေကို ဖြိုခွဲဖို့ လုပ်တဲ့နေ့ရက်တွေ။ လူထုကလည်း အွန်လိုင်းပေါ်ကနေ တခဲနက်ထောက်ခံပြီး ပြန်ချကြဟေ့ဆိုပြီး ကြွေးကြော်ကြတဲ့နေ့စွဲပေါ့။

ရလဒ်ကတော့ စစ်ကောင်စီရဲ့ အရက်စက်ဆုံးနေ့တွေကို တွေ့မြင်ခဲ့ရတယ်။ AAPP ထုတ်ပြန်ချက်အရ မတ်လ ၁၃ ရက်နေ့အထိ သေဆုံးသူ ၈၉ ယောက်ရှိခဲ့ရာကနေ မတ်လ ၁၄၊ ၁၅ နှစ်ရက်မှာ သေဆုံးသူ စုစုပေါင်း ၂၁၀ကျော် ရှိခဲ့တယ်။ ပြည်သူ ၁၂၀ ကျော်က နှစ်ရက်အတွင်း အသက်ပေးခဲ့ရတယ်။ (ဒီထဲမှာ အတည်မပြုနိုင်တဲ့လူတွေ ကျန်သေးတယ်လို့လည်း ပြောကြတယ်။)

ဒါအပြင့် အယူအဆ၊ စိတ်ဓာတ်ရေးရာအားဖြင့်လည်း ကျွန်တော်တို့ အရေးမသာခဲ့ဘူး။ အကြမ်းမဖက်တော်လှန်ရေးမှာ အဓိကအယူအဆက လူသားတွေကို ပေါင်းစည်းနိုင်စွမ်းပါ။ ဒီမှာ အဆုံးအဖြတ်ဖြစ်စေတဲ့ အင်အားစုနှစ်ခုကတော့ အတိုက်အခံအင်အားစုတွေနဲ့ အာဏာရှင်ကိုထောက်ကန်ပေးတဲ့အင်အားစုတွေဖြစ်ပါတယ်။ ဒီအင်အားစုနှစ်စုကို ပါအောင်ခေါ်နိုင်ပြီဆိုရင် တော်လှန်ရေး အောင်မြင်ပါတယ်။

အကြမ်းမဖက်တော်လှန်ရေးအယူအဆမှာ လက်နက်ကို လက်နက်နဲ့ ပြန်ပြီးကာကွယ်ဖို့ထက် Social Defense ကို အဓိကအားထားပါတယ်။ ဆိုလိုတာက တဖက်ရဲ့ ဖိနှိပ်မှုတွေကလုပ်လေလေ သူတို့ရဲ့ ယုံကြည်ချက်၊ ရပ်တည်ချက်ကို ပြန်ပြီးပြိုကွဲလေလေ ဖြစ်စေတာပါ။ ဘာသာရေး၊ မိသားစု၊ အပေါင်းအသင်း၊ လူကျင့်ဝတ်၊ အသိအမှတ်ပြုမှုခံယူလိုမှု စတဲ့ လူတယောက်မှာ တန်ဖိုးထားတဲ့ အရာကိုယ်စီရှိကြပါတယ်။ ဒီအရာတွေကို သူတို့ရဲ့ လုပ်ရပ်တိုင်းက ဆန့်ကျင်ဘက်ဖြစ်တဲ့အခါမှာ စိတ်ထဲက မလုံမလဲဖြစ်မှု ၊ အကြောက်တရားတွေတိုးပွားစေတာပဲ။ နောက်ဆုံးမှာ အာဏာရှင်ရဲ့ အမိန့်တခုကို စပြီး လက်အောက်ခံ အဖွဲ့တခုက မနာခံလိုက်တာနဲ့ အာဏာရှင်ယန္တရားတခုလုံး ပြိုကွဲဖို့က အချိန်ပိုင်းပဲ လိုတော့ပါတယ်။ အဲဒီလောက်ကို အာဏာရှင်တွေရဲ့ အယူအဆ၊ ယုံကြည်ချက်ထောက်တိုင် တည်ဆောက်မှုက ခိုင်မာမှုမရှိပါဘူး။

ကျွန်တော်တို့ရဲ့ အားနည်းချက်က စစ်အာဏာရှင်စနစ်အမြစ်ဖြုတ်ရေးနဲ့ စစ်ကောင်စီတပ်သားအားလုံး လက်စတုန်းရေး မသဲကွဲဘူး။ တနည်းအားဖြင့် အနာဂတ်အသစ်တည်ဆောက်ရေးနဲ့ လက်စားချေရေး နှစ်ခုမကွဲဘူးပေါ့ ။ ဒီအချက်က အကြမ်းမဖက်တော်လှန်ရေးရဲ့ အနှစ်သာရ ပျောက်ဆုံးစေခဲ့တယ်။ တချိန်တည်းမှာ ကာကွယ်ဖို့ကို ဒိုင်းတွေ၊ ဓားတွေ၊ မိုလိုတော့ဗ်တွေနဲ့ ကာကွယ်ဖို့ အားသန်တယ်။ အယူအဆ၊ ရပ်တည်ချက်နဲ့ ကာကွယ်လောက်တဲ့အထိ စုစည်းမှု၊ ခေါင်းဆောင်မှု၊ ယုံကြည်မှု၊ အမျှော်အမြင်ရှိမှု မစုံလင်ခဲ့ဘူး။

ဒီနေရာမှာ အဲလို Social Defense နဲ့ကာကွယ်ရင်ကော အသေအဆုံး၊ အထိအခိုက် မရှိဘူးလား မေးစရာရှိပါတယ်။ အကြမ်းမဖက်တော်လှန်ရေးသည်လည်း တိုက်ပွဲဖြစ်တဲ့အတွက် အထိအခိုက်အကျအဆုံးရှိပါလိမ့်မယ်။ ဒါပေမယ့် အနာဂတ်လမ်းကြောင်းကို သေချာချထားနိုင်တယ်၊ တော်လှန်ရေးသမားတွေအနေနဲ့ လိုက်နာရမယ့်စည်းကမ်းကို နားလည်တယ်၊ အင်အားစုတိုင်းပါဝင်လာအောင် စည်းရုံးနိုင်တယ်ဆိုရင် ပေးဆပ်ရမှု အနည်းဆုံးနဲ့ အပြောင်းအလဲတွေကို ထိထိရောက်ရောက်ယူနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သေချာတာကတော့ တခြားတဖက်မှာရှိတဲ့ လက်နက်ကိုင်လမ်းစဉ်ကတော့ အဆများစွာပိုတဲ့ သွေးတွေပေးဆပ်ရမှာပါ။ ပိုပြီးစိုးရိမ်ရတာက အပြောင်းအလဲဆီ ရောက်ရှိအောင်မြင်နိုင်ခြေ နဲ့ အဲရလဒ်ကို ထိန်းထားနိုင်ဖို့မှာ မဖြေနိုင်တဲ့ မေးခွန်းများစွာရှိပါတယ်။

ကျွန်တော်တို့ ခံစားချက်တွေမရှိဖို့၊ မနာကျည်းဖို့ဆိုတာ လက်တွေ့မဖြစ်နိုင်ပါဘူး။ ပြဇာတ်ရေးဆရာ Eugene Ionesco ကပြောခဲ့ပါတယ်။ “အိုင်ဒီယာတွေက လူတွေကို ဝေးကွာစေပါတယ်။ အိပ်မက်တွေနဲ့ နာကျည်းချက်တွေကပဲ လူသားတွေကို ပေါင်းစည်းနိုင်တယ်” ဆိုပြီးတော့။ ကျွန်တော်တို့အနေနဲ့ နာကျည်းချက်တွေကို အနာဂတ်အိပ်မက်တွေအတွက် တွန်းအားအဖြစ်အသုံးချပြီး သွားရမယ်။ မုန်းတီးမှု၊ ဒေါသတွေရှိမှာမှန်ပေမယ့် ဒါတွေနဲ့ တော်လှန်ရေးကို ဦးဆောင်လို့မရပါဘူး။

ဒီလိုသုံးသပ်ချက်တွေ ရေးနေရတဲ့ ရည်ရွယ်ချက်က ပြီးခဲ့တဲ့အလွဲတွေကနေ သင်ခန်းစာယူပြီး ရှေ့ဆက်ပိုမိုထိရောက်တဲ့ လှုပ်ရှားမှုတွေ လုပ်နိုင်ဖို့ပဲ။ Freedom Fighter အနေနဲ့ကတော့ အခုလူတွေအများစု စိတ်ဝင်စားနေကြတဲ့ UN အသိအမှတ်ပြုရေးတို့ D-Day တို့အလွန် ဒီဆောင်းရာသီမှာတော့ အကြမ်းမဖက်တော်လှန်ရေးကို ပြန်ပြီးအာရုံစိုက်လာဖို့ ကြိုးစားလုပ်ဆောင်မယ်။အဲဒီအခါမှာ ပိုပြီးထိရောက်ပြင်းထန်တဲ့ အကြမ်းမဖက်တော်လှန်ရေး Second Wave ကိုဆင်နွှဲနိုင်ဖို့ အားခဲထားပါတယ်။

Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်