အကြမ်းမဖက်တော်လှန်ရေးနှင့် ဗုဒ္ဓဘာသာပြုပြင်ပြောင်းလဲရေး

ဗုဒ္ဓဘာသာပြုပြင်ပြောင်းလဲရေးက သားရွှေအိုးထမ်းတာကို မြင်ရသလိုပဲ အကျိုးကျေးဇူးသုံးခုကို တပါတည်းရရှိစေမယ့် လမ်းကြောင်းတစ်ရပ်ဖြစ်ပါတယ်

ဒီရက်ပိုင်း Freedom Fighter ကနေ ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ စာတွေအတင်များတာကို သတိထားမိကြပါလိမ့်မယ်။ ဒါကြောင့် တချို့ကလည်း ဘာသာရေးနဲ့ တော်လှန်ရေး ဘယ်လို ဆက်စပ်နေလဲ ၊ Freedom Fighter ရဲ့ ရပ်တည်ချက်ကကောဘာလဲလို့ မေးခွန်းထုတ်လာတာ ရှိပါတယ်။ ဒီအကြောင်းကို ဒီစာမှာ ရှင်းလင်းချင်ပါတယ်။

အရင်ဆုံးပြောချင်တာကတော့ Freedom Fighter အနေနဲ့ အကြမ်းမဖက်တော်လှန်ရေးလမ်းစဉ်ကို လက်ခံယုံကြည်ပါတယ်။ ဒီနေရာမှာ လူတွေမေးလာမှာကတော့ အကြမ်းမဖက်တော်လှန်ရေးဆိုတာ ဆန္ဒပြပွဲ၊ အာဏာဖီဆန်ရေး CDM မဟုတ်ဘူးလား။ အဲဒါတွေကို လူထုက အဆုံးထိလုပ်တာတောင် အာဏာရှင်စနစ်က မပြိုပျက်သေးလို့ အခုလက်နက်ကိုင်နေကြတာ မဟုတ်ဘူးလား ။ အကြမ်းမဖက် တော်လှန်ရေးက ဘာလုပ်စရာများကျန်သေးလို့လဲဆိုတာပါပဲ။

Freedom Fighter က ရည်ညွှန်းတဲ့ အကြမ်းမဖက်တော်လှန်ရေးက ဆန္ဒပြပွဲ၊ CDM သက်သက်ကို ပြောတာမဟုတ်ပါဘူး။ ဒါတွေက အသုံးပြုတဲ့ နည်းလမ်းမျှသာ ဖြစ်တယ်။ ကျွန်တော်တို့ပြောချင်တဲ့ အကြမ်းမဖက်တော်လှန်ရေးက အနာဂတ်နှင့် လိုက်လျောညီထွေတဲ့ ယဉ်ကျေးမှု ၊ အတွေးအခေါ်ကို တည်ဆောက်ပြီး အတွေးအခေါ်ဟောင်း၊ ယဉ်ကျေးမှုဟောင်းကို တိုက်ခိုက်အစားထိုးတာဖြစ်ပါတယ်။ ပြည်သူအားလုံးပါဝင်နိုင်တဲ့ လူမှုအတွေးအခေါ်တော်လှန်ရေးကို အခြေခံပြီး နိုင်ငံရေးအရ ပြောင်းလဲမှုကို ဦးတည်တဲ့ လှုပ်ရှားမှုအမျိုးအစားဖြစ်ပါတယ်။

တနည်းအားဖြင့် အကြမ်းမဖက်တော်လှန်ရေးက ရေစီးကြောင်းလိုပါပဲ။ ပြောင်းလဲပုံဖော်ချင်တဲ့ အနာဂတ်အတွက် ဦးတည်ချက်ရှိတယ်။ ပိုကောင်းတဲ့ ယဉ်ကျေးမှု၊ အတွေးအခေါ်ပေါ်မှာ လူတွေက စပြီး စိတ်ဝင်စားလာတယ်၊ တဖြည်းဖြည်းနဲ့ နားလည်လက်ခံလာတယ်။ ဒီလိုနဲ့ ရပ်တည်ချက်ခိုင်မာတဲ့လူတွေ တစတစပေါင်းစည်းများပြားလာတယ်ဆိုရင် အရှိန်ရလာတဲ့ ရေစီးကြောင်းလိုပဲ ပြည်သူ့အာဏာကို မျက်ဝါးထင်ထင်တွေ့ရပါလိမ့်မယ်။ အဲဒီအချိန်ကြရင် ဘယ်လောက်ပဲ အာဏာကိုဆုပ်ကိုင်ထားတဲ့ အာဏာရှင်ဖြစ်ပါစေ.. ဒီပြောင်းလဲမှုကို ခုခံတားဆီးဖို့ မဖြစ်နိုင်ပါဘူး။ ဒါကတော့ အကြမ်းမဖက်တော်လှန်ရေးရဲ့ အခြေခံသဘောတရားပါ။ (ထပ်ပြီး လေ့လာဖို့ သို့မဟုတ် ဆွေးနွေးမေးမြန်းဖို့ စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော်တို့ကို အချိန်မရွေးဆက်သွယ်လို့ရပါတယ်။)

အဲတော့ ကျွန်တော်တို့အနေနဲ့ အကြမ်းမဖက်တော်လှန်ရေးလုပ်ဆောင်ဖို့ ဘယ်လိုအတွေးအခေါ်သစ်တွေက ကျွန်တော်တို့လိုချင်တဲ့ အနာဂတ်အတွက် အသင့်တော်ဆုံးဖြစ်မလဲ လေ့လာရပါတယ်။ အဲဒီမှာအားလုံးသိတဲ့အတိုင်း အသစ်တည်ဆောက်ရမယ့် ယဉ်ကျေးမှုတွေက မနည်းမနောပါပဲ။ ဒီမိုကရေစီယဉ်ကျေးမှုဖြစ်တဲ့ ကယ်တင်ရှင်မမျှော်ဘဲ ကိုယ့်အားကိုယ်ကိုးလာအောင် ၊ မေးခွန်းထုတ်တဲ့ အလေ့အထရှိအောင်၊ မဟုတ်တာတွေ့ရင် လက်မခံအောင်- အားမနာတတ်အောင် ၊ လုပ်ပိုင်ခွင့်အာဏာနဲ့ ဓနအင်အားထက် ကိုယ်ကျင့်သိက္ခာနဲ့ ပညာဉာဏ်ကို တန်ဖိုးထားတတ်အောင် ၊ လူလူချင်း နားလည်စာနာတတ်အောင် တန်းတူညီမျှဆက်ဆံအောင်၊ အထက်လူအောက်လူ ကြောက်ရွှံခြင်းမရှိဘဲ လေးစားသမှုနဲ့ ဆက်ဆံအောင် စသဖြင့် အများကြီးပေါ့။

တဆက်တည်းမှာပဲ အာဏာရှင်စနစ်ကို လက်ရှိပံ့ပိုးပေးနေတဲ့ အတွေးအခေါ် ယဉ်ကျေးမှုထောက်တိုင်တွေကို လေ့လာဖြစ်ပါတယ်။ အဲဒီမှာ ထူးထူးခြားခြား ဘာတွေ့ရသလဲဆိုတော့ လက်ရှိ စစ်အာဏာရှင်စနစ်ကို ပံ့ပိုးပေးတဲ့ စီးပွားရေး၊ နိုင်ငံရေးအယူအဆရယ်လို့ ခိုင်ခိုင်မာမာ မရှိတာပါပဲ။ အယူအဆထောက်တိုင်ဆိုလို့ ဘာသာရေးနဲ့ လူမျိုးရေးကို အခြေပြုတဲ့ အမျိုးသားရေးဝါဒတခုပဲ တွေ့ရပါတယ်။ ဒီမှာလည်း လက်ရှိဗမာအများစုက စစ်အုပ်စုမုန်းတီးနေကြပြီ၊ တော်လှန်ရေးအင်အားစုတွေအားလုံးကလည်း ဖက်ဒရယ်ကိုသွားမယ်လို့ ရည်မှန်းချက်ချထားပြီပြီးဆိုတော့ စစ်အုပ်စုရဲ့ လူမျိုးရေးမှိုင်းက တော်တော်ကြီး အားလျော့နေပြီ။ စစ်အာဏာရှင်စနစ်ရဲ့ အယူအဆထောက်တိုင်ဆိုလို့ လက်ရှိမှာ အာဏာရှင်အလိုကျ အမျိုးသားရေး ဗုဒ္ဓဘာသာ ထောက်တိုင်တခုပဲ ခိုင်ခိုင်မာမာ ကျန်ပါတော့တယ်။

အဲဒီမှာ ကျွန်တော်တို့ လေ့လာတွေ့ရှိတာက ဗုဒ္ဓဘာသာပြုပြင်ပြောင်းလဲရေးက သားရွှေအိုးထမ်းတာကို မြင်ရသလိုပဲ အကျိုးကျေးဇူးသုံးခုကို တပါတည်းရရှိစေမယ့် လမ်းကြောင်းတစ်ရပ်ဖြစ်တယ် ဆိုတာပါ။

၁။ ဗုဒ္ဓဘာသာကို နိုင်ငံရေးမှ အသုံးချခြင်းကင်းဝေးပြီး ဓမ္မနဲ့လျော်ညီတဲ့ ခေတ်မီဗုဒ္ဓဘာသာအဖြစ် တည်ဆောက်နိုင်မယ်။

၂။ အာဏာရှင်အလိုကျ အမျိုးသားရေးကိုအခြေခံတဲ့ ဗုဒ္ဓဘာသာကနေ ဗုဒ္ဓအလိုကျ လေ့ကျင့်မှု၊ အမှန်တရားရှာဖွေမှုကို အခြေခံတဲ့ ဓမ္မအတွေးအခေါ် ထွန်းကားတဲ့ လူမှုအဖွဲ့အစည်းအဖြစ် ပြောင်းလဲနိုင်မယ်။ ဒါက အာဏာရှင်စနစ်ရဲ့ လက်ရှိမှာ ကျန်ရှိနေတဲ့ နောက်ဆုံးအယူအဆထောက်တိုင်ကို ဖြိုချနိုင်မှာဖြစ်တယ်။ ဒီဘာသာရေး အယူအဆထောက်တိုင်မရှိဘဲ ဘယ်လိုနည်းနဲ့မျှ အာဏာရှင်စနစ်ဆက်လက်တည်တံ့ဖို့ မဖြစ်နိုင်ပါဘူး။

၃။ အပေါ်မှာပြောခဲ့တဲ့ အသစ်တည်ဆောက်ယူရမယ့် ဒီမိုကရေစီယဉ်ကျေးမှုအားလုံးလိုလိုကလည်း ဗုဒ္ဓရဲ့ ဓမ္မနဲ့ ချိန်ညှိကိုက်ညီပြီးသားဖြစ်နေတာကို တွေ့ရပါတယ်။

ဒါကြောင့် စစ်မှန်တဲ့ ဗုဒ္ဓအတွေးအခေါ် ထွန်းကားခြင်းကာ သာသနာအစစ်အမှန်တည်မြဲရေးအတွက်ကော၊ အာဏာရှင်စနစ်ပျက်သုဉ်းရေးအတွက်၊ ဒီမိုကရေစီလူဘောင်အဖွဲ့အစည်းသစ်တည်ဆောက်ရေး အတွက်ကော အကျိုးကျေးဇူးများတာဖြစ်တဲ့အတွက် Freedom Fighter အနေနဲ့ ဗုဒ္ဓဘာသာ ပြုပြင်ပြောင်းလဲရေးကို ရေရှည်လမ်းစဉ် မဟာဗျူဟာတခုအဖြစ် လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဒီနေရာမှာ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ ဘာသာခြားတွေ ၊ ဘာသာမဲ့တွေကိုလည်း အခုပြောတဲ့ ဗုဒ္ဓအတွေးအခေါ် ပြုပြင်ပြောင်းလဲရေးကို စိုးရိမ်စရာမရှိပါကြောင်း ထပ်လောင်းပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓအနေနဲ့က ဘယ်ဘာသာ၊ ဘယ်လူမျိုးဆိုတာထက် ကျင့်စဉ်ဓမ္မကို အသားပေးပြီး ဟောကြားခဲ့တာဖြစ်တယ်။ ဒီကျင့်စဉ်ကို စမ်းကြည့်ပြီး ကြိုက်ရင်သုံး/မကြိုက်ရင် မသုံးရုံပါပဲ။ အပြင်ကအင်အားသုံးပြီး ဘာသာခြားတွေကို ဖိနှိပ်တာမျိုး၊ အတင်းအဓမ္မတွန်းအားပေးတာမျိုးက အခုကျွန်တော်တို့ တွန်းလှန်ရမယ့် အစွန်းရောက် အမျိုးသားရေး ဗုဒ္ဓဘာသာ ဖြစ်ပါတယ်။

Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်