“ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး” ဆိုတဲ့ကြွေးကြော်သံကို ကျွန်တော်တို့တွေ သပိတ်ဆန္ဒပြပွဲတွေမှာ ခဏခဏ ကြားရမှာပါ။ အခုလိုမျိုး ဆန္ဒပြသူတွေကို စစ်တပ်က အကြမ်းဖက်ပြီး နှိမ်နင်းနေတဲ့အချိန်မှာ အသက်နဲ့ရင်းပြီး မြေပြင်မှာတော်လှန်နေသူတွေကို လေးစားရပါတယ်။ ဒါပေမယ့် ဒီကြွေးကြော်သံကိုတော့ ပြန်ပြီးဆင်ခြင်ဖို့ကောင်းတယ်လို့ တင်ပြလိုပါတယ်။
ဘာကြောင့်လဲဆိုတော့ ဒီကြွေးကြော်သံက လူတွေကို နားလည်မှုလွဲစေလို့ပါ။ ပထမတချက်က “ပြန်ပေး”လို့သုံးထားတော့ အရင်အာဏာမသိမ်းခင်အထိက ပြည်သူ့အာဏာရှိခဲ့တယ်ဆိုတဲ့ သဘောဖြစ်နေတယ်။ နောက်တခုက အာဏာသိမ်းထားတဲ့ စစ်ကောင်စီကပြန်ပေးမှပဲ ပြည်သူ့အာဏာရနိုင်မယ်ဆိုတဲ့ “ကျားသနားမှ နွားချမ်းသာမယ်” ဆိုတဲ့ သဘောဖြစ်နေတယ်။
နိုင်ငံရေးအာဏာကို နှစ်မျိုးခွဲခြားကြတယ်။ အလွယ်ပြောရရင်တော့ Top-Down နဲ့ Bottom-Up လို့ စဉ်းစားလို့ရတယ်။
Top-Down အယူအဆမှာ လူမှုအဖွဲ့အစည်းတခုလုံးက လက်ခံယုံကြည်တာက “ငါတို့က ကျေးကျွန်သဖွယ်သာဖြစ်တယ်။ အပေါ်က ခေါင်းဆောင်ကောင်းဖို့သာ ဆုတောင်းမျှော်လင့်ရုံပဲတတ်နိုင်တယ်။” Bottom-Up မှာတော့ ပြည်သူလူထုက “ငါတို့သည်သာ အာဏာရဲ့အရင်းအမြစ်လို့ယုံကြည်ကြတယ်။ ခေါင်းဆောင်ကငါတို့ကို တာဝန်ခံဖို့လိုတယ်။ ခေါင်းဆောင်ကိုဝေဖန်ထိန်းကျောင်းဖို့ တာဝန်ရှိတယ်။ ခေါင်းဆောင်မကောင်းရင် ခေါင်းဆောင်အသစ်နဲ့ အစားထိုးရမယ်ဆိုတဲ့” ပိုင်ရှင်သခင်စိတ်ဓာတ်ရှိကြတယ်။
တကယ်တမ်းက နိုင်ငံရေးအာဏာဆိုတာ လူတွေရဲ့လက်ခံယုံကြည်မှုတွေ ပေါင်းစည်းခြင်းကဖြစ်ပေါ်လာတာပါ။ လူအများစုက ဘယ်အယူအဆပေါ်မှာ ယုံကြည်သလဲ။ အဲဒီယုံကြည်မှုတွေ စုစည်းလိုက်တဲ့အခါမှာ နိုင်ငံရေးအာဏာဖြစ်လာတာပါပဲ။
လက်ရှိမြန်မာနိုင်ငံရေးမှာ ဘယ်အယူအဆ အားကောင်းနေသလဲ
ဒါကို အုပ်စုလိုက်ခွဲခြမ်းလေ့လာကြည့်ပါစို့။
ပထမဆုံး စစ်ကောင်စီက ပြောစရာမလိုအောင် Top-Down အယူအဆ ဖြစ်တယ်။ အတွင်းမှာ တသွေးတသံတမိန့်နဲ့အုပ်ချုပ်တယ်။ ပြည်သူလူထုအပေါ်မှာကြတော့ အမျိုးဘာသာသာသနာကို သူတို့ကသာ ကာကွယ်စောင့်ရှောက်ပေးနေတယ်ဆိုတဲ့ အုပ်ထိန်းသူ (Guardianship) အယူအဆပေါ်မှာ အခြေခံတယ်။
နောက်ပြီးခဲ့တဲ့ကာလမှာ အာဏာရခဲ့တဲ့ NLD ဆိုရင်လည်း လူအများစုရဲ့ ထောက်ခံမှုရတာမှန်တယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ ထောက်ပြမှုကို လက်မခံတာ၊ ကတိတွေကို တာဝန်ခံမှုမရှိတာ၊ ဒီမိုကရေစီစံနှုန်းကသွေဖီပြီး ကျောင်းသားနဲ့ မီဒီယာတွေကို ဖိနှိပ်တာတွေကို ပြုလုပ်ခဲ့တယ်။ ခြုံပြောရရင်တော့ ဒေါ်စုတယောက်တည်းမှာ ပုံအပ်ကိုးကွယ်တာက Top-Down အယူအဆပေါ်မှာ အခြေခံနေတယ်လို့သာ ပြောရမှာဖြစ်တယ်။
လက်ရှိတော်လှန်ရေးအစိုးရဖြစ်တဲ့ CRPH/NUG ဆိုရင်လည်း ပြည်သူ့ဆန္ဒလို့ တသွင်သွင်ပြောတာမှန်တယ်။ ဒါပေမယ့် အမှန်တကယ်တာဝန်ယူရမယ့်၊ တာဝန်ခံရမယ့်အပိုင်းတွေမှာ မသိသလိုဘဲ ဘာသိဘာသာနေတယ်။ အထူးသဖြင့် တော်လှန်ရေးမှာအခရာကျတဲ့ CDM ကိစ္စတွေ၊ NUCC ကိစ္စတွေမှာ အပြောတမျိုး၊ အလုပ်တမျိုးလုပ်တာတွေ၊ ပြည်သူကို တာဝန်ခံမှုမရှိတာကို တွေ့နိုင်တယ်။
ပြည်သူလူထုမှာလည်း အများစုက နှစ်ပေါင်းများစွာအမြစ်တွယ်ခဲ့တဲ့ အာဏာရှင်စနစ်အောက်မှာ ကြီးပြင်းရတော့ မိမိတို့မှာ အာဏာရှိတယ်လို့ မယူဆကြဘူး။ တော်လှန်ရေးမှာပါဝင်ချင်ပေမယ့် ဘယ်လိုပါဝင်ရမလဲမသိဘူး။ ဒါကြောင့် ကိုယ့်အားကိုယ်ကိုးလုပ်ရမယ့်အစား ကယ်တင်ရှင်မျှော်တဲ့ဘက် အားသန်ကြတယ်။
အပေါ်က ဥပမာတွေက ခဏခဏပြောဖူးပြီးသား အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။
ဒါပေမယ့် အခုလိုမျိုး ပြည်သူ့အာဏာကို အယုံအကြည်မရှိတာက စကစတို့ CRPH/NUG တို့ ပြည်သူလူထုတို့တင် မဟုတ်ပါဘူး။ လက်ရှိမှာ “ကယ်တင်ရှင်မကိုးကွယ်ပါနဲ့” လို့ပြောတဲ့ တော်လှန်ရေးအင်အားစု တော်တော်များများလည်းပါပါတယ်။ ကျောင်းသားသမဂ္ဂတွေ၊ သပိတ်ကော်မတီတွေ၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို လေ့လာကြည့်ပါ။
ကျောင်းသားသမဂ္ဂတွေမှာ ဦးဆောင်သူတွေက ကျောင်းသားတွေရဲ့ ထောက်ခံမှုကြောင့် တက်လာကြတာမှန်တယ်။ (အများစုက အာဏာမသိမ်းခင်က လုပ်ထားတဲ့ ရွေးကောက်ပွဲအပေါ် အခြေခံတယ်) အဲနောက်ပိုင်း တော်လှန်ရေးကာလမှာ ဒီသမဂ္ဂနဲ့ နီးစပ်တဲ့ နိုင်ငံရေးမှာ အတွေ့အကြုံရှိတဲ့ ကျောင်းသားတစုကပဲ ဦးဆောင်သွားတာများတယ်။ ကျောင်းသားထုတခုလုံးပါဝင်နိုင်တဲ့ တော်လှန်ရေး စုဖွဲ့မှုမျိုးပြောင်းလဲတာ ကြိုဆိုတာ ၊ ကျောင်းသားထုနဲ့ အပြန်အလှန်တာဝန်ခံမှုတည်ဆောက်မှု နည်းတာကို တွေ့နိုင်တယ်။ အရင်ရှိပြီးသားအဝန်းအဝိုင်းလေးကို ဆုပ်ကိုင်ထားတာများတယ်။
ထိုနည်းလည်းကောင်းပါပဲ။ ဗဟိုပြုမှုအားကောင်းတဲ့ အဖွဲ့အစည်းတွေ ချိတ်ဆက်လုပ်ကိုင်လာတဲ့ သပိတ်ကော်မတီကလည်း ဗဟိုပြုမှုအားသန်လာတယ်။ အတွင်းက ခေါင်းဆောင်တွေအနေနဲ့လည်း သူတို့ကို လူမှုအဖွဲ့အစည်းအသီးသီးကို ကိုယ်စားပြုတယ်လို့ ဆိုကြပေမယ့် အပြန်အလှန်ချိတ်ဆက်မှု၊ စည်းရုံးမှု၊ တာဝန်ခံမှုတွေနည်းတယ်။ အဲတော့ အောက်အလွှာအဖွဲ့အသီးသီးမှာရှိတဲ့ ပြည်သူလူထုကလည်း ငါတို့ပါဝင်လုပ်နိုင်တာ မရှိပါဘူးလို့ အားလျော့နေတာ မထူးဆန်းပါဘူး။
လက်နက်ကိုင်အင်အားစုတွေဆိုရင်လည်း အခုချိန်မှာ ပြည်သူတွေရဲ့ ထောက်ပံ့မှုနဲ့ စတည်နေချိန်ဖြစ်ပေမယ့် သိပ်မကြာတဲ့အချိန်တခုမှာ ကိုယ်ပိုင်နယ်မြေ၊ ဝင်ငွေတခုရတဲ့အခါ ဘယ်လိုမျိုးတွေးလာကြမလဲ ယတိပြတ်မပြောနိုင်ပါဘူး။ ပြည်သူလူထုကလည်း ကယ်တင်ရှင်လိုမျိုး ကိုးကွယ်၊ မြေပြင်မှာတိုက်ပွဲဝင်နေရတဲ့သူတွေကလည်း ပေးဆပ်နာကျင်ရမှုအများဆုံးဖြစ်တဲ့အခါ ငါတို့က ပြည်သူအထက်မှာရှိသင့်တယ်ဆိုတဲ့ အတွေးဝင်လာတတ်တဲ့ သာဓကတွေများစွာရှိပါတယ်။ အထင်ရှားဆုံးကတော့ ဗမာ့တပ်မတော်ပါပဲ။
ဒီတော့ မြန်မာနိုင်ငံရေးမှာ အာဏာရှင်အယူအဆ တနည်းအားဖြင့် ကယ်တင်ရှင်ကိုးကွယ်ရေးအယူအဆက သူ့အရပ်နဲ့သူ့ဇာတ်ဆိုသလို သမိုင်းနဲ့ချီပြီး အားကောင်းနေဆဲဖြစ်တယ်။ ဒီပြည်သူ့အာဏာအယူအဆတော်လှန်ရေး မပါဝင်ဘဲ ကျွန်တော်တို့တော်လှန်ရေးက အမှန်တကယ်ဖက်ဒရယ်ဒီမိုကရေစီရဖို့ မဖြစ်နိုင်ပါဘူး။
ပြည်သူ့အာဏာ ဘယ်မှာရှိလဲ
ပြည်သူ့အာဏာ ဘယ်မှာရှိလဲလို့မေးရင် ပြည်သူလူထုဆီမှာပဲလို့ ဖြေရပါလိမ့်မယ်။ ပြည်သူ့အာဏာကို တောင်းလို့မရပါဘူး။ တော်လှန်ရေးခေါင်းဆောင်တွေ၊ အင်အားစုတွေကလည်း တိုက်ယူပေးမယ်လို့ တွေးလို့လည်း မရပါဘူး။ ကိုယ်တိုင်လုပ်ယူ တည်ဆောက်မှပဲ ရပါလိမ့်မယ်။ ဒီလိုတည်ဆောက်ဖို့အတွက်
၁။ ဘယ်လိုမျိုး တော်လှန်ရေး/နိုင်ငံရေးခေါင်းဆောင်ဖြစ်ပါစေ ကိုးကွယ်မျှော်ကိုးချင်တဲ့စိတ်ကို ဖယ်ရှားပြီး ကိုယ်တိုင်က တာဝန်မျှဝေယူချင်တဲ့စိတ်ကိုမွေးဖွားရမယ်။
၂။ တယောက်တည်းလှုပ်ရှားလို့ မရပါဘူး။ မိမိတို့သက်ဆိုင်တဲ့ လူထုအစုအဖွဲ့တွေမှာ ပါဝင်ဖို့လိုတယ်။ ကျောင်းသားထု၊ လူငယ်ထု၊ အလုပ်သမားထု၊ အမျိုးသမီးထု၊ အရပ်ဘက်အဖွဲ့အစည်းထု … စသဖြင့် မိမိပါဝင်လုပ်ဆောင်နိုင်တဲ့ အဖွဲ့အစည်း၊ကွန်ယက်တခုခုမှာ ပါဝင်ဖို့လိုပါတယ်။
၃။ မိမိအဖွဲ့အစည်းမှာ လိုအပ်ချက်ကို အပြန်အလှန်ထိန်းကျောင်းရပါမယ်။ စနစ်နဲ့ အယူအဆပိုင်းမှာ အားနည်းချက်ရှိရင် ပုဂ္ဂိုလ်ရေးမပါဘဲ အားမနာတမ်း ထောက်ပြဆွေးနွေးဖို့လိုပါတယ်။ အထက်ကလူကြီး ဆိုတာနဲ့ မော်ဖူးလိုတဲ့ ကျွန်စိတ်ကို ကိုယ်တိုင်ကစပြီး တော်လှန်ရပါမယ်။
ဒါမှပဲ အထက်နဲ့အောက် အပြန်အလှန် တာဝန်ခံတဲ့ ပြည်သူ့အာဏာ (People Power) ကိုတည်ဆောက်နိုင်ပါလိမ့်မယ်။ အခုအတိုင်းပဲ ကယ်တင်ရှင်မျှော်ကိုးနေမယ်ဆိုရင်တော့ နောက်မျိုးဆက်တွေကို အာဏာရှင်စနစ်လက်ထဲပဲ ထားခဲ့မယ်လို့ ဆုံးဖြတ်တာနဲ့ အတူတူပဲဆိုတာကို ကျွန်တော်တို့တွေ နားလည်သဘောပေါက်ဖို့လိုပါပြီ။