စစ်ကျွန်ပညာရေးစနစ်ကို ဘယ်လိုတိုက်ဖျက်ကြမလဲ

လက်ရှိပညာရေးစနစ်က အာဏာရှင်စနစ်ကို ဘယ်လိုပံ့ပိုးပေးနေလဲ။ အနာဂတ်ပညာရေးစနစ်သစ်ကို ဘယ်လိုပုံဖော်တည်ဆောက်ကြမလဲ။ သုံးသပ်ချက်တွေနဲ့အကြံပြုချက်တွေကို ဆွေးနွေးထားပါတယ်။

ဒီကနေ့တော့ စစ်ကျွန်တိုက်ဖျက်ရေးလှုပ်ရှားမှုရဲ့ အယူအဆနဲ့ ဘယ်လိုအကောင်အထည်ဖော်မလဲ ဆိုတဲ့အပိုင်း တွေကို သုံးသပ်သွားပါမယ်။ တွေ့မြင်ရသလောက် လက်ရှိစစ်ကျွန်တိုက်ဖျက်ရေးလှုပ်ရှားမှုကို တစိုက်မတ်မတ် လှုပ်ရှားဆောင်ရွက်နေတာက ဗကသအဖွဲ့ဖြစ်တာကြောင့် ဒီစာက ဗကသအဖွဲ့ဝင်တွေနဲ့ တခြားသော ကျောင်းသားလူငယ်တွေအားလုံးကို ဦးတည်ပါတယ်။

၁။ ဘာကြောင့် တိုက်ဖျက်ဖို့လိုတာလဲ

ပထမဆုံး လက်ရှိပညာရေးစနစ်က ဘယ်လိုမျိုး စစ်အာဏာရှင်စနစ်ကို ပံ့ပိုးနေလဲ အပေါ် အမြင်တချို့ကို ဆွေးနွေးကြည့်ပါမယ်။

လက်ရှိပညာရေးစနစ်ကနေ စစ်အာဏာရှင်စနစ်ကို တိုက်ရိုက်ပံ့ပိုးနေတာကတော့ ဗမာလူမျိုးတွေရဲ့ သမိုင်းနဲ့ အရှိန်အဟွာကို ဇောင်းပေးထားတဲ့ “ဗမာလူမျိုးကြီးဝါဒ” နဲ့ စစ်တပ်ကနေ ပြည်ထောင်စုကို ထိန်းသိမ်းပေးနေတယ်ဆိုတဲ့ “ပြည်ထောင်စုကို စောင့်ရှောက်သူ” အယူအဆ ဒီနှစ်ခုကို ပညာရေးစနစ် သင်ရိုးထဲမှာ ထဲထဲဝင်ဝင်ထည့်သွင်းထားပါတယ်။ ဒါတွေကို အခုတော်လှန်ရေးကာလမှာ ပြည်သူလူထုအနေနဲ့ စတင်သိရှိနားလည်လာပေမယ့် နှစ်ပေါင်းများစွာ ရိုက်စွဲခဲ့တဲ့ အယူအဆအစွဲက မြန်မာလူထုကို အတိုင်းအတာတခုထိ လွှမ်းမိုးမှု အားကောင်းဆဲပါ။ ပြည်သူကို ကာကွယ်ရမယ့် စစ်တပ်အနေနဲ့ အခုအချိန်လိုမျိုးလူမဆန်တဲ့ လုပ်ရပ်တွေကို မျက်ဝါးထင်ထင် ဖောက်ပြန်ကျူးလွန်နေသည့်တိုင် ထောက်ခံအားပေးတဲ့ လူတွေ ဒုနဲ့ဒေး ရှိနေသေးတာက ဒီအယူအဆမှိုင်းတွေ အလုပ်ဖြစ်သေးတယ်လို့ပဲ ယူဆနိုင်ပါတယ်။

သွယ်ဝှက်ပြီး ထောက်ပံ့ပေးနေတာကတော့ “ဒါမေးဒါကျက်” ပညာရေးစနစ်ဖြစ်ပါတယ်။ ကျောင်းသားအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ နက်နက်နဲနဲစဉ်းစားနိုင်စွမ်း၊ လူသားဆန်မှု ဒါတွေအားလုံးကို ကန့်သတ်ထိန်ချန်ထားပြီး အကြောက်တရားနဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို ဦးတည်တဲ့ လက်မှတ်ရရှိရေး ပညာရေးစနစ်ဖြစ်တယ်။ ဒီအရာက လူငယ်တွေရဲ့ စွမ်းအင်နဲ့ လုပ်နိုင်စွမ်းအလားအလာ ကို စနစ်တကျ ဖြတ်တောက်လိုက်ပြီး စစ်အာဏာရှင်စနစ်ကို အာခံအန်တုမယ့် လူတွေနည်းလာအောင်၊ မေးခွန်းထုတ်စဉ်းစားနိုင်တဲ့လူတွေ နည်းလာပြီး လိုသလို အနိုင်ကျင့်ဗိုလ်ကျလို့ရမယ့် မြန်မာလူ့အဖွဲ့အစည်းကို တည်ဆောက်ပေးပါတယ်။ ပြည်သူတွေကြားထဲ သိမ်ငယ်စိတ်၊ ကြောက်စိတ်၊ ရိုကျိုးလိုစိတ်တွေ ရိုက်သွင်းပေးပါတယ်။

ဒီလိုပညာရေးစနစ်ကို မျိုးဆက်နှစ်ဆက်သုံးဆက်စာ ပုံသွင်းဖျက်ဆီးခဲ့တဲ့အခါ မြန်မာလူ့အဖွဲ့အစည်းက အရာရာမှာ နောက်ကျကျန်ခဲ့ရတယ်။ ကဏ္ဍပေါင်းစုံမှာ အကျင့်ပျက်ချစားသူ၊ ကပ်ဖားရပ်ဖားလုပ်နိုင်သူတွေသာ နေရာရလာပြီး သန်းနဲ့ချီတဲ့ လူငယ်နဲ့ ပြည်သူများစွာက အိမ်နီးချင်းနိုင်ငံတွေမှာ ခက်ခဲပင်ပန်းတဲ့အလုပ်တွေကို အောက်ကျခံပြီး လုပ်နေရတယ်။

ဒါကြောင့်မိုလို့ ဒီလိုမျိုး စစ်အာဏာရှင်တည်တံ့စေပြီး ပြည်သူတွေကို ကျွန်အဖြစ်မွေးထုတ်ဖို့ ရည်ရွယ်ထားတဲ့ စစ်ကျွန်ပညာရေးစနစ်ကို အခုနွေဦးတော်လှန်ရေးတခါတည်း တော်လှန်ပြောင်းလဲဖို့လိုပါတယ်။

၂။ ဘယ်လိုတိုက်ဖျက်ကြမလဲ

လက်ရှိမှာ ဗကသအဖွဲ့အနေနဲ့ အခြေခံပညာရေးကျောင်းတွေအထိ စုဖွဲ့မှုတိုးမြင့်ပြီး မူလွန်ကနေစပြီး အကသတွေကို ဖွဲ့စည်းနေတာကို တွေ့မြင်ရပါတယ်။ ဒီအသစ်ဖွဲ့စည်းနေတဲ့ အကသအဖွဲ့တွေနဲ့ ဗကသတွေလက်တွဲပြီး လုပ်ဆောင်နေတဲ့ “စစ်ကျွန်ပညာတိုက်ဖျက်ရေး လှုပ်ရှားမှု”ကို တစိုက်မတ်မတ် အားထုတ်နေတယ်လို့ မြင်ပါတယ်။

ဒီလှုပ်ရှားမှုကနေ ပြည်သူတွေအနေနဲ့ ဒီမိုကရေစီပညာရေးကို ပိုပြီးစိတ်ဝင်စားလာတယ်။ လူငယ်တွေကြားထဲ စုဖွဲ့လုပ်ဆောင်မှုတွေ တည်ဆောက်လာနိုင်တယ်ဆိုတာကို လေးစားအသိအမှတ်ပြုပါတယ်။

တချိန်တည်းမှာလည်း ကျောင်းဆက်တက်နေတဲ့ ကျောင်းသားတွေရဲ့ လုံခြုံရေးကို တာဝန်မယူဘူးစတဲ့ ဖိနှိပ်ခံအချင်းချင်းကို ခြိမ်းခြောက်မှုမျိုးကို ပြန်လည်ဆင်ခြင်သင့်တယ်လို့ သုံးသပ်ပါတယ်။ စနစ်ကို တိုက်ခိုက်ဖြိုဖျက်ပြီး ပြည်သူလူထုကို စည်းရုံးအသိပညာပေးခြင်းသည်ကပဲ တော်လှန်ရေးလမ်းစဉ်လို့ မြင်ပါတယ်။ ဒီလိုစည်းရုံးတဲ့အခါမှာလည်း လက်ရှိကျောင်းသားတွေ၊ ကျောင်းသားမိဘတွေရဲ့ စိုးရိမ်မှု၊ အခက်အခဲကို နားလည်သိရှိခြင်းဖို့နဲ့ လက်ရှိ စစ်ကျွန်ပညာရေးစနစ်ကို ဖြိုခွဲတိုက်ဖျက်တာအပြင် တချိန်တည်းမှာ အခုတော်လှန်ရေးကာလနဲ့ တော်လှန်ရေးကာလလွန်အတွက် လူတိုင်းရရှိသင်ယူနိုင်တဲ့ ပညာရေးစနစ်သစ်ကို ပုံဖော်တည်ဆောက်ရမယ့် အချိန်လို့ သုံးသပ်ပါတယ်။

၃။ ရှေ့ဆက်လုပ်ဆောင်ဖို့ အကြံပြုချက်

လက်ရှိမှာ ကိုဗစ်နဲ့ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ နှစ်နှစ်နီးပါး ပညာရေးအခွင့်အလမ်းများရပ်တန့်နေမှုကို ကုစားဖို့အတွက် ရပ်ရွာအခြေပြုပညာရေးလုပ်ဆောင်ချက်များကို ပြည်သူလူထုလှုပ်ရှားမှုတရပ်အနေနဲ့ ပူးပေါင်းပြီး စတင်ဖော်ဆောင်သင့်ပါတယ်။

တစ်ဆက်တည်းမှာ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ဖို့က လက်ရှိကျောင်းသားတွေအတွက်သာမဟုတ်ဘဲ စီးပွားရေးနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကိုလည်း ပါဝင်ဖို့ ဦးတည်တိုက်တွန်းသင့်ပါတယ်။ တနည်းအားဖြင့် ဘွဲ့လက်မှတ်ပေါ်မမူတည်ဘဲ အရည်အချင်းပေါ် နည်းလမ်းအမျိုးမျိုး ရှုထောင့်အမျိုးမျိုးကနေ အကဲဖြတ်စဉ်းစားချက်တွေကို ပိုမိုအားပေးသင့်ပါတယ်။ အများအကျိုးအတွက် ထဲထဲဝင်ဝင်လုပ်ဆောင်မှုတွေ၊ မိမိဘာသာလေ့လာထားမှုတွေ၊ မိမိပါတ်ဝန်းကျင်က ပြဿနာကို နိုင်သလောက်ပါဝင်ဖြေရှင်းတာတွေ၊ အယူအဆသစ် စဉ်းစားတွေးခေါ်နိုင်မှုတွေကို ပိုမိုအားပေးပြီး လူတယောက်ရဲ့ အရည်အချင်းကို ဘက်ပေါင်းစုံကနေ အကဲဖြတ်မယ်ဆိုရင် ဘွဲ့မရမှာကို ကြောက်နေတဲ့ စိုးရိမ်ချက်တွေကို လျော့ချနိုင်ပါလိမ့်မယ်။

ရေရှည်လုပ်ရမှာကတော့ နောက်ပိုင်းဖြစ်လာမယ့် ပညာရေးစနစ်သစ်ကို ပုံဖော်ဖို့အတွက် စဉ်းစားချက်တွေ၊ ဆွေးနွေးပွဲတွေ၊ အသိပညာပေးရေးလုပ်ငန်းတွေကို အခု စစ်အာဏာရှင်တော်လှန်ရေးနဲ့ တပြိုင်နက် အစီအစဉ်ချမှတ်ပြီး လုပ်ဆောင်သွားရမယ်လို့ သုံးသပ်ပါတယ်။ ဒီလိုလုပ်ဆောင်တဲ့နေရာမှာလည်း နိုင်ငံရေးအဖွဲ့အစည်းတခုကိုပဲ ပုံအပ်လိုက်တာမျိုးမဟုတ်မျိုး လွတ်လပ်တဲ့ ပြည်သူလူထုတရပ်လုံးရဲ့ အမျိုးသားရေးလှုပ်ရှားမှုအဖြစ် လုပ်ဆောင်သင့်တယ်လို့ တိုက်တွန်းအကြံပြုပါတယ်။

FFM အနေနဲ့ ဗကသအဖွဲ့ကို မြန်မာ့နိုင်ငံရေးသမိုင်းမှာ အစဉ်အလာကြီးတဲ့ ကျောင်းသားအဖွဲ့ တခုအနေနဲ့ လေးစားတန်ဖိုးထားပါတယ်။ အခုအကြံပြုချက်အပေါ် ထပ်ဖြည့်ဆွေးနွေးချက်တွေကိုလည်း ကြိုဆိုပါတယ်။ ဒီပညာရေးစနစ်သစ် တော်လှန်ရေးနဲ့ပက်သက်ပြီး စိတ်ပါဝင်စားသူတိုင်း အယူအဆတွေကို ဆွေးနွေးထောက်ပြလို့ရတဲ့ အခင်းအကျင်းမျိုး၊ ပြည်သူလူထုတရပ်လုံးပါဝင်နိုင်တဲ့ ပူးပေါင်းဆောင်ရွက်မှုပုံစံမျိုး မကြာခင် ပေါ်ထွက်လာဖို့ မျှော်လင့်ပါတယ်။

Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်