တာဝန်ယူမှု တာဝန်ခံမှု ပျောက်ဆုံးနေသော CDM လှုပ်ရှားမှု ဦးဆောင်စည်းရုံးသူများ

ပြီးခဲ့တဲ့နှစ်အခုလိုအချိန်မျိုးမှာ နိုင်ငံတစ်ဝှမ်းလုံးရဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု အင်အားအကောင်းဆုံးဖြစ်ခဲ့ပါတယ်။ ဒီလို CDM လှုပ်ရှားမှုက အခုချိန်မှာတော့ ခေါင်းဆောင်တွေနဲ့ ပြည်သူအများကြားထဲ မေ့ထားချင်တဲ့ စကားလုံးဖြစ်သွားခဲ့ပါပြီ။ CDM လှုပ်ရှားမှုက အဆုံးတိုင်အောင်မြင်မှုကို မရောက်သည့်တိုင်အောင် လက်ရှိတော်လှန်ရေးအခြေအနေကို အဓိကဖော်ဆောင်ပေးခဲ့တာဖြစ်ပါသည်။ သို့ရာတွင် CDM လှုပ်ရှားမှုတွင် ပါဝင်သူများ၏ ပေးဆပ်မှုနှင့် ထိုက်တန်သည့် ရလဒ် အဖြစ်မတွေ့ရခဲ့ပေ။ ဤသည်မှာ CDM သို့မဟုတ် Non-CDM ဟု သတ်မှတ်ထားခြင်းခံရသူများကြောင့် မဟုတ်ဘဲ CDM လှုပ်ရှားမှု ဦးဆောင်သူများ၏ CDM မူလအဓိပ္ပာယ်နှင့် အယူအဆကို မကျေလည်မှု၊ အယူအဆရပ်တည်ချက်တည်ဆောက်မှုထက် စစ်ကောင်စီကို အနိုင်ရလိုဇောဖြင့် ရေတိုမက်လုံးပေးစည်းရုံးမှုများကြောင့် ဖြစ်သည်ဟု ထောက်ပြလိုပါသည်။

ပြန်လည်သုံးသပ်ကြည့်ပါက CDM လှုပ်ရှားမှုကို စည်းရုံးလှုံ့ဆော်ခဲ့သည့် ခေါင်းဆောင်များသည်

၁။ CDM သည် ရက်ပိုင်းအတွင်း၊ လပိုင်းအတွင်းအောင်မြင်မည်ဆိုတာ CDM သမားများ မိမိတို့ဘာသာ ပြင်ဆင်စဉ်းစားရန် ရပ်တည်ချက်တည်ဆောက်ရန် အားမပေးဘဲ အလွယ်တကူ အောင်မြင်မည်ဟူသည့် ကြွေးကြော်သံများဖြင့် စည်းရုံးခဲ့သည်။ ၂။ CDM သည် ပြည်သူတယောက်ချင်းစီ၏ မိမိတို့ကိုယ်ပိုင်ရပ်တည်ချက်အရ မတရားသော စနစ်၊ အမိန့်အာဏာကို ဆန့်ကျင်ခြင်းဆိုသည့် သဘောတရားကို မရောက်ဘဲ ရုံးတက်ခြင်း/မတက်ခြင်း ဟူသည့် လုပ်ရပ်ကိုသာ ဦးစားပေးခဲ့သည်။ ထိုကဲ့သို့ ရုံးများကို ရေတိုပိတ်နိုင်ခဲ့သော်လည်း အာဏာဖီဆန်ရေး ရပ်တည်ချက်တည်ဆောက်ရေးနှင့် အယူအဆတော်လှန်ရေးမပါခဲ့သဖြင့် ရေရှည်တွင် ပြည်သူအများကြားထဲ ထိရောက်မှုနှင့် လုပ်ဆောင်မှုဆိုင်ရာ ကွဲလွဲမှုများဖြစ်ခဲ့ရာတွင်လည်း ဝင်ရောက်မဖြေရှင်းခဲ့ပေ။

၃။ အလျင်အမြန်အနိုင်ယူချင်ဇောဖြင့် CDM တံခါးကြီးကဲ့သို့သော ရေတိုနည်းများဖြင့် စည်းရုံးခဲ့သည်။ ရလဒ်အနေဖြင့် တံခါးကြီးပိတ်ခြင်းသည် CDM လှုပ်ရှားမှုအား ရပ်တန့်စေသကဲ့သို့ ဖြစ်ခဲ့သည်။ အကြောင်းမှာ ကိုယ်ပိုင်ရပ်တည်ချက်၊ မိမိကိုယ်ကို အသိအမှတ်ပြုမှုဖြင့် လုပ်ဆောင်ရသည့် CDM အနှစ်သာရကို ပျောက်ဆုံးစေခဲ့ပြီး CDM လုပ်ဆောင်ဖို့အတွက် CRPH/NUG သို့မဟုတ် အသင်းအဖွဲ့တခုခု၏ အသိအမှတ်ပြုမှသာ လုပ်နိုင်သည်ဟု ထင်မြင်စေသောကြောင့်ဖြစ်သည်။

၄။ CDM တွင် မြန်မြန်ဆန်ဆန်ပါဝင်နိုင်စေရန် လစာပေးမည်ဟု မက်လုံးပေး စည်းရုံးမှုသည်လည်း CRPH/NUG ၏ မဟာဗျူဟာမြောက်လွဲမှားမှုဖြစ်သည်။ ဤသို့ပြောကြားခြင်းက CDM – ပြည်သူ့လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှုကို အဖွဲ့အစည်းတခုခု၏ အောက်တွင်ရှိသည့် လှုပ်ရှားမှုအဖြစ် သွတ်သွင်းခဲ့သလိုဖြစ်ခဲ့သည်။ ဤအချက်ကို စစ်ကောင်စီက အသုံးချပြီး CDM လှုပ်ရှားမှုသည် နိုင်ငံရေးအဖွဲ့အစည်းများ၏ လုပ်ဆောင်မှုဖြစ်သည်ဟူသော ထိုးနှက်ချက်၊ ဖိနှိပ်မှုများကို ပိုမိုလုပ်ဆောင်နိုင်ခဲ့သည်။ (လူထုလှုပ်ရှားမှုများ၏ သဘောသဘာဝအရ နိုင်ငံရေးအဖွဲ့အစည်းတခု၏ အောက်တွင်ရှိခြင်းမဟုတ်ဘဲ လွတ်လပ်စွာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်းက အထိရောက်ဆုံးဖြစ်သည်။)

၅။ လစာပေးမည်ဟု ကတိပေးထားသော်လည်း အမှန်တကယ်တွင် NUG အစိုးရ၏ CDM ထောက်ပံ့ကြေးရသူမှာ မတွေ့ရသလောက်ပင် အင်မတန်နည်းပါးလှသည်။

၆။ CDM လှုပ်ရှားမှုဦးဆောင်သူတစ်ဦးဖြစ်သည့် ဒေါက်တာဇော်ဝေစိုးအနေဖြင့် ကျောင်းတက်/ရုံးတက်နေသူများကို ပြည်သူ့ဥပဒေနှင့် ပြည်သူများက ပြည်သူ့တရားစီရင်မယ်ဆိုသည့် စည်းလွတ်ဝါးလွတ် စကားများပြောဆဲဖြစ်သည်။ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို သွေဖယ်ပြီး ပြည်သူများအချင်းချင်း အမုန်းတရားနှင့် လက်စားချေမှုကို သွယ်ဝှက်စွာအားပေးနေသည့် ဝန်ကြီးတယောက်၏ ရပ်တည်ချက်နှင့် ဦးဆောင်နိုင်စွမ်းကို မေးခွန်းထုတ်စရာရှိသည်။

နွေဦးတော်လှန်ရေးသည် ကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲ စစ်တပ်၏ အဆင်ခြင်မဲ့သည့် အာဏာသိမ်းမှုကို တုံ့ပြန်အံတုရန် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ တော်လှန်ရေးမည်သည် လိုအပ်ချက်များ၊ စေတနာအလွဲများရှိသည်မှာ သဘာဝဖြစ်သည်။ ထို့ကြောင့် ပြီးဆုံးခဲ့သောအရာများကို အပြစ်တင်ရန်၊ တရားခံရှာရန် မရည်ရွယ်ပါ။ သို့ရာတွင် ရှေ့ဆက်လျှောက်လှမ်းမည့်တော်လှန်ရေးခရီးအတွက် ခေါင်းဆောင်များအနေဖြင့် မိမိတို့၏ ဦးဆောင်မှုအလွဲများကို သင်ခန်းစာယူ၍ ပြန်လည်သုံးသပ်ရန် လိုအပ်သည်။ ကတိစကားများကို တာဝန်ခံရန်လိုအပ်လှသည်။

ဤသို့ဖြစ်စေရန် ပြည်သူအများမှလည်း ထိန်းကျောင်းရန် လိုအပ်သည်။လက်ရှိအချိန်တွင် ပြည်သူအများစုက CDM လှုပ်ရှားမှုကို ထောက်ခံမှု၊ ပံ့ပိုးမှုကျဆင်းလာရခြင်းမှာ CDM လှုပ်ရှားမှု၏ ထိရောက်မှုကို အယုံအကြည်မရှိသည့် အယူအဆကျဆုံးမှုကြောင့်ဖြစ်သည်။ ဤအယူအဆကို မှန်မှန်ကန်ကန် ပြန်လည်တည်ဆောက်နိုင်ပါက အင်အားကြီးမားသည့် CDM ယဉ်ကျေးမှုတော်လှန်ရေးတရပ်ကို ဖော်ဆောင်နိုင်ပေမည်ဟု မျှော်လင့်ပါသည်။

Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်