ယိုင်နဲ့နဲ့ သာသနာကို ဓမ္မနှင့်အညီ တည့်မတ်ပြုပြင်စေလို

လက်ရှိနွေဦးတော်လှန်ရေးတွင် သာသနာဝန်ကို ထမ်းနေသည့် သံဃာအများစုက “ဗိမ္ဗိသာရမင်းကို သားဖြစ်သူ အဇာတသတ်မင်း လုပ်ကြံအာဏာသိမ်းမှုတွင် မြတ်စွာဘုရားက မဝင်ရောက်ခဲ့သည့်”ထုံးကိုယူကာ ဘာသာရေးနှင့် နိုင်ငံရေး မသက်ဆိုင်ဆိုပြီး ယူဆတွေးတောမှုများရှိကြပါသည်။FFM အဖွဲ့အနေဖြင့်လည်း လာမည့်အနာဂတ်သစ်တွင် နိုင်ငံရေး၏ လွှမ်းမိုးမှုကင်းသည့် ဘာသာရေးဖြစ်စေလိုသည့်အတွက် အထက်ပါတွေးတောချက်ကို ထောက်ခံကြောင်း တင်ပြလိုပါသည်။

ဤနေရာတွင် သံဃာတော်များနှင့် ဗုဒ္ဓဘာသာကို ထိန်းသိမ်းစောင့်ရှောက်လိုသူများအနေဖြင့် လက်ရှိတွင် နိုင်ငံရေး အထူးသဖြင့် ပါတီနိုင်ငံရေးလို့ခေါ်ဆိုရမည့် မည်သည့်နိုင်ငံရေးခေါင်းဆောင်၊ အဖွဲ့အစည်းကို ထောက်ခံသည်/မထောက်ခံသည်ထက် အရေးတကြီး ဦးစားပေးလုပ်ဆောင်ရမည်မှာ အဘက်ဘက်က ယိုယွင်းဖောက်ပြန်လာသည့် ဗုဒ္ဓဘာသာကို ဓမ္မနှင့်အညီ ပြန်လည်တည့်မတ်အောင် လုပ်ဆောင်သင့်ကြောင်း ဒီဆောင်းပါးကနေ တိုက်တွန်းတင်ပြအပ်ပါသည်။

၁။ ဂူချီကိုယ်တော်မှ အစ

မကြာသေးမီက အွန်လိုင်းတွင် နာမည်ကြီးကိုယ်တော်တပါး၏ မွေးနေ့ပွဲကျင်းပမှုများ၊ တန်ဖိုးကြီးတံဆိပ်များအသုံးပြုမှု၊ ဝိနည်းနှင့် မလျော်ကန်သည့် အပြုအမှုများ ကျယ်ကျယ်ပြန့်ပြန့် ပျံနှံ့လာပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက သာသနာညှိုးနွမ်းမှုအပြင် CDM ထောက်ပံ့သည်ကဲ့သို့သော နိုင်ငံရေးစွပ်စွဲချက်များဖြင့် စစ်ကောင်စီက လူဝတ်လဲကာ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။တနည်းအားဖြင့် စစ်ကောင်စီမှ နိုင်ငံရေးအမြတ်ထုတ်ခဲ့သည်။ ဤနေရာတွင် မေးခွန်းထုတ်ရမည်မှာ ဓမ္မစက်ကို ဦးဆောင်ထိန်းသိမ်းနေသည့် လက်ရှိ သံဃာမဟာနာယကအဖွဲ့အစည်း၏ အခန်းကဏ္ဍနှင့် လုပ်နိုင်စွမ်းဖြစ်သည်။ အမှန်စစ်စစ် ကျွန်တော်တို့၏ ပတ်ဝန်းကျင်တွင် ဂူချီဆရာတော်များ ဒုနဲ့ဒေး ရှိနေကြသည်ကို သာမာန်လူပုဂ္ဂိုလ်များပင် သိကြသလို သံဃာအဖွဲ့အစည်းအနေဖြင့် သိမြင်ကြမည်မှာ မလွဲဧကန်ဖြစ်မှာပင်။

သံဃာအဖွဲ့အစည်းကိုယ်တိုင်က စံနမူနာပြစရာ ဝိနည်းနှင့် ဓမ္မကို စောင့်ထိန်းနိုင်စွမ်း၊ သာသနာကိုအကာအကွယ်ယူပြီး အလွဲသုံးစားပြုမှုများ၊ ကိုယ်ကျိုးသြဇာတိက္ကမတည်ဆောက်မှုများကို ထိထိရောက်ရောက် အရေးယူဖြေရှင်းနိုင်စွမ်းအားနည်းချည့်နဲ့ခြင်းက စစ်ကောင်စီကဲ့သို့ သွေးစွန်းနေသည့် အာဏာရှင်၏ အာဏာစက်ဖြင့်သာ ဗုဒ္ဓဘာသာကို ထိန်းကျောင်းနိုင်သည်ဟူသော ဝါဒဖြန့်မှုအောက်တွင် ပြားပြားဝပ်နေရသည့် အကြောင်းရင်းလော မေးစရာရှိသည်။

၂။ ဒေဝဒတ် နှင့် သီတဂူ

အထက်က အဇာတသတ် အဖသတ်ပြီး အာဏာသိမ်းမှုကို နမူနာယူရာတွင် ဆင်ခြင်ရမည့် အရာရှိလေသေးသည်။ အဇာတသတ်ကို အားပေးလမ်းပြပြုမှုခဲ့သည့် ဒေဝဒတ်ကို ဗုဒ္ဓက သာသနာနဲ့ မသက်ဆိုင်သူအဖြစ် ပြစ်ဒဏ်ပေး လူသိရှင်ကြား ကြေညာခဲ့သည်။ ဤသည်ကို ထောက်ရှုခြင်းဖြင့် အဇာတသတ်အာဏာသိမ်းမှုတွင် ဗုဒ္ဓသာသနာနဲ့ သက်ဆိုင်ခြင်းမရှိကြောင်း တွေ့မြင်နိုင်သည်။

မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပျက်နေသည့် ရက်စက်ဖိနှိပ်မှုများတွင်ကား ဗုဒ္ဓဘာသာသည် အရေးပါသောနေရာမှ ပါဝင်အားဖြည့်နေသည်။ စစ်အုပ်စုကို ထောက်ခံသူများအနေဖြင့် ယခုကဲ့သို့ သတ်ဖြတ်ဖိနှိပ်မှုများသည် ဗုဒ္ဓဘာသာကို ကာကွယ်ထိန်းသိမ်းရန်ဆိုသည့် ယုံကြည်ချက်တွင် အခြေခံသည်။ မှိုင်းမိနေသည့် သံဃာအများအပြားကပင်လျှင် ဤအယူအဆကို အားဖြည့်ထောက်ခံကြသည်။ တစ်ဖက်တွင်ကား ဗုဒ္ဓဘာသာကို အတန်သင့်လေ့လာထားသူများပင် သိရှိနိုင်သည်ကတော့ အကြမ်းမဖက် မေတ္တာတရားအခြေခံသည့် ဗုဒ္ဓ၏ ဓမ္မနှင့် လူသတ်အကြမ်းဖက်ပြီး သာသနာကို တည်ဆောက်နေသည့် အာဏာရှင်လက်ခုပ်ထဲက နာမည်ခံ ဗုဒ္ဓဘာသာသည် နံသာဆီနှင့်အီး သကဲ့သို့ပင် ဖြစ်သည်ကို နားလည်ကြပေမည်။

သာသနာအဖွဲ့အစည်းအနေဖြင့် အထင်ရှားဆုံးသော ပျက်ကွက်မှုမှာ သီတဂူဆရာတော်၏ ၂၀၁၇ တပ်တွင်းတွင် ဟောကြားခဲ့သော ဘာသာခြားကို သတ်ဖြတ်ပြီး ဗုဒ္ဓဘာသာကို စောင့်ရှောက်ရန်အားပေးခဲ့သည်ဟု ယူဆရသည့် အငြင်းပွားဖွယ်ရာ တရားဟောကြားရာတွင် ဝိနည်းခုံရုံးဖွဲ့ကာ ပါရာဇိက ကံထိုက်/မထိုက် စစ်ဆေးမေးမြန်း အရေးယူရန် ပျက်ကွက်ခဲ့သည်။ယခုအချိန်အထိလည်း သာသနာကိုစောင့်ရှောက်ခြင်းဆိုသည့် ခေါင်းစဉ်အောက်တွင် ရက်စက်သတ်ဖြတ်မှုများကို အားပေးသည့် အစွန်းရောက် အယူအဆ၊ ပြည်သူအများအား ဓမ္မကို သိမြင်ကျင့်သုံးဖို့ထက် အကြောက်တရား၊ အမုန်းတရားလွှမ်းမိုးမှုများကို သာသနာအဖွဲ့အစည်းအနေဖြင့် ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းရန် အားနည်းပျက်ကွက်မှုများသည် စိုးရိမ်ဖွယ်ရာဖြစ်ပါသည်။

၃။ သံဃမဟာနာယက ဘာလွဲနေသလဲ

လက်ရှိ သံဃမဟာနာယကအဖွဲ့အစည်းသည် အာဏာစက်ကို အမှီသဟဲပြုနေရသည့် အဖွဲ့အစည်း၊ သူကိုယ်တိုင်ပင်လျှင် ဗဟိုချုပ်ကိုင်မှုအားကြီးသည့် အဖွဲ့အစည်းအဖြစ် ဝေဖန်ချက်များရှိသည်။ ဤသည်မှာ ဗုဒ္ဓဟောကြားချက်ကို အလုံးစုံစောင့်ထိန်းမည်ဟု ကြွေးကြော်ကြသည့် ထေရဝါဒဗုဒ္ဓဘာသာအတွက် ပြန်လည်ဆင်ခြင်စရာဖြစ်သည်။ဗုဒ္ဓ၏ ဓမ္မသည် လွတ်မြောက်လမ်းကို ရှာဖွေခြင်းဖြစ်သည်။ ချုပ်နှောင်သည့် အုပ်စုဖွဲ့ တရားမဟုတ်။ ဗုဒ္ဓအနေဖြင့်လည်း သူမရှိသည့်နောက်တွင် မည်သည့်ရဟန်း၊ မည်သည့်အဖွဲ့အစည်းကိုမှ တာဝန်လွဲပေးခဲ့သည်မရှိဘဲ ဓမ္မသာလျှင် သာသနာကို ဆက်လက်ပြန့်ပွားစေမည်ဟု ထင်ထင်ရှားရှားဟောကြားခဲ့သည်။ဗုဒ္ဓအလိုကျ ရဟန်းအဖွဲ့အစည်းတွင် မင်းစိုးရာဇာများ လွှမ်းမိုးထိန်းချုပ်မှု၊ ကာကွယ်စောင့်ရှောက်မှုခံယူရမည်ဟု မပါဝင်ခဲ့။ ဗုဒ္ဓအနေဖြင့် လူတိုင်းလက်ခံကျင့်သုံးနိုင်သည့် ဓမ္မအနေဖြင့် ဟောကြားခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးလက်ကိုင်တုတ်အဖြစ် အသုံးချရန်မဟုတ်။

၄။ ဗုဒ္ဓဓမ္မ၊ ဝိဘဇ္ဇဝါဒ ၊ ဒီမိုကရေစီ

ကာလာမသုတ်တွင် ဟောကြားသည့်အတိုင်း ဗုဒ္ဓသည် ခွဲခြမ်းသုံးသပ်သည့် ဝိဘဇ္ဇဝါဒကို အားပေးခဲ့သည်။ ပလ္လင်ပေါ်တွင် ထိုင်ကာ အထက်စီးမှ တစ်ဖက်သတ်ဟောကြားခြင်းမျိုးမဖြစ်ရလေအောင် “ကာလေန ဓမ္မသာကစ္ဆာ” ဆိုသည့် အပြန်အလှန်ဆွေးနွေးမေးမြန်းဖို့ကို တိုက်တွန်းခဲ့သည်။မျက်မှောက်ခေတ်ဗုဒ္ဓဘာသာတွင်ကား အပြန်အလှန်ဆွေးနွေးမှုကို လက်ခံအားပေးသည့် ဆရာတော်များက အင်မတန်ရှားပါးလှသည်။ မေးခွန်းများ၊ အကြံပြုချက်များကို မကြိုက်ကြ။ ဒီယဉ်ကျေးမှုက အမြစ်တွယ်လာတဲ့အခါ လူပုဂ္ဂိုလ်များကလည်း ပြန်လည်ဆွေးနွေးရမည်ကိုတောင် တွန့်ဆုတ်လာကြသည်။ တစ်ဖက်တွင် အပေါ်ယံ ဘာသာဝင်များလာသည်။ ဂိုဏ်းစွဲဆရာစွဲများဖြင့် ကိုယ့်ဆရာ ဘာလုပ်လုပ်တင့်တယ်လာသည်။ ဒီတော့ အပြန်အလှန်ထိန်းကျောင်းမှုမရှိဘဲ သာသနာအတွင်း ဖောက်ပြန်မှုများ၊ ဗုဒ္ဓအလိုကို ဆန့်ကျင်မှုများ ပေါ်ပေါ်ထင်ထင်ဖြစ်လာလေသည်။ဗုဒ္ဓခေတ်တွင်မူ ဉာဏ်ပညာအရာတွင် အထူးချွန်ဆုံး ဧတဒဂ်ရသည့် အရှင်သာရိပုတ္တာရာပင်လျှင် ခုနှစ်နှစ်သား သာမဏေ၏ ဝတ်စားမှုနှင့် ပက်သက်၍ ထောက်ပြမှုကို အလေးအနက်ထား နားထောင်ပြီး ပြုပြင်ခဲ့သည့် သာဓကရှိသည်။ မျက်မှောက်ခေတ်တွင် သံဃာထုအနေနဲ့ ပြန်လည်သုံးသပ်နိုင်သည်မှာ မိမိတို့အပေါ် ပွင့်ပွင့်လင်းလင်း ထောက်ပြမေးမြန်းနိုင်ခွင့်ရှိသလော .. အချင်းချင်းနှုတ်ဆိတ်ပြီး မမြင်ချင်ယောင်ဆောင်ဖို့ ဖိအားများနေပါသလော ..ဗုဒ္ဓသည် ဒီမိုကရေစီဆန်ဆန် အပြန်အလှန်ထိန်းကျောင်းမှု၊ မေးမြန်းမှု၊ ဝေဖန်မှုများကို အစဉ်အမြဲကြိုဆိုခဲ့သည်။ သံဃာထုအနေဖြင့်လည်း ဆရာတော်ကြီးအနည်းအကျဉ်းကသာ အာဏာကို ဆုပ်ကိုင်ကာ နိုင်ငံရေးခေါင်းဆောင်များနှင့် ပေါင်းဖက်ပြီး သာသနာကိုထိန်းသိမ်းမည့် အနာဂတ်သည် လက်တွေ့ကျမကျ၊ ဓမ္မနှင့်ညီမညီ မေးခွန်းထုတ် တည့်မတ်ထိန်းကျောင်းကြရန်လိုအပ်သည်။

၅။ တော်လှန်ရေးမှ ပေါက်ဖွားနေသည့် အနာဂတ်သစ်

လက်ရှိမြန်မာနိုင်ငံ၏ နွေဦးတော်လှန်ရေးသည် ဥရောပတွင် ၁၅ ရာစု၊ ၁၆ ရာစုက ဖြစ်ပွားခဲ့သည့် အသိပညာဖွံ့ဖြိုးမှုကာလ “ ရီနေးဆန့် Renaissance” ကဲ့သို့ နိုင်ငံရေးစုဖွဲ့မှုသည်သာမက တနိုင်ငံလုံးပြည်သူများ၏ အတွေးအခေါ်အယူအဆ၊ ယဉ်ကျေးမှုတခုလုံးကို ပြောင်းလဲနေသည့်အချိန်ဖြစ်သည်။ထိုကာလမတိုင်ခင် အလယ်ခေတ်တွင်လည်း လက်ရှိမြန်မာနိုင်ငံကဲ့သို့ ဘုရင်နှင့် ခရစ်ယာန်ဘုန်းတော်ကြီးများ အပြန်အလှန်ပူးပေါင်းကာ အမှီသဟဲပြုခဲ့ကြသည်။ ဘုရင်ဘက်က လက်နက်လူသူစည်းစိမ်အင်အားနှင့် ဘုန်းတော်ကြီးများဘက်မှ “ဘုရားပေးသော ရာထူးသြဇာ” “Divine Authority” ကို အပြန်အလှန်ဖလှယ်ကာ ပြည်သူအများနှင့် အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နိုင်သည့် အသိပညာရှင်အများအပြားကို လုပ်ကြံသတ်ဖြတ်ခဲ့သည်။ သို့ရာတွင် အာဏာရှင်များ မည်ကဲ့သို့ဖိနှိပ်သည်ဖြစ်စေ၊ နောက်ဆုံးတွင် ယဉ်ကျေးမှုတော်လှန်ရေး အားကောင်းလာပြီး ပြည်သူအများ၏ အသိပညာများ ပွင့်လင်းလာခဲ့ကာ ယခု ဒီမိုကရေစီခေတ်ကို ဦးတည်ခဲ့ခြင်းဖြစ်သည်။

ဗုဒ္ဓဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်နေသည့် သံဃာများနှင့် ဘာသာဝင်အပေါင်းအနေဖြင့် နွေဦးတော်လှန်ရေးတွင် လမ်းနှစ်သွယ်ကို ရွေးချယ်နိုင်သည်။ ပထမလမ်းမှာ အာဏာရှင်အပေါ် အမှီသဟဲပြုရသည့် ဗုဒ္ဓဘာသာ၏ ယိုယွင်းမှုဖောက်ပြန်မှုများကို မမြင်ချင်ဆောင်ကာ လက်ရှိလမ်းအတိုင်း ရှေ့ဆက်သွားခြင်းဖြစ်သည်။ ဤလမ်းကြောင်းကို ရွေးချယ်သူ များပါက ဘုရားဟောကြားခဲ့သည့်အတိုင်း သာသနာကွယ်ရာဖြစ်သည့် အတွင်းစည်းမှ ဓမ္မသွေဖီလာမှုကို ဆက်လက်တွေ့မြင်ရမည်ဖြစ်သည်။နောက်ထပ်ရွေးချယ်စရာတခုမှာ လက်ရှိ ဗုဒ္ဓဘာသာကို ဓမ္မရှုထောင့်နဲ့အညီ မေးခွန်းထုတ်ကာ ပြန်လည်ဆန်းစစ်မှုများကို တွင်တွင်ကျယ်ကျယ် ပြုလုပ်ခြင်းဖြစ်သည်။ ဤလမ်းကို သံဃာတော်များနှင့် ဘာသာဝင်အများအပြား ပူးပေါင်းလုပ်ဆောင်ကြပါက အနှစ်ထက် အကာများနေသည့် ဗုဒ္ဓသာသနာကို ပြန်လည်သန့်စင်နိုင်ပေမည်။ FFM အနေဖြင့် နောက်တချိန် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ လူသားများ ကိုယ်တွင်းငြိမ်းချမ်းမှုနဲ့ လွတ်မြောက်မှုကို ပေးအပ်နိုင်သည့် ဗုဒ္ဓအလိုကျ တရားဓမ္မအနေဖြင့် ပြန်လည်ထွန်းတောက်လာမည့် အကြောင်းမျှော်ကိုးကာ ဤဒုတိယလမ်းကို လျှောက်လှမ်းကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်