ဒေါ်စုကို လုပ်ကြံကြသူများ

(ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်ဆောင်းပါး)

ဒေါ်စုကို လုပ်ကြံသူများလို့ပြောလိုက်ရင် လူအများစုကတော့ စစ်တပ်ကိုပဲ ပြေးမြင်ကြပါလိမ့်မယ်။ ဒါပေမယ့် စစ်တပ်ကတော့ ဒေါ်စုကို လုပ်ကြံဖို့ မအောင်မြင်ခဲ့ပါဘူး။ ဒေါ်စုကို လှောင်အိမ်ထဲထည့်ဖို့ ကြိုးစားတိုင်း ပြည်သူတွေရဲ့ ရင်ထဲမှာ ဒေါ်စုကပိုပြီးရှင်သန်အားကောင်းလာလို့ပါပဲ။

ဒါပေမယ့် ဒေါ်စုကို အောင်အောင်မြင်မြင်လုပ်ကြံခဲ့သူများကတော့ ရှိပါတယ်။ ဒါကတော့ ဒေါ်စုဘေးနားမှာ အနီးကပ်ဝန်းရံကြတဲ့ ဒေါ်စုထောက်ခံသူများ တနည်းအားဖြင့် ဒေါ်စုကိုးကွယ်သူများဖြစ်ပါတယ်။ ဒေါ်စုကိုးကွယ်သူများအနေနဲ့ ဒေါ်စုကို ဘယ်တော့မှမမှားတဲ့ မဟာလူသားအဖြစ် သတ်မှတ်ကြရင်းနဲ့ ဒေါ်စုက လူသားတယောက်ကနေ ဒေါ်စုကိုးကွယ်သူတွေရဲ့ အသုံးချခံ ရုပ်ထုဘုရားတစ်ဆူသဖွယ်ဖြစ်ခဲ့တာပါ။

ဒေါ်စုအနေနဲ့ ၈၈ အရေးအခင်းက စပြီးတော့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ၊ အကြမ်းမဖက်လူထုလှုပ်ရှားမှုခေါင်းဆောင်၊ အကြောက်တရားမှ လွတ်မြောက်ခြင်းသင်္ကေတ၊ ငြိမ်းချမ်းမှုရဲ့ အမှတ်အသားအဖြစ် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ဒေါ်စုကိုးကွယ်သူတွေကတော့ ဒေါ်စုရဲ့ ဒီလိုမျိုး အမြုတေအရည်အချင်းတွေကို အမှန်တကယ်နားလည်တန်ဖိုးထားတာထက် ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသူတွေ များပါတယ်။

ဒါကြောင့် ဒေါ်စုအာဏာရလာတဲ့ ပြီးခဲ့တဲ့ကာလမှာ ဒေါ်စုအနားမှာ မှန်ရာကို ထောက်ပြပြောဆိုပေးမယ့် လူပုဂ္ဂိုလ်များမရှိကြဘဲ ပြောသမျှခေါင်းညိတ်ဖို့စောင့်နေတဲ့ ပုတ်သင်ညိုများသာ အာဏာရလာခဲ့တာဖြစ်ပါတယ်။ ဒေါ်စုအာဏာရပြီးနောက်ပိုင်း တိုင်းရင်းသားနယ်မြေတွေမှာ စစ်တပ်ရဲ့ အနိုင်ကျင့်သတ်ဖြတ်မှု၊ ရိုဟင်ဂျာအရေး စစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေမှာ ဒေါ်စုရဲ့ စစ်တပ်နှင့်အတူတကွရပ်တည်မှုတွေက တိုင်းရင်းသားတွေ၊ လူနည်းစုတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေအတွက် မျှော်လင့်ချက်များ ကင်းမဲ့စေတယ်။

ဒီလိုနဲ့ ဒေါ်စုအာဏာစတင်ရလာချိန်က မျှော်လင့်ချက်များစွာထားရှိကြတဲ့ လူငယ်ကျောင်းသားတွေ၊ ပညာရှင်နဲ့ လူပုဂ္ဂိုလ်များစွာက ဒေါ်စုရဲ့စံနှုန်းတန်ဖိုးတွေကို မေးခွန်းထုတ်လာကြတယ်။ဒီလိုမျိုး မေးခွန်းတွေ ထောက်ပြချက်တွေကို ဒေါ်စုအမာခံကိုးကွယ်သူတွေကတော့ အန္တရာယ်အဖြစ် ရှုမြင်ကြပါတယ်။ ဒါကြောင့် ထောက်ပြသူလူနည်းစုတွေရဲ့အသံကို ဝိုင်းဝန်းပိတ်ပင်ဖို့ ကြိုးစားကြတယ်။ ဝေဖန်ထောက်ပြသူတွေနဲ့ ဒေါ်စုကို ချစ်ခင်ကြတဲ့ ပြည်သူလူထုအကြား ရန်တိုက်ပေးပြီး ပုံစံအမျိုးမျိုးနဲ့ ဖိနှိပ်မှုတွေကို ပြုလုပ်ကြတယ်။

အားလုံးပြောကြတဲ့အတိုင်း အမှားမကင်းတဲ့ နိုင်ငံရေးခေါင်းဆောင်ဆိုတာမရှိပါဘူး။ သို့သော်လည်း ဒီအမှားတွေကို ပြန်လည်ထောက်ပြနိုင်တဲ့ ယန္တရား (Feedback Mechanism) ရှိသလားဆိုတာကိုကြည့်ပြီး အာဏာရှင်ဆန်သလား ၊ ဒီမိုကရေစီဆန်သလား၊ ဒီအမှားတွေကို ပြန်လည်ထိန်းကျောင်းနိုင်စွမ်းရှိမလားဆိုတာကို သုံးသပ်ကြည့်ရတာဖြစ်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့မှာတော့ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ စစ်တပ်အနေနဲ့ အာဏာသိမ်းဖို့ကြံရွယ်နေတယ်ဆိုတာကို သိသိသာသာကို အချက်ပြပေမယ့် ဒေါ်စုနဲ့ NLD ကတော့ အာဏာသိမ်းမှုအပေါ်  ထင်ရှားတဲ့ကြိုတင်ပြင်ဆင်မှုတွေ မပြုလုပ်နိုင်ခဲ့ပါဘူး။ တခုတည်းသော အစီအမံလို့ပြောနိုင်တဲ့ အာဏာသိမ်းပြီး CDM လုပ်ဖို့တိုက်တွန်းစာကလည်း ဖရိုဖရဲနဲ့ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ဦးဝင်းထိန်ကတခါပြန်ပြီး ဒီစာကို ဒေါ်စုရေးကြောင်းထောက်ခံချက်ပေးခဲ့ရတာ မှတ်မိကြဦးမှာပါ။ အစဉ်အဆက် ဒေါ်စုဝန်းရံသူတွေအနေနဲ့ ဒေါ်စုရဲ့မျက်စိနားတွေကို ပိတ်ဆို့ထားခြင်းက နောက်ဆုံး စစ်တပ်အနေနဲ့ အလွယ်တကူအာဏာသိမ်းအောင် သွယ်ဝှက်စွာ ပံ့ပိုးခဲ့လေသလားလို့ အောက်မေ့ရပါတယ်။

အာဏာသိမ်းပြီး တော်လှန်ရေးကာလရောက်တဲ့အထိ ဒေါ်စုရဲ့ ပုံရိပ်ကို အမြတ်ထုတ်အသုံးချခြင်းကို တိုးလို့သာ အားကောင်းလာပါတယ်။ အသုံးချခြင်းလို့ပြောနိုင်တာကတော့ ဒေါ်စုရဲ့ မျှော်မှန်းချက်တွေကို ဖော်ဆောင်တာထက် ဒေါ်စုရဲ့ အရှိန်အဝါနဲ့ ဩဇာတိက္ကမကိုသာ မျက်လုံးထဲမှာပဲရှိကြလို့ပါပဲ။

ဦးဆုံးအနေနဲ့ CRPH ၊ NUG မှာရှိတဲ့ ဒေါ်စုအခြေပြုကိုးကွယ်မှုရဲ့ ရလဒ်တွေကို ကြည့်ကြပါစို့။ တော်လှန်ရေးရဲ့ အရေးပါဆုံးလုပ်ငန်းစဉ်တခုကတော့ တော်လှန်ရေး နိုင်ငံရေးအင်အားစုများအကြား ညီညွတ်ရေးတည်ဆောက်မှုဖြစ်ပါတယ်။ ဒါကအရေးအကြီးဆုံးလို့ပြောလို့ရတဲ့အတွက် ဒေါ်စုအနေနဲ့ တော်လှန်ရေးကာလအတွင်းမှာကို အမြဲမှာကြားတဲ့စကားဖြစ်ပါတယ်။ ဒါပေမယ့် CRPH NUG ခေါင်းဆောင်များကတော့ အင်အားစုများအကြား ညီညွတ်ရေး ၊ ယုံကြည်မှုတည်ဆောက်ရေးထက် ဒေါ်စုရဲ့ “အတိုင်ပင်ခံနေရာ” မပျောက်ပျက်ရေးကို ခေါင်းမာမာနဲ့ စွဲကိုင်ခဲ့ကြတာပါ။ တိုင်းရင်းသားအင်အားစုတွေအတွက်ကတော့ ဒေါ်စုရဲ့ အတိုင်ပင်ခံနေရာကို CRPH/NUG အနေနဲ့ဆုပ်ကိုင်ထားခြင်းက ဒါဏ်ရာဟောင်းတွေကို နှိုးဆွရာရောက်ပြီးတော့ သံသဃတွေ၊ မယုံကြည်မှုများစွာကို တိုးပွားစေပါတယ်။  NUCC ရဲ့ ချာတာရေးဆွဲရေးမှာလည်း ဒီလိုမျိုး အတိုင်ပင်ခံနေရာထားရှိရေးနဲ့ပက်သက်ပြီး လပေါင်းများစွာ အချိန်ကြာမြင့်စေခဲ့ပါတယ်။ ဒေါ်စုအနေနဲ့လည်း သူမရဲ့ ရာထူးနေရာအတွက် အငြင်းပွားရင်းနဲ့ ပြည်သူတွေ အသက်နဲ့ စတေးနေရတဲ့ တော်လှန်ရေးရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို အနှောင့်အယှက်ဖြစ်စေချင်မှာမဟုတ်ပါဘူး။ ဒီလိုမျိုး ဒေါ်စုဗဟိုပြုကိုးကွယ်သူများက ဒေါ်စုလိုလားတဲ့ ညီညွတ်ရေးကို ထိခိုက်စေတာက ဒေါ်စုကို အနီးကပ်လုပ်ကြံခြင်းဖြစ်ပါတယ်။

နောက်ပြီး NLD ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ကြပါစို့။ NLD ရဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေက CRPH/ NUG နဲ့နောက်ဆုံး NUCC တိုင်အောင် ပါဝင်လွှမ်းမိုးနိုင်ကြတာဖြစ်ပါတယ်။ ၂၀၂၁ မှာ NLD ကိုယ်စားလှယ်တွေနဲ့ ဒီလိုမျိုး တော်လှန်ရေးအင်အားစုအသီးသီးကို ဖွဲ့စည်းပြီးတဲ့နောက်မှာတော့ ၂၀၂၂ မှာ NLDပါတီအနေနဲ့ CRPH/NUG/NUCC တို့နဲ့ မသက်ဆိုင်မပါဝင်တဲ့ပုံစံမျိုးနဲ့ အုပ်စုနှစ်ဖွဲ့သွားမယ့် ပုံစံမျိုးကို စဉ်းစားလာပါတယ်။ ဒီနေရာမှာ အခြေအနေအရ မြေပေါ်မြေအောက် အဖွဲ့ခွဲပြီး လှုပ်ရှားကြတာကို မှတ်ချက်မပြုလိုပါ။ ဒါပေမယ့် သတိပြုရတာကတော့ NLD ကထုတ်ပြန်တဲ့အကြောင်းပြချက်ပါ။ NLDအနေနဲ့ ဒီလိုမျိုး တော်လှန်ရေးအင်အားစုတွေနဲ့ ခွဲထွက်ပြီး တသီးတခြားလုပ်ဆောင်ဖို့ ပေးတဲ့အကြောင်းပြချက်ကတော့ NLD ရဲ့ ထိပ်ပိုင်းခေါင်းဆောင်းများ ထိန်းသိမ်းခံထားရလို့ မူဝါဒဆုံးဖြတ်ချက်များ မချမှတ်နိုင်တဲ့အခြေအနေကြောင့်လို့ ဆိုပါတယ်။ ဒါက ဒေါ်စုအကြိမ်ကြိမ်ပြောတဲ့ ပြည်သူလူထုအင်အားကိုအခြေပြုပြီး ဒီမိုကရေစီတည်ဆောက်ရေးကို ကျန်ခဲ့တဲ့ NLD အဖွဲ့ဝင်တွေအနေနဲ့ လျစ်လျူရှုပြီး ဒေါ်စုပြန်လည်လွတ်မြောက်လာမှသာ NLD အနေနဲ့ လုပ်ငန်းဆောင်တာတွေကို ဆက်လက်လုပ်နိုင်မယ်ဆိုပြီး ကယ်တင်ရှင်မျှော်ကိုးနေကြတာဖြစ်ပါတယ်။ ဒေါ်စုအလွန်ကာလအထိမျှော်ကိုးပြီး ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုးကို သယ်ပိုးဖို့အတွက် မူဝါဒအသစ်၊ ဦးဆောင်မှုအသစ်တွေ ပေါ်ထွက်လာနိုင်ဖို့  လုပ်ဆောင်ဖို့ အတွင်းက NLD ခေါင်းဆောင်တွေအနေနဲ့ ကြောက်ရွှံ့တွန့်ဆုတ်နေကြတာ ဖြစ်ပါတယ်။ ဒါကလည်း ဒေါ်စုရပ်တည်ထားတဲ့အရာတွေကို NLDရဲ့ လက်ရှိခေါင်းဆောင်တွေအနေနဲ့ ဆန့်ကျင်ပြီး ဒေါ်စုကိုလုပ်ကြံခြင်းပါပဲ။

နောက်ဆုံးအနေနဲ့ မပြောမပြီးပါဝင်တာကတော့ ဒေါ်စုကို အမာခံဝန်းရံကြတဲ့ လော်ဘီတွေ ဆယ်လီတွေရဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာတွေမှာ ပေါက်ရောက်လွှမ်းမိုးနိုင်တဲ့ လော်ဘီတွေအနေနဲ့ ဒေါ်စုရဲ့ ပုံရိပ်၊ လူထုချစ်ခင်မှုကို အသုံးချပြီး ပြည်သူလူထုရဲ့ ထောက်ခံမှုကို တည်ဆောက်ကြတာ မဆန်းပါဘူး။ လော်ဘီတွေအနေနဲ့  ဒီလိုမျိုး ဒေါ်စုကို အသုံးချပြီး လွှမ်းမိုးမှုတွေ ၊ အလှူခံပွဲတွေလုပ်နေပေမယ့် ဒေါ်စုအခြေခံရပ်တည်တဲ့မူကိုတော့ အလေးထားတာ နည်းပါတယ်။ ဒေါ်စုအနေနဲ့က ရန်ကိုရန်ချင်းမတုံနှင်းဘဲ ချစ်ခြင်းမေတ္တာကို အခြေခံတဲ့ လူထုလှုပ်ရှားမှုတွေကိုသာ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်စုရဲ့ အမာခံလော်ဘီတွေကတော့ လက်စားချေရေး၊ အမုန်းတရားတိုးပွားရေး၊ မျှော်လင့်ချက်အမှားတွေနဲ့ နောက်ဆုံး ကလေးသူငယ်မရှောင်၊ ဒလံလို့ စွပ်စွဲခဲ့ရတဲ့သူရဲ့ မိသားစုပါမကျန် စည်းလွတ်ကမ်းလွတ် သတ်ဖြတ်မှုတွေဖြစ်အောင် သူတို့ရဲ့ စည်းရုံးနိုင်စွမ်းကို အသုံးချပြီး တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေခဲ့ပါတယ်။ ခံစားချက်၊ နာကျည်းချက်နဲ့ ပြည့်နှက်နေတဲ့ ပြည်သူတွေအနေနဲ့ အမုန်းစကားတွေက နှစ်သက်စရာဖြစ်ခဲ့ပေမယ့် ဒီအဆိပ်တွေရဲ့ သက်ရောက်မှုတွေကို မြန်မာ့လူ့အဖွဲ့အစည်းတွေက ရှေ့လာမယ့် နှစ်ပေါင်းများစွာတိုင်အောင် ရင်ဆိုင်ဖြေရှင်းရမှာဖြစ်ပါတယ်။ ဒီလိုမျိုး လော်ဘီတွေရဲ့ အမုန်းတရားအခြေပြု ဝါဒဖြန့်မှုတွေကလည်း ဒေါ်စုနာမည်ခံပြီး တချိန်တည်းမှာ ဒေါ်စုကို အနီးကပ်လုပ်ကြံခြင်းပါပဲ။

ပြန်ပြီးခြုံကြည့်လိုက်ရင်တော့ ဒေါ်စုကို အစွန်းရောက်ကိုးကွယ်သူများအနေနဲ့ တူညီတာတခုကတော့ ဒေါ်စုကိုအသုံးချပြီး လွှမ်းမိုးမှုတွေ၊ ဩဇာအာဏာတွေတည်ဆောက်ကြပါတယ်။ အဲလိုမျိုး အာဏာရလာပြီးရင်တော့ ဒီအာဏာကို ကာကွယ်ဖို့အတွက် ဒေါ်စုကို နတ်ဘုရားအသွင် စောင့်ရှောက်ကြပါတယ်။ ဒေါ်စုကို တိုက်ခိုက်လာသူတွေကို ပြည်သူလူထုနဲ့ ရန်တိုက်ပေးတယ်။ အမျိုးမျိုးပုံဖျက်ကြပါတယ်။ တကယ်တမ်း ဒေါ်စုရည်မှန်းတဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ နှင့် ပြည်သူတွေရဲ့ အကျိုးစီးပွားဆိုတာထက် နောက်ဆုံးမှာ သူတို့ရဲ့ အာဏာအခြေတည်ဖို့မှာပဲ လမ်းဆုံးသွားလေ့ရှိပါတယ်။ ဒီလိုနဲ့ပဲ ဒေါ်စုရဲ့ပုံရိပ်က အလွဲသုံးစားလုပ်ခံရပြီး အကြိမ်ကြိမ် လုပ်ကြံခံနေရတာဖြစ်ပါတယ်။

စစ်တပ်အနေနဲ့ ဒေါ်စုကို ဘယ်လိုနည်းနဲ့မျှ ထိန်းသိမ်းနိုင်မှာ ၊ လုပ်ကြံနိုင်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်စုရဲ့ ယုံကြည်ချက်၊ မျှော်မှန်းချက်၊ သတ္တိနဲ့ ပေးဆပ်မှုတွေက မြန်မာပြည်သူတွေရဲ့ ရင်ထဲမှာ နောက်နှစ်ပေါင်းများစွာတိုင်အောင် ရှင်သန်နေဦးမှာဖြစ်လို့ပါ။ ဒါပေမယ့် ဒေါ်စုကိုးကွယ်သူတွေကတော့ ဒေါ်စုကို “အာဏာရှင်” ၊ “ဂျီနိုဆိုက်” ၊ “တိုင်းရင်းသားညီညွတ်ရေးအတွက် ခြိမ်းခြောက်မှု” ပြရုပ်အဖြစ် တွန်းပို့ခဲ့ပါတယ်။ ဒေါ်စုကို အကြိမ်ကြိမ်လုပ်ကြံနိုင်ခဲ့ကြပါတယ်။

ဒါကြောင့် ရှေ့လာမယ့် တော်လှန်ရေးကာလတွေမှာ ကျွန်တော်တို့အနေနဲ့ ဒေါ်စုကို အမှန်တကယ်ချစ်ခင်မြတ်နိုးတယ်ဆိုရင် ဒေါ်စုအပေါ် မျက်စိမှိတ်ကိုးကွယ်မှုတွေကို ဆန့်ကျင်ပြီး ဒေါ်စုဖြစ်စေချင်တဲ့ အနာဂတ်ကို ဖော်ဆောင်ဖို့ကို ဦးတည်လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ ဒီလိုမျိုး ခံယူချက်တည်ဆောက်ခြင်းက အသက် ၇၇ နှစ်အရွယ် ဒေါ်စုအတွက် အကောင်းဆုံးပေးနိုင်တဲ့ မွေးနေ့လက်ဆောင်ပဲဖြစ်ပါလိမ့်မယ်။ ဒေါ်စုအနေနဲ့ ဘယ်အချိန်ကမှ ချုပ်နှောင်ခြင်းခံခဲ့ရတယ်မရှိပါဘူး။ လူထုခေါင်းဆောင်အနေနဲ့ မြန်မာပြည်သူတွေကိုသာ  ကယ်တင်ရှင်မျှော်ကိုးပြီး အချုပ်နှောင်ခံနေရတာကို လွတ်မြောက်ပြီး ပြည်သူ့အားနဲ့ နိုင်ငံသစ်ဆီကို အရောက်လှမ်းစေချင်မယ်လို့ယုံကြည်ပါတယ်။  

ရဲထက်

Freedom Fighter

Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

8 Responses

  1. အားလုံးနီးပါးလက်ခံပါတယ်။သို့သော် သူလျို၊ဒလံ စွပ်စွဲပြီးသတ်ဖြတ်ခဲ့တာတွေကတော့ စစ်တပ်နဲ့ရဲအပေါ်သတ်ချင်လောက်အောင်ခံစားခဲ့ရတဲ့ပြည်သူတွေရဲ့ထွက်ပေါက်လိုမြင်မိပါတယ်။ စစ်တပ်နဲ့ရဲ ဘယ်ပုံစံနဲ့မှရပ်တည်လို့မရနိုင်အောင် လုပ်ကြရင်တချို့အလွဲအမှားတွေဖြစ်ပေါ်လာတယ်လို့မြင်မိပါတယ်။
    အဓိကကတော့ nld ဟာရှေ့ဆက်မပြုပြင်နိုင်ဘူးဆိုရင်တော့ အနာဂတ်မှာနေရာရှိတော့မှာမဟုတ်တဲ့အပြင် အာဏာမက်တဲ့တရားခံဖြစ်သွားမှာပါ။

  2. တလရအလွန်မှာကျောင်းသားနိုင်ငံရေးကိုပိုပြီးအားပေးသင့်တယ်။နိုင်ငံရေးဆွေးနွေးပွဲတွေကိုလည်းပိုမိုကျင်းပသင်တယ်။ဒါအပြင့်လွတ်လပ်တဲ့တရားစီးရင်ရေးယန္တရားကိုလည်းဖွဲ့စည်းသင့်တယ်။ဒါမှသာအငြင်းပွားဖွယ်ကိစ္စရပ်တွေမှာလွတ်လပ်တဲ့တရားရုံးချုပ်ကအဆူံးအဖြတ်ပေးနိုင်မယ်။လွတ်လပ်တဲ့တရားစီရင်ရေး၊ထူးချွန်တဲ့နိုင်ငံရေးမျိုးဆက်တွေကသာပုဂ္ဂိုလ်နိုင်ငံရေးနဲံpopularismတို့ကိုတိုက်ဖျက်နိုင်မယ်။

  3. ဒေါ်စု မတိုင်ခင်ကတည်းက အာဏာရ လုပ်ပိုင်ခွင့်ရှိတဲ့သူများဟာ ခေါင်းညိမ့် လက်ညိုးထောင်လာတာ အကျင့်ဖြစ်နေပါပြီ ဦးနေဝင်းလက်ထက်ကတည်းကပါ အဲအကျင့်တွေက ဒေါ်စုလက်ထက်လည်း ဒီအတိုင်းပဲ မပြင်ကြတော့ဘူး မှန်တာကို ထောက်ပြတဲ့သူ မရှိကြတော့ဘူး ဒေါ်စု တစ်ယောက်ထဲအပေါ် အပြစ်ပုံချလို့မရပါဘူး ၂၀၁၅ – ၂၀၂၀ အထိ တိုင်းပြည်ကို နလန်ထူတဲ့ကာလမှာ လုပ်နိုင်သလောက် လုပ်သွားတာ မြင်ရပါတယ် အဓိက တာဝန်ရှိသူ၊ အာဏာရှိသူ လုပ်ပိုင်ခွင့်ရှိသူ လူအများ ကောင်းဖို့လိုနေတာပါ

  4. ဦး၀င်းတင် လို လူမျိူးမရှိတော့တာလည်း ဒေါ်စုရဲ့ အဖွဲ့အစည်းမှာ Check and balance ပျက်သွားစေတယ်လို့ မြင်ပါတယ်။ အထိန်းအ‌‌ထေမရှိတဲ့အခါ ဒေါ်စုဟာ အမျိုးသမီးဗောဓိသတ္တအဖြစ် အကိုးကွယ်ခံရင်း တစ တစ လုပ်ကြံသူတွေ ဝိုင်းလာတဲ့သဘောပါပဲ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်