( Frontier Myanmar တွင် ၂၀၂၁ ဇွန်လ ၁ရက်နေ့က တင်ခဲ့သော ဆောင်းပါးကို ဘာသာပြန်ဆိုပြီး တင်ဆက်ခြင်းဖြစ်ပါသည်။ ဘာသာပြန်ဆိုမှု တစုံတရာလိုအပ်ချက်ရှိပါက ဘာသာပြန်ဆိုသူ၏ လိုအပ်ချက်သာ ဖြစ်ပါသည်။)
ကိုမင်းတယောက် ၂၀၂၁ ဖေဖော်ဝါရီလကတည်းက အာဏာဖီဆန်လှုပ်ရှားမှုတွေမှာပါဝင်ခဲ့ပါတယ်။ သူယုံကြည်ခဲ့တာက သူအလုပ်မဆင်းဘူးဆိုရင်၊ တခြားဝန်ထမ်းတွေလည်းပါဝင်လာခဲ့ရင် စစ်အာဏာသိမ်းမှုကြီးဟာ အလျင်အမြန်ပဲ ကျဆုံးသွားခဲ့မယ်လို့ အသေအချာဖြစ်ခဲ့တာပါ။
နှစ်လကျော်ကြာလာတဲ့အခါမှာတော့ လက်တွေ့ဟာထင်သလိုမဟုတ်ခဲ့ပါဘူး။ ဝန်ထမ်းလိုင်းခန်းကနေ ဖယ်ခိုင်းရင်သူဘယ်မှာနေရမလဲ? လစာမရဘဲနဲ့ အိပ်ရာထဲလဲနေတဲ့အဖေနဲ့ ကျောင်းသားညီငယ်၂ယောက်ကို ဘယ်လိုထောက်ပံ့ရမလဲ? ဆိုတဲ့မေးခွန်းတွေ ခေါင်းထဲမှာ မွန်းကြပ်လာပါတယ်။ ဒီလိုနဲ့ ဧပြီလ၂၁ရက်မှာသူအလုပ်ပြန်ဝင်ခဲ့ပါတယ်။
ဒီကိစ္စဟာ ကိုမင်းကို စိတ်ဖိစီးစေပါတယ်။ သူ့ကိုစိတ်ဆိုးမယ်ထင်ထားခဲ့တဲ့ သူ့အထက်အရာရှိတွေကတော့ သူ့ကိုကြိုဆိုပါတယ်။ ဒါပေမယ့်သူ့လုပ်ဖော်ကိုင်ဖက်တွေကတော့ ကိုမင်းကို သစ္စာဖောက်၊ ပျော့ညံ့တဲ့သူတစ်ယောက်အဖြစ် ဆက်ဆံကြပါတယ်။ သူတို့က “မင်းCDMလုပ်တာမထူးမှန်းသိလို့ပြန်လာတာမလား”လို့ ပြောကြပါတယ်။ အဲ့လိုဆက်ဆံခံရတဲ့အတွက် ကိုမင်းဟာအရမ်းသိမ်ငယ်ရပါတယ်။
ကိုမင်းပြောတာက သူအလုပ်ပြန်လုပ်ဖို့ဆိုတာ အမှန်တော့အရမ်းမသေချာခဲ့ပါဘူး၊ သူသာ CDM support group တွေကနေ စကားပြန်ရခဲ့မယ်ဆိုရင်၊ အထောက်အပံ့ရခဲ့မယ်ဆိုရင်သူက လှုပ်ရှားမှုမှာဆက်ပါဝင်နေဦးမှာပါပဲ။
“ဝမ်းရေးကလည်းခက်လာပြီလေ၊ ဘာလုပ်ရမယ်မှန်းမသိတော့ဘူး၊ အဲ့ဒါနဲ့ပဲ ရွေးစရာမရှိလို့အလုပ်ပြန်ဝင်ခဲ့တာ” လို့ပြောပါတယ်။ ကိုမင်းတို့သတင်းအချက်အလက်ဌာနမှာ ဝန်ထမ်း ၁၅,၀၀၀ လောက်ရှိပေမယ့် လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ဝန်ထမ်းက ၄၀၀ တောင်အနိုင်နိုင်ပါ။ အလုပ်ပြန်လုပ်ရတော့လည်းကိုမင်းဟာ နေသားမကျခဲ့ပါဘူး။ နီးစပ်ရာကပြောတာတော့ သူကအဲ့ဒီဌာနက အလုပ်ပြန်ဝင်ကြသူတွေ အနည်းအကျဉ်းထဲကတစ်ယောက်ပါ။ တခြားဌာနတွေမှာလည်းအလားတူပါပဲ။ ဌာနတိုင်းမှာ CDMလှုပ်ရှားမှုကိုဆက်လက်လုပ်ဆောင်နေသူ အနည်းအများကွာပေမယ့် အနည်းအကျဉ်းသာအလုပ်ပြန်ဝင်ခဲ့ပါတယ်။”
အကျိုးဆက်အနေနဲ့ CDMလှုပ်ရှားမှုဟာ ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်မီတာခစတဲ့ အစိုးရရဲ့အရေးကြီးတဲ့အခန်းကဏ္ဍတွေကိုထိခိုက်ယိုင်နဲ့စေပါတယ်။
ဖေဖော်ဝါရီတစ်ရက်နေ့အာဏာသိမ်းစဉ်ကတည်းက ကျန်းမာရေးဝန်ထမ်းတွေစတင်ဦးဆောင်ခဲ့တဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဟာ အာဏာသိမ်းစစ်ကောင်စီကို တော်လှန်ဖို့ အရေးကြီးတဲ့ ထောက်တိုင်တွေထဲက တစ်ခုဖြစ်ခဲ့တာပါ။ လူထုအစိုးရဆီကအာဏာလုယူထားတဲ့ စစ်ကောင်စီ ရဲ့အုပ်ချုပ်မှုယန္တရားကိုရပ်တန့်စေဖို့ ဌာနပေါင်းများစွာကထောင်ပေါင်းများစွာသော ပြည်သူ့ဝန်ထမ်းတွေစုပေါင်းဆုံးဖြတ်ပြီး လှုပ်ရှားမှုကိုပါဝင်လာစေခဲ့တဲ့အထိ အားကောင်းခဲ့တာပါ။ ပုဂ္ဂလိကကဏ္ဍမှာလည်း ဘဏ်တွေ၊ ရထားဘူတာတွေ၊ ဆေးရုံတွေ၊ ကျောင်းတွေ၊ ဆိပ်ကမ်းတွေကဝန်ထမ်းတွေပါဝင်လာပြီး စီးပွားရေးနဲ့ ကိုဗစ်ထိန်းချုပ်ရေးအစီအစဉ်တွေရပ်တန့်ပစ်ခဲ့ပါတယ်။
အာဏာသိမ်းပြီး လေးလကြာတဲ့အထိ CDMလှုပ်ရှားမှုဟာ အဓိကအခန်းကဏ္ဍမှာပါဝင်နေတုန်းပါပဲ။ ဝန်ထမ်းတွေကိုမေးမြန်းကြည့်ရာမှာ အများစုကအထောက်အပံ့ပုံမှန်မရပဲ ငွေကြေးအခက်အခဲဖြစ်နေပေမယ့် တောင့်ခံထားနေကြတုန်းပါ
ခြိမ်းခြောက်မှုနှင့် အကြပ်ကိုင်မှုများ
စစ်ကောင်စီဟာ CDMလှုပ်ရှားမှုကိုဖျက်ဆီးဖို့ ပိုမိုကြမ်းတမ်းတဲ့နည်းတွေသုံးလာပါတယ်။ ဌာနမှူးတွေကို ဝန်ထမ်းစည်းကမ်းအရ လစာဖြတ်ဖို့၊ ယာယီရပ်နားစာထုတ်ဖို့ ညွှန်ကြားပါတယ်၊ သင်္ကြန်ကာလအလွန်မှာတော့ အလုပ်ပြန်မလာရင်ဖြုတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်တဲ့အဆင့်ထိဖြစ်လာပါတယ်။
ဝန်ထမ်းအများစုဟာတာဝန်ကရပ်ဆိုင်းခံရကြောင်းစာတွေရခဲ့ကြပါတယ်။ ပညာရေးဌာနတစ်ခုတည်းမှာတင် ဆရာ၊ ဆရာမပေါင်း ၁၂၀,၀၀၀ကျော် အလုပ်ဖြုတ်ခံခဲ့ရပါတယ်။ လျှပ်စစ်ဌာန၊ သစ်တောဌာနဝန်ထမ်း ထောင်ကျော်လည်း အလားတူပါ။ ဒါပေမယ့် စစ်ကောင်စီဟာ ခြောက်လအတွင်း ဆုံးဖြတ်ချက်ပြင်ပြီးပြန်လာရင်လက်ခံပေးမယ်လို့ အပျော့ဆွဲနည်းနဲ့လှည့်စားပြန်ပါတယ်။ ထောက်ပံ့မှုမရတဲ့ဝန်ထမ်းတွေကို အဓိကဦးတည်ပြီးရွေးချယ်ခိုင်းတာပါ။
သတင်းဌာနက မသီတာကတော့ သူမဟာ ကိုယ်တိုင်ပါဝင်ခဲ့ရုံမကပဲ တခြားသူတွေကိုပါ အလုပ်မဆင်းဖို့ဆွဲဆောင်ခဲ့တာကြောင့် ပိုပြီးအငြိုးထားခံရကာ အလုပ်ထုတ်စာကိုလည်း အစောကြီး ကြိုတင်ရရှိခဲ့တယ် လို့ဆိုပါတယ်။
သူမဟာထုတ်ပယ်ခံရမယ်ဆိုတာ ကြိုတင်မျှော်လင့်ပြီးသား ဖြစ်တဲ့အတွက်အလုပ်ထုတ်စာက သူမအတွက်မထူးဆန်းတော့ပါ။ ဒါပေမယ့် အရင်ပြည်သူ့အစိုးရလက်ထက်က ကိုဗစ်ကာလအတွင်းအဆင်ပြေစေဖို့ ထုတ်ပေးခဲ့တဲ့ဝန်ထမ်းချေးငွေကို ပြန်ဆပ်ရမယ်ဆိုတဲ့စာကတော့ သူမအတွက်ပြဿနာတစ်ခုဖြစ်နေခဲ့ပါတယ်။
မတ်လ၈ရက်မှာတော့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီက ဝန်ထမ်းချေးငွေတွေကို ပြန်ဆပ်ဖို့မလိုဘူးလို့ကြေညာလိုက်ချိန်မှာ မသီတာက ပြန်မဆပ်ဖို့ဆုံ့းဖြတ်လိုက်ပါတယ်။ မေလ၄ရက်နေ့မှာတော့ ဒုတိယအကြိမ်ချေးငွေပြန်ဆပ်ဖို့တောင်းတဲ့စာရောက်လာပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ မြို့နယ်ရဲစခန်းဆီကိုပါ မိတ္တူပို့ထားတာ သတိပြုမိပါတယ်။
သူမဟာ ရှောင်ပုန်းနေပေမယ့် ချေးငွေကိုပြန်မပေးခဲ့ရင် စကစ က သူမရဲ့မိသားစုဝင်တွေကိုဒုက္ခပေးမှာစိုးရိမ်နေခဲ့ပါတယ်။ သူမကြောင့် သူမမိသားစုတစ်ခုခု ဖြစ်မှာမလိုလားပါဘူး။
ချေးငွေ ၄၄၀,၀၀၀ကျပ်ကိုလည်း သူမပြန်မဆပ်နိုင်တဲ့အတွက် CDM support groupတွေကို အကူအညီတောင်းကြည့်ပေမယ့် အဆင်မပြေခဲ့ပါဘူး။ “ကျွန်မတစ်ယောက်တည်းအထောက်အပံ့မရတာမဟုတ်ဘူးလေ၊ တခြားဝန်ထမ်းတွေလည်းတူတူပဲ”
သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကလည်း ဝန်ထမ်းတွေကို ချေးငွေပြန်ဆပ်ဖို့ ဖိအားတွေပေးပါတယ်။ မိုးသစ်တောဌာနက လှုပ်ရှားမှုမှာပါဝင်တဲ့ဝန်ထမ်း၉ယောက်ကို ဖြုတ်ပစ်ခဲ့ပြီး ချေးငွေပြန်မဆပ်ရင်၊ လစာတွေပြန်မသွင်းရင် တရားစွဲမယ်လို့ခြိမ်းခြောက်ပါတယ်။
မေလ၄ရက်နေ့က အလုပ်ရပ်နားခံရတဲ့ သစ်တောအရာရှိတစ်ဦးကပြောရာမှာ ဝန်ထမ်း၆၀၀၀ကျော် CDMမှာပါဝင်ခဲ့ပြီး အများစုကအလုပ်ပြန်မဝင်ခဲ့ဘူးလို့ဆိုပါတယ်။
“နည်းနည်းပဲပြန်ဝင်ကြတာပါ၊ တော်တော်များများက CDMလုပ်နေတုန်းပဲ၊ အလုပ်လည်းထုတ်ခံရပြီ၊ ချေးငွေလည်းပြန်ဆပ်ခိုင်းနေတယ်၊ ဒါပေမယ့်ဂရုတော့မစိုက်ပါဘူး၊ မျှော်လင့်ပြီးသားပဲ၊ ဒီမိုကရေစီရမှအလုပ်ပြန်ဆင်းမှာ” လို့ပြောပါတယ်။
စကစဟာ တချို့ဝန်ထမ်းတွေကိုပိုပြီးတင်းကြပ်ပါတယ်။ ကျန်းမာရေးနဲ့ ပညာရေးဝန်ထမ်းတွေကိုဦးတည်ပြီး ရာနဲ့ချီတဲ့ဝန်ထမ်းတွေကို ၅၀၅(က) ပုဒ်မနဲ့တရားစွဲဆိုပါတယ်။ တရားကြောင်းအရ ထောင်ဒဏ်၃နှစ်ထိချနိုင်တဲ့ပြစ်မှုနဲ့ပါ။ တချို့တွေကတော့အဖမ်းဆီးမခံရပဲ ရှောင်နိုင်နေဆဲပါပဲ။
အလုပ်ပြန်ဝင်ဖို့ကိုလည်းအမျိုးမျိုးခြိမ်းခြောက်ပြီး မိသားစုဝင်တွေကိုပါအကြမ်းဖက်ပါတယ်။ မတ်လ၂၈ရက်မှာ မန္တလေးတိုင်း မိုးကုတ်မြို့က ဆရာမလေးရဲ့အမေနဲ့ မောင်ကိုဖမ်းဆီးပြီး နောက်မှာတော့ ၅၀၅(က)နဲ့အမိန့်ချခဲ့ပါတယ်။
ဆရာမလေးရဲ့မောင်နောက်တစ်ယောက်ကပြောပြတာက မိသားစုတွေကို ပြန်လွှတ်ပေးစေချင်ရင် ဆရာမလေးကိုလာရောက်အဖမ်းခံဖို့ညှိနှိုင်းရာမှာ မိသားစုကလက်မခံခဲ့တဲ့အတွက် ပုဒ်မတပ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ “ကျွန်တော့အစ်မကိုဘယ်လိုထည့်ပေးလိုက်ရမှာလဲ၊ မဖွယ်မရာတွေ မလုပ်ဘူးလို့ပြောနိုင်မလား” လို့ပြောပါတယ်။ အဲဒါကြောင့် အခြားမိသားစုဝင်တွေလည်းရှောင်နေရတယ်လို့ပြောပါတယ်သူက ဖြည့်စွက်ပြောပါတယ်။
မိသားစုတွေခြိမ်းခြောက်ခံရတဲ့အန္တရာယ်ကြောင့် တချို့ဝန်ထမ်းတွေအလုပ်ပြန်ဝင်ရပြီးတချို့ကရှောင်နေဖို့ပါ စိတ်ပျက်အားကုန်လာတဲ့အခြေအနေဖြစ်လာပါတယ်။
“တစ်ယောက်ဆိုရင်ညတိုင်းနေရာရွှေ့ပြီးပုန်းနေရတာတွေကိုစိတ်ကုန်လာလို့ အလုပ်ပြန်ဝင်သွားတယ်” လို့ ရန်ကုန်နည်းပညာတက္ကသိုလ်ကဆရာမတစ်ဦးကပြောပါတယ်။
တချို့ကတော့ စစ်ကောင်စီသတင်းစာတွေ၊ ညသတင်းတွေမှာ ၅၀၅(က)နဲ့တရားစွဲဆိုခံရပြီး ကြေညာခံရတာကို ကြောက်ကြပါတယ်။
မန္တလေးပြည်သူ့ဆေးရုံကြီးကဆရာဝန်ကြီးတစ်ဦးက “CDMဝန်ထမ်းတွေက သူတို့ဘယ်တော့ကြေညာခံရမလဲ တွေးကြောက်ပြီး အလုပ်ပြန်ဝင်ဖို့စဉ်းစားကြတယ်၊ အချိန်ကြာလာတော့ စိတ်ဖိစီးမှုတွေ၊ စိတ်ဒဏ်ရာတွေဖြစ်လာတာပေါ့။” လို့ပြောပါတယ်။ တစ်ဆက်တည်းမှာ ကျန်းမာရေးဌာနကအလုပ်ပြန်မဆင်းတာများတယ်လို့ပြောပါတယ်။
ရုန်းကန်မှုများ
အခြားဌာနများမှာလည်း အလုပ်ပြန်ဝင်တဲ့ပမာဏဟာနည်းပါလျက်ရှိပါတယ်။
စီးပွားကူးသန်းဌာနမှာလည်း ဝန်ထမ်း၅၀၀မှာ ၈၀ခန့်ဟာ CDMလှုပ်ရှားမှုမှာပါဝင်ခဲ့ကြပါတယ်။ မေလအကုန်ပိုင်းမှာ ၁၁ယောက်သာအလုပ်ပြန်ဝင်ခဲ့ပြီး ကျန်တဲ့သူတွေဟာ မေလ၂၁ရက်နေ့မှာထုတ်ပယ်ခံခဲ့ရပါတယ်။
ပြန်လာတဲ့သူတွေအတွက်ပြစ်ဒဏ်ကြီးကြီးမားမားမရှိပါဘူးလို့ အာဏာသိမ်းအဖွဲ့ကပြောပါတယ်။ “သူတို့ပြန်လာတာကြိုဆိုပါတယ်။ များများပြန်လာလေကောင်းလေပေါ့ဗျာ၊ အလုပ်ထုတ်ခံထားရလည်း ပြန်လာချင်ရင် ခြောက်လအတွင်းအယူခံဝင်ခွင့်ရှိတယ်”လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောပါတယ်။
လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနမှာ နေပြည်တော်ကဝန်ထမ်း၂၀၀၀ကျော်ထဲက ၃၀၀လောက်ဟာ CDMမှာပါဝင်ခဲ့၊ ပါဝင်ဆဲပါ။ မတ်လ၂၄ရက်ကထုတ်ပယ်ခံရတဲ့ ရေအားလျှပ်စစ်ဌာနကအကြီးအကဲတစ်ဦးက CDMဝန်ထမ်း ၂၆ယောက်မှာ ၁ယောက်သာလျှင်အလုပ်ပြန်ဝင်တယ်လို့ပြောပါတယ်။
ဒါပေမယ့်၂ယောက်ကအိမ်ရာကဖယ်ပေးရမှာစိုးလို့ပြန်သွားဖို့စဉ်းစားနေတယ်လို့ပြောပါတယ်။ အိမ်ထောင်မရှိသူ အမျိုးသားတစ်ဦးက မိဘအိမ်ကိုပြန်နေနေရပြီး အထက်ပါနှစ်ဦးကိစ္စကိုဒီလိုပြောပါတယ် “သူတို့အိမ်ငှားဖို့ မြန်မြန်ရှာတွေ့မှာ မဟုတ်လောက်ဘူး၊ အိမ်ဝယ်ဖို့ကလည်း မတတ်နိုင်ဘူးလေ။”
CDMဘဏ္ဍာရေးဌာနဝန်ထမ်းတစ်ဦးက CDMဝန်ထမ်းများအနေနဲ့ မိသားစုတွေဆီမှလည်း ဖိအားတွေ ကြုံနေရကြောင်းပြောပါတယ်။ “အပြင်မှာ CDMဝန်ထမ်းတွေ အလုပ်ရဖို့လည်းမလွယ်ဘူး၊ စစ်ကောင်စီကလည်း လိုက်ပိတ်ပင်နေတယ်၊ သူတို့အဖမ်းခံရမှာကြောက်လို့ မိဘနဲ့ တခြားမိသားစုဝင်တွေက အလုပ်ပြန်ဝင်ခိုင်းနေတာတွေလည်းရှိတယ်။”
တစ်ချိန်တည်းမှာပဲ အလုပ်ပြန်ဝင်တဲ့ဝန်ထမ်းတွေမှာလည်း အလုပ်ပြန်ဝင်လို့ မိသားစုနဲ့ကတောက်ကဆ ဖြစ်နေတာတွေလည်း ရှိနေပါတယ်။
ရန်ကုန်မြို့ပြင် မြောက်ပိုင်း မှော်ဘီမြို့နယ်က မူလတန်းဆရာမတစ်ဦးပြောပြရာမှာ သူမရဲ့ကျောင်းအုပ်ဆရာမကြီးက သင်္ကြန်အပြီးမှာကျောင်းပြန်သွားဖို့ဆုံးဖြတ်ခဲ့တာကြောင့် ကျောင်းအုပ်ဆရာမကြီးရဲ့သားက အရင်လိုစမ်းချောင်းကနေကားနဲ့ လိုက်ပို့ပေးဖို့ လက်မခံလို့ အငှားကားနဲ့သွားနေရတယ်လို့ဆိုပါတယ်။
မရနိုင်သောငွေကြေးအထောက်အပံ့များ
ဝန်ထမ်းအများစုဟာ သူတို့ရဲ့စီးပွားရေးကိုအထိခိုက်ခံပြီးတော့ လှုပ်ရှားမှုမှာဆက်လက်ပါဝင်နေကြပါတယ်။ CDMလှုပ်ရှားမှုကြီးစတင်ပြီးချိန်မှာပဲ ထောက်ပံ့ရေးအဖွဲ့တွေပေါင်းစည်းပြီး ပါဝင်နေတဲ့ဝန်ထမ်းတွေရဲ့လစာကိုပြန်ကာမိဖို့ လူထုဆီကရတဲ့အလှူငွေတွေနဲ့ ငွေကြေးသော်လည်းကောင်း၊ အထောက်အပံ့တစ်ခုခုသော်လည်းကောင်း ပံ့ပိုးပေးခဲ့ပါတယ်။
CDMထောက်ပံ့ရေးအဖွဲ့တွေက သူတို့ဟာအစပိုင်းမှာ ဝန်ထမ်းတွေကို လုံလုံလောက်လောက်ထောက်ပံ့နိုင်ခဲ့ပေမယ့် မတ်လ၁၅ရက် အင်တာနက်ဖြတ်တောက်မှုတွေ၊ မတ်လကစပြီး ATMတွေ ဘဏ်တွေကနေ ငွေထုတ်ရာမှာ ကန့်သတ်ချက်တွေရှိနေတဲ့အတွက် အကြပ်အတည်းတွေစတင်ဖြစ်ပေါ်နေခဲ့ပါတယ်။
ရန်ကုန်က CDMထောက်ပံ့ရေးဦးဆောင်သူတစ်ဦးက လှုပ်ရှားမှုကအားကောင်းနေပေမယ့် အောင်မြင်ချင်ရင် ထောက်ပံ့မှုတွေ၊ ပံ့ပိုးမှုတွေ၊ ကာကွယ်စောင့်ရှောက်မှုတွေလိုအပ်တယ်လို့ဆိုပါတယ်။
သူက CRPH နဲ့ NUGအစိုးရကိုလည်း ဦးဆောင်လမ်းညွှန်မှုတွေချပေးစေချင်ပါတယ်။ “ဝန်ထမ်းတွေငွေကြေးထောက်ပံ့မှုမရရင် သူတို့ဘယ်လောက်တောင့်ခံနိုင်မလဲ မပြောနိုင်ဘူး”လို့ပြောပါတယ်။
CRPHအနေနဲ့လည်း မြို့နယ်တော်တော်များများမှာ ထောက်ပံ့ရေးအဖွဲ့တွေဖွဲ့စည်းပေးခဲ့ပြီး ဝန်ထမ်းတွေကိုချိတ်ဆက်စေခဲ့ပါတယ်။ ဒါပေမယ့် လုံခြုံရေးအရပေါ်ပေါ်ထင်ထင်လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ CRPH-CDM Supporting Team Facebookစာမျက်နှာက postတွေအောက်မှာတော့ ဒေသအဖွဲ့တွေနဲ့ချိတ်ဆက်ဖို့ အကူအညီတောင်းတဲ့မှတ်ချက်တွေ မကြာမကြာတွေ့ရပါတယ်။ တစ်ဖက်မှာလည်း စကစရဲ့ ဒလန်တွေကြောင့် အွန်လိုင်းကနေချိတ်ဆက်မှုတွေကလည်း လုံခြုံမှုအားနည်းနေပါတယ်။
CRPH-CDM Supporting Team က မေလ ၅ရက် ကနေ ၁၁ရက်အတွင်း ကျပ်၂၅၆သန်းနီးပါးအလှူငွေရရှိခဲ့တယ်လို့ထုတ်ပြန်ခဲ့တယ်။ ဒေသခံအဖွဲ့တွေက ဝန်ထမ်းတွေကို တစ်ဦးလျှင် ၅၀,၀၀၀ကျပ်နဲ့ ၁၀၀,၀၀၀ကျပ်ကြားထောက်ပံ့ခဲ့ပေမယ့်် မရရှိခဲ့တဲ့ဝန်ထမ်းတွေရဲ့စောဒကတွေကလည်း facebookစာမျက်နှာ မှတ်ချက်တွေမှာပြည့်နေခဲ့ပါတယ်။
ရှမ်းပြည်တောင်ပိုင်းက ဒေသခံထောက်ပံ့ရေးအဖွဲ့မှာ ဝန်ထမ်း ၁၆၀၀စာရင်းလက်ခံထားပြီး CRPHကရတဲ့ တစ်လ ကျပ်၃.၅သန်းဟာ တစ်စိတ်တစ်ပိုင်းသာထောက်ပံ့နိုင်တယ်လို့ဆိုပါတယ်။ အဲ့ဒါကြောင့် လူမှုအဖွဲ့အစည်းတွေဆီကနေအကူအညီယူပြီး အလှူခံမယ့်အစား ကလေးရှိတဲ့အိမ်တွေ၊ နာမကျန်းဖြစ်နေသူတွေကိုဦးစားပေးပြီး အရေးတကြီးလိုအပ်နေသူကိုထောက်ပံ့ခြင်းဖြင့် ကန့်သတ်ချက်တွေထားခဲ့ရတယ်လို့ပြောပါတယ်။
“လွန်ခဲ့တဲ့သုံးလမှာ လိုအပ်နေတဲ့အဖွဲ့သုံးဖွဲ့ကို သုံးခါထောက်ပံ့နိုင်ခဲ့တယ်။ ဒါပေမယ့် ၁၆၀၀ မှာ တချို့ကတစ်ခါပဲရသေးတယ်”
တချို့ဒေသတွေမှာတော့ အထောက်အပံ့ လုံးဝကိုမရခဲ့ကြပါဘူး။ မတ်လ ၁၀ ရက်နေ့မှာအလုပ်ထုတ်ခံခဲ့ရတဲ့ နေပြည်တော်အခြေစိုက် မြန်မာ့အသံအသံလွှင့်သူဝန်ထမ်းက CRPH ဝက်ဘ်ဆိုက်မှာ အထောက်အပံ့စာရင်းသွင်းခဲ့ပေမယ့် ဘာဆက်သွယ်မှုမှပြန်မရခဲ့ဘူးလို့ဆိုပါတယ်။
“ကျွန်မတို့မြို့က CDMသမားတွေ CRPHက ဘာအထောက်အပံ့မှ မရဖူးဘူး၊ ဒါပေမယ့် ကျွန်မက မြို့ကလူမှုကူညီရေးအသင်းက ငါးသောင်းနှစ်ခါရဖူးပါတယ်။” လို့ပြောပါတယ်။ သူမက ဒေသတွင်း ပရဟိတအသင်းတွေဆီကအကူအညီတောင်းတာက CRPHထက်ပိုမြန်တယ်လို့ဆိုပါတယ်။
ဆရာမတစ်ဦးကတော့ CRPH-CDM supporting teamက စာပြန်တာမျိုးမရှိတဲ့အတွက် သူမရဲ့အဆက်အသွယ်တွေကိုပဲအားကိုးခဲ့ရပါတယ်။ သူမက “ပွင့်ပွင့်လင်းလင်းပြောရရင်တော့ supportလုပ်တာကအားနည်းနေတယ်။”
“ကျွန်မသူငယ်ချင်းကဦးဆောင်ပြီးအလှူငွေကောက်တယ်၊ ပြီးတော့ကျွန်မဆီပို့ပေးတယ်၊ ကျွန်မကနေမှ တခြားဆရာမငါးယောက်နဲ့တူတူခွဲယူပေါ့လေ၊ ဧပြီလမတိုင်ခင်ထိက ငါးသောင်းစီပေးနိုင်တယ်၊ တစ်ခါတလေ ခုနစ်သောင်း၊ မေလလည်းကျရော လုံးဝမရတော့ဘူး၊ အရေးတော်ပုံကအချိန်ကြာလာတော့ ကျွန်မတို့အတွက်ပိုပြီးခက်ခဲလာတယ်၊ ဘာလုပ်ရမလဲလည်းမသိပါဘူး။”
သူမနဲ့ လုပ်ဖော်ကိုင်ဖက်ဆရာမတွေက စစ်အာဏာရှင်စနစ်ပြုတ်ကျတဲ့အထိ တောင့်ခံနိုင်ပါမလားလို့ ယုံကြည်မှုတွေဝေဝါးနေပါတယ်။
မူရင်း Post ဖတ်ရန်