NUCC သွေးအေးသွားပြီလား

ဒီကနေ့ စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကနေ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ ကိုယ်တိုင်တွေ့ဆုံဆွေးနွေးလိုကြောင်း ပြောပါတယ်။ ဒါက စစ်တပ်အနေနဲ့ ဘေးကြပ်နံကြပ်ဖြစ်တဲ့အခါ သုံးနေကြ အကွက်ဟောင်းဖြစ်တယ်ဆိုတာကို သာမာန်ပြည်သူများပင် သိကြပြီးဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ အနေနဲ့ကတော့ တန်းတူညီရေးအတွက် တိုက်ပွဲဝင်လာတဲ့ နှစ်ဆယ်စုနှစ်များအတွင်း စစ်အုပ်စုရဲ့ အလိမ်အညာသွေးခွဲလှည့်ဖြားမှုတွေကို ကြိမ်ဖန်များစွာ တွေ့ကြုံဖူးပြီး ဖြစ်တာကြောင့် စစ်တပ်ရဲ့ ဒီလိုရွေ့ကွက်တွေက အထူးအဆန်း မဟုတ်ပါဘူး။

ဒီအချိန်မှာ မင်းအောင်လှိုင်ကို ဟားတိုက်ဖို့ ၊ ဒါမှမဟုတ် စစ်ကောင်စီရဲ့ ဆွေးနွေးပွဲကို ဘယ်အဖွဲ့တွေ သွားတက်တယ်၊ မတက်ဘူး ဆိုတာတွေထက် ပြည်သူတွေ အာရုံစိုက်ရမှာ ရှိပါတယ်။ အဲဒါကတော့ လွတ်လပ်မျှတတဲ့ အနာဂါတ်သစ်ကို သွားကြမယ့် တော်လှန်ရေး၊ နိုင်ငံရေး၊ လူမျိုးစု အင်အားစုအသီးသီးအကြား နားလည်မှု၊ ဘုံရည်မှန်းချက် တည်ဆောက်ရေးက တိုးတက်မှုရှိလားဆိုတာကို သတိပြုဆင်ခြင်ရမယ့် အချိန်ဖြစ်ပါတယ်။ ဒီထဲမှာ အဓိကသက်ဆိုင်နေတာကတော့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ – NUCC ဖြစ်ပါတယ်။ ဒါကြောင့် ဒီစာမှာတော့ NUCC ကို လေ့လာရသလောက် အချက်အလက်တွေကနေ ဆန်းစစ်လေ့လာ ကြည့်ပါမယ်။

၁။ ဖက်ဒရယ်ဒီမိုကရေစီချာတာ(FDC) ဘယ်လောက်ခရီးရောက်ပြီလဲ

ဒီနွေဦးတော်လှန်ရေးတခုလုံးရဲ့ လမ်းပြမြေပုံက ဖက်ဒရယ်ဒီမိုကရေစီချာတာလို့ သိထားကြပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီချာတာ ပထမအကြိမ်ကို ၂၀၂၁ မတ်လ ၂၈ ရက်နေ့ ထုတ်ပြန်ခဲ့ပါတယ်။ နောက် တစ်နှစ်ပြည့်တဲ့အချိန် ၂၀၂၂ မတ်လ ၂၇ ရက်နေ့မှာ ပြည်သူ့ညီလာခံမှာအတည်ပြုထားတဲ့ ပုံစံသစ်ကို ချပြခဲ့ပါတယ်။ ဒီတစ်နှစ်အချိန်ယူပြင်ဆင်ရာမှာ တန်းတူညီရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာပိုင်းမှာ တိုးတက်မှုတွေရှိပေမယ့် ဒါက လက်တွေ့အလုပ်မဖြစ်သေးဘူး ဆိုတဲ့ ဝေဖန်ချက်တွေလည်းရှိပါတယ်။

အဓိကကတော့ လက်တွေ့အကောင်အထည်ဖော်တဲ့ အပိုင်းဆိုင်ရာတွေမှာ ယေဘုယျဆန်ဆန်စကားလုံးတွေကို သုံးထားတာတွေက ပြင်ပလေ့လာသူတွေအတွက် မေးခွန်းထုတ်စရာဖြစ်ပါတယ်။ ပြည်သူ့ညီလာခံနှင့် NUCC တို့ရဲ့ ဖွဲ့စည်းပုံမှာ ကိုယ်စားလှယ်အစုအဖွဲ့ငါးခုကို ထည့်သွင်းထားပေမယ့် ဒီအပေါ်မှာ ဘယ်လိုမျိုး အချိုးအစား၊ ဘယ်လိုသတ်မှတ်ချက်တွေနဲ့ ခွဲဝေတယ်ဆိုတာမျိုးကို မပါဝင်ပါဘူး။ လက်ရှိမှာလည်း မြေပြင်မှာ လှုပ်ရှားနေတဲ့ အစုအဖွဲ့တွေများ မည်သို့မည်ပုံနှင့် NUCC မှာပါဝင်နိုင်ကြောင်း ရှင်းလင်းစွာရေးသားထားချက်မျိုး မရှိပါဘူး။ နောက်တခုကတော့ ချာတာ-ပဋိညာဉ်ဆိုတဲ့ သဘောမှာ ပါဝင်တဲ့အစုအဖွဲ့တွေကြား အပြန်အလှန်စည်းနှောင်တဲ့ သဘောတရားဖြစ်တဲ့အတွက် မည်သည့်အစုအဖွဲ့တွေက ဒီပဋိညာဉ်မှာ ပါဝင်လက်မှတ် ရေးထိုးထားတယ် ဆိုတာကို ပါရှိရပါတယ်။ အကယ်၍ လုံခြုံရေးအရ မပြောနိုင်တဲ့အစုအဖွဲ့တွေရှိရင်တောင်မှ တခြားသော အစုအဖွဲ့တွေက ထုတ်ပြန်ကြေညာခြင်း ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒါတွေမတွေ့ရခြင်းက အစုအဖွဲ့တွေအကြား ချာတာအပေါ် နားလည်မှု၊ ယုံကြည်မှု အမှန်တကယ်ရှိကြပြီလား သံသယဝင်လာစရာဖြစ်ပါတယ်။

၂။ NUCC နှင့် NUG ပူးပေါင်းလုပ်ဆောင်မှုအခြေအနေ

ဖက်ဒရယ်ဒီမိုကရေစီချာတာကို နောက်ဆုံးတခေါက် ကြေညာတဲ့အခါမှာ ထူးခြားချက်တချို့ရှိပါတယ်။ အဲဒါကတော့ ချာတာကို ‌NUCC (သို့မဟုတ်) NUG နာမည်နဲ့ ပေါ်ပေါ်ထင်ထင်ကြေညာတာမျိုးမဟုတ်ဘဲ NUCC မှာပါတဲ့ အစုအဖွဲ့တချို့ကသာ မထင်မရှား ကြေညာကြတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြည်သူလူထုအများစုက အရင်လမှာ နောက်ဆုံးထုတ်ခဲ့တဲ့ ချာတာကို မသိကြတာများပါတယ်။ ဒီအပေါ်မှာ မေးစရာရှိလာတာကတော့ လက်ရှိချာတာကို NUG အနေနဲ့ တွန်းတွန်းတိုက်တိုက် ထုတ်ပြန်ချပြရမယ့်အစား အခုလိုမျိုး သတင်းဖုံးထားတာက အတွင်းက ဦးဆောင်သူတွေအနေနဲ့ ဒီချာတာအပေါ်မှာ အမှန်တကယ် လက်ခံသဘောတူထားလား။ ပူးပေါင်းလုပ်ဆောင်ဖို့ စိတ်အားထက်သန်ကြရဲ့လားဆိုတာပါပဲ။

ဒီလိုမျိုး တော်လှန်ရေးလမ်းပြမြေပုံကို ပေါ့ပေါ့ပဲပဲ ထုတ်ပြန်ခြင်းက တော်လှန်ရေးလမ်းကြောင်းပေါ်ကို များစွာသက်ရောက်မှုရှိစေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရေးကို စောင့်ကြည့်နေကြတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ကတော့ ဒီလိုမျိုးချာတာကို ကြေညာပြီး လူထုက စိတ်မဝင်စားခြင်းက NUCC လမ်းကြောင်းကို လူထုထောက်ခံမှုကျဆင်းတယ်လို့ ကောက်ချက်ချလာမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့တလ အတွင်း တရုတ်က စစ်ကောင်စီဝန်ကြီးကို တရားဝင်တွေ့ဆုံတာ၊ ဩစတြေးလျသံအမတ်က မင်းအောင်လှိုင်ကို တွေ့ဆုံခြင်းတွေက ဒီဖက်ဒရယ်ဒီမိုကရေစီချာတာကို ပုန်းလျှိုးကွယ်လျှိုး ထုတ်ပြန်ပြီး ရက်ပိုင်းအတွင်း ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။

၃။ ကိုယ်ယောင်ပျောက် NUCC

NUCC ကို လေ့လာဖို့ လုပ်မယ်ဆိုရင် အချက်အလက်တွေရှာရတာ အင်မတန်ခက်ပါတယ်။ အကြောင်းကတော့ NUCC ကိုယ်တိုင်က ကိုယ်ယောင်ပျောက်နေလို့ပါ။ နည်းပညာခေတ်ထဲမှာ လက်ရှိအချိန်အထိ NUCC ကို ဆက်သွယ်နိုင်တဲ့ Facebook ၊ Website မရှိပါဘူး။ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်၊ တာဝန်ခံလိုမျိုး လည်းမတွေ့ရပါဘူး။ မကြာသေးခင်က စကားဝိုင်းတခုမှာတော့ NUCC မှာပါဝင်နေသူတဦးက Media Strategy ရေးဆွဲနေတယ်လို့ ပြောသွားပါတယ်။ တည်ထောင်တာ တစ်နှစ်ကျော်တဲ့အထိ ပြည်သူတွေနဲ့ ထိတွေ့ဆက်သွယ်ဖို့ မီဒီယာ မဟာဗျူဟာ ရေးဆွဲရမယ်ဆိုတာက အတွင်းမှာ သဘောတူ နားလည်မှုမရသေးတာ ၊ ဒါမှမဟုတ် ပြည်သူလူထုကို ချပြဖို့ ဇာတ်မတိုက်ရသေးတာလို့ပဲ နားလည်ရမှာဖြစ်ပါတယ်။ဒါကြောင့် NUCC အနေနဲ့ ဘယ်အချိန်အထိ အခုလိုမျိုး ကိုယ်ယောင်ပျောက်နေမှာလဲဆိုတာက မေးခွန်းထုတ်ရမယ့် အရာဖြစ်ပါတယ်။

သုံးသပ်ချက်များ

၁။ NUCC က NUG ကို ထိန်းကျောင်းနိုင်မလား။

ချာတာအရ NUCC က NUG ကို နိုင်ငံရေးမူဝါဒအရ ပဲ့ကိုင်မှုပေးတဲ့ တပ်ပေါင်းစုအဖွဲ့အစည်းပုံစံ တည်ဆောက်ထားပေမယ့် လက်တွေ့မှာ ပါဝင်သူတွေအများစုကတော့ အပြန်အလှန် တွေ့ဆုံဆွေးနွေးရာနေရာ (Dialogue Space) တခုအဖြစ်သာ မျှော်မှန်းထားကြတယ်လို့ တွေ့ရှိရပါတယ်။ ဒီနှစ်ခုက သဘောတရားကော အနှစ်သာရပါ အင်မတန်ခြားနားတဲ့ကိစ္စဖြစ်ပါတယ်။ အခြားသော သုံးသပ်ချက်တွေထဲမှာ NUCC ထဲမှာ NLD ၊ NUG နဲ့ ၎င်းတို့ရဲ့ နီးစပ်တဲ့အင်အားစုတွေရဲ့ ပက်သက်ဆက်နွယ်မှုအားကောင်းခြင်းက အကျိုးစီးပွားပဋိပက္ခကို ဦးတည်စေနိုင်တယ်လို့ ဆိုကြပါတယ်။ ဒါကြောင့်အရှေ့မှာဆိုခဲ့သလို တိကျတဲ့ ဖွဲ့စည်းပုံ၊ မူဝါဒ ရှင်းရှင်းလင်းလင်းမရှိဘဲ NUCC သည် NUG ကိုထိန်းကျောင်းနိုင်မှာ မဟုတ်ဘူးဆိုတဲ့ သုံးသပ်ချက်တွေရှိပါတယ်။

၂။ အီလစ်နိုင်ငံရေးပုံဟောင်းထဲက ရုန်းမထွက်နိုင်

လက်ရှိအချိန်မှာ NUCC အနေနဲ့ ပြည်သူတွေအပေါ် သတင်းအမှောင်ချထားခြင်းက လုံခြုံရေးအစီအမံထက် အီလစ်နိုင်ငံရေးအထိုင်က ဆက်လက်စဉ်းစားနေခြင်းကြောင့်သာ ဖြစ်တယ်လို့ ဝေဖန်ချက်တွေရှိပါတယ်။ အီလစ်နိုင်ငံရေးဆိုတာက သက်ဆိုင်ရာ တော်လှန်ရေး၊ နိုင်ငံရေးအင်အားစုခေါင်းဆောင်တွေ ၊ ပညာရှင်၊ မီဒီယာတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထိပ်ပိုင်းလူတစ်စုက တိုင်းပြည်ကို ပုံဖော်တည်ဆောက်နိုင်တယ်ဆိုတဲ့ စဉ်းစားချက်ဖြစ်ပါတယ်။

အကယ်၍ “ဒီတော်လှန်ရေးရဲ့ မူလပိုင်ရှင်က ပြည်သူလူထု၊ တော်လှန်ရေး သို့မဟုတ် နိုင်ငံရေးသစ် တည်ဆောက်ရေးက ပြည်သူလူထုအားနှင့်သာ မောင်းနှင်ရမယ်” ကို အမှန်တကယ်ယုံကြည်တယ်ဆိုရင် အခုလိုမျိုး ပြည်သူတွေကို လက်ခုပ်တီးရုံသာသာ၊ မိန့်ခွန်းနားထောင်ရုံသာသာ အဆင့်ထားပြီး စဉ်းစားကြမှာ မဟုတ်ပါဘူး။

၃။ NUCC သွေးအေးသွားပြီလား

အရှေ့မှာပြောခဲ့သလို တော်လှန်ရေးလမ်းပြမြေပုံကို ပင်မတာဝန်ခံထားတဲ့ NUCC / NUG ဦးဆောင်သူတွေကိုယ်တိုင်က ဒီလမ်းပြမြေပုံကို အမှန်တကယ် ယုံကြည်သလားဆိုတာကို မေးခွန်းထုတ်ရတဲ့ အခြေအနေတွေကို တွေ့နေရပါတယ်။ တစ်ဆက်တည်းတွေ့ရှိရတာက NUCC ပြင်ပက အသိပညာရှင်တွေ၊ မီဒီယာတွေ၊ တော်လှန်ရေးအင်အားစုကလည်း NUCC ကိုမေးခွန်းထုတ်ခြင်း၊ ထောက်ပြခြင်း အင်မတန်အားနည်းလာတယ်။ ဒါကဘာကိုရည်ညွှန်းသလဲဆိုတော့ ဒီလိုမျိုး NUCC ရဲ့အတွင်းအပြင်မှာရှိတဲ့ အီလစ်ခေါင်းဆောင်တွေအနေနဲ့ အခုလိုမျိုး NUCC အတွင်းက လုပ်ဆောင်ပုံတွေ လိုအပ်ချက်ရှိတာ မှန်ပေမယ့် “ဒါကပုံမှန်ပါပဲ” (Normalize) ဆိုပြီး လက်ခံစပြုလာတဲ့ အနေအထားလို့ သုံးသပ်ရပါတယ်။

တော်လှန်ရေးမှာတော့ “ပုံမှန်အတိုင်းပဲလို့ အသားကျလက်ခံခြင်း”ကိုသွေးအေးတယ်လို့ ခေါ်ကြပါတယ်။ ဒါကြောင့် အကယ်၍များ ရှေ့ဆက်ပြီး နိုင်ငံရေး/တော်လှန်ရေးခေါင်းဆောင်တွေက “ ပြည်သူလူထုသွေးမအေးဖို့” အစချီတဲ့ မိန့်ခွန်းရှည်ကြီးတွေလာပြောနေရင် ပယ်ပယ်နယ်နယ်ဟားတိုက်ပြီး အဲဒီခေါင်းဆောင်အီလစ်တွေအနေနဲ့ လက်ရှိတော်လှန်ရေးဦးဆောင်မှုလမ်းကြောင်းကို ရေစုန်မျှောလိုက်ပြီး သွေးခဲသွားပြီလားဆိုတာကို ပြန်ပြီးမေးမြန်းကြည့်ဖို့ ကောင်းပါတယ်။

နေ့ရက်တိုင်းမှာ အသက်သွေးနဲ့ ရင်းနေရတဲ့ ပြည်သူလူထုတွေ လူငယ်တွေအတွက်တော့ လက်ရှိ NUCC အခင်းအကျင်းကတော့ အားနာစရာ ၊ လက်ခံစရာမရှိပါဘူး။ NUCC ကော NUG ကော ပြည်သူလူထုကို တာဝန်ခံရမှာဖြစ်ပါတယ်။ “ NUCC အလုပ်ဖြစ်သလား။ မလုပ်မဖြစ်ရင် အလုပ်ဖြစ်အောင် ဘယ်လိုပြောင်းလဲပြုပြင်မလဲ” ဆိုတာ ပြည်သူလူထုကိုယ်တိုင်က မေးမြန်းထောက်ပြဖို့၊ ထိန်းကျောင်းတည့်မတ်ဖို့ အရေးတကြီး လိုအပ်နေကြောင်း တင်ပြအပ်ပါတယ်။

Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်